‘ယေဟုကလ’ ၏ တံဆိပ်
ဘီစီ ခုနစ်ရာစုတွင် ခါလဒဲရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို တိုက်ခိုက်အောင်မြင်ပြီး မြို့ကိုမီးရှို့ကာ မြို့ရိုးကိုဖျက်ဆီးလိုက်သည်။ ယုဒရှင်ဘုရင်ဇေဒကိကို ဖမ်းဆီးပြီး မျက်စိကိုဖောက်လိုက်သည်။ ထို့ပြင် “ဗာဗုလုန်ရှင်ဘုရင်သည် . . . ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။”—ယေရမိ ၃၉:၁-၈။
ဗာဗုလုန်တို့လက်ချက်ဖြင့် အသတ်ခံခဲ့ရဖွယ်ရှိသော ယုဒမှူးမတ်တစ်ဦးမှာ ရှေလမိ၏သား ယေဟုကလဖြစ်သည်။ ထိုကျမ်းစာဇာတ်ကောင်နှင့်ပတ်သက်သော အချက်အလက်အသစ်များကို မကြာသေးမီက ရရှိခဲ့သည်။ ယင်းတို့ကို မသုံးသပ်မီ ယေဟုကလနှင့် သူ့ခေတ်ကာလအကြောင်း သမ္မာကျမ်းစာပြောဆိုရာကို ကြည့်ကြစို့။
“သူတို့သည် သင့်ကိုစစ်တိုက်၍မနိုင်ရကြ”
ယုဒပြည်နှင့် ယေရုရှလင်မြို့အပေါ်ကျရောက်မည့် တရားစီရင်ခြင်းသတင်းအကြောင်း ကြေညာရန် ပရောဖက်ယေရမိကို ယေဟောဝါ တာဝန်ပေးခဲ့သည်။ ယုဒရှင်ဘုရင်များ၊ မင်းသားများ၊ ယဇ်ပုရောဟိတ်များနှင့် ပြည်သူပြည်သားများသည် ယေရမိကို “စစ်တိုက်” ကြမည်ဟု ဘုရားသခင် မိန့်တော်မူသည်။ သို့သော် ‘သူတို့သည် သင့်ကိုမနိုင်ရကြ။ သင်နှင့်အတူငါရှိသည်’ ဟု ယေဟောဝါမိန့်တော်မူ၏။—ယေရမိ ၁:၁၇-၁၉။
ယုဒပြည်၏မြို့တော် ယေရုရှလင်ကို ဗာဗုလုန်တို့ ဝိုင်းရံထားစဉ် ဘုရင်ဇေဒကိသည် ယေရမိထံသို့ စေတမန်များကို နှစ်ကြိမ်တိုင်စေလွှတ်ပြီး နေဗုခဒ်နေဇာသည် မြို့တော်မှ ဆုတ်ခွာသွားမည်၊ မသွားမည်ကို မေးမြန်းခဲ့သည့်အပြင် ထိုသို့ဆုတ်ခွာသွားစေဖို့ ဆုတောင်းပေးပါဟု ပြောဆိုခဲ့သည်။ ရှင်ဘုရင်စေလွှတ်သော စေတမန်တစ်ဦးမှာ ယေဟုကလဖြစ်သည်။ ယေရမိပြောသော ဘုရားသခင်၏သတင်းစကားမှာ ဤသို့ဖြစ်သည်။ ဗာဗုလုန် သို့မဟုတ် ခါလဒဲလူမျိုးတို့သည် မြို့တော်ကို ဖျက်ဆီးကြမည်။ ယေရုရှလင်မြို့ထဲတွင် နေသူများသည် မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးနှင့် ဓားဘေးဖြင့် သေကြလိမ့်မည်။ သို့သော် ခါလဒဲလူတို့ဘက်သို့ ဝင်စားသောသူတို့သည် အသက်ချမ်းသာရာရလိမ့်မည်ဟူ၍ဖြစ်သည်။ ထိုစကားများကြောင့် ယုဒမှူးမတ်များ အလွန်ဒေါသထွက်ခဲ့ကြ၏။—ယေရမိ ၂၁:၁-၁၀; ၃၇:၃-၁၀; ၃၈:၁-၃။
‘ဤသူ [ယေရမိ] သည် စစ်သူရဲတို့၏လက်ကို အားလျော့စေတတ်ပါ၏။ . . . ထို့ကြောင့် သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏’ ဟု ဇေဒကိထံလျှောက်ဆိုသော မှူးမတ်များတွင် ယေဟုကလပါဝင်သည်။ ထို့ပြင် ယေရမိကို ရွှံ့နွံများရှိသောမြေတွင်းထဲ ပစ်ချသူများတွင်လည်း ထိုဆိုးညစ်သောယေဟုကလ ပါဝင်သည်။ နောက်ပိုင်း ထိုတွင်းထဲမှ ယေရမိလွတ်မြောက်ခဲ့သည်။ (ယေရမိ ၃၇:၁၅; ၃၈:၄-၆) ယေဟောဝါ၏စကားကို နာခံသောကြောင့် ယေရမိ အသက်ချမ်းသာရာရခဲ့သော်လည်း ယေဟုကလမူကား သူယုံကြည်ကိုးစားသော ဂျူးအစီအစဉ်စနစ် ဖျက်ဆီးခံရချိန်တွင် သေဆုံးခဲ့ပုံရသည်။
စိတ်ဝင်စားဖွယ် အချက်အလက်အသစ်
ယေဟုကလနှင့်ပတ်သက်သော အချက်အလက်အသစ်ကို ၂၀၀၅ ခုနှစ်တွင် ယေရုရှလင်မြို့၌ တွေ့ရှိခဲ့သည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ဘုရင်ဒါဝိဒ်၏နန်းတော်ရှိသည်ဟု ယူဆရသောနေရာကို တူးဖော်ခဲ့ကြသည်။ ထိုတွင် ကျောက်သားအဆောက်အအုံကြီးတစ်ခုကို တွေ့ရှိခဲ့ကြပြီး ယင်းသည် ယေရမိခေတ်တွင် ယေရုရှလင်ကို ဗာဗုလုန်တို့သိမ်းပိုက်ချိန်က ပျက်စီးခဲ့သည်ဟု သူတို့ယူဆကြသည်။
ယင်းသည် ဒါဝိဒ်၏နန်းတော်ဟုတ်,မဟုတ် မသေချာပေ။ သို့သော် ရှေးဟောင်းသုတေသနပညာရှင်များသည် စာမျက်နှာ ၁၄ တွင်ဖော်ပြထားသော ၀.၄ လက်မအကျယ်ရှိသည့် ရွှံ့စေးတံဆိပ်တစ်ခုကို တွေ့ရှိခဲ့ကြသည်။ ယင်းကို ဆွေးမြည့်ပျက်စီးနေသော စာရွက်စာတမ်းတစ်စောင်ပေါ်တွင် ခတ်နှိပ်ထားသည်။ ထိုတံဆိပ်မှာ ဤသို့ဖြစ်၏– “ရှိုဗီသား ရှေလမိသား ယေဟုကလ။” ထိုတံဆိပ်သည် ယေရမိကို ဆန့်ကျင်ခဲ့သူ ရှေလမိသားယေဟုကလ၏ တံဆိပ်ဖြစ်သည်မှာ ထင်ရှားသည်။
ခတ်နှိပ်ထားသည့်စာကို ရှင်းပြသူ ရှေးဟောင်းသုတေသနပညာရှင် အီလတ်မေဇာက ရှာဖန်သားဂေမရိပြီးလျှင် နောက်ထပ်တွေ့ရှိရသော “နန်းရင်းဝန်” မှာ ယေဟုကလဖြစ်သည်ဟု ရေးသားခဲ့သည်။ ဂေမရိ၏အမည်ပါသော တံဆိပ်ကို ဒါဝိဒ်မြို့တော်တွင် တူးဖော်တွေ့ရှိခဲ့သည်။a
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ယုံကြည်ခြင်းသည် လူတို့၏ရှာဖွေတွေ့ရှိမှုအပေါ် မမူတည်သော်လည်း မှုတ်သွင်းခံပရောဖက်ပြုချက် ပြည့်စုံခြင်းက သမ္မာကျမ်းစာကိုယုံကြည်ရန် ခိုင်လုံသည့်အကြောင်းရင်းတစ်ခုဖြစ်၏။ ယေရုရှလင်ပျက်စီးခြင်းကို ယေရမိ တိတိကျကျ ကြိုဟောခဲ့ကြောင်း သမိုင်းဖြစ်ရပ်များက သက်သေထူသည်။ ယေရမိကို ဆန့်ကျင်သူများ မရှုမလှဇာတ်သိမ်းခဲ့ခြင်းက ကျွန်ုပ်တို့လည်း ယေရမိကဲ့သို့ သစ္စာရှိမည်ဆိုလျှင် ‘ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါရှိသောကြောင့် ရန်သူများ အနိုင်ရမည်မဟုတ်’ ကြောင်း သာ၍ယုံကြည်စိတ်ချစေပါသည်။
[အောက်ခြေမှတ်ချက်]
a ဂေမရိနှင့်ရှာဖန်တို့၏အကြောင်းကို ၂၀၀၂၊ ဒီဇင်ဘာ ၁၅ ရက် ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၂ ပါ “ရှာဖန်နှင့် သူ၏မိသားစုကို သင်သိသလော” ဆောင်းပါးတွင်ရှု။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဘုရားသခင့်ထံတော်မှ သတင်းစကားကို လျှော့ပေါ့ပစ်ဖို့ ဖိအားပေးခံရသော်လည်း ယေရမိအလျှော့မပေးခဲ့
[Picture Credit Line on page 14]
Gabi Laron/Institute of Archaeology/Hebrew University ©Eilat Mazar