ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၅/၁၅ စာ. ၁၀-၁၅
  • သမ္မာကျမ်းစာဖတ်ရှုရန်ရဲရင့်စွာ အားပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာဖတ်ရှုရန်ရဲရင့်စွာ အားပေးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာတစ်အုပ် ပုံနှိပ်ထုတ်ဝေခြင်း
  • အငြင်းပွားမှုကို မီးထိုးပေးခြင်း
  • ဆန့်ကျင်မှုလှိုင်းလုံးကြီး
  • ဇာတ်သိမ်းခန်း စတင်
  • သံသယတိမ်တိုက်အောက်ဝယ်
  • ခေတ်သစ်ဂရိဘာသာစကားဖြင့် သမ္မာကျမ်းစာထွက်လာစေရန် ကြိုးပမ်းအားထုတ်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုမြတ်နိုးသူများအတွက် သမိုင်းမှတ်တိုင်တစ်တိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့ တန်ဖိုးထားလေးမြတ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ကမ္ဘာသစ်ဘာသာပြန်ကျမ်းက တိကျမှန်ကန်သလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၅/၁၅ စာ. ၁၀-၁၅

သမ္မာကျမ်းစာဖတ်ရှုရန်ရဲရင့်စွာ အားပေးခြင်း

သူသည် ဆိုက်ဘေးရီးယားအရှေ့ပိုင်းရှိ အေးစက်စက် စတက်မြက်ခင်းပြင်အရပ်တွင် အရှက်တကွဲအကျိုးနည်း သေဆုံးသွားရရှာသည်။ သူသည် ဂရိလူမျိုးချင်း၏ ဝိညာဉ်ရေးတိုးတက်မှုအတွက် အဓိကအကျိုးဆောင်တစ်ဦးဖြစ်ခဲ့ကြောင်း သိသူမရှိသလောက်ပင်။ ဤအပယ်ခံ ရှေ့ဆောင်၏အမည်မှာ စရယ်ဖင်မ်ဖြစ်သည်။ သူသည် သမ္မာကျမ်းစာဖတ်ရှုခြင်းကို ရဲရင့်စွာထောက်ခံခဲ့သောကြောင့် ဇာတ်သိမ်းသွားရှာသည်။

ဂရိနိုင်ငံသည် အော်တိုမန်အင်ပါယာ၏ လက်အောက်ရှိနေစဉ် စရယ်ဖင်မ် အသက်ရှင်ခဲ့သည်။ ဂရိသြသဒေါက်စ်ကျမ်းပညာရှင် ဂျော့ဂ်ျ မက်တေလီနိုစ်၏အဆိုအရ ထိုခေတ်အခါက “ကျောင်းကောင်းနည်းသည်၊” ခရစ်ယာန်ဘုန်းကြီးများပင်အပါအဝင် “လူအများစုသည် ပညာမတတ်” ကြပေ။

ကွိုင်နေ  (အများသုံး)  ဂရိစကားနှင့် မျိုးကွဲဒေသန္တရဘာသာစကားတို့သည်  အလွန်ကွဲပြားခြားနားသည်။ ထို့ကြောင့် ခရစ်ယာန်ဂရိကျမ်းရေးသားရာတွင် အသုံးပြုသော ကွိုင်နေစကားကို ပညာတတ်မဟုတ်သူတို့ လုံးဝနားမလည်တော့သည့်အထိ ဖြစ်သွား၏။ သို့နှင့် အငြင်းအခုံဖြစ်လာရာ ချာ့ချ်သည် နားမလည်နိုင်ကြသော ကွိုင်နေဂရိစကားကို အတည်ပြုရန် ကြိုးစားခဲ့သည်။

ထိုသို့ဖြစ်နေချိန်  ၁၆၇၀ ပြည့်နှစ်ခန့်၌ ဂရိနိုင်ငံ၊ လဲ့ဇ်ဘာ့ဇ်ကျွန်းတွင်နေထိုင်သည့် ထင်ပေါ်သောမိသားစုတစ်စုမှ စတီဖာနိုစ် အီအိုအာနက်စ် ပိုဂိုနေတပ်စ် ဖွားမြင်ခဲ့သည်။ ထိုကျွန်းသူကျွန်းသားအများစုသည် ဆင်းရဲနွမ်းပါးပြီး စာမတတ်ကြပေ။ စာသင်ကျောင်းနည်းသောကြောင့် စတီဖာနိုစ်သည် ဒေသခံခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတွင်  အခြေခံပညာသင်ယူခဲ့သည်။ သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဂရိသြသဒေါက်ချာ့ချ်၏ လက်တင်ဆရာတစ်ဦးဖြစ်လာပြီး စရယ်ဖင်မ်ဟူသောအမည် ရရှိခဲ့သည်။

စရယ်ဖင်မ်သည် ပညာဆက်ဆည်းပူးလိုသောကြောင့် ၁၆၉၃ ခုနှစ်ခန့်တွင် ကောန်စတန်တီနိုပဲလ် (ယခု တူရကီနိုင်ငံ၊ အစ္စတန်ဘူ) မြို့သို့ သွားရောက်ခဲ့သည်။ အတန်ကြာသော် သူ၏ဉာဏ်စွမ်းကြောင့် ဂရိအထင်ကရပုဂ္ဂိုလ်များ၏ အရေးပေးမှုကို ရရှိလာသည်။ မကြာမီ လျှို့ဝှက် ဂရိအမျိုးသားလှုပ်ရှားမှုအဖွဲ့တစ်ခုက သူ့ကိုအထောက်တော်အဖြစ် ရုရှားဇာဘုရင်မဟာပီတာထံ စေလွှတ်လိုက်သည်။ မော်စကိုမြို့သို့ အသွားအပြန်ခရီးစဉ်တွင် စရယ်ဖင်မ်သည် ဥရောပတစ်ခွင်နီးပါး ရောက်သွားပြီး ဘာသာရေးနှင့် ပညာပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများနှင့် ကြုံကြိုက်ခဲ့ရသည်။ ထို့နောက် စရယ်ဖင်မ်သည် ၁၆၉၈ ခုနှစ်၌ အင်္ဂလန်နိုင်ငံသို့ ခရီးထွက်စဉ် လန်ဒန်မြို့၊ အောက်စ်ဖို့ဒ်မြို့တို့တွင် အရေးပါသူတို့နှင့် တွေ့ဆုံခဲ့သည်။ အင်္ဂလီကန်ချာ့ချ်ခေါင်းဆောင် ကန်တာဘာရီဂိုဏ်းချုပ်နှင့် မိတ်ဆက်ခွင့်ရပြီး ယင်းက နောက်ပိုင်းတွင် စရယ်ဖင်မ်အတွက် အကျိုးရှိလာလေသည်။

ကျမ်းစာတစ်အုပ် ပုံနှိပ်ထုတ်ဝေခြင်း

အင်္ဂလန်နိုင်ငံတွင်ရှိနေစဉ် စရယ်ဖင်မ်သည် “ဓမ္မသစ်ကျမ်း” (ခရစ်ယာန်ဂရိကျမ်းစာ) ကို ဂရိတို့နားလည်ရလွယ်သော ဘာသာစကားသို့ ထပ်မံပြန်ဆိုပေးရန် အလွန်လိုအပ်နေကြောင်း သိရှိလာသည်။ သို့နှင့် သူသည် လွန်ခဲ့သောအနှစ်ငါးဆယ်ကျော်က ခရစ်ယာန်ဘုန်းကြီးမက်စီမက်စ် စီရင်ရေးသားခဲ့သော ဘာသာပြန်ကျမ်းကိုအသုံးပြုကာ အမှားအယွင်းကင်း၍ နားလည်ရလွယ်ကူသော ဘာသာပြန်ကျမ်းသစ်တစ်စောင်ကို စတင်ပုံနှိပ်ထုတ်ဝေလေသည်။ သူသည် စိတ်ထက်သန်မှုအပြည့်ဖြင့် လုပ်ငန်းစတင်ခဲ့သော်လည်း မကြာမီ ငွေပြတ်သွားသည်။ သို့သော် ကန်တာဘာရီဂိုဏ်းချုပ်က လိုအပ်သောငွေကြေး ထောက်ပံ့ပေးမည်ဟု ကတိပြုသည့်အခါ မျှော်လင့်ချက်ရှိလာသည်။ ထိုထောက်ပံ့မှုကြောင့် စရယ်ဖင်မ်သည် အားတက်လာပြီး ပုံနှိပ်စက္ကူဝယ်ပြီး ပုံနှိပ်ဆရာတစ်ဦးနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။

သို့သော် လုကာခရစ်ဝင်ကျမ်းတစ်ဝက်အထိ ပုံနှိပ်ပြီးနောက်  ငွေပြတ်သွားပြန်သည်။ ထိုအချိန်တွင် အင်္ဂလန်နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကြောင့် ကန်တာဘာရီဂိုဏ်းချုပ်သည် ငွေကြေး မထောက်ပံ့ပေးနိုင်တော့ချေ။ သို့တိုင် စရယ်ဖင်မ်သည် လက်မလျှော့ဘဲ တာဝန်ခံမည့်သူကြွယ်များထံ အကူအညီတောင်းကာ သူစိစစ်တည်းဖြတ်ထားသည့် ဘာသာပြန်ကျမ်းကို ၁၇၀၃ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။ ငွေကြေးအချို့ကို တိုင်းတစ်ပါးတွင်တပည့်များပြန့်ပွားစေရေးအသင်းက အကုန်အကျခံခဲ့သည်။ 

မက်စီမက်စ်၏ ပိုရှေးကျသော နှစ်အုပ်တွဲဘာသာပြန်ကျမ်းတွင် မူရင်းဂရိကျမ်းပါရှိသည်။ ယင်းကျမ်းသည် ထူထဲ၍ လေးလံသည်။ စရယ်ဖင်မ်တည်းဖြတ်သော ဘာသာပြန်ကျမ်းမှာမူ စာလုံးပိုသေး၍ ခေတ်သုံးဂရိဘာသာပြန်ကျမ်းတစ်ခုသာ ပါဝင်သောကြောင့် ပါး၍ ပိုဈေးချိုသည်။

အငြင်းပွားမှုကို မီးထိုးပေးခြင်း

“ဤနောက်ဆုံးထုတ်စာအုပ်သည် လူတို့တကယ်လိုအပ်နေသည့်စာအုပ်ဖြစ်သည်။ သို့ရာတွင် စရယ်ဖင်မ်သည် အခွင့်ကောင်းယူကာ [သမ္မာကျမ်းစာ] ဘာသာပြန်ခြင်းကို တားဆီးသော ခရစ်ယာန်ဘုန်းတော်ကြီးများအား ထိုးနှက်ခဲ့သည်” ဟုကျမ်းပညာရှင် ဂျော့ဂ်ျ  မက်တေလီနိုစ်က ဖော်ပြ၏။ သူ့ကျမ်းကို ‘ကွိုင်နေဂရိစကား နားမလည်သော ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သင်းအုပ်အချို့အတွက် အထူးထုတ်ဝေခဲ့ခြင်းဖြစ်သည်။ သို့မှသာ သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီဖြင့် မူရင်းကျမ်းကို သူတို့ အနည်းအကျဉ်း ဖတ်ရှုနားလည်ကာ သာမန်ခရစ်ယာန်များအား ရှင်းပြနိုင်မည်ဖြစ်သည်’ ဟုစကားချီးတွင်ရေးသားခဲ့ရာ ခရစ်ယာန်ဘုန်းတော်ကြီးများ အလွန်ဒေါသထွက်ကြသည်။ (၁၉ ရာစုအတွင်း ခေတ်သုံးဂရိဘာသာပြန်ကျမ်း) ဤနည်းဖြင့် စရယ်ဖင်မ်သည် ဂရိသြသဒေါက်ချာ့ချ်အတွင်း ဖြစ်ပေါ်နေသော ကျမ်းစာဘာသာပြန်ခြင်း အငြင်းပွားမှုဝဲဂယက်ထဲ ကျရောက်သွား၏။

ထိုပဋိပက္ခ၏ တစ်ဖက်တွင်ရှိသူအချို့က လူတို့၏ဝိညာဉ်ရေးနှင့်  ကိုယ်ကျင့်တရား တိုးတက်မှုသည် ကျမ်းစာနားလည်ခြင်းအပေါ် မူတည်နေကြောင်း သဘောပေါက်ကြသည်။ ခရစ်ယာန်ဘုန်းတော်ကြီးများပင် ကျမ်းစာအသိပညာပိုဆည်းပူးရန် လိုအပ်သည်ဟု သူတို့ယူဆကြ၏။ ထို့ပြင် ကျမ်းစာအမှန်တရားများကို မည်သည့်ဘာသာစကားဖြင့်မဆို ဖော်ပြနိုင်သည်ဟု ကျမ်းစာဘာသာပြန်ခြင်းကို ထောက်ခံသူများ ယူဆကြသည်။—ဗျာ. ၇:၉။

ကျမ်းစာဘာသာပြန်ခြင်းကို ဆန့်ကျင်သူတို့ကမူ အဘယ်ဘာသာပြန်ကျမ်းမဆိုသည် သမ္မာကျမ်းစာစကားများကို ပေါ့ပျက်စေမည်၊ အနက်ဖွင့်ပိုင်ခွင့်နှင့် တရားသေအယူဝါဒများ ပြဋ္ဌာန်းပိုင်ခွင့်အပေါ် ချာ့ချ်၏အခွင့်အာဏာကို ပျက်ပြားစေမည်ဟူ၍ အကြောင်းပြကြသည်။ အမှန်မှာ၊ ကျမ်းစာဘာသာပြန်ခြင်းကို ပရိုတက်စတင့်များအသုံးပြုကာ ဂရိသြသဒေါက်ချာ့ချ်ကို ထိပါးလာကြလိမ့်မည်ဟု သူတို့စိုးရိမ်နေကြခြင်းဖြစ်သည်။ ခရစ်ယာန်ဘုန်းတော်ကြီးများစွာသည် ကျမ်းစာကို သာမန်လူများနားလည်နိုင်ရန် ကြိုးပမ်းမှုများအပါအဝင် ပရိုတက်စတင့်များအား ထောက်ခံအားပေးမှုမှန်သမျှကို တားမြစ်ရန် တာဝန်ရှိသည်ဟု ယူဆကြသည်။ သို့နှင့် ကျမ်းစာဘာသာပြန်ဆိုခြင်းသည် ပရိုတက်စတင့်နှင့်သြသဒေါက်တို့၏ ပဋိပက္ခတွင် ပေါက်ကွဲလုနီးပါး အခြေဆိုက်နေသည်။

စရယ်ဖင်မ်သည် ဩသဒေါက်ချာ့ချ်ကို စွန့်ခွာလိုစိတ်မရှိသော်လည်း အတိုက်အခံပြုသူ ခရစ်ယာန်ဘုန်းတော်ကြီးများ၏ ဉာဏ်တိမ်မှုနှင့် တစ်ယူသန်ဆန်မှုကို သတ္တိပြောင်ပြောင် ဖော်ထုတ်ခဲ့သည်။ သူ၏ “ဓမ္မသစ်ကျမ်း” စကားချီးတွင် ဤသို့ရေးထားသည်– “ဘုရားသခင်ကို ကြောက်ရွံ့သူခရစ်ယာန်တိုင်း သမ္မာကျမ်းစာဖတ်ရှုသင့်သည်။” သို့မှသာ “ခရစ်တော်ကိုတုပသူ ဖြစ်နိုင်ပြီး ကိုယ်တော်၏သွန်သင်ချက်များကို နာခံနိုင်မည်ဖြစ်သည်။” သမ္မာကျမ်းစာလေ့လာခြင်းကို တားမြစ်ခြင်းသည် စာတန်၏လက်ချက်ဖြစ်သည်ဟု စရယ်ဖင်မ်က အခိုင်အမာပြောဆိုသည်။

ဆန့်ကျင်မှုလှိုင်းလုံးကြီး

စရယ်ဖင်မ်၏ ဘာသာပြန်ကျမ်းသည် ဂရိနိုင်ငံသို့ရောက်လာသောအခါ ဘာသာရေးအဖွဲ့အစည်းက ဒေါသပေါက်ကွဲသွား၏။ ထို့ကြောင့် သူ၏ဘာသာပြန်ကျမ်းသစ်ကို ပိတ်ပင်လိုက်သည်။ ၎င်းဘာသာပြန်ကျမ်းစောင်များကို မီးရှို့သည့်အပြင် ယင်းကို ပိုင်ဆိုင်သူ၊ ဖတ်ရှုသူမှန်သမျှ အသင်းတော်မှနှင်ထုတ်ခံရမည်ဟု ခြိမ်းခြောက်ကြသည်။ ဂိုဏ်းအုပ်ကြီး တတိယမြောက် ဂါဗရီယယ်က စရယ်ဖင်မ်၏ဘာသာပြန်ကျမ်းစာသည် မလိုအပ်သော၊ အကျိုးမပြုသောကျမ်းဟုဆိုကာ ဖြန့်ချိခြင်းကို ပိတ်ပင်လိုက်သည်။

စရယ်ဖင်မ်ကမူ စိတ်ဓာတ်မကျသော်လည်း သတိရှိဖို့လိုကြောင်း သိမြင်ခဲ့၏။ ချာ့ချ်က တရားဝင်ပိတ်ပင်ထားသော်လည်း ခရစ်ယာန်ဘုန်းတော်ကြီးနှင့် အရပ်သား အတော်များများသည် သူ၏ဘာသာပြန်ကျမ်းကို လက်ခံဖတ်ရှုကြသည်။ ထိုဘာသာပြန်ကျမ်းကို ဖြန့်ချိရာတွင် အလွန်အောင်မြင်ခဲ့သည်။ သို့သော် ဩဇာအရှိန်အဝါကြီးသော ရန်ဘက်များနှင့် သူ၏ထိပ်တိုက်ရင်ဆိုင်မှုသည် ဇာတ်သိမ်းဖို့ဝေးစွ။

ဇာတ်သိမ်းခန်း စတင်

စရယ်ဖင်မ်သည် သမ္မာကျမ်းစာဖြန့်ဝေမှုကို မြှင့်တင်ပေးသည့်အပြင် တော်လှန်ရေးနှင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့၏။ ယင်းအတွက် ၁၇၀၄ ခုနှစ်၊ နွေရာသီတွင် မော်စကိုမြို့သို့ ပြန်လာသည်။ သူသည် မဟာပီတာ၏လူယုံတော်ဖြစ်လာပြီး ရုရှားတော်ဝင်တက္ကသိုလ်ကျောင်းတော်ကြီး၏ ပါမောက္ခဖြစ်ခဲ့ဖူးသေးသည်။ သို့ရာတွင် မိမိ၏ဘာသာပြန်ကျမ်းအတွက် တွေးပူကာ ၁၇၀၅ ခုနှစ်၌ ကောန်စတန်တီနိုပယ်မြို့သို့ ပြန်လာသည်။

ထိုနှစ်၌ ထပ်မံပုံနှိပ်သော ဘာသာပြန်ကျမ်းတွင် သူ၏မူရင်းကျမ်းမှ ဝေဖန်ချက်ကို မထည့်တော့ပေ။ ယင်းအစား ကျမ်းစာဖတ်ရှုကြရန်  အားပေးသော  နိဒါန်းရိုးရိုးလေးသာ ထည့်ရေးခဲ့သည်။  ဤအကြိမ်ထုတ် ကျမ်းစာစောင်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်ခဲ့၏။ ယင်းသို့ဖြန့်ချိခြင်းကို ခရစ်ယာန်ဘုန်းတော်ကြီးများရုံးချုပ်က ကန့်ကွက်သည့်မှတ်တမ်း မရှိပေ။

မည်သို့ဆိုစေ၊ ၁၇၁၄ ခုနှစ်တွင် သမ္မာကျမ်းစာဘာသာပြန်ခြင်းကိုဆန့်ကျင်သော  ဂရိခရီးသည်  အလက်ဇန္ဒား ဟယ်လဒီးယပ်က  သူ့ကို  နာလန်မထူနိုင်အောင်  ထိုးနှက်လိုက်သည်။ ဟယ်လဒီးယပ်၏ ဂရိချာ့ချ်၏လက်ရှိအခြေအနေ စာအုပ်တွင် ဘာသာပြန်သူများနှင့် ကျမ်းစာဘာသာပြန်ခြင်းကို ပြင်းပြင်းထန်ထန် ပုတ်ခတ်ထား၏။ ထိုစာအုပ်၏အခန်းတစ်ခန်းတွင် စရယ်ဖင်မ်ကို သူခိုး၊ လူလိမ်၊ စာမတတ်သူ၊ အကျင့်ပျက်ကောက်ကျစ်သူဟူ၍ ယိုးစွပ်ထားသည်။ ထိုစွပ်စွဲချက်များ မှန်ပါသလော။ သူနှင့်တစ်ခေတ်တည်းသားများထက် အသိဉာဏ်ကြွယ်သောကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရသော စရယ်ဖင်မ်ကို စာရေးဆရာ စတိုင်လီယာနိုစ် ဘာအီရာကာရစ်က “လက်တွေ့သမား၊ အသိဉာဏ်ကြွယ်သောရှေ့ဆောင်” ဟုခေါ်ဆိုခြင်းသည် ကျမ်းပညာရှင်များ သိထားသည့်အချက်ကို ဖော်ပြနေခြင်းဖြစ်သည်။ သို့တိုင် ဟယ်လဒီးယပ်စ်၏စာအုပ်သည် စရယ်ဖင်မ်၏ဘဝနိဂုံး မလှမပဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်၏။

သံသယတိမ်တိုက်အောက်ဝယ်

၁၇၃၁ ခုနှစ်တွင် ရုရှားနိုင်ငံသို့ စရယ်ဖင်မ် ပြန်ရောက်လာသည့်အခါ မဟာပီတာ ကွယ်လွန်ပြီဖြစ်၏။ ထို့ကြောင့် သူ၏ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်မရှိတော့ချေ။ ထို့ပြင် ထိုစဉ်ကအုပ်စိုးနေသော ဘုရင်မ အန်နာအီဗန်နိုနာသည် မိမိနယ်ပယ်တွင် ဆူပူထကြွမှုမဖြစ်စေရန် သတိထားလျက်ရှိသည်။ ၁၇၃၂၊ ဇန်နဝါရီလတွင် စိန့်ပီတာစဘတ်မြို့၌ အင်ပါယာကိုပုန်ကန်ရန် ဂရိသူလျှိုတစ်ဦး လှုံ့ဆော်ပေးနေသည်ဟု ကောလာဟလထွက်လာရာ စရယ်ဖင်မ်ကို သံသယဝင်လေတော့သည်။ ထို့ကြောင့် သူ့ကိုဖမ်းဆီးကာ စစ်ကြောမေးမြန်းရန် နေ့ဗ်စကိုင်း ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းသို့  ပို့လိုက်သည်။ ထိုတွင် စရယ်ဖင်မ်ကို ရာဇဝတ်မှုအမျိုးမျိုးဖြင့် စွဲချက်တင်ထားသော ဟယ်လဒီးယပ်၏စာအုပ် ရှိနေသည်။ သူသည်  ယင်းစွဲချက်များ မမှန်ကန်ကြောင်း ခုခံချေပစာ သုံးစောင်ရေးသားခဲ့သော်လည်း ငါးလခန့် ဆက်၍မေးမြန်းစစ်ဆေးခံခဲ့ရ၏။ စရယ်ဖင်မ်ခမျာ သူ့အပေါ်အုပ်ဆိုင်းနေသည့် သံသယတိမ်တိုက်ကြီးကို လွင့်ပျောက်သွားရန် မပြုလုပ်နိုင်ခဲ့ပေ။

သို့သော်  စရယ်ဖင်မ်၌ အပြစ်ရှိကြောင်း ခိုင်လုံသောအထောက်အထားမပြနိုင်ကြ၍  သေဒဏ်မပေးနိုင်ပေ။ သို့သော်  ဟယ်လဒီးယပ်၏စွဲချက်များကြောင့်  အာဏာပိုင်များက စရယ်ဖင်မ်ကို  မလွှတ်ပေးလိုကြချေ။  သို့နှင့်  သူ့ကို ဆိုက်ဘေးရီးယားသို့ နယ်နှင်လိုက်ပြီး တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချခဲ့သည်။ ဂျူရီအဖွဲ့၏ဆုံးဖြတ်ချက်တွင် “ဂရိစာရေးဆရာ ဟယ်လဒီးယပ်၏စာ” မှ ယိုးစွပ်ချက်များကိုအခြေခံပြီး စွဲချက်တင်ကြောင်း ဖော်ပြထား၏။ သို့နှင့် ၁၇၃၂၊ ဇူလိုင်လတွင် စရယ်ဖင်မ်ကို ခြေထိပ်လက်ထိပ်ခတ်ကာ ဆိုက်ဘေးရီးယားအရှေ့ပိုင်းသို့ ခေါ်လာကြ၍ နာမည်ဆိုးထွက်သော အိုခေါ့စ်ခ်ထောင်တွင် အကျဉ်းချလိုက်သည်။

သုံးနှစ်ခန့်ကြာသော် စရယ်ဖင်မ်ခမျာ အပယ်ခံဘဝဖြင့် ကွယ်လွန်သွားရှာသည်။ တစ်ခါတစ်ရံ သူ၏ဆုံးဖြတ်ချက်များနှင့် နည်းစနစ်များက လွဲမှား၊ ပညာမဲ့ခဲ့သော်လည်း သူ၏ဘာသာပြန်ကျမ်းသည် ယခုရရှိနိုင်သော ခေတ်သုံးဂရိဘာသာပြန်ကျမ်းများစွာထဲမှ ကျမ်းတစ်စောင်ဖြစ်သည်။a ယင်းတို့အနက် နားလည်ရလွယ်ကူသော ကမ္ဘာသစ်ဘာသာပြန်သမ္မာကျမ်းစာကိုလည်း ဘာသာစကားများစွာဖြင့် ရရှိနိုင်ပြီဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် အရပ်ရပ်ရှိလူတို့ ‘အမှန်တရားကိုသိစေခြင်းငှာ’ သမ္မာကျမ်းစာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့်အတွက် ကျွန်ုပ်တို့ မည်မျှကျေးဇူးတင်စရာပါတကား!—၁ တိမောသေ ၂:၄။

[အောက်ခြေမှတ်ချက်]

a ၂၀၀၂၊ နိုဝင်ဘာ ၁၅ ရက်၊ ကင်းမျှော်စင် စာမျက်နှာ ၂၆-၉ ပါ “ခေတ်သစ်ဂရိဘာသာစကားဖြင့် သမ္မာကျမ်းစာထွက်လာစေရန် ကြိုးပမ်းအားထုတ်မှု” ကိုရှု။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

မဟာပီတာ

[Picture Credit Line on page 10]

Photos: Courtesy American Bible Society

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ