ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၄/၁၅ စာ. ၈-၁၂
  • ပနားမားရှိကွာဟမှုများကို ပေါင်းကူးပေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပနားမားရှိကွာဟမှုများကို ပေါင်းကူးပေးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • တံတားတစ်စင်းနှင့် လူမျိုးပေါင်းစုံစုဆုံရာ
  • ကိုမာကာတွင် အခက်အခဲများကို ကျော်လွှားခြင်း
  • နှလုံးထိမိစေရန် လှော်ခတ်ခြင်း
  • စာမတတ်မြောက်မှုကို ကျော်လွှားခြင်း
  • နားမကြားသည့် အတားအဆီးကို ကျော်လွှားခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၄/၁၅ စာ. ၈-၁၂

ပနားမားရှိကွာဟမှုများကို ပေါင်းကူးပေးခြင်း

“ကမ္ဘာ့ပေါင်းကူးတံတား၊ ပနားမား။” ယင်းဆောင်ပုဒ်ကို လွန်ခဲ့သောရာစုနှစ်ဝက်က ထိုဗဟိုအမေရိကနိုင်ငံရှိ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုတွင် ထုတ်လွှင့်ခဲ့သည်။ ယနေ့ ယင်းဆောင်ပုဒ်သည် ထိုနိုင်ငံနှင့်ပတ်သက်၍ လူအများ၏ခံစားချက်ကို ဖော်ပြနေသည်။

ပနားမားသည် မြောက်အမေရိကနှင့် တောင်အမေရိကတို့ကို တံတားတစ်စင်းသဖွယ် ဆက်သွယ်ပေးထားသည်။ ထို့ပြင် ကျော်ကြားသော ပနားမားတူးမြောင်းပေါ်တွင် အမေရိကတံတားကို ခွ၍ဆောက်ထားသည်။ အံ့ဖွယ်အင်ဂျင်နီယာစွမ်းပကားတစ်ခုဖြစ်သော ထိုတူးမြောင်းသည် နိုင်ငံကိုဖြတ်၍ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ပေါင်းစည်းပေးသည်။ ယင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ ပင်လယ်ကူးသင်္ဘောများသည် ပင်လယ်ခရီးဖြင့် ရက်ပေါင်း သို့မဟုတ် အပတ်ပေါင်းအတော်ကြာ နှင်ရမည့်ခရီးကို နာရီပိုင်းအတွင်း ဖြတ်ကူးနိုင်ပြီဖြစ်သည်။ ပနားမားသည် ကမ္ဘာ့ဒေသများစွာအတွက် အမှန်ပင် အရေးပါသော တံတားတစ်စင်းသဖွယ်ဖြစ်သည်။

တံတားတစ်စင်းနှင့် လူမျိုးပေါင်းစုံစုဆုံရာ

ထို့ပြင် ပနားမားသည် လူမျိုးပေါင်းစုံ၊ နောက်ခံအသီးသီးမှ လူများစုဆုံရာဒေသ ဖြစ်လာသည်။ တိုင်းရင်းသားပေါင်းစုံပါဝင်သော ထိုလူများသည် ဤလှပသောနယ်မြေတစ်လျှောက် ပျံ့နှံ့နေထိုင်ကြသည်။ သို့သော် လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဘာသာစကားအမျိုးမျိုး၏ ကွာဟမှုများကို ပေါင်းကူးပေးပြီး သမ္မာကျမ်းစာပါ အဖိုးထိုက်အမှန်တရားပေါ် အခြေပြုသည့် တူညီသောသဘောထား၊ အယူအဆတို့ကို ဖြစ်စေနိုင်ပါမည်လော။

ဖြစ်နိုင်ပါသည်။ ပထမရာစုရှိ ဂျူးနှင့်တစ်ပါးအမျိုးသား ခရစ်ယာန်တို့သည် ခရစ်တော်ပူဇော်ရာယဇ်၏ စည်းလုံးစေသောအစွမ်းကြောင့် ယင်းသို့ဖြစ်မြောက်ခဲ့ကြောင်း ဧဖက် ၂:၁၇၊ ၁၈ တွင်မှတ်တမ်းတင်ထားသော တမန်တော်ပေါလု၏စကားများက ဖော်ပြသည်။ ပေါလု ဤသို့ရေးခဲ့၏– “ထိုခရစ်တော်သည်လည်း ကြွလာ၍ ဝေးလျက်ရှိသော သင်တို့အားလည်းကောင်း၊ နီးလျက်ရှိသော ငါတို့အားလည်းကောင်း ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။ ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တစ်လုံးတစ်ဝတည်းဖြစ်၍ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကိုရကြပြီ။”

ယနေ့လည်း အလားတူပင်၊ ပနားမားရှိ ယေဟောဝါသက်သေများသည် ဘာသာရေးနောက်ခံကွဲပြားသူများနှင့် ပကတိရပ်ဝေးဒေသမှလာသော လူအသီးသီးတို့အား “ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရား” ကိုကြွေးကြော်နေကြသည်။ ယေဟောဝါထံသို့ “တိုးဝင်” နေသူများသည် စည်းလုံးမှုရှိနေကြသည်။ ရလဒ်အနေနှင့် ပနားမားတွင် ဘာသာစကားခြောက်မျိုးဖြစ်သော စပိန်၊ ကန်တုံ၊ ပနားမား လက်ဟန်ပြဘာသာစကား၊ အင်္ဂလိပ်၊ ကူနာနှင့် နော့ဘီ (ဂိုင်မီ) ဟုခေါ်သော တိုင်းရင်းသားစကားနှစ်မျိုးတို့ဖြင့် အသင်းတော်များ တည်ထောင်နိုင်ခဲ့ကြသည်။ ဤဘာသာစကားအမျိုးမျိုးပြောဆိုသူများသည် ယေဟောဝါအားဝတ်ပြုရာတွင် မည်သို့စည်းလုံးလာကြောင်း သိရှိရခြင်းက အားရှိစရာပင်။

ကိုမာကာတွင် အခက်အခဲများကို ကျော်လွှားခြင်း

ပနားမားရှိ တိုင်းရင်းသားလူမျိုးရှစ်မျိုးတွင် နော့ဘီသည် အကြီးဆုံးလူမျိုးဖြစ်၏။ ဤလူမျိုးတွင် လူဦးရေ ၁၇၀,၀၀၀ ခန့်ရှိပြီး ကိုမာကာ သို့မဟုတ် သီးသန့်နယ်မြေဟုအမည်ပေးထားသည့် ကျယ်ပြောသောနယ်မြေတွင် လူအများစု နေထိုင်ကြသည်။ ဤဒေသအတော်များများတွင် ခြေကျင်ဖြင့်သာ ရောက်ရှိနိုင်သည့် ကြမ်းတမ်းသောတောင်တန်းများနှင့် ပင်လယ်ခရီးဖြင့်သာ ရောက်ရှိနိုင်သည့် လှပသောကမ်းရိုးတန်းဒေသတို့ပါဝင်သည်။ ကမ်းရိုးတန်းတစ်လျှောက်အပြင် သယ်ယူပို့ဆောင်ရေးလွယ်ကူသည့် မြစ်ချောင်းများနှင့်အနီးအနားတွင် မြို့ရွာများ တည်ထောင်လေ့ရှိကြသည်။ ကိုမာကာတွင်နေထိုင်သူများစွာသည် တောင်တန်းများတွင် ကော်ဖီစိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း သို့မဟုတ် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြသည်။ အများစုမှာ ခရစ်ယာန်ဘောင် ချာ့ချ်အသင်းသားများ ဖြစ်ကြ၏။ သို့သော် မာမာတာတာဟုလူသိများသော ဒေသခံဘာသာကို လိုက်စားသူများလည်း ရှိသည်။ အချို့က ဖျားနာသည့်အခါ သို့မဟုတ် နတ်ဆိုးများ၏ နှောင့်ယှက်ခြင်းခံရသည်ဟု ယူဆသည့်အခါ သက်သာပျောက်ကင်းစေရန် ဒေသခံ စူကီအက်စ် (နတ်ဆရာများ) ထံသွားကြသည်။ လူအများစုက စပိန်စကားပြောဆိုကြသော်လည်း နော့ဘီစကားမှာ နားလည်ရအလွယ်ဆုံးဖြစ်၏။

နှလုံးထိမိစေရန် လှော်ခတ်ခြင်း

လူတို့သည် အမှန်တရားကို နားလည်ရုံသက်သက်မျှမဟုတ်ဘဲ နှလုံးထိမိစေရန် ကူညီပေးဖို့ အရေးကြီးကြောင်း ယေဟောဝါသက်သေများ သိထားကြသည်။ ယင်းက သူတို့၏အသက်တာကို ကျမ်းစာမူများနှင့်အညီနေထိုင်ရန် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုပြုဖို့ လှုံ့ဆော်ပေးနိုင်သည်။ ထို့ကြောင့် သီးသန့်နယ်မြေ၏ဒေသရှစ်ခုတွင် တာဝန်ကျသော အထူးရှေ့ဆောင်များသည် ကျွမ်းကျင်သောဒေသခံသက်သေခံများ၏ အကူအညီဖြင့် နော့ဘီဘာသာစကားကို သင်ယူခဲ့ကြသည်။

ထိုနယ်မြေတွင် အသင်းတော် ၁၄ ခု တည်ထောင်နိုင်ခဲ့ရာ အလွန်တိုးတက်မည့်အလားအလာရှိကြောင်း ဖော်ပြနေသည်။ ဥပမာ၊ လွန်ခဲ့သောနှစ်အနည်းငယ်က အထူးရှေ့ဆောင်မောင်နှံဖြစ်သော ဒီမတ်စ်နှင့်ဂျီစယ်လာသည် တိုဘိုဘီကမ်းရိုးတန်းဒေသရှိ ကြေညာသူ ၄၀ ရှိသောအသင်းတော်တွင် တာဝန်ကျသည်။ အတ္တလန္တိတ်ကမ်းခြေတစ်လျှောက် နှိမ့်ချမှုရှိသောလူတို့အား ဟောပြောရန် လုံးထွင်းလှေဖြင့် ပုံမှန်သွားလာဖို့မှာ သူတို့အဖို့ မလွယ်ကူချေ။ ငြိမ်သက်နေသောသမုဒ္ဒရာရေပြင်သည် ရုတ်ခြည်းပင် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးလာနိုင်ကြောင်း ဒီမတ်စ်နှင့်ဂျီစယ်လာတို့ သိရှိခဲ့သည်။ တစ်ရွာပြီးတစ်ရွာ လှော်ခတ်သွားရသည့်အတွက် သူတို့၏လက်မောင်းနှင့် နောက်ကျော နာကျင်ကိုက်ခဲလေ့ရှိသည်။ ဒေသခံဘာသာစကားကို သင်ယူခြင်းသည် နောက်ထပ်အခက်အခဲတစ်ခုဖြစ်သည်။ သို့သော် သူတို့၏အနစ်နာခံမှုနှင့် ဇွဲရှိမှုတို့ကြောင့် ၂၀၀၁ ခုနှစ်၊ ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲသို့ လူ ၅၅၂ ဦးခန့် တက်ရောက်ခဲ့သည်။

တိုဘိုဘီမှ   ပင်လယ်အော်ကိုဖြတ်သွားလျှင်   ပွန်တာ အတ်စ်ကော်ဒီဒါရွာ တည်ရှိသည်။ ကြေညာသူအုပ်စုငယ်လေးသည် ရာသီဥတုသာယာလျှင် ပင်လယ်အော်ကိုဖြတ်၍ တိုဘိုဘီသို့လှော်ခတ်လာကြကာ အစည်းအဝေးတက်ရောက်နေကြသည်မှာ အချိန်အတန်ကြာပြီဖြစ်၏။ မှတ်တမ်းများကလည်း ထိုရွာတွင် အသင်းတော်သစ်တည်ထောင်ရန် အလားအလာကောင်းကြောင်း ဖော်ပြနေသည်။ ယင်းကြောင့် ဒီမတ်စ်နှင့်ဂျီစယ်လာသည် ပွန်တာ အတ်စ်ကော်ဒီဒါရွာသို့ ပြောင်းရွှေ့ရန် တောင်းဆိုခံခဲ့ရသည်။ နှစ်နှစ်မပြည့်မီ ပွန်တာ အတ်စ်ကော်ဒီဒါရွာရှိ အုပ်စုလေးမှာ ကြေညာသူ ၂၈ ယောက်ရှိသော အသင်းတော်တစ်ခုဖြစ်လာပြီး ပျမ်းမျှလူထုအစည်းအဝေးတက်ရောက်သူ ၁၁၄ ဦးရှိသည်။ ၂၀၀၄  ခုနှစ်၊ ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်သူ ၄၅၈ ယောက်ရှိခဲ့ရာ အသင်းတော်အသစ်သည် ကြည်နူးပျော်ရွှင်ခဲ့ရသည်။

စာမတတ်မြောက်မှုကို ကျော်လွှားခြင်း

စာမတတ်မြောက်မှုကို ကျော်လွှားနိုင်ခြင်းက နှလုံးရိုးဖြောင့်သူများစွာအတွက် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးကို ပျိုးထောင်ရာတွင် အကူအညီဖြစ်စေသည်။ ကိုမာကာရှိတောင်တန်းဒေသမှ အမျိုးသမီးငယ် ဖာမီနာ၏ဖြစ်ရပ်တွင် ထိုအတိုင်းပင်ဖြစ်၏။ သူနေထိုင်သည့်သီးခြားဒေသတွင် အမှုဆောင်နေသော သက်သေခံသာသနာပြုများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို သူအလွန်အာရုံစိုက်ကြောင်း သိလာသည်။ ကျမ်းစာသင်အံမှု ကမ်းလှမ်းလာသည့်အခါ  ပိုမိုသင်ယူလိုကြောင်း  သူပြန်ဖြေခဲ့သည်။ သို့သော် အခက်အခဲတစ်ခုမှာ သူသည် စပိန်နှင့်နော့ဘီစကားတို့ကို ပြောတတ်သော်လည်း အရေး၊ အဖတ်မတတ်ပေ။ ထိုအခါ သာသနာပြုတစ်ဦးက  ရေးတတ်ဖတ်တတ်ရန် ကိုယ်တိုင်လုံ့လထုတ် a ဘရိုရှာကိုသုံးပြီး သင်ပေးခဲ့သည်။

ဖာမီနာသည် အလွန်တော်သောကျောင်းသူတစ်ဦးဖြစ်ပြီး သင်ခန်းစာများကို စိတ်ထက်သန်စွာပြင်ဆင်သည်၊ အိမ်စာများအားလုံး လုပ်ထားသည်၊ စာလုံးပေါင်းလေ့ကျင့်သည်။ တစ်နှစ်အတွင်း သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင် b ဘရိုရှာကို လေ့လာနိုင်လောက်သည့်အထိ တိုးတက်လာသည်။ အစည်းအဝေးများကျင်းပရန် စီစဉ်သည့်အခါ ဖာမီနာလည်း စတင်တက်ရောက်ခဲ့သည်။ သို့သော် သူ၏မိသားစုနွမ်းပါးမှုကြောင့် သားသမီးနှင့်အတူ အစည်းအဝေးတက်ရန် လမ်းစရိတ်မတတ်နိုင်ပေ။ ရှေ့ဆောင်တစ်ဦးက ဖာမီနာ၏အခြေအနေကို သတိပြုမိပြီး နော့ဘီအမျိုးသမီးရိုးရာဝတ်စုံကို ရက်လုပ်၍ ရောင်းချရန် အကြံပြုသည်။ ထိုအကြံပြုချက်အတိုင်း သူလုပ်ဆောင်ခဲ့ပြီး အခြားလိုအပ်ရာများရှိသော်လည်း ထိုငွေကို ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ရန်အတွက်သာ အသုံးပြုခဲ့သည်။ ယခု သူ၏မိသားစုသည် အခြားဒေသသို့ပြောင်းရွှေ့သွားပြီး ဝိညာဉ်ရေးတွင် တိုးတက်နေဆဲဖြစ်သည်။ သူတို့သည် စာတတ်မြောက်သွားခြင်းကြောင့်သာမဟုတ်ဘဲ ထို့ထက်အရေးကြီးသည်မှာ ယေဟောဝါအား သိကျွမ်းရခြင်းကြောင့် ပျော်ရွှင်ကျေနပ်ခဲ့ကြသည်။

နားမကြားသည့် အတားအဆီးကို ကျော်လွှားခြင်း

ပနားမားတွင် အကြားအာရုံချို့ယွင်းသူများရှိသော မိသားစုများစွာသည် ရှက်တတ်ကြသည်။ တစ်ခါတစ်ရံ နားမကြားသူများသည် မည်သည့်ပညာရေးမျှ မရရှိကြပေ။ နားမကြားသူအများစုသည် အထီးကျန်ပြီး ဖယ်ကြဉ်ထားခံရသည်ဟု ခံစားရသည်၊ အကြောင်းမှာ သူတို့နှင့် ဆက်သွယ်ပြောဆိုရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အကြားအာရုံချို့ယွင်းနေသူများထံ သတင်းကောင်းရောက်ရှိနိုင်ရန် တစ်ခုခုလုပ်ဆောင်ရမည်မှာ ထင်ရှားနေသည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦး၏ အားပေးမှုကြောင့် ထက်သန်သောရှေ့ဆောင်များနှင့် အခြားသူများသည် ပနားမားလက်ဟန်ပြစကားကို သင်ယူခဲ့ကြသည်။ သူတို့၏ကြံရည်ဖန်ရည်ရှိခြင်းကြောင့် အကျိုးရရှိခဲ့သည်။

၂၀၀၁ နှစ်ကုန်ပိုင်းတွင် ပနားမားမြို့တော်၌ လက်ဟန်ပြစကားအုပ်စုတစ်ခု တည်ထောင်ခဲ့ကြသည်။ အစည်းအဝေးတက်ရောက်သူ ၂၀ ခန့်ရှိသည်။ ညီအစ်ကို၊ ညီအစ်မများသည် ထိုဘာသာစကားကို ပိုကျွမ်းကျင်လာသည်နှင့်အမျှ ကျမ်းစာအမှန်တရားကို ကိုယ်ပိုင်ဘာသာစကားဖြင့် ဦးဆုံးအကြိမ် “ကြားသိ” ရသူများစွာကို ဟောပြောနိုင်ခဲ့ကြသည်။ အကြားအာရုံချို့ယွင်းနေသော ကလေးများရှိသည့် သက်သေခံများစွာလည်း အစည်းအဝေးများ စတင်တက်ရောက်လာကြပြီး မိမိတို့ကလေးများသည် ကျမ်းစာသွန်သင်ချက်များကို ပိုသဘောပေါက်ကာ အမှန်တရားဘက်တွင် ပိုထက်သန်လာကြောင်း သိရှိခဲ့သည်။ မိဘများသည် လက်ဟန်ပြစကားကို သင်ယူခဲ့ကြသဖြင့် သားသမီးများနှင့် ပို၍ကောင်းစွာပြောဆိုဆက်ဆံနိုင်လာသည်။ မိဘများသည် သားသမီးများ၏ဝိညာဉ်ရေးကို ကူညီပေးနိုင်ပြီး မိသားစုပိုခိုင်မြဲလာသည်။ အဲလ်ဆာနှင့် သမီးအိုင်ရစ်ဒါ၏ဖြစ်ရပ်က ယင်းကို ကောင်းစွာသရုပ်ဖော်သည်။

လက်ဟန်ပြစကားအုပ်စုတွင် အမှုဆောင်နေသော သက်သေခံတစ်ဦးသည် အိုင်ရစ်ဒါအကြောင်း ကြားသိပြီးနောက် သူ့ထံလည်ပတ်ကာ ကမ္ဘာသားဘဝ ထာဝရစံစားကြ c ဘရိုရှာကို ဝေငှခဲ့သည်။ အိုင်ရစ်ဒါသည် ရုပ်ပုံများအားဖြင့် ကမ္ဘာသစ်အကြောင်းသိလိုက်ရာ အလွန်နှစ်သက်သွားသည်။ သို့ဖြင့် ထိုဘရိုရှာနှင့် ကျမ်းစာစတင်လေ့လာခဲ့သည်။ ထိုဘရိုရှာနှင့်လေ့လာပြီးနောက် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းd ဘရိုရှာကိုသုံး၍ လေ့လာခဲ့သည်။ ထိုအခါ အိုင်ရစ်ဒါသည် အကြောင်းအရာကိုပြင်ဆင်ရာတွင် ကူညီပေးရန်နှင့် ရှင်းပြပေးရန် မိခင်ကို တောင်းဆိုလေတော့သည်။

အဲလ်ဆာတွင် အခက်အခဲနှစ်ခုရှိနေသည်။ သူသည် သက်သေခံတစ်ဦးမဟုတ်သည့်အတွက် ကျမ်းစာအမှန်တရားကို မသိသည့်အပြင် လက်ဟန်ပြစကားကိုလည်း နားမလည်ပေ။ အခြားသူများက သူ့အား သမီးဖြစ်သူကို လက်ဟန်ပြစကားဖြင့်မပြောဘဲ သူစကားပြောတတ်ရန် သင်ယူခိုင်းရမည်ဟု ပြောကြသည်။ သို့ဖြစ်၍ သားအမိနှစ်ဦး ပြောဆိုဆက်သွယ်ရန် အခက်အခဲရှိခဲ့သည်။ အိုင်ရစ်ဒါ၏ ကူညီပေးရန်တောင်းပန်မှုကြောင့် အဲလ်ဆာသည် အသင်းတော်ရှိ သက်သေခံတစ်ဦးကို အကူအညီတောင်းခဲ့သည်။ သူဤသို့ဆိုသည်– “သမီးကောင်းကျိုးအတွက် တောင်းဆိုရတာပါ။ အဲဒီအချိန်ကစပြီး တစ်ခုခုကြောင့် သူဒီလောက်စိတ်ထက်သန်တာမျိုး တစ်ခါမှ မကြုံဖူးဘူး။” သမီးဖြစ်သူ၏လေ့လာမှုတွင် သူလည်းပါဝင်ခဲ့ပြီး လက်ဟန်ပြစကားကို သင်ယူခဲ့သည်။ အဲလ်ဆာသည် သမီးအတွက် အချိန်များစွာပေးသည်နှင့်အမျှ အိမ်တွင်းပြောဆိုဆက်သွယ်ရေးတွင် ပိုလွယ်ကူလာသည်။ အိုင်ရစ်ဒါသည် အပေါင်းအသင်းများကို ရွေးချယ်ပေါင်းသင်းတတ်လာပြီး အသင်းတော်နှင့် ပူးပေါင်းခဲ့သည်။ ယခု သားအမိနှစ်ဦးစလုံး ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်နေကြသည်။ အဲလ်ဆာသည် မကြာသေးမီက နှစ်ခြင်းခံခဲ့ပြီး အိုင်ရစ်ဒါလည်း ထိုပန်းတိုင်ရောက်ရန် တက်လှမ်းလျက်ရှိသည်။ အဲလ်ဆာသည် ဦးဆုံးအနေနှင့် သမီးနှင့် ပိုရင်းနှီးလာပြီး သားအမိနှစ်ဦးစလုံးအတွက် အဖိုးတန်သည့် အရေးကြီးအကြောင်းအရာများစွာကို ပြောဆိုနိုင်ပြီဖြစ်ကြောင်း ပြောပြခဲ့သည်။

၂၀၀၃၊ ဧပြီလတွင် အသင်းတော်တစ်ခုဖြစ်လာသော လက်ဟန်ပြအုပ်စုသည် ယခု ကြေညာသူ ၅၀ ကျော်အထိ တိုးများလာပြီး အစည်းအဝေးတက်ရောက်သူဦးရေမှာ ထိုထက်ပိုများနေသည်။ သုံးပုံတစ်ပုံကျော်မှာ နားမကြားသူများဖြစ်သည်။ ပနားမားမြို့တော်အပြင် အခြားမြို့သုံးမြို့တွင် လက်ဟန်ပြအုပ်စုများ ပေါ်ပေါက်နေသည်။ ဤအုပ်စုများတွင် လုပ်ဆောင်စရာများစွာရှိနေသော်လည်း နှလုံးရိုးဖြောင့်သော နားမကြားသူများနှင့် ၎င်းတို့၏မေတ္တာရှိဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်စပ်ကြား “တိတ်ဆိတ်မှု” ကွာဟချက်ကို ပေါင်းကူးပေးသည့် အဓိကကျသောအရာကို လုပ်ဆောင်ခဲ့သည်မှာ ယုံမှားဖွယ်မရှိပေ။

ပနားမားနိုင်ငံတစ်ဝန်းလုံးတွင် အဆိုပါအကျိုးဖြစ်ထွန်းမှုများ ဖြစ်ပျက်နေပါသည်။ လူများစွာသည် ယဉ်ကျေးမှုအဖုံဖုံ၊ ဘာသာစကားအမျိုးမျိုးနှင့် နောက်ခံအသီးသီးမှ ဖြစ်သော်လည်း ယေဟောဝါဘုရားသခင်အား ဝတ်ပြုရေးတွင် စည်းလုံးလာကြသည်။ “ကမ္ဘာ့ပေါင်းကူးတံတား” ဟု လူအများယူဆထားသော ဤနိုင်ငံရှိ ဆက်သွယ်ရေးကွာဟမှုများကို ယေဟောဝါ၏နှုတ်မြွတ်တော် အမှန်တရားက အောင်မြင်စွာ ပေါင်းကူးဆက်သွယ်ပေးခဲ့ပြီ။—ဧဖက် ၄:၄။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

b ယေဟောဝါသက်သေများ ထုတ်ဝေသည်။

c ယေဟောဝါသက်သေများ ထုတ်ဝေသည်။

d ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၈ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကရစ်ဘီယံပင်လယ်

ပနားမား

တိုဘိုဘီ

ပစိဖိတ်သမုဒ္ဒရာ

ပနားမားတူးမြောင်း

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ကူနာအမျိုးသမီးများပန်းထိုးထည်များကို ကိုင်ထား

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ခရစ်ယာန်သာသနာပြုတစ်ဦးနော့ဘီအမျိုးသမီးတစ်ဦးကိုဟောပြောနေ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အထူးစည်းဝေးပွဲအစီအစဉ်ကို တက်ရောက်ရန်နော့ဘီသက်သေခံများ လုံးထွင်းလှေပေါ် တက်နေ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ပနားမားရှိ ယဉ်ကျေးမှုနှင့် ဘာသာစကား ကွဲပြားခြားနားမှုများကို ကျမ်းစာအမှန်တရားက ပေါင်းကူးပေး

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

လက်ဟန်ပြစကားဖြင့် “ကင်းမျှော်စင်” သင်တန်း

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အဲလ်ဆာတို့သားအမိသည် အဓိပ္ပာယ်ရှိရှိ ဆက်သွယ်ပြောဆိုနေကြ

[Picture Credit Lines on page 8]

သင်္ဘောနှင့် ကူနာအမျိုးသမီးများ– © William Floyd Holdman/​Index Stock Imagery; village: © Timothy O’Keefe/​Index Stock Imagery

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ