ဘိုလီးဗီးယားရှိသီးခြားမြို့များ သတင်းကောင်းကြားကြရ
ကမ်းစပ်တွင် စုဝေးနေသည့် ကျွန်ုပ်တို့အယောက် ၂၀ ခန့်သည် မြစ်ညာပိုင်းရှိရွာများသို့ သွားရောက်လည်ပတ်မည့် တစ်ရက်ခရီးစဉ်အတွက် စိတ်စောနေကြသည်။ အမေဇုန်မြစ်ဝှမ်း၏ လွင်ပြင်ကျယ်ကြီးနှင့် ဘေနီမြစ်တို့ဆုံရာ အင်ဒီးစ်တောင်ခြေတွင် ကျွန်ုပ်တို့ရောက်နေကြသည်။ ယင်းသည် အလွန်လှပသည့် နေရာတစ်ခုဖြစ်၏။
သို့သော် ကျွန်ုပ်တို့သည် ကမ္ဘာလှည့်ခရီးသည်များ မဟုတ်ကြပါ။ ကျွန်ုပ်တို့ထဲမှအချို့သည် ဒေသခံများဖြစ်ပြီး အတော်များများမှာ ရူးရာနာဘာကီးမြို့လေးတွင် နေထိုင်ရန် ဝေးလံသောမြို့များမှ ရောက်လာကြသူများဖြစ်သည်။ ဤမြို့လေးသည် ဖူးပွင့်ဝေဆာနေသောအပင်များ၊ သက်ငယ်မိုးအိမ်များ၊ တစ်ခါတစ်ရံမှသာ အငှားမော်တော်ဆိုင်ကယ်သံကြားရသည့် ဆိတ်ငြိမ်ရပ်ကွက်များရှိသော လှပသည့်မြို့လေးတစ်မြို့ဖြစ်၏။ ဤခရီးစဉ်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် စီစဉ်ခဲ့ကြသနည်း။
ဘိုလီးဗီးယားနိုင်ငံရှိ အခြားဒေသများစွာတွင်လည်း ဤခရီးစဉ်မျိုးရှိနေပါသည်။ မြို့ကြီးများနှင့် အခြားနိုင်ငံများမှ ယေဟောဝါသက်သေများသည် မြို့ငယ်လေးများသို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို သယ်ဆောင်သွားကြသည်။—မဿဲ ၂၄:၁၄။
ဘိုလီးဗီးယားနိုင်ငံသည် တောင်အမေရိကတိုက်၏ အလယ်ဗဟိုတွင်ရှိ၏။ ဤနိုင်ငံသည် ပြင်သစ်နိုင်ငံထက် နှစ်ဆကြီးသော်လည်း ပြင်သစ်နိုင်ငံလူဦးရေ၏ တစ်ဆယ်ရာခိုင်နှုန်းခန့်သာရှိသည်။ ဘိုလီးဗီးယားနိုင်ငံသားအများစုသည် အလွန်မြင့်မားသောနေရာများ၌ရှိသည့် မြို့ကြီးများနှင့် သတ္တုတွင်းမြို့များတွင် သို့မဟုတ် စိုက်ပျိုးရေးအတွက် အချက်အချာကျသည့် ချိုင့်ဝှမ်းဒေသများတွင် နေထိုင်ကြသည်။ သို့သော် အပူပိုင်းဒေသ မြေနိမ့်ပိုင်းရှိမြို့များသည် သစ်တောကြီးများကြောင့် သီးခြားဖြစ်နေ၏။
၁၉၅၀၊ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဘက်တီ ဂျက်ဆင်၊ အဲလ်စီ မိုင်ယန်ဘာ့ဂ်ျ၊ ပယ်မီလာ မိုဇလီ နှင့် ရှားလက် တောမာရှက်ဖ်စကီး တို့ကဲ့သို့ ရဲစွမ်းသတ္တိရှိသော ခရစ်ယာန်သာသနာပြုညီအစ်မများသည် သီးခြားမြို့များစွာတွင် ဦးဆုံးသွားရောက် အမှုဆောင်ခဲ့ကြသည်။ သူတို့သည် စိတ်နှလုံးရိုးဖြောင့်သူများကို ကျမ်းစာအမှန်တရားသင်ပေးပြီး အသင်းတော်ငယ်များတည်ထောင်ရန် ကူညီပေးခဲ့ကြသည်။ ၁၉၈၀၊ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ယေဟောဝါသက်သေအရေအတွက် ခြောက်ဆတိုးလာပြီး အဓိကအားဖြင့် မြို့ကြီးများတွင်ဖြစ်သည်။ ယခုဆိုလျှင် မြို့ကြီးများ၏ရပ်ကွက်တိုင်းတွင် အသင်းတော်များရှိနေပြီ။ အထပ်များစွာပါသော ရုံးအဆောက်အအုံများ၊ သားနားသည့်ဇိမ်ခံအိမ်ကြီးများ၊ စူပါမားကတ်များရှိသည့် ဖွံ့ဖြိုးတိုးတက်သောဒေသများတွင် ထိုအသင်းတော်များကို တွေ့နိုင်သည်။ သို့သော် နေလှန်းအုတ်ဖြင့်ဆောက်သည့်တဲများ၊ လဟာပြင်ဈေးများ၊ ရောင်စုံတိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ကြသူများရှိသည့် အစွန်အဖျားရပ်ကွက်များတွင်လည်း အသင်းတော်များရှိသည်။ သို့တိုင် သီးခြားဒေသများတွင်နေထိုင်သူများစွာကို ယေဟောဝါအားသိရှိလာရန် ကူညီပေးဖို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
မြို့နေဘဝ၏အဆင်ပြေမှုကို စွန့်လွှတ်ခြင်း
လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း ဘိုလီးဗီးယားနိုင်ငံရှိ သတ္တုတွင်းမြို့များနှင့် ကျေးလက်ဒေသမှ လူများစွာသည် မြို့ကြီးများသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ၎င်းနှင့်ဆန့်ကျင်၍ မြို့ကြီးမှ ကျေးရွာသို့ပြောင်းရွှေ့ခြင်းသည် တစ်မူထူးခြား၏။ ရွာများစွာသည် တယ်လီဖုန်း တစ်ခုသာရှိပြီး တစ်နေ့လျှင် နာရီအနည်းငယ်သာ လျှပ်စစ်မီးရရှိကြသည်။ ထိုမြို့ငယ်လေးများတွင် နေထိုင်ကြသော သက်သေခံများသည် တစ်နှစ်တစ်ကြိမ်ကျင်းပသည့် စည်းဝေးကြီးများ၌သာ ယုံကြည်သူချင်းများနှင့် တွေ့ဆုံနိုင်ကာ ထိုစည်းဝေးကြီးများသို့သွားရန်မှာလည်း စရိတ်စကကြီးပြီး အန္တရာယ်ရှိသည့်အပြင် အလွန်ပင်ပန်းသည်။ ကျေးရွာရှိကျောင်းများတွင် အခြေခံပညာရေးကိုသာရရှိနိုင်၏။ သို့ဖြစ်လျှင် မြို့ကြီးများမှ ကျေးရွာများသို့ ပြောင်းရွှေ့ရန် ယေဟောဝါသက်သေများစွာအား အဘယ်အရာက လှုံ့ဆော်ပေးသနည်း။
မကြာသေးမီက လူးအီးစ် ဤသို့ပြောပြခဲ့သည်– “လာပါဇ်မြို့မှာ ကျွန်တော်အလုပ်လုပ်ဖို့ အခွင့်အရေးရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မိဘတွေက တပည့်ဖြစ်စေခြင်းလုပ်ငန်းဟာ နှစ်လို့ဖွယ်အကောင်းဆုံးလုပ်ငန်းဖြစ်တယ်လို့ အမြဲပြောပြခဲ့တယ်။ ဒါကြောင့် ဆောက်လုပ်ရေးနည်းပညာနဲ့ပတ်သက်တဲ့ သင်တန်းတစ်ခုကို ကျွန်တော်တက်လိုက်တယ်။ အားလပ်ရက်ခွင့်နဲ့ ရူးရာနာဘာကီးမြို့ကိုရောက်နေချိန်မှာ လူတွေဟာ သတင်းကောင်းကို နားထောင်ချင်စိတ်ရှိကြတာ ကျွန်တော်သတိပြုမိခဲ့တယ်။ ညီအစ်ကိုတွေ နည်းနည်းပဲရှိတာကိုတွေ့ရတဲ့အခါ ဒီကိုလာပြီး အကူအညီပေးချင်စိတ်ပေါ်လာတယ်။ အခုဆိုရင် ကျွန်တော် အိမ်တွင်းကျမ်းစာသင်အံမှု ၁၂ ခုကျင်းပနေတယ်။ ဥပမာပြောရရင်၊ ကလေး,လေးယောက်ရှိတဲ့ ငယ်ရွယ်သူအမျိုးသားတစ်ဦးနဲ့ သူ့ဇနီးကို ကျမ်းစာသင်နေတယ်။ အဲဒီသူဟာ အရက်အလွန်အကျွံသောက်ပြီး လောင်းကစားတဲ့အကျင့်လည်းရှိတယ်။ ဒါပေမဲ့ အဲဒီအကျင့်တွေကိုစွန့်ပြီး သူသိရှိလာတဲ့ ယေဟောဝါအကြောင်း မိတ်ဆွေတွေကို စပြောပြနေပြီ။ သူဟာ သင်ခန်းစာကို အမြဲကြိုတင်ပြင်ဆင်တယ်။ တောထဲမှာ သုံးလေးရက် သစ်သွားခုတ်ရတဲ့အခါ ခရစ်ယာန်လုပ်ငန်းဆောင်တာတစ်ခုကိုမှ မပျက်ကွက်ချင်တဲ့အတွက် သူစိတ်မကောင်းဖြစ်ရတယ်။ ခရစ်ယာန်အစည်းအဝေးတွေမှာ သူတို့အားလုံးကိုတွေ့ရတဲ့အခါ ဒီကိုလာပြီး ကိုယ်ကျိုးစွန့်အမှုဆောင်ရတာ အကျိုးရှိတယ်လို့ခံစားရတယ်။”
ဟွာနာသည် ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်၏။ သူဤသို့ပြောပြသည်– “လာပါဇ်မြို့မှာ အိမ်အကူအလုပ်ကို ကျွန်မလုပ်ခဲ့တယ်။ ကျွန်မရဲ့သား ငယ်ငယ်လေးကတည်းက ကျွန်မဒီမြို့မှာနေပြီး အချိန်ပြည့်ဓမ္မအမှုမှာပါဝင်ခဲ့တယ်။ ရူးရာနာဘာကီးမြို့ကို ကျွန်မအလည်သွားတဲ့အခါ ဒီကိုသာပြောင်းလာရင် အများကြီးအမှုဆောင်နိုင်မယ်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် ကျွန်မတို့ပြောင်းရွှေ့လာပြီး အိမ်အကူအလုပ်လုပ်ခဲ့တယ်။ အစပိုင်းမှာတော့ အပူဒဏ်နဲ့ အင်းဆက်ပိုးတွေဒဏ်ကိုခံရတာ မလွယ်ဘူး။ ဒါပေမဲ့ အခုဆိုရင် ကျွန်မတို့ ဒီမှာနေတာ ခုနစ်နှစ်ရှိပြီ။ အပတ်တိုင်း ကျမ်းစာသင်အံမှု အများကြီးကျင်းပနိုင်တယ်။ သင်အံမှုအများစုဟာ ကျေးဇူးတင်လေးမြတ်မှုကို အစည်းအဝေးတွေတက်ခြင်းအားဖြင့် ပြကြတယ်။” ဟွာနာနှင့် သူ၏သားသည် မြစ်ညာသို့ စက်လှေဖြင့် သွားရောက်ဟောပြောကြမည့် အုပ်စုထဲတွင်ပါသည်။ သင့်ကိုလည်း အတူလိုက်ဖို့ ဖိတ်ခေါ်ပါသည်။
မြစ်ညာသို့ခရီးဆန့်
တောင်များကြားရှိ လျှိုမြောင်ကျဉ်းကျဉ်းလေးသို့ ကျွန်ုပ်တို့ဦးတည်သွားနေစဉ် ပဲ့ချိတ်စက်သံမှာ ဟိန်းနေသည်။ ကြက်တူရွေးတစ်အုပ်သည် ကျွန်ုပ်တို့ရောက်ရှိနေသည်ကို စူးရှသောအသံဖြင့် အချက်ပေးနေကြသည်။ စက်လှေသမားသည် ရေးစီးကြောင်းကိုဖြတ်၍ ကျွမ်းကျင်စွာမောင်းနှင်နေစဉ် တောင်ပေါ်မှစီးလာသည့် နောက်ကျိနေသောရေများသည် ကျွန်ုပ်တို့အနားတွင် ကြောက်စရာကောင်းသောရေဝဲကို ဖြစ်စေသည်။ နံနက်ကိုးနာရီခန့်တွင် ရွာငယ်လေးတစ်ရွာသို့ ရောက်သွားသည်။ ထိုရွာတွင် ရူးရာနာဘာကီးအသင်းတော်မှ အကြီးအကဲတစ်ဦးနှင့်တွေ့ဆုံပြီး သူက ကျွန်ုပ်တို့ဟောပြောရမည့်နေရာကို ပြောပြသည်။
ရွာသားများသည် သစ်ပင်ရိပ်အောက်တွင်ဖြစ်စေ၊ ဝါးနှင့်ဆောက်ပြီး ဓနိမိုးထားသည့် အိမ်ထဲတွင်ဖြစ်စေ ကျွန်ုပ်တို့ကို ဖော်ရွေပျူငှာစွာလက်ခံကြသည်။ မကြာမီ ကျွန်ုပ်တို့သည် သစ်သားဖြင့်ပြုလုပ်ထားသည့် ဒေသသုံး ကြံရည်ညှစ်စက်တစ်ခုတွင် ကြံရည်ညှစ်နေသောလူငယ်မောင်နှံနှင့် တွေ့ဆုံရသည်။ ကြံရည်သည် ကြေးနီဖလားခွက်ထဲသို့ စီးကျလာသည်။ နောက်ပိုင်းတွင် သူတို့သည် ကြံရည်ကို သကာရည်ဖြစ်သည်အထိကျိုပြီး မြို့တက်ရောင်းကြမည်ဖြစ်သည်။ သူတို့သည် ကျွန်ုပ်တို့ကို အိမ်ထဲဖိတ်ခေါ်ပြီး ကျမ်းစာအကြောင်း မေးခွန်းများစွာမေးကြသည်။
ကျွန်ုပ်တို့သည် မြစ်ညာဘက် ခရီးဆက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဟောပြောကြသည်။ လူများစွာသည် ဖျားနာခြင်းနှင့် သေခြင်းကို အဆုံးတိုင်စေမည်ဟူသည့် ကျမ်းစာဖော်ပြချက်ကို ကြားရသောကြောင့် ဝမ်းသာကြသည်။ (ဟေရှာယ ၂၅:၈; ၃၃:၂၄) ဤနေရာတွင် ဆေးဝါးကုသမှု အလုံအလောက်မရှိသည့်အတွက် မိသားစုအများစုသည် သားသမီးဆုံးရှုံးရသည့် ဝမ်းနည်းစရာအဖြစ်ကို ကြုံတွေ့ကြရသည်။ လယ်သမားများ၊ တံငါသည်များအနေဖြင့် အသက်မွေးရသည့်ဘဝသည် ပင်ပန်းပြီး ရေရာမှုမရှိချေ။ သို့ဖြစ်၍ ဆင်းရဲနွမ်းပါးမှုကိုဖယ်ရှားပေးမည့် ဘုရားသခင့်အစိုးရနှင့်ပတ်သက်၍ ဆာလံ ၇၂ တွင် မှတ်တမ်းတင်ထားသော ဘုရားသခင့်ကတိတော်ကို များစွာသောသူတို့ အလွန်စိတ်ဝင်စားကြသည်။ သို့သော် ထိုသီးခြားဒေသများတွင် နေထိုင်ကြသည့် စိတ်ဝင်စားသူများသည် ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ရန် ကြိုးစားကြမည်ဟု သင်ထင်ပါသလော။ အမေဇုန်ချိုင့်ဝှမ်းမှ ကားဖြင့် သုံးနာရီကြာမောင်းရသော စဲန်တာ ရိုစာ မြို့တွင် အချိန်ပြည့်အမှုဆောင်နေကြသည့် အဲရစ်နှင့် ဗစ်ကီ ဇနီးမောင်နှံတို့သည် ယင်းကို တွေးပူခဲ့ကြသည်။
စိတ်ဝင်စားသူများ လာရောက်ကြပါမည်လော
အဲရစ် နှင့် ဗစ်ကီ တို့သည် လွန်ခဲ့သော ၁၂ နှစ်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ ဘိုလီးဗီးယားသို့ ရောက်ရှိလာခဲ့ကြသည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက သူတို့အား စဲန်တာ ရိုစာ မြို့သို့ပြောင်းရွှေ့ရန် အကြံပြုခဲ့သည်။ ဗစ်ကီက ဤသို့ပြောပြ၏– “တစ်မြို့လုံးမှာ တယ်လီဖုန်းနှစ်လုံးပဲရှိပြီး အင်တာနက်လည်းမရှိဘူး။ တောရိုင်းတိရစ္ဆာန်တွေလည်းပေါတယ်။ မြို့အစွန်အဖျားနေရာတွေကို မော်တော်ဆိုင်ကယ်နဲ့သွားတဲ့အခါ မိကျောင်းတွေ၊ ငှက်ကုလားအုတ်တွေ၊ မြွေကြီးတွေကို မကြာခဏတွေ့ရတယ်။ ဒါပေမဲ့ တိရစ္ဆာန်တွေထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတာက လူတွေပဲ။ ကလေးငယ်လေးယောက်ရှိတဲ့ ဗေကာ လူငယ်မောင်နှံကို ကျွန်မတို့ ကျမ်းစာသင်ပေးတယ်။ မြို့နဲ့ ၁၆ မိုင်လောက်အကွာမှာ သူတို့နေကြတယ်။ ဖခင်ဖြစ်သူက အရက်သမားဖြစ်ပေမဲ့ အခုတော့ ပြောင်းလဲသွားပြီ။ သူ့မိသားစုတစ်စုလုံးနဲ့ သူ့ညီမကို ဘုရားသခင့်နိုင်ငံတော်ခန်းမကို အပတ်တိုင်းခေါ်လာတယ်။ သူ့ဇနီးနဲ့ နို့စို့သမီးလေးကို သူ့ရဲ့စက်ဘီး ပစ္စည်းတင်တဲ့ခုံကြီးပေါ်မှာ တင်ပြီးခေါ်လာတယ်။ ကိုးနှစ်အရွယ်သားဖြစ်သူက သူ့ရဲ့ညီမလေးကို စက်ဘီးတစ်စီးနဲ့တင်ပြီး ရှစ်နှစ်အရွယ်သားကတော့ သူ့ဘာသာသူစီးတယ်။ ခန်းမကိုရောက်ဖို့ သုံးနာရီ စက်ဘီးနင်းရတယ်။” ဤမိသားစုသည် ယေဟောဝါအား အမှန်ချစ်မြတ်နိုးပြီး အသင်းတော်နှင့်ပေါင်းသင်းရန် အစွမ်းကုန်ကြိုးစားကြသည်။
၁၈ လမျှအကြာတွင် စဲန်တာ ရိုစာ မြို့၌ နှစ်ခြင်းခံရန် ၃ ဦးအရည်အချင်းပြည့်မီလာပြီး ထို့မြို့ရှိ နိုင်ငံတော်ခန်းမအသစ်တွင် ၂၅ ယောက်ခန့် တက်ရောက်လာကြသည်။ လူအတော်များများ ကျမ်းစာသင်လိုကြသော်လည်း ယေဟောဝါကို ဝတ်ပြုကိုးကွယ်ရန် ကျော်လွှားရမည့် အလွန်ခက်ခဲသော အတားအဆီးများရှိနေသည်။
တရားဝင်လက်ထပ်ရန် အခက်အခဲ
ဘိုလီးဗီးယား နှင့် ဘရာဇီး နယ်စပ်အနီးရှိ သီးခြားမြို့တစ်မြို့တွင် အမှုဆောင်နေကြသော ခရစ်ယာန်သာသာနာပြုမောင်နှံ မရီးနာ နှင့် အော်စနီး တို့က ဤဒေသရှိ များစွာသောသူတို့သည် အိမ်ထောင်ရေးကို ထာဝရနှောင်ကြိုးအဖြစ် မယူမှတ်ကြကြောင်း ရှင်းပြသည်။ သူတို့သည် လက်မထပ်ဘဲပေါင်းသင်းသည့် အိမ်ထောင်ဖက်များစွာရှိကြသည်။ “အဲဒါဟာ ဝိညာဉ်ရေးတိုးတက်မှုကို အတားအဆီးဖြစ်စေတဲ့ ပြဿနာတစ်ခုပဲ။ လူတွေဟာ စစ်မှန်တဲ့ခရစ်ယာန်ဖြစ်ချင်ပေမဲ့ တရားဝင်လက်ထပ်ဖို့ဆိုတာ သူတို့အတွက် ခက်ခဲရှုပ်ထွေးပြီး အကုန်အကျများတဲ့ကိစ္စဖြစ်နေတယ်။ တချို့က အရင်အိမ်ထောင်ဖက်တွေနဲ့ ပြေလည်အောင်လုပ်ပြီး တရားဝင်လက်ထပ်ကြတယ်။ တချို့ကတော့ စည်းစနစ်တကျ လက်ထပ်မှတ်ပုံတင်တာဟာ ကျမ်းစာတောင်းဆိုချက်တစ်ခုဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပြီး တရားဝင်လက်ထပ်ဖို့ ကုန်ကျစရိတ်ရအောင် ပင်ပင်ပန်းပန်းအလုပ်လုပ်ကြတယ်” ဟုအော်စနီး ကပြောသည်။—ရောမ ၁၃:၁၊ ၂; ဟေဗြဲ ၁၃:၄။
မရီးနာက နိုဘာတို၏ အဖြစ်အပျက်ကို ဤသို့ပြောပြသည်– “နိုဘာတို ဟာ မုန့်ဖုတ်တဲ့အမျိုးသမီးနဲ့ အတူမနေခင် တခြားမိန်းမအတော်များများနဲ့ အတူနေခဲ့ဖူးတယ်။ မုန့်ဖုတ်တဲ့အမျိုးသမီးက သူ့ထက် ၃၅ နှစ်လောက်ငယ်ပြီး သားတစ်ယောက်ရှိတယ်။ အဲ့ဒီသားကို သူမွေးစားခဲ့တယ်။ အဲ့ဒီကလေးကြီးပြင်းလာတဲ့အတွက် နိုဘာတိုက သူ့အတွက် ပုံသက်သေကောင်းသူတစ်ဦး ဖြစ်ချင်တယ်။ ဒါနဲ့ မုန့်ဖိုကို သက်သေခံတစ်ဦးရောက်လာပြီး အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ကမ်းလှမ်းတဲ့အခါ စာမဖတ်တတ်တဲ့အပြင် အသက်ခုနစ်ဆယ်ကျော်နေပြီဖြစ်ပေမဲ့ အဲဒီကမ်းလှမ်းချက်ကို နိုဘာတိုလက်ခံခဲ့တယ်။ နိုဘာတိုနဲ့ သူ့ဇနီးဟာ ယေဟောဝါရဲ့တောင်းဆိုချက်တွေကို သိရှိလာတဲ့အခါ တရားဝင်လက်ထပ်ပြီး နှစ်ခြင်းခံလိုက်တယ်။ သားဖြစ်သူမှာ သူ့ပထွေးမျှော်လင့်ထားတဲ့အတိုင်း တာဝန်သိတတ်တဲ့ ခရစ်ယာန်လူငယ်တစ်ဦးဖြစ်လာတယ်။ နိုဘာတိုဟာ စာဖတ်တတ်အောင် သင်ယူခဲ့တဲ့အတွက် အသင်းတော်အစည်းအဝေးတွေမှာ ဟောပြောချက်တွေတောင် ပေးနိုင်ပြီ။ သူ့အသက်အရွယ်ကြောင့် အတော်အားနည်းနေပေမဲ့ သူဟာ ထက်သန်တဲ့ သတင်းကောင်းဟောပြောသူတစ်ယောက်ဖြစ်တယ်။”
ယေဟောဝါ၏ဝိညာဉ်တော်ခံစားရ
ယေရှုက မိမိ၏အစောပိုင်းနောက်လိုက်များကို ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ . . . မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (တမန်တော် ၁:၈) ဝေးလံသောဒေသများသို့ ပြောင်းရွှေ့ရန် ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးများအား ဘုရားသခင့်ဝိညာဉ်တော် လှုံ့ဆော်ပေးနေကြောင်း တွေ့ရခြင်းသည် အားရှိစရာပင်! ဥပမာ၊ ၂၀၀၄ ခုနှစ်တွင် ထက်သန်သောခရစ်ယာန်အယောက် ၃၀ ခန့်သည် အထူးရှေ့ဆောင်များအဖြစ် သီးခြားရပ်ကွက်များတွင် အမှုဆောင်ရန် ယာယီခန့်အပ်ချက်များကို လက်ခံခဲ့သည်။ ဤသူတို့သည် ရှေ့ဆောင်များ၊ တိုက်နယ်ကြီးကြပ်မှူးများ၊ ဗေသလစေတနာ့ဝန်ထမ်းများ သို့မဟုတ် ခရစ်ယာန်သာသနာပြုများအဖြစ်အမှုဆောင်ရန် ဘိုလီးဗီးယားသို့ ရောက်လာကြသည့် နိုင်ငံခြားသား ၁၈၀ ခန့်သောသူတို့၏စံနမူနာကို လေးမြတ်ကြ၍ဖြစ်သည်။ ဘိုလီးဗီးယားရှိ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၇,၀၀၀ တို့သည် စိတ်ဝင်စားသူများနှင့် အိမ်တွင်းကျမ်းစာသင်အံမှု ၂၂,၀၀၀ ခန့်ကို ကျင်းပနေကြသည်။
သူတို့ကို ယေဟောဝါ၏ဝိညာဉ်တော် ဦးဆောင်နေကြောင်း တွေ့မြင်ရခြင်းက ထိုညီအစ်ကိုအားလုံးကို များစွာရွှင်လန်းဝမ်းမြောက်စေသည်။ ဥပမာ၊ ရောဘတ်နှင့် ကက်သီတို့သည် ကာမီရီ မြို့တွင် ခရစ်ယာန်သာသနာပြုများအဖြစ် တာဝန်ခန့်အပ်ချက်ကို လက်ခံခဲ့သည်။ မြစ်ဘေးရှိ စိမ်းလန်းစိုပြည်ပြီး မြင့်ချည်နိမ့်ချည်ဖြစ်နေသော တောင်တန်းများအလယ်တွင်တည်ရှိသည့် ကာမီရီမြို့သည် အမြဲပင် သီးခြားမြို့တစ်မြို့ဖြစ်နေသည်။ ရောဘတ်က ဤသို့ပြောပြ၏– “ကျွန်တော်တို့ရောက်လာတာ အချိန်ကိုက်ဖြစ်နေပုံရတယ်။ နှစ်နှစ်အတွင်းမှာ အယောက် ၄၀ လောက်ဟာ သတင်းကောင်းဟောတဲ့ ကြေညာသူတွေဖြစ်လာတယ်။”
သောက်ကြူးသည့် လောင်းကစားသမားတစ်ဦးသတင်းကောင်းနားထောင်
ကျမ်းစာလေ့လာသူတို့၏ ပြောင်းလဲလာမှုများက မြို့သူမြို့သားများစွာအတွက် စွဲမှတ်စရာဖြစ်စေခဲ့သည်။ ဥပမာ၊ လွန်ခဲ့သောလေးနှစ်ခန့်က နေ့တစ်နေ့တွင် အေရီယယ်အမည်ရှိ သောက်ကြူးသူတစ်ဦးသည် အရက်နာကျပြီး အိပ်ရာထဲတွင် လှဲနေသည်။ သူသည် လောင်းကစားကြောင့် လူသိများလာသော်လည်း အကြွေးထူလာခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း၊ သမီးများအား လျစ်လျူရှုထားခြင်းနှင့်ပတ်သက်၍တွေးတောကာ စိတ်သောကရောက်နေသည်။ တစ်အိမ်မှတစ်အိမ်အမှုဆောင်နေသော ယေဟောဝါသက်သေတစ်ဦးကြောင့် သူ၏အတွေးများပြတ်သွားသည်။ ညီအစ်ကိုက ကျမ်းစာဖြင့်ရှင်းပြနေစဉ် အေရီယယ်သည် အာရုံစူးစိုက်နားထောင်ခဲ့သည်။ မကြာမီ အေရီယယ်သည် အိပ်ရာတွင် ပြန်လှဲနေပြန်သည်၊ ဤတစ်ကြိမ်တွင်မူ ပျော်ရွှင်သောမိသားစုဘဝ၊ ပရဒိသုနှင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်း စသည့်အကြောင်းအရာများကို ဖတ်ရှုရန်ဖြစ်သည်။ ကျမ်းစာသင်ရန် နောက်ပိုင်းတွင် သူသဘောတူခဲ့သည်။
ခရစ်ယာန်သာသနာပြုများ ကာမီရီမြို့သို့ရောက်လာချိန်တွင် အေရီယယ်၏ဇနီး အာမင်ဒါသည် ကျမ်းစာလေ့လာခဲ့သော်လည်း စိတ်ဝင်စားမှုသိပ်မရှိခဲ့ပေ။ အာမင်ဒါက ဤသို့ပြောပြ၏– “သူ အရက်မသောက်တော့အောင် ကျွန်မ ဘယ်အရာကိုမဆို ကြိုးစားကြည့်မယ်။ ဒါပေမဲ့ အောင်မြင်ပါ့မလားလို့ သံသယဖြစ်မိတယ်။ သူ့အခြေအနေက မျှော်လင့်ချက်မဲ့နေတာကိုး။” သို့သော် ကျမ်းစာလေ့လာမှုသည် သူမျှော်လင့်ထားသည်ထက် ပို၍စိတ်ဝင်စားစရာဖြစ်လာသည်။ အာမင်ဒါသည် တစ်နှစ်အတွင်း နှစ်ခြင်းခံပြီး သူ၏မိသားစုကို သက်သေခံခဲ့သည်။ မကြာမီ သူ၏ဆွေမျိုးအချို့သည် သူတို့၏အသက်တာကို ယေဟောဝါထံ အပ်နှံခဲ့ကြသည်။
အေရီယယ်အဖို့မှာမူ အရက်၊ ဆေးလိပ်နှင့် လောင်းကစားတို့ကိုဖြတ်ရန် အပြင်းအထန်ကြိုးစားခဲ့ရသည်။ ယေရှု၏သေခြင်း အောက်မေ့ရာပွဲသို့ သူ၏အပေါင်းအသင်းအားလုံးကို ဖိတ်ခေါ်ခဲ့ချိန်တွင် အပြောင်းအလဲဖြစ်ခဲ့သည်။ သူဤသို့ဆုံးဖြတ်ခဲ့သည်– “မလာတဲ့သူတွေနဲ့ ငါဆက်မပေါင်းတော့ဘူး။ လာတဲ့သူတွေနဲ့ ငါကျမ်းစာသင်မယ်။” သို့ဖြင့် ကျမ်းစာသင်အံမှုသုံးခု ကျင်းပခဲ့ရသည်။ အေရီယယ်သည် အသင်းတော်သားတစ်ဦးမဖြစ်လာမီပင် ဆွေမျိုးတစ်ဦးကို ကျမ်းစာသင်ပေးခဲ့ပြီး ထိုသူမှာ တိုးတက်လာကာ အေရီယယ်နှင့်အတူ တစ်ရက်တည်းတွင် နှစ်ခြင်းခံခဲ့သည်။ အာမင်ဒါက “သူပြောင်းလဲသွားလိုက်တာ အေရီယယ်မဟုတ်တော့တဲ့အတိုင်းပဲ” ဟုပြောသည်။
ရောဘတ်က ဤသို့ဖော်ပြသည်– “နောက်ဆုံးတွက်ချက်မှုအရ ဒီမိသားစုထဲက ၂၄ ယောက်ဟာ အစည်းအဝေးတွေကို ပုံမှန်တက်နေကြတယ်။ ဆယ်ယောက်က နှစ်ခြင်းခံပြီးသူတွေဖြစ်ပြီး ရှစ်ယောက်က နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူတွေဖြစ်တယ်။ သူတို့ရဲ့အမူအကျင့်ပြောင်းလဲလာတာကို သတိပြုမိကြတဲ့ တချို့သူတွေလည်း ကျမ်းစာစလေ့လာပြီး အသင်းတော်အစည်းအဝေးတွေကို တက်နေကြပြီ။ တက်ရောက်သူ ၁၀၀ ကနေ ၁၉၀ အထိ တိုးတက်လာတယ်။ ကက်သီနဲ့ ကျွန်တော်ဟာ ကျမ်းစာသင်အံမှု ၃၀ လောက်ကျင်းပနေပြီး သူတို့အားလုံး အစည်းအဝေးတွေ တက်ကြတယ်။ ကျွန်တော်တို့ ဒီမှာရှိနေရတာ တကယ်ပျော်တယ်။”
ဘိုလီးဗီးယားရှိ သီးခြားမြို့များတွင် ဖြစ်ပျက်နေသောအရာများသည် ‘သခင့်နေ့တော်’ အတွင်း ကြီးစွာသောဆင်းရဲခြင်းကို ကပ်ကျော်မည့်သူများအား စုသိမ်းမည့်အကြောင်း ဗျာ. ကျမ်း အခန်းကြီး ၇ တွင်ကြိုဟောထားသော ကမ္ဘာချီစုသိမ်းခြင်း၏ အစိတ်အပိုင်းလေးတစ်ခုသာဖြစ်သည်။ (ဗျာ. ၁:၁၀; ၇:၉-၁၄) လူမျိုးအပေါင်းမှ သန်းနှင့်ချီသောသူတို့သည် ယေဟောဝါဘုရားသခင်အား စည်းလုံးစွာဝတ်ပြုနေကြသည်မှာ လူ့သမိုင်းတွင် တစ်ခါမျှမရှိခဲ့ဖူးချေ။ ဘုရားသခင့်ကတိတော်များ မကြာမီပြည့်စုံတော့မည်ဟူသည့် အားရှိစရာအထောက်အထားပင်တည်း!
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဘက်တီဂျက်ဆင်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
အဲလ်စီမိုင်ယန်ဘာ့ဂ်ျ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ပယ်မီလာမိုဇလီ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ရှားလက်တ်တောမာရှက်ဖ်စကီး၊ ယာစွန်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဗေကာမိသားစုသည် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ စက်ဘီးဖြင့် အပတ်တိုင်း သုံးနာရီသွားရ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အဲရစ် နှင့် ဗစ်ကီ တို့သည် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ သာ၍လိုအပ်သည့်နေရာတွင် အမှုဆောင်ရန် ရောက်ရှိလာ
[[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဘေနီမြစ်အနီးရှိ ရွာသူရွာသားများသည် သတင်းကောင်းကို အာရုံစူးစိုက်နားထောင်ကြ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ရောဘတ် နှင့် ကက်သီ တို့သည် ကာမီရီမြို့တွင် ခရစ်ယာန်သာသနာပြုများအဖြစ် အမှုဆောင်ကြ