သိပ္ပံပညာနှင့် သမ္မာကျမ်းစာ—တစ်ခုနှင့်တစ်ခု အမှန်ပင် ဆန့်ကျင်နေပါသလော
ဂယ်လီလီယိုနှင့် ကက်သလစ်ချာ့ချ်တို့အကြား ပဋိပက္ခဖြစ်လာရသည့် အကြောင်းရင်းသည် ကော့ပါးနိကတ်နှင့် ဂယ်လီလီယိုတို့မမွေးမီ ရာစုနှစ်များစွာက တည်ရှိခဲ့ပြီးဖြစ်သည်။ ကမ္ဘာသည် စကြဝဠာ၏ဗဟိုဖြစ်သည်ဟူသော သဘောတရားကို ရှေးဂရိလူမျိုးများက လက်ခံထားကြခြင်းဖြစ်ပြီး အတွေးအခေါ်ပညာရှင် အရစ္စတိုတယ် (၃၈၄-၃၂၂ ဘီ.စီ.အီး.) နှင့် နက္ခတ်ဗေဒင်ဆရာ တော်လမီ (စီ.အီး. ဒုတိယရာစု) တို့ကြောင့် ကျော်ကြားလာခဲ့လေသည်။a
အရစ္စတိုတယ်၏ စကြဝဠာဆိုင်ရာသဘောတရားကို ဂရိလူမျိုး သင်္ချာပညာရှင်နှင့် အတွေးအခေါ်ပညာရှင် ပိုက်သာဂိုရပ်စ် (ဘီ.စီ.အီး. ခြောက်ရာစု) ၏ အတွေးအမြင်က လွှမ်းမိုးထားသည်။ စက်ဝိုင်းနှင့် စက်လုံးတို့သည် စင်းလုံးချော ပုံများဖြစ်ကြသည်ဟူသော ပိုက်သာဂိုရပ်စ်၏အမြင်ကို လက်ခံခြင်းအားဖြင့် ကောင်းကင်သည် ကြက်သွန်နီအလွှာများကဲ့သို့ စက်လုံးများအချင်းချင်း အထပ်လိုက်ရှိနေသည့် စက်လုံးလွှာစုဟု အရစ္စတိုတယ်က ယူဆခဲ့၏။ အလွှာတစ်လွှာစီကို ကျောက်သလင်းဖြင့်ဖွဲ့စည်းထားပြီး မြေကမ္ဘာက အလယ်ဗဟိုတွင် ရှိလေသည်။ ကြယ်တို့သည် စက်ဝိုင်းပတ်လမ်းအတိုင်း ရွေ့လျားကြပြီး ရွေ့လျားမှုစွမ်းအားကို သဘာဝလွန်စွမ်းအားတည်ရာ အစွန်ဆုံးကျ စက်လုံးမှရယူ၏။ ထို့အပြင် နေနှင့် အခြားသော ကောင်းကင်ဆိုင်ရာအရာဝတ္ထုများသည် ပြောင်းလဲခြင်းမရှိ၊ မည်သည့်အနာအဆာမျှမရှိဘဲ စင်းလုံးချောဖြစ်ကြောင်း အရစ္စတိုတယ်က ယူမှတ်ထားသည်။
အရစ္စတိုတယ်၏ မဟာစိတ်ကူးကြီးမှာ သိပ္ပံပညာရပ်မဟုတ်ဘဲ ကလေးအတွေးသာဖြစ်သည်။ ကမ္ဘာကြီး ရွေ့လျားနေခြင်းဟူသည် ယုတ္တိမရှိဟု သူထင်မှတ်ခဲ့၏။ ထို့အပြင် ရွေ့လျားနေသော ကမ္ဘာတစ်လုံးသည် ပွတ်တိုက်ခံနေရမည်၊ တစ်သမတ်အားသက်ရောက်မှု ရှိမနေလျှင် ပွတ်တိုက်၍ရပ်သွားမည်ဟု ယူမှတ်ထားသဖြင့် လွတ်လပ်လဟာအယူအဆကိုလည်း သူပယ်ခဲ့လေသည်။ အရစ္စတိုတယ်၏ သဘောတရားသည် ထိုစဉ်ကရှိခဲ့သည့် အသိပညာဘောင်အတွင်း ယုတ္တိတန်ပုံပေါက်ခဲ့ရာ အနှစ် ၂,၀၀၀ နီးပါးအထိ လူအများက ယင်းကို လက်ခံထားကြလေသည်။ ၁၆ ရာစုနှစ်အထိတိုင် ပြင်သစ်အတွေးအခေါ်ပညာရှင် ဇန်း ဘိုဒင်က အများကြိုက် ထိုရှုမြင်ချက်ကို ဤသို့ဖော်ပြခဲ့၏– “အသိဉာဏ်ရှိသူ၊ ရူပဗေဒပညာ အနည်းအကျဉ်းရှိထားသူ မည်သူကမျှ ကမ္ဘာသည် လေးလံ၍ ခက်ခက်ခဲခဲရွေ့လျားကာ ယိုင်တိယိုင်တိုင်နှင့် မိမိ၏ဗဟိုဝင်ရိုးပေါ်တွင်လည်လျက် နေကို လှည့်ပတ်နေသည်ဟု ယူမှတ်မည်မဟုတ်ချေ; ဤသို့သာဖြစ်ပါမူ ကမ္ဘာကြီး အနည်းငယ်လှုပ်သွားသည်နှင့် မြို့ကြီးမြို့ငယ်များနှင့် ခံတပ်များ၊ တောင်ကြီးများ ပြိုကျသည်ကို ကျွန်ုပ်တို့ တွေ့မြင်ရမည်ဖြစ်သည်။”
ချာ့ချ်က အရစ္စတိုတယ်၏အယူအဆကို လက်ခံ
ဂယ်လီလီယိုနှင့် ချာ့ချ်တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်စေသည့် နောက်အကြောင်းရင်းတစ်ခုမှာ ၁၃ ရာစုတွင် ပေါ်ပေါက်ခဲ့ပြီး ကက်သလစ်အာဏာပိုင် သောမတ်စ် အကွီနပ်စ် (၁၂၂၅-၇၄) ပါဝင်ပတ်သက်ခဲ့၏။ အကွီနပ်စ်သည် အတွေးအခေါ်ပညာရှင်ကြီးဟု သူကိုယ်တိုင်ရည်စောင်ခဲ့သည့် အရစ္စတိုတယ်အား အလွန်ရိုသေလေးစားခဲ့လေသည်။ အကွီနပ်စ်သည် အရစ္စတိုတယ်၏ အတွေးအခေါ်ကို ချာ့ချ် သွန်သင်ချက်နှင့်ပေါင်းစပ်ဖို့ ငါးနှစ်ကြာမျှ လုံးပန်းခဲ့သည်။ ဂယ်လီလီယိုခေတ်တွင် “အရစ္စတိုတယ်၏အတွေးအခေါ်ပညာ ရောစပ်ထားသည့် အကွီနပ်စ်၏ခရစ်ယာန်ဓမ္မပညာသည် ရောမချာ့ချ်၏ အခြေခံတရားသေအယူဝါဒဖြစ်လာခဲ့သည်” ဟု ဂယ်လီလီယို၏အမှားဟူသော စာအုပ်တွင် ဝိတ်ဒ် ရိုလန်က ဆိုထားသည်။ ထိုခေတ်ထိုအခါက အချုပ်အချယ်ကင်းသည့် သိပ္ပံအသိုင်းအဝိုင်းမရှိကြောင်းကိုလည်း စိတ်စွဲမှတ်ထားပါလေ။ ပညာရေးကို ချာ့ချ်က လက်ဝါးကြီးအုပ်ထားခဲ့၏။ ဘာသာတရားနှင့် သိပ္ပံပညာရပ်နှစ်ခုစလုံးကို အာဏာပိုင်ထားသည်။
ယင်းသည် ချာ့ချ်နှင့် ဂယ်လီလီယိုတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ကြရန် လမ်းခင်းပေးလိုက်သည်။ နက္ခတ္တဗေဒပညာကို မလေ့လာမဆည်းပူးမီကပင် ဂယ်လီလီယိုသည် ရွေ့လျားမှုဆိုင်ရာ သုတေသနကျမ်းတစ်စောင်ကို ပြုစုပြီးဖြစ်သည်။ ယင်းကျမ်းသည် အထူးကြည်ညိုလေးစားခံရသည့် အရစ္စတိုတယ်၏ ယူဆချက်များစွာကို စိန်ခေါ်ထား၏။ သို့ရာတွင်၊ ယင်းသည် ဂယ်လီလီယို၏ နေသည်စကြဝဠာဗဟိုဖြစ်သည်ဟူသော သဘောတရားကို တိုးမြှင့် ထောက်ခံထားခြင်းဖြစ်ပြီး ယင်းသဘောတရားသည် ကျမ်းစာနှင့်ပင်ကိုက်ညီကြောင်း အတိအလင်းပြောဆိုခဲ့သဖြင့် ၁၆၃၃ ခုနှစ်တွင် ဘာသာရေးခုံရုံးက သူ့အား မေးမြန်းစစ်ကြောခဲ့လေသည်။
ဂယ်လီလီယိုက သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းထားသည့် ကျမ်းစာဖြစ်သည်ကို အခိုင်အမာယုံကြည်ကြောင်း ခုခံပြောဆိုသွားခဲ့၏။ ထို့အပြင် သမ္မာကျမ်းစာကို သာမန်လူများအတွက် ရေးသားထားကြောင်း၊ နေသည် ရွေ့လျားသလိုလို ရေးသားထားသည့် ကျမ်းကိုးများကို စာသားအတိုင်း အဓိပ္ပာယ်ကောက်ယူဖို့မဟုတ်ကြောင်းလည်း သူ လျှောက်လဲခဲ့သည်။ သို့သော် သူ၏လျှောက်လဲချက်များမှာ အချည်းနှီးဖြစ်ခဲ့ရ၏။ အကြောင်းမှာ ဂယ်လီလီယိုသည် ဂရိအတွေးအခေါ်ပညာအပေါ် အခြေပြုထားသည့် ကျမ်းစာအဓိပ္ပာယ်ပြန်ဆိုချက်တစ်ခုကို ငြင်းပယ်ခဲ့သောကြောင့် အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံခဲ့ရ၏! ကက်သလစ်ချာ့ချ်သည် ဂယ်လီလီယိုအား တရားစီရင်ရာတွင် မှားယွင်းခဲ့ကြောင်း ၁၉၉၂ ခုနှစ်အထိတိုင် တရားဝင် ဝန်မခံခဲ့ပေ။
သင်ယူစရာ သင်ခန်းစာများ
ဤဖြစ်ရပ်များမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ တစ်ခုအနေနှင့် ဂယ်လီလီယိုသည် သမ္မာကျမ်းစာနှင့် အငြင်းအခုံမလုပ်ခဲ့ပေ။ သို့အစား သူသည် ချာ့ချ်၏သွန်သင်ချက်များကို စောဒကတက်ခဲ့ခြင်းဖြစ်၏။ ဘာသာရေးစာရေးဆရာတစ်ဦးက ဤသို့ရေးသားခဲ့သည်– “ဂယ်လီလီယိုထံမှ သင်ယူစရာသင်ခန်းစာမှာ ချာ့ချ်သည် ကျမ်းစာအမှန်တရားများကို ကြပ်ကြပ်မတ်မတ် လိုက်လျှောက်လွန်းခြင်းမရှိ; သို့အစား ကြပ်ကြပ်မတ်မတ် မလိုက်လျှောက်ခဲ့ခြင်းသာဖြစ်ကြောင်း တွေ့ရ၏။” ချာ့ချ်သည် ဂရိအတွေးအခေါ်ပညာအား ခရစ်ယာန်ဓမ္မပညာအပေါ် ဩဇာညောင်းခွင့်ပေးလိုက်ခြင်းဖြင့် ကျမ်းစာသွန်သင်ချက်များနောက်လိုက်မည့်အစား ဓလေ့ထုံးတမ်းနောက်သို့ လိုက်ခဲ့လေသည်။
ယင်းတို့အားလုံးက ဤကျမ်းစာသတိပေးချက်ကို သတိရစေသည်– ‘ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကတရားနုကိုလိုက်၍၊ လောကပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။’—ကောလောသဲ ၂:၈။
ယနေ့ခေတ်၌လည်း ခရစ်ယာန်ဘောင်အတွင်းရှိ လူအများသည် သမ္မာကျမ်းစာနှင့် ဆန့်ကျင်နေသည့် သီအိုရီများနှင့် အတွေးအခေါ်ပညာရပ်များကို ခုံခုံမင်မင် ဆက်ခံယူနေကြ၏။ နမူနာတစ်ခုမှာ ဒါဝင်၏ ဆင့်ကဲသီအိုရီဖြစ်သည်၊ သူတို့သည် ဖန်ဆင်းခြင်းဆိုင်ရာ ကမ္ဘာဦးမှတ်တမ်းထက် ယင်းသီအိုရီကို ပို၍အကြိုက်တွေ့ခဲ့ကြ၏။ ယင်းသို့အစားထိုးရာတွင် ချာ့ချ်များသည် ဒါဝင်ကို ခေတ်သစ် အရစ္စတိုတယ်လုပ်ကာ ဆင့်ကဲအယူအဆကို အခြေခံယုံကြည်ချက်တစ်ရပ်အဖြစ် ဖန်တီးကြလေပြီ။b
စစ်မှန်သောသိပ္ပံပညာ သမ္မာကျမ်းစာနှင့် သဘောညီညွတ်
အထက်ဆိုခဲ့ပြီးသောစကားများကြောင့် သိပ္ပံပညာရပ်တွင် စိတ်ဝင်စားမှုကို အဟန့်အတားမဖြစ်စေသင့်ပေ။ အမှန်တကယ်တွင် သမ္မာကျမ်းစာကိုယ်နှိုက်က ကျွန်ုပ်တို့အား ဘုရားသခင့်လက်ရာတော်ကို လေ့လာကြည့်ရှုရန်နှင့် ကျွန်ုပ်တို့တွေ့ မြင်ရာများတွင် ဘုရားသခင်၏အံ့ဖွယ်အရည်အသွေးတော်များကို သတိထားကြည့်ရန် ဖိတ်ခေါ်ထားပေသည်။ (ဟေရှာယ ၄၀:၂၆; ရောမ ၁:၂၀) သမ္မာကျမ်းစာက သိပ္ပံပညာကို ပို့ချပေးရန် မိန့်မှာနေခြင်းမဟုတ်ချေ။ ယင်းအစား သမ္မာကျမ်းစာက ဘုရားသခင်၏စံနှုန်းများ၊ ဖန်ဆင်းခြင်းတစ်ခုတည်းနှင့် မသွန်သင်ပေးနိုင်သည့် ကိုယ်တော်၏ပင်ကိုအရည်အသွေးတော်ဆိုင်ရာ အသွင်အပြင်များနှင့် လူသားတို့အတွက် ကိုယ်တော်၏ရည်ရွယ်ချက်တို့ကို ဖော်ပြပေးသည်။ (ဆာလံ ၁၉:၇-၁၁; ၂ တိမောသေ ၃:၁၆) သို့တိုင်၊ သမ္မာကျမ်းစာက သဘာဝဖြစ်ရပ်ကို ရည်ညွှန်းသည့်အခါ တစ်သမတ်တည်း တိကျမှန်ကန်လေသည်။ ဂယ်လီလီယိုကိုယ်တိုင် ဤသို့ပြောဆိုခဲ့၏– “သမ္မာကျမ်းစာနှင့် သဘာဝတရား နှစ်ခုစလုံး ဘုရားသခင့်အမိန့်ကြောင့် ဖြစ်ပေါ်လာသည်။ . . . ယင်းတို့နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဘယ်တော့မျှ မဆန့်ကျင်နိုင်ပါ။” အောက်ပါပုံနမူနာများကိုလည်း သုံးသပ်ကြည့်ပါ။
ကြယ်တာရာ ဂြိုဟ်နက္ခတ်များ၏ ရွေ့လျားမှုထက် ပို၍အခြေခံကျသည့်အရာမှာ စကြဝဠာအတွင်းရှိ ဒြပ်ဝတ္ထုအားလုံးကို ဆွဲငင်အားနိယာမကဲ့သို့သော နိယာမများက ထိန်းချုပ်ထားခြင်းဖြစ်သည်။ ရူပနိယာမများကို ကျမ်းစာပြင်ပ အစောဆုံးရည်ညွှန်းသူမှာ ပိုက်သာဂိုရပ်စ် ဖြစ်၏၊ စကြဝဠာကြီးကို ဂဏန်းသင်္ချာဖြင့် တွက်ချက်ရှင်းပြနိုင်သည်ဟု သူယုံကြည်ခဲ့လေသည်။ အနှစ်နှစ်ထောင်ကြာပြီးနောက်ပိုင်း ဂယ်လီလီယို၊ ကက်ပလာနှင့် နယူတန်တို့က ဒြပ်ဝတ္ထုကို ဆင်ခြင်တုံတရားကို အခြေပြုသော နိယာမများက ထိန်းချုပ်ထားကြောင်း နောက်ဆုံး သက်သေထူခဲ့ကြလေသည်။
ကျမ်းစာတွင် သဘာဝနိယာမတရားကို အစောဆုံးရည်ညွှန်းမှုသည် ယောဘဝတ္ထုတွင် ပါရှိ၏။ ဘီ.စီ.အီး. ၁၆၀၀ ပြည့်နှစ်ခန့်က ယောဘအား ဘုရားသခင် ဤသို့မေးမြန်းခဲ့လေသည်– “မိုးကောင်းကင်တရား [သို့မဟုတ်၊ နိယာမများ] တို့ကို နားလည်သလော။” (ယောဘ ၃၈:၃၃) ဘီ.စီ.အီး. ခုနစ်ရာစုတွင် မှတ်တမ်းတင်ခဲ့သည့် ယေရမိကျမ်းက ယေဟောဝါအား ‘လနှင့် ကြယ်များဆိုင်ရာ နိယာမများ’ နှင့် ‘မိုးကောင်းကင်နှင့် မြေကြီးဆိုင်ရာ နိယာမများ’ ကို ဖန်ဆင်းသူအဖြစ် ရည်ညွှန်းထားသည်။ (ယေရမိ ၃၁:၃၅; ၃၃: ၂၅၊ ကဘ) ဤဖော်ပြချက်များကိုထောက်ရှု၍ ကျမ်းစာ အကျယ်ဖွင့်ဆရာ ဂျီ. ရိုလင်ဆန်က ဤသို့ရေးသားခဲ့၏– “ရုပ်ဝတ္ထုလောကအပေါ် ယေဘုယျ ဩဇာသက်ရောက်နေသောနိယာမကို ခေတ်သစ်သိပ္ပံပညာကဲ့သို့ပင် ကျမ်းရေးသူများက အတော်ပင် အခိုင်အမာအတည်ပြုပေးခဲ့လေပြီ။”
စကြဝဠာရှိ ရုပ်ဝတ္ထုတိုင်းကို နိယာမတရားများက ထိန်းချုပ်ထားကြောင်း ပိုက်သာဂိုရပ်စ် မဖော်ပြမီ အနှစ်တစ်ထောင်ကတည်းက ယောဘကျမ်းတွင် ယင်းအကြောင်း ရေးသားဖော်ပြထားနှင့်ပြီးဖြစ်သည်။ သမ္မာကျမ်းစာ၏ ရည်ရွယ်ချက်မှာ ရူပဗေဒဆိုင်ရာအချက်အလက်များကို ထုတ်ဖော်ရန်သာမဟုတ်ဘဲ အဓိကအားဖြင့် ယေဟောဝါသည် အရာခပ်သိမ်းဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ရူပနိယာမများကို ဖန်ဆင်းနိုင်သည့်အရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့အား စိတ်စွဲမှတ်စေရန်ဖြစ်သည်ကို သတိရပါလေ။—ယောဘ ၃၈:၄၊ ၁၂; ၄၂:၁၊ ၂။
ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်နိုင်သည့် နောက်နမူနာတစ်ခုမှာ ကမ္ဘာ့ရေထုကြီးသည် ရေသံသရာဟုခေါ်ဆိုသည့် သံသရာလည် ရွေ့လျားနေမှုဖြစ်သည်။ ရိုးရိုးရှင်းရှင်း ဖော်ပြရမည်ဆိုလျှင် ပင်လယ်ပြင်မှ ရေငွေ့ ပြန်ကာ မိုးတိမ်များဖြစ်ပေါ်ပြီး မိုးရေ သို့မဟုတ် ဆီးနှင်းအဖြစ် မြေပေါ်သို့ ပြန်ကျဆင်းလာသည်၊ နောက်ဆုံး ပင်လယ်ထဲသို့ ပြန်စီးဝင်သွားလေသည်။ ဤသံသရာအကြောင်း လက်ရှိရှေးအကျဆုံး ကျမ်းစာပြင်ပ အကိုးအကားများမှာ ဘီ.စီ.အီး. လေးရာစုက ဖြစ်ကြ၏။ သို့ရာတွင်၊ ကျမ်းစာဖော်ပြချက်များသည် နှစ်ပေါင်းရာနှင့်ချီ၍ အလျင်ကျလေသည်။ သာဓကအနေနှင့်၊ ဘီ.စီ.အီး. ၁၁ ရာစုတွင် ဣသရေလရှင်ဘုရင် ရှောလမုန်က ဤသို့ရေးသားခဲ့သည်– “ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း ပင်လယ်သည် မပြည့်တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တစ်ဖန်ပြန်သွားတတ်၏။”—ဒေ. ၁:၇။
အလားတူ၊ ဘီ.စီ.အီး. ၈၀၀ ပြည့်နှစ်ခန့်က နှိမ့်ချသော သိုးထိန်းနှင့် ယာလုပ်သားဖြစ်သူ ပရောဖက်အာမုတ်က ယေဟောဝါသည် “ပင်လယ်ရေကိုခေါ်၍ မြေပေါ်မှာသွန်းလောင်းထသော” အရှင်ဖြစ်သည်ဟု ရေးသားခဲ့၏။ (အာမုတ် ၅:၈) ရှောလမုန်နှင့် အာမုတ်နှစ်ဦးစလုံးသည် ရှုပ်ထွေး၍ ပညာရပ်နှင့်ဆိုင်သည့် အသုံးအနှုန်းများကို အသုံးမပြုဘဲ မဆိုစလောက်ကွဲပြားသည့် ရှုထောင့်တစ်မျိုးစီဖြင့် ရေသံသရာအကြောင်းကို တိတိကျကျ ဖော်ပြခဲ့လေသည်။
ထို့အပြင် ဘုရားသခင်သည် “မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ” ကြောင်း၊ ကိုယ်တော်သည် “မြေကြီးကို အခုအခံမရှိဆွဲထားတော်မူ” ကြောင်းလည်း ကျမ်းစာက ဖော်ပြသည်။ (ယောဘ ၂၆:၇) အဆိုပါစကားများကို ပြောခဲ့သည့် ဘီ.စီ.အီး. ၁၆၀၀ ပြည့်နှစ်ခန့်က အသိပညာကိုထောက်ရှုသော် အစိုင်အခဲအရာဝတ္ထုတစ်ခုသည် မည်သည့် ရုပ်ဝတ္ထုအထောက်အမမျှမရှိဘဲ လွတ်လပ်လဟာတွင် ဆိုင်းဆွဲထားသည်ဟု အခိုင်အမာဆိုဖို့ ထူးခြားသည့်လူတစ်ဦး ဖြစ်ခဲ့ရပေမည်။ ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း အရစ္စတိုတယ်ကိုယ်တိုင် လွတ်လပ်လဟာဟူသော သဘောတရားကို ငြင်းပယ်ခဲ့၏၊ သည့်အပြင် သူသည် အနှစ် ၁,၂၀၀ ကျော်ကြာပြီးနောက်မှ အသက်ရှင်ခဲ့သူဖြစ်သည်!
ကျမ်းစာရေးသားချိန်တွင် သာမန်အသိဉာဏ်ဖြစ်ပုံရနေသော အယူအဆမှားများရှိနေလျက်ကယ် သမ္မာကျမ်းစာက ဤမျှတိကျမှန်ကန်သောအဆိုများကို ဖော်ပြလိုက်ခြင်းမှာ အံ့ချီးလောက်ဖွယ်မဟုတ်ပေလော။ စဉ်းစားမြော်မြင်တတ်သူအဖို့ ယင်းသည် သမ္မာကျမ်းစာကို ဘုရားသခင်မှုတ်သွင်းရေးသားကြောင်း နောက်ထပ်သက်သေသာဓကဖြစ်ပေသည်။ ထို့ကြောင့် သမ္မာကျမ်းစာနှင့်ဆန့်ကျင်ကွဲလွဲနေသော မည်သည့်သွန်သင်ချက်၊ မည်သည့်သီအိုရီကိုမျှ အလွယ်တကူ ဩဇာအလွှမ်းမခံခြင်းသည် ပညာရှိရာကျသည်။ သမိုင်းက ထပ်ခါတလဲလဲ ပြသလာခဲ့သည့်အတိုင်း လူ့အတွေးအခေါ်များသည် ဉာဏ်ကြီးရှင်များ၏ အတွေးအခေါ်များဖြစ်သည့်တိုင် တစ်ခဏသာတည်တတ်သည်၊ “ယေဟောဝါ၏ နှုတ်မြွက်တရားမူကား ကာလအစဉ်အမြဲတည်၏။”—၁ ပေတရု ၁:၂၅၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
a ဘီ.စီ.အီး. တတိယရာစုတွင် စမော့စ်ကျွန်းသား အရစ္စတာခပ်စ် အမည်ရှိ ဂရိလူမျိုးတစ်ဦးက နေသည် စကြဝဠာ၏ဗဟိုတွင်ရှိသည်ဟူသော အဆိုကြမ်းကို တင်ပြခဲ့၏၊ သို့သော် အရစ္စတိုတယ်၏အယူအဆများကို လိုလားကြသဖြင့် သူ၏အယူအဆများမှာ ပယ်ရှားခံလိုက်ရသည်။
b ဤအကြောင်းနှင့်ပတ်သက်၍ ခရေစေ့တွင်းကျဆွေးနွေးမှုအတွက် ယေဟောဝါသက်သေများထုတ်ဝေသည့် အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] ဟူသည့် စာအုပ်တွင် “ဆင့်ကဲဖြစ်စဉ်ကို လူအများ အဘယ်ကြောင့်လက်ခံကြသနည်း” အခန်း ၁၅ ကိုရှု။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ပရိုတက်စတင့်များ၏သဘောထား
ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တို့ကလည်း နေသည်စကြဝဠာဗဟိုဖြစ်၏ဟူသော သဘောတရားကို အပြင်းအထန်ကန့်ကွက်ခဲ့ကြလေသည်။ ကန့်ကွက်ခဲ့ကြသူများတွင် မာတင် လူသာ (၁၄၈၃-၁၅၄၆)၊ ဖီးလစ်ပ် မဲလန်ခ်သွန် (၁၄၉၇-၁၅၆၀) နှင့် ဂျော်န် ကယ်လ်ဗင် (၁၅၀၉-၆၄) တို့ပါဝင်၏။ ကော့ပါးနိကတ်နှင့်ပတ်သက်ပြီး လူသာ ဤသို့ဆိုခဲ့သည်– “ဒီအရူးဟာ နက္ခတ္တဗေဒဆိုင်ရာ သိပ္ပံပညာတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ချင်နေတယ်။”
ပြုပြင်ပြောင်းလဲရေးသမားများက နေနှင့်လသည် ‘‘ရပ်နေ” ကြောင်း ဖော်ပြထားသည့် ယောရှုမှတ်စာ အခန်းကြီး ၁၀ ပါမှတ်တမ်းကဲ့သို့သော ကျမ်းချက်အချို့ကို စာသားအတိုင်း အနက်ပြန်ခြင်းအပေါ်အခြေပြု၍ ဆွေးနွေးငြင်းခုံခဲ့ကြသည်။c အဆိုပါပြုပြင်ပြောင်းလဲရေးသမားများသည် အဘယ်ကြောင့် ဤသို့အခိုင်အမာရပ်တည်ခဲ့ကြသနည်း။ ဂယ်လီလီယို၏အမှား ဟူသောစာအုပ်က ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးသည် ပုပ်ရဟန်းမင်း၏ထမ်းပိုးကို ချိုးဖျက်ပစ်ခဲ့သော်လည်း “ကက်သလစ်ရော ပရိုတက်စတင့်ကပါ ကြိုက်ကြသည့်” အရစ္စတိုတယ်နှင့် သောမတ်စ် အကွီနပ်စ်တို့၏ “အဓိကကျသည့် အခွင့်အာဏာကို လှုပ်ခါချပစ်” ဖို့ကား ပျက်ကွက်ခဲ့သည်ဟု ရှင်းပြ၏။
[အောက်ခြေမှတ်ချက်]
c “နေထွက်ခြင်း” နှင့် “နေဝင်ခြင်း” ဟုဆိုခြင်းသည် သိပ္ပံနည်းကျကျပြောရမည်ဆိုလျှင် မှားယွင်းသောအသုံးအနှုန်းဖြစ်သည်။ သို့သော် ကမ္ဘာမြေမှကြည့်ရှုလျှင် ယင်းစကားလုံးများသည် နေ့စဉ်သုံးစကားတွင် လက်ခံနိုင်ဖွယ်ဖြစ်ပြီး တိကျမှန်ကန်သည်ဟု စိတ်စွဲမှတ်ထားရပေမည်။ အလားတူ၊ ယောရှုသည် နက္ခတ္တဗေဒအကြောင်း ပြောဆိုဆွေးနွေးနေခြင်းမဟုတ်ပေ; အဖြစ်အပျက်များကို သူတွေ့ရှိခဲ့သည့်အတိုင်း ပြောပြနေခြင်းသာဖြစ်လေသည်။
[ရုပ်ပုံများ]
လူသာ
ကယ်လ်ဗင်
[Credit Line]
1877 ခုနှစ်ထုတ် Servetus and Calvin စာအုပ်မှ
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အရစ္စတိုတယ်
[Credit Line]
၁၉၀၀ ပြည့်နှစ်ထုတ် ကောလိပ်နှင့်အထက်တန်းကျောင်းများအတွက် အထွေထွေသမိုင်း စာအုပ်မှ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သောမတ်စ် အကွီနပ်စ်
[Credit Line]
၁၈၅၅ ခုနှစ်ထုတ် ဘာသာရေး အသိပညာ စွယ်စုံကျမ်း စာအုပ်မှ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
အိုင်းဇက် နယူတန်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကမ္ဘာ့ရေသံသရာအကြောင်းကို လွန်ခဲ့သော အနှစ် ၃,၀၀၀ ကျော်က သမ္မာကျမ်းစာ ဖော်ပြခဲ့