ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၂/၁၅ စာ. ၅-၈
  • သင်မြင်လိုက်ရသည့် အံ့ဖွယ်အမှုများ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မြင်လိုက်ရသည့် အံ့ဖွယ်အမှုများ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာအုပ်တစ်အုပ်သည် အံ့ဖွယ်အမှုဖြစ်နိုင်သလော
  • “အသက်ရှင်ပြီး တန်ခိုးနှင့်ပြည့်စုံ” သည့် အံ့ဖွယ်အမှုတစ်ခု
  • အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အံ့ဖွယ်အမှုများ—ယင်းတို့အမှန်ပင် ဖြစ်ပျက်ခဲ့သလော
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ခရစ်တော်ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အံ့ဖွယ်အမှုများဖြင့်သာ ယုံကြည်ခြင်းကို အဘယ်ကြောင့်မတည်ဆောက်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၂/၁၅ စာ. ၅-၈

သင်မြင်လိုက်ရသည့် အံ့ဖွယ်အမှုများ!

“အံ့ဖွယ်အမှု” ဟူသည့် စကားလုံး၏ဒုတိယအဓိပ္ပာယ်မှာ “အလွန့်အလွန်ထူးခြားသော သို့မဟုတ် ဆန်းကြယ်သော အရာ၊ ဖြစ်ရပ်၊ ပြီးမြောက်အောင်မြင်မှုတစ်ခု” ဖြစ်သည်။ ဘုရားသခင့်လုပ်ဆောင်မှုမပါသည့် ဤအံ့ဖွယ်အမှုမျိုးကို ကျွန်ုပ်တို့အားလုံး တွေ့ခဲ့ဖူးကြသည်။

လူတို့သည် သဘာဝရူပနိယာမတရားအကြောင်း တိုးသိနားလည်လာသောကြောင့် ယခင်က မဖြစ်နိုင်ဟုယူဆခဲ့ရာများကို ပြီးမြောက်အောင်မြင်ခဲ့ကြပြီ။ ဥပမာဆိုရလျှင် ကွန်ပျူတာများ၊ ရုပ်မြင်သံကြား၊ အာကာသနည်းပညာနှင့် အလားတူ ခေတ်သစ်တိုးတက်ဖွံ့ဖြိုးမှုများကြောင့် ယခုတွင် သာမန်ဖြစ်နေသည့်အရာကို လွန်ခဲ့သည့်အနှစ်တစ်ရာက လူအများစုသည် မဖြစ်နိုင်ဟု ထင်မှတ်ခဲ့ပေမည်။

သိပ္ပံပညာရှင်အချို့က ဘုရားသခင့်ဖန်ဆင်းရာများနောက်ဝယ် သိပ္ပံဆိုင်ရာအံ့ဖွယ်ရာတို့ကို အနည်းအကျဉ်းမျှသာ သိရှိထားကြောင်း အသိအမှတ်ပြုကြရာ တစ်စုံတစ်ခုမဖြစ်နိုင်ပါဟု တပ်အပ်မပြောဆိုနိုင်ကြောင်း သူတို့ဝန်ခံကြသည်။ အလွန်ဆုံးတော့ မဖြစ်တန်ရာဟု သူတို့ပြောဆိုလိုကြသည်။ သို့နှင့် သူတို့သည် နောက်နောင် “အံ့ဖွယ်အမှုများ” ဖြစ်လာနိုင်ဖို့ လမ်းစဖွင့်ပေးလိုက်သည်။

“အံ့ဖွယ်အမှု” ၏ပထမအဓိပ္ပာယ်ကို အသုံးပြုပါက “သဘာဝလွန်စွမ်းအားနှင့်စပ်ဆိုင်” သည့်အရာများကို ရည်ညွှန်းနေသည့်တိုင် ကျွန်ုပ်တို့တစ်ယောက်စီသည် အံ့ဖွယ်အမှုများကို တွေ့မြင်ခဲ့ရသည်ဟု ပြောဆိုနိုင်ကြသည်။ ဥပမာ၊ ဖန်ဆင်းရှင်ကိုယ်တော်တိုင်၏ “သဘာဝလွန်စွမ်းအား” ဖြင့်ပြုလုပ်ထားသည့် နေ၊ လနှင့် ကြယ်များကို ကျွန်ုပ်တို့ တွေ့မြင်နေကြရသည်။ ထို့ပြင် လူ့ခန္ဓာကိုယ်၏လုပ်ဆောင်ပုံ၊ ဦးနှောက်အလုပ်လုပ်ပုံ သို့မဟုတ် လူ့သန္ဓေသားကြီးထွားလာပုံတို့ကို မည်သူက အသေးစိတ် အပြည့်အစုံရှင်းပြနိုင်သနည်း။ ကိုယ်ခန္ဓာယန္တရားစာအုပ်က ဤသို့ထောက်ပြသည်– “ဗဟိုနဗ်ကြောစနစ်၏ထိန်းချုပ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု ခံနေရသည့် လူ့ဇီဝရုပ်သည် ဆန်းသစ်ရှုပ်ထွေးသော အာရုံခံကိရိယာတစ်ခု၊ မိမိဘာသာလည်ပတ်လှုပ်ရှားနိုင်သော စက်ကိရိယာတစ်ခု၊ မိမိဘာသာပြန်လည်ထုတ်လုပ်နိုင်သော ကွန်ပျူတာတစ်ခုဖြစ်ကာ အံ့မခန်းဖွယ်၊ ဉာဏ်မမီနိုင်အောင် နက်နဲလွန်းသည့် သတ္တဝါဖြစ်သည်။” “လူ့ဇီဝရုပ်” ကိုဖန်ဆင်းသော ဘုရားသခင်သည် ကျွန်ုပ်တို့အား အတောမသတ် အံ့အားသင့်နေစေသည့် အံ့ဖွယ်ရာကို အမှန်ပြုလုပ်ထားခဲ့ပြီ။ သင်မြင်လိုက်ရသည့် အခြားအံ့ဖွယ်အမှုများလည်း ရှိပါသေးသည်၊ ယင်းတို့ကို အံ့ဖွယ်ရာဟု သင်မထင်မှတ်ဘဲနေပေမည်။

စာအုပ်တစ်အုပ်သည် အံ့ဖွယ်အမှုဖြစ်နိုင်သလော

သမ္မာကျမ်းစာကဲ့သို့ မည်သည့်စာအုပ်ကိုမျှ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ခြင်းမရှိပါ။ ယင်းကို အံ့ဖွယ်ရာတစ်ခုအဖြစ် သင်ရှုမြင်သလော။ ယင်းသည် “သဘာဝလွန်စွမ်းအား” တစ်ခုကြောင့် တည်ရှိသည်ဟု သင်ယူမှတ်နိုင်သလော။ သမ္မာကျမ်းစာကို လူတို့ရေးသားသည်မှန်သော်လည်း မိမိတို့အာဘော်မဟုတ်ဘဲ ဘုရားသခင့်အာဘော်ကို ရေးသားခဲ့ကြောင်း သူတို့အခိုင်အမာဆိုကြသည်။ (၂ ဓမ္မရာဇဝင် ၂၃:၁၊ ၂; ၂ ပေတရု ၁:၂၀၊ ၂၁) စဉ်းစားကြည့်ပါ။ သူတို့သည် နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်း အသက်ရှင်ခဲ့သူ လူပေါင်း ၄၀ ခန့်ဖြစ်ကြသည်။ သိုးထိန်းများ၊ စစ်သားများ၊ တံငါသည်များ၊ ဝန်ထမ်းများ၊ ဆရာဝန်များ၊ ယဇ်ပုရောဟိတ်များနှင့် ဘုရင်များစသော နောက်ခံအမျိုးမျိုးမှ လူများဖြစ်ကြသည်။ သို့တိုင် သူတို့သည် တိကျမှန်ကန်ပြီး မျှော်လင့်ချက်ပေးသည့် သတင်းတရားတစ်ခုတည်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။

ယေဟောဝါသက်သေများသည် ကျမ်းစာကို ဂရုတစိုက်လေ့လာခြင်းဖြင့် တမန်တော်ပေါလု ရေးသားခဲ့သကဲ့သို့ ယင်းကို ‘လူ၏နှုတ်ထွက်စကားအဖြစ်မခံယူဘဲ ဘုရားသခင်၏ နှုတ်မြွက်တော်အမှန်အဖြစ်’ လက်ခံကြသည်။ (၁ သက်သာလောနိတ် ၂:၁၃) သမ္မာကျမ်းစာတွင် ရှေ့နောက်မညီဟုဆိုခဲ့သောအချက်များသည် ယင်း၏အဓိကသတင်းတရားနှင့် ညီညွတ်ပါသည်ဟု သူတို့၏စာပေများက နှစ်များတစ်လျှောက် ဖော်ပြခဲ့သည်။ ဤအတွင်းသဘောညီညွတ်မှုကိုယ်နှိုက်က အာဘော်ရှင်သည် ဘုရားသခင်ဖြစ်ကြောင်း သက်သေထူသည်။a

အခြားမည်သည့်စာအုပ်မျှ ကျမ်းစာကဲ့သို့ အကြီးအကျယ် ဖျက်ဆီးခြင်း မခံခဲ့ရပါ။ သို့တိုင် ကျမ်းစာသည် ဆက်ရှိနေဆဲဖြစ်ပြီး အနည်းဆုံး တစ်စိတ်တစ်ပိုင်းအနေဖြင့် ဘာသာစကားပေါင်း ၂,၀၀၀ ကျော်ရှိနေသည်။ စာအုပ်တစ်အုပ်အဖြစ် မပျက်စီးအောင် ပကတိထိန်းသိမ်းခံရခြင်း၊ ယင်း၏မူရင်းစာသားများ မယုတ်မလျော့အောင် ထိန်းသိမ်းခံရခြင်းတို့က ဘုရားသခင်၏လုပ်ဆောင်မှုဖြစ်ကြောင်း ထင်ရှားသည်။ သမ္မာကျမ်းစာသည် အမှန်တကယ် အံ့ဖွယ်အမှုဖြစ်၏!

“အသက်ရှင်ပြီး တန်ခိုးနှင့်ပြည့်စုံ” သည့် အံ့ဖွယ်အမှုတစ်ခု

အတိတ်ကာလက အံ့ဖွယ်အမှုများဖြစ်သော အံ့ဖွယ်နည်းဖြင့် ရောဂါပျောက်ကင်းစေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတို့သည် မဖြစ်ပျက်တော့ချေ။ သို့သော် လာလတ္တံ့သော ဘုရားသခင့်ကမ္ဘာသစ်တွင် အဆိုပါအံ့ဖွယ်အမှုများ ကမ္ဘာချီ ပြန်ဖြစ်ပျက်လာမည်ကို ယုံကြည်စိတ်ချစရာအကြောင်းရှိသည်။ ယင်းတို့သည် ထာဝစဉ်သက်သာရာရရှိစေမည်ဖြစ်ပြီး ယခု ကျွန်ုပ်တို့နားလည်နိုင်သည်ထက် သာလွန်ပါလိမ့်မည်။

အံ့ဖွယ်ရာဖြစ်သောသမ္မာကျမ်းစာသည် လူတို့ကို အကောင်းဘက်သို့ ပြုပြင်ပြောင်းလဲပေးနိုင်ခြင်းဖြင့် ယနေ့ပင် အံ့ဖွယ်အမှုများ ပြုလုပ်နေသည်။ (စာမျက်နှာ ၈ ပါ “ဘုရားသခင့်နှုတ်မြွက်စကားတော်၏တန်ခိုး” လေးထောင့်ကွက်မှ ပုံနမူနာကိုရှု။) ဟေဗြဲ ၄:၁၂ တွင် ဤသို့ဖော်ပြထား၏– ‘ဘုရားသခင်၏နှုတ်မြွက်စကားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။’ မှန်ပါသည်၊ ကျမ်းစာသည် ကမ္ဘာတစ်ဝန်းရှိ လူခြောက်သန်းကျော်၏အသက်တာကို ပြောင်းလဲပေးကာ ဘဝရည်ရွယ်ချက်ရှိစေပြီး အံ့ချီးဖွယ်အနာဂတ်မျှော်လင့်ချက် ပေးခဲ့ပြီ။

သမ္မာကျမ်းစာအား သင့်အသက်တာတွင် အံ့ဖွယ်အမှု ပြုခွင့်ပေးပါလေ။

[အောက်ခြေမှတ်ချက်]

a ဤရှေ့နောက်မညီဟုဆိုခဲ့သောအချက်များသည် အခြားကျမ်းချက်များနှင့် မည်သို့ညီညွတ်ကြောင်း ပိုမိုလေ့လာလိုပါက ယေဟောဝါသက်သေများထုတ်ဝေထားသည့် “သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော” အခန်း ၇ တွင် နမူနာများစွာ သုံးသပ်ထားသည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အသက်မဲ့နေပြီလော၊ အသက်ရှင်နေဆဲလော

ယောဟန် ၁၉:၃၃၊ ၃၄ အရ “စစ်သူရဲတစ်ယောက်သည် နံဘေးတော်ကို လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ” ချိန်တွင် ယေရှု အသက်မရှိတော့ချေ။ သို့သော် အချို့ဘာသာပြန်ကျမ်းများ၌ မဿဲ ၂၇:၄၉၊ ၅၀ တွင် ယင်းသို့ဖြစ်ပျက်စဉ် ယေရှု အသက်ရှင်နေဆဲဖြစ်သည်ဟု ဖော်ပြသည်။ အဘယ်ကြောင့် ကွာခြားရသနည်း။

ရာဇဝတ်သားအား နှက်တိုင်ပေါ် တစ်ညလုံးဆွဲထားခြင်းကို မောရှေပညတ်က တားမြစ်သည်။ (တရားဟောရာ ၂၁:၂၂၊ ၂၃) ထို့ကြောင့် ယေရှုအချိန်က နှက်တိုင်တင်ခံရသော ရာဇဝတ်သားတစ်ဦးသည် ညဦးအချိန်အထိ အသက်ရှိနေသေးလျှင် သူ့ခြေကိုချိုးပစ်သည့် ထုံးစံရှိသည်။ ထိုအခါ သူသည် ကောင်းစွာအသက်ရှူရန် မတ်မတ်မနေနိုင်တော့ချေ။ ထို့ကြောင့် စစ်သားများသည် ယေရှုဘေးရှိ နှက်တိုင်တင်ခံရသူ လူဆိုးနှစ်ဦး၏ခြေကို ချိုးသော်လည်း ကိုယ်တော်၏ခြေကို မချိုးခြင်းက ကိုယ်တော်သေဆုံးပြီဟု သူတို့ယူမှတ်ကြောင်း ဖော်ပြသည်။ ယေရှုသေဆုံးကြောင်း သေချာစေရန်နှင့် နောက်ပိုင်းတွင် သတိပြန်လည်လာ၍ ရှင်ပြန်ထမြောက်ပြီဟု မဟုတ်မမှန် မကြေညာစေရန် ကိုယ်တော်၏နံဘေးတော်ကို ထိုစစ်သား ထိုးဖောက်ခဲ့ခြင်းဖြစ်နိုင်သည်။

အချို့ဘာသာပြန်ကျမ်းများ၌ မဿဲ ၂၇:၄၉၊ ၅၀ တွင် အဖြစ်အပျက်ကို အနည်းငယ်ပြောင်းလဲဖော်ပြထားသည်။ ထိုကျမ်းတို့တွင် ဤသို့ဖော်ပြ၏– “စစ်သူရဲတစ်ယောက်သည် နံဘေးတော်ကိုလှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။ တစ်ဖန် ယေရှုသည် ကြီးသောအသံနှင့် ကြွေးကြော်ပြီးလျှင် အသက်ကိုလွှတ်တော်မူ၏။” ဤစာလုံးစောင်းဖြင့်ဝါကျသည် ရှေးကျမ်းစာစာမူအားလုံးတွင် မပါရှိပေ။ ထိုဝါကျကို ယောဟန်ခရစ်ဝင်ကျမ်းမှ ကောက်နုတ်ပြီး နောက်ပိုင်းမှထည့်သွင်းထားကာ နေရာလွဲမှားနေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများစွာက ယူဆကြသည်။ ထို့ကြောင့် ဘာသာပြန်ကျမ်းများစွာက ထိုဝါကျကို လေးထောင့်ကွင်း သို့မဟုတ် လက်သည်းကွင်းဖြင့် ဖော်ပြ၏၊ အောက်ခြေမှတ်ချက်တွင် ညွှန်းထား၏၊ သို့မဟုတ် ထိုဝါကျကို လုံးဝချန်လှပ်ထားကြသည်။

အခြေခံအဖြစ် ကမ္ဘာသစ်ဘာသာပြန်ကျမ်း အကျယ်တဝင့်အသုံးပြုထားသည့် ဝက်စ်ကော့ထ်နှင့် ဟော့ထ်၏မူရင်းကျမ်းစာတွင် ထိုဝါကျကို နှစ်ထပ်ကွင်းဖြင့် ဖော်ပြထားသည်။ ထိုဝါကျကို “ကျမ်းပညာရှင်များ ထည့်သွင်းခဲ့ခြင်းဖြစ်ရမည်” ဟု ဆိုထားသည်။

ထင်ရှားပေါ်လွင်နေသည့် သက်သေသာဓကမှာ ယောဟန် ၁၉:၃၃၊ ၃၄ သည် မှန်ကန်ကြောင်းနှင့် ယေရှုကို ရောမစစ်သား လှံနှင့်ထိုးဖောက်ချိန်တွင် ကိုယ်တော်အသက်မရှိတော့ကြောင်းဖြစ်သည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ဘုရားသခင့် နှုတ်မြွက်စကားတော်၏တန်ခိုး

ဆယ်ကျော်သက်ဖြစ်သူ ဒက်လပ်ဖ်သည် ပြိုကွဲနေသည့်အိမ်ထောင်မှဖြစ်ပြီး ဆေးစွဲ၊ အရက်စွဲကာ ဟဲဗီးမယ်တဲလ်လောကထဲ ရောက်ရှိခဲ့သည်။b သူသည် အများခေါ်ဆိုကြသော စကင်းဟက်ဒ်ဂိုဏ်းသားတစ်ဦးဖြစ်လာပြီး သူ၏အကြမ်းဖက် အပြုအမူကြောင့် မကြာသေးမီက ဖမ်းဆီးခံခဲ့ရသည်။

၁၉၉၂ ခုနှစ်က ဂျာမနီနိုင်ငံအရှေ့မြောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ခုတွင် စကင်းဟက်ဒ်ဂိုဏ်းသား ၆၀ နှင့် ပန်ကာဂိုဏ်းသား ၃၅ ဦးတို့ အကြီးအကျယ် ရန်ပွဲဖြစ်ခဲ့ကြသည်။ ပန်ကာဂိုဏ်းသားတစ်ဦးဖြစ်သူ သောမတ်စ်မှာ ပြင်းထန်စွာအရိုက်ခံလိုက်ရရာ ဒဏ်ရာရပြီး သေဆုံးသွားရှာသည်။ ဒက်လပ်ဖ်အပါအဝင် သူတို့ခေါင်းဆောင်များစွာသည် ရုံးတင်စစ်ဆေးခံရပြီး ထောင်ချခံရကြောင်း မီဒီယာမှ သတင်းပျံ့သွားခဲ့သည်။

ဒက်လပ်ဖ်သည် ထောင်မှလွတ်လာပြီးနောက် မကြာမီတွင် ယေဟောဝါသက်သေများက သူအား ဝေစာတစ်စောင်ပေးသည်။ ဝေစာ၏ခေါင်းစဉ်မှာ “ဘဝသည် ပြဿနာများနှင့် အဘယ်ကြောင့် ဤမျှပြည့်နှက်နေရသနည်း” ဟူ၍ဖြစ်သည်။ ယင်းဝေစာပါ အကြောင်းအရာများသည် မှန်ကန်ကြောင်း ဒက်လပ်ဖ် ချက်ချင်းသဘောပေါက်သွားပြီး သက်သေခံများနှင့် ကျမ်းစာစတင်လေ့လာလေသည်။ ယင်းက သူ့အသက်တာကို လုံးလုံးပြောင်းလဲစေခဲ့သည်။ သူသည် ၁၉၉၆ ခုနှစ်ကတည်းက ထက်သန်သည့် ယေဟောဝါသက်သေတစ်ဦး ဖြစ်နေသည်။

အသတ်ခံလိုက်ရသူ သောမတ်စ်၏ မိတ်ဆွေကောင်းဖြစ်သော ယခင်က ပန်ကာဂိုဏ်းသားတစ်ဦးဖြစ်သူ စဇ်ဖရက်ဒ်လည်း နောက်ပိုင်းတွင် သက်သေခံတစ်ဦးဖြစ်လာပြီး ယခု အသင်းတော်အကြီးအကဲတစ်ဦး ဖြစ်နေသည်။ စဇ်ဖရက်ဒ်သည် ဒက်လပ်ဖ်၏အသင်းတော်သို့ ဟောပြောချက်ပေးရန် လည်ပတ်ခဲ့ချိန်တွင် (အခါအားလျော်စွာ သောမတ်စ်၏မိခင်လည်း ရံဖန်ရံခါ ထိုအသင်းတော်တွင် အစည်းအဝေးများ တက်လေ့ရှိသည်) ဒက်လပ်ဖ်က သူ့အား နေ့လယ်စာသုံးဆောင်ရန် ဖိတ်ခေါ်ခဲ့သည်။ လွန်ခဲ့သည့်ဆယ်နှစ်ခန့်ကဆိုလျှင် သူတို့၏မုန်းတီးစိတ်ကို ထိန်းချုပ်နိုင်ခဲ့မည်မဟုတ်ပေ။ ယနေ့မူ သူတို့၏ညီရင်းအစ်ကိုမေတ္တာသည် ထင်ရှားပေါ်လွင်နေသည်။

ဒက်လပ်ဖ်နှင့် စဇ်ဖရက်ဒ်တို့သည် မြေကြီးပရဒိသုတွင် အသက်ပြန်ရှင်လာမည့် သောမတ်စ်ကို ကြိုဆိုဖို့ မျှော်လင့်နေကြသည်။ ဒက်လပ်ဖ် ဤသို့ပြောသည်– “အဲဒါကို တွေးကြည့်ရုံနဲ့တင် မျက်ရည်ဝဲလာတယ်။ ကျွန်တော်လုပ်ခဲ့တာတွေအတွက် သိပ်ဝမ်းနည်းတယ်။” သူတို့နှစ်ဦးစလုံး၏ဆန္ဒမှာ အခြားသူများ ယေဟောဝါအားသိကျွမ်းလာပြီး ကျမ်းစာပါမျှော်လင့်ချက်၌ ဝမ်းမြောက်နေကြရန် ယနေ့ကူညီပေးနေသကဲ့သို့ သောမတ်စ်ကိုလည်း ကူညီပေးရန်ဖြစ်သည်။

ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ဤမျှပင် တန်ခိုးပါသတည်း!

[အောက်ခြေမှတ်ချက်]

b နာမည်ပြောင်းထားသည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

လူ့ခန္ဓာကိုယ်သည် အံ့ဖွယ်ဖန်ဆင်းရာဖြစ်

[Credit Line]

Anatomy Improved and Illustrated, London, 1723, Bernardino Genga

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ