ဘဝအတ္ထုပ္ပတ္တိ
ကျွန်မ၏ အဖိုးတန်အမှတ်တရများအတွက် ကျေးဇူးတင်ရှိ!
ဒရူးဆီလာ ကိန်း ပြောပြသည်
အဲဒီနှစ်က ၁၉၃၃ ခုနှစ်၊ ကျွန်မလိုပဲ ကော်လ်ပေါ်တာ—အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူ—ဖြစ်တဲ့ ဇာနိုအာ ကိန်းနဲ့ ကျွန်မလက်ထပ်ပြီးခါစရှိသေးတယ်။ ကျွန်မအရမ်းကိုစိတ်လှုပ်ရှားပြီး ကျွန်မခင်ပွန်း တာဝန်ကျတဲ့နေရာမှာ သူနဲ့ပူးပေါင်းအမှုတော်ဆောင်ဖို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီအတွက် စက်ဘီးတစ်စီးလိုနေတယ်၊ စီးပွားရေးကပ်ဆိုက်ချိန်မှာ ခက်ခဲလွန်းလို့ စက်ဘီးဝယ်ဖို့ဆိုတာဝေးရော။ ကျွန်မဘယ်လိုလုပ်ရမလဲ။
ကျွန်မရဲ့အခက်အခဲကိုကြားတဲ့ မတ်တွေက ရပ်ကွက်အမှိုက်ပုံတွေမှာ စက်ဘီးအပိုင်းအစဟောင်းတွေ ကြိုးစားရှာကြတယ်။ ရှာတွေ့တဲ့အပိုင်းအစဟောင်းတွေနဲ့ စက်ဘီးလုပ်ပေးတယ်! ကျွန်မ စက်ဘီးစီးတတ်တာနဲ့ ဇာနိုအာနဲ့အတူ အင်္ဂလိပ်ခရိုင် ဝတ်စတာနဲ့ ဟဲရာဖော့တစ်လျှောက် ပျော်ပျော်ရွှင်ရွှင်စက်ဘီးစီးရင်း တွေ့သမျှလူကို သက်သေခံခဲ့ကြတယ်။
ယုံကြည်ခြင်းကို ဒီလိုရိုးရိုးလေးတင်ပြလိုက်လို့ အမှတ်တရဖြစ်စရာတွေ ပြည့်လျှံလာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မဘဝရဲ့ ဝိညာဉ်ရေးအုတ်မြစ်ကိုတော့ ကျွန်မချစ်ရတဲ့မိဘတွေ ချပေးခဲ့တာပါ။
စစ်ပွဲကြီး၏ခက်ခဲသောနှစ်များ
ကျွန်မကို ၁၉၀၉ ခုနှစ် ဒီဇင်ဘာလမှာ မွေးတယ်။ အဲဒီနောက် မကြာခင်မှာဘဲ ခေတ်များတစ်လျှောက် ဘုရားသခင့်အစီအစဉ် စာအုပ်ကို အမေရရှိပြီး ကျွန်မမိဘတွေက ၁၉၁၄ ခုနှစ်မှာ လဲန်ကရှာ၊ အိုဟာမ်မြို့မှာ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုခေါ်သွားပြတယ်။ (အဲဒီနှစ်ခုစလုံးကို အခု ယေဟောဝါသက်သေတွေလို့ခေါ်ကြတဲ့သူတွေက ထုတ်ထားတာ။) ကျွန်မငယ်သေးပေမဲ့ ကြည့်ခဲ့ရလို့ အိမ်အပြန်လမ်းမှာ ပျော်ရွှင်ခုန်ပေါက်မြူးထူးခဲ့တာကို ကောင်းကောင်းမှတ်မိသေးတယ်။ အဲဒီနောက် ဖရန့်ခ် ဟီလီက ကျွန်မတို့နေတဲ့ ရော့ခ်ဒေလ်မြို့မှာ ကျမ်းစာလေ့လာမှုအုပ်စုတစ်စုစပေးတယ်။ အဲဒီလေ့လာမှုအုပ်စုကို တက်ရောက်ကြလို့ ကျွန်မတို့မိသားစုဟာ ကျမ်းစာအသိပညာ တဖြည်းဖြည်းတိုးသိလာတယ်။
အဲဒီနှစ်မှာပဲ ကျွန်မတို့ဘဝရဲ့ပျော်ရွှင်ချမ်းမြေ့မှုဟာ စစ်ပွဲကြီး အခုအခေါ်အရ ပထမကမ္ဘာစစ်ကြောင့် ပျက်စီးသွားခဲ့ရတယ်။ အဖေ့ကို စစ်ထဲဝင်ခိုင်းပေမဲ့ အဖေက ကြားနေရပ်တည်ခဲ့တယ်။ တရားရုံးမှာ အဖေ့ကို “ဖြောင့်မတ်သူ” လို့ပြောကြတဲ့အပြင် “သဘောရိုးနဲ့ လက်နက်ကိုင်ဖို့ငြင်းဆန်တာလို့ ယုံကြည်ကြောင်း ဂုဏ်အသရေရှိသူတွေ” ရဲ့စာတွေရထားတယ်ဆိုပြီး ဒေသန္တရသတင်းစာထဲမှာ ဖော်ပြခဲ့တယ်။
ဒါပေမဲ့ အဖေ့ကို လွတ်ကင်းခွင့်အပြည့်အဝမပေးဘဲ “တိုက်ခိုက်ရေးတစ်ခုတည်းကသာ” လွတ်ကင်းတယ်လို့ မှတ်တမ်းတင်ထားတယ်။ အဲဒါကြောင့် အဖေသာမက အမေနဲ့ကျွန်မပါ ပြောင်လှောင်ခံခဲ့ရတယ်။ နောက်ဆုံးတော့ အဖေ့အပေါ်သတ်မှတ်ချက်ကို ပြန်သုံးသပ်ပြီး စိုက်ပျိုးရေးအလုပ်မှာ တာဝန်ချခဲ့တယ်၊ ဒါပေမဲ့ လယ်သမားအချို့က အနိုင်ကျင့်ပြီး မဖြစ်စလောက်လုပ်ခပဲပေးကြတယ်။ ဒါနဲ့ မိသားစုကိုထောက်ပံ့ဖို့ အမေလည်း မဝရေစာလုပ်ခရဖို့ ပုဂ္ဂလိကပိုင်အဝတ်လျှော်ဆိုင်မှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရရှာတယ်။ ဒါပေမဲ့ ဒီလိုအခက်အခဲတွေကိုရင်ဆိုင်ခဲ့ရတဲ့ ကျွန်မရဲ့ငယ်စဉ်တောင်ကျေးဘဝဟာ ကျွန်မအတွက် တကယ့်ကိုခွန်အားဖြစ်စေတယ်ဆိုတာ အခုသိပါပြီ; အဲဒါကြောင့် ပိုပြီးအရေးကြီးတဲ့ဝိညာဉ်ရေးရာတွေကို ကျေးဇူးတင်လေးမြတ်တတ်ဖို့ အကူအညီရခဲ့တယ်။
သေးငယ်သောအစ
မကြာခင်မှာ ကျွန်မတို့ရဲ့ဘဝထဲ စိတ်အားထက်သန်တဲ့ ကျမ်းစာကျောင်းသား ဒယ်နီယယ်လ် ယူဇ်ရောက်ရှိလာတယ်။ သူက ကျွန်မတို့ပြောင်းရွှေ့နေကြတဲ့ အားစ်ဝက်စ်တရီမြို့ကနေ ၁၂ မိုင်လောက်ဝေးတဲ့ ရူးအဘဲန်ရွာက ကျောက်မီးသွေးတူးသမားတစ်ယောက်ဖြစ်တယ်။ သူ့ကို ကျွန်မက အန်ကယ်လ်ဒဲန်လို့ခေါ်တယ်၊ သူဟာ ကျွန်မတို့မိသားစုနဲ့ အဆက်အသွယ်ရှိခဲ့တယ်၊ ကျွန်မတို့ဆီ အလည်လာတိုင်း ကျမ်းစာအကြောင်းပဲ အမြဲတမ်းပြောတယ်။ အာလာပသလ္လာပစကားတွေ သူဘယ်တော့မှမပြောဘူး။ ၁၉၂၀ ပြည့်နှစ်မှာ အားစ်ဝက်စ်တရီမှာ ကျမ်းစာသင်တန်းစဖွင့်ခဲ့ပြီး ၁၉၂၁ ခုနှစ်မှာ အန်ကယ်လ်ဒဲန်က ကျွန်မကို ဘုရားသခင့်စောင်းတော် စာအုပ်ပေးခဲ့တယ်။ အဲဒီစာအုပ်က ကျမ်းစာသွန်သင်ချက်တွေကို သဘောပေါက်ဖို့ အရမ်းကိုလွယ်ကူစေတဲ့အတွက် ကျွန်မအမြတ်တနိုးသိမ်းထားခဲ့တယ်။
နောက်ပြီး ယေဟောဝါသက်သေတွေရဲ့ လန်ဒန်ဌာနခွဲရုံးရဲ့ ဦးစီးအမှုထမ်းဖြစ်လာတဲ့ ပရိုက်စ် ယူဇ်a လည်းရှိတယ်။ သူဟာ မလှမ်းမကမ်းမှာ ဝေလနယ်နိမိတ်ပေါ်က ဘရော့နီကားသ်မှာ သူ့မိသားစုနဲ့နေတယ်၊ သူ့အစ်မစီစီဟာ ကျွန်မအမေနဲ့သူငယ်ချင်းဖြစ်လာတယ်။
‘ရှင်ဘုရင်နဲ့ ကိုယ်တော်ရဲ့နိုင်ငံတော်ကို ကြေညာကြ’ ဖို့ဖိတ်ခေါ်ခဲ့တဲ့ ၁၉၂၂ ခုနှစ်က စိတ်လှုပ်ရှားမှုကို ကျွန်မမှတ်မိသေးတယ်။ ကျွန်မကျောင်းနေသေးပေမဲ့လည်း အဲဒီနောက်ပိုင်းနှစ်တွေမှာ အထူးဝေစာတွေ အထူးသဖြင့် ၁၉၂၄ ခုနှစ်မှာထုတ်တဲ့ စွဲချက်တင်ခံရသည့်ဓမ္မဆရာများ ဝေစာတွေဝေခဲ့တဲ့လုပ်ငန်းမှာ စိတ်အားထက်သန်စွာ ကျွန်မပါဝင်ခဲ့တယ်။ အဲဒီဆယ်စုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် သစ္စာရှိညီအစ်ကို၊ ညီအစ်မတွေနဲ့ ပေါင်းသင်းခွင့်ရခဲ့တာ တကယ်ကိုအခွင့်ထူးပါပဲ၊ သူတို့က မောဒ် ကလာ့ခ်b နဲ့သူ့အဖော် မေရီ ဂရဲန့်တ်၊* အက်ဒ်ဂါ ကလေး၊* ရောဘတ် ဟဲဒ်လင်းတန်၊ ကေတီ ရောဘတ်စ်၊ အဲဒဝင် စကင်နာ*နဲ့ ကနေဒါနိုင်ငံရဲ့လုပ်ငန်းကို ကူညီပေးဖို့ ထွက်ခွာသွားခဲ့ကြတဲ့ ပါစီ ချာ့ပ်မင်နဲ့ ဂျက်ခ် နေသန်*တို့ဖြစ်တယ်။။
“ယခုအသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မျှမသေကြရ” ကျမ်းစာဟောပြောချက်ဟာ ကျွန်မတို့ရဲ့ကျယ်ဝန်းတဲ့ရပ်ကွက်မှာ အချိန်တန်သက်သေခံခြင်းတစ်ခုဖြစ်ခဲ့တယ်။ ၁၉၂၂၊ မေ ၁၄ ရက်နေ့မှာ ကျွန်မတို့မြို့ရဲ့မြောက်ဘက်နားကချာခ်ရွာမှာ အဲဒီဟောပြောချက်ကိုပေးဖို့ ပရိုက်စ် ယူဇ်ရဲ့အမျိုး စတန်လီ ရောဂျာစ်ဟာ လီဗာပူးလ်မြို့ကနေရောက်လာပြီး အဲဒီနေ့ညနေပိုင်းမှာ အော့စ်ဝက်စ်တရီမြို့က ရုပ်ရှင်ရုံမှာလည်း ဟောခဲ့တယ်။ အဲဒီအတွက် အထူးပုံနှိပ်ခဲ့တဲ့ လက်ကမ်းကြော်ငြာတစ်စောင် ကျွန်မမှာရှိသေးတယ်။ အဲဒီအချိန်တစ်လျှောက်လုံး ကျွန်မတို့ရဲ့အုပ်စုငယ်လေးဟာ ခရီးသွားသူလို့ ကျွန်မတို့ခေါ်ခဲ့တဲ့ နယ်လှည့်ကြီးကြပ်မှူးသုံးယောက် ဟာဘတ် ဆီနီယာ၊ အဲလ်ဘတ် လွိုက်ဒ်နဲ့ ဂျွန် ဘလေနီတို့ရဲ့ လည်ပတ်မှုကြောင့် ဆက်ပြီးခွန်အားရရှိခဲ့ကြတယ်။
ဆုံးဖြတ်ချက်ချချိန်
၁၉၂၉ ခုနှစ်မှာ ကျွန်မနှစ်ခြင်းခံဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ကျွန်မဟာ ၁၉ နှစ်ရှိနေပြီး တစ်ချိန်ထဲမှာပဲ ဦးဆုံးစမ်းသပ်ခြင်းကိုခံခဲ့ရတယ်။ သူ့အဖေက နိုင်ငံရေးသမားဖြစ်တဲ့ လူငယ်တစ်ယောက်နဲ့ ကျွန်မဆုံခဲ့တယ်။ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စွဲလမ်းမိပြီး ကျွန်မကို သူကလက်ထပ်ခွင့်တောင်းခဲ့တယ်။ အဲဒီနှစ်မတိုင်ခင်က အစိုးရ ဆိုတဲ့စာအုပ်ထွက်လာလို့ သူ့ကို တစ်အုပ်ပေးဖတ်တယ်။ ဒါပေမဲ့ အဲဒီစာအုပ်မှာဖော်ပြထားတဲ့ ကောင်းကင်အစိုးရကို သူလုံးဝစိတ်မဝင်စားဘူးဆိုတာ ထင်ရှားလာတယ်။ ရှေးဣသရေလလူမျိုးတွေကို မယုံကြည်သူတစ်ပါးအမျိုးသားတွေနဲ့ လက်မထပ်ရဆိုတဲ့ ပညတ်ပေးခဲ့တယ်၊ အဲဒီမူက ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို ကျွန်မရဲ့လေ့လာမှုကနေ သိရှိထားတယ်။ ဒါကြောင့် သူ့ရဲ့လက်ထပ်ခွင့်ကို ငြင်းပယ်ရခက်ပေမဲ့လည်း ငြင်းပယ်လိုက်ပါတယ်။—တရားဟောရာ ၇:၃; ၂ ကောရိန္သု ၆:၁၄။
“ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်” ဆိုတဲ့ တမန်တော်ပေါလုရဲ့စကားကနေ ကျွန်မခွန်အားယူခဲ့ပါတယ်။ (ဂလာတိ ၆:၉) ချစ်ရတဲ့အန်ကယ်လ်ဒဲန်ကလည်း ဒီလိုစာရေး အကူအညီပေးခဲ့တယ်– “စမ်းသပ်ခြင်းကြီးကြီးငယ်ငယ် ရောမအခန်းကြီး ၈၊ အခန်းငယ် ၂၈ ကိုကျင့်သုံးပါ၊” အဲဒီမှာ “ဘုရားသခင်ကိုချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်းပြုစုကြသည်ကို ငါတို့သိကြ၏” လို့ပြောထားတယ်။ လွယ်တော့မလွယ်ပေမဲ့ ကျွန်မရဲ့ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ ကျွန်မသိတယ်။ အဲဒီနှစ်မှာပဲ ကော်လ်ပိုတာလုပ်ဆောင်ခဲ့တယ်။
စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
၁၉၃၁ ခုနှစ်မှာ ယေဟောဝါသက်သေများ ဆိုတဲ့ ကျွန်မတို့ရဲ့အမည်သစ်ကိုခံယူပြီး အဲဒီနှစ်မှာပဲ ဘုရားသခင့်နိုင်ငံတော်၊ ဤလောက၏မျှော်လင့်ချက် စာအုပ်ငယ်ကိုအသုံးပြုပြီး ကင်ပိန်းတစ်ခုကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ကြတယ်။ နိုင်ငံရေးသမား၊ ခရစ်ယာန်ဘုန်းကြီးနဲ့ စီးပွားရေးသမားတိုင်းကို တစ်အုပ်စီဝေပေးခဲ့တယ်။ ကျွန်မရဲ့ရပ်ကွက်က အော့စ်ဝက်စ်တရီကနေ မြောက်ဘက်ကို ၁၅ မိုင်လောက်ရှိတဲ့ ရက်စ်ဆမ်အထိကျယ်တယ်။ အားလုံးပြီးဖို့ဆိုတာ စိန်ခေါ်ချက်တစ်ခုပဲ။
နောက်နှစ် ဘာမင်ဟမ်မြို့မှာကျင်းပတဲ့စည်းဝေးကြီးတစ်ခုမှာ စေတနာ့ဝန်ထမ်း ၂၄ ယောက်လိုတယ်လို့ ဖိတ်ခေါ်ခဲ့တယ်။ ဘာလုပ်ရမယ်ဆိုတာမသိဘဲနဲ့ လုပ်ငန်းအသစ်တစ်မျိုးအတွက် ကျွန်မတို့ ၂၄ ယောက် စိတ်ထက်သန်စွာနဲ့ နာမည်ပေးခဲ့ကြတယ်။ ဘုရားသခင့်နိုင်ငံတော်ကိုကြေညာတဲ့ ကြော်ငြာပိုစတာပြားအလေးကြီးတွေကို ကျောနဲ့ရင်ဘတ်ပေါ်မှာဆွဲပြီး ဘုရားသခင့်နိုင်ငံတော်၊ ဤလောက၏မျှော်လင့်ချက် ဆိုတဲ့ အဲဒီစာအုပ်ငယ်ကို ဝေငှဖို့တာဝန်ရတဲ့အခါ ကျွန်မတို့ အံ့သြသွားကြတာကို မြင်ယောင်ကြည့်လိုက်ပါ။
ခရစ်ယာန်ဘုရားရှိခိုးကျောင်းဥပစာမှာ ကျွန်မအမှုဆောင်ရလို့ အရမ်းရှက်ကိုးရှက်ကန်းဖြစ်ခဲ့ပေမဲ့ အဲဒီမြို့ကလူတွေတစ်ယောက်မှ ကျွန်မကိုသိမှာမဟုတ်ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုနှစ်သိမ့်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မဆီ ဦးဆုံးရောက်လာတဲ့သူက ကျောင်းနေဖက်သူငယ်ချင်းဟောင်းတစ်ယောက်ပဲ၊ သူကအံ့အားသင့်ပြီး “အဲဒီလိုဝတ်ပြီး ဘာလုပ်နေတာလဲ” လို့မေးခဲ့တယ်။။ အဲဒီအတွေ့အကြုံက ကျွန်မရဲ့လူကိုကြောက်စိတ် ပျောက်သွားစေခဲ့တာပဲ!
ပို၍ဝေးလံသောဒေသသို့ပြောင်းရွှေ့ခြင်း
၁၉၃၃ ခုနှစ်မှာ ကျွန်မထက် ၂၅ နှစ်ကြီးတဲ့ မုဆိုးဖိုဇာနိုအာနဲ့ ကျွန်မလက်ထပ်ခဲ့တယ်။ ဇာနိုအာရဲ့ပထမဇနီးက စိတ်ထက်သန်တဲ့ ကျမ်းစာကျောင်းသားတစ်ယောက်ပါ၊ ဇနီးသေပြီးနောက်မှာ သူ့ရဲ့တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ခဲ့တယ်။ အင်္ဂလန်ကနေမိုင် ၉၀ လောက်ဝေးတဲ့ ဝေလနယ်မြောက်ဘက်က ကျွန်မတို့တာဝန်ကျတဲ့ရပ်ကွက်အသစ်ကို မကြာခင်မှာပဲ ပြောင်းရွှေ့သွားခဲ့ကြတယ်။ ကတ်ထူပုံးတွေ၊ အဝတ်သေတ္တာတွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကို စက်ဘီးလက်ကိုင်တွေအပေါ်မှာ ပြုတ်လုမတတ်တင်၊ ဘားတန်းကြားမှာချိတ်၊ တောင်းတွေထဲမှာထည့်ပြီး ခွတင်ထားကြပေမဲ့ ချောချောမောမောရောက်သွားပါတယ်။ အဲဒီနေရာမှာ ကျွန်မတို့ရဲ့စက်ဘီးတွေ မရှိရင်မဖြစ်ဘူး၊ စက်ဘီးနဲ့ နေရာတကာကိုရောက်ခဲ့ပြီးပေ ၃,၀၀၀ နီးပါးမြင့်တဲ့ ဝဲ့လ်ချ်တောင်၊ ကေဒါ အစ်တ်ရီစ်ထိပ်ပေါ်အထိတောင် ရောက်ခဲ့သေးတယ်။ ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ကြားချင်တဲ့သူတွေကိုတွေ့ခဲ့ရတာ တကယ်ကိုအားရစရာကောင်းတယ်။—မဿဲ ၂၄:၁၄။
အဲဒီကို ကျွန်မတို့ရောက်ပြီးမကြာခင် ကျွန်မတို့ဟောပြောသလိုပဲ တော့မ် ပရိုက်စ်ဆိုတဲ့ လူတစ်ယောက်ကလည်း ဟောပြောနေတယ်လို့ လူတွေကပြောကြတယ်။ နောက်ဆုံး ဝဲ့လ်ရှ်ပူလ်အနီး လောင်းတောင်ပေါ်မှာနေတဲ့ တော့မ်ကို ကျွန်မတို့ရှာတွေ့ခဲ့တယ်၊ ကျွန်မတို့ တကယ်ကိုအံ့အားသင့်ခဲ့ရပါတယ်! ကျွန်မသက်သေခံစထွက်ခဲ့တဲ့အချိန်က ကျမ်းစာလေ့လာဖို့အကူအညီဖြစ်စေတဲ့ ပြန်လည်သင့်မြတ်ခြင်း စာအုပ် သူ့ကို ကျွန်မဝေငှခဲ့ဖူးတယ်။ အဲဒီစာအုပ်ကို သူ့ဘာသာသူလေ့လာပြီး နောက်ထပ်စာအုပ်တွေရဖို့ လန်ဒန်ကိုစာရေး တောင်းဆိုခဲ့ပြီးတဲ့နောက် အဲဒီအချိန်ကတည်းက သူ့ရဲ့တွေ့ခါစယုံကြည်ချက်ကို အားတက်သရောဟောပြောခဲ့တယ်။ ကျွန်မတို့သုံးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အားပေးဖို့ မကြာခဏ အတူတကွလေ့လာဖတ်ရှု၊ ပေါင်းသင်းဆက်ဆံကြရတာ ပျော်စရာပါ။
ဘေးအန္တရာယ်မှ ကောင်းချီးများဖြစ်ပေါ်လာ
၁၉၃၄ ခုနှစ်မှာ ရက်စ်ဆမ်မြို့ကိုသွားကြပြီး ဖြောင့်မတ်သောအစိုးရ စာအုပ်ငယ်ကိုဝိုင်းဝန်းဝေငှဖို့ မြောက်ဝေလနယ်အနီးက ကော်လ်ပိုတာအားလုံးကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအထူးကင်ပိန်းကိုမစခင်တစ်ရက်မှာ တစ်နိုင်ငံလုံး ကြေကွဲဖွယ်ဘေးအန္တရာယ်ကျရောက်ခဲ့တယ်။ ရက်စ်ဆမ်မြောက်ဘက်နှစ်မိုင်က ကရက်စ်ဖော့တ်ကျောက်မီးသွေးတွင်း ပေါက်ကွဲသွားလို့ ကျောက်မီးသွေးတွင်း အလုပ်သမား ၂၆၆ ယောက်သေဆုံးခဲ့တယ်။ ကလေး ၂၀၀ ကျော် ဖတဆိုးလေးတွေဖြစ်ခဲ့ရပြီး အမျိုးသမီး ၁၆၀ ကမုဆိုးမတွေဖြစ်ခဲ့ရရှာတယ်။
ပူဆွေးကျန်ရစ်တဲ့သူတွေရဲ့နာမည်စာရင်းယူပြီး ကျွန်မတို့ကိုယ်တိုင် သွားလည်ပတ်အားပေး၊ စာအုပ်ငယ်တစ်အုပ်စီထားပေးခဲ့တယ်။ ကျွန်မရတဲ့နာမည်တွေထဲက တစ်ယောက်ကတော့ ၁၉ နှစ်သားလေးဆုံးသွားတဲ့ မစ္စက်ချတ်ဒဝစ်ခ်ပါ။ ကျွန်မရောက်သွားတဲ့အချိန်မှာ အမေကိုနှစ်သိမ့်ပေးဖို့ သားကြီးဂျက်ခ်ရောက်နေတယ်။ ဒီလူငယ်က ကျွန်မကိုသိနေပေမဲ့ ဘာတစ်ခွန်းမှမပြောဘူး။ နောက်ဆုံးတော့ အဲဒီစာအုပ်ငယ်ကို သူဖတ်ပြီး အရင်တုန်းက သူ့ကို ကျွန်မပေးခဲ့တဲ့ နောက်ဆုံးစစ်ပွဲဆိုတဲ့ နောက်စာအုပ်ငယ်တစ်အုပ်ကိုလိုက်ရှာတယ်။
ဂျက်ခ်နဲ့သူ့ဇနီးမေဟာ ကျွန်မအိမ်ကိုရှာပြီး နောက်ထပ်စာအုပ်တွေလာတောင်းတယ်။ ၁၉၃၆ ခုနှစ်မှာ ရက်စ်ဆမ်မြို့က သူတို့အိမ်မှာ စည်းဝေးတွေကျင်းပပေးဖို့ လက်ခံလိုက်တယ်။ နောက်ခြောက်လကြာတော့ အဲလ်ဘတ် လွိုက်ဒ်လည်ပတ်လာပြီးနောက် အသင်းတော်တည်ထောင်နိုင်ခဲ့တယ်၊ ဦးစီးကြီးကြပ်မှူးက ဂျက်ခ် ချတ်ဒဝစ်ခ်ဖြစ်တယ်။ အခုဆိုရင် ရက်စ်ဆမ်မြို့မှာ အသင်းတော်သုံးခုရှိနေပြီ။
ဂျစ်ပစီစခန်းချလှည်းပေါ်မှဘဝ
ဒီအချိန်အထိ တစ်နေရာကနေတစ်နေရာ ကျွန်မတို့ပြောင်းရွှေ့တဲ့အခါ တည်းခိုဖို့တွေ့တဲ့ ဘယ်လိုနေရာမျိုးမှာမဆို တည်းခဲ့ကြတယ်၊ ဒါပေမဲ့ တစ်နေရာကနေတစ်နေရာကို ဆွဲယူသွားနိုင်မယ့် ကိုယ်ပိုင်အိမ်တစ်လုံးရှိဖို့ အချိန်တန်ပြီလို့ ဇာနိုအာက ဆုံးဖြတ်လိုက်တယ်။ ကျွန်မခင်ပွန်းက ဂျစ်ပစီမျိုးရိုးက ကျွမ်းကျင်တဲ့လက်သမားဖြစ်တဲ့အတွက် ကျွန်မတို့နေဖို့ ဂျစ်ပစီစခန်းချလှည်းတစ်ခုကို ဆောက်ပေးတယ်။ အဲဒီလှည်းကို “ပေါများကြွယ်ဝတဲ့ဘုရားသခင်” လို့အဓိပ္ပာယ်ရှိတဲ့ ကျမ်းစာနာမည် အလစ္စဗက်သ်လို့ခေါ်ခဲ့တယ်။
ကျွန်မတို့နေခဲ့တဲ့ အထူးသဖြင့် မှတ်မိတဲ့နေရာတစ်နေရာကတော့ စမ်းချောင်းဘေးနားက သစ်သီးခြံပဲ။ ကျွန်မအတွက်တော့ အဲဒီနေရာဟာ ပရဒိသုပါပဲ! ကျဉ်းကျပ်ပေမဲ့ အဲဒီစခန်းချလှည်းပေါ်မှာ ကျွန်မတို့အတူတကွနေခဲ့ရတဲ့နှစ်တွေရဲ့ ပျော်ရွှင်မှုကို ဘာကမှမပျက်စီးစေခဲ့ဘူး။ ဆောင်းတွင်းမှာ အိပ်ရာခင်းတွေ၊ စောင်တွေဟာ လှည်းနံရံနဲ့ အေးခဲကပ်နေတတ်တယ်၊ ရေငွေ့ပြန်တဲ့ပြဿနာကတော့အမြဲပဲ။ ရေလည်းခပ်ရသေးတယ်၊ တစ်ခါတလေ အဝေးကြီးမှာသွားခပ်ရတယ်၊ ဒါပေမဲ့လည်း အဲဒီအခက်အခဲတွေကို ကျွန်မတို့အတူတူ ကျော်လွှားခဲ့ကြတယ်။
တစ်ခါက ဆောင်းတွင်းမှာ ကျွန်မက နေမကောင်းဖြစ်၊ စားစရာမရှိ၊ ငွေလည်းမရှိတော့ဘူး။ ဇာနိုအာက ခုတင်ပေါ်ထိုင်ပြီး ကျွန်မလက်ကိုကိုင်ရင်း “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး” ဆိုတဲ့ ဆာလံ ၃၇:၂၅ ကိုဖတ်ပြတယ်။ ကျွန်မကိုကြည့်ပြီး သူက “ခဏကြာလို့မှ တစ်ခုခုဖြစ်မလာရင် ငါတို့တောင်းစားရတော့မယ်၊ ဒါပေမဲ့ တောင်းစားရတဲ့ဘဝကို ဘုရားသခင်ခွင့်ပြုမှာတော့မဟုတ်ဘူး!” အဲဒီလိုပြောပြီး အိမ်နီးချင်းတွေဆီ သက်သေခံဖို့ထွက်သွားတယ်။
ကျွန်မသောက်စရာဖျော်ပေးဖို့ နေ့ခင်းမှာ ဇာနိုအာပြန်လာတော့ သူ့အတွက် စာအိတ်တစ်အိတ်ရောက်နေတယ်။ စာထဲမှာ သူ့အဖေဆီက ပေါင် ၅၀ ပါတယ်။ အရင်နှစ်တွေက ငွေအလွဲသုံးစားလုပ်တယ်ဆိုပြီး ဇာနိုအာ မတရားစွပ်စွဲခံခဲ့ရတာ၊ အခု သူ့မှာအပြစ်မရှိဘူးဆိုတာပြတာပဲ။ အဲဒီငွေက စိတ်ကျေရာကျေကြောင်းအတွက်တဲ့။ တကယ့်ကိုအချိန်ကိုက်ပဲ!
အကျိုးရှိသင်ခန်းစာ
တစ်ခါတလေ နှစ်အတော်ကြာမှ သင်ခန်းစာတွေရတယ်။ ဥပမာပြောရရင် ၁၉၂၇ ခုနှစ်မှာ ကျောင်းကမထွက်ခင် လာဗီနီယာ ဖဲရ်ကလော့ဒ်ကလွဲလို့ ကျွန်မရဲ့အတန်းဖော်တွေနဲ့ ဆရာ၊ ဆရာမတွေအားလုံးကို သက်သေခံခဲ့တယ်။ ကျွန်မဘာလုပ်မယ်ဆိုတာကို ဘယ်သူမှစိတ်မဝင်စားဘူး၊ မစ္စဖဲရ်ကလော့ဒ်နဲ့ မျက်နှာကြောမတည့်ခဲ့တော့ သူ့ကိုမပြောတော့ဘူးလို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ အနှစ် ၂၀ ကြာတော့မှ အဲဒီဆရာမဟာ အခု ယေဟောဝါသက်သေတစ်ယောက်ဖြစ်နေပြီလို့ သူ့ရဲ့မိတ်ဆွေဟောင်းတွေနဲ့ တပည့်တွေကိုပြောပြဖို့ ရွာကိုပြန်လာတဲ့အကြောင်း အမေပြောပြတဲ့အခါ ကျွန်မ ဘယ်လောက်အံ့သြသွားမယ်ဆိုတာ စဉ်းစားကြည့်ပါ!
သူ့ကို ကျွန်မတွေ့တဲ့အခါ အရင်က ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ ကျွန်မရဲ့အကြံအစည်ကို ဘာကြောင့်မပြောပြခဲ့တဲ့အကြောင်း ရှင်းပြတယ်။ သူက အေးအေးဆေးဆေးနားထောင်ပြီး “ဆရာမက အမှန်တရားကို ရှာနေတာကြာပြီ။ ဆရာမဘဝမှာ ရှာပုံတော်ဖွင့်နေတာလေ!” လို့ပြောပြတယ်။ အဲဒီအတွေ့အကြုံက ကျွန်မအတွက် အကျိုးရှိတဲ့သင်ခန်းစာပဲ၊ တွေ့သမျှလူတိုင်းကို သက်သေခံဖို့နဲ့ ဘယ်သူကိုမှ ကြိုတင်ဆုံးဖြတ်ချက်မချဖို့ပါပဲ။
နောက်စစ်ပွဲနှင့် ၎င်းနောက်ပိုင်း
၁၉၃၀ ပြည့်လွန်နှစ်တွေကုန်ခါနီးမှာ စစ်တိမ်တိုက်တွေ စတင်အုံ့ဆိုင်းလာပြန်တယ်။ ကျွန်မထက်ဆယ်နှစ်ငယ်တဲ့ မောင်လေးဒဲနစ္စဟာ သူ့ရဲ့ဝမ်းစာရှာအလုပ်ကိုဆက်လုပ်နေတာကြောင့် စစ်မှုထမ်းရတာကနေ လွတ်ကင်းခဲ့တယ်။ သူက အမှန်တရားကို စိတ်မဝင်စားခဲ့ဘူး၊ ဒါကြောင့် သူ့ဆီကို ဒေသခံရှေ့ဆောင်တွေဖြစ်တဲ့ ရုပတ် ဘရက်ဒ်ဘဲရီနဲ့ သူ့ညီဒေးဗစ်တို့ကို သွားလည်ပတ်ဖို့ ကျွန်မခင်ပွန်းနဲ့ကျွန်မက အကူအညီတောင်းတယ်။ ဒဲနစ္စဆီကို သူတို့သွားကြပြီး ကျမ်းစာသင်ပေးခဲ့တယ်။ ဒဲနစ္စဟာ ၁၉၄၂ ခုနှစ်၊ နှစ်ခြင်းခံပြီးနောက်ပိုင်းမှာ ရှေ့ဆောင်လုပ်ငန်းတော်မှာအမှုထမ်းခဲ့တယ်၊ ၁၉၅၇ ခုနှစ်မှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရတယ်။
ကျွန်မတို့ရဲ့သမီးလေး အလစ္စစဗက်သ်ကို ၁၉၃၈ ခုနှစ်မှာမွေးပြီး မိသားစုလိုအပ်ရာတွေကိုဖြည့်ဆည်းပေးဖို့ ဇာနိုအာက ကျွန်မတို့စခန်းချလှည်းကို တိုးချဲ့ပေးတယ်။ ၁၉၄၂ ခုနှစ်မှာ ဒုတိယသမီး ယူးနစ္စမွေးလာတဲ့အခါ အတည်တကျနေထိုင်ဖို့ နောက်ထပ်အိမ်တစ်လုံးရှာတာ ပညာရှိရာကျပါတယ်။ ဒါကြောင့် ဇာနိုအာဟာ နှစ်အနည်းအငယ် ရှေ့ဆောင်လုပ်ငန်းကိုရပ်နားခဲ့ရပြီး ရက်စ်ဆမ်မြို့နားက အိမ်ငယ်တစ်လုံးကို ကျွန်မတို့ပြောင်းရွှေ့ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကပ်လျက်ခရိုင်ဖြစ်တဲ့ ချက်ရှယ်က မီဒ်လစ်ချ်မြို့မှာ ကျွန်မတို့အခြေချခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်ကျတော့ အဲဒီမှာပဲ ကျွန်မချစ်ခင်ပွန်း ကွယ်လွန်ခဲ့ရှာတယ်။
ကျွန်မတို့ရဲ့သမီးနှစ်ယောက်စလုံးလည်း အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူတွေဖြစ်လာကြပြီး သာယာတဲ့အိမ်ထောင်တွေရှိနေကြပြီ။ ယူးနစ္စနဲ့ အကြီးအကဲဖြစ်တဲ့ သူ့ခင်ပွန်းကတော့ လန်ဒန်မြို့မှာ အခုထိ အထူးရှေ့ဆောင်နေကြတုန်းပဲ။ အလစ္စစဗက်သ်ရဲ့ခင်ပွန်းလည်း အသင်းတော်အကြီးအကဲဖြစ်ပြီး သူတို့ရယ်၊ သူတို့ကလေးတွေရယ်၊ မြစ်လေးယောက်တို့ဟာ လဲန်ကရှယ်ခရိုင် ပရက်စတန်မြို့ ကျွန်မအနားမှာနေကြတာ ကျွန်မအတွက်ပျော်ရွှင်စရာတစ်ခုပါ။
ကျွန်မတိုက်ခန်းရဲ့ အိမ်ရှေ့တံခါးပေါက်ကနေ လမ်းတစ်ဖက်က ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကျွန်မလမ်းလျှောက်သွားနိုင်တာ ကျေးဇူးတင်ရမယ်။ မကြာသေးခင်နှစ်တွေမှာ အဲဒီမှာပဲစည်းဝေးတက်ကြတဲ့ ဂူဂျရာသီအုပ်စုနဲ့ ကျွန်မပေါင်းသင်းခဲ့တယ်။ အခု ကျွန်မနားနည်းနည်းလေးနေပြီဆိုတော့ ဘာသာစကားအသစ်သင်ယူရတာ မလွယ်တော့ဘူး။ လူငယ်တွေလို အသံနေအသံထားဖမ်းနိုင်ဖို့ တစ်ခါတလေ ခက်တယ်။ ဒါပေမဲ့လည်း တကယ်စိတ်ဝင်စားစရာစိန်ခေါ်ချက်တစ်ခုပဲ။
ကျွန်မတစ်အိမ်မှတစ်အိမ် ဟောပြောနိုင်တဲ့အပြင်၊ ကျွန်မအိမ်မှာ ကျမ်းစာသင်အံမှုတွေလည်း လုပ်နိုင်ပါသေးတယ်။ ကျွန်မဆီကို မိတ်ဆွေတွေလာလည်တဲ့အခါ ကျွန်မရဲ့တွေ့ကြုံမှုဟောင်းတွေကို ပြောပြရတာ အမြဲတမ်းအားရကျေနပ်စရာပါ။ အနှစ် ၉၀ နီးနီး ယေဟောဝါလူမျိုးတော်နဲ့ အနီးကပ်ပေါင်းသင်းခဲ့ရတဲ့အချိန်မှာ ကျွန်မရရှိခဲ့တဲ့ကောင်းချီးတွေရဲ့ အဖိုးတန်အမှတ်တရတွေအတွက် ကျေးဇူးတင်မဆုံးတော့ပါဘူး။
[အောက်ခြေမှတ်ချက်များ]
a ၁၉၆၃၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင် တွင်ပရိုက်စ် ယူဇ်၏ဘဝအတ္ထုပ္ပတ္တိ “သစ္စာရှိအဖွဲ့အစည်းနှင့်အညီ လျှောက်လှမ်းခြင်း” ပါရှိသည်။
b အဆိုပါသစ္စာရှိယေဟောဝါကျေးကျွန်များ၏ ဘဝအတ္ထုပ္ပတ္တိများမှာ အစောပိုင်းထုတ် ကင်းမျှော်စင် များတွင်ပါရှိပြီးဖြစ်သည်။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၂၂၊ မေ ၁၄ ရက်တွင် ကျွန်မကြားခဲ့ရသော “ယခုအသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မျှမသေကြရ” ကျမ်းစာဟောပြောချက်ကို ကြေညာသည့်ဝေစာ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၃၃ ခုနှစ်တွင် ကျွန်မတို့လက်ထပ်ပြီးနောက် မကြာမီ ဇာနိုအာနှင့်အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်မခင်ပွန်း ဆောက်ပေးသော “အလစ္စစဗက်သ်” စခန်းချလှည်းဘေးနားတွင် ရပ်နေ