အတွဲ တစ်ခုတည်း သမ္မာကျမ်းစာ
ကျမ်းစာကို မိတ္တူပွားရန် အစောပိုင်းခရစ်ယာန်တို့သည် ကိုဒက်စ်ခေါ် ရှေးလက်ရေးစာပေစု—စာလိပ်မဟုတ်သော စာအုပ်—ကိုအသုံးပြုသူများတွင် အဦးဆုံးဖြစ်သည်။ သို့သော် ဤခရစ်ယာန်တို့သည် ကျမ်းစာစောင်အားလုံးပါ ကျမ်းစာကို အတွဲတစ်ခုတည်းဖြင့်ချက်ချင်းမထုတ်လုပ်ခဲ့ကြချေ။ အတွဲတစ်ခုတည်းကျမ်းစာများကို အနှံ့အပြားထုတ်လုပ်ရန် အရေးပါသောခြေလှမ်းကို ဆဋ္ဌမရာစုတွင် ဖလေးဗီးရပ်စ် ကာစီယိုဒိုးရပ်စ်က လှမ်းယူခဲ့သည်။
ဖလေးဗီးရပ်စ် မက်ဂ်နပ်စ် အော်ရီလီရပ်စ် ကာစီယိုဒိုးရပ်စ်သည် ယနေ့ခေတ် အီတလီ တောင်ဘက်စွန်းရှိ ခါလေဗရီးယားမြို့တွင် ချမ်းသာကြွယ်ဝသောမိသားစုမှ စီ.အီး. ၄၈၅-၄၉၀ ခန့်၌ ဖွားမြင်ခဲ့သည်။ သူအသက်ရှင်ခဲ့သည့်အချိန်မှာ အီတလီသမိုင်းတွင် ဗရုတ်ဗရက်ဖြစ်ချိန်၊ ကျွန်းဆွယ်ကို ဂေါသ်လူမျိုးများက ဦးစွာသိမ်းပိုက်ပြီး နောက်ပိုင်းတွင် ဘိုင်ဇန်တင်တို့က သိမ်းပိုက်ထားသည့်အချိန်ဖြစ်သည်။ အသက် ၆၀၊ ၇၀ ခန့်ရှိသောအခါ ကာစီယိုဒိုးရပ်စ်သည် ခါလေဗရီးယား၊ စကွီးလေးစ်ရှိ သူ့အိမ်အနီးတွင် ဗီဗေးရီယန်းဘုန်းကြီးကျောင်းနှင့် စာကြည့်တိုက်ကို သူတည်ထောင်ခဲ့သည်။
တိကျသေချာသော ကျမ်းစာအယ်ဒီတာ
ကာစီယိုဒိုးရပ်စ် အဓိကအရေးထားရာများထဲတွင် ကျမ်းစာကို ဖြန့်ချိရေးပါဝင်သည်။ “ကာစီယိုဒိုးရပ်စ်အမြင်တွင် လက်တင်စာပေအားလုံးကို ကျမ်းစာဖြန့်ချိရေးအတွက် အသုံးပြုရမည်။ ကျမ်းစာကိုနားလည်နိုင်ရန်နှင့် ယင်းတို့ကို အရည်အသွေးကောင်းကောင်းဖြင့် ကူးယူနိုင်ရန် ဂန္ထဝင်စာပေများကို ဖတ်ရှုလေ့လာ၊ ကူးယူရာတွင် ယခင်ကအသုံးပြုခဲ့သည့် အထောက်အကူပြုအရာအားလုံးကို အသုံးပြုရမည်ဖြစ်သည်။ အသစ်တီထွင်ထားသော ဂြိုဟ်လည်ပတ်စနစ်တစ်ခုကဲ့သို့ လက်တင်ယဉ်ကျေးမှုတစ်ခုလုံးသည် ဘုရားသခင့်စကားတော် နေမင်းကြီးကိုဝိုင်းပတ်သည့် ပတ်လမ်းတွင် လှည့်ပတ်နေရန်သဘောသက်ရောက်သည်” ဟုသမိုင်းပညာရှင် ပီတာဘရောင်းက ရေးသားထားသည်။
ကာစီယိုဒိုးရပ်စ်သည် သမ္မာကျမ်းစာတစ်အုပ်လုံးကို စုစည်းရန် ဘာသာပြန်များနှင့် သဒ္ဒါဆရာများကို ဗီဗေးရီးယန်းဘုန်းကြီးကျောင်းတွင် စုဝေးစေကာ တည်းဖြတ်မှုအဆင့်ဆင့်ကို ကိုယ်တိုင်ဂရုတစိုက်ကြီးကြပ်ပေးခဲ့သည်။ ဤလုပ်ဆောင်မှုကို ပညာတတ်အနည်းငယ်ထံ၌သာ သူအပ်နှင်းခဲ့သည်။ ဤသူတို့သည် စာကူးသူ၏အမှားများဟု ယူမှတ်ရသည့်အချက်များကို အလျင်စလိုမပြင်ရန်ဖြစ်သည်။ သဒ္ဒါနှင့်ပတ်သက်ပြီး ဒွိဟဖြစ်စရာတစ်ခုခုရှိနေလျှင် အများလက်ခံထားသည့် လက်တင်စကားအသုံးပြုနည်းထက် ရှေးကျမ်းစာလက်ရေးမိတ္တူများက ပို၍ခိုင်လုံသည်ဟု ယူမှတ်ကြရန်ဖြစ်သည်။ ကာစီယိုဒိုးရပ်စ်က ဤသို့ညွှန်ကြားသည်– “မှုတ်သွင်းခံအဖြစ် သိရှိလက်ခံထားသော ကျမ်းစာသားတစ်ခုကို လွယ်လွယ်နှင့်အပျက်အစီးမခံနိုင်သောကြောင့် သဒ္ဒါဆိုင်ရာဝိသေသထူးများကို . . . ရှေးမူမပျက် ထိန်းသိမ်းရမည်။ . . . ကျမ်းစာ၏သုံးနှုန်းတင်ပြနည်း၊ တင်စားဖော်ပြမှုနှင့် အီဒီယမ်တို့သည် စံယူထားသောလက်တင်ဘာသာစကားနှင့် သိသိသာသာကွဲလွဲနေလျှင်ပင် ‘ဟေဗြဲ’ ကိုယ်ပိုင်နာမည်များ သဏ္ဌာန်များမှာကဲ့သို့ ယင်းတို့ကို ရှေးမူမပျက် ထိန်းသိမ်းရမည်။”—ကမ်းဘရစ်ချ် သမ္မာကျမ်းစာသမိုင်း။
ကိုဒက်စ် ဂရန်ဒီအို
ဗီဗေးရီးယန်းဘုန်းကြီးကျောင်းရှိ စာကူးသမားများသည် လက်တင်ဘာသာဖြင့် သီးခြားတည်းဖြတ်ကျမ်း အနည်းဆုံးသုံးမျိုးထုတ်လုပ်ရန် တာဝန်ပေးခြင်းခံခဲ့ရသည်။ ယင်းတို့အနက် အတွဲကိုးတွဲပါရှိသည့်တစ်အုပ်တွင် ရှေးဟောင်းလက်တင်စာသားများပါဝင်ဖွယ်ရှိပြီး ၎င်းဘာသာပြန်ကျမ်းသည် ဒုတိယရာစုနှောင်းပိုင်းတွင် ထွက်ပေါ်လာသည်။ ဒုတိယအကြိမ်ထုတ်တွင်မူ လက်တင်ဗားဂိတ်ကျမ်းပါဝင်ပြီး ယင်းကို ဂျရုမ်းက ပဉ္စမရာစုအစပိုင်းလောက်တွင် ပြီးစီးခဲ့သည်။ “သာ၍ကြီးသော ကိုဒက်စ်” ဟုအဓိပ္ပာယ်ရှိ တတိယကျမ်းစောင်ဖြစ်သည့် ကိုဒက်စ်ဂရန်ဒီအိုကို ကျမ်းစာသားသုံးခုမှ ထုတ်နုတ်ယူထားသည်။ ဤနောက်ဆုံးထုတ်နှစ်အုပ်စလုံးသည် ကျမ်းစာစောင်အားလုံးကို အတွဲတစ်တွဲတည်းဖြင့် ပေါင်းစည်းထားသည်။
ကာစီယိုဒိုးရပ်စ်သည် အတွဲတစ်တွဲတည်း လက်တင်ကျမ်းစာများကို ဦးဆုံးထုတ်လုပ်သူဖြစ်ပုံရသည်၊ ယင်းတို့ကို ဖန်ဒဲ့တီစ် ဟုသူအမည်ပေးထားသည်။a ကျမ်းစာစောင်အားလုံးကို အတွဲတစ်တွဲတည်းစုစည်းလိုက်ခြင်း၏ လက်တွေ့ကျမှုကို သူကောင်းစွာတွေ့ရှိခဲ့မည်မှာမလွဲပေ၊ သို့ဖြင့် အတွဲပေါင်းမြောက်မြားစွာကို အချိန်ကုန်ခံ လှန်လှောရှာဖွေရခြင်းမရှိစေတော့ပေ။
တောင်ပိုင်းအီတလီမှ ဗြိတိသျှကျွန်းများသို့
ကာစီယိုဒိုးရပ်စ် သေဆုံး (စီ.အီး. ၅၈၃ ခုနှစ်ခန့်ဖြစ်နိုင်) ပြီးမကြာမီတွင် ကိုဒက်စ် ဂရန်ဒီအိုသည် ခရီးစနှင်လေသည်။ ထိုအချိန်က ဗီဗေးရီးယန်းစာကြည့်တိုက်၏ အပိုင်းတစ်ပိုင်းကို ရောမမြို့ရှိ လက်တာရန်စာကြည့်တိုက်သို့ ပြောင်းရွှေ့လိုက်သည်ဟု ယူဆကြသည်။ စီ.အီး. ၆၇၈ ခုနှစ်၌ အင်္ဂလို-ဆက်ဆွန် ကျောင်းထိုင် ချဲလ်ဖရစ်သည် ရောမတွင် ခေတ္တနေထိုင်ပြီးနောက် ပြန်လာချိန်တွင် ဤကိုဒက်စ်ကို ဗြိတိသျှကျွန်းစုသို့ တစ်ပါတည်းယူဆောင်လာသည်။ သို့နှင့် ယင်းသည် ချဲလ်ဖရစ်ဦးစီးသည့် ဘုန်းကြီးကျောင်းညီနောင်ဖြစ်သော ဝဲမောက်သ်နှင့် ဂျာရိုးတို့သို့ ရောက်ရှိလာလေသည်၊ ယင်းသည် ယခုအခါ အင်္ဂလန်နိုင်ငံ နော့သန်းဘရီးယားတွင်ရှိသည်။
ကာစီယိုဒိုးရပ်စ်၏ အတွဲတစ်တွဲတည်းကျမ်းစာသည် အသုံးပြုရလွယ်ကူခြင်းကြောင့် ချဲလ်ဖရစ်နှင့် သူ၏ဘုန်းကြီးများ၏အာရုံကို ဖမ်းစားခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် ဆယ်စုနှစ်အနည်းငယ်အတွင်း တစ်တွဲတည်း အခြားလုံးချင်းကျမ်းစာသုံးအုပ်ကို သူတို့ထုတ်လုပ်ခဲ့ကြသည်။ ယင်းတို့အနက် ကျန်ရှိသည့်တစ်ခုတည်းသောကျမ်းမှာ ကိုဒက်စ် အာမီယာတီးနပ်စ်ဟုခေါ်သည့် အလွန်ကြီးမားသောလက်ရေးမိတ္တူဖြစ်သည်။ ယင်းတွင် ၂၀×၁၃ လက်မရှိ နွားသားရေချပ် ၂,၀၆၀ ပါရှိသည်။ ယင်းသည် အဖုံးများအပါအဝင် ၁၀ လက်မထူပြီး ၇၅ ပေါင်လေးသည်။ ၎င်းသည် တည်ရှိနေဆဲ ရှေးအကျဆုံး အတွဲတစ်ခုတည်းလက်တင်ကျမ်းစာဖြစ်သည်။ ထင်ရှားသော ၁၉ ရာစုနှစ် ကျမ်းစာပညာရှင် ဖဲန်တန် ဂျေ. အေ. ဟော့တ်သည် ၁၈၈၇ ခုနှစ်တွင် ဤကိုဒက်စ်ကို ဖော်ထုတ်ပြခဲ့သည်။ ဟော့တ်က ဤသို့မှတ်ချက်ချခဲ့သည်– “ဤ [လက်ရေးမိတ္တူ] တစ်စောင်၏ အံ့ဖွယ်သရဲအဖြစ်ကို ခေတ်သစ်တွေ့မြင်လိုက်ရသူပင် စွဲမှတ်သွားမည်မှာမလွဲပေ။”
အီတလီသို့အပြန်
ကာစီယိုဒိုးရပ်စ်တာဝန်ချမှတ်ပေးခဲ့သည့် မူရင်းကိုဒက်စ် ဂရန်ဒီအိုသည် ယခုအစပျောက်နေပြီ။ သို့သော် ယင်း၏အင်္ဂလို-ဆက်ဆွန်မျိုးဆက် ကိုဒက်စ် အာမီယာတီးနပ်စ်ကို လက်စသတ်ပြီးမကြာမီတွင် အီတလီသို့အပြန်ခရီးစနှင်ခဲ့သည်။ ချဲလ်ဖရစ် မသေမီလေးတွင် ရောမသို့ပြန်သွားရန် သူဆုံးဖြတ်ခဲ့သည်။ ထိုအခါ သူသည် လက်တင်လက်ရေးမိတ္တူကျမ်းစာသုံးအုပ်အနက် တစ်အုပ်ကို ပုပ် ဂရီဂေါ်ရီ ၂ အားလက်ဆောင်ပေးရန် ယူဆောင်သွားခဲ့သည်။ ချဲလ်ဖရစ်သည် စီ.အီး. ၇၁၆ ခုနှစ်၌ လမ်းခုလတ်ဖြစ်သော ပြင်သစ်နိုင်ငံ လမ်းဂရီးမြို့တွင် ကွယ်လွန်သွားရှာသည်။ သို့သော် သူ၏ကျမ်းစာအုပ်သည် အခြားခရီးသည်အဖွဲ့နှင့် ခရီးဆက်ခဲ့လေသည်။ နောက်ဆုံးတွင် ဤကိုဒက်စ်သည် အီတလီနိုင်ငံအလယ်ပိုင်း မောင့်တ်အာမီယာတာဘုန်းကြီးကျောင်း၏ စာကြည့်တိုက်ထဲရောက်လာရာ ယင်းကြောင့် ကိုဒက်စ် အာမီယာတီးနပ်စ်အမည်တွင်လေသည်။ ၁၇၈၂ ခုနှစ်တွင် ထိုလက်ရေးမိတ္တူကို အီတလီနိုင်ငံ၊ ဖလောရင့်မြို့ရှိ မက်ဒီစီယံ လောရန်တီယန် စာကြည့်တိုက်သို့ နေရာပြောင်းရွှေ့ထားခဲ့ရာ ယင်းစာကြည့်တိုက်၏ အဖိုးအထိုက်တန်ဆုံးစာပေဖြစ်လေပြီ။
ကိုဒက်စ် ဂရန်ဒီအိုသည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်ခဲ့ပြီနည်း။ ကာစီယိုဒိုးရပ်စ်အချိန်ကတည်းက ကျမ်းကူးများနှင့် ပုံနှိပ်ထုတ်ဝေသူများသည် အတွဲတစ်တွဲတည်း ကျမ်းစာစောင်များကို ထုတ်လုပ်ရန် ပို၍နှစ်သက်ခဲ့ကြသည်။ ယနေ့အထိ ဤပုံစံဖြင့်ကျမ်းစာကိုရရှိထားခြင်းက ယင်းကို လူတို့လှန်လှောလေ့လာရန် လွယ်ကူစေသဖြင့် လူတို့၏အသက်တွင် ယင်း၏အစွမ်းတန်ခိုးမှ အကျိုးများစွာရရှိကြလေပြီ။—ဟေဗြဲ ၄:၁၂။
[အောက်ခြေမှတ်ချက်များ]
a ဂရိဘာသာဖြင့် လုံးချင်းကျမ်းစာများကို စတုတ္ထနှင့်ပဉ္စမရာစုနှစ်များကတည်းက ဖြန့်ချိနေပြီဖြစ်ကြောင်းတွေ့ရသည်။
[စာမျက်နှာ ၂၉ မြေပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကိုဒက်စ် ဂရန်ဒီအို၏ခရီးစဉ်
ဗီဗေးရီးယန်း ဘုန်းကြီးကျောင်း
ရောမ
ဂျာရိုး
ဝဲမောက်သ်
ကိုဒက်စ် အာမီယာတီးနပ်စ်၏ ခရီးစဉ်
ဂျာရိုး
ဝဲမောက်သ်
မောင့်တ်အာမီယာတာ
ဖလောရင့်မြို့
[Credit Line]
Mountain High Maps® Copyright © 1997 Digital Wisdom, Inc.
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
အထက်ပုံ– ကိုဒက်စ် အာမီယာတီးနပ်စ်– လက်ဝဲပုံ– ကိုဒက်စ် အာမီယာတီးနပ်စ်ရှိ ဧဇရပုံ
[Credit Line]
Biblioteca Medicea Laurenziana, Firenze