ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၈/၁၅ စာ. ၈-၁၁
  • အလုပ်လုပ်ရန် ပစိဖိတ်ကျွန်းများသို့ ထွက်ခွာခြင်း!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလုပ်လုပ်ရန် ပစိဖိတ်ကျွန်းများသို့ ထွက်ခွာခြင်း!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • နိုင်ငံပေါင်းစုံမှ လုပ်သားများသည် အရေးကြီးလိုအပ်ရာ ဖြည့်ဆည်းပေး
  • ဆောက်လုပ်ရေးအစီအစဉ်က ကောင်းစွာသက်သေခံမှုဖြစ်
  • နောင်တမရစေသော ကိုယ်ကျိုးစွန့်ခြင်းများ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၈/၁၅ စာ. ၈-၁၁

အလုပ်လုပ်ရန် ပစိဖိတ်ကျွန်းများသို့ ထွက်ခွာခြင်း!

ဩစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းနှင့်ဆစ်ဒနီ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ခရီးသည်များနားနေဆောင်တွင် ခါတိုင်းထက် ပို၍ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ၄၆ ဦးပါအဖွဲ့တစ်ဖွဲ့သည် နယူးဇီလန်၊ ဟာဝိုင်ယီနှင့် အမေရိကန်ပြည်ထောင်စုမှ အခြား ၃၉ ဦးနှင့် တွေ့ဆုံရန် နေရှိန်ပြင်းသောဆာမိုအာနိုင်ငံသို့ ခရီးထွက်ကြတော့မည်။ သူတို့၏ဝန်စည်စလယ်—အဓိကအားဖြင့် တူများ၊ လွှများနှင့် လွန်များစသော အခြေခံပစ္စည်းများ—မှာထူးခြားသည်၊ လှပသောပစိဖိတ်ကျွန်းတစ်ခုသို့ သွားသည့်ခရီးစဉ်တွင် ယင်းတို့ကိုယူဆောင်သွားလေ့မရှိပါ။ သို့ရာတွင် သူတို့၏ခရီးစဉ်သည် သာမန်ခရီးစဉ်မဟုတ်ခဲ့ချေ။

သူတို့၏ကိုယ်ပိုင်စရိတ်ဖြင့် ခရီးထွက်ကြကာ ယေဟောဝါသက်သေများ၏ ဩစတြေးလျဌာနခွဲရုံးမှ ဒေသဆိုင်ရာအင်ဂျင်နီယာရုံး၏ ကြီးကြပ်မှုအောက် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုတွင် အခကြေးငွေမယူဘဲ နှစ်ပတ်ခန့် အလုပ်လုပ်ကြတော့မည်ဖြစ်သည်။ စေတနာအလျောက် ထည့်ဝင်ထားသော အလှူငွေများဖြင့် ထောက်ပံ့ထားသည့် ဤစီမံကိန်းမှာ ပစိဖိတ်ကျွန်းများ၌ တစ်မုဟုတ်ချင်းတိုးများလာသော ယေဟောဝါသက်သေများ၏အသင်းတော်များအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမများ၊ အစည်းအဝေးခန်းမများ၊ သာသနာပြုအိမ်များနှင့် ဌာနခွဲ သို့မဟုတ် ဘာသာပြန်ဌာနများ ဆောက်လုပ်ရန်ဖြစ်သည်။ မိမိတို့၏နိုင်ငံများတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးအဖွဲ့များ၌ ပါဝင်ခဲ့ကြသူ လုပ်သားအချို့နှင့် တွေ့ဆုံကြစို့။

ခေါင်းမိုးတပ်ဆင်သူ မက်ခ်စ်သည် ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်၊ ကောင်ရာမြို့မှ ရောက်ရှိလာသည်။ သူသည် အိမ်ထောင်သည်ဖြစ်ပြီး ကလေးငါးယောက်ရှိ၏။ နယူးဇီလန်နိုင်ငံ၊ မွန်ဂါနယူးတောင်မှ လုပ်သားချင်းတစ်ဦးဖြစ်သော ရွိုင်သည် ဆေးသုတ်သူ၊ အင်္ဂတေကိုင်သူလည်းဖြစ်သည်။ ဤသူသည်လည်း အိမ်ထောင်သည်ဖြစ်ပြီး ကလေးလေးယောက်ရှိသည်။ အာနောလ်ဒ်သည် ဟာဝိုင်ယီမှဖြစ်သည်။ သူနှင့် သူ၏ဇနီးတွင် သားနှစ်ယောက်ရှိသည့်အပြင် သူသည် ရှေ့ဆောင် သို့မဟုတ် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးလည်းဖြစ်သည်။ အာနောလ်ဒ်သည် မက်ခ်စ်နှင့်ရွိုင်နည်းတူ သူ့ဇာတိအသင်းတော်တွင် အကြီးအကဲတစ်ဦးဖြစ်သည်။ ဤသူတို့သည်—၎င်းစီမံကိန်းတွင်ပါဝင်သူ အများစုကဲ့သို့ပင်—အချိန်ပိုသောကြောင့် စေတနာ့ဝန်ထမ်းနေကြခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ ယင်းအစား၊ သူတို့နှင့် သူတို့၏မိသားစုများသည် လိုအပ်ရာကို သိမြင်သည့်အတွက် ကူညီပေးနိုင်သမျှ ကူညီပေးလိုကြသည်။

နိုင်ငံပေါင်းစုံမှ လုပ်သားများသည် အရေးကြီးလိုအပ်ရာ ဖြည့်ဆည်းပေး

သူတို့၏အတတ်ပညာများနှင့် ဝန်ဆောင်လုပ်ငန်းများကို လိုအပ်နေသည့်တစ်နေရာမှာ အီကွေတာနှင့်နီးလျက် ဆာမိုအာနိုင်ငံ၏အနောက်မြောက်ဘက် ဝေးခေါင်သောသန္တာကျွန်းကိုးခုပေါ်တွင် နေထိုင်သည့်လူဦးရေ ၁၀,၅၀၀ ခန့်ရှိ ပစိဖိတ်ဒေသမှ တူဗာလူးနိုင်ငံတွင်ဖြစ်သည်။ ၎င်းကျွန်းများ သို့မဟုတ် သန္တာကျွန်းအသီးသီးတို့သည် အကျယ်အဝန်းအားဖြင့် တစ်စတုရန်းမိုင်ခန့်ရှိ၏။ ၁၉၉၄ ခုနှစ်တိုင်လေသော် ထိုနေရာရှိသက်သေခံ ၆၁ ဦးအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမ အသစ်တစ်ခုနှင့် ပိုကျယ်ဝန်းသည့်ဘာသာပြန်ဌာနတစ်ခု အရေးတကြီးလိုအပ်နေသည်။

အပူပိုင်းဒေသပစိဖိတ်၏ ဤနေရာတွင် မကြာခဏဖြစ်ပေါ်တတ်သော ပြင်းထန်သည့်ဆိုင်ကလုံးမုန်တိုင်းများကို ခံရပ်နိုင်ရန် အဆောက်အဦများကို ပုံစံရေးဆွဲ ဆောက်လုပ်ခဲ့ကြရသည်။ သို့သော် ဤကျွန်းများပေါ်တွင် အရည်အသွေးကောင်းသော အဆောက်အဦပစ္စည်း မရရှိနိုင်သလောက်ဖြစ်သည်။ ဖြေရှင်းနည်းကား အဘယ်နည်း။ အစိတ်အပိုင်းအားလုံး—ခေါင်မိုးအချပ်လိုက်၊ ဒိုင်းခွေများ၊ ပရိဘောဂနှင့်ခန်းဆီးများ၊ အိမ်သာခွက်များနှင့် ရေပိုက်ခေါင်းများအပြင် ဝက်အူများနှင့် သံများတို့ကိုပင်—ဩစတြေးလျမှ ကုန်သေတ္တာများဖြင့် တင်ပို့ခဲ့ရသည်။

ပစ္စည်းများမရောက်မီ ရှေ့ပြေးအုပ်စုငယ်တစ်စုသည် မြေနေရာကို ကြိုတင်ပြင်ဆင်ကာ အုတ်မြစ်ချခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာလုပ်သားများသည် အဆောက်အဦများကို ဆောက်လုပ်၍ ဆေးသုတ်ကာ ပရိဘောဂများဆင်ယင်ပေးရန် ရောက်လာခဲ့ကြ၏။

တူဗာလူးတွင် အဆိုပါလုပ်ဆောင်မှုအားလုံးတို့က ဒေသခံခရစ်ယာန်ဓမ္မဆရာတစ်ဦးကို ဒေါသထွက်စေခဲ့ပြီး သူက သက်သေခံများသည် “ဘေဘယ်လ်ရဲတိုက်” ဆောက်လုပ်နေပါသည်ဟူ၍ ရေဒီယိုမှကြေညာလိုက်သည်။ သို့သော် ဖြစ်ရပ်မှန်များကား အဘယ်နည်း။ “ကျမ်းစာဘေဘယ်လ်ရဲတိုက် ဆောက်ခဲ့ကြတဲ့သူတွေဟာ သူတို့ရဲ့ဘာသာစကားကို ဘုရားသခင်ကရှုပ်ထွေးစေခဲ့လို့ တစ်ယောက်နဲ့တစ်ယောက်နားမလည်နိုင်ကြတဲ့အခါ သူတို့ရဲ့စီမံကိန်းကိုစွန့်ပစ်ထားခဲ့ကြလို့ ရဲတိုက်မပြီးခဲ့ဘူး” ဟုစေတနာ့ဝန်ထမ်းလုပ်သား ဂရေမီက ပြောပြသည်။ (ကမ္ဘာဦး ၁၁:၁-၉) “ယေဟောဝါဘုရားသခင်အတွက် အလုပ်လုပ်တာကျတော့ အဲဒါနဲ့လုံးဝမတူဘူး။ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေ မတူကြပေမဲ့ စီမံကိန်းတွေအားလုံး အမြဲတမ်းပြီးတယ်။” နှစ်ပတ်သာကြာခဲ့သော ဤစီမံကိန်းသည်လည်း ထို့အတူဖြစ်၏။ ဝန်ကြီးချုပ်၏ဇနီးအပါအဝင် လူပေါင်း ၁၆၃ ဦးတို့သည် ၎င်း၏အပ်နှံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ဤစီမံကိန်း၏ကြီးကြပ်ရေးမှူး ဒါ့ဂ်သည် ၎င်းအတွေ့အကြုံကို ပြန်စဉ်းစားကာ ဤသို့ပြောသည်– “တခြားနိုင်ငံတွေက စေတနာ့ဝန်ထမ်းတွေနဲ့အတူ အလုပ်လုပ်ခဲ့ရတာ ပျော်စရာကြီးပဲ။ လုပ်ပုံလုပ်နည်းတွေမတူဘူး၊ အခေါ်အဝေါ်တွေလည်း မတူဘူး၊ တိုင်းတာနည်းစနစ်တွေကအစ မတူတာတောင် ဘာပြဿနာမှမဖြစ်ခဲ့ဘူး။” ယခု သူသည် ထိုသို့သောစီမံကိန်းများစွာတွင် ပါဝင်ခဲ့ပြီဖြစ်ရာ ဤသို့ထပ်ဆင့်ပြောသည်– “ဒါက ကျွန်တော့်ကို ဘာစိတ်ချစေသလဲဆိုတော့ ယေဟောဝါရဲ့လူမျိုးဟာ ဘယ်လောက်ပဲသီးခြားနယ်မြေကဖြစ်ဖြစ်၊ ဘယ်လောက်ပဲခက်ခဲနေပါစေ ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ကိုယ်တော့်ကျောထောက်နောက်ခံမှုနဲ့ အဆောက်အဦတစ်ခုကို ဆောက်ပြီးနိုင်တယ်ဆိုတာပဲ။ မှန်ပါတယ်၊ ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့သူတွေအများကြီးရှိတယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့ဝိညာဉ်တော်က ဖြစ်မြောက်အောင်မြင်စေတာပါ။”

အချို့အတွက် အမှန်တကယ်ပင် ကိုယ်ကျိုးစွန့်မှုဖြစ်သည့် အစားအသောက်ကျွေးမွေးရန်နှင့် တည်းခိုစရာနေရာများပေးရန်လည်း ထိုကျွန်းပေါ်မှ သက်သေခံမိသားစုများကို ဘုရားသခင်၏ဝိညာဉ်တော်က လှုံ့ဆော်ပေးခဲ့သည်။ ထိုသို့သောဧည့်ဝတ်ကျေပွန်မှု ခံစားခဲ့ရသူများကလည်း ၎င်းကို အလွန်ကျေးဇူးတင်လေးမြတ်ခဲ့ကြ၏။ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမှ ကဲန်သည် ပြင်သစ်ပိုင်ပေါ်လနီးရှားရှိ အသေးစားစီမံကိန်းတစ်ခုတွင် လုပ်အားပေးခဲ့ဖူးသည်။ သူက “ကျွန်တော်တို့ဟာ အစေခံဖို့လာခဲ့ကြပေမဲ့ ဘုရင်တွေလို ဆက်ဆံခံခဲ့ကြရတယ်” ဟုပြောပြသည်။ ဒေသခံသက်သေခံများကလည်း ဆောက်လုပ်ရေးလုပ်ငန်းတွင် တတ်နိုင်သမျှကူညီပေးကြသည်။ စော်လမွန်ကျွန်းများမှ အမျိုးသမီးများသည် အင်္ဂတေကို လက်ဖြင့်စပ်ခဲ့ကြသည်။ အမျိုးသား၊ အမျိုးသမီးအယောက်တစ်ရာသည် မိုးရေစိုရွှဲနေသောတောင်များပေါ်မှ သစ်တန်ချိန် ၄၀ ကျော်ကို သယ်ဆောင်ခဲ့ကြ၏။ လူငယ်များကလည်း ကူညီပေးခဲ့ကြသည်။ အစပိုင်းတွင် ဖော်ပြသောရွိုင်သည် ဤသို့ပြောပြသည်– “ဘိလပ်မြေနှစ်အိတ်၊ သုံးအိတ်ကို တစ်ခါထဲထမ်းတဲ့ လူငယ်ကျွန်းသားညီအစ်ကိုတစ်ယောက်ကို ကျွန်တော်မှတ်မိတယ်။ ဒိပြင် နေပူပူ၊ မိုးရွာရွာ ကျောက်စရစ်ခဲတွေကို တစ်နေ့လုံး ဂေါ်ပြားနဲ့ကော်ထည့်နေကြတယ်။”

၎င်းလုပ်ငန်းတွင် ဒေသခံသက်သေခံများ ပါဝင်လုပ်ဆောင်ခြင်းသည် နောက်ထပ်အကျိုးကျေးဇူးတစ်ခု ဖြစ်ပေါ်စေသည်။ ကင်းမျှော်စင်အသင်း၏ ဆာမိုအာဌာနခွဲရုံးက ဤသို့အစီရင်ခံသည်– “ကျွန်းသားညီအစ်ကိုတွေဟာ ဘုရားသခင့်နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ခြင်းနဲ့ ဆိုင်ကလုံးမုန်တိုင်းပြီးနောက် ပြန်မွမ်းမံဆောက်လုပ်ခြင်းမှာ သူတို့အသုံးပြုနိုင်မယ့် အတတ်ပညာတွေကို တတ်လာခဲ့ကြတယ်။ အလုပ်ရဖို့ခက်ခဲတဲ့နေရာမှာ ဝမ်းစာရေးအလုပ်ရဖို့လည်း အထောက်အကူရနိုင်တယ်။”

ဆောက်လုပ်ရေးအစီအစဉ်က ကောင်းစွာသက်သေခံမှုဖြစ်

ကောလင်းသည် ဟိုနီးယားရားမြို့တွင်ရှိခဲ့ပြီး စော်လမွန်ကျွန်းအစည်းအဝေးခန်းမ ဆောက်လုပ်ခဲ့ခြင်းကို တွေ့မြင်ခဲ့သည်။ သူသည် အလွန်သဘောကျကာ ကင်းမျှော်စင်အသင်း၏ ဒေသန္တရဌာနခွဲရုံးသို့ ပီဂျင်အင်္ဂလိပ်ဘာသာစကားဖြင့် ဤစာကို ရေးပို့ခဲ့သည်– “သူတို့အားလုံး စည်းလုံးကြပြီး ဘယ်သူမှလည်း စိတ်မဆိုးကြဘူး၊ မိသားစုတစ်စုလိုပဲ။” များမကြာမီတွင် သူသည် ၂၅ မိုင်ဝေးသည့် သူ၏ရွာအာရူးလီဂိုသို့ ပြန်သွားသောအခါ သူနှင့်သူ၏မိသားစုသည် သူတို့၏ကိုယ်ပိုင် ဘုရားသခင့်နိုင်ငံတော်ခန်းမကို ဆောက်လုပ်ခဲ့ကြသည်။ ထို့နောက် သူတို့သည် ဌာနခွဲရုံးသို့ ဤသို့နောက်ထပ်သတင်းပို့ခဲ့သည်– “ဟောပြောစင်တစ်ခုတောင်ပါတဲ့ ကျွန်တော်တို့ရဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမက အဆင်သင့်ပဲဆိုတော့ ဒီမှာ အစည်းအဝေးအချို့ကို ကျွန်တော်တို့ကျင်းပနိုင်မလား။” ချက်ချင်းစီစဉ်ပေးခဲ့ရာ လူ ၆၀ ကျော်မှန်မှန်တက်ရောက်နေကြပါသည်။

ဥရောပသမဂ္ဂအကြံပေးသူတစ်ဦးသည် တူဗာလူးမှ ၎င်းစီမံကိန်းကို မြင်တွေ့ခဲ့၏။ “လူတိုင်း ခင်ဗျားတို့နဲ့ပတ်သက်ပြီး တစ်လေသံထဲထွက်နေကြမှာပဲ၊ ကျွန်တော့်အတွက်တော့ တကယ့်ကိုအံ့ဖွယ်တစ်ပါးပဲ!” ဟုသူက လုပ်သားတစ်ဦးကို ထုတ်ဖော်ပြောဆိုခဲ့သည်။ တယ်လီဖုန်းအိတ်ချိန်းတွင် အလုပ်လုပ်သူ အမျိုးသမီးတစ်ဦးက တိုင်းတစ်ပါးမှရောက်ရှိနေသော အခြားစေတနာ့ဝန်ထမ်းတစ်ဦးကို ဤသို့မေးခဲ့သည်– “ဘယ်လိုဖြစ်လို့ ရှင်တို့အားလုံး ဒီလောက်တောင်ပျော်နေကြရတာလဲ။ ဒီမှာ အရမ်းပူအိုက်နေတာ!” သူတို့သည် ဤမျှလက်တွေ့ကျပြီး ကိုယ်ကျိုးစွန့်ကာ လုပ်ဆောင်သော ခရစ်ယာန်ဘာသာတရားကို ယခင်က တစ်ခါမျှမတွေ့ခဲ့ဖူးချေ။

နောင်တမရစေသော ကိုယ်ကျိုးစွန့်ခြင်းများ

“များစွာကြဲသောသူသည် များစွာရိတ်ရမည်” ဟု ၂ ကောရိန္သု ၉:၆ တွင်ကျမ်းစာကပြောသည်။ ထိုလုပ်သားများ၊ သူတို့၏မိသားစုများနှင့် သူတို့၏အသင်းတော်များသည် ပစိဖိတ်မှ သက်သေခံချင်းတို့ကို ကူညီပေးရာ၌ ဆက်၍ရက်ရောစွာကြဲလျက်ရှိကြသည်။ “ကျွန်တော့်အသင်းတော်က ကျွန်တော့်ရဲ့လေယာဉ်စရိတ် သုံးပုံတစ်ပုံကျော်ပေးခဲ့တဲ့အပြင် အတူလိုက်လာတဲ့ ကျွန်တော့်ယောက်ဖကလည်း နောက်ထပ်ဒေါ်လာ ၅၀၀ လှူခဲ့တယ်” ဟုဆစ်ဒနီအနီးရှိ ခင်ကန်ဘာမြို့မှ အကြီးအကဲရော့စ်က ပြောပြသည်။ အခြားလုပ်သားတစ်ဦးသည် ခရီးစရိတ်ရဖို့ သူ၏ကားကိုရောင်းခဲ့သည်။ အခြားတစ်ဦးမှာမူ မြေကွက်တစ်ကွက်ကို ရောင်းခဲ့၏။ ကယ်ဗင်သည် ဒေါ်လာ ၉၀၀ ထပ်လိုနေသည့်အတွက် သူ၏နှစ်နှစ်သားအရွယ်ခို ၁၆ ကောင်ကို ရောင်းဖို့ဆုံးဖြတ်ခဲ့သည်။ သူ၏အသိမိတ်ဆွေတစ်ဦးမှတစ်ဆင့် ၎င်းတို့အတွက် ဒေါ်လာ ၉၀၀ အတိအကျပေးဝယ်သူတစ်ဦးနှင့်တွေ့ရှိခဲ့သည်!

“စုစုပေါင်း ဒေါ်လာ ၆,၀၀၀ ရှိတဲ့ လေယာဉ်စရိတ်၊ ဆုံးရှုံးရတဲ့လခတွေနဲ့ နှိုင်းယှဉ်ရင် တန်ပါသလား” ဟုဒဲနီနှင့်ရှဲရမ်လ်တို့ မေးမြန်းခံခဲ့ကြရ၏။ “တန်တာပေါ့! အဲဒါရဲ့နှစ်ဆဆိုရင်တောင် တန်မှတန်ပဲ” ဟုသူတို့ဖြေဆိုခဲ့သည်။ နယူးဇီလန်၊ နယ်လ်စင်မှ အယ်လန်က ဤသို့ထပ်ဖြည့်စွက်ခဲ့သည်– “တူဗာလူးကိုသွားတဲ့ ကုန်ကျစရိတ်နဲ့ ဥရောပကိုသွားလို့ရတဲ့အပြင် ငွေတောင်ကျန်ဦးမယ်။ ဒါပေမဲ့ ဒီကောင်းချီးတွေရနိုင်မလား၊ နောက်ခံချင်းမတူတဲ့ ဒီလောက်များတဲ့မိတ်ဆွေတွေကော ရနိုင်မလား၊ ကိုယ့်အတွက်မဟုတ်ဘဲ တခြားသူအတွက် အကျိုးဆောင်ခွင့်ရနိုင်မလား။ မရနိုင်ပါဘူး! အဲဒီအပြင် ကျွန်တော့်ရဲ့ကျွန်းသားညီအစ်ကိုတွေကို ကျွန်တော်ဘာပေးပေး သူတို့က ကျွန်တော့်ကို ပိုပြီးတောင်ပြန်ပေးကမ်းခဲ့ကြတယ်။”

ဤအစီအစဉ်အောင်မြင်ရခြင်း၏ အဓိကအချက် နောက်တစ်ခုမှာ မိသားစု၏ထောက်ပံ့ကူညီမှုဖြစ်သည်။ ဇနီးသည်အချို့သည် သူတို့၏ခင်ပွန်းများနှင့်အတူ လိုက်လာခဲ့ကြပြီး လုပ်ငန်းခွင်တွင် ကူညီပေးနိုင်ခဲ့ကြသော်လည်း အခြားဇနီးသည်များမှာမူ ကျောင်းနေသေးသည့်ကလေးများကို ကြည့်ရှုစောင့်ရှောက်ရ၏၊ သို့မဟုတ် မိသားစုစီးပွားရေးလုပ်ငန်းကို ကူညီပံ့ပိုးရကြသည်။ “ကျွန်တော်အဝေးမှာရှိနေတုန်း ကလေးတွေနဲ့မိသားစုကို ကျွန်တော့်ဇနီးက တလိုတလားကြည့်ရှုစောင့်ရှောက်ပေးတာဟာ ကျွန်တော့်ထက် ပိုပြီးတောင်ကိုယ်ကျိုးစွန့်ရာကျတယ်” ဟုကလက်ကပြောခဲ့သည်။ မှန်ပါသည်၊ မိမိတို့၏ဇနီးသည်များကို အတူတကွမခေါ်သွားနိုင်ခဲ့သော ခင်ပွန်းသည်အားလုံးသည် ၎င်းနှင့် “သဘောတူ” ပါသည်ဟု တစ်ခဲနက်ပြောဆိုကြပါလိမ့်မည်!

တူဗာလူးစီမံကိန်းပြီးသွားကတည်းက စေတနာ့ဝန်ထမ်းလုပ်သားများသည် ဖီဂျီ၊ တွန်ဂါ၊ ပါပူဝါနယူးဂီနီ၊ နယူးကယ်လီဒိုးနီးယားနှင့် အခြားနေရာများတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမများ၊ အစည်းအဝေးခန်းမများ၊ ခရစ်ယာန်သာသနာပြုအိမ်များနှင့် ဘာသာပြန်ဌာနများ ဆောက်လုပ်ခဲ့ကြပေပြီ။ အရှေ့တောင်အာရှမှ ဒေသအချို့အတွက်ပါ အပါအဝင် စီမံကိန်းများစွာကို စီစဉ်ရေးဆွဲလျက်ရှိသေးသည်။ လုပ်သားအလုံအလောက်ရှိပါမည်လော။

ပြဿနာရှိမည်မဟုတ်သည်မှာ ထင်ရှားပါသည်။ “အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ ဒီနေရာကလူအားလုံးဟာ နောက်ထပ်စီမံကိန်းတစ်ခုပေါ်လာရင် သူတို့ကိုသတိရပါလို့ တောင်းဆိုခဲ့ကြတယ်” ဟုဟာဝိုင်ယီဌာနခွဲရုံးက အကြောင်းကြားသည်။ “သူတို့ အိမ်ပြန်ရောက်တာနဲ့ အဲဒီအတွက် စပြီးငွေစုကြတာပဲ။” ထိုသို့သော ကိုယ်ကျိုးစွန့်အပ်နှံမှုအပေါ် ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးကို ထပ်လောင်းသောအခါ စီမံကိန်းတစ်ခုသည် မည်သို့မအောင်မြင်ဘဲနေနိုင်မည်နည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

စီမံကိန်းအတွက် ကုန်ပစ္စည်းများ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လုပ်သားအဖွဲ့

[စာမျက်နှာ ၁၀ ပါပုံစာ]

စီမံကိန်းများ ပြီးဆုံးသွားသည်နှင့်အမျှ ဘုရားသခင်၏ဝိညာဉ်တော် ပြီးမြောက်အောင်မြင်စေခဲ့မှုအတွက် ကျွန်ုပ်တို့အားရဝမ်းသာခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ