ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁/၁၅ စာ. ၂၀-၂၂
  • သင့်ကိုယ်သင် မည်သို့ရှုမြင်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကိုယ်သင် မည်သို့ရှုမြင်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောဝတ်ပြုကိုးကွယ်သူတို့ စိတ်ကြီးဝင်နိုင်
  • ကိုယ့်ကိုယ်ကိုအရေးပါသည့်သဘောထား၏ ဆိုးကျိုးများ
  • ကျွန်ုပ်တို့ကိုယ်ကို မျှတစွာရှုမြင်ခြင်း
  • မျှတစွာရှုမြင်ခြင်း၏ ကောင်းချီးများ
  • ဘုရားသခင်နဲ့အတူ နှိမ့်ချကျိုးနွံစွာ လျှောက်လှမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • နှိမ့်ချသောသူတို့သည် ဝမ်းမြောက်ခြင်းရှိ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ကျိုးနွံမှုရှိဖို့ ဘာကြောင့် အရေးကြီးနေဆဲလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ကျိုးနွံခြင်း—ငြိမ်သက်ခြင်းကို တိုးပွားစေသော အရည်အချင်း တစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁/၁၅ စာ. ၂၀-၂၂

သင့်ကိုယ်သင် မည်သို့ရှုမြင်သနည်း

သူသည် မာနကြီးသူတစ်ဦးဖြစ်၏။ အစိုးရအဖွဲ့တွင် ရာထူးကြီးကြီးသို့ တိုးမြှင့်ခံခဲ့ရပြီးနောက် လူအားလုံး၏မြှောက်ပင့်ချီးမွမ်းခြင်းခံရ၍ အလွန်ပီတိဖြစ်နေသည်။ သို့သော် အခြားအရာရှိတစ်ဦးမှာ သူ့ကိုဂါရဝမပြုခြင်းအတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ လက်စားချေသည့်အနေနှင့် ဘဝင်မြင့်သောထိုအရာရှိသည် အင်ပါယာအတွင်းရှိ မိမိကိုပြစ်မှားသူနှင့် သူ၏လူမျိုးစုနောက်ခံရှိသူအားလုံးတို့ကို အဆုံးစီရင်ပစ်ရန် အကောက်ကြံခဲ့၏။ ကိုယ့်ကိုယ်ကိုအရေးပါသည်ဟုယူမှတ်မှု၏ အလွန်ကောက်ကျစ်သော သဘောထားပါတကား!

ထိုအကြံသမားသည် ပါးရှားဘုရင်အာရွှေရုထံ အခစားဝင်ရသော ရာထူးမြင့်မားသည့်အရာရှိ ဟာမန်ဖြစ်၏။ သူ့ရန်ငြိုးခံရသူကား မည်သူနည်း။ ဂျူးလူမျိုး မော်ဒကဲဖြစ်၏။ ဟာမန်၏ အမျိုးဖြုတ်သတ်ဖြတ်ခြင်းဆိုင်ရာ တန်ပြန်မှုမှာတရားလွန်ဖြစ်သော်လည်း ယင်းက မာနကြီးခြင်း၏ အန္တရာယ်နှင့် ရင်လေးဖွယ်ရာအကျိုးဆက်များကို သရုပ်ဖော်ပြသည်။ သူ၏ထောင်လွှားသောသဘောထားက အခြားသူတို့အတွက် သေရေးရှင်ရေးတမျှအရေးကြီးသည့်အခြေအနေကို ဖန်တီးစေရုံမက သူ့ကိုလည်း လူသူရှေ့နှိမ့်ချခြင်းခံရစေ၍ နောက်ဆုံးတွင် အသက်ဆုံးရှုံးစေခဲ့သည်။—ဧသတာ ၃:၁-၉; ၅:၈-၁၄; ၆:၄-၁၀; ၇:၁-၁၀။

စစ်မှန်သောဝတ်ပြုကိုးကွယ်သူတို့ စိတ်ကြီးဝင်နိုင်

‘ကျွန်ုပ်တို့၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေကြ’ ရန် ကျွန်ုပ်တို့ထံမှ ယေဟောဝါတောင်းဆိုတော်မူ၏။ (မိက္ခာ ၆:၈) သမ္မာကျမ်းစာတွင် ကိုယ့်ကိုယ်ကို ကျိုးနွံသောအမြင်ဖြင့် ဆက်၍မရှုမြင်ကြသူတို့၏မှတ်တမ်း မြောက်မြားစွာပါရှိသည်။ ယင်းကြောင့် သူတို့တွင် ပြဿနာများဖြစ်၍ ဝမ်းနည်းခဲ့ကြရသည်။ ဤဥပမာအချို့ကိုသုံးသပ်ကြည့်ခြင်းက မျှတသောအမြင်ဖြင့်မတွေးတောခြင်း၏ မိုက်မဲမှုနှင့် အန္တရာယ်ကိုသဘောပေါက်စေသည်။

ယေဟောဝါ၏ပရောဖက် ယောန၏ စဉ်းစားတွေးခေါ်ပုံသည် အစွန်းရောက်လွန်းသဖြင့် နိနေဝေမြို့ရှိ ဆိုးညစ်သောသူတို့အပေါ် ယေဟောဝါ၏တရားစီရင်ချက်အကြောင်း သတိပေးရန် ဘုရားသခင်ပေးအပ်သည့်တာဝန်ကိုရသောအခါ အခြားအရပ်သို့ထွက်ပြေးရန် သူကြိုးစားခဲ့၏။ (ယောန ၁:၁-၃) နောက်ပိုင်းတွင် နိနေဝေမြို့သားများ နောင်တရသည့်အထိ သူ၏ဟောပြောခြင်းလုပ်ငန်း အောင်မြင်ခဲ့သောအခါ ယောနသည် စိတ်ကောက်လေ၏။ သူသည် ပရောဖက်တစ်ဦးအနေဖြင့် မိမိ၏ဂုဏ်သိက္ခာထိခိုက်မည်ကို အလွန်အာရုံစိုက်ခဲ့ရာ ထောင်နှင့်ချီသောနိနေဝေမြို့သားတို့၏အသက်ကို သူတန်ဖိုးမထားခဲ့ချေ။ (ယောန ၄:၁-၃) ကျွန်ုပ်တို့သည် ကျိုးနွံစိတ်မရှိ ကိုယ့်ကိုယ်ကို အလွန်အရေးပါသည်ဟု ယူမှတ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ဝန်းကျင်ရှိ လူတို့နှင့် ဖြစ်ရပ်များကို မျှတစွာ၊ တိကျမှန်ကန်စွာ ဆက်လက်ရှုမြင်ရန်ခက်ခဲလာပေမည်။

ယုဒပြည်၏ မင်းကောင်းတစ်ပါးဖြစ်သော ဩဇိကိုလည်းသုံးသပ်ကြည့်ပါ။ သူ၏အတွေးအခေါ်စောင်းသွားသောအခါ သူသည် မာနထောင်လွှားစွာဖြင့် ယဇ်ပုရောဟိတ်တာဝန်အချို့ကို ပိုင်စိုးပိုင်နင်းယူဖို့ ကြိုးစားခဲ့သည်။ သူ့ကိုယ်သူ ထင်သင့်သည်ထက်ထင်ပြီး လွန်စွာရောင့်တက်၍ ပြုမူသောလုပ်ရပ်များကြောင့် ကျန်းမာရေးထိခိုက်၍ ဘုရားသခင့်မျက်နှာသာတော် ဆုံးရှုံးခဲ့ရလေသည်။—၂ ရာဇဝင်ချုပ် ၂၆:၃၊ ၁၆-၂၁။

မမျှတသောတွေးခေါ်မှုက ယေရှု၏တမန်တော်များကို ကျော့မိလုနီးပါးဖြစ်စေခဲ့၏။ သူတို့သည် မိမိဘုန်း၊ မိမိတန်ခိုးအာဏာကို အာရုံစူးစိုက်လွန်းလာခဲ့ကြသည်။ စမ်းသပ်မှုအကြီးအကျယ်ခံရသောအခါ သူတို့သည် ယေရှုကိုစွန့်၍ထွက်ပြေးခဲ့ကြ၏။ (မဿဲ ၁၈:၁; ၂၀:၂၀-၂၈; ၂၆:၅၆; မာကု ၉:၃၃၊ ၃၄; လုကာ ၂၂:၂၄) ကျိုးနွံမှုကင်းမဲ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုအရေးပါသည်ဟုယူဆခြင်းက ယေဟောဝါ၏ရည်ရွယ်တော်မူချက်နှင့် ကိုယ်တော်၏အလိုတော်နှင့်ပတ်သက်သော မိမိတို့၏အခန်းကဏ္ဍကို မျက်ခြည်ပြတ်လုမတတ်ဖြစ်စေခဲ့သည်။

ကိုယ့်ကိုယ်ကိုအရေးပါသည့်သဘောထား၏ ဆိုးကျိုးများ

မိမိကိုယ်ကို မျှတစွာမရှုမြင်တတ်ခြင်းကား နာကြည်းမှုကိုဖြစ်စေနိုင်သည်၊ အခြားသူတို့နှင့်ဆက်ဆံရေးကို ပျက်စီးစေနိုင်သည်။ ဥပမာ၊ အခန်းတစ်ခန်းတွင် လူနှစ်ယောက်ထိုင်၍ တစ်ဦးနှင့်တစ်ဦး စကားတိုးတိုးပြောဆိုရယ်မောနေကြသည်ကို တွေ့လိုက်ပေမည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုအာရုံစိုက်လွန်းသူတစ်ဦးဖြစ်ပါက သူတို့ စကားတီးတိုးပြောဆိုရုံနှင့် သူတို့သည် မိမိအကြောင်းပြောပြီးရယ်စရာလုပ်နေကြသည်ဟု မှားယွင်းစွာယူမှတ်မိပေမည်။ သူတို့၏အပြုအမူနှင့်ပတ်သက်၍ ဖြစ်နိုင်ဖွယ်အခြားမည်သည့်ရှင်းလင်းမှုကိုမျှ ကျွန်ုပ်တို့အား စဉ်းစားခွင့်မပြုဘဲ ဖြစ်စေနိုင်သည်။ သူတို့သည် အခြားမည်သူ့အကြောင်းပြောဆိုစရာရှိနိုင်မည်နည်း။ ထို့ကြောင့် စိတ်ထိခိုက်ပြီး ထိုသူနှစ်ဦးကို စကားလုံးဝမပြောတော့ရန် ဆုံးဖြတ်ပေမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကိုအရေးပါသည်ဟု အစွန်းရောက်ရှုမြင်သည့်အတွက် နာလည်မှုလွဲမှားခြင်းအပြင် မိတ်ဆွေများ၊ မိသားစုဝင်များ၊ အခြားသူများနှင့် ဆက်ဆံရေးပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။

မိမိတို့ကိုယ်ကို အလွန်အရေးထားသူတို့သည် သူတို့၏အစွမ်းအစများ၊ ပြုမူခဲ့ရာများ၊ ပိုင်ဆိုင်ရာများအကြောင်း တစ်ချိန်လုံးကြွားဝါနေရာမှ ကြွားလုံးထုတ်သူများဖြစ်လာနိုင်ပေသည်။ သို့မဟုတ် စကားလက်ဆုံပြောဆိုရာတွင် မိမိတို့အကြောင်းတစ်ခုခုကို အမြဲထုတ်ဖော်ပြောဆိုပေမည်။ ဤသို့ပြောဆိုခြင်းက စစ်မှန်သောမေတ္တာမရှိကြောင်းထင်ရှားပြီး တကယ်စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သို့နှင့် စိတ်ကြီးဝင်သူများသည် မိမိတို့ကိုယ်ကို အခြားသူတို့နှင့် စိတ်ဝမ်းကွဲစေလေ့ရှိသည်။—၁ ကောရိန္သု ၁၃:၄။

ယေဟောဝါသက်သေများအနေဖြင့် ကျွန်ုပ်တို့သည် လူထုရှေ့ဓမ္မအမှုဆောင်ရာတွင် လှောင်ပြောင်ကဲ့ရဲ့၊ အငြင်းပယ်ခံကြရပေမည်။ ဤဆန့်ကျင်မှုသည် အမှန်အားဖြင့် ကျွန်ုပ်တို့ကိုမဟုတ်ဘဲ ကျွန်ုပ်တို့ပေးသောသတင်း၏ရင်းမြစ်ဖြစ်သူ ယေဟောဝါကိုဆန့်ကျင်ခြင်းဖြစ်ကြောင်း သတိရရန်လိုသည်။ သို့သော် ကျွန်ုပ်တို့၏အရေးပါမှုကို တလွဲရှုမြင်ခြင်းက ရင်လေးဖွယ်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ညီအစ်ကိုတစ်ဦးသည် အိမ်ရှင်တစ်ဦး၏ပြစ်တင်ပြောဆိုသောစကားကို ဗွေယူပြီး ဆိုးဆိုးရွားရွားပြန်ပြောဆိုခဲ့သည်။ (ဧဖက် ၄:၂၉) ထို့နောက် အဆိုပါညီအစ်ကိုသည် တစ်အိမ်မှတစ်အိမ်ခရစ်ယာန်ဓမ္မအမှုတွင် လုံးဝမပါဝင်တော့ချေ။ မှန်ပါသည်၊ မာန်မာနက ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ကို အမျက်ထွက်စေနိုင်သည်။ ထိုသို့ မည်သည့်အခါမျှမဖြစ်စေရန် ကြိုးစားကြပါစို့။ ယင်းအစား ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ခွင့်ရခြင်းအတွက် လျော်ကန်သောကျေးဇူးတင်လေးမြတ်စိတ်ကို ဆက်ထိန်းထားနိုင်ရန် ယေဟောဝါ၏အကူအညီကို နှိမ့်ချစွာတောင်းဆိုကြပါစို့။—၂ ကောရိန္သု ၄:၁၊ ၇; ၁၀:၄၊ ၅။

ကိုယ့်ကိုယ်ကို အရေးပါသည်ဟုသဘောထားခြင်းက အလွန်လိုအပ်သောဆုံးမမှုကို မခံယူနိုင်ရန် အတားအဆီးဖြစ်စေနိုင်၏။ လွန်ခဲ့သည့်နှစ်အနည်းငယ်က အမေရိကအလယ်ပိုင်းနိုင်ငံတစ်နိုင်ငံတွင် ခရစ်ယာန်အသင်းတော်ရှိ သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ ဆယ်ကျော်သက်လူငယ်လေးတစ်ဦးသည် ဟောပြောချက်ပေးခဲ့ရ၏။ ကျောင်းကြီးကြပ်မှူးက သူအား သွန်သင်ချက်အချို့ကို တဲ့တိုးပေးခဲ့ရာ စိတ်ဆိုးသွားသောလူငယ်သည် သူ၏ကျမ်းစာကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး မည်သည့်အခါမျှပြန်မလာတော့ဟူသော ရည်ရွယ်ချက်ဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမမှ ခြေဆောင့်၍ထွက်သွားခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင် သူသည် မိမိ၏မာန်စွယ်ကိုချိုးနှိမ်လျက် ကျောင်းကြီးကြပ်မှူးနှင့် ပြန်လည်သင့်မြတ်အောင်ကြိုးစားခဲ့ပြီး သူ၏အကြံဉာဏ်ကို နှိမ့်ချစွာလက်ခံယူခဲ့သည်။ အချိန်တန်သော် ထိုလူငယ်သည် ခရစ်ယာန်တစ်ဦးအဖြစ် ရင့်ကျက်လာခဲ့သည်။

ကျိုးနွံမှုမရှိခြင်းနှင့် ကျွန်ုပ်တို့ကိုယ်ကို အလွန်အရေးပါသည်ဟုယူမှတ်ခြင်းက ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပျက်စီးစေနိုင်သည်။ နယပုံပြင် ၁၆:၅ က ဤသို့သတိပေးသည်– “မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။”

ကျွန်ုပ်တို့ကိုယ်ကို မျှတစွာရှုမြင်ခြင်း

ကျွန်ုပ်တို့ကိုယ်ကို အလွန်အရေးပါသည်ဟု မယူဆသင့်သည်မှာ ထင်ရှားပေသည်။ ယင်းကြောင့် ကျွန်ုပ်တို့ပြုမူပြောဆိုရာအပေါ် အလေးထားမှုမရှိသင့်ဟု ဆိုလိုနေခြင်းမဟုတ်သည်ကား မှန်ပါ၏။ ဦးစီးကြီးကြပ်မှူးများ၊ ဓမ္မအမှုထမ်းများ—အမှန်မှာ အသင်းတော်ရှိသူအားလုံး—၌ အလေးအနက်သဘောထားရှိသင့်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (၁ တိမောသေ ၃:၄၊ ၈; တိတု ၂:၂) သို့ဖြစ်၍ ခရစ်ယာန်များသည် ကိုယ့်ကိုယ်ကို ကျိုးနွံ၊ မျှတ၍ အလေးအနက်သဘောထားဖြင့် အမြဲရှုမြင်တတ်ရန် မည်သို့ကြိုးစားအားထုတ်မည်နည်း။

မိမိတို့ကိုယ်ကို မျှတစွာရှုမြင်တတ်သူများစွာ၏ အားပေးမှုဖြစ်စေသည့် ပုံဥပမာတို့ကို သမ္မာကျမ်းစာကဖော်ပြသည်။ အထူးကောင်းမွန်သောပုံသက်သေမှာ ယေရှုခရစ်၏နှိမ့်ချမှုဖြစ်၏။ ဘုရားသခင့်သားတော်သည် မိမိခမည်းတော်၏အလိုတော်ကိုဆောင်ရန်နှင့် လူသားတို့ ကယ်တင်ခြင်းရရှိရန် ဘုန်းရှိသောကောင်းကင်အရပ်ကို စိတ်လိုကိုယ်လျောက်စွန့်လွှတ်၍ မြေကြီးပေါ်တွင် နိမ့်ကျသောလူသားတစ်ဦးဖြစ်လာခဲ့သည်။ ကိုယ်တော်သည် ရိုင်းပျစွာဆက်ဆံခံရခြင်း၊ ကြမ်းတမ်းစွာပြုမူခံရခြင်းနှင့် အရှက်တကွဲသေဆုံးခဲ့ရခြင်းတို့ကို ခံရသော်ငြားလည်း ချုပ်တည်းမှုရှိပြီး ကိုယ်တော်၏ဂုဏ်ကျက်သရေကို ထိန်းသိမ်းထားခဲ့သည်။ (မဿဲ ၂၀:၂၈; ဖိလိပ္ပိ ၂:၅-၈; ၁ ပေတရု ၂:၂၃၊ ၂၄) ထိုသို့ ယေရှု မည်သို့ပြုနိုင်တော်မူခဲ့သနည်း။ ကိုယ်တော်သည် မိမိကိုယ်ကို ယေဟောဝါအပေါ် အကြွင်းမဲ့ပုံအပ်ထားပြီး ဘုရားသခင့်အလိုတော်ကိုဆောင်ရန် စိတ်ပိုင်းဖြတ်ထားတော်မူခဲ့၏။ ယေရှုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လုံ့လဝီရိယရှိရှိလေ့လာပြီး စိတ်ထက်သန်စွာဆုတောင်း၍ ဓမ္မအမှုတွင် အားသွန်ခွန်စိုက်ပါဝင်ခဲ့သည်။ (မဿဲ ၄:၁-၁၀; ၂၆:၃၆-၄၄; လုကာ ၈:၁; ယောဟန် ၄:၃၄; ၈:၂၈; ဟေဗြဲ ၅:၇) ယေရှု၏ပုံသက်သေကိုအတုယူခြင်းက ကိုယ့်ကိုယ်ကို အမြဲမျှတစွာရှုမြင်ရန် အကူအညီဖြစ်စေနိုင်သည်။—၁ ပေတရု ၂:၂၁။

ရှောလုမင်း၏သား ယောနသန်၏ပုံသက်သေကောင်းကိုလည်း သုံးသပ်ကြည့်ပါ။ သူ့ဖခင်၏မနာခံမှုကြောင့် ယောနသန်သည် ရှောလု၏မင်းရိုက်ရာကိုဆက်ခံခွင့် ဆုံးရှုံးခဲ့ရ၏။ (၁ ဓမ္မရာဇဝင် ၁၅:၁၀-၂၉) ယောနသန်သည် သူ၏ဆုံးရှုံးမှုကြောင့် စိတ်နာကြည်းခဲ့ပါသလော။ သူ့အစားအုပ်စိုးရမည့် လူငယ်ဒါဝိဒ်အပေါ် မနာလိုစိတ်ရှိခဲ့သလော။ ယောနသန်သည် သာ၍အသက်ကြီးပြီး ဒါဝိဒ်ထက်ပို၍အတွေ့အကြုံများခဲ့မည်ဖြစ်နိုင်သော်လည်း ကျိုးနွံနှိမ့်ချစွာဖြင့် ယေဟောဝါ၏အစီအစဉ်ကိုလိုက်နာခဲ့ပြီး ဒါဝိဒ်ကို သစ္စာရှိရှိကူညီပေးခဲ့သည်။  (၁ ဓမ္မရာဇဝင် ၂၃:၁၆-၁၈) ဘုရားသခင့်အလိုတော်ကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ခြင်းနှင့် ၎င်းကို စိတ်လိုကိုယ်လျောက်လက်ခံလိုခြင်းက ‘ကျွန်ုပ်တို့ကိုယ်ကို ထင်သင့်သည်အတိုင်းထက် လွန်၍မထင်ရန်’ ကူညီပေးပေလိမ့်မည်။—ရောမ ၁၂:၃။

ယေရှုက ကျိုးနွံခြင်းနှင့် နှိမ့်ချခြင်း၏တန်ဖိုးကို သင်ကြားပေးတော်မူခဲ့သည်။ တပည့်တော်များသည် မင်္ဂလာပွဲတစ်ခု၌ရှိသည့်အခါ သူတို့သည် “မြင့်မြတ်သောနေရာ” ကိုမယူသင့်ကြောင်း၊ အကြောင်းမှာ သာ၍ကျော်ကြားသောသူတစ်ဦးရောက်လာလျှင် သူတို့သည် နိမ့်သောနေရာသို့ဆင်းရ၍ နှိမ့်ချခြင်းကိုခံရပေမည်ဟူ၍ ပုံဥပမာဖြင့် ကိုယ်တော်သွန်သင်ခဲ့သည်။ အဆိုပါသင်ခန်းစာကို ရှင်းလင်းစွာသဘောပေါက်စေရန် ယေရှုက ဤသို့ထပ်ဆင့်ခဲ့သည်– “ကိုယ်ကိုကိုယ်ချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ရောက်လတ္တံ့။” (လုကာ ၁၄:၇-၁၁) ယေရှု၏ဆုံးမစကားကို နာယူကာ ‘စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်ကြခြင်း’ သည် ပညာရှိရာကျပေသည်။—ကောလောသဲ ၃:၁၂; ၁ ကောရိန္သု ၁:၃၁။

မျှတစွာရှုမြင်ခြင်း၏ ကောင်းချီးများ

ကျိုးနွံ၍ နှိမ့်ချသည့်သဘောထားရှိခြင်းက ယေဟောဝါ၏ကျေးကျွန်များကို သူတို့၏ဓမ္မအမှု၌ စစ်မှန်သောရွှင်လန်းမှုရှိစေ၏။ အကြီးအကဲများသည် နှိမ့်ချစွာဖြင့် ‘သိုးများကို သနားညှာတာစွာဆက်ဆံ’ သောအခါ ချဉ်းကပ်ရသာ၍လွယ်ကူသူများဖြစ်ပေမည်။ (တမန်တော် ၂၀:၂၈၊ ၂၉) ထိုအခါ အသင်းတော်ရှိသူအားလုံးက သူတို့နှင့်လွတ်လွတ်လပ်လပ်စကားပြောဆို၊ အကူအညီတောင်းခံနိုင်ကြပေမည်။ ထိုအခါ အသင်းတော်၌ နွေးထွေးသောမေတ္တာနှင့် ယုံကြည်ကိုးစားမှုစိတ်ဓာတ်ဖြင့် ရင်းနှီးခင်မင်ကြပေမည်။

ကိုယ့်ကိုယ်ကို အလွန်အရေးပါသည်ဟု သဘောမထားခြင်းက မိတ်ဆွေကောင်းများရရှိစေနိုင်၏။ ကျိုးနွံနှိမ့်ချခြင်းက ပြုမူဆောင်ရွက်မှုများ သို့မဟုတ် ရုပ်ပစ္စည်းများတွင် အခြားသူတို့ထက် ထင်ပေါ်ဖို့ကြိုးစားခြင်းနှင့် အပြိုင်အဆိုင်စိတ်ဓာတ်မရှိလာစေရန် ကူညီပေးလိမ့်မည်။ ဤဘုရားသခင့်ရေးရာအရည်အချင်းများက ကျွန်ုပ်တို့ကို ကိုယ်ချင်းစာနာစိတ်ပိုရှိစေမည်ဖြစ်ရာ အကူအညီလိုအပ်နေသူတို့ကို နှစ်သိမ့်ပေးရန်၊ ထောက်ပံ့ရန် ပို၍အသင့်ရှိစေသည်။ (ဖိလိပ္ပိ ၂:၃၊ ၄) လူတို့သည် မေတ္တာနှင့် ကြင်နာမှုပြခံကြရသောအခါ များသောအားဖြင့် ကောင်းစွာတုံ့ပြန်တတ်ကြ၏။ ယင်းသို့သော ကိုယ်ကျိုးမဖက်သည့် ဆက်ဆံမှုက ခိုင်မြဲသောမိတ်ဆွေဖွဲ့ခြင်းတို့အတွက် အခြေခံအုတ်မြစ် ဖြစ်လာသည်မဟုတ်ပေလော။ မိမိကိုယ်ကို အလွန်အရေးပါသည်ဟုမယူမှတ်ဘဲ ကျိုးနွံစိတ်ရှိခြင်း၏ အကျိုးကျေးဇူးကောင်းပါတကား။—ရောမ ၁၂:၁၀။

ကိုယ့်ကိုယ်ကို မျှတစွာရှုမြင်ခြင်းက အကယ်၍ သူတစ်ပါးကိုစိတ်ထိခိုက်စေခဲ့မိမည်ဆိုလျှင် မိမိအမှားကိုဝန်ခံရန် လွယ်ကူစေသည်။  (မဿဲ ၅:၂၃၊ ၂၄) ယင်းက ဆက်ဆံရေး သာ၍ကောင်းစေပြီး ပြန်၍သင့်မြတ်စေကာ အပြန်အလှန်လေးမြတ်မှုရှိစေ၏။ ခရစ်ယာန်အကြီးအကဲများအစရှိသော ကြီးကြပ်ရသူတို့သည် နှိမ့်ချကျိုးနွံမှုရှိမည်ဆိုလျှင် အခြားသူတို့အတွက် ကောင်းမှုပြုရန် အခွင့်အလမ်းသာ၍ရှိသည်။ (သု. ၃:၂၇; မဿဲ ၁၁:၂၉) နှိမ့်ချမှုရှိသူတစ်ဦးသည် မိမိအား ပြစ်မှားသူကို ခွင့်လွှတ်ရန် လွယ်ကူ၏။ (မဿဲ ၆:၁၂-၁၅) သူသည် မထီလေးစားပြုမူခံရမှုများအတွက် လွန်ကဲစွာတုံ့ပြန်မည်မဟုတ်ဘဲ အခြားအဘယ်နည်းဖြင့်မျှ ပြင်၍မရနိုင်သည့်အရေးကိစ္စများကို ယေဟောဝါပြုပြင်ပေးမည်ဖြစ်ကြောင်း သူယုံကြည်ကိုးစားပေလိမ့်မည်။—ဆာလံ ၃၇:၅; သု. ၃:၅၊ ၆။

ကျွန်ုပ်တို့ကိုယ်ကို ကျိုးနွံနှိမ့်ချစွာရှုမြင်ခြင်း၏ အကြီးမြတ်ဆုံးသောကောင်းချီးမှာမူ ယေဟောဝါ၏မျက်နှာသာတော်နှင့် နှစ်သက်မှုရရှိခြင်းပင်ဖြစ်၏။ “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (၁ ပေတရု ၅:၅) ကျွန်ုပ်တို့ကိုယ်ကိုထင်သင့်သည်ထက် ထင်ခြင်းကျော့ကွင်းထဲ ဘယ်တော့မျှ မကျပါစေနှင့်။ ယင်းအစား ယေဟောဝါစီစဉ်တော်မူသမျှတွင် ကျွန်ုပ်တို့၏နေရာကို နှိမ့်ချစွာသိမှတ်ထားကြပါစို့။ ‘ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေကြ’ ရန် ကိုယ်တော်၏တောင်းဆိုချက်နှင့်အညီရှိသူအားလုံးအတွက် ကြီးမြတ်သောကောင်းချီးများ သိုထားပါသည်။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယောနသန်သည် ဒါဝိဒ်ကို နှိမ့်ချစွာကူညီပေးခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ