ဉာဏ်ပညာကိုရယူကာ ဆုံးမပဲ့ပြင်မှုကိုလက်ခံ
ယေဟောဝါဘုရားသခင်သည် မိမိလူတို့၏ မဟာသွန်သင်ပေးရှင်ဖြစ်သည်။ ကိုယ်တော်သည် မိမိအကြောင်းကိုသာမက အသက်နှင့်ပတ်သက်၍လည်း သင်ပေး၏။ (ဟေရှာယ ၃၀:၂၀; ၅၄:၁၃; ဆာလံ ၂၇:၁၁) ဥပမာ၊ ယေဟောဝါသည် ဣသရေလလူမျိုးကို ပရောဖက်များ၊ လေဝိသားများ—အထူးသဖြင့် ယဇ်ပုရောဟိတ်များ—နှင့် အခြားပညာရှိသူများကို သွန်သင်ပေးသူများအဖြစ် အပ်နှင်းခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၅:၃; ယေရမိ ၁၈:၁၈) ပရောဖက်များသည် လူတို့ကို ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အရည်အသွေးများအကြောင်း သွန်သင်ပေးကြ၍ စစ်မှန်သောလမ်းကိုရွေးချယ်နိုင်ရန် အကြမ်းဖျင်းဖော်ပြခဲ့သည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိသားများတို့သည် ယေဟောဝါ၏ပညတ်တော်ကို သွန်သင်ပေးရမည့်တာဝန် ရရှိထားသည်။ ပညာရှိသောသူများ၊ သို့မဟုတ် အကြီးအကဲများသည် နေ့စဉ်အသက်ရှင်ရေးနှင့်ပတ်သက်၍ လက်တွေ့ကျဆုံးမစကားပေးခဲ့ကြသည်။
ဣသရေလလူမျိုးတွင် ပညာရှိသောသူများမှ ထင်ရှားသူမှာ ဒါဝိဒ်၏သားရှောလမုန်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၄:၃၀၊ ၃၁) ထင်ရှားကျော်ကြားဆုံးဖြစ်သောဧည့်သည်များမှ တစ်ဦးဖြစ်သူရှေဘမိဖုရားသည် သူ၏ဂုဏ်သရေနှင့်စည်းစိမ်ဥစ္စာကိုမြင်တွေ့ကာ ဤသို့ဝန်ခံခဲ့သည်– “အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှမမီ။ ကိုယ်တော်၏ပညာနှင့် ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသော သတင်းကိုလွန်ကဲပါ၏။” (၃ ဓမ္မရာဇဝင် ၁၀:၇) ရှောလမုန်၌ ဉာဏ်ပညာရှိခြင်း၏ လျှို့ဝှက်ချက်ကား အဘယ်နည်း။ ရှောလမုန်သည် ဘီ.စီ.အီး. ၁၀၃၇ တွင်ဣသရေလရှင်ဘုရင်ဖြစ်လာသောအခါ သူသည် “ဉာဏ်ပညာ၊ အသိပညာ” ရှိဖို့အတွက် ဆုတောင်းခဲ့သည်။ သူ၏တောင်းဆိုမှုကို ယေဟောဝါနှစ်သက်သဘောကျခဲ့သည့်အတွက် သူ့ကို အသိပညာ၊ ဉာဏ်ပညာနှင့် သိနားလည်မှုတို့ကိုပေးခဲ့၏။ (၂ ရာဇဝင်ချုပ် ၁:၁၀-၁၂; ၃ ဓမ္မရာဇဝင် ၃:၁၂၊ သမ) ရှောလမုန်သည် “နယပုံပြင်နည်းသုံးထောင် . . . ကိုဖွဲ့စီလေ” ခြင်းမှာ အံ့ဩစရာမဟုတ်ချေ! (၃ ဓမ္မရာဇဝင် ၄:၃၂၊ သမ) ၎င်းတို့အထဲမှအချို့ကို “အာဂုရ၏စကားများ” နှင့် “လေမွေလမင်း” ၏စကားများနှင့်အတူ နယပုံပြင်ကျမ်းတွင် မှတ်တမ်းတင်ခဲ့သည်။ (သု. ၃၀:၁; ၃၁:၁၊ သမ) အဆိုပါနယပုံပြင်များတွင် ဖော်ပြထားသော အမှန်တရားများသည် ဘုရားသခင်၏ဉာဏ်ပညာကို ပေါ်လွင်စေကာ ထာဝစဉ်တည်မည်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၀:၂၃၊ ၂၄) ၎င်းတို့ကိုစတင်ရေးခဲ့ချိန်မှစပြီး ယခုအချိန်အထိ ယင်းတို့သည် ပျော်ရွှင်အောင်မြင်သောအသက်တာရလိုသူ မည်သူမဆိုအတွက် မရှိမဖြစ်လိုအပ်ပါသည်။
အောင်မြင်မှုနှင့်ကျင့်ဝတ်ဆိုင်ရာသန့်ရှင်းမှု—မည်သို့နည်း
နယပုံပြင်ကျမ်း၏ဦးတည်ချက်ကို အဖွင့်စကားတွင် ဤသို့ရှင်းပြထားသည်– “ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းကိုသိကျွမ်း၍၊ ဉာဏ်ပဋိဘာန်စကားကို နားလည်စေရန်လည်းကောင်း၊ ပညာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားစောင့်ခြင်း၊ တော်မှန်ညီညွတ်ခြင်းများဆိုင်ရာ ဆုံးမသွန်သင်ခြင်းကို ခံယူစေရန်လည်းကောင်း၊ မလိမ္မာသောသူသည် လိမ္မာသောဉာဏ်၊ ပျိုရွယ်သောသူလည်း၊ အသိပညာနှင့်ကြံစည်သောဉာဏ်ကိုရစေရန်လည်းကောင်း . . . ဒါဝိဒ်မင်းသားတော် ဣသရေလလူမျိုး ရှောလမုန်ဘုရင်မင်း စီရင်သောနယပုံပြင်ကျမ်း” ဖြစ်သည်။—သု. ၁:၁-၆၊ သမ။
“ရှောလမုန် . . . စီရင်သောနယပုံပြင်ကျမ်း” သည်မြင့်မြတ်သောဦးတည်ချက်အတွက်ပါတကား! ၎င်းကား “ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းကိုသိကျွမ်း” ခြင်းအတွက်ဖြစ်သည်။ ဉာဏ်ပညာသည် အရှိကိုအရှိအတိုင်းသိမြင်ခြင်းနှင့် ပြဿနာများကိုဖြေရှင်းပေးသည့်၊ ပန်းတိုင်များသို့အရောက်လှမ်းစေသည့်၊ အန္တရာယ်များကိုရှောင်ရှားပယ်ဖျက်စေသည့်၊ သို့မဟုတ် ထိုအတိုင်းပြုလုပ်ရန် အခြားသူများကိုကူညီပေးသည့်အသိပညာကို အသုံးပြုခြင်းတို့ဖြစ်သည်။ “နယပုံပြင်ကျမ်းတွင် ‘ဉာဏ်ပညာသည်’ ပညာရှိစွာရွေးချယ်နိုင်စွမ်းနှင့် အောင်မြင်စွာနေထိုင်နိုင်စွမ်းရှိခြင်းဖြစ်သော ကျွမ်းကျင်ပိုင်နိုင်သောအသက်တာကိုဆိုလိုသည်” ဟုစာအုပ်တစ်အုပ်ကဆို၏။ ဉာဏ်ပညာကိုဆည်းပူးခြင်းသည် အရေးကြီးလေစွ!—သု. ၄:၇။
ရှောလမုန်၏နယပုံပြင်ကျမ်းသည် ဆုံးမသွန်သင်မှုလည်းပေးသည်။ အဆိုပါလေ့ကျင့်သင်ကြားမှုကို ကျွန်ုပ်တို့လိုအပ်ပါသလော။ သမ္မာကျမ်းစာတွင် ဆုံးမသွန်သင်မှုဟုဆိုရာ၌ တည့်မတ်ပေးခြင်း၊ ပြောဆိုဆုံးမခြင်း၊ သို့မဟုတ် ရိုက်၍ဆုံးမခြင်းသဘောသက်ရောက်၏။ ကျမ်းပညာရှင်တစ်ဦးအရ “မိုက်မဲသောအပြုအမူများ သို့မဟုတ် အတွေးများ ဖြစ်ပေါ်စေနိုင်သည့်ဘက်သို့ တိမ်းယိမ်းခြင်းအား တည့်မတ်ပေးခြင်းနှင့်ဆက်နွှယ်နေသည့် စိတ်ပိုင်းဆိုင်ရာအခြေအနေကို လေ့ကျင့်ပေးခြင်းဟု အဓိပ္ပာယ်ရသည်” ဟုဆို၏။ မိမိကိုယ်ကို သို့မဟုတ် အခြားသူက ဆုံးမသွန်သင်ခြင်းသည် အပြစ်မလုပ်မိရန် ကာကွယ်ပေးသည့်အပြင် ပို၍ကောင်းလာစေရန်လည်း လှုံ့ဆော်ပေးသည်။ မှန်ပါသည်၊ ကျင့်ဝတ်ဆိုင်ရာသန့်ရှင်းမှုရှိလိုပါက ဆုံးမသွန်သင်ခံရဖို့လိုအပ်သည်။
ထို့ကြောင့် နယပုံပြင်ကျမ်း၏ဦးတည်ချက်နှစ်ခုမှာ ဉာဏ်ပညာပေးခြင်းနှင့် ဆုံးမသွန်သင်ပေးခြင်းတို့ဖြစ်သည်။ ကျင့်ဝတ်ဆိုင်ရာဆုံးမသွန်သင်မှုနှင့် မြင့်မားသည့်ဉာဏ်ရည်တို့တွင် အသွင်များစွာရှိသည်။ ဥပမာ၊ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှုသည် ကျင့်ဝတ်ဆိုင်ရာအရည်အသွေးများဖြစ်ပြီး ယင်းတို့သည် ယေဟောဝါ၏မြင့်မားသောစံနှုန်းများကိုစောင့်ထိန်းရန် ကျွန်ုပ်တို့ကိုထောက်ကူပေး၏။
ဉာဏ်ပညာသည် သိနားလည်ခြင်း၊ ထိုးထွင်းသိမြင်ခြင်း၊ လိမ္မာပါးနပ်ခြင်းနှင့် ဆင်ခြင်နိုင်စွမ်းတို့ပါဝင်သည့် အကြောင်းအရာများစွာနှင့်ရောနှောနေသည်။ သိနားလည်ခြင်းဟူသည် ကိစ္စရပ်ထဲမြင်နိုင်စွမ်းရှိကာ ကဏ္ဍရပ်များနှင့်တစ်ခုလုံးစပ်ကြား ဆက်နွှယ်မှုများကိုခြုံငုံမိခြင်းဖြင့် ၎င်း၏ဆိုလိုရင်းကို ပိုင်းခြားသိမြင်ခြင်းဖြစ်သည်၊ သို့ဖြင့် ယင်းကို သဘောပေါက်ခြင်းဖြစ်သည်။ ထိုးထွင်းသိမြင်ခြင်းမူကား အကျိုးအကြောင်းများကို သိထားကာ လမ်းစဉ်တစ်ခုသည် အဘယ်ကြောင့်မှန်သည် သို့မဟုတ် မှားသည်ကို နားလည်သဘောပေါက်ခြင်းတို့ဖြစ်သည်။ ဥပမာ၊ တစ်ဦးတစ်ယောက်သည် ခြေလှမ်းမှားနေချိန်တွင် သိနားလည်မှုရှိသူတစ်ဦးသည် ယင်းကို ပိုင်းခြားသိမြင်နိုင်ကာ အန္တရာယ်ရှိကြောင်း ချက်ချင်းသတိပေးပေမည်။ သို့ရာတွင် တစ်စုံတစ်ယောက်သောသူသည် ထိုခြေလှမ်းသို့ အဘယ်ကြောင့်ဦးတည်နေရသည်ကို နားလည်သဘောပေါက်ရန်နှင့် သူ့အားကယ်ဆယ်ဖို့ အထိရောက်ဆုံးနည်းကိုသုံးရန် သူ့တွင် ထိုးထွင်းသိမြင်ခြင်းရှိဖို့လိုသည်။
လိမ္မာပါးနပ်ခြင်းရှိသူတို့သည် မြော်မြင်ဆင်ခြင်တတ်ပြီး ယုံလွယ်သူများမဟုတ်ပေ။ (သု. ၁၄:၁၅) သူတို့သည် ဘေးအန္တရာယ်ကိုကြိုမြင်တတ်ကာ ၎င်းအတွက် ကြိုတင်ပြင်ဆင်ကြ၏။ ဉာဏ်ပညာသည် ဘဝတွင် ရည်ရွယ်ချက်ရှိသောလမ်းညွှန်ချက်ပေးသည့် အကျိုးရှိအတွေးအခေါ်များနှင့်အကြံအစည်များကို အတိအကျဖော်ပြပေးသည်။ ဉာဏ်ပညာနှင့်ဆုံးမပဲ့ပြင်ခြင်းကို ကျွန်ုပ်တို့သိရှိနိုင်ဖို့အတွက် နယပုံပြင်ကျမ်းကို ရေးသားဖော်ပြထားသောကြောင့် ၎င်းကိုဖတ်ရှုခြင်းသည် အကျိုးရှိမည်မှာအမှန်ပင်။ နယပုံပြင်များကိုသတိမူသော “မလိမ္မာသောသူ” ပင်လျှင် လိမ္မာပါးနပ်မှုကိုရရှိလိမ့်မည်၊ “ပျိုရွယ်သောသူ” လည်းအသိပညာနှင့်စဉ်းစားနိုင်စွမ်းကိုရပါလိမ့်မည်။
ပညာရှိအတွက်နယပုံပြင်များ
သို့ရာတွင် နယပုံပြင်ကျမ်းသည် မလိမ္မာသောသူနှင့် ပျိုရွယ်သောသူတို့အတွက်သာမဟုတ်ချေ။ ယင်းတို့သည် ဉာဏ်ပညာရှိရှိနားထောင်နိုင်သူ မည်သူမဆိုအတွက်ဖြစ်သည်။ “ပညာရှိသောသူသည်၊ နာခံသဖြင့် အသိအမြင်တိုးပွားလျက်၊ ဉာဏ်ကောင်းသောသူလည်း၊ ပဲ့ပြင်နိုင်စေရန်လည်းကောင်း၊ နယပုံပြင်မှစသော၊ ဥပမာစကားများနှင့်၊ ပညာရှိတို့စကားနက် စကားဝှက်များကို နားလည်ကြ” လိမ့်မည်ဟူ၍ ဘုရင်ရှောလမုန်ပြောသည်။ (သု. ၁:၅၊ ၆၊ သမ) ဉာဏ်ပညာကိုရရှိပြီးသူသည် နယပုံပြင်များကို ဂရုမူခြင်းဖြင့် သူ၏ပညာကိုတိုးပွားစေမည်ဖြစ်ပြီး သိနားလည်သူသည် သူ၏ဘဝကို အောင်မြင်စွာပဲ့ကိုင်နိုင်စွမ်းအား ထက်မြက်စေမည်ဖြစ်သည်။
နယပုံပြင်သည် စကားအနည်းငယ်ဖြင့် လေးနက်သောအမှန်တရားကို ဖော်ပြလေ့ရှိသည်။ နယပုံပြင်ကျမ်းတစ်ချက်သည် ရှုပ်ထွေးသောအသွင်ရှိပေမည်။ (သု. ၁:၁၇-၁၉) နယပုံပြင်အချို့သည် အဓိပ္ပာယ်ဖော်ထုတ်ဖို့လိုသော ရှုပ်ထွေးခက်ခဲသောဖော်ပြချက်များ၊ စကားဝှက်များဖြစ်သည်။ နယပုံပြင်တွင် တင်စားချက်များ၊ ဥပမာများနှင့် အခြားဥပစာအသုံးများလည်းပါရှိပေမည်။ ယင်းတို့ကို သဘောပေါက်နားလည်နိုင်ရန် အချိန်ယူကာ တွေးတောဆင်ခြင်ရ၏။ နယပုံပြင်များစွာကို ရေးသားစီကုံးသူရှောလမုန်သည် နယပုံပြင်ကိုနားလည်စေသည့်သဘော အမှန်ပင်ပေါက်ထားသည်။ နယပုံပြင်ကျမ်းတွင် သူသည် စာရှုသူများကို ၎င်းစွမ်းရည်ရှိစေလို၍ ယင်းကို ပညာရှိသူတစ်ဦး သတိပြုထိုက်ပေသည်။
ရည်ရွယ်ချက်ပန်းတိုင်သို့ပို့ဆောင်သည့် မူလအစ
ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းကို အဘယ်နေရာမှ စတင်ဆည်းပူးမည်နည်း။ ရှောလမုန်က ဤသို့အဖြေပေးသည်– “ထာဝရဘုရားကို ခန့်ညားသောသဘောသည် အသိပညာ၏ စတည်ရာဖြစ်၏။ သူမိုက်တို့မူကား၊ ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းကို မထီလေးစားပြုတတ်ကြ၏။” (သု. ၁:၇၊ သမ) အသိပညာသည် ယေဟောဝါအား ခန့်ညားသောသဘောနှင့်စတည်သည်။ အသိပညာမရှိလျှင် ဉာဏ်ပညာ သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းမရှိနိုင်ချေ။ ထို့ကြောင့် ယေဟောဝါအား ခန့်ညားခြင်းသဘောသည် ဉာဏ်ပညာနှင့်ဆုံးမပဲ့ပြင်ခြင်း၏မူလအစဖြစ်ပါသည်။—သု. ၉:၁၀; ၁၅:၃၃။
ဘုရားသခင်အားခန့်ညားခြင်းမှာ ကိုယ်တော်အား ထိတ်လန့်ကြောက်ရွံ့ခြင်းမဟုတ်ချေ။ ယင်းအစား၊ အလွန်ရိုသေကြည်ညိုကျိုးနွံခြင်းပင်ဖြစ်သည်။ ဤခန့်ညားခြင်းကင်းမဲ့လျှင် စစ်မှန်သောအသိပညာမရှိနိုင်ချေ။ အသက်သည် ယေဟောဝါဘုရားသခင်ထံမှဖြစ်ပြီး ကျွန်ုပ်တို့အသိပညာရှိဖို့ရန် အသက်သည်အရေးပါသည်။ (ဆာလံ ၃၆:၉; တမန်တော် ၁၇:၂၅၊ ၂၈) ထို့ပြင် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့သောကြောင့် လူ့အသိပညာရှိရှိသမျှသည် ကိုယ်တော်၏လက်ရာတော်ကို လေ့လာခြင်းအပေါ်အခြေခံသည်။ (ဆာလံ ၁၉:၁၊ ၂; ဗျာဒိတ် ၄:၁၁) ဘုရားသခင်သည် “[ဆုံးမ] ပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကိုပြုတတ်” သည့်ရေးသားထားသော ကိုယ်တော်၏နှုတ်မြွက်စကားတော်ကိုလည်း မှုတ်သွင်းတော်မူခဲ့သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့ဖြင့် စစ်မှန်သောအသိပညာရှိသမျှ၏အချက်အချာသည် ယေဟောဝါဖြစ်ပြီး အသိပညာရှာနေသူသည် ကိုယ်တော်အား ရိုသေခန့်ညားကြောက်ရွံ့ရမည်။
ဘုရားသခင်ကိုခန့်ညားခြင်းသဘောမရှိဘဲ လူ့အသိပညာနှင့်လောကပညာသည် တန်ဖိုးရှိမည်လော။ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “ပညာရှိကားအဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည်မဟုတ်လော။” (၁ ကောရိန္သု ၁:၂၀) ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းမရှိသော လောကီပညာရှင်သည် သိရှိခဲ့သည့်အချက်များကို တလွဲအဓိပ္ပာယ်ကောက်ကာ ‘မိုက်မဲခြင်းမျှ’ ဖြင့်အဆုံးသတ်သည်။
“လည်ဆွဲတန်ဆာ” ဖြစ်
ထို့နောက် ပညာရှိရှင်ဘုရင်သည် လူငယ်များကို ဤသို့ပြောသည်– “ငါ့သား အဘ၏ဆုံးမခြင်းကို နာခံလော့။ အမိပြသော တရားကိုလည်း မစွန့်နှင့်။ ထိုတရားများသည် သင်၌တင့်တယ်သော ဦးရစ်၊ လည်ဆွဲတန်ဆာများဖြစ်လိမ့်မည်။”—သု. ၁:၈၊ ၉၊ သမ။
ရှေးဣသရေလလူမျိုးခေတ်တွင် မိဘများသည် မိမိတို့သားသမီးများကိုသွန်သင်ပေးရသည့် ဘုရားပေးတာဝန်ကို ရရှိခဲ့ကြသည်။ မောရှေက ဖခင်များကို ဤသို့အလေးအနက်တိုက်တွန်းခဲ့သည်– “ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၆၊ ၇) မိခင်များလည်း အတော်အတန်သြဇာရှိသည်။ ဟေဗြဲဇနီးသည်တစ်ဦးသည် မိမိခင်ပွန်း၏အခွင့်အာဏာဘောင်အတွင်း မိသားစုပညတ်ကို လိုက်နာဖို့ကြပ်မတ်ပေးနိုင်သည်။
အမှန်မှာ၊ ပညာပေးရန်အတွက် မိသားစုသည် အခြေခံအုပ်စုဖြစ်ကြောင်းကို ကျမ်းစာတစ်လျှောက်လုံး၌ဖော်ပြထားသည်။ (ဧဖက် ၆:၁-၃) ယုံကြည်သူမိဘများ၏စကားကို သားသမီးများနာခံခြင်းသည် ဆွဲဆောင်မှုရှိသောပန်းကုံး၊ အသရေရှိသောလည်ဆွဲတို့နှင့် ပုံဆောင်တန်ဆာဆင်ထားသည့်အလားဖြစ်သည်။
“ထိုစီးပွားသည် မိမိအရှင်၏ အသက်ကိုသတ်တတ်၏”
အာရှတိုက်သားဖခင်တစ်ဦးသည် သူ၏ ၁၆ နှစ်အရွယ်ရှိသားကို အဆင့်မြင့်ပညာဆည်းပူးဖို့ အမေရိကန်ပြည်ထောင်စုသို့မပို့မီ ဆိုးသွမ်းသူများနှင့်မပေါင်းသင်းရန် မှာကြားခဲ့သည်။ ဤမှာကြားချက်သည် ရှောလမုန်၏ဤသတိပေးချက်ကို ပဲ့တင်ထပ်သည်– “ငါ့သား၊ သင့်ကို အပြစ်သားတို့သွေးဆောင်လျှင် မလိုက်လျောနှင့်။” (သု. ၁:၁၀၊ သမ) သို့သော် ရှောလမုန်သည် လူဆိုးတို့သွေးဆောင်မှုကို ဤသို့ထောက်ပြသည်– “ထိုသူတို့က ‘အသွေးသွန်းရန် ငါတို့နှင့်အတူလိုက်၍ ချောင်းမြောင်းလျက် အပြစ်ကင်းသူကို အကြောင်းမဲ့ချောင်းကြည့်ကြကုန်အံ့။ သင်္ချိုင်းတွင်းထဲသို့ ဆင်းရသောသူတို့ကို မရဏာ့နိုင်ငံမျိုသကဲ့သို့ ထိုသူတို့ကို အသက်ရှင်လျက်ပင် တစ်ကိုယ်လုံးမျိုစားကြကုန်အံ့။ အဖိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးတွေ့သဖြင့် ငါတို့အိမ်များကို လက်ရဥစ္စာနှင့် အပြည့်ရှိစေကြမည်။ ငါတို့နှင့်အတူပါဝင်၍ ရှိသမျှတို့၌ ငွေတစ်အိတ်တည်းရှိလိမ့်မည်။’”—သု. ၁:၁၁-၁၄၊ သမ။
ထိုသွေးဆောင်မှုသည် ချမ်းသာကြွယ်ဝခြင်းဖြစ်သည်မှာ ထင်ရှားပါသည်။ မြန်မြန်အမြတ်ရရှိဖို့အတွက် “အပြစ်သားတို့” သည်အခြားသူများကို သူတို့၏အကြမ်းဖက် သို့မဟုတ် မတရားကြံစည်မှုများတွင် ပါဝင်ပတ်သက်လာရန် သွေးဆောင်ကြသည်။ ဤလူဆိုးများသည် ဥစ္စာပစ္စည်းရရန် သွေးသွန်းဖို့ဝန်မလေးကြချေ။ သူတို့သည် ‘ရှီးအိုးလ်မျိုသကဲ့သို့ သူတို့၏သားကောင်ကို အသက်ရှင်လျက်ပင် တစ်ကိုယ်လုံးမျို’ ကာသင်္ချိုင်းသည် ကိုယ်ခန္ဓာတစ်ကိုယ်လုံးကို လက်ခံယူသကဲ့သို့ သူ့တွင်ရှိသမျှကို လုယူကြသည်။ ရာဇဝတ်မှုကျူးလွန်ဖို့ သူတို့ဖိတ်ခေါ်ကြသည်၊ ‘သူတို့အိမ်များကို လက်ရဥစ္စာနှင့် အပြည့်ရှိစေ’ လိုကြကာ အတွေ့အကြုံနည်းသူကို ‘သူတို့နှင့်အတူပါဝင်’ စေလိုကြသည်။ ၎င်းသည် ကျွန်ုပ်တို့အတွက် အချိန်မီသတိပေးချက်တစ်ခုပါတကား! လူငယ်ဂိုဏ်းများနှင့်မူးယစ်ဆေးဝါးကုန်သည်များသည် ထိုသို့သော စည်းရုံးသည့်နည်းများကို အသုံးပြုနေကြသည်မဟုတ်လော။ အလျင်အမြန်ချမ်းသာကြွယ်ဝလာမည်ဟူသောကတိသည် သံသယဖြစ်ဖွယ်စီးပွားများစွာ၏ သွေးဆောင်နည်းမဟုတ်ပေလော။
ပညာရှိဘုရင်က “ငါ့သား၊ သူတို့နှင့်အတူမလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။ အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာသို့ပြေး၍၊ လူအသက်ကိုသတ်ခြင်းငှာ လျင်မြန်၏” ဟူ၍အကြံပြုသည်။ သူတို့၏ပျက်စီးဆုံးရှုံးမှုကို ကြိုတင်ခန့်မှန်းကာ ဤသို့ဆက်ပြောသည်– “အကယ်စင်စစ် ငှက်မျက်မှောက်၌ ပိုက်ကွန်ကိုဖြန့်ထားလျှင် အကြံမမြောက်ရာ [“အချည်းနှီးပင်၊” ကဘ]။ လူဆိုးတို့သည် ကိုယ်အသွေးကို သွန်အံ့သောငှာစောင့်၍၊ ကိုယ်အသက်ကို သတ်အံ့သောငှာ ချောင်းမြောင်းတတ်ကြ၏။ မတရားသောစီးပွားကို ရှာသောသူအပေါင်းတို့သည် ထိုသို့သောအကျိုးကိုခံရ၍၊ ထိုစီးပွားသည် မိမိအရှင်၏အသက်ကို သတ်တတ်၏။”—သု. ၁:၁၅-၁၉။
“မတရားသောစီးပွားကို ရှာသောသူအပေါင်းတို့သည်” မိမိလမ်းစဉ်ဖြင့်ပင် အသက်ဆုံးလိမ့်မည်။ အခြားသူတို့ကို လူဆိုးများချောင်းမြောင်းတိုက်ခိုက်ခြင်းအစီအစဉ်သည် သူတို့အတွက်ပင် ထောင်ချောက်ဖြစ်လာလိမ့်မည်။ တမင်ရည်ရွယ်ကာ ဆိုးသွမ်းမှုပြုသူများသည် သူတို့၏လမ်းစဉ်များကို ပြောင်းလဲကြမည်လော။ ပြောင်းလဲမည်မဟုတ်ပါ။ ပိုက်ကွန်ကို ထင်ထင်ရှားရှားချထားသော်လည်း ငှက်များ—သတ္တဝါ “ငှက်များ”—သည်၎င်းထဲတန်းဝင်ကြ၏။ အလားတူစွာပင် မိမိတို့လောဘကြောင့် ကန်းနေသောဆိုးသွမ်းသူတို့သည် အနှေးနှင့်အမြန် အဖမ်းခံရမည်ဖြစ်သော်လည်း ရာဇဝတ်မှုများကို ဆက်၍လွန်ကျူးကြသည်။
ဉာဏ်ပညာစကားကို မည်သူနားထောင်မည်နည်း
လူဆိုးတို့၏လမ်းစဉ်သည် ပျက်စီးမှုဖြစ်ကြောင်းကို သူတို့အမှန်ပင်သိရှိကြသလော။ သူတို့လမ်းစဉ်၏ရလဒ်အကြောင်း သတိပေးခံရပြီးပြီလော။ သတင်းတရားကို လူစုဝေးရာအရပ်များတွင် အတိအလင်းကြွေးကြော်ထားသောကြောင့် မသိလိုက်ရပါဟု အကြောင်းမပြနိုင်ချေ။
ရှောလမုန်သည် ဤသို့ကြွေးကြော်သည်– “ဉာဏ်ပညာသည် ပြင်ပမှာ ကြွေးကြော်၍ လမ်းမများတွင် စကားသံလွှင့်တတ်၏။ စည်ပင်သောလမ်းဆုံးများတွင် အော်ဟစ်၍ တံခါးဝများ၌လည်းကောင်း၊ မြို့တွင်း၌လည်းကောင်း မြွက်ဆို” သည်။ (သု. ၁:၂၀၊ ၂၁၊ သမ) ဉာဏ်ပညာသည် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံဖြင့် အားလုံးကြားနိုင်သည့်အထိ လူစုဝေးရာအရပ်မှ ဟစ်အော်လျက်ရှိသည်။ ရှေးဣသရေလနိုင်ငံ၏ အသက်ကြီးသူများသည် မြို့တံခါးဝများတွင်ထိုင်၍ ပညာရှိဆုံးမစကားများပြောကာ တရားစီရင်ချက်များချခဲ့ကြသည်။ ကျွန်ုပ်တို့အတွက်မူကား ယေဟောဝါသည် နေရာအနှံ့တွင်ရရှိနိုင်သော ကိုယ်တော်၏နှုတ်မြွက်စကားတော်သမ္မာကျမ်းစာ၌ စစ်မှန်သောဉာဏ်ပညာကို မှတ်တမ်းတင်စေခဲ့သည်။ ယနေ့ ကိုယ်တော်၏ကျေးကျွန်များသည် နေရာတိုင်းတွင် ၎င်း၏သတင်းကို လူထုရှေ့ကြေညာခြင်း၌ အလုပ်များလျက်ရှိ၏။ ဘုရားသခင်သည် လူခပ်သိမ်းရှေ့မှောက်တွင် ဉာဏ်ပညာကို ကြွေးကြော်နေစေသည်မှာအမှန်ပင်။
စစ်မှန်သောဉာဏ်ပညာက အဘယ်စကားကိုပြောသနည်း။ ဤသို့ဆိုသည်– ‘အိုလူမိုက်တို့၊ သင်တို့သည် မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့လျော်လျက်၊ . . . အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။ . . . ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်ကြသည်၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်ကြချေ။’ မိုက်မဲသောသူတို့သည် ဉာဏ်ပညာအသံကို ဂရုမစိုက်ကြချေ။ ထို့ကြောင့် “သူတို့သည် ကိုယ်ကျင့်ခြင်း၏အကျိုးအပြစ်ကိုစား” ကြလိမ့်မည်။ သူတို့ ‘လမ်းလွဲကာ သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။’—သု. ၁:၂၂-၃၂။
သို့သော် ဉာဏ်ပညာအသံကို နားထောင်ရန်အချိန်ယူသူကော အသို့နည်း။ “ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍၊ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။” (သု. ၁:၃၃) နယပုံပြင်ကျမ်းကို သတိပြုမူခြင်းဖြင့် ဉာဏ်ပညာရရှိပြီး ဆုံးမပဲ့ပြင်မှုကိုလက်ခံကြသူများထဲတွင် သင်ပါဝင်နိုင်ပါလေစေ။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စစ်မှန်သောဉာဏ်ပညာကို နေရာအနှံ့တွင်ရရှိနိုင်