ရွယ်တူချင်းဖိအား—သင့်အကျိုးအတွက်ဖြစ်နိုင်မည်လော
ရွယ်တူချင်းများနှင့် ပေါင်းသင်းလိုသော အရင်းခံဆန္ဒဖြင့် ကျွန်ုပ်တို့အားလုံးမွေးဖွားလာကြသည်။ မကြိုက်၍ ငြင်းပယ်ခြင်းကို မည်သူမျှ မခံလိုကြချေ။ သို့ဖြင့် ကျွန်ုပ်တို့သည် ရွယ်တူချင်းသြဇာကိုအနည်းနှင့်အများခံရကြသည်။
ရွယ်တူချင်းတစ်ဦးကို “အခြားသူတစ်ဦးနှင့် တန်းတူရည်တူရှိသူ . . . [အထူးသဖြင့်] အသက်အရွယ်၊ အဆင့်အတန်းအပေါ်အခြေခံ၍ တူညီသောလူမှုရေးအုပ်စုတွင်ပါဝင်သူ” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တစ်ဖန် ရွယ်တူချင်းသြဇာသည် ကျွန်ုပ်တို့နှင့်ရွယ်တူချင်းများက ကျွန်ုပ်တို့ကိုလွှမ်းမိုးကြရာ သူတို့စဉ်းစားပြုမူပုံအတိုင်း သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ကျွန်ုပ်တို့ပြုလုပ်တတ်ကြလေသည်။ ရွယ်တူချင်းဖိအားသည် အကျိုးမပြုဟုမြင်လေ့ရှိကြသည်။ သို့ရာတွင် ကျွန်ုပ်တို့အကျိုးအတွက် ပြောင်းလဲလိုက်နိုင်ကြောင်း တွေ့ရပါလိမ့်မည်။
လူကြီးလူငယ်မရွေးအပေါ် ဩဇာလွှမ်းမိုးမှု
ရွယ်တူချင်းသြဇာကို လူငယ်တွင်သာ တွေ့ရှိရသည်မဟုတ်; အသက်အရွယ်လိုက်အပေါ် သက်ရောက်စေသည်။ “အခြားသူတွေလုပ်နေကြတာတွေကို ငါဘာဖြစ်လို့မလုပ်နိုင်ရမှာလဲ။” “သူများတွေနဲ့ ငါဘာကြောင့်အမြဲတမ်းမတူရတာလဲ။” “တခြားသူတွေ ဘာထင်မလဲ၊ ဘာပြောမလဲ။” “ငါ့သူငယ်ချင်းတွေအားလုံး ချိန်းတွေ့ကြ၊ လက်ထပ်ကြ၊ ငါကျတော့ ဘာများဖြစ်နေလို့လဲ” စသောမေးခွန်းများကို ကိုယ့်ကိုယ်ကိုမေးသောအခါ လွှမ်းမိုးမှုခံနေရကြောင်း ပေါ်လွင်ထင်ရှားလာသည်။
လူကြီးလူငယ်မရွေး လိုက်လျောညီထွေပြုလိုစိတ်ရှိသည်မှန်သော်လည်း မြီးကောင်ပေါက်အရွယ်တွင် ထိုစိတ်ထားပိုပြင်းထန်ပုံရှိသည်။ “မြီးကောင်ပေါက်အရွယ်အများစုသည် သူတို့၏ရွယ်တူချင်းအုပ်စု—သူငယ်ချင်းများနှင့် မိတ်ဆွေအသိုင်းအဝိုင်း—နှင့် အလွန်ပတ်သက်လာတတ်ကြသည်။ ဤဆယ်ကျော်သက်များသည် သူတို့၏မိဘများထက် ရွယ်တူချင်းတို့၏နှစ်သက်သဘောကျမှုကိုခံလိုကြ၍ သူတို့ကြိုက်နှစ်သက်လာစေရန် မိမိတို့အပြုအမူကိုပင် ပြောင်းလဲကြပေလိမ့်မည်” ဟုကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကဆိုသည်။ “ရွယ်တူချင်းများက မိမိတို့ကို လက်ခံ၍နှစ်သက်သဘောကျကြမည်ဆိုလျှင် သူတို့သည် ပုံမှန်အတိုင်းကြီးပြင်းလာကြပြီ” ဟုဤဆယ်ကျော်သက်များ “ယူမှတ်ကြသည်” ဟူ၍ထပ်ဆင့်ဆိုသည်။ သို့ဖြစ်၍ သူတို့၏ “ဝတ်စားဆင်ယင်ပုံ၊ ဦးဆောင်နိုင်စွမ်းနှင့် အောင်မြင်စွာချိန်းတွေ့ခြင်းအစရှိသော သူတို့ကိုလူကြိုက်များစေမည်ဟုထင်သည့်ကိစ္စများတွင် အာရုံနစ်မြုပ်လာသည်။”
အိမ်ထောင်ပြုထားသည့် မောင်နှံစုံများကလည်း မည်သို့သောအိမ်ဝယ်မည် သို့မဟုတ် ငှားမည်၊ မည်သို့သောကားမျိုးကို မောင်းမည်၊ သားသမီးယူမည် သို့မဟုတ် မယူမည်နှင့် အခြားကိစ္စများစွာတို့ကို ဆုံးဖြတ်ရာတွင် ရွယ်တူချင်း—မိမိတို့ရပ်ကွက်၊ မိမိတို့အပေါင်းအသင်းများ သို့မဟုတ် လူမျိုးစုထဲမှသူများ လက်ခံနိုင်ဖွယ်ရှိရာ—ဖိအားကိုခံလေ့ရှိကြောင်း သတိပြုမိကြပေမည်။ မိသားစုအချို့ဆိုလျှင် အိမ်နီးချင်းများ၊ ရွယ်တူချင်းများနှင့်တန်းတူနေနိုင်ကြရန် အကြွေးထူလာကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ပန်းတိုင်များ၊ စဉ်းစားတွေးခေါ်ပုံများနှင့် ဆုံးဖြတ်ချက်များသည် ရွယ်တူချင်းဖိအား၏ မသိမသာလွှမ်းမိုးမှုကိုခံနေရကြောင်း မကြာခဏဖော်ပြလေ့ရှိသည်။ ၎င်း၏လွှမ်းမိုးမှုကိုထောက်ရှု၍ ကျွန်ုပ်တို့သွားလိုသောဦးတည်ချက်အတိုင်းဖြစ်စေရန် ရွယ်တူချင်းဖိအားကို အကျိုးရှိစွာကိုင်တွယ်နိုင်သည့်နည်းရှိသလော။ အမှန်ပင်ရှိ၏!
အကျိုးရှိသောရွယ်တူချင်းသြဇာကို ကောင်းစွာအသုံးချခြင်း
ဆရာဝန်များနှင့် အခြားကျန်းမာရေးပညာရှင်များသည် သူတို့၏လူနာများကို အပြုသဘောရှိသူများနှင့် ကျန်းမာစေရာများဖြင့် ဝန်းရံထားခြင်း၏တန်ဖိုးကို သိကြ၏။ ဤသို့သောဝန်းကျင်အခြေအနေသည် ပြန်ကျန်းမာလာဖို့ဖြစ်စေနိုင်သည်။ ဥပမာ၊ ခြေလက်တစ်ဖက်ကျိုးနေသူများ၏ကာယရေး၊ စိတ္တရေး၏ပြန်လည်ထူထောင်ရေးရေရှည်ကာလတစ်လျှောက်လုံးတွင် အလားတူခံစားခဲ့ရသည့် ဝေဒနာသည်များ၏ပုံနမူနာကောင်းနှင့် အားပေးမှုတို့က အကူအညီဖြစ်လေ့ရှိသည်။ ရှင်းနေသည်မှာ၊ အပြုသဘောဆောင်သော စံနမူနာရှင်များ၏ အကျိုးဖြစ်ထွန်းစေသောဝန်းကျင်တွင် အမြဲနေခြင်းသည် တော်မှန်သောရွယ်တူချင်းဖိအားကို ကောင်းစွာအသုံးချလိုက်သောနည်းတစ်ခုဖြစ်သည်။
ဤမူသည် ခရစ်ယာန်အသင်းတော်အတွက်လည်း မှန်ကန်သည်။ အကြောင်းမှာ အပြုသဘောရှိ ရွယ်တူချင်းဖိအားခံရရန် မှန်မှန်စုဝေးဖို့ မိမိလူမျိုးတော်ကို ယေဟောဝါမိန့်မှာခဲ့ခြင်းဖြစ်သည်။ ‘အချင်းချင်းတစ်ယောက်ကိုတစ်ယောက် မေတ္တာစိတ်ရှိစေရန်နှင့် ကောင်းသောအကျင့်ကျင့်စေရန် အားပေးကြ’ ဖို့အကျွန်ုပ်တို့ကို ဘုရားသခင်တိုက်တွန်းသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) မျက်မှောက်ခေတ်လောက၏ အပျက်သဘောဆောင်၍ နာကြည်းဖွယ်ဖိစီးမှုများစွာတို့ကြောင့် ထိုသို့သောအားပေးမှုသည် တန်ဖိုးဖြတ်မရပေ။ ဤဖိစီးမှုများကြောင့် ခရစ်ယာန်များသည် ဝိညာဉ်ရေးခိုင်ခံ့နေကြရန် “ကြိုးစားအားထုတ်ကြ” ရမည်။ (လုကာ ၁၃:၂၄) သို့ဖြင့် ယုံကြည်သူချင်းများ၏ မေတ္တာပါထောက်ပံ့ကူညီမှုကို ကျွန်ုပ်တို့လိုအပ်ကာ ကျေးဇူးတင်လေးမြတ်ကြသည်။ ထို့ပြင် အချို့သည် ဖျားနာမှု သို့မဟုတ် မသန်မစွမ်းဖြစ်ကောင်းဖြစ်နိုင်သော “ကိုယ်၌စူးသောဆူးကို” ခံနေရမည်ဖြစ်သည်။ (၂ ကောရိန္သု ၁၂:၇) အခြားသူများမူ အကျင့်ဆိုးများ သို့မဟုတ် စိတ်ဓာတ်ကျမှုကို ဖျောက်ဖျက်ရန် ကြိုးစားနေရပေမည်၊ သို့မဟုတ် အသက်ဆက်ရှင်ရေးအတွက် လုံးပန်းနေရပေမည်။ ထို့ကြောင့် ယေဟောဝါဘုရားသခင်နှင့်အနီးကပ်နေသူများ၊ ကိုယ်တော်၏အမှုတော်ထမ်းဆောင်ခြင်း၌ ပျော်မွေ့နေသူများအလယ်တွင် ကျွန်ုပ်တို့နေခြင်းသည် ပညာရှိရာရောက်ပါသည်။ ဤသို့သောရွယ်တူချင်းများသည် ကျွန်ုပ်တို့စိတ်ဓာတ်ကို မြှင့်တင်ပေးရုံသာမက ‘အဆုံးတိုင်အောင် သစ္စာရှိရှိခံနိုင်ရည်ရှိ’ နိုင်ကြရန် ထောက်ကူပေးပါလိမ့်မည်။—မဿဲ ၂၄:၁၃။
ထို့ကြောင့် အကျင့်ကောင်းသောရွယ်တူချင်းများနှင့် ရွေးချယ်ပေါင်းသင်းခြင်းဖြင့် ကျွန်ုပ်တို့အပေါ် သူတို့၏လွှမ်းမိုးမှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ထို့ပြင် ခရစ်ယာန်အစည်းအဝေးများမှရရှိသော ဝိညာဉ်ရေးအစာနှင့် လက်တွေ့ကျလမ်းညွှန်မှုသည် ကျွန်ုပ်တို့၏ရွယ်တူချင်းများမှ ရရှိသောပုဂ္ဂိုလ်ရေးရာအားပေးမှုကို ထပ်ဆင့်ဖြည့်ပေး၏။
မှန်ပါသည်၊ ခရစ်ယာန်အစည်းအဝေးများတက်ခြင်းသည် အစဉ်မလွယ်ကူလှချေ။ အချို့သည် အိမ်ထောင်ဖက်မှ ထောက်ခံအားပေးမှုမရရှိသလောက်ဖြစ်သည်၊ အခြားသူများသည် ကလေးများရှိ၍ သူတို့ကိုပြင်ဆင်ပေးရပေမည်၊ ထို့ပြင် အချို့သူများအတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပေမည်။ သို့တိုင် ဤသို့စဉ်းစားပါလေ– သင်သည် အဆိုပါအတားအဆီးများရှိလျက်နှင့် အစည်းအဝေးကိုမပျက်ကွက်ပါက သင့်ပုံနမူနာသည် အလားတူအခြေအနေမျိုးနှင့်ကြုံတွေ့နေရသည့် အခြားသူများကို အားပေးမှုဖြစ်စေပေမည်။ တစ်နည်းအားဖြင့် သင်နှင့်သင့်ကဲ့သို့သောအခြားသူများသည် ပုံနမူနာကောင်းတစ်ခုသာမက တစ်နည်းအားဖြင့် အတင်းတိုက်တွန်းမှုမရှိဘဲနှင့် အကျိုးပြုသောရွယ်တူချင်းလွှမ်းမိုးမှုဖြစ်ပေမည်။
ဆင်းရဲမှုနှင့်အနှောင့်အယှက်များစွာ ကြုံတွေ့ခဲ့ရသောတမန်တော်ပေါလုသည် မိမိနှင့်အခြားရင့်ကျက်သောခရစ်ယာန်များ၏ ပုံသက်သေကောင်းတို့ကိုတုပရန် ခရစ်ယာန်များကို အားပေးခဲ့သည်။ “ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်းကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့” ဟုသူပြောခဲ့၏။ (ဖိလိပ္ပိ ၃:၁၇; ၄:၉) သက်သာလောနိတ်မြို့မှ ကနဦးခရစ်ယာန်များသည် ပေါလု၏ပုံသက်သေကောင်းကို ဂရုစိုက်ကြည့်ခဲ့ကြသည်။ သူတို့အကြောင်း ပေါလုဤသို့ရေးခဲ့သည်– “သင်တို့သည် ကြီးစွာသောဆင်းရဲ . . . ကိုခံရသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်ပေးသော ဝမ်းမြောက်ခြင်းနှင့်တကွ နှုတ် [မြွက်] တရားတော်ကိုခံယူ၍ ငါတို့နှင့် အရှင်ဘုရား၏နည်းတူကျင့်သောသူဖြစ်ကြ၏။ သို့ဖြစ်၍၊ မာကေဒေါနိပြည်၊ အခါယပြည်၌ ယုံကြည်သောသူအပေါင်းတို့အား သင်တို့သည် ပုံသက်သေပေးသောသူဖြစ်ကြ၏။” (၁ သက်သာလောနိတ် ၁:၆၊ ၇၊ သမ္မာ) ကျွန်ုပ်တို့၏အပြုသဘောဆောင်သောစိတ်ထားနှင့် ပုံသက်သေတို့သည် ကျွန်ုပ်တို့နှင့်ပေါင်းသင်းနေသူများအပေါ် အလားတူအကျိုးသက်ရောက်မှုရှိစေနိုင်သည်။
အပျက်သဘောဆောင်သော လွှမ်းမိုးမှုများကိုရှောင်ပါ
အကျိုးမပြုသည့် ရွယ်တူချင်းလွှမ်းမိုးမှုကို ရှောင်ရှားလိုပါက ‘ဇာတိပကတိအတိုင်းကျင့်သူများ’ ၏လွှမ်းမိုးမှုကို ငြင်းဆန်ရမည်ဖြစ်သည်။ (ရောမ ၈:၄၊ ၅; ၁ ယောဟန် ၂:၁၅-၁၇) ထိုသို့မပြုလျှင် အကျိုးယုတ်စေသော ရွယ်တူချင်းဖိအားသည် ယေဟောဝါနှင့်ကိုယ်တော်၏ပညာရှိဆုံးမစကားမှ ဝေးသွားစေနိုင်ပါသည်။ နယပုံပြင် ၁၃:၂၀ ကဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။” အကျိုးမပြုသောရွယ်တူချင်းဖိအားကြောင့် ပျက်စီးသွားသူတစ်ဦးကို သင်သိသလော။ ဥပမာ၊ ခရစ်ယာန်အချို့သည် ရွယ်တူချင်းဖိအားကြောင့် ရုပ်ပစ္စည်းလိုက်စားခြင်း၊ အကျင့်ယိုယွင်းခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာအလွဲသုံးစွဲခြင်းတို့ကို ပြုခဲ့ကြသည်။
ခရစ်ယာန်အသင်းတော်၌ပင် ကျွန်ုပ်တို့၏ရင်းနှီးသောအပေါင်းအသင်းများအဖြစ် ဝိညာဉ်ရေးအားနည်းသူများကို ရွေးချယ်မည်ဆိုပါက အကျိုးမပြုသောရွယ်တူချင်းဖိအားအောက် ကျွန်ုပ်တို့ရောက်ရှိနိုင်သည်။ (၁ ကောရိန္သု ၁၅:၃၃; ၂ သက်သာလောနိတ် ၃:၁၄) ထိုသို့သောသူများသည် ဝိညာဉ်ရေးရာများကို မဆွေးနွေးလိုတော့ပေ; ဤသို့ဆွေးနွေးကြသူများကိုပင် ပြက်ရယ်ပြုလိုကြပေမည်။ အကယ်၍ ကျွန်ုပ်တို့၏ရင်းနှီးသောအပေါင်းအသင်းများအဖြစ် ဤသူများကို ရွေးချယ်ပါက ရွယ်တူချင်းဖိအားသည် ကျွန်ုပ်တို့ကို အလားတူပုံစံမျိုးဖြစ်ပေါ်စေပြီး မကြာမီ ကျွန်ုပ်တို့တွေးခေါ်ပုံနှင့်စိတ်သဘောထားများသည် သူတို့ကဲ့သို့ဖြစ်လာသည်ကို တွေ့ရပေမည်။ ထိုအခါ ယုံကြည်ခြင်းတွင် စစ်မှန်သူများနှင့် ဝိညာဉ်ရေးဘက်တိုးတက်ဖို့ကြိုးစားသူများကိုပင် စ၍အထင်သေးလာပေမည်။—၁ တိမောသေ ၄:၁၅။
ထို့ကြောင့် ယေဟောဝါ၏စိတ်တော်နှင့်တွေ့ဖို့ ကြိုးစားသူများနှင့်လည်းကောင်း၊ ဝိညာဉ်ရေးရာများတွင် ပျော်ရွှင်နေကြသူများနှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းသည် တကယ်ပညာရှိရာကျပါသည်တကား! ထိုသို့သောအပေါင်းအသင်းများသည် “အထက်မှသက်ရောက်သောပညာ” ကိုဆင်ခြင်သုံးသပ်ရန် ကျွန်ုပ်တို့ကို ထောက်ကူလိမ့်မည်။ ယင်းသည် “ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်းပြည့်စုံ၏။ . . . လျှို့ဝှက်ခြင်းနှင့်ကင်းစင်၏။” (ယာကုပ် ၃:၁၇) ယင်းကြောင့် ဝိညာဉ်ရေးစိတ်ဓာတ်ရှိကြသူများသည် ဝိညာဉ်ရေးရာများမှလွဲ၍ အခြားအဘယ်အရာကိုမျှ မပြောတတ်ကြဟု ဆိုလိုနေခြင်းမဟုတ်ပါ။ အမှန်မှာတခြားစီပင်! ကင်းမျှော်စင်အသင်းက ထုတ်ဝေသည့် နိုးလော့! မဂ္ဂဇင်းနည်းတူ စာအုပ်စာတမ်းများတွင် ဆင်ခြင်သုံးသပ်တင်ပြထားသည့် စိတ်ဝင်စားဖွယ်အကြောင်းအရာအမျိုးမျိုးကို စဉ်းစားကြည့်ပါလေ။ ဆွေးနွေးစရာအကျိုးပြုအကြောင်းအရာများ မကုန်ခမ်းနိုင်အောင် အမှန်ပင်ရှိသည်၊ အကြောင်းအရာအသီးသီးကို စိတ်ဝင်စားခြင်းအားဖြင့် အသက်နှင့်ယေဟောဝါ၏လက်ရာကို မြတ်နိုးကြောင်း ကျွန်ုပ်တို့ပြသရာရောက်သည်။
တင်းနစ်အားကစားသမားကောင်းတစ်ဦးသည် အခြားအားကစားသမားကောင်းများနှင့် တင်းနစ်ကစားခြင်းဖြင့် သူ၏လက်ရည်တိုးတက်သကဲ့သို့ မှန်ကန်သောအပေါင်းအသင်းများသည် ဉာဏ၊ စိတ္တနှင့် ဝိညာဉ်ရေးတို့တွင် ကျွန်ုပ်တို့ကိုမြှင့်တင်ပေး၏။ မကောင်းသောအပေါင်းအသင်းများမူ ကျွန်ုပ်တို့ကို နှစ်ဘဝစံပုံစံမျိုးဖြစ်အောင် ပြုလုပ်ဖို့အားပေးခြင်းဖြင့် အရေခြုံဟန်ဆောင်သူများဖြစ်စေနိုင်သည်။ ကိုယ့်ကိုယ်ကိုလေးစားခြင်းနှင့်အတူ ကြည်လင်သည့်ကိုယ်ကိုကိုယ်သိသောစိတ်ရှိခြင်းက မည်မျှသာ၍ကောင်းလှပါတကား!
အကျိုးရှိခဲ့သူအချို့
သမ္မာကျမ်းစာ၏အယူဝါဒနှင့် ၎င်း၏အကျင့်နှင့်ဝိညာဉ်ရေးလိုအပ်ချက်များကို သင်ယူခြင်းသည် မခက်ခဲလှကြောင်း အများစုက တွေ့မြင်ခဲ့ကြ၏။ သို့ရာတွင် ယင်းတို့ကို လက်တွေ့ကျင့်သုံးခြင်းက ခက်ခဲနိုင်သည်။ ဖော်ပြပါသာဓကများအရ အကျိုးပြုသော ရွယ်တူချင်းဖိအားသည် ယေဟောဝါ၏အမှုတော်ကို စိုးလ်အကြွင်းမဲ့ထမ်းဆောင်ရန် ထောက်ကူပေးနိုင်ပါသည်။
ရွယ်တူချင်းများ၏ပုံနမူနာသည် မိမိ၏ဘဝပန်းတိုင်များအပေါ် အကျိုးသက်ရောက်စေခဲ့သည်ဟု ဇနီးနှင့်အတူ အချိန်ပြည့်အမှုတော်ဆောင်နေသော သက်သေခံတစ်ဦးက ပြောခဲ့သည်။ ထိုသူကြီးပြင်းလာနေစဉ်က အကျိုးမပြုသောလွှမ်းမိုးမှုများကို ခံခဲ့ရသည်။ သို့သော် အမှုဆောင်လုပ်ငန်းနှင့် ခရစ်ယာန်အစည်းအဝေးများတက်ခြင်းကို မှန်မှန်ပြုလုပ်ရန် အားပေးသူများနှင့်ပေါင်းသင်းဖို့ သူရွေးချယ်ခဲ့သည်။ ဤအပေါင်းအသင်းများနှင့် ဆက်၍ပေါင်းသင်းခြင်းသည် ဝိညာဉ်ရေးရင့်ကျက်စေဖို့ သူ့ကိုထောက်ကူပေးခဲ့သည်။
နောက်သက်သေခံတစ်ဦးက ဤသို့ရေးသည်– “ကျွန်တော့်ဇနီးနဲ့ကျွန်တော်လက်ထပ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့နဲ့ရွယ်တူမောင်နှံတစ်စုံ မှန်မှန်ရှေ့ဆောင်လုပ်နေတဲ့ အသင်းတော်တစ်ခုကို ကျွန်တော်တို့ပြောင်းခဲ့တယ်။ သူတို့ရဲ့ပုံသက်သေက အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာပါဝင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးခဲ့တယ်။ နောက်တော့ ကျွန်တော်တို့လည်း အသင်းတော်မှာ ရှေ့ဆောင်စိတ်ဓာတ်ရှိဖို့တည်ဆောက်ပေးခဲ့တယ်။ ဒါနဲ့ အတော်များများက ကျွန်တော်တို့နဲ့အတူ ရှေ့ဆောင်လုပ်ခဲ့ကြတယ်။”
သီအိုကရက်တစ်ပန်းတိုင်များရှိကြသူများနှင့်ပေါင်းသင်းခြင်းသည် ယေဟောဝါအားနာခံရန် ပို၍လွယ်ကူစေနိုင်သည်။ ယင်းသည် အကျိုးပြုသောရွယ်တူချင်းသြဇာလွှမ်းမိုးမှု၏ နောက်ကောင်းကျိုးသက်ရောက်မှုတစ်ခုဖြစ်သည်။ လူငယ်ဘဝက အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင် စတင်ခဲ့ပြီး နောက်ပိုင်းတွင် နယ်လှည့်ကြီးကြပ်မှူးဖြစ်လာခဲ့သောသက်သေခံတစ်ဦးသည် ယခုအခါ ကင်းမျှော်စင်အသင်း ဌာနခွဲရုံးတစ်ခုတွင်အမှုထမ်းဆောင်နေ၏။ သူက ဤသို့ရေးခဲ့သည်– “ကလေးဘဝကအဖြစ်အပျက်တွေထဲမှာ ကျွန်တော်မှတ်မိတာက အိမ်ကို အချိန်ပြည့်အမှုထမ်းတွေလာလည်တာ တကယ်ပျော်ခဲ့တယ်။ ကျွန်တော်တို့ထမင်းစားပွဲမှာ တစ်ယောက်စာအတွက် အမြဲပိုရှိခဲ့တယ်။ ကျွန်တော်ဆယ်နှစ်တုန်းက တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်က ကျွန်တော့်ကို အမှုဆောင်ထွက်ဖို့ လွယ်အိတ်တစ်လုံးပေးခဲ့တယ်။ အဲဒီလွယ်အိတ်ကို ဒီနေ့အထိ အမြတ်တနိုးသိမ်းထားတယ်။”
ထိုသက်သေခံသည် သူ၏ဆယ်ကျော်သက်အရွယ်ကို ပြန်ပြောင်းဆင်ခြင်ပြီး ဤသို့ထပ်ပြောပြသည်– “အသင်းတော်က လူငယ်အတော်များများဟာ အသင်းတော်ဆောင်ရွက်ချက်တွေမှာ ပါဝင်ချင်ကြတယ်၊ သူတို့ရဲ့ပုံသက်သေဟာ အခြားသူတွေကို အဲဒီလိုဆန္ဒမျိုးရှိစေခဲ့တယ်။” အညှောက်လေးပမာ အဆိုပါလူငယ်ကို အပင်ကောင်းပမာ ခရစ်ယာန်တစ်ဦးဖြစ်လာရန် အကျိုးပြုသောရွယ်တူချင်းများသည် ထောက်ကူပေးခဲ့သည်။ မိဘများ အသင်တို့၏ကလေးများအပေါ် အပြုသဘောပါပြီး တည်ဆောက်မှုဖြစ်စေသောသြဇာလွှမ်းမိုးနိုင်သူများကို အိမ်သို့ဖိတ်ခေါ်ပါသလော။—မာလခိ ၃:၁၆။
ယခုဖော်ပြထားသူများကဲ့သို့ ကျွန်ုပ်တို့အားလုံးသည် အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင် မပါဝင်နိုင်ကြသည်မှာ အမှန်ပင်။ သို့တိုင် “စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှ” ဖြင့်ယေဟောဝါအားချစ်ရန် ကျွန်ုပ်တို့အားလုံး သင်ယူနိုင်ကြသည်။ (မဿဲ ၂၂:၃၇) ကျွန်ုပ်တို့ရွေးချယ်သည့် ရွယ်တူချင်းများသည် ထိုမေတ္တာကိုမွေးမြူရာ၌လည်းကောင်း၊ ထာဝရအသက်ရရှိရန် အလားအလာများအတွက်လည်းကောင်း အလွန်အရေးပါသည်။
ဆာလံဆရာသည် ကျွန်ုပ်တို့အသက်တာတွင် စစ်မှန်သောအောင်မြင်မှုရဖို့အတွက် ရိုးရိုးလေးနှင့်ထိရောက်သော ဤနည်းကိုပေးခဲ့၏– “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။”—ဆာလံ ၁:၁-၃။
ကောင်းလှသော အာမခံချက်တစ်ခုပါတကား! ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြပြီး အမှားများပြုမိတတ်ကြသော်လည်း ယေဟောဝါ၏လမ်းညွှန်မှုကိုခံယူကြမည်ဆိုပါက၊ ဘုရားသခင်ပေးထားသော အကျိုးပြုသောရွယ်တူချင်းဖိအား—“လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများ”—ကိုကောင်းစွာအသုံးချမည်ဆိုပါက ကျွန်ုပ်တို့၏အသက်တာသည် အောင်မြင်ပါလိမ့်မည်။—၁ ပေတရု ၅:၉။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
အသင်းတော်မှ အကျိုးပြုရွယ်တူချင်းသြဇာမျိုးရရှိ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
မိဘများ သင်တို့၏ကလေးများကို တည်ဆောက်မှုဖြစ်စေသော ရွယ်တူချင်းများနှင့်ပေါင်းသင်းရန် အားပေးပါ