မိသားစုလိုက် ဘုရားသခင့်စကားတော်ကိုမှန်မှန်သင်အံလော့
“လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။”—မဿဲ ၄:၄။
၁။ သားသမီးများကို ယေဟောဝါ၏နည်းလမ်းတော်များသွန်သင်ပေးဖို့ အိမ်ထောင်ဦးစီးများ၏တာဝန်အကြောင်း သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။
ယေဟောဝါဘုရားသခင်သည် သားသမီးများကို မိဘများသွန်သင်ရမည့်တာဝန်ရှိကြောင်း အိမ်ထောင်ဦးစီးများကို မကြာခဏသတိပေးနှိုးဆော်ခဲ့သည်။ ထိုသို့သွန်သင်ပေးခြင်းသည် သားသမီးများကို လက်ရှိအသက်တာအတွက်သာမက နောင်လာမည့်အချိန်အတွက်လည်း အသင့်ပြင်ဆင်ထားနိုင်ဖို့ကူညီပေးမည်။ ဘုရားသခင့်ကိုယ်စားလှယ် ကောင်းကင်တမန်တစ်ပါးက အာဗြဟံ၏အိမ်ထောင်သည် “ထာဝရဘုရား၏တရားလမ်းသို့လိုက်” ကြရန် အာဗြဟံ၌ သွန်သင်ပေးရမည့်တာဝန်ရှိကြောင်း ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၁၈:၁၉) ဘုရားသခင်သည် ဣသရေလလူတို့ကို အီဂျစ်ပြည်မှ မည်သို့ကယ်တင်ခဲ့ပြီး ဟောရပ်အရပ်ရှိ သိနာတောင်ပေါ်တွင် ပညတ်တော်ကို မည်သို့ပေးခဲ့ကြောင်း သားသမီးများကို ရှင်းပြရန်ဣသရေလမိဘများမိန့်မှာခံခဲ့ကြရ၏။ (ထွက်မြောက်ရာ ၁၃:၈၊ ၉; တရားဟောရာ ၄:၉၊ ၁၀; ၁၁:၁၈-၂၁) ခရစ်ယာန်အိမ်ထောင်ဦးစီးများသည် “ယေဟောဝါ၏ပဲ့ပြင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထိန်းညှိခြင်းတို့နှင့်အညီ” သားသမီးများကိုပျိုးထောင်ဖို့သတိပေးခံခဲ့ကြရသည်။ (ဧဖက် ၆:၄၊ ကဘ) မိဘတစ်ဦးတည်းကသာ ယေဟောဝါအားဝတ်ပြုလျှင်ပင် ထိုသူသည် သားသမီးများကို ယေဟောဝါ၏လမ်းစဉ် သွန်သင်ပေးဖို့ကြိုးစားသင့်သည်။—၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅။
၂။ အိမ်တွင် သားသမီးများမရှိလျှင် မိသားစုသင်အံမှုလိုအပ်သလော။ ရှင်းပြပါ။
၂ ယင်းက ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မိသားစုသင်အံမှုသည် ကလေးရှိသည့် အိမ်ထောင်စုများအတွက်သာဖြစ်သည်ဟု မဆိုလိုပါ။ အိမ်တွင် သားသမီးများမရှိသည့်တိုင် ခင်ပွန်းသည်နှင့် ဇနီးသည်တို့သည် မိသားစုသင်အံမှုပြုလုပ်ကြသောအခါ သူတို့သည် ဝိညာဉ်ရေးရာများကို တကယ်တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြကြသည်။—ဧဖက် ၅:၂၅-၂၇။
၃။ မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၃ အကျိုးအများဆုံးရှိစေရန် တောကန္တာရတွင် ဣသရေလလူမျိုးကို ယေဟောဝါသွန်သင်ခဲ့သည့် ဤသင်ခန်းစာနှင့်အညီ မှန်မှန်သွန်သင်ပေးရန်လိုသည်– “လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်။” (တရားဟောရာ ၈:၃) မိသားစုအခြေအနေအပေါ်မူတည်၍ တချို့သောအိမ်ထောင်စုများသည် တစ်ပတ်တစ်ကြိမ်သင်အံမှုပြုလုပ်ရန် စီစဉ်ပေမည်; အခြားသူများမူ နေ့စဉ် အချိန်တိုလေ့လာကြပေမည်။ မည်သည့်အစီအစဉ်ကို သင်ရွေးသည်ဖြစ်စေ သင်အံမှုကိုစိတ်ကူးပေါက်မှပြုလုပ်ခြင်းမဖြစ်ပါစေနှင့်။ ယင်းအတွက် ‘အချိန်ကိုဝယ်ယူပါ။’ ထိုသို့သောအချိန်အတွက် လိုအပ်သည့်အခပေးခြင်းသည် အခြေခိုင်သောအရင်းအနှီးတစ်ခုဖြစ်၏။ သင့်မိသားစုဝင်ဖြစ်သူများအတွက် သေရေးရှင်ရေးကိစ္စဖြစ်နေသည်။—ဧဖက် ၅:၁၅-၁၇; ဖိလိပ္ပိ ၃:၁၆။
စိတ်တွင်မှတ်ထားရမည့် ရည်ရွယ်ချက်များ
၄၊ ၅။ (က) သားသမီးများကိုသွန်သင်ရာတွင် မိဘများအနေနှင့် အရေးကြီးသောရည်ရွယ်ချက်တစ်ခုအဖြစ် မောရှေမှတစ်ဆင့် ယေဟောဝါသည် အဘယ်အရာကို ချမှတ်ခဲ့သနည်း။ (ခ) ယင်းတွင် ယနေ့ အဘယ်အရာပါဝင်သနည်း။
၄ မိသားစုသင်အံမှုကို သင်ကျင်းပသောအခါ ရှင်းလင်းသေချာသောရည်ရွယ်ချက်များကို စိတ်ထဲမှတ်ထားမည်ဆိုလျှင် အကောင်းဆုံးအကျိုးဖြစ်လိမ့်မည်။ ဖြစ်လာနိုင်စရာအချို့ကို သုံးသပ်ကြည့်ပါ။
၅ သင်အံမှုတစ်ခုစီတွင် ယေဟောဝါဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာတိုးပွားလာဖို့ကြိုးစားပါ။ ကတိထားရာပြည်တော်သို့မဝင်မီ မောဘလွင်ပြင်၌ ဣသရေလလူတို့စုဝေးကြစဉ်တွင် ‘ပညတ္တိကျမ်း၌ အကြီးမြတ်ဆုံးပညတ်’ အဖြစ် နောက်ပိုင်းတွင် ယေရှုခွဲခြားဖော်ပြခဲ့သည့်ပညတ်ကို မောရှေအာရုံစိုက်စေခဲ့သည်။ ၎င်းကား အဘယ်နည်း။ “သင်၏ဘုရားသခင်၊ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။” (မဿဲ ၂၂:၃၆၊ ၃၇; တရားဟောရာ ၆:၅) ယင်းကိုမိမိတို့နှလုံးထဲစွဲမှတ်ထားပြီး သားသမီးများကိုသွန်သင်ပေးဖို့ ဣသရေလလူတို့ကို မောရှေတိုက်တွန်းခဲ့သည်။ ထိုသို့ပြုရန် ယေဟောဝါအားချစ်ရသည့်အကြောင်းရင်းများကို ထပ်တလဲလဲအာရုံစိုက်စေကာ ထိုမေတ္တာကိုတားဆီးနှောင့်ယှက်နိုင်သည့် သဘောထားများနှင့် အမူအကျင့်တို့ကို ကိုင်တွယ်ဖြေရှင်းပြီး သူတို့၏အသက်တာတွင် ယေဟောဝါအားချစ်ကြောင်းတင်ပြကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏သားသမီးများသည် အလားတူသွန်သင်မှုမျိုး လိုအပ်ကြပါသလော။ လိုအပ်ပါသည်! ထို့အပြင် သူတို့၏ “နှလုံးအရေဖျားကိုလှီးဖယ်” ရန်လည်းအကူအညီလိုကြ၏၊ ဆိုလိုသည်မှာ ဘုရားသခင်အားချစ်သည့်မေတ္တာကိုတားဆီးမည့် မည်သည့်အရာကိုမဆို ဖယ်ရှားပေးရန်ဖြစ်သည်။ (တရားဟောရာ ၁၀:၁၂၊ ၁၆; ယေရမိ ၄:၄) အဆိုပါအတားအဆီးများတွင် လောက၌ရှိသမျှသောအရာများကိုတပ်မက်ခြင်းနှင့် ယင်း၏လုပ်ဆောင်မှုများတွင် နစ်မြုပ်နေရန် အခွင့်အရေးများရလိုခြင်းတို့ဖြစ်ပေမည်။ (၁ ယောဟန် ၂:၁၅၊ ၁၆) ယေဟောဝါအားချစ်ခြင်းသည် တက်ကြွလှုပ်ရှားပြီး ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှစ်သက်ရာများကို လုပ်ဆောင်ရန် လှုံ့ဆော်ပေးသင့်သည်။ (၁ ယောဟန် ၅:၃) သင့်မိသားစုသင်အံမှုမှ ရေရှည်အကျိုးများရရှိစေရန် သင်အံမှုတိုင်းကို ၎င်းမေတ္တာတိုးပွားခိုင်ခံ့စေမည့်နည်းဖြင့် ကျင်းပသင့်သည်။
၆။ (က) တိကျမှန်ကန်သောအသိပညာပေးရန် အဘယ်အရာလိုသနည်း။ (ခ) ကျမ်းချက်များသည် တိကျမှန်ကန်သောအသိပညာ၏အရေးကြီးမှုကို မည်သို့အလေးပေးသနည်း။
၆ ဘုရားသခင့်တောင်းဆိုရာများဖြစ်သည့် တိကျမှန်ကန်သောအသိပညာကိုပေးပါ။ ဤတွင် အဘယ်အရာပါဝင်သနည်း။ မဂ္ဂဇင်း သို့မဟုတ် စာအုပ်တစ်အုပ်မှအဖြေကို ဖတ်ရုံဖတ်ခြင်းထက်မကပါဝင်သည်။ အဓိကစကားလုံးများနှင့် အရေးပါသောခံယူချက်များကို ရှင်းလင်းပြတ်သားစွာနားလည်ကြောင်း သေချာစေရန် ဆွေးနွေးဖို့လိုအပ်လေ့ရှိသည်။ တိကျမှန်ကန်သောအသိပညာသည် ဥပဓိရုပ်သစ်ကိုဝတ်ဆင်ရာ၌၊ ဘဝပြဿနာများကိုင်တွင်ဖြေရှင်းရာတွင် အမှန်တကယ်အရေးကြီးသောအရာများကို စူးစိုက်နေစေရာ၌၊ သို့ဖြင့် ဘုရားသခင်အမှန်ကြိုက်နှစ်သက်ရာကို ပြုလုပ်ရာ၌ အရေးပါသည့်အချက်ဖြစ်သည်။—ဖိလိပ္ပိ ၁:၉-၁၁; ကောလောသဲ ၁:၉-၁၁; ၃:၁၀။
၇။ (က) အဘယ်မေးခွန်းများကို အသုံးပြုခြင်းသည် လေ့လာသည့်အကြောင်းအရာကို လက်တွေ့ကျင့်သုံးရန် အကူအညီဖြစ်စေမည်နည်း။ (ခ) ကျမ်းချက်များသည် ထိုသို့သောရည်ရွယ်ချက်ရှိခြင်း၏အဖိုးတန်မှုကို မည်သို့အလေးပေးသနည်း။
၇ တတ်သိလာသောအရာကို လက်တွေ့ကျင့်သုံးနိုင်ရန်ကူညီပေးပါ။ ဤရည်ရွယ်ချက်ဖြင့် မိသားစုသင်အံမှုကျင်းပတိုင်း ဤသို့မေးပါ– ‘ဤအကြောင်းအရာသည် ကျွန်ုပ်တို့အသက်တာကို မည်သို့အကျိုးသက်ရောက်သင့်သနည်း။ လက်ရှိကျွန်ုပ်တို့ပြုလုပ်နေရာကိုပြောင်းလဲဖို့ လိုအပ်စေသလော။ ကျွန်ုပ်တို့ အဘယ်ကြောင့်ပြုပြင်လိုသင့်သနည်း။’ (သု. ၂:၁၀-၁၅; ၉:၁၀; ဟေရှာယ ၄၈:၁၇၊ ၁၈) တတ်သိထားရာများကို လက်တွေ့ကျင့်သုံးခြင်းအပေါ် ကောင်းစွာဂရုစိုက်ခြင်းသည် မိသားစုတွင်ပါဝင်သူများ၏ဝိညာဉ်ရေးတိုးတက်မှုအတွက် အရေးပါသည့်အချက်ဖြစ်နိုင်သည်။
သွန်သင်ခြင်းကိရိယာများကို ပညာရှိစွာအသုံးပြု
၈။ ကျမ်းစာသင်အံမှုအတွက် အဘယ်ကိရိယာများကို ကျေးကျွန်အတန်းအစားကပြင်ဆင်ပေးခဲ့ပြီနည်း။
၈ “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် သင်အံမှုတွင်အသုံးပြုနိုင်သည့်ကိရိယာများ အလျှံပယ်ပြင်ဆင်ပေးခဲ့ပြီ။ သမ္မာကျမ်းစာနှင့်အတူအသုံးပြုရန် ကင်းမျှော်စင်ကို ၁၃၁ ဘာသာနှင့်ရရှိနိုင်သည်။ ကျမ်းစာသင်အံမှုအတွက် ၁၅၃ ဘာသာဖြင့်စာအုပ်များ၊ ၂၈၄ ဘာသာဖြင့်ဘရိုရှာများ၊ ၆၁ ဘာသာဖြင့် ကက်ဆက်ခွေများ၊ ၄၁ ဘာသာဖြင့် ဗီဒီယိုခွေများ၊ ၉ ဘာသာဖြင့် ကျမ်းစာသုတေသနလုပ်ရန် ကွန်ပျူတာအစီအစဉ်တစ်ခုပင်ရှိသည်တကား!—မဿဲ ၂၄:၄၅-၄၇၊ သမ။
၉။ မိသားစုကင်းမျှော်စင်သင်တန်းကျင်းပသောအခါ ဤအပိုဒ်တွင်ရည်ညွှန်းထားသော ကျမ်းချက်များတွင်ပါသည့် သွန်သင်ချက်ကို မည်သို့လိုက်လျှောက်နိုင်မည်နည်း။
၉ အိမ်ထောင်စုများစွာသည် အသင်းတော်ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်ရန် မိသားစုသင်အံမှုအချိန်ကို အသုံးပြုကြသည်။ ယင်းသည် မည်မျှအကူအညီဖြစ်စေနိုင်သည်တကား! ကင်းမျှော်စင်တွင် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူတို့အတွက် တည်ဆောက်မှုဖြစ်စေသည့် အဓိကဝိညာဉ်အစာပါရှိသည်။ မိသားစုလိုက် ကင်းမျှော်စင်ကိုသင်လေ့လာသောအခါ အပိုဒ်များကိုဖတ်ခြင်းနှင့် ပုံနှိပ်ထားသောမေးခွန်းများကိုဖြေဆိုခြင်းထက်မကပြုလုပ်ပါ။ နားလည်ရန် ကြိုးစားအားထုတ်ပါ။ မကိုးကားဘဲ ညွှန်းရုံညွှန်းထားသောကျမ်းချက်များကိုပါ ရှာဖွေဖတ်ရှုရန်အချိန်ယူပါ။ ကျမ်းချက်များသည် သုံးသပ်နေသည့်အပိုဒ်ပါအချက်နှင့် မည်သို့သက်ဆိုင်ကြောင်း မိသားစုဝင်များကို မှတ်ချက်ပေးစေပါ။ စိတ်နှလုံးအပြည့်နှင့်ပါဝင်စေပါ။—သု. ၄:၇၊ ၂၃; တမန်တော် ၁၇:၁၁။
၁၀။ သင်အံမှုတွင် သားသမီးများကိုပါဝင်စေပြီး သူတို့အတွက် ပျော်စရာအချိန်ဖြစ်စေဖို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၀ သင့်အိမ်ထောင်တွင် သားသမီးများရှိမည်ဆိုလျှင် သင့်သင်အံမှုကို မိသားစုလုပ်ရိုးလုပ်စဉ်တစ်ခုမျှသာမဖြစ်ဘဲ တည်ဆောက်ပေးပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် ပျော်ရွှင်စရာအချိန်ဖြစ်စေဖို့ မည်သို့ပြုလုပ်နိုင်သနည်း။ လေ့လာသည့်အကြောင်းအရာအပေါ် အာရုံစိုက်နေကြစေရန် တစ်ဦးစီကို သင့်တော်သောနည်းဖြင့် ပါဝင်စေရန်ကြိုးစားပါ။ ဖြစ်နိုင်လျှင် ကလေးတစ်ဦးစီတွင် ကိုယ်ပိုင်ကျမ်းစာနှင့် လေ့လာသည့်မဂ္ဂဇင်း ကိုယ်စီရှိရန်စီစဉ်ပါ။ ယေရှုဖော်ပြခဲ့သည့်လှိုက်လှဲမှုကိုတုပသည့်အနေဖြင့် မိဘဖြစ်သူသည် ကလေးငယ်တစ်ဦးအား သိုင်းဖက်ကာ အနီးကပ်ထိုင်စေနိုင်သည်။ (မာကု ၁၀:၁၃-၁၆ နှိုင်းယှဉ်။) အိမ်ထောင်ဦးစီးသည် လေ့လာသည့်အကြောင်းအရာတွင်ပါသည့်ရုပ်ပုံကို ကလေးငယ်အားရှင်းပြနိုင်ပေသည်။ ကလေးငယ်တစ်ဦးကို ကျမ်းချက်တစ်ချက်ဖတ်ဖို့ကြိုတင်၍ တာဝန်ပေးထားနိုင်ပေသည်။ ပိုကြီးသောကလေးတစ်ဦးကိုမူ လေ့လာသည့်အကြောင်းအရာကို လက်တွေ့ကျင့်သုံးရန် အခွင့်အလမ်းများကိုဖော်ပြဖို့ တာဝန်ပေးနိုင်ပေသည်။
၁၁။ အခြားအဘယ်သွန်သင်ခြင်းကိရိယာများကို ပြင်ဆင်ပေးခဲ့ပြီနည်း၊ ယင်းတို့ကို အဘယ်နေရာတွင်ရရှိနိုင်သနည်း၊ မိသားစုသင်အံမှုနှင့်စပ်လျဉ်း၍ မည်သို့အကျိုးရှိရှိအသုံးပြုနိုင်မည်နည်း။
၁၁ သင့်ဆွေးနွေးမှုအတွက် အခြေခံအကြောင်းအရာအဖြစ် ကင်းမျှော်စင်ကိုအသုံးပြုနိုင်သော်လည်း သင်အံမှုအတွက် ဘာသာစကားများစွာဖြင့် ထုတ်ဝေထားသော အခြားကိရိယာများရှိကြောင်း မမေ့ပါနှင့်။ သမ္မာကျမ်းစာဖော်ပြချက်နှင့်ပတ်သက်၍ နောက်ခံသတင်းအချက်အလက် သို့မဟုတ် ရှင်းလင်းချက်လိုအပ်မည်ဆိုလျှင် ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်းစာအုပ်ရှိပေသည်။ ကင်းမျှော်စင်စာအုပ်စာပေအညွှန်းကိုလေ့လာခြင်းအားဖြင့် သို့မဟုတ် အသင်းမပြင်ဆင်ပေးထားသည့် ကွန်ပျူတာသုတေသနအစီအစဉ်ကိုအသုံးပြုခြင်းအားဖြင့် အခြားမေးခွန်းများကို ဖြေဆိုနိုင်ပေသည်။ သင့်ဘာသာစကားဖြင့် ယင်းကိရိယာများရှိ၍ အသုံးပြုတတ်လာမည်ဆိုလျှင် မိသားစုသင်အံမှုအတွက် များစွာအကျိုးရှိနိုင်သည်။ လူငယ်များ၏စိတ်ဝင်စားမှုကို နိုးကြွစေရန်ရည်စူး၍ အသင်းမ၏အသိပညာပေးသောဗီဒီယိုခွေများကိုကြည့်ရှုရန် သို့မဟုတ် ကက်ဆက်ခွေပါ ပြဇာတ်တစ်ခုခု၏တစ်ပိုင်းကိုနားထောင်ပြီး ယင်းကိုဆွေးနွေးရန်အချိန်သတ်မှတ်လိုပေမည်။ သင်အံမှုအတွက် ဤကိရိယာများကို ကောင်းစွာအသုံးပြုခြင်းသည် သင့်မိသားစုသင်အံမှုကို မိသားစုတစ်စုလုံးအတွက် စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိစေနိုင်ပါသည်။
သင့်မိသားစု၏လိုအပ်ရာများနှင့်အညီလိုက်လျောညီထွေမှုရှိပါ
၁၂။ မိသားစုသင်အံမှုသည် မိသားစုအရေးပေါ်ကိစ္စများကို ဖြေရှင်းပေးရာတွင် မည်သို့ပါဝင်နိုင်သနည်း။
၁၂ သင့်မိသားစုသည် ကင်းမျှော်စင်သင်တန်းအတွက် ပတ်စဉ်လေ့လာမှုပြုလေ့ရှိပေမည်။ သို့သော် သင့်မိသားစု၏လတ်တလောအခြေအနေကို သတိပြုပါ။ ဝမ်းရေးအလုပ်မလုပ်ရသောမိခင်ဖြစ်သူဖြစ်မည်ဆိုလျှင် သားသမီးများကျောင်းမှပြန်လာသည့်အချိန်တိုင်း သူတို့ကိုအချိန်ပေးနိုင်ပေသည်။ အခြေအနေတချို့ကို ထိုအချိန်တွင်ကိုင်တွယ်ဖြေရှင်းနိုင်သည်; အခြားအရာတို့မူ ဆက်၍ဂရုစိုက်ဖို့လိုပေမည်။ မိသားစုအရေးပေါ်ကိစ္စများပေါ်လာသောအခါ ၎င်းတို့ကိုလျစ်လျူမရှုပါနှင့်။ (သု. ၂၇:၁၂) ဤတွင် ကျောင်းမှပြဿနာများသာမက အခြားအရေးကိစ္စများလည်းဖြစ်နိုင်ပေသည်။ ထိုအခါ သင့်တော်သောအကြောင်းအရာကိုရွေးပြီး လေ့လာမည့်အကြောင်းအရာကို မိသားစုအားကြိုတင်အသိပေးထားပါ။
၁၃။ ဆင်းရဲမှုကို မည်သို့ရင်ဆိုင်ဖြေရှင်းရန် မိသားစုလိုက်ဆွေးနွေးခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။
၁၃ ဥပမာတစ်ခုအနေနှင့် ကမ္ဘာ့အစိတ်အပိုင်းအတော်များများသည် ဆင်းရဲမှုကြုံနေရ၏; ထို့ကြောင့် နေရာဒေသများစွာတွင် ယင်းကိုမည်သို့ကိုင်တွယ်ဖြေရှင်းရမည်အကြောင်း ဆွေးနွေးရန်လိုပေမည်။ ဘဝမှန်အခြေအနေများနှင့် ကျမ်းစာမူများအပေါ် အခြေပြုထားသော မိသားစုသင်အံမှုသည် သင့်မိသားစုအတွက်အကျိုးရှိပါမည်လော။—သု. ၂၁:၅; ဒေ. ၉:၁၁; ဟေဗြဲ ၁၃:၅၊ ၆၊ ၁၈။
၁၄။ အဘယ်အခြေအနေများသည် အကြမ်းဖက်မှု၊ စစ်မှုနှင့် ခရစ်ယာန်ကြားနေမှုနှင့်ပတ်သက်၍ ယေဟောဝါ၏အမြင်ကို မိသားစုလိုက်ဆွေးနွေးခြင်းကို အခန့်သင့်ဖြစ်စေမည်နည်း။
၁၄ နောက်ထပ်ဆွေးနွေးရမည့်အကြောင်းတစ်ခုမှာ အကြမ်းဖက်မှုဖြစ်၏။ ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏အမြင်ကို စိတ်နှလုံးထဲ စွဲစွဲမြဲမြဲမှတ်ထားရန်လိုသည်။ (ကမ္ဘာဦး ၆:၁၃; ဆာလံ ၁၁:၅) ဤအကြောင်းကို မိသားစုသင်အံမှု၌လေ့လာသည့်အခါ ကျောင်းတွင် အနိုင်ကျင့်သူများကို မည်သို့ကိုင်တွင်ဖြေရှင်းရမည်၊ ကိုယ်ခံပညာသင်ထားရန် လိုမလို၊ သင့်တော်သောအပန်းဖြေမှုကို မည်သို့ရွေးချယ်ရမည်အကြောင်း ဆွေးနွေးနှီးနှောနိုင်သည်။ အကြမ်းဖက်မှုများ နေရာအနှံ့ဖြစ်ပျက်နေ၏; နိုင်ငံတိုင်းနီးပါးတွင် ပြည်တွင်းစစ်၊ နိုင်ငံရေးစစ်သော်လည်းကောင်း၊ လူမျိုးစုစစ် သို့မဟုတ် ဂိုဏ်းဂဏစစ်သော်လည်းကောင်းဖြစ်နေ၏။ ဤသို့ဖြင့် သင့်မိသားစုသည် စစ်မှုများဝန်းရံနေစဉ် ခရစ်ယာန်အမူအကျင့်ထိန်းသိမ်းခြင်းအကြောင်း ဆွေးနွေးဖို့လိုပေမည်။—ဟေရှာယ ၂:၂-၄; ယောဟန် ၁၇:၁၆။
၁၅။ သားသမီးများကို လိင်နှင့်အိမ်ထောင်ရေးအကြောင်း မည်သို့သွန်သင်ပေးသင့်သနည်း။
၁၅ ကလေးများကြီးပြင်းလာသည်နှင့်အမျှ သူတို့အသက်အရွယ်အလိုက် လိင်နှင့် အိမ်ထောင်ရေးအကြောင်း သင်ပေးရန်လိုသည်။ တချို့သောယဉ်ကျေးမှုများတွင် မိဘအများစုသည် သားသမီးများနှင့် လိင်အကြောင်း တစ်ခါမျှမဆွေးနွေးကြချေ။ ယင်းအကြောင်းမသိသောကလေးများသည် အခြားလူငယ်များထံမှ လွဲမှားသည့်အမြင်များရရှိနိုင်ရာ ဝမ်းနည်းဖွယ်အကျိုးဆက်ဖြစ်ပေါ်လာနိုင်၏။ သမ္မာကျမ်းစာတွင် ဤကိစ္စအပေါ် တဲ့တိုးဖြစ်သော်လည်း ပညာသားပါပါသွန်သင်ပေးသည့် ယေဟောဝါအားတုပဖို့ ပို၍မကောင်းပေလော။ ဘုရားသခင့်ရေးရာသွန်သင်ချက်သည် ကိုယ့်ကိုယ်ကိုလေးစားမှုထိန်းသိမ်းရန်နှင့် ဆန့်ကျင်ဘက်လိင်ရှင်ကို သိက္ခာရှိရှိဆက်ဆံရန် ကျွန်ုပ်တို့၏သားသမီးများကိုကူညီပေးပါလိမ့်မည်။ (သု. ၅:၁၈-၂၀; ကောလောသဲ ၃:၅; ၁ သက်သာလောနိတ် ၄:၃-၈) ဤကိစ္စများကို သင်ဆွေးနွေးပြီးဖြစ်သည့်တိုင် ပြန်ဆွေးနွေးရန် တုံ့ဆိုင်းမနေပါနှင့်။ အခြေအနေသစ်များပေါ်လာသည်နှင့်အမျှ ထပ်တလဲလဲပြောဆိုခြင်းသည် အရေးကြီး၏။
၁၆။ (က) အိမ်ထောင်စုများစွာတွင် မိသားစုသင်အံမှုကို အဘယ်အချိန်တွင် ပြုလုပ်ကြသနည်း။ (ခ) မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်နိုင်ရန် အတားအဆီးများကို သင်မည်သို့ဖြေရှင်းခဲ့သနည်း။
၁၆ မိသားစုသင်အံမှုကို အဘယ်အချိန်၌ ပြုလုပ်နိုင်သနည်း။ ကမ္ဘာတစ်ဝန်းရှိ ဗေသလမိသားစုများကိုတုပသည့်အနေဖြင့် အိမ်ထောင်များစွာသည် တနင်္လာနေ့ညနေတွင် မိသားစုသင်အံမှုကိုစီစဉ်ကြသည်။ အခြားသူများမူ ထိုသို့ပြုကြမည်မဟုတ်ပါ။ အာဂျင်တီးနားနိုင်ငံတွင် သားသမီး ၉ ယောက်ပါဝင်သော ၁၁ ယောက်ရှိသည့်မိသားစုတစ်စုသည် သူတို့၏မိသားစုသင်အံမှုအတွက် နံနက်တိုင်း ၅ နာရီတွင် မှန်မှန်ထကြရသည်။ အလုပ်သွားချိန်မတူကြသည့်အတွက် အခြားအချိန်စီစဉ်၍မရနိုင်ချေ။ ထိုသို့ပြုရန် မလွယ်ကူသော်လည်း မိသားစုသင်အံမှုအရေးကြီးကြောင်းကို ကလေးများ၏စိတ်နှလုံးတွင် စွဲမှတ်စေ၏။ ဖိလစ်ပိုင်နိုင်ငံတွင် အကြီးအကဲတစ်ဦးသည် သားသမီးများကြီးပြင်းလာနေစဉ် သူ၏ဇနီးအပါအဝင် ကလေးသုံးဦးနှင့်အတူ မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်ခဲ့သည်။ သားသမီးတစ်ဦးစီသည် အမှန်တရားကိုကိုယ်ပိုင်ဖြစ်စေရန် သီတင်းပတ်အတွင်းလည်း သူတို့တစ်ဦးစီနှင့်ကိုယ်ပိုင်လေ့လာမှုများပြုလုပ်ခဲ့ကြသည်။ ယူနိုက်တက်စတိတ်တွင် သက်သေခံမဟုတ်သောခင်ပွန်းသည်ရှိသူ ညီအစ်မတစ်ဦးသည် သားသမီးများနှင့်အတူ ကျောင်းဘတ်စကားမှတ်တိုင်သို့ နံနက်တိုင်းလမ်းလျှောက်သွားလေ့ရှိခဲ့၏။ ဘတ်စကားစောင့်နေစဉ်တွင် သူတို့သည် သင့်တော်သောကျမ်းစာဆိုင်ရာအကြောင်းအရာတစ်ခုကို ဆယ်မိနစ်ခန့် အတူတကွဖတ်ရှုဆွေးနွေးကြပြီး မိခင်ဖြစ်သူသည် သားသမီးများဘတ်စကားပေါ်မတက်မီ တိုတိုဆုတောင်းလေ့ရှိသည်။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် မိသားစုကိုစွန့်ပစ်ထားခဲ့သည့် မယုံကြည်သူခင်ပွန်းရှိသော အမျိုးသမီးတစ်ဦးသည် သူ၏ကျောင်းပညာနည်းမှုကြောင့် သင်အံမှုအတွက်အလွန်ကြိုးစားအားထုတ်ခဲ့ရ၏။ အရွယ်ရောက်ပြီဖြစ်သည့်သားသည် မိခင်နှင့် ညီငယ်များတို့၏သင်အံမှုကို ဦးဆောင်ပေးရန် သီတင်းပတ်တိုင်း မိသားစုထံလာရောက်လည်ပတ်သည်။ မိခင်ဖြစ်သူသည် ဝီရိယရှိရှိပြင်ဆင်ခြင်းဖြင့် ပုံသက်သေကောင်းပြ၏။ သင့်အိမ်ထောင်စုတွင် မိသားစုသင်အံမှုကိုမှန်မှန်ပြုလုပ်ရန် အခက်အခဲဖြစ်စေသည့် အခြေအနေတချို့ရှိပါသလော။ လက်မလျှော့လိုက်ပါနှင့်။ မှန်မှန်ကျမ်းစာသင်အံမှုပြုလုပ်ရန် သင့်ကြိုးပမ်းမှုကို ယေဟောဝါကောင်းချီးပေးစေရန် စိတ်အားထက်သန်စွာကြိုးစားပါ။—မာကု ၁၁:၂၃၊ ၂၄။
ဇွဲရှိခြင်းမှဆုလာဘ်များ
၁၇။ (က) မိသားစုသင်အံမှုကို မှန်မှန်ကျင်းပရန် အဘယ်အရာလိုသနည်း။ (ခ) ယေဟောဝါ၏နည်းလမ်းတော်များကို မိသားစုလိုက်မှန်မှန်သွန်သင်မှုခံယူခြင်း၏တန်ဖိုးကို အဘယ်အတွေ့အကြုံကဖော်ပြသနည်း။
၁၇ အစီအစဉ်ဆွဲရန်လိုသည်။ ဇွဲရှိဖို့လိုသည်။ သို့သော် မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်ခြင်းမှရသောအကျိုးများသည် အကျိုးနပ်ပေ၏။ (သု. ၂၂:၆; ၃ ယောဟန် ၄) ဂျာမနီနိုင်ငံမှ ဖရန့်ဇ်နှင့် ဟီလ်ဒါတို့သည် သားသမီး ၁၁ ဦးကိုပြုစုပျိုးထောင်ခဲ့ရ၏။ နှစ်အတန်ကြာသောအခါ သူတို့၏သမီးမာဂ်ဒလီနားက ဤသို့ဆိုခဲ့သည်– “ဒီနေ့ အရေးအကြီးဆုံးလို့ကျွန်မယူမှတ်တာကတော့ ဝိညာဉ်ရေးသွန်သင်ချက်မရခဲ့တဲ့ တစ်ရက်မှမရှိခဲ့တာပါပဲ။” အမျိုးသားရေးစိတ်ဓာတ်သည် အဒေါ့ဖ်ဟစ်တလာလက်အောက်ပြင်းထန်လာခဲ့ချိန်တွင် မာဂ်ဒလီနား၏ဖခင်သည် ဖြစ်ပေါ်လာမည်ဟု သူကြိုတင်သိထားသည့် စမ်းသပ်မှုများအတွက် မိသားစုကိုပြင်ဆင်ပေးရန် သမ္မာကျမ်းစာကိုအသုံးပြုခဲ့သည်။ အချိန်တန်သော် မိသားစုမှကလေးငယ်များသည် ပြုပြင်ရေးကျောင်းသို့ အတင်းအကျပ်ခေါ်ဆောင်သွားခြင်းခံခဲ့ကြရ၏; မိသားစုမှအခြားသူများသည် ဖမ်းဆီးခံခဲ့ရပြီး ထောင်များနှင့် ချွေးတပ်စခန်းများတွင် ချုပ်နှောင်ခံခဲ့ကြရသည်။ အချို့အသတ်ခံခဲ့ကြရ၏။ သူတို့အားလုံး၏ယုံကြည်ခြင်းသည်—ယင်းကိုကျော်လွှားခဲ့သူများအတွက် အပြင်းအထန်နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် ထိုအချိန်တွင်သာမက နောက်ပိုင်းနှစ်များတိုင်—ခိုင်မြဲခဲ့သည်။
၁၈။ တစ်ကိုယ်ရေမိဘများ၏ကြိုးပမ်းမှုများသည် မည်သို့အကျိုးနပ်ခဲ့ပြီနည်း။
၁၈ တစ်ကိုယ်ရေမိဘများစွာအပြင် ယုံကြည်ခြင်းမတူသည့်အိမ်ထောင်ဖက်ရှိသူတို့သည်လည်း သားသမီးများကိုမှန်မှန်ကျမ်းစာသင်ပေးခဲ့ကြသည်။ အိန္ဒိယနိုင်ငံမှ တစ်ကိုယ်ရေမိခင်ဖြစ်သူမုဆိုးမတစ်ဦးသည် သူ၏ကလေးနှစ်ယောက်ကို ယေဟောဝါအားချစ်ရန် ကြိုးစားသွန်သင်ပေးခဲ့သည်။ သို့ရာတွင် သူ၏သားသည် ယေဟောဝါ၏လူမျိုးနှင့်ပေါင်းသင်းမှုရပ်စဲလိုက်သောအခါ အလွန်ကြေကွဲခဲ့သည်။ သားကိုလေ့ကျင့်ပေးရာ၌ ချို့ယွင်းမှုမှန်သမျှအတွက်ခွင့်လွှတ်ရန် ယေဟောဝါအားတောင်းပန်ခဲ့သည်။ သို့သော် သားဖြစ်သူသည် သူသိရှိထားသည့်အရာများကိုမမေ့ပါ။ ဆယ်နှစ်ကျော်ပြီးနောက် ပြန်လှည့်လာခဲ့ပြီး ဝိညာဉ်ရေးတွင်ကောင်းစွာတိုးတက်လာကာ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်လာခဲ့သည်။ ယခုအခါ သူနှင့်သူ၏ဇနီးသည် အချိန်ပြည့်ရှေ့ဆောင်များအဖြစ်အမှုဆောင်နေကြသည်။ မိသားစုကို မှန်မှန်ကျမ်းစာသင်ပေးရန် ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်း၏သွန်သင်ချက်ကို နှလုံးသွင်းသည့်မိဘများသည် မည်မျှကျေးဇူးတင်စရာပါတကား! သင့်အိမ်ထောင်စုတွင် ထိုသွန်သင်ချက်ကို ကျင့်သုံးနေပါသလော။
သင်ရှင်းပြနိုင်သလော
◻ ပုံမှန်မိသားစုသင်အံမှုသည် အဘယ်ကြောင့်အရေးကြီးသနည်း။
◻ မိသားစုသင်အံမှုတစ်ခုစီအတွင်းတွင် ကျွန်ုပ်တို့၏ရည် ရွယ်ချက်များသည် အဘယ်အရာဖြစ်သင့်သနည်း။
◻ သွန်သင်ခြင်းအတွက် အဘယ်ကိရိယာများကို ကျွန်ုပ်တို့ရနိုင်ပြီနည်း။
◻ သင်အံမှုကို မိသားစုလိုအပ်ရာအတွက် မည်သို့ပြုပြင်နိုင်သနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရည် ရွယ်ချက်အတိအကျရှိခြင်းသည် သင့်မိသားစုသင်အံမှုကို တိုးတက်စေပါလိမ့်မည်