သင့်အမြင်ကျယ်စေသင့်သလော
ဂျပန်အနောက်ပိုင်း ကိုဘေးမြို့တွင် ပြင်းထန်သောငလျင်တစ်ခုလှုပ်ခဲ့ရာ ကိုယ်ကျိုးစွန့်စေတနာ့ဝန်ထမ်းများသည် ဘေးသင့်သူများကိုကူညီပေးရန် ချက်ချင်းရောက်လာကြသည်။ သို့ရာတွင် ရောက်ရှိလာသည့်ဆရာဝန်များအဖွဲ့က ဆေးဝါးများတောင်းဆိုသည့်အခါ မြို့တော်ကျန်းမာရေးဗျူရိုမှသူတစ်ဦးက ငြင်းပယ်ခဲ့သည်။ မြူနီစီပယ်ဆေးရုံကြီးတစ်ခု၏ညွှန်ကြားရေးမှူးလည်းဖြစ်သူ ထိုအရာရှိက ကယ်ဆယ်ရေးဌာနများတွင် အကုန်အကျများသည့်ဆေးဝါးများနှင့် အကြောဆေးများထိုးပေးသည့် ဆရာဝန်များထံသွားသည်ထက် ဒဏ်ရာရရှိသူများကို ကိုဘေးဆေးရုံများသို့ သွားစေလိုခဲ့သည်။ နောက်ဆုံးသော် ဆရာဝန်များ၏တောင်းဆိုချက်ကို ဖြည့်စွက်ခဲ့သော်လည်း အဆိုပါအရာရှိ၏ ကနဦးတင်းကျပ်သောသဘောထားနှင့် သနားကြင်နာမှုကင်းမဲ့ပုံပေါက်မှုသည် နေရာအနှံ့တွင်ဝေဖန်ခံခဲ့ရသည်။
အသင်လည်း အခွင့်အာဏာရှိသူတစ်ဦးဦး၏ အလားတူလိုက်လျောမပေးမှုမျိုးကို ကြုံကောင်းကြုံခဲ့ရဖူးပေမည်။ သင်ကိုယ်တိုင် ယင်းအမှားမျိုးပြုခဲ့ဖူးပေမည်။ သင်သည် အမြင်ပိုကျယ်စေခြင်းဖြင့် အကျိုးရှိနိုင်မည်လော။
ခြုံငုံ၍ရှုမြင်သုံးသပ်ပါ
လူတို့သည် ကိစ္စရပ်များကို ရှုထောင့်တစ်ခုတည်းမှရှုမြင်ကြကာ၊ ယင်းသို့ဖြင့် သူတို့၏သိမြင်နားလည်နိုင်စွမ်းကို အကန့်အသတ်ဖြစ်စေသည်။ များသောအားဖြင့် ယင်းသို့ဖြစ်ရသည့်အကြောင်းရင်းများမှာ ပညာရေး၊ ဘဝအတွေ့အကြုံနှင့် ဘဝနောက်ခံတို့ကြောင့်ဖြစ်လေ့ရှိသည်။ ကိစ္စရပ်တစ်ခုကို အဘက်ဘက်မှ ရှုမြင်ရန်ကြိုးစားမည်ဆိုလျှင် ပညာရှိဆုံးဖြတ်ချက်များကို ချနိုင်ပါလိမ့်မည်။ ဥပမာ၊ အချက်ပြမီးတိုင်များမရှိသော ကားရှုပ်သည့်လမ်းဆုံတစ်ခုကို အသင်ဖြတ်သန်းနေသည်ဆိုလျှင် ရှေ့တည့်တည့်ကိုသာကြည့်ခြင်းသည် ပညာရှိမည်လော။ လုံးဝပညာမရှိချေ! အလားတူ အားလုံးကိုခြုံငုံရှုမြင်ရန် သင့်အတွေးအခေါ်ကိုကျယ်ပြန့်စေခြင်းသည် ဆုံးဖြတ်ချက်များချ၍ တာဝန်သိတတ်စွာလုပ်ဆောင်ရန် များစွာအထောက်အကူပြုနိုင်သည်။ ယင်းသည် အသက်ကယ်ဆယ်ရေးပင်ဖြစ်နိုင်သည်။
ဤကိစ္စတွင် ကျွန်ုပ်တို့အားလုံး တိုးတက်စရာလိုပေမည်။ ထို့ကြောင့် ‘ကျွန်ုပ်၏အတွေးအခေါ်ကိုကျယ်ပြန့်စေခြင်းအားဖြင့် အကျိုးရရှိနိုင်သည့် ကဏ္ဍအချို့ကားအဘယ်နည်း’ ဟုကိုယ့်ကိုယ်ကိုမေးကြည့်ပါ။
အခြားသူများကိုသင်ရှုမြင်ပုံ
အခြားသူများကိုကြည့်သည့်အခါ သင်အဘယ်အရာကိုမြင်သနည်း။ ရှည်ရှည်ဝေးဝေးမစဉ်းစားဘဲ သူတို့ပြောဆိုလုပ်ကိုင်ရာကို အကောင်း သို့မဟုတ် အဆိုးဟုရှုမြင်တတ်သည့်သဘော သင်၌ရှိသလော။ လူတစ်ဦး၏စကားတစ်ခွန်းသည် သင့်အတွက် ချီးမွမ်းခြင်း သို့မဟုတ် စော်ကားခြင်းမျှလော။ လူတစ်ဦးသည် လုံးလုံးမှန်သည် သို့မဟုတ် လုံးဝမှားသည်ဟူ၍သာဖြစ်သလော။ ထိုသို့ရှုမြင်ခြင်းသည် အဖြူနှင့်အမဲရောင်သာရှိဘိသကဲ့သို့ ဆောင်းဦးရာသီရှုခင်း၏ တောက်ပသည့်အရောင်အသွေးမျိုးစုံနှင့် အရောင်ပြေးများကို လျစ်လျူရှုသည့်ဓာတ်ပုံဆရာတစ်ဦးနှင့်တူပေမည်။ သို့မဟုတ် မသိတတ်သောဧည့်သည်အချို့ စွန့်ပစ်ခဲ့သည့်အမှိုက်အနည်းငယ်ကြောင့် လှပသည့်ရှုခင်း၏သာယာမှုကို မခံစားရသော ခရီးသည်တစ်ဦးကဲ့သို့ အသင်သည် လူတစ်ဦး၏မကောင်းသောအကျင့်စရိုက်ကိုသာ အာရုံစိုက်လေ့ရှိသလော။—ဒေ. ၇:၁၆ နှိုင်းယှဉ်။
လူ့အမှားများအပေါ် ယေဟောဝါ၏ရှုမြင်ပုံကိုသုံးသပ်ခြင်းမှ များစွာသင်ယူနိုင်ပါသည်။ လူ့အားနည်းချက်များနှင့် ပျက်ကွက်မှုများကိုသိသော်ငြားလည်း ကိုယ်တော်သည် ယင်းတို့ကိုအာရုံစူးစိုက်မနေပါ။ ကျေးဇူးတင်စွာဖြင့် ဆာလံဆရာကဤသို့မှတ်ချက်ချခဲ့သည်– “အိုဘုရားရှင်ထာဝရဘုရား ကိုယ်တော်သည် ဒုစရိုက်အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။” (ဆာလံ ၁၃၀:၃) ယေဟောဝါသည် နောင်တရသည့်အပြစ်သားများ၏အမှားများကို မေ့ပစ်ရန်လိုလားတော်မူ၏၊ မှန်ပါသည်၊ ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးမပျက်စေဖို့ ယင်းတို့ကို သဘောထားကြီးစွာ ဖယ်ရှားပေးတော်မူသည်။ (ဆာလံ ၅၁:၁; ၁၀၃:၁၂) တစ်ကြိမ်က ဗာသရှေဘနှင့် ကြီးလေးသောအပြစ်များကျူးလွန်ခဲ့သူ ဘုရင်ဒါဝိဒ်နှင့်ပတ်သက်၍ ယေဟောဝါက “ငါ့ရှေ့မှာကောင်းသောအကျင့်ကိုသာကျင့်မည်ဟု စိတ်နှလုံးအကြွင်းမဲ့ငါ့ကိုဆည်းကပ်” သူဟူ၍ဆိုနိုင်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၄:၈) ဘုရားသခင်သည် ဒါဝိဒ်နှင့်ပတ်သက်၍ အဘယ်ကြောင့်ဤသို့ဆိုနိုင်သနည်း။ အကြောင်းမှာ ကိုယ်တော်သည် နောင်တရသူဒါဝိဒ်၏ ကောင်းသောအရည်အချင်းများကို အာရုံစိုက်ခဲ့သောကြောင့်ဖြစ်သည်။ ကိုယ်တော်သည် သက်ဆိုင်သည့်အချက်အားလုံးကိုသုံးသပ်၍ မိမိ၏ကျေးကျွန်ကို ဆက်၍ကရုဏာပြလိုခဲ့သည်။
ခရစ်တော်ယေရှုသည် သူတစ်ပါး၏အမှားများအပေါ် ဤအမြင်ကျယ်သောသဘောထားကြောင့် အပြစ်ဆိုဖွယ်မရှိ ရောင်ပြန်ဟပ်ခဲ့သည်။ (ယောဟန် ၅:၁၉) တမန်တော်များ၏အားနည်းချက်များကို ယေရှုတွေ့မြင်ရသောအခါ ကိုယ်တော်သည် သနားကြင်နာ၍ နားလည်မှုပြခဲ့သည်။ မစုံလင်သည့်လူသားများနှင့်ပတ်သက်၍ သူတို့၏ ‘စိတ်ဝိညာဉ်က စေတနာရှိ’ သည့်တိုင် ‘ကိုယ်မူကားအားနည်း’ သည်ကို ကိုယ်တော်သိတော်မူ၏။ (မဿဲ ၂၆:၄၁) ၎င်းကိုမှတ်ထားကာ ယေရှုသည် တပည့်တော်များ၏အားနည်းချက်များနှင့် အမှားများကိုသည်းခံပြီး နားလည်မှုရှိရှိဆက်ဆံနိုင်ခဲ့သည်။ ကိုယ်တော်သည် သူတို့၏အားနည်းချက်များကိုမဟုတ်၊ သူတို့၏ကောင်းသော အရည်အချင်းများကို အာရုံစူးစိုက်ခဲ့သည်။
တစ်ကြိမ်က မည်သူအကြီးမြတ်ဆုံးဖြစ်မည်နှင့်ပတ်သက်၍ တမန်တော်များ ငြင်းခုံကြသောကြောင့် သူတို့ကိုဆုံးမပြီး ယေရှုကဤသို့ထပ်လောင်းမိန့်ဆိုခဲ့၏– “ငါသည်စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည်ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကိုပေးတော်မူသည်နှင့်အညီ၊ သင်တို့သည်ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌စားသောက်သောအခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကိုလည်းကောင်း ငါသည်သင်တို့အားပေးမည်။” (လုကာ ၂၂:၂၄-၃၀) မှန်ပါသည်၊ တမန်တော်များမှာ အားနည်းချက်များစွာရှိသော်လည်း ယေရှုသည် သူတို့၏သစ္စာရှိမှုနှင့် ကိုယ်တော်အားချစ်သည့်မေတ္တာကို သတိရခဲ့သည်။ (သု. ၁၇:၁၇) သူတို့လုပ်နိုင်ရာနှင့် လုပ်ဆောင်မည်ကို ယေရှုယုံကြည်စိတ်ချသောကြောင့် သူတို့နှင့် [ဘုရားသခင့်] နိုင်ငံတော်ပဋိညာဉ်ဖွဲ့ခဲ့ခြင်းဖြစ်သည်။ မှန်ပါသည်၊ ‘တပည့်တော်များကို အဆုံးတိုင်အောင် ယေရှုချစ်တော်မူ၏။’—ယောဟန် ၁၃:၁။
ထို့ကြောင့် တစ်ဦးတစ်ယောက်၏အကျင့်စရိုက်နှင့် အားနည်းချက်များသည် သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေလျှင် ယေဟောဝါနှင့်ယေရှုကဲ့သို့ဖြစ်ပါ။ သင့်အတွေးအခေါ်ကိုကျယ်ပြန့်စေ၍ အချက်အလက်အားလုံးကို ထည့်တွက်စဉ်းစားပါ။ အရာရာကို သင့်တင့်မျှတစွာရှုမြင်ခြင်းဖြင့် သင့်ညီအစ်ကိုများကို ချစ်ပြီးတန်ဖိုးထားလေးစားဖို့ ပိုလွယ်ကူလာပါလိမ့်မည်။
ရုပ်ပစ္စည်းပေးကမ်းရာတွင်
ပေးကမ်းရသည့်အခွင့်အရေးသည် ခရစ်ယာန်များရရှိထားသည့် ပျော်ရွှင်မှုများအနက်တစ်ခုဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏ပေးကမ်းခြင်းသည် လုပ်ငန်းတစ်မျိုးတည်း၌သာ၊ ဥပမာ လယ်ကွင်းလုပ်ငန်း၌ပါဝင်သည့်အခါ၌သာ ပေးကမ်းခြင်းဖြစ်ရမည်လော။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊၂၀) သို့မဟုတ် အခြားသူတို့၏ကာယရေးလိုအပ်ရာများနှင့် ကောင်းကျိုးကိုထည့်တွက်ရန် သင့်အတွေးအခေါ်ကိုကျယ်ပြန့်စေနိုင်မည်လော။ မှန်ပါသည်၊ ဝိညာဉ်ရေးအရပေးကမ်းခြင်းသည် အရေးအကြီးဆုံးဖြစ်ကြောင်းကို ခရစ်ယာန်အားလုံး သဘောပေါက်ကြပါသည်။ (ယောဟန် ၆:၂၆၊ ၂၇; တမန်တော် ၁:၈) သို့တိုင် ဝိညာဉ်ရေးအရပေးကမ်းခြင်းသည် အရေးကြီးသကဲ့သို့ ရုပ်ပစ္စည်းပေးကမ်းခြင်းကိုလည်း လျစ်လျူရှု၍မရသည်မှာဧကန်ပင်။—ယာကုပ် ၂:၁၅၊ ၁၆။
ကျွန်ုပ်တို့၏အသင်းတော်နှင့် ကမ္ဘာတစ်ဝန်းလုံးရှိ ဝိညာဉ်ရေးညီအစ်ကိုများ၏ အရေးတကြီးလိုအပ်ရာများကို ကျွန်ုပ်တို့သုံးသပ်ကြစဉ် သူတို့ကိုကျွန်ုပ်တို့အဘယ်နည်းဖြင့် ကူညီနိုင်ကြောင်း အပြည့်အစုံသိမြင်နိုင်သည်။ ပေးကမ်းနိုင်သည့်အခြေအနေရှိသူများက အခြားသူများကိုရက်ရက်ရောရောမျှဝေသည့်အခါ တန်းတူညီမျှဖြစ်စေသည်။ ဤနည်းဖြင့် ညီအစ်ကိုအားလုံး၏လိုအပ်ရာများကို ဖြည့်စွက်ပေးကြသည်။ ခရစ်ယာန်အကြီးအကဲတစ်ဦးက ယင်းကိုဤသို့ဖော်ပြခဲ့သည်– “ကမ္ဘာ့ဒေသတစ်ခုမှာ အကူအညီလိုအပ်နေပြီဆိုရင် တခြားတစ်နေရာကညီအစ်ကိုတွေက ကူညီပေးကြမယ်။ သူတို့မကူညီနိုင်ရင် နောက်တစ်နေရာက ညီအစ်ကိုတွေလာကူကြလိမ့်မယ်။ အဲဒီနည်းနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုတွေရဲ့လိုအပ်ရာတွေ ဖြည့်စွက်ခံရပါတယ်။ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဟာ တကယ့်အံ့ဖွယ်ပါပဲ။”—၂ ကောရိန္သု ၈:၁၃-၁၅; ၁ ပေတရု ၂:၁၇။
အရှေ့ဥရောပတွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတစ်ခုကို တက်ရောက်လိုစိတ်ရှိသည့် ခရစ်ယာန်ညီအစ်မတစ်ဦးသည် တက်ရောက်ရန်အခြေအနေမပေးခဲ့ပါ။ သို့ရာတွင် ထိုနေရာရှိ ညီအစ်ကိုများသည် ကျမ်းစာများအလွန်လိုအပ်နေကြောင်း သူကြားသိသောကြောင့် တက်ရောက်သူတစ်ဦးမှတစ်ဆင့် ကျမ်းစာအုပ်များလှူဒါန်းခဲ့သည်။ ဤနည်းဖြင့် နိုင်ငံရပ်ခြားရှိညီအစ်ကိုများအား ပေးကမ်းဝေမျှရသည့်ပျော်ရွှင်မှုကို သူခံစားခဲ့ရသည်။—တမန်တော် ၂၀:၃၅။
သင့်အတွေးအခေါ်ကိုကျယ်ပြန့်စေခြင်းဖြင့် အစဉ်တိုးချဲ့လျက်ရှိသော ကမ္ဘာချီကျမ်းစာပညာပေးရေးလုပ်ငန်းကို သာ၍ပင် ထောက်ပံ့ကူညီပေးနိုင်ပြီး အသင်ကိုယ်တိုင်နှင့် အခြားသူများကိုပါ ပျော်ရွှင်မှုရရှိစေသည်။—တရားဟောရာ ၁၅:၇; သု. ၁၁:၂၄; ဖိလိပ္ပိ ၄:၁၄-၁၉။
သွန်သင်ချက်ပေးသည့်အခါ
သွန်သင်ချက်ပေးရန် သို့မဟုတ် ဆုံးမပဲ့ပြင်ပေးရန် လိုအပ်လာသည့်အခါ ထောက်ထားစာနာ၍ ချင့်ချိန်သုံးသပ်ခြင်းက ညီအစ်ကိုများ၏လေးစားမှုကိုရရှိစေ၍ တကယ်ထိရောက်သည့်အကူအညီကို ပေးနိုင်ရန် အထောက်အကူရပါလိမ့်မည်။ အကြောင်းရင်းအချို့ကိုသာ အာရုံစိုက်၍ အလောတကြီးဖြင့် တစ်ဖက်သတ်ကောက်ချက်ချရန် အလွန်လွယ်ကူသည်။ ဤသို့ပြုခြင်းက ကျွန်ုပ်တို့သည် စည်းမျဉ်းများစွာဖြင့် သူတစ်ပါးအပေါ် ဝန်တင်လိုခဲ့ကြသည့် ယေရှုခေတ်မှဘာသာရေးခေါင်းဆောင်များကဲ့သို့ တင်းမာသောစိတ်ထားရှိသည့်အထိ အမြင်ကျဉ်းကြောင်းဖော်ပြသည်။ (မဿဲ ၂၃:၂-၄) အခြားတစ်ဖက်တွင်မူ အစွန်းရောက်ခြင်းကိုရှောင်၍ ကျမ်းစာမူများပေါ် ခိုင်မာစွာအခြေပြုထားသည့် ကောင်းသောသွန်သင်ချက်များကိုပေးကာ ယေဟောဝါ၏ဖြောင့်မတ်၍ မျှတသော ကရုဏာရှိအတွေးမျိုးကို ရောင်ပြန်ဟပ်မည်ဆိုလျှင် ကျွန်ုပ်တို့၏အကြံပေးချက်ကို သူတစ်ပါးလက်ခံကျင့်သုံးရန် သာ၍လွယ်ကူစေပါလိမ့်မည်။
လွန်ခဲ့သောနှစ်အနည်းငယ်က အသင်းတော်အချို့မှ ညီအစ်ကိုလူငယ်များသည် စုပေါင်းကစားခဲ့ကြသည်။ မမျှော်လင့်ဘဲ သူတို့ကြားတွင် ယှဉ်ပြိုင်လိုစိတ်ပေါ်လာကြပြီး ကြမ်းတမ်းခက်ထန်သည့်စကားများ ပြောဆိုခဲ့ကြသည်။ ဒေသခံအကြီးအကဲများက ထိုပြဿနာကိုမည်သို့ကိုင်တွယ်ခဲ့ကြသနည်း။ လူငယ်များအပန်းဖြေမှုလိုအပ်သည်ကို အသိအမှတ်ပြုကာ လုံးဝမကစားတော့ရန် အကြံမပြုခဲ့ကြပါ။ (ဧဖက် ၅:၁၇; ၁ တိမောသေ ၄:၈) သို့ပြုမည့်အစား ယှဉ်ပြိုင်သည့်စိတ်ဓာတ်သည် အဘယ်အရာဖြစ်စေနိုင်ကြောင်းကို ခိုင်မာသော်လည်း ကျိုးကြောင်းဆီလျော်သည့်သတိပေးချက်များပေးခဲ့ကြသည်။ အသက်ကြီးသူများ၊ တာဝန်ခံမည့်သူများကိုရှိစေခြင်းစသည့် အထောက်အကူပြုသောအကြံပေးချက်များလည်းပေးခဲ့ကြ၏။ ပညာရှိ၍မျှတမှုရှိသည့် ထိုသွန်သင်ချက်ကို လူငယ်များတန်ဖိုးထားခဲ့ကြပြီး ကောင်းစွာတုံ့ပြန်ခဲ့ကြသည်။ ထို့ပြင် အကြီးအကဲများကို သူတို့ပို၍လေးစားခင်တွယ်လာကြသည်။
ကျယ်ပြန့်စေရန်ကြိုးပမ်းလုပ်ဆောင်
အသင်သည် တမင်သက်သက်၊ သိလျက်နှင့်စိတ်စွန်းကွက်လိမ့်မည်မဟုတ်သော်လည်း သင့်အတွေးအခေါ်ကျယ်ပြောစေဖို့ ကြိုးစားရန်လိုပေဦးမည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သင်လေ့လာနေစဉ် ယေဟောဝါ၏တွေးခေါ်ပုံကို သိရှိနားလည်ရန်အတွက် ယင်းကိုတွေးတောဆင်ခြင်ပါ။ (ဆာလံ ၁၃၉:၁၇) ကျမ်းစာ၌ဖော်ပြရသည့် အကြောင်းရင်းများနှင့် ပါဝင်ပတ်သက်သည့်မူများကို နားလည်ရန်ကြိုးစားပြီး ယေဟောဝါကဲ့သို့ ကိစ္စရပ်များကိုပိုင်းဖြတ်တတ်ရန်ကြိုးစားပါ။ ယင်းသို့ပြုခြင်းက ဒါဝိဒ်၏ဤဆိုတောင်းချက်နှင့်အညီ ဖြစ်ပါလိမ့်မည်– “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။”—ဆာလံ ၂၅:၄၊ ၅။
သင့်အမြင်ပိုကျယ်လာသည်နှင့် ကောင်းချီးခံစားရပေမည်။ အမြင်ကျယ်ခြင်း၏ကောင်းချီးတစ်ခုမှာ သင်သည် မျှတမှုရှိ၍နားလည်ပေးတတ်သူအဖြစ် နာမည်ကောင်းရရှိခြင်းဖြစ်ပေမည်။ သင်သည် အခြေအနေအမျိုးမျိုး၌ အကူအညီပေးသည့်အခါ ပို၍အကျိုးသင့်အကြောင်းသင့်တွေးတောကာ နားလည်မှုရှိစွာ တုံ့ပြန်နိုင်ပါလိမ့်မည်။ ဤသို့ပြုခြင်းကတစ်ဖန် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၏ အံ့ချီးဖွယ်စည်းလုံးညီညွတ်မှုကို တိုးပွားထောက်ကူပေးပါလိမ့်မည်။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ရက်ရက်ရောရောပေးကမ်းခြင်းကအခြားသူများကိုအထောက်အကူဖြစ်စေပြီးပေးကမ်းသူကိုပျော်ရွှင်စေကာ ကောင်းကင်ခမည်းတော်၏ မျက်နှာသာကိုရရှိစေ၏