ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
စစ်မှန်သောဘုရားသခင်အား ရှာဖွေရကျိုးနပ်
ဘီ.စီ.အီး. ဆယ်ရာစု၌ ယုဒနှစ်နွယ်နိုင်ငံတွင် [ဗာဗုလုန်] ဝတ်ပြုရေး ပြည့်နှက်ခဲ့သည်။ သို့ရာတွင် ဤမျှများပြားသည့် ရုပ်ပုံကိုးကွယ်မှုအလယ်တွင် ဘုရားသခင်အပေါ် မှန်ကန်သောသဘောထားရှိသူတစ်ဦး နေထိုင်ခဲ့သည်။ သူ့အမည်မှာ ယောရှဖတ်ဖြစ်သည်။ ပရောဖက်ယေဟုက သူနှင့်ပတ်သက်၍ ဤသို့ဆိုခဲ့၏– “မင်းကြီးသည် . . . ဘုရားသခင် [“စစ်မှန်သောဘုရားသခင်၊” ကဘ] ကို ရှာခြင်းငှာ သဘောကျသောကြောင့်၊ ကျင့်သောအကျင့်ကောင်းပါပြီ။” (၂ ရာဇဝင်ချုပ် ၁၉:၃) ထိုနည်းတူ ယနေ့လည်း ဤ “ခဲယဉ်းသောကာလ” တွင်သန်းပေါင်းများစွာသောသူတို့သည် စစ်မှန်သောဘုရားသခင်ယေဟောဝါအား ရှာခြင်းငှာ ‘သဘောကျ’ ခဲ့ကြသည်။ (၂ တိမောသေ ၃:၁-၅) ယင်းကို အနောက်အာဖရိက၊ တိုဂိုမှ အောက်ပါတွေ့ ကြုံမှုက သက်သေထူသည်။
ကာဇီမီရာသည် ကက်သလစ်ကျောင်းတက်ခဲ့ပြီး ကိုးနှစ်အရွယ်တွင် ပထမဆုံးအကြိမ်ပွဲတော်ယူခဲ့၏။ သို့သော် ကာဇီမီရာသည် ၁၄ နှစ်အရွယ်တွင် ချာ့ချ်မတက်တော့ချေ။ ပွဲတော်မယူလျှင် မီးငရဲသို့ရောက်နိုင်သည် သို့မဟုတ် အနည်းဆုံးတော့ ငရဲကလေးသို့ရောက်နိုင်သည်ဟု သူထင်ခဲ့သောကြောင့် ကြောက်စိတ်အမြဲရှိခဲ့သည်။
ကာဇီမီရာသည် ကျောင်း၌ တစ်ပတ်လျှင်တစ်ကြိမ် ကျမ်းစာလေ့လာကြသည့် လူငယ်အဖွဲ့တစ်ဖွဲ့ နှင့်ပူးပေါင်းခဲ့သည်။ မိမိဘာသာလည်း ကျမ်းစာကိုစဖတ်ခဲ့၏။ တစ်ခါသော် ပင်လယ်ထဲကတက်လာသည့် ကြောက်မက်ဖွယ်သားရဲတစ်ကောင်အကြောင်း ဗျာဒိတ်ကျမ်းတွင် ဖတ်မိခဲ့သည်။ (ဗျာဒိတ် ၁၃:၁၊ ၂) ယင်းအကြောင်းကို ကျမ်းစာလေ့လာသော အဖွဲ့ခေါင်းဆောင်အား သူမေးသောအခါ ထိုသူက တကယ့်သားရဲဖြစ်ပြီး ပင်လယ်ထဲမှ အမှန်ပင်ထွက်လာလိမ့်မည်ဟု ပြောခဲ့သည်။ ကာဇီမီရာသည် အတ္တလန်တိတ်ကမ်းရိုးတန်းနှင့် မဝေးလှသောနေရာတွင် နေထိုင်သောကြောင့် အဆိုပါရှင်းပြချက်ကြောင့် ကြောက်ရွံ့နေလေသည်။ မိမိသည် သားရဲ၏ပထမဆုံးတိုက်ခိုက်ခံရမည့် သားကောင်ဖြစ်လာနိုင်သည်ဟု သူယူမှတ်ခဲ့သည်။
သို့နှင့် ကာဇီမီရာသည် သားရဲလက်မှလွတ်မြောက်ရန် မြောက်ပိုင်းသဲကန္တာရသို့ ထွက်ပြေးဖို့အတွက် စတင်ငွေစုခဲ့၏။ သူ၏အကြံအစည်ကို အတန်းဖော်တစ်ဦးအား ပြောပြခဲ့သည်။ ထိုသူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ရာ ပင်လယ်ထဲက ပကတိသားရဲထွက်လာလိမ့်မည်မဟုတ်ကြောင်း သူ့အား စိတ်ချစေခဲ့သည်။ ထိုနောက် များမကြာမီ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ အစည်းအဝေးများကို တက်ရောက်ရန် ကာဇီမီရာဖိတ်ခေါ်ခံခဲ့ရသည်။ အစည်းအဝေးများတက်ခြင်းမှ သူပျော်ရွှင်မှုရရှိခဲ့ရာ မှန်မှန်စတက်လေ၏။ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကိုလည်း လက်ခံခဲ့သည်။
ကာဇီမီရာသည် သင်အံမှုတွင် တိုးတက်လာသည်နှင့်အမျှ မိသားစုအတိုက်အခံလည်းစခဲ့သည်။ သူ၏မိသားစုသည် ဘိုးဘေးကိုးကွယ်ကြပြီး ယဇ်ပူဇော်ရာမှကျန်သည့် အသွေးမထုတ်ထားသော အသားကိုစားလေ့ရှိကြသည်။ ကာဇီမီရာသည် ထိုအသားကိုစားရန် ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သောအခါ သူ့ကို အိမ်ပေါ်မှဆင်းသွားရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ကာဇီမီရာသည် အေးဆေးစွာနေခဲ့သည့်အတွက် ခြိမ်းခြောက်ကြသည့်အတိုင်း မပြုကြချေ။ သို့သော် သုံးလတိုင် မိသားစုထမင်းဝိုင်းတွင် ဤအသားကိုသာ ချက်ကျွေးခဲ့သည်။ ကာဇီမီရာခမျာ အစာအလုံအလောက်မစားရသည့် အခက်အခဲရှိခဲ့သော်လည်း ယင်းနှင့် အခြားခက်ခဲမှုများကို သည်းခံခဲ့သည်။
ကာဇီမီရာသည် ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံသည့်အထိ ဝိညာဉ်ရေးဘက် ဆက်တိုးတက်လာခဲ့သည်။ နောက်ပိုင်းတွင် ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ခံရပြီး တိုဂိုတွင် လေးကြိမ်မြောက် ဓမ္မအမှုထမ်းသင်တန်းကျောင်းကို တက်ရောက်ခွင့်ရခဲ့သည်။ လောလောဆယ်တွင် သူသည် ဌာနခွဲ၌ စေတနာ့ဝန်ထမ်းအဖြစ် ပျော်ရွှင်စွာအမှုဆောင်လျက်ရှိသည်။
မှန်ပါသည်၊ ဘုရင်ဒါဝိဒ်၏ ဤစကားများသည် အဖြစ်အပျက်များစွာ၌ မှန်ကန်ကြောင်း ထင်ရှားလှပါသည်– “ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။”—၁ ရာဇဝင်ချုပ် ၂၈:၉။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ကာဇီမီရာ (လက်ယာ) သည် ဌာနခွဲ၌ စေတနာ့ဝန်ထမ်းအဖြစ် ပျော်ရွှင်စွာအမှုဆောင်လျက်ရှိ