ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၂/၁၅ စာ. ၁၀-၁၅
  • ကယ်တင်ခြင်းသည် ယေဟောဝါနှင့်သာစပ်ဆိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကယ်တင်ခြင်းသည် ယေဟောဝါနှင့်သာစပ်ဆိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် ဖြောင့်မတ်သောသူကိုကယ်တင်
  • ယေဟောဝါသည် ဖိနှိပ်သူများ၏လက်မှ မိမိ၏လူမျိုးတော်ကိုကယ်တင်
  • ဘုရားသခင်သည် မိမိအားကိုးစားသူတို့ကိုကယ်တင်
  • ယေဟောဝါသည် သမာဓိစောင့်သိသူများကိုကယ်တင်
  • ယေဟောဝါသည် မိမိလူမျိုးကိုအမြဲကယ်တင်
  • ထာဝရအသက်သို့ကယ်တင်ခြင်း
  • သင်၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ ကို တောက်ပနေစေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကယ်တင်ခြင်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ‘မြဲမြံစွာရပ်၍ ယေဟောဝါ၏ ကယ်တင်တော်မူခြင်းကို ကြည့်ရှုလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဖန်ဆင်းရှင်က ကျွန်ုပ်တို့အကျိုးအတွက် မိမိကိုယ်ကို ထင်ရှားသိသာစေခြင်း!
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၂/၁၅ စာ. ၁၀-၁၅

ကယ်တင်ခြင်းသည် ယေဟောဝါနှင့်သာစပ်ဆိုင်

“ငါတို့၏ဘုရားသခင်သည် ကယ်တင်နိုင်သောဘုရားဖြစ်တော်မူ၏။”—ဆာလံ ၆၈:၂၀။

၁၊ ၂။ (က) ယေဟောဝါသည် ကယ်တင်ခြင်း၏ရင်းမြစ်ဖြစ်သည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်ပြောနိုင်သနည်း။ (ခ) နယပုံပြင် ၂၁:၃၁ ကိုသင်မည်သို့ရှင်းပြမည်နည်း။

ယေဟောဝါသည် ကိုယ်တော့်အားချစ်မြတ်နိုးသူများ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ (ဟေရှာယ ၄၃:၁၁) ဣသရေလနိုင်ငံ၏ထင်ရှားသော ဘုရင်ဒါဝိဒ်သည် ယင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ဤသို့လှိုက်လှဲစွာဖွဲ့ဆိုခဲ့သည်– ‘ကယ်တင်ခြင်းသည် ယေဟောဝါနှင့်စပ်ဆိုင်ပါ၏။’ (ဆာလံ ၃:၈၊ သမ္မာ) ပရောဖက်ယောနသည် ငါးကြီး၏ဝမ်းထဲ၌ရှိနေစဉ် ထက်ထက်သန်သန်ဆုတောင်းရာ၌ ထိုစကားများကိုအသုံးပြုခဲ့သည်။—ယောန ၂:၉။

၂ ယေဟောဝါသည် ကယ်တင်ခြင်း၏ရင်းမြစ်ဖြစ်ကြောင်းကို ဒါဝိဒ်၏သားရှောလမုန်လည်းသိရှိခဲ့၍ ဤသို့ဆိုခဲ့သည်– “စစ်တိုက်ရာကာလအဖို့ မြင်းများကိုပြင်ဆင်သော်လည်း ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။” (သု. ၂၁:၃၁) ရှေးခေတ်အရှေ့အလယ်ပိုင်းဒေသတွင် နွားများနှင့် ထွန်ယက်၏၊ မြည်းများမူ ဝန်သယ်၏၊ လူတို့သည် လားများကိုစီးခဲ့ကြပြီး စစ်ပွဲများတွင် မြင်းများကို အသုံးပြုခဲ့ကြသည်။ သို့ရာတွင် ဣသရေလလူများသည် ကတိထားရာပြည်တော်သို့မဝင်မီတွင် သူတို့၏အနာဂတ်ဘုရင်သည် “ကိုယ်အဖို့များစွာသောမြင်းတို့ကို မမွေးရ” ဟုဘုရားသခင်မိန့်မှာခဲ့သည်။ (တရားဟောရာ ၁၇:၁၆) ယေဟောဝါသည် မိမိ၏လူမျိုးတော်ကိုကယ်တင်မည်ဖြစ်သောကြောင့် စစ်မြင်းများလိုမည်မဟုတ်ချေ။

၃။ အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ထိုက်သနည်း။

၃ ပိုင်သအုပ်စိုးရှင်ယေဟောဝါသည် “ကယ်တင်နိုင်သောဘုရားဖြစ်တော်မူ၏။” (ဆာလံ ၆၈:၂၀) တကယ်အားရှိစရာပါတကား! သို့သော် အဘယ် ‘ကယ်တင်ခြင်းလုပ်ရပ်များ’ ကိုယေဟောဝါဆောင်ရွက်ခဲ့သနည်း။ ထို့အပြင် မည်သူ့ကို ကိုယ်တော်ကယ်တင်ခဲ့ပြီနည်း။

ယေဟောဝါသည် ဖြောင့်မတ်သောသူကိုကယ်တင်

၄။ ယေဟောဝါသည် ဘုရားဝတ်၌မွေ့လျော်သူတို့ကိုကယ်တင်ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

၄ ဘုရားသခင်၏ဆက်ကပ်အပ်နှံကျေးကျွန်များအဖြစ် ဖြောင့်မတ်သောလမ်းစဉ်ကို လိုက်လျှောက်နေသူအားလုံးသည် တမန်တော်ပေတရု၏ ဤစကားများမှ နှစ်သိမ့်မှုရယူနိုင်သည်– “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကိုဒဏ်ခံစေမည်အကြောင်း . . . တရားဆုံးဖြတ်သောနေ့အဖို့ချုပ်ထားခြင်းငှာလည်းကောင်း ထာဝရဘုရားသည်တတ်နိုင်တော်မူ၏။” ယင်းအချက်ကို သက်သေထူရန် ပေတရုက ဘုရားသခင်သည် “ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကိုဟောသောနောဧနှင့် လူခုနစ်ယောက်တို့ကိုစောင့်မတော်မူ၍၊ ဘုရားကိုမကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏” ဟုဆိုခဲ့သည်။—၂ ပေတရု ၂:၅၊ ၁၀။

၅။ နောဧသည် “ဖြောင့်မတ်ခြင်းတရားဟော” သူအဖြစ် အဘယ်အခြေအနေအောက်တွင် အမှုဆောင်ခဲ့သနည်း။

၅ နောဧခေတ်ရှိအခြေအနေများအောက် သင်ရောက်ရှိနေသည်ဟုစိတ်ကူးကြည့်လိုက်ပါ။ လူ့အသွင်ယူဆောင်ထားသောနတ်ဆိုးများသည် မြေကြီးပေါ်ရောက်ရှိနေကြ၏။ နာခံမှုမရှိသောဤကောင်းကင်တမန်များ၏သားတို့သည် လူတို့ကိုရက်ရက်စက်စက်ပြုမူဆက်ဆံခဲ့ကြရာ “မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။” (ကမ္ဘာဦး ၆:၁-၁၂) သို့ရာတွင် ယေဟောဝါ၏လုပ်ငန်းတော်ကိုစွန့်လွှတ်ရန် နောဧအား အနိုင်မကျင့်နိုင်ကြချေ။ ယင်းအစား သူသည် “ဖြောင့်မတ်ခြင်းတရားဟော” သောသူဖြစ်ခဲ့သည်။ သူနှင့် သူ၏မိသားစုသည် သင်္ဘောတစ်စင်းကိုဆောက်လုပ်ခဲ့ကြပြီး သူတို့အသက်ရှင်စဉ် ဆိုးသွမ်းမှုပယ်ရှင်းခံရမည်ကို တစ်ခါမျှသံသယမဝင်ခဲ့ကြချေ။ နောဧ၏ယုံကြည်ခြင်းသည် ထိုလောကကိုပြစ်တင်ရှုတ်ချခဲ့၏။ (ဟေဗြဲ ၁၁:၇) မျက်မှောက်ခေတ်အခြေအနေများသည် နောဧခေတ်အခြေအနေများနည်းတူဖြစ်နေရာ ဤအချိန်သည် အစီအစဉ်စနစ်ဆိုး၏နောက်ဆုံးနေ့ရက်များဖြစ်သည်ဟု ဖော်ပြလျက်ရှိသည်။ (မဿဲ ၂၄:၃၇-၃၉; ၂ တိမောသေ ၃:၁-၅) ထို့ကြောင့် နောဧကဲ့သို့ ယေဟောဝါ၏ကယ်တင်ခြင်းကိုစောင့်မျှော်နေစဉ် ဘုရားသခင့်လူများနှင့်အတူအမှုဆောင်ကာ ဖြောင့်မတ်ခြင်းတရားဟောသူတစ်ဦးအဖြစ် သင်သစ္စာရှိပါမည်လော။

၆။ ယေဟောဝါသည် ဖြောင့်မတ်သောသူကိုကယ်တင်ကြောင်း ၂ ပေတရု ၂:၇၊ ၈ ကမည်သို့သက်သေထူသနည်း။

၆ ယေဟောဝါသည် ဖြောင့်မတ်သောသူကိုကယ်တင်ကြောင်း ထပ်ဆင့်အထောက်အထားတစ်ခုကို ပေတရုဖော်ပြသည်။ တမန်တော်က ဤသို့ဆိုသည်– “[ဘုရားသခင်] သည် မတရားသောသူတို့၏ညစ်ညူးသောအကျင့်အားဖြင့် နှောင့်ယှက်ခြင်းကိုခံရသောသူ၊ ဖြောင့်မတ်သောလောတကို ကယ်နုတ်တော်မူ၏။ ထိုဖြောင့်မတ်သောသူသည် မတရားသောသူတို့တွင်နေစဉ်အခါ၊ သူတို့၏မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့် မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။” (၂ ပေတရု ၂:၇၊ ၈; ကမ္ဘာဦး ၁၉:၁-၂၉) လိင်အကျင့်ယိုယွင်းမှုသည် ဤနောက်ဆုံးကာလတွင် သန်းနှင့်ချီသောသူတို့၏ဘဝလမ်းစဉ်တစ်ခုဖြစ်လာပေပြီ။ လောတကဲ့သို့ သင်သည် ယနေ့လူများစွာ၏ ‘ညစ်ညူးသောအကျင့်အားဖြင့် နှောင့်ယှက်ခြင်းအကြီးအကျယ်ခံနေရ’ ပါသလော။ သင်သည်စိတ်အနှောင့်အယှက်ဖြစ်ကာ ဖြောင့်မတ်သောအကျင့်ကိုပြုကျင့်နေမည်ဆိုလျှင် ဤစနစ်ဆိုးဆုံးခန်းတိုင်သောအခါ သင်သည် ယေဟောဝါကယ်တင်သောသူများတွင် တစ်ဦးအပါအဝင်ဖြစ်ပေမည်။

ယေဟောဝါသည် ဖိနှိပ်သူများ၏လက်မှ မိမိ၏လူမျိုးတော်ကိုကယ်တင်

၇။ ယေဟောဝါသည် ဖိနှိပ်မှုမှမိမိ၏လူတို့ကိုကယ်နုတ်ကြောင်း အီဂျစ်ပြည်ရှိဣသရေလလူမျိုးနှင့်ကိုယ်တော်ဆက်ဆံပုံက မည်သို့သက်သေထူသနည်း။

၇ ဤစနစ်ဟောင်းတည်နေသမျှ ယေဟောဝါ၏ကျေးကျွန်များသည် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ရန်သူ့ဖိနှိပ်ခြင်းတို့ကိုကြုံတွေ့ကြရလိမ့်မည်။ သို့သော် ယေဟောဝါသည် ဖိနှိပ်ခံရသောမိမိ၏လူများကို အတိတ်တွင်ကယ်တင်ခဲ့သောကြောင့် သူတို့ကိုကယ်နုတ်လိမ့်မည်ဖြစ်ကြောင်း သူတို့ယုံကြည်စိတ်ချနိုင်၏။ သင်သည် မောရှေခေတ်ကအီဂျစ်လူများ၏ဖိနှိပ်ခြင်းကိုခံနေရသော ဣသရေလလူမျိုးတစ်ဦးဖြစ်သည်ဆိုကြပါစို့။ (ထွက်မြောက်ရာ ၁:၁-၁၄; ၆:၈) ဘုရားသခင်သည် ကပ်ဘေးတစ်ခုပြီးတစ်ခုဖြင့် အီဂျစ်ပြည်ကိုတိုက်ခိုက်နေ၏။ (ထွက်မြောက်ရာ ၈:၅–၁၀:၂၉) သေစေသောဆယ်ကြိမ်မြောက်ကပ်ဘေးသည် အီဂျစ်သားဦးတို့၏အသက်ကိုခြွေယူသောအခါ ဖာရောသည် ဣသရေလလူမျိုးကိုထွက်သွားခွင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် တပ်များဖွဲ့ပြီး သူတို့နောက်သို့အလျင်အမြန်လိုက်ခဲ့သည်။ သို့သော် များမကြာမီ သူနှင့်သူ၏လူတို့သည် ပင်လယ်နီတွင်ဖျက်ဆီးခံခဲ့ရသည်။ (ထွက်မြောက်ရာ ၁၄:၂၃-၂၈) မောရှေနှင့်ဣသရေလတစ်မျိုးလုံးနှင့်အတူ ဤသီချင်းကိုသီဆိုကြသည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် စစ်သူရဲဖြစ်တော်မူ၏။ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] တည်းဟူသော နာမတော်ရှိတော်မူ၏။ ဖာရောဘုရင်၏ ရထားနှင့်ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့လှဲချတော်မူပြီ။ ရွေးသောဗိုလ်မင်းတို့သည်၊ ဧဒုံပင်လယ်၌ မြုပ်လျက်ရှိကြ၏။ နက်စွာသောအရပ်၌ လွှမ်းမိုးလျက်ရှိကြ၏။ ကျောက်ကဲ့သို့အောက်သို့ဆင်းကြ၏။” (ထွက်မြောက်ရာ ၁၅:၃-၅) ဤနောက်ဆုံးသောကာလတွင် ဘုရားသခင့်လူများကို ဖိနှိပ်သူအားလုံးအပေါ် အလားတူကပ်ဘေးဆိုက်ရောက်ပါလိမ့်မည်။

၈၊ ၉။ ယေဟောဝါသည် ဖိနှိပ်သူတို့လက်မှ မိမိ၏လူများကိုကယ်တင်ကြောင်း တရားသူကြီးမှတ်စာမှ ဥပမာတစ်ခုပေးပါ။

၈ ကတိထားရာပြည်သို့ ဣသရေလလူများဝင်ရောက်ခဲ့ပြီး နှစ်အတန်ကြာသောအခါ တရားသူကြီးများသည် သူတို့ကိုတရားသဖြင့် စီမံကွပ်ကဲခဲ့ကြသည်။ ထိုပြည်သားတို့သည် တိုင်းတစ်ပါးသားများ၏ဖိနှိပ်မှုကို တစ်ခါတစ်ရံခံခဲ့ရကြသော်လည်း ဘုရားသခင်သည် သူတို့ကိုကယ်နုတ်ရန် သစ္စာရှိတရားသူကြီးများကိုအသုံးပြုခဲ့သည်။ ကျွန်ုပ်တို့သည်အလားတူပင် “နှောင့်ယှက်ညှဉ်းဆဲခြင်းကိုခံရ၍ မြည်တမ်းကြ” ရမည်ဖြစ်သော်လည်း ယေဟောဝါသည် သူ၏သစ္စာရှိကျေးကျွန်များအဖြစ် ကျွန်ုပ်တို့ကိုလည်း ကယ်တင်တော်မူလိမ့်မည်။ (တရားသူကြီး ၂:၁၆-၁၈; ၃:၉၊ ၁၅) အမှန်မှာ တရားသူကြီးမှတ်စာက ဤသို့ဖြစ်မည့်အကြောင်းနှင့် ကိုယ်တော်၏ခန့်အပ်ခံတရားသူကြီး ယေရှုခရစ်အားဖြင့် ဘုရားသခင်စီစဉ်ပေးမည့် သာ၍မြတ်သောကယ်တင်ခြင်းရှိမည်အကြောင်း ယုံကြည်စိတ်ချစေသည်။

၉ တရားသူကြီးဗာရက်ခေတ်သို့ ပြန်သွားကြည့်ကြစို့။ မှားယွင်းသောဝတ်ပြုမှုနှင့် ဘုရားသခင့်နှစ်သက်မှုမရခြင်းတို့ကြောင့် ဣသရေလလူများသည် ခါနာန်ဘုရင်ရာဘိန်၏ခက်ထန်သည့်အုပ်စိုးမှုကို အနှစ် ၂၀ ခံခဲ့ကြရသည်။ သိသရသည် ခါနာန်တပ်မဟာကြီး၏ဗိုလ်ချုပ်ဖြစ်၏။ ဣသရေလလူများသည် လေးသန်းခန့်ရှိမည်ဖြစ်သော်လည်း ‘ထိုအမျိုးသားလေးသောင်းတွင် ဒိုင်းလွှားတစ်ခု၊ လှံတစ်စင်းမျှမရှိချေ။’ (တရားသူကြီး ၅:၆-၈) ဣသရေလလူများသည် နောင်တရစွာ ယေဟောဝါအားဟစ်ခေါ်ခဲ့ကြသည်။ ပရောဖက်မဒေဗောရမှတစ်ဆင့် ဘုရားသခင်လမ်းညွှန်ခဲ့သည့်အတိုင်း ဗာရက်သည် တာဗော်တောင်ပေါ်တွင် အမျိုးသား ၁၀,၀၀၀ ကိုစုဝေးစေခဲ့ရာ ယေဟောဝါသည် တာဗော်တောင်ခြေချိုင့်သို့ ရန်သူများကိုသွေးဆောင်တော်မူ၏။ သိသရ၏ဗိုလ်ပါစစ်သည်များနှင့် စစ်ရထား ၉၀၀ သည် လွင်ပြင်နှင့် ကိရှုန်၏ခန်းခြောက်သောမြစ်ကိုညာသံပေးဖြတ်ကျော်လာကြ၏။ သို့သော် သည်းကြီးမည်းကြီးရွာသွန်းသောမိုးရေသည် ကိရှုန်မြစ်ကိုပြည့်လျှံစေ၏။ ဗာရက်နှင့်သူ၏လူတို့သည် တောင်ပေါ်မှ မုန်တိုင်းကြားဆင်းလာကြသောအခါ ယေဟောဝါ၏အမျက်တော်သွန်းလောင်းမှုကို တွေ့မြင်ခဲ့ကြရသည်။ ဗာရက်၏လူတို့သည် ကြောက်လန့်တကြားထွက်ပြေးနေကြသောခါနာန်လူများကို တစ်ယောက်ချင်းသတ်ဖြတ်ခဲ့ကြရာ လွတ်မြောက်သူတစ်ဦးတစ်ယောက်မျှမရှိခဲ့ချေ။ ဘုရားသခင်အားဆန့်ကျင်၍ တိုက်ခိုက်ဝံ့သောဖိနှိပ်သူများအတွက် သတိပေးချက်ပါတကား!—တရားသူကြီး ၄:၃-၁၆; ၅:၁၉-၂၂။

၁၀။ ဘုရားသခင်သည် မိမိ၏မျက်မှောက်ခေတ်ကျေးကျွန်များကို ဖိနှိပ်သူများ၏လက်မှကယ်တင်မည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

၁၀ ယေဟောဝါသည် ခဲယဉ်းသောကာလတွင် ဘုရားသခင်ကိုကြောက်ရွံ့သောဣသရေလလူတို့ကိုကယ်တင်ခဲ့သကဲ့သို့ပင် ဖိနှိပ်သောရန်သူများ၏လက်မှ ကိုယ်တော်၏မျက်မှောက်ခေတ်ကျေးကျွန်များကို ကယ်တင်တော်မူမည်။ (ဟေရှာယ ၄၃:၃; ယေရမိ ၁၄:၈) ဘုရားသခင်သည် “ရန်သူအပေါင်းတို့လက်မှ” ဒါဝိဒ်ကိုလွတ်စေခဲ့သည်။ (၂ ဓမ္မရာဇဝင် ၂၂:၁-၃) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏လူများအနေဖြင့် ဖိနှိပ်မှု သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုခံရဦးတော့ ကိုယ်တော်၏မေရှိယနိုင်ငံတော်သည် ဖိနှိပ်ခြင်းမှလွတ်မြောက်စေမည်ဖြစ်ရာ ရဲစွမ်းသတ္တိရှိကြစို့။ မှန်ပါသည်၊ “ဆင်းရဲသောသူ . . . တို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ် . . . တော်မူလိမ့်မည်။” (ဆာလံ ၇၂:၁၃၊ ၁၄) ထိုကယ်နုတ်ခြင်းသည် အမှန်ပင်နီးကပ်လှပေပြီ!

ဘုရားသခင်သည် မိမိအားကိုးစားသူတို့ကိုကယ်တင်

၁၁။ ယေဟောဝါအပေါ်အားထားသည့် အဘယ်ပုံသက်သေကို လူငယ်ဒါဝိဒ်တင်ပြခဲ့သနည်း။

၁၁ ယေဟောဝါ၏ကယ်တင်ခြင်းကိုတွေ့မြင်ရန် ကျွန်ုပ်တို့သည် ကိုယ်တော့်အားရဲစွမ်းသတ္တိရှိစွာကိုးစားရမည်။ ဒါဝိဒ်သည် လူထွားကြီးဂေါလျတ်ကိုရင်ဆိုင်ရန်ထွက်ခဲ့သောအခါ ဘုရားသခင်အပေါ် ရဲစွမ်းသတ္တိရှိစွာအားထားခဲ့သည်။ အရပ်မြင့်မားလှသောဖိလိတ္တိလူရှေ့မှောက်တွင် လူငယ်ဒါဝိဒ်ရပ်ကာ ဤသို့ဟစ်အော်သည်ကို မြင်ယောင်ကြည့်ပါ– “‘သင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ထာဝရဘုရားသည် သင့်ကိုငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေအသေကောင်များကို မိုးကောင်းကင်ငှက်နှင့်တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။ ထာဝရဘုရားသည် ဓား၊ လှံအားဖြင့်ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့အပ်နှံတော်မူမည်’ ဟုဖိလိတ္တိလူအားဆို၏။” ဂေါလျတ်သည် မကြာမီပင် သေဆုံးခဲ့ပြီး ဖိလိတ္တိလူတို့ကို အပြတ်သတ်အနိုင်ယူခဲ့ကြသည်။ ယေဟောဝါသည် မိမိလူတို့ကိုကယ်တင်ခဲ့သည်မှာ ရှင်းနေပါသည်။—၁ ဓမ္မရာဇဝင် ၁၇:၄၅-၅၄။

၁၂။ ဒါဝိဒ်၏စစ်သူရဲဧလာဇာကိုသတိရခြင်းသည် အဘယ်ကြောင့်အထောက်အကူပြုမည်နည်း။

၁၂ နှိပ်စက်ညှဉ်းပန်းသူများနှင့်ရင်ဆိုင်ရသောအခါ ကျွန်ုပ်တို့သည် ‘ရဲစွမ်းသတ္တိရှိ’ ပြီးဘုရားသခင်အား ပို၍အပြည့်အဝကိုးစားရန်လိုပေမည်။ (ဟေရှာယ ၄၆:၈-၁၃; သု. ၃:၅၊ ၆) ပါသဒမ္မိမ်အမည်ရှိအရပ်မှ ဤဖြစ်ရပ်ကိုမှတ်သားပါ။ ဣသရေလလူများသည် ဖိလိတ္တိတပ်ရှေ့မှဆုတ်ခွာခဲ့ကြ၏။ သို့သော် ကြောက်စိတ်က ဒါဝိဒ်၏စစ်သူရဲသုံးယောက်အနက်တစ်ဦးဖြစ်သူ ဧလာဇာကို မတွန့်ဆုတ်စေခဲ့ပါ။ သူသည် မုယောစပါးစိုက်သောလယ်ကွင်း၌နေရာယူပြီး ဖိလိတ္တိလူတို့ကိုဓားဖြင့် တစ်ကိုယ်တော်လုပ်ကြံခဲ့သည်။ ထို့ကြောင့် ‘ယေဟောဝါသည် ကြီးစွာသောအောင်ခြင်းဖြင့် ဣသရေလလူတို့ကိုကယ်တင်သည်။’ (၁ ရာဇဝင်ချုပ် ၁၁:၁၂-၁၄; ၂ ဓမ္မရာဇဝင် ၂၃:၉၊ ၁၀) ကျွန်ုပ်တို့သည် တပ်တစ်ခုကိုတစ်ကိုယ်တော်ခုခံဖို့ မည်သူမျှမမျှော်လင့်ပါ။ သို့တိုင် ကျွန်ုပ်တို့သည် ရံဖန်ရံခါ တစ်ကိုယ်တည်းရှိကာ ရန်သူများ၏ဖိနှိပ်မှုကိုခံရပေမည်။ ကယ်တင်ခြင်းလုပ်ရပ်များ၏ဘုရားသခင် ယေဟောဝါအား ကျွန်ုပ်တို့စိတ်ရင်းမှန်ဖြင့်မှီခိုအားထားကြမည်လော။ နှိပ်စက်ညှဉ်းပန်းသူများလက်ထဲ ယုံကြည်သူချင်းများကိုအပ်နှံမိခြင်းကိုရှောင်ရန် ကိုယ်တော့်အကူအညီကို ကျွန်ုပ်တို့ရှာမည်လော။

ယေဟောဝါသည် သမာဓိစောင့်သိသူများကိုကယ်တင်

၁၃။ ဣသရေလဆယ်နွယ်နိုင်ငံတွင် ဘုရားသခင်အား သမာဓိစောင့်သိရန် အဘယ်ကြောင့်ခဲယဉ်းခဲ့သနည်း။

၁၃ ယေဟောဝါ၏ကယ်တင်ခြင်းကိုခံရရန် မည်သို့ပင်ဖြစ်ပါစေ ကိုယ်တော်အား သမာဓိစောင့်သိရမည်။ ရှေးခေတ်ဘုရားသခင့်လူများသည် အမျိုးမျိုးသောစုံစမ်းမှုများကိုတွေ့ကြုံခဲ့ကြရသည်။ သင်သည် ဣသရေလဆယ်နွယ်နိုင်ငံတွင် အသက်ရှင်ခဲ့မည်ဆိုလျှင် သင်ရင်ဆိုင်ရမည့်အရာကိုစဉ်းစားကြည့်ပါ။ ရောဗောင်၏ကြမ်းတမ်းခက်ထန်မှုကြောင့် ဆယ်နွယ်သည် သူ့ထံမှခွဲထွက်ပြီး မြောက်ပိုင်းဣသရေလနိုင်ငံထူထောင်ရန် ဖြစ်စေခဲ့သည်။ (၂ ရာဇဝင်ချုပ် ၁၀:၁၆၊ ၁၇; ၁၁:၁၃၊ ၁၄) ဘုရင်များစွာအနက် ယေဟုသည်အကောင်းဆုံးဖြစ်ခဲ့သော်လည်း သူသည်ပင် ‘ယေဟောဝါ၏တရားတော်လမ်း၌ စိတ်နှလုံးအကြွင်းမဲ့မလိုက်’ ခဲ့ချေ။ (၄ ဓမ္မရာဇဝင် ၁၀:၃၀၊ ၃၁) သို့သော်ငြားလည်း ဆယ်နွယ်နိုင်ငံ၌ သမာဓိစောင့်သိသူများရှိခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၉:၁၈) သူတို့သည် ဘုရားသခင်အားယုံကြည်ခြင်းတင်ပြခဲ့ကြပြီး ကိုယ်တော်တိုင်သည်လည်း သူတို့နှင့်ရှိတော်မူကြောင်းသက်သေထူခဲ့သည်။ သင့်ယုံကြည်ခြင်းစမ်းသပ်မှုများကြား ယေဟောဝါအပေါ် သမာဓိစောင့်သိနေပါသလော။

၁၄။ ဘုရင်ဟေဇကိလက်ထက်၌ အဘယ်ကယ်တင်ခြင်းကို ယေဟောဝါပြုပေးခဲ့သနည်း။ အဘယ်အရာက ယုဒပြည်ကို ဗာဗုလုန်တို့အနိုင်ရစေခဲ့သနည်း။

၁၄ ဘုရားသခင့်ပညတ်တော်ကို အနှံ့အပြားပစ်ပယ်ခြင်းက ဣသရေလနိုင်ငံအတွက် ဘေးဖြစ်စေခဲ့သည်။ ဘီ.စီ.အီး. ၇၄၀ တွင်ယင်းကို အာရှုရိများသိမ်းပိုက်သောအခါ ဤဆယ်နွယ်နိုင်ငံမှလူအချို့သည် ယေဟောဝါအားကိုယ်တော့်ဗိမာန်တော်၌ ဝတ်ပြုနိုင်သည့် ယုဒနှစ်နွယ်နိုင်ငံသို့ အမှန်ပင်ထွက်ပြေးခဲ့ကြမည်။ ဒါဝိဒ်မှဆင်းသက်သူ ယုဒဘုရင် ၁၉ ပါးအနက် လေးပါး—အာသ၊ ယောရှဖတ်၊ ဟေဇကိနှင့် ယောရှိ—တို့သည် ဘုရားသခင့်ဝတ်ကို ထူးထူးခြားခြားပြုခဲ့ကြသည်။ သမာဓိစောင့်သိသူဟေဇကိခေတ်၌ အာရှုရိတို့သည် တပ်မဟာကြီးဖြင့် ယုဒနိုင်ငံကိုတိုက်ရန်ချီတက်လာခဲ့ကြသည်။ ဟေဇကိ၏အသနားခံချက်များကိုဖြေဆိုရာ၌ တစ်ညချင်းတွင် အာရှုရိလူ ၁၈၅,၀၀၀ ကိုသုတ်သင်ရန် ကောင်းကင်တမန်တစ်ပါးကိုအသုံးပြုခဲ့ပြီး ဘုရားသခင်အားဝတ်ပြုသူများကို ကိုယ်တော်ကယ်တင်ခဲ့သည်။ (ဟေရှာယ ၃၇:၃၆-၃၈) နောက်ပိုင်းတွင် ပညတ်တော်များကိုစောင့်ရန်နှင့် ဘုရားသခင့်ပရောဖက်များ၏ သတိပေးချက်များကိုနာခံရန် လူတို့ပျက်ကွက်ခဲ့ခြင်းက ဘီ.စီ.အီး. ၆၀၇ တွင်ယုဒနိုင်ငံကို ဗာဗုလုန်တို့အနိုင်ရဖို့နှင့် ယင်း၏ယေရုရှလင်မြို့တော်နှင့် ဗိမာန်တော်ကိုဖျက်ဆီးဖို့ ဦးတည်စေခဲ့သည်။

၁၅။ ဗာဗုလုန်ရှိဂျူးပြည်နှင်ခံများသည် ခံနိုင်ရည်ရှိဖို့ အဘယ်ကြောင့်လိုခဲ့သနည်း။ ယေဟောဝါသည် နောက်ဆုံး၌မည်သို့ကယ်နုတ်ခဲ့သနည်း။

၁၅ ဝမ်းနည်းဖွယ်အနှစ် ၇၀ ခန့်အတွင်း ဗာဗုလုန်၏သုံ့ပန်းဘဝ၌ရှိနေကြစဉ် ဘုရားသခင်အားသမာဓိစောင့်သိနိုင်ရန် ဂျူးပြည်နှင်ခံများ၌ ခံနိုင်ရည်ရှိဖို့လိုခဲ့သည်။ (ဆာလံ ၁၃၇:၁-၆) မှတ်သားထိုက်သောသမာဓိစောင့်သိသူတစ်ဦးမှာ ပရောဖက်ဒံယေလဖြစ်သည်။ (ဒံယေလ ၁:၁-၇; ၉:၁-၃) ဗိမာန်တော်ကိုပြန်လည်ဆောက်လုပ်ရန် ဂျူးများအား ယုဒပြည်သို့ပြန်ခွင့်ပြုသည့် ပါရှားဘုရင်ကုရု၏အမိန့်ကို ဘီ.စီ.အီး. ၅၃၇ တွင်စတင်အတည်ပြုလိုက်သောအခါ သူ၏ဝမ်းသာမှုကိုမြင်ယောင်ကြည့်ပါ! (ဧဇရ ၁:၁-၄) ဒံယေလနှင့်အခြားသူများသည် နှစ်နှင့်ချီခံရပ်ခဲ့ကြရသော်လည်း နောက်ဆုံးတွင် ဗာဗုလုန်ကျဆုံးကာ ယေဟောဝါ၏လူမျိုးတော်ကယ်နုတ်ခံရသည်ကို သူတို့တွေ့မြင်ခဲ့ကြသည်။ ကမ္ဘာ့ဗာဗုလုန်ဘာသာရေးအင်ပါယာ “မဟာဗာဗုလုန်” ပျက်စီးခြင်းကို ကျွန်ုပ်တို့စောင့်မျှော်နေစဉ် ယင်းကခံနိုင်ရည်တင်ပြဖို့ ထောက်ကူသင့်သည်။—ဗျာဒိတ် ၁၈:၁-၅။

ယေဟောဝါသည် မိမိလူမျိုးကိုအမြဲကယ်တင်

၁၆။ မိဘုရားဧသတာခေတ်၌ ဘုရားသခင်မည်သည့်ကယ်တင်ခြင်းပေးခဲ့သနည်း။

၁၆ ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော်၏နာမတော်ကို သစ္စာရှိကြသောအခါ ကိုယ်တော်သည် သူတို့ကိုအမြဲကယ်တင်သည်။ (၁ ဓမ္မရာဇဝင် ၁၂:၂၂; ဟေရှာယ ၄၃:၁၀-၁၂) ဘီ.စီ.အီး. ပဉ္စမရာစု မိဖုရားဧသတာခေတ်ကို စဉ်းစားကြည့်ပါလေ။ ဘုရင်အာရွှေရု (ဇခ်စိဇ် ၁) သည် နန်းရင်းဝန်အဖြစ် ဟာမန်ကိုခန့်အပ်ခဲ့သည်။ ဟာမန်သည် ဂျူးလူမျိုးမော်ဒကဲက မိမိကိုဦးညွတ်ရန်ငြင်းဆန်ခဲ့သည့်အတွက် အလွန်ဒေါသထွက်ကာ သူနှင့် ပါရှန်းအင်ပါယာရှိ ဂျူးအားလုံးတို့ကိုဖျက်ဆီးရန်ကြံစည်နေ၏။ ဥပဒေချိုးဖောက်သူများအဖြစ်စွပ်စွဲပြီး အကျိုးအမြတ်မက်လုံးကိုထပ်ဆင့်ကာ သူတို့အားသုတ်သင်ရှင်းလင်းရန် အမိန့်စာကို ဘုရင့်လက်စွပ်တော်နှင့် တံဆိပ်ခတ်ခွင့်ရရှိခဲ့သည်။ ဧသတာသည် သူ၏ဂျူးမျိုးရိုးကို ဘုရင်အားရဲစွမ်းသတ္တိရှိစွာဖော်ပြပြီး ဟာမန်၏သတ်ဖြတ်လိုသော အကြံအစည်ကိုဖော်ထုတ်ခဲ့၏။ များမကြာမီ ဟာမန်သည် မော်ဒကဲအားစီရင်ရန် ပြင်ဆင်ခဲ့သည့်သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံခဲ့ရ၏။ ၎င်းနောက် မော်ဒကဲသည် နန်းရင်းဝန်ရာထူးကိုရပြီး ဂျူးတို့သည် ကိုယ့်ကိုယ်ကိုခုခံကာကွယ်နိုင်သည်ဟု အမိန့်ထုတ်ခွင့်ရရှိခဲ့သည်။ သူတို့သည် ရန်သူများအပေါ် မဟာအောင်ပွဲဆင်နိုင်ခဲ့ကြသည်။ (ဧသတာ ၃:၁–၉:၁၉) ဤဖြစ်ရပ်က ကိုယ်တော်၏နာခံမှုရှိသော မျက်မှောက်ခေတ်ကျေးကျွန်များအကျိုးအတွက် ယေဟောဝါသည် ကယ်တင်ခြင်းလုပ်ရပ်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသင့်သည်။

၁၇။ ယုဒနယ်တွင်နေထိုင်သည့် ပထမရာစုဂျူးခရစ်ယာန်များ၏ကယ်နုတ်ခြင်းတွင် နာခံမှုသည် မည်သို့တစ်ကဏ္ဍပါဝင်ခဲ့သနည်း။

၁၇ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ကယ်တင်ရသည့် အခြားအကြောင်းတစ်ရပ်မှာ ကိုယ်တော်နှင့်သားတော်ကို သူတို့နာခံကြသောကြောင့်ဖြစ်သည်။ ယေရှု၏ပထမရာစုဂျူးတပည့်တော်များ၏နေရာတွင် သင်ဝင်ကြည့်ပါ။ ကိုယ်တော်က သူတို့ကိုဤသို့မိန့်တော်မူ၏– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည်ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။” (လုကာ ၂၁:၂၀-၂၂) နှစ်များကုန်လွန်လာသည်နှင့် ဤစကားများသည် အဘယ်အချိန်၌ပြည့်စုံမည်ကို သင်စဉ်းစားလိုက်၏။ သို့နှင့် စီ.အီး. ၆၆ တွင်ဂျူးပုန်ကန်မှုဖြစ်လာ၏။ စက်စ်တီးယပ်စ်ဂဲလပ်စ်ဦးစီးမှုအောက် ရောမတပ်များသည် ယေရုရှလင်မြို့ကိုဝန်းရံပြီး ဗိမာန်တော်နံရံများထံသို့ ဖိချီတက်လာကြ၏။ ရုတ်တရက်ပင် ရောမများသည် အကြောင်းမဲ့ပြန်ဆုတ်ခွာသွားကြပုံပေါက်သည်။ ဂျူးခရစ်ယာန်များ မည်သို့ပြုလုပ်ကြမည်နည်း။ သူတို့သည် ယေရုရှလင်မြို့နှင့်ယုဒနယ်မှထွက်ပြေးခဲ့ကြသည်ဟု ယူစီးဘီးယပ်စ်က သူ၏ခရစ်ယာန်သာသနာ့သမိုင်း (အတွဲ ၃၊ အခန်း ၅၊ ၃) တွင်ဖော်ပြထားသည်။ ယေရှု၏ပရောဖက်ပြုသတိပေးချက်ကို သူတို့နာခံခဲ့ကြသောကြောင့် ဘေးလွတ်ခဲ့ကြသည်။ သင်သည် ယေရှု၏ “ဥစ္စာရှိသမျှတို့” ၏တာဝန်ခံ ‘သစ္စာရှိသောကျွန်’ မှတစ်ဆင့်ပြင်ဆင်ပေးသည့် ကျမ်းစာဆိုင်ရာလမ်းညွှန်မှုကို လိုက်လျှောက်ရန်အသင့်ရှိပါသလော။—လုကာ ၁၂:၄၂-၄၄။

ထာဝရအသက်သို့ကယ်တင်ခြင်း

၁၈၊ ၁၉။ (က) ယေရှု၏သေခြင်းက အဘယ်ကယ်တင်ခြင်းကိုဖြစ်စေခဲ့သနည်း။ မည်သူ့အတွက်နည်း။ (ခ) တမန်တော်ပေါလုသည် မည်သို့ပြုရန်စိတ်ပိုင်းဖြတ်ခဲ့သနည်း။

၁၈ ယေရှု၏သတိပေးချက်ကိုနာခံခြင်းကြောင့် ယုဒနယ်ရှိဂျူးခရစ်ယာန်များသည် ကယ်တင်ခြင်းရခဲ့ကြသည်။ သို့သော် ယေရှု၏သေခြင်းသည် “လူအပေါင်းတို့” ထာဝရအသက်ရနိုင်ရန် ကယ်တင်ပေး၏။ (၁ တိမောသေ ၄:၁၀) အာဒံအပြစ်ကျူးလွန်ခဲ့သောအခါ သူကိုယ်နှိုက်အသက်ဆုံးရှုံး၍ လူ့မျိုးနွယ်ကို အပြစ်နှင့်သေခြင်း၏ကျွန်သပေါက်အဖြစ်ရောင်းပစ်ခဲ့ရာ လူသားအပေါင်းသည် ရွေးနုတ်ခံရဖို့ လိုအပ်လာလေသည်။ (ရောမ ၅:၁၂-၁၉) မောရှေပညတ်အရပူဇော်ခဲ့သော တိရစ္ဆာန်ယဇ်သကာများသည် အပြစ်ကိုစတိလောက်သာကာမိနိုင်ခဲ့သည်။ (ဟေဗြဲ ၁၀:၁-၄) ယေရှု၌လူသားဖခင်မရှိသည့်အပြင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်က မာရိကိုယ်ဝန်ဆောင်ချိန်မှစတင်၍ ယေရှုမွေးဖွားသည်အထိ ‘လွှမ်းမိုးခဲ့’ သောကြောင့် ကိုယ်တော်သည် အပြစ် သို့မဟုတ် မစုံလင်မှုအမွေမှန်သမျှမှ ကင်းလွတ်၍မွေးဖွားလာခဲ့သည်။ (လုကာ ၁:၃၅; ယောဟန် ၁:၂၉; ၁ ပေတရု ၁:၁၈၊ ၁၉) ယေရှုသည် သစ္စာသမာဓိကို စုံလင်စွာစောင့်သိသူအဖြစ် သေဆုံးခဲ့သောအခါ လူသားတို့ကိုပြန်လည်ဝယ်ယူလွတ်မြောက်စေရန် မိမိ၏စုံလင်သောအသက်ကို ပူဇော်ခဲ့သည်။ (ဟေဗြဲ ၂:၁၄၊ ၁၅) ထို့ကြောင့် ခရစ်တော်သည် “လူအပေါင်းတို့ကိုရွေးအံ့သောငှာ ကိုယ်ကိုကိုယ်စွန့်တော်မူပြီ။” (၁ တိမောသေ ၂:၅၊ ၆) ကယ်တင်ခြင်းရရန် ဤပြင်ဆင်ပေးချက်ကို လူတိုင်းလက်ခံမည်မဟုတ်သော်လည်း ယုံကြည်ခြင်းဖြင့် ယင်းကိုလက်ခံသောသူတို့အပေါ် ယင်း၏အကျိုးကျေးဇူးများသက်ရောက်စေခြင်းကို ဘုရားသခင်နှစ်သက်တော်မူ၏။

၁၉ ခရစ်တော်သည် ကောင်းကင်တွင် ဘုရားသခင်ထံသို့ မိမိ၏ရွေးနုတ်ဖိုးပူဇော်သကာတန်ဖိုးကို ပေးဆက်ခြင်းအားဖြင့် အာဒံ၏သားမြေးတို့ကိုပြန်လည်ဝယ်ယူခဲ့သည်။ (ဟေဗြဲ ၉:၂၄) ဤနည်းဖြင့် ယေရှုသည် ကောင်းကင်အသက်တာသို့ထမြောက်သည့် ဘိသိက်ခံနောက်လိုက် ၁၄၄,၀၀၀ ဖြင့်ဖွဲ့စည်းထားသော သတို့သမီးကိုရရှိခဲ့သည်။ (ဧဖက် ၅:၂၅-၂၇; ဗျာဒိတ် ၁၄:၃၊ ၄; ၂၁:၉) ထို့ပြင် ကိုယ်တော်သည် သူ၏ပူဇော်သကာကိုလက်ခံ၍ မြေကြီးဆိုင်ရာထာဝရအသက်ရရှိသူတို့၏ “ထာဝရအဘ” လည်းဖြစ်လာပေသည်။ (ဟေရှာယ ၉:၆၊ ၇; ၁ ယောဟန် ၂:၁၊ ၂) မေတ္တာပါသော အစီအစဉ်ပါတကား! နောက်ဆောင်းပါးတွင် ဖော်ပြမည့်အတိုင်း ယင်းကို ပေါလုတန်ဖိုးထားလေးမြတ်ကြောင်း ကောရိန္သုမြို့ရှိခရစ်ယာန်များထံ သူ၏မှုတ်သွင်းခံဒုတိယစာစောင်က အထင်အရှားပြသည်။ အမှန်မှာ၊ ပေါလုသည် လူတို့ထာဝရအသက်ရရန် ယေဟောဝါ၏ထူးမြတ်လှသောကယ်တင်ခြင်းအစီအစဉ်ကို လက်ခံစေရန်ကူညီခြင်းတွင် မိမိကိုယ်ကိုဘာကမျှမတားဆီးဖို့ စိတ်ပိုင်းဖြတ်ခဲ့သည်။

သင်မည်သို့ဖြေမည်နည်း

◻ ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကိုကယ်တင်ကြောင်း အဘယ်ကျမ်းစာဆိုင်ရာအထောက်အထားရှိသနည်း။

◻ ယေဟောဝါသည် မိမိအားကိုးစားသူတို့နှင့် သမာဓိစောင့်သိသူတို့ကို ကယ်တင်ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

◻ ထာဝရအသက်ရရန် အဘယ်ကယ်တင်ခြင်းအစီအစဉ်ကို ဘုရားသခင်ပြုလုပ်ခဲ့ပြီနည်း။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဒါဝိဒ်သည် ‘ကယ်တင်ခြင်း လုပ်ရပ်များ၏ဘုရားသခင်’ ယေဟောဝါ၌ကိုးစားခဲ့။ အသင်ကော

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ယေဟောဝါသည် မိဖုရားဧသတာခေတ်တွင် သက်သေထူခဲ့သကဲ့သို့ပင် မိမိ၏လူမျိုးတော်ကိုအမြဲကယ်တင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ