ကောင်းကင်တမန်များ သင့်အားမည်သို့ကူညီနိုင်
ကောင်းကင်တမန်များရှိကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်က အတည်ပြု၏။ ဤနာမ်ဝိညာဉ်သတ္တဝါများ ဒုနှင့်ဒေးရှိကြောင်း ကျွန်ုပ်တို့ကိုဖော်ပြသည်။ ယေဟောဝါဘုရားသခင်၏ကျေးကျွန် ဒံယေလသည် ကောင်းကင်ဆိုင်ရာအမြင်အာရုံတစ်ခုကိုရရှိခဲ့ပြီး ဤသို့ရေးသားခဲ့သည်– “အတိုင်းမသိများစွာသောသူတို့သည် ဘုရားသခင့်အမှုတော်ကိုဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ခစား၍နေကြ၏။”—ဒံယေလ ၇:၁၀။
ဒံယေလ၏ဖော်ပြချက်က ကောင်းကင်တမန်များစွာရှိသည်ဟု ပြောပြရုံထက်မကဖော်ပြသည်။ ကောင်းကင်တမန်များသည် ဘုရားသခင်ထံတော်၌ အမှုထမ်းကြကြောင်းကိုလည်းဖော်ပြ၏။ ထိုပုဂ္ဂိုလ်တို့သည် ကိုယ်တော်၏ကျေးကျွန်များဖြစ်ကြသည်။ ယင်းနှင့်အညီ ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “တန်ခိုးကြီး၍ နှုတ် [မြွက်စကား] တော်အသံကိုနားထောင်လျက်၊ အမိန့်တော်အတိုင်းဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကိုကောင်းချီးပေးကြလော့။ အလိုတော်ကိုလိုက်သောအမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကိုကောင်းချီးပေးကြလော့။”—ဆာလံ ၁၀၃:၂၀၊ ၂၁။
ကောင်းကင်တမန်တို့သည် မြေကြီးပေါ်ရှိလူသားများကဲ့သို့ အသက်စရှင်ခဲ့သည်မဟုတ်ကြောင်းကိုလည်း ကျမ်းစာကရှင်းပြသည်။ ယေဟောဝါသည် မြေကြီးကိုမဖန်ဆင်းမီကတည်းက ကောင်းကင်၌ ကောင်းကင်တမန်များကိုဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် ‘မြေကြီးအမြစ်ကိုတည်သောအခါ ဘုရားသခင်၏ကောင်းကင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့်ကြွေးကြော်” ခဲ့ကြ၏။—ယောဘ ၃၈:၄-၇။
ကောင်းကင်တမန်တို့သည်—မျက်စိဖြင့်မမြင်နိုင်သော၊ တန်ခိုးကြီးမားသော၊ အသိဉာဏ်ထက်မြက်သော နာမ်ဝိညာဉ်သတ္တဝါများဖြစ်ကြ၏။ သမ္မာကျမ်းစာတွင် နာမ်ဝိညာဉ်သတ္တဝါတစ်ပါးကို ဖော်ပြလိုသည့်အခါ ဟေဗြဲစကားလုံး မာလာ့ခ် နှင့်ဂရိစကားလုံး အဲဂျလော့စ်ကို “ကောင်းကင်တမန်” ဟုဘာသာပြန်သည်။ ဤစကားလုံးများသည် သမ္မာကျမ်းစာတွင် အကြိမ် ၄၀၀ နီးပါးပါရှိသည်။ စကားလုံးနှစ်ခုစလုံးသည် “သတင်းပို့သူ” ဟူသောအဓိပ္ပာယ်ရှိ၏။
ကောင်းကင်တမန်နှင့်တွေ့ဆုံခြင်း
ကောင်းကင်တမန်များသည် အမှန်တကယ်ပင် သတင်းပို့သူများဖြစ်ကြ၏။ မာရိရှေ့ကောင်းကင်တမန်ဂါဗြေလ ပေါ်လာခဲ့ချိန်အကြောင်းဆိုင်ရာ ကျမ်းစာမှတ်တမ်းနှင့် သင်အကျွမ်းတဝင်ရှိပေမည်။ ထိုပုဂ္ဂိုလ်က သူမသည် အပျိုကညာတစ်ဦးဖြစ်သော်လည်း ယေရှုအမည်ဖြင့်မှည့်ရမည့် သားယောက်ျားကိုဖွားမြင်မည်ဟုပြောခဲ့၏။ (လုကာ ၁:၂၆-၃၃) လယ်ကွင်းတွင် သိုးထိန်းနေသူအချို့ရှေ့၌လည်း ကောင်းကင်တမန်တစ်ပါး ထင်ရှားခဲ့သည်။ သူက “ယနေ့တွင် . . . သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလို့ငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ” ဟုကြေညာခဲ့သည်။ (လုကာ ၂:၈-၁၁) အလားတူ ကောင်းကင်တမန်များသည် ကျမ်းစာမှတ်တမ်းမှ ဟာဂရ၊ အာဗြဟံ၊ လောတ၊ ယာကုပ်၊ မောရှေ၊ ဂိဒေါင်၊ ယေရှုနှင့် အခြားသူများထံ သတင်းပေးပို့ခဲ့ကြသည်။—ကမ္ဘာဦး ၁၆:၇-၁၂; ၁၈:၁-၅၊ ၁၀; ၁၉:၁-၃; ၃၂:၂၄-၃၀; ထွက်မြောက်ရာ ၃:၁၊ ၂; တရားသူကြီး ၆:၁၁-၂၂; လုကာ ၂၂:၃၉-၄၃; ဟေဗြဲ ၁၃:၂။
ကောင်းကင်တမန်များပေးပို့သည့် ထိုသတင်းအားလုံးမှာ လူ့ရည်ရွယ်ချက်မဟုတ်ဘဲ ဘုရားသခင့်ရည်ရွယ်ချက်များ ဖြစ်မြောက်အောင်မြင်ရေးနှင့် ပတ်သက်နေသည်မှာ သတိပြုစရာပင်။ ကောင်းကင်တမန်များသည် ဘုရားသခင့်ကိုယ်စားလှယ်များအဖြစ် ကိုယ်တော့်အလိုတော်နှင့်အညီ အချိန်ဇယားအတိုင်း ထင်ရှားခဲ့ကြသည်။ လူသားတို့က သူတို့ကိုပင့်ခဲ့ရခြင်းမရှိပါ။
ကောင်းကင်တမန်များကို အကူအညီတောင်းသင့်သလော
စိတ်သောကရောက်နေချိန်တွင် ကောင်းကင်တမန်များကို အကူအညီတောင်းခြင်းသည် သင့်လျော်ပါသလော။ သင့်လျော်မည်ဆိုလျှင် ကျွန်ုပ်တို့ကိုအကူအညီအများဆုံးပေးနိုင်မည့် ကောင်းကင်တမန်တစ်ပါး၏အမည်ကို သိရှိလိုကြပေမည်။ ထို့ကြောင့် စီးပွားရေးစာအုပ်အချို့က ထင်မြင်ယူဆသည့် ကောင်းကင်တမန်များစွာ၏ အမည်များနှင့်အတူ သူတို့၏ရာထူး၊ ဘွဲ့နှင့်တာဝန်များပါ စာရင်းတင်ပြထားသည်။ စာအုပ်တစ်အုပ်က “ထိပ်တန်းဝင်ကောင်းကင်တမန်ဆယ်ပါး”၊ “ကမ္ဘာ့အနောက်ခြမ်းတွင် လူသိအများဆုံးကောင်းကင်တမန်များ” ဟုခေါ်သည့်အမည်စာရင်းကို ပြုစုဖော်ပြထားသည်။ ထိုစာရင်းနှင့်အတူ သင့်မျက်လုံးကိုပိတ်ရန်၊ ကောင်းကင်တမန်၏အမည်ကို ဖြည်းဖြည်းနှေးနှေး အကြိမ်ပေါင်းများစွာရွတ်ဆိုပြီး အသက်ပြင်းပြင်း၊ ဖြည်းဖြည်းနှေးနှေးရှု၍ “သူတို့နှင့်အဆက်အသွယ်ရနိုင်ဖို့ မိမိကိုယ်ကိုအသင့်ဖြစ်စေ” ရန်အကြံပြုထားသည်။
ယင်းနှင့်ဆန့်ကျင်လျက် သမ္မာကျမ်းစာက မိက္ခေလနှင့် ဂါဗြေလဟူသော ဘုရားသခင့်သစ္စာရှိ ကောင်းကင်တမန်နှစ်ပါး၏အမည်ကိုသာ ဖော်ပြထားသည်။ (ဒံယေလ ၁၂:၁; လုကာ ၁:၂၇) ဤအမည်များကိုပေးထားရခြင်းအကြောင်းရင်းမှာ ကောင်းကင်တမန်တစ်ပါးစီသည် အမည်ရှိကာ ထူးခြားသည့်နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး သဘာဝစွမ်းအားမျှမဟုတ်ကြောင်း ဖော်ပြဖို့အတွက်ဖြစ်နိုင်သည်။
ကောင်းကင်တမန်အချို့သည် မိမိတို့၏အမည်ကို လူသားတို့အားဖော်ပြရန် ငြင်းဆိုခဲ့ကြခြင်းသည် မှတ်သားစရာဖြစ်သည်။ ကောင်းကင်တမန်တစ်ပါး၏အမည်ကို ယာကုပ်မေးသောအခါ မဖော်ပြခဲ့ပေ။ (ကမ္ဘာဦး ၃၂:၂၉) ယောရှုထံချဉ်းကပ်ခဲ့သော ကောင်းကင်တမန်တစ်ပါးအား သူသည်မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ပြပါဟု တောင်းဆိုခံရသောအခါ သူက “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူး” ဖြစ်သည်ဟူ၍သာပြောခဲ့သည်။ (ယောရှု ၅:၁၄) ရှံဆုန်၏မိဘများသည် ကောင်းကင်တမန်တစ်ပါး၏အမည်ကိုမေးခဲ့သောအခါ သူက “အံ့ဖွယ်ဖြစ်သောငါ့အမည်ကို အဘယ်ကြောင့်မေးသနည်း” ဟုဆို၏။ (တရားသူကြီး ၁၃:၁၇၊ ၁၈) သမ္မာကျမ်းစာတွင် ကောင်းကင်တမန်များ၏အမည်စာရင်းကို ဖော်ပြမထားခြင်းဖြင့် ထိုပုဂ္ဂိုလ်တို့အားမတော်လျော်သော ဂုဏ်ပြုကိုးကွယ်မှုမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးသည်။ ယင်းသည် သူတို့အားတသရန် ညွှန်ကြားမထားသည်ကိုလည်း ကျွန်ုပ်တို့တွေ့ရှိရလိမ့်မည်။
ဘုရားသခင်အားခေါ်ခြင်း
ကျွန်ုပ်တို့သိဖို့လိုသော နာမ်ဝိညာဉ်ဘုံမှ ကိစ္စရပ်အားလုံးကို သမ္မာကျမ်းစာဖော်ပြထား၏။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ . . . တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” (၂ တိမောသေ ၃:၁၆၊ ၁၇) ဘုရားသခင်သည် ကောင်းကင်တမန်များ၏အမည်များကို ကျွန်ုပ်တို့အားသိစေလိုပါက ယင်းတို့ကိုကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာ၌ ဖော်ပြထားပေမည်။ ထို့ပြင် ဘုရားသခင်သည် ကောင်းကင်တမန်များနှင့် မည်သို့ဆက်သွယ်၍ သူတို့ထံဆုတောင်းရန် ကျွန်ုပ်တို့အားညွှန်ကြားလိုမည်ဆိုလျှင် ထိုအကြောင်းကို ကျမ်းစာတွင်ဖော်ပြထားပေမည်။
ယင်းသို့ဖော်ပြမည့်အစား ယေရှုခရစ်ကဤသို့သွန်သင်ခဲ့သည်– “သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသောသင်၏အဘကိုဆုတောင်းလော့။ . . . ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၆၊ ၉) သမ္မာကျမ်းစာ၏ရှုမြင်ပုံမှာ ဤသို့ဖြစ်သည်– ကျွန်ုပ်တို့သည် ကောင်းကင်တမန်များအားခေါ်ခြင်း သို့မဟုတ် သူတို့ထံဆုတောင်းခြင်းပြုလုပ်ဖို့မဟုတ်ဘဲ ကောင်းကင်တမန်များကိုဖန်ဆင်းသည့်အရှင် ဘုရားသခင်ကိုယ်တော်တိုင်အား ဆုတောင်းလျက်ချဉ်းကပ်သင့်သည်။ ကိုယ်တော်၏နာမတော်သည် နက်နဲရာမဟုတ်သကဲ့သို့ ယင်းကိုဖော်ပြရန် အမြင်အာရုံတစ်ခုမလိုပါ။ မြင့်မြတ်သည့်နာမတော်ကို ဖျောက်ဖျက်ဖို့ကြိုးစားခဲ့ကြသော်လည်း သမ္မာကျမ်းစာမှတ်တမ်းတွင် အကြိမ်ပေါင်း ၇,၀၀၀ ကျော်တွေ့ရှိရသည်။ ဥပမာ၊ ကောင်းကင်ခမည်းတော်နှင့်ပတ်သက်၍ ဆာလံဆရာက “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါစေသော” ဟုသီဆိုခဲ့ခြင်းဖြစ်သည်။—ဆာလံ ၈၃:၁၈။
ဆုတောင်းခြင်းဖြင့် ကိုယ်တော်အားသင့်လျော်စွာ ချဉ်းကပ်မည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကိုနားထောင်ရန် မည်သည့်အခါမျှအလုပ်များလွန်းခြင်းမရှိပေ။ သမ္မာကျမ်းစာက ဤသို့အာမခံထားသည်– “ထာဝရဘုရားသည် စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာနေခြင်းငှာ၊ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။”—၂ ရာဇဝင်ချုပ် ၁၆:၉။
ကောင်းကင်တမန်များနှင့် ကျင့်ဝတ်များ
လူထုဆက်သွယ်ရေးမှတစ်ဆင့် မကြာခဏဖော်ပြရာနှင့်ဆန့်ကျင်လျက် ကောင်းကင်တမန်တို့သည် လူသားတို့ကို တရားမစီရင်ကြပါ။ ယင်းသည် လျော်ကန်သည်၊ အကြောင်းမှာ လူသားတို့ကိုတရားစီရင်ရန် သူတို့၌အခွင့်အာဏာမရှိသောကြောင့်ဖြစ်သည်။ ကိုယ်တော်သည် “တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်” ယေရှုခရစ်အားအပ်ပေးသော်လည်း ယေဟောဝါသည် “ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသော” သူဖြစ်၏။ (ဟေဗြဲ ၁၂:၂၃; ယောဟန် ၅:၂၃) သို့ရာတွင် ကောင်းကင်တမန်များသည် ကျွန်ုပ်တို့မည်သို့အသက်ရှင်နေထိုင်ကြသည်ကို စိတ်ဝင်စားခြင်းမရှိဟု ယူမှတ်ခြင်းသည်မှားပေမည်။ ယေရှုက “ဘုရားသခင်၏ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်” ဟုမိန့်တော်မူခဲ့သည်။—လုကာ ၁၅:၁၀။
သို့သော် ကောင်းကင်တမန်များသည် ပွဲကြည့်ပရိသတ်မျှသာမဟုတ်ပါ။ အတိတ်တစ်ချိန်က သူတို့သည် ဘုရားသခင့်စီရင်ချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့သည့် အာဏာသားများအဖြစ် အမှုထမ်းခဲ့ကြသည်။ ဥပမာ၊ ဘုရားသခင်သည် ရှေးအီဂျစ်လူမျိုးတို့ကိုတိုက်ခိုက်ဖို့ ကောင်းကင်တမန်များကို အသုံးပြုခဲ့သည်။ ဆာလံ ၇၈:၄၉ အရ “အမျက်တော်အရှိန်အားဖြင့် သူတို့၌ဆိုးသောတမန်တို့ကိုစေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောင့်ယှက်ခြင်းအမှုကိုဖြစ်စေတော်မူ၏။” အလားတူ သမ္မာကျမ်းစာ၌ ကောင်းကင်တမန်တစ်ပါးတည်းက တစ်ညတည်းတွင် အာရှုရိစစ်သား ၁၈၅,၀၀၀ ကိုဖျက်ဆီးခဲ့ကြောင်းဖော်ပြသည်။—၄ ဓမ္မရာဇဝင် ၁၉:၃၅။
ထိုနည်းတူ ဘုရားသခင့်ဖြောင့်မတ်သောစံချိန်များကို လိုက်နာရန်ငြင်းဆိုခြင်းဖြင့် အခြားသူများ၏အကျိုးကို ခြိမ်းခြောက်သူများကို အနာဂတ်တွင် ကောင်းကင်တမန်များဖျက်ဆီးလိမ့်မည်။ ယေရှုသည် “တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူ” မည်။—၂ သက်သာလောနိတ် ၁:၇၊ ၈။
ဘုရားသခင့်သစ္စာရှိကောင်းကင်တမန်များသည် ကိုယ်တော်၏ညွှန်ကြားချက်များကို ဆောင်ရွက်ခြင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများကို ထောက်ခံခြင်းဖြင့် ကိုယ်တော့်အလိုတော်ကိုအစဉ်ဆောင်ရွက်ကြကြောင်း သမ္မာကျမ်းစာက ဤနည်းဖြင့်ဖော်ပြ၏။ ဘုရားသခင့်ကောင်းကင်တမန်များ၏အကူအညီကို ကျွန်ုပ်တို့ရလိုလျှင် ဘုရားသခင့်အလိုတော်ကိုသိထားပြီး ယင်းကို စိတ်ပါလက်ပါကြိုးစားလိုက်နာဖို့လိုကြောင်း ရှင်းနေပါသည်။
ကိုယ်စောင့်ကောင်းကင်တမန်များ
ကောင်းကင်တမန်များသည် လူတို့ကိုဂရုစိုက်၍ ကာကွယ်ပေးပါသလော။ တမန်တော်ပေါလုက “ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတ္တံ့သောသူတို့ကို ပြုစုစေခြင်းငှာ၊ စေလွှတ်တော်မူသော အစေခံနာမ်ဝိညာဉ်ဖြစ်ကြသည်မဟုတ်ပေလော” ဟုမေးခဲ့သည်။ (ဟေဗြဲ ၁:၁၄) ဟုတ်ပေသည်ဟု ပေါလု၏မေးခွန်းကိုဖြေဆိုမည်မှာ ရှင်းနေပါသည်။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာတည်ထားသော ရွှေရုပ်တုကိုပျပ်ဝပ်ကိုးကွယ်ရန် ငြင်းဆိုခဲ့ကြသောကြောင့် ဟေဗြဲလူသုံးဦးဖြစ်သော ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် အလွန်ပူပြင်းသည့်မီးဖိုထဲသို့ ပစ်ချခံခဲ့ရသည်။ သို့သော် ဘုရားသခင်၏ထိုသစ္စာရှိကျေးကျွန်တို့ကို မီးမလောင်ခဲ့ပါ။ မီးဖိုထဲသို့ရှင်ဘုရင်ကြည့်သောအခါ ‘သန်စွမ်းသည့်လူလေးဦး’ တို့ကိုမြင်ပြီး “စတုတ္ထလူသည် ဘုရားသခင်၏သားအဆင်းသဏ္ဌာန်ရှိသည်” ဟုဆိုခဲ့သည်။ (ဒံယေလ ၃:၂၅) နှစ်များကုန်လွန်ပြီးနောက် ဒံယေလသည် သူ၏သစ္စာရှိမှုကြောင့် ခြင်္သေ့တွင်းထဲရောက်ခဲ့ရသည်။ သူသည်လည်း ဘေးကင်းစွာလွတ်မြောက်လာပြီး “အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့နှုတ်ကိုပိတ်ထားတော်မူ” သည်ဟုကြားပြောခဲ့သည်။—ဒံယေလ ၆:၂၂။
စီ.အီး. ပထမရာစုတွင် ခရစ်တော်နောက်လိုက်များ၏ အသင်းတော်ကိုတည်ထောင်ရာတွင် ကောင်းကင်တမန်များသည် တစ်ဖန်ပေါ်လာပြီး ထောင်ထဲမှတမန်တော်များကို လွတ်မြောက်စေခဲ့သည်။ (တမန်တော် ၅:၁၇-၂၄; ၁၂:၆-၁၂) ပေါလုသည်ပင်လယ်တွင် အသက်အန္တရာယ်ကြုံသည့်အခါ ကောင်းကင်တမန်တစ်ပါးက သူသည် ရောမမြို့သို့ဘေးကင်းစွာရောက်လိမ့်မည်ဟု စိတ်ချစေခဲ့သည်။—တမန်တော် ၂၇:၁၃-၂၄။
ယေဟောဝါဘုရားသခင်၏ မျက်မြင်မရသောကောင်းကင်တမန်တပ်သည် အမှန်တကယ်တည်ရှိပြီး ဧလိရှဲနှင့် သူ၏ကျွန်ကိုကာကွယ်ပေးခဲ့သကဲ့သို့ ပြုလုပ်ပေးနိုင်ကြောင်းကို ကိုယ်တော်၏မျက်မှောက်ခေတ်ကျေးကျွန်များ အပြည့်အဝယုံကြည်စိတ်ချကြသည်။ (၄ ဓမ္မရာဇဝင် ၆:၁၅-၁၇) အမှန်ဆိုလျှင် “ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ကယ်လွှတ်တတ်ကြ၏။”—ဆာလံ ၃၄:၇; ၉၁:၁၁။
ကောင်းကင်တမန်များသယ်ဆောင်သည့်သတင်း
ကောင်းကင်တမန်များသည် ယေဟောဝါဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူတို့၏အကျိုးကို အာရုံစိုက်နေကြစဉ် တစ်ကြိမ်တည်းတွင် ကိုယ်တော်နှင့် ကိုယ်တော်၏အလိုတော်အကြောင်းကို လူတို့သိရှိစေခြင်းလုပ်ငန်း၌လည်း ပါဝင်နေကြသည်။ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ကောင်းကင်အလယ်တွင် ကောင်းကင်တမန်တစ်ပါး ပျံဝဲလျက်နေသည်ကိုငါမြင်ရ၏။ သူသည် တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ် ခပ်သိမ်းတို့အားကြေညာရန် ထာဝရသတင်းကောင်းကိုယူဆောင်လာ၏။ ထိုကောင်းကင်တမန်က . . . ‘ဘုရားသခင်ကိုကြောက်ရွံ့ရိုသေကြလော့’ . . . ဟုအသံကျယ်စွာ ကြွေးကြော်လေ၏။”—ဗျာဒိတ် ၁၄:၆၊ ၇ သတင်းကောင်း။
ဤ “ထာဝရသတင်းကောင်း” တွင်ပါဝင်သောအကြောင်းကို သင်သိလိုပါသလော။ သိလိုပါက ယေဟောဝါသက်သေများကိုမေးကြည့်ပါ။ သင့်ကို ဝမ်းသာအားရစွာ ပြောပြပါလိမ့်မည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်တွင် ထာဝရသတင်းကောင်းကိုကြေညာနေသည်။ ယင်းအကြောင်း သင်သိလိုပါသလော