ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၀/၁ စာ. ၂၈-၃၁
  • ဝိညာဉ်ရေးတိုးတက်မှုကို ဆက်၍လုပ်ဆောင်နေပါလေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝိညာဉ်ရေးတိုးတက်မှုကို ဆက်၍လုပ်ဆောင်နေပါလေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ်ပိုင်လေ့လာမှုအားဖြင့် တိုးတက်ခြင်း
  • ဘုရားသခင်ထံသို့ချဉ်းကပ်ရန်လိုအပ်
  • ယေဟောဝါနှင့်ရင်းနှီးမှု ပျိုးထောင်ခြင်း
  • သင့်အမှုဆောင်ခြင်း၌ဝိညာဉ်ရေးတိုးတက်မှု
  • လူငယ်တို့၊ နှစ်ခြင်းခံပြီးနောက် ဆက်တိုးတက်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် ရည်မှန်းချက်ပန်းတိုင်ထားပါ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ထပ်၍တိုးတက်ခြင်းငှာ အပြုသဘောပါပါလုပ်ကိုင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်အတိုင်း တိုး၍တိုး၍ ဆက်လက်လိုက်လျှောက်နေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၀/၁ စာ. ၂၈-၃၁

ဝိညာဉ်ရေးတိုးတက်မှုကို ဆက်၍လုပ်ဆောင်နေပါလေ!

နှစ်ခြင်းခံသည့်နေ့ကို ကျွန်ုပ်တို့ အစဉ်မြတ်နိုးပြီး သတိရသင့်သည်။ အမှန်မှာ ထိုနေ့ရက်ကား ဘုရားသခင့်အမှုတော်ဆောင်ဖို့ မိမိကိုယ်ကို ဆက်ကပ်အပ်နှံလိုက်ကြောင်း လူသိရှင်ကြားဖော်ပြသောနေ့ဖြစ်ပေသည်။

ဤအခြေအနေသို့ရောက်ရန် များစွာသောသူတို့သည် နှစ်ရှည်လများအကျင့်ပါနေသော အကျင့်ဆိုးများကို စွန့်ပစ်ခြင်း၊ မကောင်းသောသူများနှင့် ပေါင်းသင်းမှုဖြတ်ခြင်း၊ အမြစ်စွဲနေသောတွေးတောပုံ၊ ကျင့်ကြံပုံတို့ကို ပြောင်းလဲခြင်းကို အကြီးအကျယ်ကြိုးစားပြုလုပ်ခဲ့ကြရသည်။

မည်သို့ဆိုစေကာမူ၊ နှစ်ခြင်းခံခြင်းသည် ခရစ်ယာန်တစ်ဦး၏အသက်တာတွင် ပျော်ရွှင်စရာဖြစ်ပြီး အရေးပါသောအဖြစ်အပျက်တစ်ခုဖြစ်သည့်တိုင် ယင်းသည် အစမျှသာဖြစ်သေးသည်။ ယုဒနယ်ရှိနှစ်ခြင်းခံပြီးသော ခရစ်ယာန်များကို တမန်တော်ပေါလုက ဤသို့ဆိုသည်– “ခရစ်တော်၏ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကိုထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။” (ဟေဗြဲ ၆:၂) မှန်၏၊ ခရစ်ယာန်တိုင်းသည် “ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ရောက်ကြ” ဖို့လိုသည်။ (ဧဖက် ၄:၁၃) ရင့်ကျက်ခြင်းအဆင့်သို့ တိုးတက်ခြင်းအားဖြင့်သာ ‘ယုံကြည်ခြင်း၌ အမှန်ပင်မြဲမြံစွာစွဲလမ်း’ နိုင်မည်ဖြစ်သည်။—ကောလောသဲ ၂:၇။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ဆက်ကပ်အပ်နှံခါစကိုးကွယ်သူ ထောင်ပေါင်းများစွာတို့သည် ခရစ်ယာန်အသင်းတော်ထဲသို့ ဝင်လာခဲ့ကြပြီ။ သင်သည် သူတို့ထဲမှတစ်ဦးဖြစ်ပေမည်။ ပထမရာစုရှိညီအစ်ကိုများကဲ့သို့ သင်သည် ဝိညာဉ်ရေးအရနို့စို့သူငယ်သာ ဆက်ဖြစ်နေချင်မည်မဟုတ်ပါ။ ရှေ့ကိုတိုးတက်လိုပေမည်! သို့သော် မည်သို့အားဖြင့်နည်း။ တိုးတက်နိုင်မည့်နည်းလမ်းအချို့ကား အဘယ်နည်း။

ကိုယ်ပိုင်လေ့လာမှုအားဖြင့် တိုးတက်ခြင်း

ဖိလိပ္ပိရှိ ခရစ်ယာန်များကို ပေါလုဤသို့ဆိုသည်– “ငါဆုတောင်းသောအချက်ဟူမူကား၊ သင်တို့၏မေတ္တာသည် တိကျသောအသိပညာနှင့် ပြည့်ဝစုံလင်သောပိုင်းခြားဝေဖန်နိုင်စွမ်းတို့ဖြင့် တိုး၍ကုံလုံကြွယ်ဝနေ . . . နိုင်မည်အကြောင်းတည်း။” (ဖိလိပ္ပိ ၁:၉၊ ကဘ) “တိကျသောအသိပညာ” တိုးပွားမှုသည် ဝိညာဉ်ရေးတိုးတက်မှုအတွက် အရေးပါ၏။ ‘ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့နှင့်ဆိုင်သော အသိပညာကို ဆည်းပူးခြင်း’ သည်နှစ်ခြင်းခံပြီးနောက် ရပ်တန့်သွားရမည်မဟုတ်ပါ။—ယောဟန် ၁၇:၃၊ ကဘ။

အလက်ဇန္ဒြီးယားဟုခေါ်မည့် ခရစ်ယာန်ညီအစ်မတစ်ဦးသည် အသက် ၁၆ နှစ်၌နှစ်ခြင်းခံပြီး နောက်ဆယ်နှစ်အကြာတွင် ယင်းကိုသဘောပေါက်လာခဲ့သည်။ သူမသည် အမှန်တရား၌ ကြီးပြင်းခဲ့ကာ ခရစ်ယာန်အစည်းအဝေးများနှင့် ဟောပြောခြင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်လေ့ရှိခဲ့သည်။ သူမက ဤသို့ရေးခဲ့သည်– “ပြီးခဲ့တဲ့လအနည်းငယ်မှာ တစ်ခုခုတော့အတော်ကြီးကို မှားနေတယ်ဆိုတာ ကျွန်မသိခဲ့တယ်။ အမှန်တရားအပေါ် ကျွန်မစိတ်ထား၊ အမှန်တရားမှာ ကျွန်မဘာကြောင့်ဆက်ရှိနေရတယ်ဆိုတာတွေကို ရိုးရိုးသားသားစစ်ဆေးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။” သူမဘာတွေ့ခဲ့သနည်း။ သူမက ဤသို့ဆက်ရေးသည်– “အမှန်တရားမှာ ကျွန်မဆက်ရှိနေတဲ့အကြောင်းတွေက ကျွန်မကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။ ကျွန်မကြီးပြင်းလာနေစဉ်မှာ စည်းဝေးတွေနဲ့ လယ်ကွင်းလုပ်ငန်းကို အလေးအနက်ထားတိုက်တွန်းခဲ့တာ သတိရသေးတယ်။ ကိုယ်ပိုင်လေ့လာမှုနဲ့ဆုတောင်းခြင်းလိုအကျင့်တွေဟာ အလိုလိုဖြစ်လာလိမ့်မယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အခြေအနေကို ဆန်းစစ်လိုက်တဲ့အခါ အလိုလိုဖြစ်မလာဘူးဆိုတာကို သဘောပေါက်ခဲ့တယ်။”

တမန်တော်ပေါလု ဤသို့တိုက်တွန်းသည်– “ငါတို့မီပြီးခဲ့သမျှအတိုင်း တစ်နည်းတည်းလိုက်လျှောက်ကြကုန်အံ့။” (ဖိလိပ္ပိ ၃:၁၆၊ ကဘ) မှန်မှန်လုပ်ဆောင်မှုသည် ရှေ့သို့တိုးတက်စေ၏။ နှစ်ခြင်းမခံမီက သင်သည် အရည်အချင်းပြည့်မီသောသွန်သင်ပေးသူတစ်ဦးနှင့် အပတ်စဉ်ကျမ်းစာသင်အံမှု ကျင်းပခဲ့မည်မှာ သေချာသည်။ လေးမြတ်တန်ဖိုးထားမှုတိုးပွားလာသောအခါ အဆိုပါလုပ်ဆောင်မှုတွင် အပတ်စဉ်သင်ခန်းစာအတွက် ပြင်ဆင်ခြင်း၊ သမ္မာကျမ်းစာ၌ ကိုးကားချက်များကို ရှာဖွေခြင်းစသည်တို့ပါဝင်လာမည်။ ယခုနှစ်ခြင်းခံပြီးပြီဖြစ်ရာ သင်သည် ‘တစ်နည်းတည်းဆက်လက်လိုက်လျှောက်’ နေသလော။

ထိုသို့မပြုလုပ်နေလျှင် “သာ၍အရေးကြီးသောအရာများကို အသေအချာသိနိုင်” ရန်သင်၏ဦးစားထားရာများကို ပြန်လည်စစ်ဆေးဖို့လိုပေမည်။ (ဖိလိပ္ပိ ၁:၁၀၊ ကဘ) ကျွန်ုပ်တို့၏အလုပ်များသောဘဝအသက်တာတွင် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့်လေ့လာခြင်းအတွက် အချိန်ဖယ်ထားရန် ကိုယ့်ကိုယ်ကိုချုပ်တည်းနိုင်ရမည်ဖြစ်သည်။ သို့ရာတွင် ရရှိသောအကျိုးကျေးဇူးများကား ဤသို့ကြိုးစားအားထုတ်ရန် အကျိုးနပ်စေပါသည်။ အလက်ဇန္ဒြီးယား၏တွေ့ကြုံမှုကို ပြန်သုံးသပ်ကြည့်ပါ။ “အနှစ် ၂၀၊ ၂၀ ကျော် စည်းဝေးတွေတက်၊ လယ်ကွင်းအမှုဆောင်မှာပါဝင်တာနဲ့ပဲ အမှန်တရားထဲမှာ ကျွန်မရှိတယ်လို့ ထင်မိတယ်” ဟူ၍သူမဝန်ခံသည်။ သို့သော် သူမကဆက်ပြီး ဤသို့ဆိုသည်– “အဲဒါတွေအရေးကြီးပေမဲ့ ခက်ခဲမှုတွေကြုံတွေ့ခဲ့ရတဲ့အခါ အဲဒါကပဲ ကျွန်မကိုခံနိုင်ရည်ရှိစေနိုင်မှာမဟုတ်ဘူးလို့ သဘောပေါက်ခဲ့တယ်။ ကိုယ်ပိုင်လေ့လာမှုရယ်လို့ မရှိသလောက်ဖြစ်ပြီးအပေါ်ယံလောက်ပဲ ဆုတောင်းတဲ့အတွက် ဒါတွေအားလုံး သိသာထင်ရှားလာခဲ့တယ်။ ယေဟောဝါကို အမှန်တကယ်သိပြီး ကိုယ်တော်ကိုချစ်မြတ်နိုးနိုင်ဖို့နဲ့ ကိုယ်တော့်သားတော်က ကျွန်မတို့အတွက် လုပ်ဆောင်ပေးခဲ့တဲ့အရာတွေကို လေးမြတ်နိုင်ဖို့အတွက် ကျွန်မရဲ့အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ အဓိပ္ပာယ်ရှိတဲ့လေ့လာမှုအစီအစဉ်ကိုစတင်ဖို့ လိုနေပြီဆိုတာကို အခုကျွန်မသိပါပြီ။”

သင်သည် ကိုယ်ပိုင်လေ့လာမှုပုံမှန်ပြုလုပ်နိုင်ရန် အကူအညီလိုလျှင် သင့်အသင်းတော်ရှိ အကြီးအကဲများနှင့်ရင့်ကျက်သောခရစ်ယာန်များက သင့်ကို ဝမ်းမြောက်စွာကူညီပေးပါလိမ့်မည်။ ထို့အပြင် မေ ၁၊ ၁၉၉၅; ဩဂုတ် ၁၅၊ ၁၉၉၃; မေ ၁၅၊ ၁၉၈၇ ထုတ် ကင်းမျှော်စင် ၌ပါရှိသည့်ဆောင်းပါးများတွင် ထောက်ကူပေးသောအကြံပြုချက်များစွာပါရှိသည်။

ဘုရားသခင်ထံသို့ချဉ်းကပ်ရန်လိုအပ်

တိုးတက်ရန်ကြိုးစားသင့်သည့် နောက်ကဏ္ဍတစ်ခုမှာ ဘုရားသခင်နှင့်သင်၏ဆက်ဆံရေးကို တိုးတက်စေခြင်းဖြစ်သည်။ အချို့အခြေအနေများ၌ ယင်းနှင့်စပ်လျဉ်း၍ အထူးပင်လိုအပ်နေပေမည်။ ငယ်ရွယ်စဉ်၌ နှစ်ခြင်းခံခဲ့သောအန်တိုနီကို သုံးသပ်ကြည့်ပါ။ “ကျွန်တော်ဟာ မိသားစုထဲမှာ ပထမဆုံးနှစ်ခြင်းခံခဲ့တဲ့ကလေးပါ။ နှစ်ခြင်းခံပြီးတာနဲ့ အမေက ကျွန်တော့်ကို ပိုက်ဖက်ခဲ့တယ်။ အမေ ဒီလိုပျော်ရွှင်ခဲ့တာကို ကျွန်တော်တစ်ခါမှမတွေ့ခဲ့ဖူးဘူး။ အရမ်းကိုပျော်ရွှင်ခဲ့တဲ့အပြင် ကျွန်တော်လည်း အားတက်မိတယ်” ဟူ၍သူပြောပြသည်။ သို့ရာတွင် အခြားအကြောင်းရင်းတစ်ခုရှိသေးသည်။ သူကဤသို့ဆက်၍ပြောပြသည်– “ကျွန်တော်တို့အသင်းတော်မှာ နှစ်ခြင်းခံတဲ့လူငယ်မရှိခဲ့တာ အတော်ကြာပြီ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုဂုဏ်ယူခဲ့တယ်။ စည်းဝေးမှာ ကျွန်တော့်အဖြေနဲ့ဟောပြောချက်တွေကြောင့် ဟုတ်လှပြီလို့ထင်ခဲ့တယ်။ ယေဟောဝါကိုချီးမွမ်းတာထက် ကျွန်တော့်ကို လူတွေချီးမွမ်းတာကို ပိုအရေးစိုက်ခဲ့တယ်။ အမှန်တော့ ဘုရားသခင်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ကျွန်တော့်မှာမရရှိခဲ့ဘူး။”

အန်တိုနီကဲ့သို့ အချို့သည် ယေဟောဝါစိတ်ကျေနပ်စေဖို့ထက် အခြားသူများစိတ်ကျေနပ်စေဖို့ ဆက်ကပ်အပ်နှံခဲ့ကြပေမည်။ သို့ဖြစ်သည့်တိုင်၊ ဤကဲ့သို့သောသူများသည် ကိုယ်တော့်အမှုတော်ဆောင်ရန် ကတိပြုသည့်အတိုင်း ကတိတည်လိမ့်မည်ဟု ဘုရားသခင်မျှော်လင့်သည်။ (ဒေသနာ ၅:၄ နှိုင်းယှဉ်။) သို့သော် ဘုရားသခင်အား ပုဂ္ဂိုလ်ရေးအရတွယ်တာမြတ်နိုးမှုမရှိလျှင် ထိုကဲ့သို့ပြုလုပ်ရန် သူတို့အတွက် ခက်ခဲတတ်ကြသည်။ အန်တိုနီမှတ်မိသည်ကားဤသို့ဖြစ်သည်– “ကျွန်တော်နှစ်ခြင်းခံတုန်းကရှိခဲ့တဲ့ပျော်ရွှင်မှုဟာ ခဏတာပဲဖြစ်ခဲ့တယ်။ နှစ်ခြင်းခံပြီးတစ်နှစ်မပြည့်ခင်မှာပဲ ကြီးလေးတဲ့အပြစ်လုပ်ခဲ့အတွက် အသင်းတော်က အကြီးအကဲတွေရဲ့ ဆုံးမခြင်းကိုခံခဲ့ရတယ်။ ထပ်ခါတလဲလဲ အကျင့်ပျက်ပြားခဲ့တဲ့အတွက် အသင်းတော်ကနေ နှင်ထုတ်ဖို့အထိဖြစ်ခဲ့တယ်။ ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ခြောက်နှစ်မှာ လူသတ်မှုနဲ့အဖမ်းခံရပြီး ထောင်ကျခဲ့တယ်။”

ယေဟောဝါနှင့်ရင်းနှီးမှု ပျိုးထောင်ခြင်း

သင့်အခြေအနေသည် မည်သို့ပင်ဖြစ်ပါစေ၊ ခရစ်ယာန်တိုင်းသည် သမ္မာကျမ်းစာ၏ဤဖိတ်ခေါ်ချက်ကို လက်ခံနိုင်ကြသည်– “ဘုရားသခင်ကို ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ် ၄:၈) သင်သည် သမ္မာကျမ်းစာကို ဦးဆုံးလေ့လာစဉ်က ဘုရားသခင်နှင့်ရင်းနှီးမှုအနည်းငယ်ရှိလာမည်မှာ သေချာပါသည်။ ဘုရားသခင်သည် ခရစ်ယာန်ဘောင်တွင် ကိုးကွယ်ကြသည့် စိတ်ဖြင့်သာတွေးတောသိရှိရသော သဘောမျှသာမဟုတ်ဘဲ ယေဟောဝါဟူသော နာမရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု သင်သိရှိလာခဲ့သည်။ ထို့ပြင် ကိုယ်တော်သည် “ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူ” သည့်နှစ်သက်ဖွယ်အရည်အချင်းများရှိသူဖြစ်ကြောင်းလည်း သင်သိရှိလာခဲ့ပြီ။—ထွက်မြောက်ရာ ၃၄:၆။

သို့သော် သင်သည် ဘုရားသခင့်အမှုတော်ဆောင်ဖို့ သင်၏ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်နေထိုင်ရန် ကိုယ်တော်ထံ ထိုထက်ပင်ချဉ်းကပ်ရမည်! မည်သို့အားဖြင့်နည်း။ ဆာလံဆရာက ဤသို့ဆုတောင်းခဲ့သည်– “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကို သွန်သင်တော်မူပါ။” (ဆာလံ ၂၅:၄) သမ္မာကျမ်းစာနှင့်အသင်းမစာပေများဖြင့် ကိုယ်ပိုင်လေ့လာမှုပြုခြင်းသည် ယေဟောဝါနှင့်ပိုမိုရင်းနှီးလာစေရန် ထောက်ကူပေးနိုင်သည်။ ခံစားချက်အပြည့်နှင့် မှန်မှန်ဆုတောင်းခြင်းသည်လည်း အရေးကြီးသည်။ “ရှေ့တော်၌ စိတ်နှလုံးဖွင့်ပြကြလော့” ဟုဆာလံဆရာက တိုက်တွန်းထားသည်။ (ဆာလံ ၆၂:၈) သင့်ဆုတောင်းချက်များ ပြည့်လာသောအခါ ပုဂ္ဂိုလ်တစ်ဦးအနေနှင့် သင့်ကိုဘုရားသခင် စိတ်ဝင်စားကြောင်း ခံစားရပါလိမ့်မည်။ ယင်းသည် ကိုယ်တော်နှင့်တရင်းတနှီးရှိသည်ဟု သင်ခံစားရရန် သင့်ကို ထောက်ကူလိမ့်မည်။

စမ်းသပ်ခြင်းများနှင့်ပြဿနာများသည် ဘုရားသခင်နှင့်နီးကပ်ရန် နောက်ထပ်အခွင့်အရေးတစ်ခုဖြစ်သည်။ ယုံကြည်ခြင်းကို စိန်ခေါ်ခြင်းနှင့်စမ်းသပ်ခြင်းတို့ဖြစ်သည့် ဖျားနာမှု၊ ကျောင်းနှင့်အလုပ်ခွင်တွင် ဖိစီးမှုများ သို့မဟုတ် စီးပွားရေးကျပ်တည်းမှုတို့ကို သင်ရင်ဆိုင်ရပေမည်။ ပုံမှန်သီအိုကရက်တစ်လုပ်ရိုးလုပ်စဉ်ဖြစ်သော အမှုဆောင်ခြင်းတွင်ပါဝင်ခြင်း၊ အစည်းအဝေးများတက်ခြင်း သို့မဟုတ် သင့်ကလေးများကို ကျမ်းစာသင်ပေးခြင်းတို့ပင်လျှင် သင့်အတွက်ခက်ခဲနေပေမည်။ ဤကဲ့သို့သော ပြဿနာများကို တစ်ဦးတည်းမရင်ဆိုင်ပါနှင့်! ဘုရားသခင်၏လမ်းပြညွှန်ကြားမှုကို တိုးလျှိုးတောင်းခံပါ။ (သု. ၃:၅၊ ၆) သန့်ရှင်းသောဝိညာဉ်တော်ပေးဖို့ အသနားခံပါ! (လုကာ ၁၁:၁၃) ဘုရားသခင်၏မေတ္တာပါသော ထောက်မမှုကို သင်ကြုံတွေ့ရသောအခါ ကိုယ်တော်နှင့်ပို၍ပင်ရင်းနှီးလာလိမ့်မည်။ ဆာလံဆရာဒါဝိဒ်ဆိုသကဲ့သို့ “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိ၏။”—ဆာလံ ၃၄:၈။

အန်တိုနီကောအသို့နည်း။ သူမှတ်မိသည်ကို ဤသို့ပြောပြသည်– “ယေဟောဝါရဲ့အလိုတော်ကို လုပ်ဆောင်ဖို့ အဓိကထားခဲ့ပြီး ဝိညာဉ်ရေးပန်းတိုင်တွေရှိခဲ့တဲ့အချိန်ကို ပြန်စဉ်းစားမိတယ်။ စိတ်ထိခိုက်စရာပါပဲ။ ဒါပေမဲ့ စိတ်ထိခိုက်စရာ၊ စိတ်ဓာတ်ကျစရာတွေကြား ယေဟောဝါရဲ့မေတ္တာကို ကျွန်တော်မှတ်မိနေတယ်။ အတော်ကြာမှ ယေဟောဝါကိုပြန်ဆုတောင်းနိုင်ပြီး ခွင့်လွှတ်တော်မူပါလို့ ရင်ဖွင့်ဆုတောင်းခဲ့တယ်။ အဲဒီနောက် ကျမ်းစာကိုပြန်စဖတ်တဲ့အခါ အတော်မေ့ကုန်ခဲ့တာကိုရယ် ယေဟောဝါအကြောင်း နည်းနည်းပဲသိခဲ့တာကို အံ့ဩမိတယ်။” အန်တိုနီသည် ထောင်ဒဏ်ဆက်ခံနေရသော်လည်း ဒေသခံသက်သေခံများထံမှ အကူအညီရရှိသည့်အတွက် ဝိညာဉ်ရေးအရ ပြန်နာလန်ထူလာပါသည်။ ကျေးဇူးတင်ရှိစွာဖြင့် အန်တိုနီက ဤသို့ပြောသည်– “ယေဟောဝါနဲ့ကိုယ်တော်ရဲ့အဖွဲ့အစည်းကြောင့် ကျွန်တော်ဟာ ဥပဓိရုပ်ဟောင်းကို ချွတ်ပစ်နိုင်ခဲ့ပြီး နေ့စဉ်နဲ့အမျှ ဥပဓိရုပ်သစ်ကို ဝတ်ဆင်နိုင်ဖို့ ကြိုးစားနေပါပြီ။ ယေဟောဝါနဲ့ ကျွန်တော်ရဲ့ဆက်ဆံရေးဟာ အခုအချိန်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးဖြစ်နေပါပြီ။”

သင့်အမှုဆောင်ခြင်း၌ဝိညာဉ်ရေးတိုးတက်မှု

ယေရှုခရစ်က ‘ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း’ ဟောပြောသူများဖြစ်ကြရန် တပည့်တော်များအား မိန့်မှာခဲ့သည်။ (မဿဲ ၂၄:၁၄) သတင်းကောင်းဟောပြောသော ကြေညာသူလူသစ်တစ်ဦးအနေနှင့် အမှုဆောင်ရာ၌ သင့်တွေ့ကြုံမှုသည် နည်းနေပေဦးမည်။ သို့ဖြစ်လျှင် “သင့် [ခရစ်ယာန်] ဓမ္မအမှုကို အပြည့်အဝကျေပွန်စေ” ရန်တိုးတက်မှုရှိဖို့ မည်သို့ပြုလုပ်နိုင်မည်နည်း။—၂ တိမောသေ ၄:၅၊ ကဘ။

တစ်နည်းမှာ အပြုသဘောကို မွေးမြူရန်ဖြစ်သည်။ ဟောပြောခြင်းလုပ်ငန်းကို “ဘဏ္ဍာ” တစ်ခု၊ အခွင့်ထူးတစ်ခုအဖြစ်ရှုမြင်ရန် သင်ယူပါ။ (၂ ကောရိန္သု ၄:၇) ယင်းသည် ယေဟောဝါအပေါ် ကျွန်ုပ်တို့၏မေတ္တာ၊ သစ္စာစောင့်သိမှုနှင့်သမာဓိကို ဖော်ပြရန်အခွင့်အရေးဖြစ်သည်။ ထို့အပြင် ကိုယ်နှင့်စပ်ဆိုင်သူ၏အကျိုးကို လိုလားကြောင်းဖော်ပြနိုင်ခွင့်ပေးသည်။ ဤတွင်ကိုယ်ကျိုးစွန့်ပါဝင်ခြင်းသည် စစ်မှန်သောပျော်ရွှင်မှု၏ ဇာစ်မြစ်ဖြစ်နိုင်သည်။—တမန်တော် ၂၀:၃၅။

ယေရှုကိုယ်တော်တိုင် ဟောပြောခြင်းလုပ်ငန်းအပေါ် အပြုသဘောထားခဲ့သည်။ အခြားသူများကို ကျမ်းစာအမှန်တရားဝေငှရခြင်းသည် ကိုယ်တော်အတွက် “စားစရာ” ကဲ့သို့ဖြစ်ခဲ့၏။ (ယောဟန် ၄:၃၄) ထို့ကြောင့် အခြားသူများကို ကူညီပေးရန် ကိုယ်တော်အားလှုံ့ဆော်မှုမှာ “ငါအလိုရှိ၏” ဟူသော ကိုယ်တော်၏စကားဖြင့် အကျဉ်းချုပ်ဖော်ပြနိုင်သည်။ (မဿဲ ၈:၃) ယေရှုသည် အထူးသဖြင့် စာတန့်လောကကြောင့် ‘ပင်ပန်းအားလျော့နေသော’ သူတို့ကို ကရုဏာသက်တော်မူ၏။ (မဿဲ ၉:၃၅၊ ၃၆၊ ကဘ) ဝိညာဉ်ရေးမှောင်မိုက်ထဲမှသူများကို ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အသိပညာလိုအပ်နေသူများအား ကူညီပေးရန် သင်သည် “အလိုရှိ” ပါသလော။ ထိုသို့ဖြစ်လျှင် ယေရှုက “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ” လော့ဟုမိန့်မှာထားခြင်းကို သင်တုံ့ပြန်ရန် စေ့ဆော်ခံရလိမ့်မည်။ (မဿဲ ၂၈:၁၉) သင့်ကျန်းမာရေးနှင့်အခြေအနေခွင့်ပြုနေသရွေ့ အဆိုပါလုပ်ငန်း၌ အစွမ်းကုန်ပါဝင်ရန် အမှန်တကယ်ပင် လှုံ့ဆော်ခံရပါလိမ့်မည်။

တိုးတက်မှုအတွက် အခြားသော့ချက်တစ်ခုမှာ ဖြစ်နိုင်လျှင်အပတ်တိုင်း အမှုဆောင်ခြင်း၌မှန်မှန်ပါဝင်နေခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်နေခြင်းသည် ရံဖန်ရံခါမှသာဟောပြောသူအား ဟန့်တားနှောင့်ယှက်မှုဖြစ်ကောင်းဖြစ်မည့် စိုးရိမ်ကြောက်ရွံ့မှုကို လျော့နည်းသွားစေရန် ထောက်ကူနိုင်သည်။ လယ်ကွင်းလုပ်ငန်းတော်၌ မှန်မှန်ပါဝင်ခြင်းသည် အခြားနည်းလမ်းများတွင်လည်း အကျိုးရှိစေပါလိမ့်မည်။ ၎င်းသည် အမှန်တရားကို ပိုမိုတန်ဖိုးထားလေးမြတ်စေမည်၊ ယေဟောဝါကိုဖြစ်စေ၊ သင်နှင့်စပ်ဆိုင်သူကိုဖြစ်စေ သင်၏မေတ္တာကို ရှင်သန်နေစေမည်၊ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ခြင်းအပေါ် ဆက်၍အာရုံစိုက်နိုင်ရန်လည်း ထောက်ကူပေးပါလိမ့်မည်။

သို့သော် သင့်လက်ရှိအခြေအနေက ဟောပြောခြင်းလုပ်ငန်း၌ သင့်ပါဝင်မှုကို အလွန်ကန့်သတ်ထားမည်ဆိုလျှင်ကောအသို့နည်း။ ပြုပြင်ပြောင်းလဲရန် လုံးဝအဆင်မပြေပါက သင်သည် လုပ်ငန်းတော်၌ စိုးလ်အကြွင်းမဲ့ပါဝင်သမျှကို ဘုရားသခင်နှစ်သက်ကြောင်း သိရှိခြင်းမှ စိတ်သက်သာမှုရယူပါ။ (မဿဲ ၁၃:၂၃) သင်၏ဟောပြောခြင်းစွမ်းရည်ကို ထက်မြက်စေခြင်းအစရှိသည့် အခြားနည်းများတွင် တိုးတက်နိုင်ကောင်းတိုးတက်နိုင်ပေမည်။ ယင်းနှင့်စပ်လျဉ်း၍ အသင်းတော်တွင်ကျင်းပသည့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးတို့သည် ကောင်းသောလေ့ကျင့်မှုကို များစွာပေးပါသည်။ ကျွန်ုပ်တို့သည် အမှုဆောင်ရာ၌ ပို၍ကျွမ်းကျင်လေ၊ ယင်းတွင် ပို၍ပျော်ရွှင်မှုရရှိလေဖြစ်ပြီး အကျိုးရလဒ်များကို တွေ့ရှိရလိမ့်မည်။

ထို့ကြောင့် ဝိညာဉ်ရေးတိုးတက်မှုကို နှစ်ခြင်းခံသည့်နေ့တွင် မရပ်ရသည်မှာ ထင်ရှားသည်။ ကောင်းကင်၌ မဖောက်ပြန်မပျက်စီးသောအသက်တာရရှိရန် မျှော်လင့်ခြင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟုကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသောအမှုတစ်ခုဟူမူကား၊ နောက်ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကို ရခြင်းငှာ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ထို့ကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည်။ သင်တို့သည် တစ်စုံတစ်ခုသောအရာ၌ သဘောခြားနားလျှင်၊ ထိုအရာကိုပင် ဘုရားသခင်ဖော်ပြတော်မူလိမ့်မည်။”—ဖိလိပ္ပိ ၃:၁၃-၁၅။

မှန်ပါသည်၊ ခရစ်ယာန်အားလုံး ကောင်းကင်၌ မသေနိုင်သောမျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးပရဒိသု၌ ထာဝရအသက်မျှော်လင့်ချက်ရှိသူဖြစ်စေ အသက်ပန်းတိုင်သို့ရောက်ရန် အားစိုက်ပြီး “လှမ်း” ၍ယူကြရမည်။ သင်နှစ်ခြင်းခံခဲ့ခြင်းသည် ကောင်းသောအစဖြစ်သော်လည်း ၎င်းသည် အစမျှသာဖြစ်သည်။ ဝိညာဉ်ရေးတိုးတက်မှုရှိရန် ဆက်လက်အားထုတ်ပါ။ အစည်းအဝေးများတက်ခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ခြင်းအားဖြင့် “ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်လော့။” (၁ ကောရိန္သု ၁၄:၂၀) အမှန်တရား၏ “အနံ၊ အလျား၊ အနက်၊ အမြင့်တို့ကို ပိုင်းခြား၍သိ” မြင်ကြလော့။ (ဧဖက် ၃:၁၈) သင့်တိုးတက်မှုသည် သင့်ပျော်ရွှင်မှုကို ထိန်းသိမ်းထားရန် ထောက်ကူပေးမည်သာမက ဘုရားသခင်၏ကောင်းကင်နိုင်ငံတော် အုပ်ချုပ်မှုအောက်ရှိ ကိုယ်တော်၏ကမ္ဘာသစ်တွင် လုံခြုံသောနေရာတစ်နေရာရရှိစေမည်ဖြစ်ရာ ထိုတွင်သင်သည် ထာဝစဉ်တိုးတက်နိုင်မည်ဖြစ်သည်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ရှာယူရန် ကြပ်မတ်ပေးဖို့လို

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

အပြုသဘောရှိခြင်းသည် အမှုဆောင်ခြင်း၌ ပျော်ရွှင်ရန် ထောက်ကူပေးနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ