မည်သူ့အပြစ်နည်း
များစွာသောသူတို့သည် အခက်အခဲများကြုံရသောအခါ ဘုရားသခင်အားအပြစ်တင်တတ်ကြသည်။ သမ္မာကျမ်းစာပါ နယပုံပြင်ကျမ်းတစ်ပိုဒ်က “လူတစ်ဦး၏မိုက်မဲမှုက သူ၏ဘဝကိုဖျက်ဆီး၍ စိတ်ထဲမှာ ဘုရားသခင်ကိုမကျေမနပ်ဖြစ်တတ်သည်” ဟုဆိုသည်။ (သု. ၁၉:၃၊ အင်္ဂလိပ်ကျမ်းစာသစ်) သို့တိုင် လူ့ဆင်းရဲခြင်းများ၏တရားခံသည် ဘုရားသခင်ဖြစ်သည်ဟု ယူဆခြင်းသည် အရက်မူးပြီးကားမောင်း၍ဖြစ်သော ယာဉ်တိုက်မှုများစွာဖြစ်နေခြင်းအတွက် ကားထုတ်လုပ်သူကိုအပြစ်တင်ခြင်းနှင့်တူသည်။
ဘုရားသခင်သည် လူသားတို့အတွက် အဖိုးတန်လမ်းညွှန်မှုကို နှုတ်တော်ထွက် သမ္မာကျမ်းစာတွင်ဖော်ပြထားသည်။ ဘုရားသခင်၏ ဤပေါင်းချုပ်စာအုပ်ကို ဖတ်ရှုလေ့လာ၍ ထိုတွင်ချမှတ်ထားသောပညတ်များနှင့် မူများအတိုင်း အသက်ရှင်နေထိုင်ခြင်းဖြင့် ဘဝတွင်ကျရောက်ဖွယ် အန္တရာယ်ထောင်ချောက် အတော်များများကို ရှောင်ကွင်းနိုင်ပါသည်။ ထိုသို့မပြုဘဲ ဘုရားသခင့်လမ်းညွှန်မှုနှင့် ဆန့်ကျင်ပြီးပြုမူမည်ဆိုလျှင် အခက်အခဲများရောက်နိုင်သည်။ သာဓကအနေနှင့် စားကြူးသောသူ၊ ဆေးလိပ်သောက်သူ၊ သောက်ကြူးသောသူ သို့မဟုတ် အကျင့်ယိုယွင်းသူများသည် ဝမ်းနည်းစရာကောင်းလောက်အောင် ကျန်းမာရေးထိခိုက်လေ့ရှိသည်။ (လုကာ ၂၁:၃၄; ၁ ကောရိန္သု ၆:၁၈; ၂ ကောရိန္သု ၇:၁) ခရစ်ယာန်တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိမျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။”—ဂလာတိ ၆:၇၊ ၈။
ဘုရားသခင့်ပညတ်တော်နှင့် မူများအတိုင်းအသက်ရှင်ခြင်းသည် မည်မျှသာ၍ကောင်းလှပါသည်တကား! ထိုအတိုင်းအသက်ရှင်ကြမည်ဆိုလျှင် ပရောဖက်ဟေရှာယမှတစ်ဆင့် ပေးသော ဘုရားသခင့်ဤကတိတော် ပြည့်စုံသည်ကို ကျွန်ုပ်တို့တွေ့ မြင်ကြရလိမ့်မည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကိုစောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်း . . . သည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။”—ဟေရှာယ ၄၈:၁၇၊ ၁၈။