မာရိသည် သဘာဝအကြောင်းများကြောင့် သေဆုံးခဲ့သလော
ဗက်တီကင်သတင်းစာ လာအိုစာဗာတောရိုမာနိုအရ ချီဆောင်ခံရခြင်းဆိုင်ရာ ကက်သလစ်အယူဝါဒကဤသို့ဆိုသည်– “ခြောက်ပြစ်ကင်းအပျိုစင်၊ မူလအပြစ်စွန်းထင်းမှု ရှိရှိသမျှကင်းစင်ရန် ထိန်းသိမ်းစောင့်ရှောက်ခံရကာ သူမ၏မြေကြီးအသက်တာကုန်ဆုံးသောအခါ ကောင်းကင်ဘုန်းအသရေသို့ ကိုယ်ခန္ဓာကော စိုးလ်ပါယူဆောင်ခြင်းခံခဲ့ရသည်။” ဤသွန်သင်ချက်ကြောင့် . . . ပညာရှင်အချို့က မာရိသည် “မသေဆုံးဘဲ မြေကြီးအသက်တာမှ ကောင်းကင်ဘုန်းအသရေသို့ ချက်ချင်းမြှင့်တင်ခြင်းခံရသည်” ဟုဆိုကြောင်း ထိုသတင်းစာကဆိုသည်။a
မကြာသေးမီက ဒုတိယမြောက် ပုပ်ရဟန်းမင်း ဂျွန်ပေါလ်က ထိုကိစ္စနှင့်စပ်လျဉ်း၍ တစ်မျိုးဖော်ပြခဲ့သည်။ ၁၉၉၇၊ ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေတွေ့ဆုံမေးမြန်းခြင်းတွင် သူကဤသို့ဆိုခဲ့သည်– “ဓမ္မသစ်ကျမ်းက မာရိသေဆုံးသွားသည့် အခြေအနေအကြောင်း မဖော်ပြထားချေ။ ဤသို့မဖော်ပြထားခြင်းက သဘာဝအတိုင်းပင် သူမသေဆုံးခဲ့၍ အထွေအထူးဖော်ပြစရာအကြောင်းမရှိဟု မှတ်ယူစေသည်။ . . . သဘာဝအကြောင်းတရားများကြောင့် သူမသေဆုံးသည်ဟု မပြောလိုသည့် သဘောထားများသည် အခြေအမြစ်မခိုင်လုံပါ။”
ပုပ်ရဟန်းမင်း ဂျွန်ပေါလ်၏ဖော်ပြချက်က လုံးဝအပြစ်ကင်းသော သန္ဓေတည်ခြင်းအယူဝါဒတွင်ရှိ ချွတ်ယွင်းမှုကြီးကို လှစ်ဟလိုက်သည်။ ယေရှု၏မိခင်သည် “မူလအပြစ်စွန်းထင်းမှု ရှိရှိသမျှကင်းစင်ရန် ထိန်းသိမ်းစောင့်ရှောက်ခံရ” သည်မှန်လျှင် အပြစ်သားအာဒံမှ လက်ဆင့်ကမ်းခဲ့သော အပြစ်၏အကျိုးဆက်ဖြစ်သည့် “သဘာဝအကြောင်းများ” ကြောင့် မာရိမည်သို့သေဆုံးနိုင်မည်နည်း။ (ရောမ ၅:၁၂) ဤဓမ္မပညာရပ်ဆိုင်ရာ ဘေးကျပ်နံကျပ်အခြေအနေသည် ယေရှု၏မိခင်နှင့်ပတ်သက်၍ ချာ့ချ်၏ လွဲမှားသောအမြင်ကြောင့်ဖြစ်သည်။ ထိုကိစ္စကြောင့် ချာ့ချ်အတွင်း ကွဲပြားမှုနှင့် ရှုပ်ထွေးမှုများပေါ်ပေါက်လာခြင်းသည် အဆန်းမဟုတ်ပါ။
သမ္မာကျမ်းစာက မာရိကိုစိတ်နှိမ့်ချ၍ သစ္စာရှိပြီး ဘာသာတရားကိုင်းရှိုင်းသူအဖြစ် ရေးသားဖော်ပြထားသော်လည်း “လုံးဝအပြစ်ကင်းသောသန္ဓေတည်ခြင်း” ကြောင့် ထိုအရည်အချင်းများရှိသည်ဟု မဆိုထားချေ။ (လုကာ ၁:၃၈; တမန်တော် ၁:၁၃၊ ၁၄) သမ္မာကျမ်းစာက “လူအပေါင်းတို့သည် [မကောင်းမှု] ပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ” ဟုသာ ရိုးရိုးရှင်းရှင်းဖော်ပြထားသည်။ (ရောမ ၃:၂၃) မှန်ပါသည်၊ မာရိသည် ကျန်လူသားမျိုးနွယ်ကဲ့သို့ အပြစ်နှင့်မစုံလင်မှုကို အမွေခံထားရပြီး သဘာဝအကြောင်းကြောင့်မသေဟူသည့်သာဓကမရှိချေ။—၁ ယောဟန် ၁:၈-၁၀ နှိုင်းယှဉ်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၄၊ ဖေဖော်ဝါရီ ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၂၆-၉ မှ “ချီဆောင်ခံရခြင်း—ဘုရားသခင်ဖွင့်ပြသော တရားသေအယူဝါဒလော” ဟူသည့်ဆောင်းပါးကိုရှု။