နောက်ဆုံးတွင်—အားလုံးအတွက်တရားမျှတမှု
“စိတ်ထိခိုက်နေသံများ၊ စိုးရိမ်ပူပန်သံများ၊ နားထောင်မည့်သူမရှိဟု လက်မှိုင်ကျနေသံများ . . . ကို နည်းလမ်းသစ်များဖြင့် ကျွန်ုပ်တို့ကြိုးစားနားထောင်ပေးမည်။ . . . ပြုလုပ်ရမည့်အရာတစ်ခုမှာ ဥပဒေတွင်ပါဝင်သောအရာကို အသက်သွင်းရန်ဖြစ်သည်; လူသားအားလုံး ဘုရားသခင်ရှေ့ဂုဏ်သိက္ခာရှိရှိ တန်းတူညီတူမွေးဖွားလာကြသည်ဖြစ်ရာ လူရှေ့တွင်လည်း ထိုနည်းထပ်တူပင်ဖြစ်စေရန် အသေအချာဆောင်ရွက်ပေးဖို့ဖြစ်သည်။”—ယူ.အက်စ်. သမ္မတ ရစ်ချတ် မေးလတ်စ် နစ်ကဆင်၊ ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်း၊ ၁၉၆၉၊ ဇန်နဝါရီ ၂၀။
ရှင်ဘုရင်များ၊ သမ္မတများနှင့် ဝန်ကြီးချုပ်များသည် ရာထူးတင်မြှောက်ခံရချိန်တွင် တရားမျှတမှုအကြောင်း ဟောပြောလေ့ရှိကြသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတဟောင်း ရစ်ချတ်နစ်ကဆင်သည်လည်း ထပ်တူပင်ဖြစ်သည်။ သို့ရာတွင် ဘက်မလိုက်ဘဲသမိုင်းအဖြစ်မှန်ကို ဆန်းစစ်ကြည့်သောအခါ အာဝဇ္ဇန်းကောင်းသော သူ၏စကားများသည် အထမမြောက်ပေ။ ‘ဥပဒေကိုအသက်သွင်းရန်’ နစ်ကဆင်ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဥပဒေကိုချိုးဖောက်သူအဖြစ် ရာထူးမှဖယ်ရှားခံခဲ့ရသည်။ အနှစ်သုံးဆယ်အကြာတွင် ‘စိတ်ထိခိုက်၊ စိုးရိမ်ပူပန်၍ လက်မှိုင်ကျသူတို့၏အသံများ’ ကိုဆက်ကြားနေရတုန်းပင်ဖြစ်သည်။
အကျိုးပြုလိုသည့်ခေါင်းဆောင်အများအပြား တွေ့ရှိခဲ့ကြရသကဲ့သို့ ထိုသို့သောအသံများကိုနားထောင်ပေးခြင်းနှင့် သူတို့၏မကျေနပ်ချက်များကို ဖြေရှင်းပေးခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ပါ။ ‘လူတိုင်းအတွက်တရားမျှတမှု’ သည် ရနိုင်ခဲသည့်ပန်းတိုင်တစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ရကြပြီ။ သို့ဖြစ်စေကာမူ ကျွန်ုပ်တို့အာရုံစူးစိုက်ထိုက်သော တရားမျှတမှုနှင့်ပတ်သက်သည့် ထူးခြားသောကတိတော်တစ်ခုကို လွန်ခဲ့သည့်ရာစုနှစ်ပေါင်းများစွာက ပေးခဲ့သည်။
ဘုရားသခင်ကိုယ်တော်တိုင်ရွေးချယ်မည့် “ကျွန်ရင်း” ကို မိမိ၏လူမျိုးတော်ထံစေလွှတ်မည်ဟု မိမိ၏ပရောဖက်ဟေရှာယမှတစ်ဆင့် စိတ်ချစေခဲ့သည်။ “ထိုသူအပေါ်၌ ငါ့ဝိညာဉ်ကိုငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကိုတရားပေးလိမ့်မည်” ဟုယေဟောဝါမိန့်တော်မူ၏။ (ဟေရှာယ ၄၂:၁-၃) လူမျိုးတိုင်းအတွက် တည်မြဲသောတရားမျှတမှုကိုဖြစ်စေမည့် ယင်းသို့သောကမ္ဘာချီကြေညာချက်ကို မည်သည့်လူသားအုပ်စိုးရှင်မျှ ပေးဝံ့လိမ့်မည်မဟုတ်ပါ။ ဤကတိတော်ကို ယုံကြည်စိတ်ချနိုင်ပါသလော။ ယင်းသို့သော သာမန်ထက်လွန်ကဲသည့်လုပ်ဆောင်မှုသည် အကောင်အထည်ပေါ်နိုင်ပါမည်လော။
ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သော ကတိတစ်ခု
ကတိတစ်ခုကို ကတိပေးသူအားယုံကြည်နိုင်သည့် အတိုင်းအတာဖြင့်သာ ယုံကြည်အားထားနိုင်သည်။ ဤကိစ္စတွင် အခြားသူမဟုတ်ဘဲ အတိုင်းအဆမရှိတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင်က မိမိ၏ “ကျွန်” သည် ကမ္ဘာတစ်ဝန်းတွင် တရားမျှတမှုရှိစေမည်ဟု ကြေညာတော်မူခဲ့၏။ ယေဟောဝါသည် . . . ကတိတည်တော်မူသည်။ ‘ဘုရားသခင်သည် မုသာမသုံးနိုင်’ ဟုသမ္မာကျမ်းစာက ယုံကြည်စိတ်ချစေသည်။ (ဟေဗြဲ ၆:၁၈) ‘ငါပြဋ္ဌာန်းသည်အလျောက် တည်လိမ့်မည်’ ဟု ဘုရားသခင်အလေးအနက် ကြေညာခဲ့သည်။—ဟေရှာယ ၁၄:၂၅၊ သမ္မာ။
ဘုရားသခင်ရွေးချယ်ထားသော “ကျွန်” ယေရှုခရစ်၏မှတ်တမ်းကလည်း ထိုကတိတော်ကို ပို၍စိတ်ချစေပါသည်။ တရားမျှတမှုရှိစေမည့်သူသည် တရားမျှတမှုကို မြတ်နိုးပြီး ယင်းနှင့်အညီနေထိုင်ရပေမည်။ ယေရှုသည် “ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍၊ မတရားသောအမှုကိုမုန်းတော်မူသော” သူအဖြစ် အပြစ်တင်ခွင့်နှင့်ကင်းသည့်မှတ်တမ်းကို ထားရှိခဲ့သည်။ (ဟေဗြဲ ၁:၉) ကိုယ်တော်မိန့်တော်မူခဲ့သောစကား၊ အသက်ရှင်ခဲ့ပုံနှင့် သေဆုံးခဲ့ပုံတို့က ကိုယ်တော်သည် အမှန်ပင်တရားမျှတသောသူတစ်ဦးဖြစ်ကြောင်း သက်သေထူသည်။ ယေရှုသေဆုံးသည့်အခါ ယေရှုစစ်ဆေးခံရခြင်းနှင့် အဆုံးစီရင်ခံရခြင်းနှစ်မျိုးစလုံးကို ကိုယ်တိုင်တွေ့မြင်ခဲ့ပုံရှိသူ ရောမတပ်မှူးက “စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏” ဟုပြောရန် လှုံ့ဆော်ခံခဲ့ရသည်။—လုကာ ၂၃:၄၇။
ယေရှုသည် မိမိကိုယ်တိုင်ဖြောင့်မတ်စွာနေထိုင်သည့်အပြင် သူ၏ခေတ်တွင် နှံ့ပြားနေသော မတရားမှုကိုဆန့်ကျင်ခဲ့သည်။ ကိုယ်တော်သည် ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်း သို့မဟုတ် တော်လှန်ခြင်းဖြင့်မဟုတ်ဘဲ နားထောင်မည့်သူတိုင်းအား စစ်မှန်သောတရားမျှတမှုကို သွန်သင်ပေးခြင်းဖြင့် ဆန့်ကျင်ခဲ့သည်။ ကိုယ်တော်၏တောင်ပေါ်ဒေသနာတော်သည် စစ်မှန်သောတရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကို မည်သို့ကျင့်သုံးသင့်ကြောင်း ပိုင်နိုင်စွာရှင်းပြသည်။—မဿဲ အခန်းကြီး ၅-၇။
ယေရှုသည် အပြောနှင့်အလုပ်ညီတော်မူသည်။ ဂျူးအသိုင်းအဝိုင်းတွင် “ရှောင်ကြဉ်ခံရသော” အကြောင်းမလှသည့်အနူသည်များကို ကိုယ်တော်အထင်မသေးခဲ့ပါ။ ထိုသို့ပြုမည့်အစား သူတို့နှင့်စကားပြောဆို၊ တို့ထိကာ သူတို့၏အနာရောဂါကိုပင် ပျောက်ကင်းစေခဲ့သည်။ (မာကု ၁:၄၀-၄၂) ဆင်းရဲသူများနှင့် ဖိနှိပ်ခံနေရသူများအပါအဝင် ကိုယ်တော်တွေ့ဆုံသမျှလူအားလုံးသည် ကိုယ်တော့်အတွက် အရေးပါသူများဖြစ်ကြသည်။ (မဿဲ ၉:၃၆) “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်” ဟုသူတို့ကို ကိုယ်တော်မိန့်ဆိုခဲ့သည်။—မဿဲ ၁၁:၂၈။
အရေးအကြီးဆုံးကား ယေရှုသည် မိမိပတ်လည်ရှိမတရားမှုကြောင့် ယိုယွင်းမခံ၊ နာကြည်းစိတ်လည်း မရှိခဲ့ချေ။ ကိုယ်တော်သည် အဆိုးကိုအဆိုးဖြင့် မည်သည့်အခါမျှမတုံ့ပြန်ခဲ့ပါ။ (၁ ပေတရု ၂:၂၂၊ ၂၃) ပြင်းထန်သည့်ဝေဒနာခံစားရချိန်၌ပင် မိမိအားနှက်တိုင်တင်ခဲ့သော စစ်သားများအတွက်ပင် ကောင်းကင်ခမည်းတော်ထံ ဆုတောင်းပေးခဲ့သည်။ “အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသောအမှုကိုမသိကြ” ဟုအသနားခံခဲ့သည်။ (လုကာ ၂၃:၃၄) ယေရှုသည် အမှန်ပင် “လူမျိုးခြားတို့အား တရားမျှတခြင်းကို နားလည်စေ၏။” (မဿဲ ၁၂:၁၈၊ ကဘ) တရားမျှတသောလောကကို ဘုရားသခင်တည်ထောင်လိုသည့်ဆန္ဒရှိကြောင်း ကိုယ်တော့်သားတော်ရင်း၏သက်ရှိပုံနမူနာထက် သာ၍ကြီးမြတ်သော အထောက်အထားရှိပါဦးမည်လော။
မတရားမှုကိုကျော်လွှားနိုင်
မတရားမှုကို ကျော်လွှားနိုင်ကြောင်း သက်ရှိသက်သေကို မျက်မှောက်ခေတ်တွင်လည်း တွေ့ရှိနိုင်သည်။ ယေဟောဝါသက်သေများသည် တစ်ယောက်ချင်းစီသော်လည်းကောင်း၊ အဖွဲ့အစည်းလိုက်သော်လည်းကောင်း စိတ်စွန်းကွက်မှု၊ မျက်နှာလိုက်ခြင်း၊ လူမျိုးရေးနှင့် အကြမ်းဖက်မှုတို့ကို အောင်နိုင်ဖို့ကြိုးစားကြသည်။ အောက်ပါစံနမူနာကို ဆင်ခြင်ကြည့်ပါ။
ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်းသည် မိမိနေထိုင်ရာ စပိန်နိုင်ငံ၊ ဘာစကာဒေသတွင် တရားမျှတမှုရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ပက်ဒရိုa ယုံကြည်ခဲ့သည်။ ယင်းကြောင့် ပြင်သစ်နိုင်ငံတွင် သူ့ကိုအရန်စစ်တပ်သင်တန်းပေးသည့် အကြမ်းဖက်အဖွဲ့တစ်ခု၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာစေသည်။ သင်တန်းပြီးသည်နှင့် အကြမ်းဖက်အုပ်စုတစ်ခုကိုဖွဲ့စည်း၍ ရဲတန်းလျားတစ်ခုကိုဖောက်ခွဲရန် သူအမိန့်ရရှိခဲ့သည်။ သူ့ကိုရဲများဖမ်းဆီးချိန်တွင် သူ့တပ်ဖွဲ့သည် ဖောက်ခွဲပစ္စည်းများကို တပ်ဆင်ပြီးဖြစ်သည်။ သူ ၁၈ လထောင်ကျခဲ့သည်၊ သို့သော် ထောင်ထဲရှိစဉ်မှာပင် နိုင်ငံရေးတွင်ဆက်လှုပ်ရှားခဲ့သည်၊ အဆာငတ်ခံ၍ဆန္ဒပြခြင်းတွင်ပါဝင်၍ တစ်ကြိမ်တွင် မိမိ၏လက်ကောက်ဝတ်ကိုလှီးခဲ့သည်။
တရားမျှတမှုအတွက် မိမိတိုက်လှန်နေခြင်းဖြစ်သည်ဟု ပက်ဒရိုထင်မှတ်ခဲ့သည်။ ထို့နောက် ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များကို သူသိရှိလာသည်။ ပက်ဒရိုထောင်ကျနေစဉ် သူ၏ဇနီးသည်သည် ယေဟောဝါသက်သေတို့နှင့် ကျမ်းစာစတင်လေ့လာပြီး သူထောင်မှလွတ်သောအခါ သူတို့၏စည်းဝေးတစ်ခုကိုတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့သည်။ ထိုအချိန်အခါကိုနှစ်သက်လှရကား ကျမ်းစာသင်အံမှုတစ်ခုကိုတောင်းဆိုကာ ထိုသင်အံမှုက သူ၏ဘဝအမြင်နှင့် အသက်ရှင်နေထိုင်ပုံတို့ကို အကြီးအကျယ်ပြောင်းလဲစေခဲ့သည်။ နောက်ဆုံး ၁၉၈၉ ခုနှစ်တွင် ပက်ဒရိုသာမက သူ့ဇနီးလည်းနှစ်ခြင်းခံယူခဲ့သည်။
ပက်ဒရိုက ဤသို့ပြောပြသည်– “အကြမ်းဖက်သမားဖြစ်နေတဲ့အချိန်တုန်းက လူတစ်ယောက်ကိုမှ တကယ်မသတ်ခဲ့ဖူးတဲ့အတွက် ယေဟောဝါကိုကျွန်တော်ကျေးဇူးတင်မိတယ်။ အခုဆိုရင် လူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဖြစ်တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုသတင်းပေးဖို့ ဘုရားသခင့်ဝိညာဉ်တော်ဓား၊ သမ္မာကျမ်းစာကို ကျွန်တော်အသုံးပြုနေတယ်။” ယခုဆိုလျှင် ယေဟောဝါသက်သေများ၏ အကြီးအကဲတစ်ဦးအဖြစ်အမှုထမ်းနေသော ပက်ဒရိုသည် သူဖျက်ဆီးရန်ရည်ရွယ်ခဲ့ဖူးသည့်တန်းလျားကို မကြာမီက သွားရောက်လည်ပတ်ခဲ့သည်။ ဤတစ်ကြိမ်သွားရောက်ရသည့် ရည်ရွယ်ချက်မှာ ထိုတွင်နေထိုင်ကြသောမိသားစုများကို ငြိမ်သက်ခြင်းသတင်းဟောဖို့ဖြစ်သည်။
ယေဟောဝါသက်သေများသည် ဖြောင့်မတ်သောကမ္ဘာတစ်ခုကို တောင့်တကြသောကြောင့် ထိုသို့ပြောင်းလဲကြခြင်းဖြစ်သည်။ (၂ ပေတရု ၃:၁၃) ယင်းကိုဖြစ်ပေါ်စေမည်ဟူသော ဘုရားသခင့်ကတိတော်ကို သူတို့လုံးလုံးလျားလျားယုံကြည်စိတ်ချကြသော်လည်း တရားမျှတမှုနှင့်အညီနေထိုင်ရန် တာဝန်ရှိကြောင်းကိုလည်း သူတို့သိထားကြသည်။ ကျွန်ုပ်တို့သည် ကိုယ့်ကဏ္ဍကိုကိုယ်လုပ်ဆောင်ကြရန် ဘုရားသခင်အလိုရှိကြောင်း သမ္မာကျမ်းစာက ရှင်းလင်းပြတ်သားစွာဖော်ပြထားသည်။
ဖြောင့်မတ်ခြင်းမျိုးစေ့ကြဲခြင်း
မတရားမှုနှင့် ကျွန်ုပ်တို့ကြုံလာသောအခါ “တရားသဖြင့်စီရင်တော်မူသော ဘုရားသခင်ကား၊ အဘယ်မှာရှိသနည်း” ဟုအမှန်ပင် ဟစ်ကြွေးလိုပေမည်။ မာလခိလက်ထက်မှ ဂျူးများသည် ထိုသို့ကြွေးကြော်ခဲ့ကြသည်။ (မာလခိ ၂:၁၇၊ သမ္မာ) ဘုရားသခင်သည် သူတို့၏ညည်းညူခြင်းကို အလေးအနက်ထားပါသလော။ ထိုသို့ပြုမည့်အစား ယင်းကကိုယ်တော့်အား “ပင်ပန်း” စေခဲ့သည်၊ အကြောင်းများစွာအနက် တစ်ခုမှာ အကြောင်းမခိုင်လုံသောဆင်ခြေများပြ၍ အသက်ကြီးလာသောသူတို့၏ဇနီးများကို ကွာရှင်းခြင်းဖြင့် သူတို့သစ္စာမဲ့နေကြသောကြောင့်ဖြစ်သည်။ ယေဟောဝါသည် ‘သူတို့အသက်ပျိုစဉ်အခါလက်ထပ်၍ နောင်၌သစ္စာမစောင့်၊ ပြစ်မှားခံရသောမယား’ များအတွက် စိုးရိမ်မကင်းဖြစ်ကြောင်းဖော်ပြခဲ့သည်။—မာလခိ ၂:၁၄၊ သမ္မာ။
ကျွန်ုပ်တို့ကိုယ်တိုင်က မတရားစွာပြုမူလျက်ကယ် မတရားမှုကို နည်းမှန်လမ်းကျအပြစ်ဆိုနိုင်မည်လော။ အခြားတစ်ဖက်တွင်မူ စိတ်စွန်းကွက်မှုနှင့် လူမျိုးရေးစိတ်ဓာတ်ကို ကျွန်ုပ်တို့၏နှလုံးမှ အမြစ်မကျန်ထုတ်ပစ်၍၊ မျက်နှာမလိုက်ဘဲ အားလုံးကိုချစ်ခင်ပြီး အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ခြင်းဖြင့် ယေရှုကိုတုပရန်ကြိုးစားမည်ဆိုလျှင် တရားမျှတမှုကို အမှန်ပင်မြတ်နိုးကြောင်းပြရာကျသည်။
တရားမျှတမှုကို ကျွန်ုပ်တို့ရိတ်သိမ်းလိုလျှင် “ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ” ရန်သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုတိုက်တွန်းထားသည်။ (ဟောရှေ ၁၀:၁၂) မည်မျှပင်သေးငယ်ဟန်ရှိပါစေ မတရားမှုကို ကိုယ်တိုင်ကိုယ်ကျ အောင်မြင်သည့်အခါတိုင်းသည် အရေးကြီးပါသည်။ မာတင်လူသာကင်း၊ ဂျူနီယာက ဘာမင်ဟန်အကျဉ်းထောင်မှစာတွင် ရေးသားခဲ့သကဲ့သို့ပင် “တစ်နေရာရာရှိ မတရားမှုသည် နေရာတကာရှိ တရားမျှတမှုကိုခြိမ်းခြောက်သည်။” မကြာမီရောက်ရှိလာတော့မည့် ဖြောင့်မတ်သော ဘုရားသခင့်ကမ္ဘာသစ်ကိုအမွေခံရန် “ဖြောင့်မတ်ခြင်း . . . ရှာ” သူများကို ဘုရားသခင်ရွေးချယ်တော်မူသည်။—ဇေဖနိ ၂:၃။
မတည်မြဲသည့် လူ့ကတိကိုအခြေခံ၍ တရားမျှတမှုရှိရန် ကျွန်ုပ်တို့မမျှော်လင့်နိုင်သော်လည်း မေတ္တာသခင် ဖန်ဆင်းရှင်၏နှုတ်ထွက်စကားကိုကား ယုံကြည်စိတ်ချနိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်လာဖို့ ဆုတောင်းနေရန် မိမိ၏နောက်လိုက်များကို ယေရှုမှာကြားခဲ့ခြင်းဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀) ထိုနိုင်ငံတော်၏ခန့်အပ်ခံဘုရင် ယေရှုသည် “ငတ်မွတ်သောသူအော်ဟစ်သောအခါ၊ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍၊ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၂၊ ၁၃။
မတရားမှုသည် အစဉ်ရှိနေမည်မဟုတ်သည်မှာ ရှင်းနေပါသည်။ မိမိ၏ပရောဖက်ယေရမိမှတစ်ဆင့် ဘုရားသခင်အာမခံထားသည့်အတိုင်း မြေကြီးတစ်ပြင်လုံးအပေါ် ခရစ်တော်၏အုပ်ချုပ်မှုသည် မတရားမှုကို ထာဝစဉ်အောင်နိုင်ပါလိမ့်မည်– “ငါထားသောကတိအတိုင်း ကျေးဇူးပြုရသောအချိန်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေ၍၊ သူသည် မြေကြီးပေါ်မှာ တရားသဖြင့်ဖြောင့်မတ်စွာစီရင်လိမ့်မည်။”—ယေရမိ ၃၃:၁၄၊ ၁၅။
[အောက်ခြေမှတ်ချက်များ]
a အစားထိုးအမည်ဖြစ်သည်။