သင့်ကလေးများကို မည်သို့ကာကွယ်ပေးနိုင်မည်နည်း
ဝယ်နာaသည် ရပ်ကွက်ကျောင်းတွင် နှစ်ချီ၍တက်ခဲ့ပြီးနောက် ဘရာဇီးနိုင်ငံ ဆောပေါလိုမြို့တွင် အခြားလူငယ် ၃,၀၀၀ ခန့်နှင့်အတူ အဆင့်မြင့်ပညာကို စတက်ခဲ့သည်။ ကျောင်းနေဖက်များသည် မူးယစ်ဆေးဝါးများကိုရောင်းချပြီး သုံးစွဲနေကြသည်ကို ပထမဦးဆုံးအကြိမ်တွေ့ခဲ့သည်။ အရပ်အမောင်းသေးငယ်သည့်အတွက် မကြာမီတွင် သူသည် ကျောင်းသားကြီးများ၏ ယုတ်ညံ့၍အန္တရာယ်များသော သွတ်သွင်းပွဲအခမ်းအနားဓလေ့၏သားကောင် ဖြစ်ခဲ့ရ၏။
ဝယ်နာ၏ညီမအီဗာမှာလည်း ပြဿနာများရှိခဲ့သည်။ သူမသည်အတော်ဆုံးဖြစ်လို၍ စာအလွန်ကြိုးစားလေ့လာခဲ့ရာ နွမ်းလျပြီးစိတ်ရှုပ်ခဲ့သည်။ အခြားလူငယ်မြောက်မြားစွာနည်းတူ ဝယ်နာနှင့်အီဗာတို့သည် ကာယနှင့်စိတ်ဓာတ်ရေးဘက် ကာကွယ်မှုလိုနေကြသည်။ သင့်ကလေးများကော အဘယ်အကူအညီမျိုး လိုအပ်နေသနည်း။ လူကြီးဘဝအတွက် သူတို့ကို သင်မည်သို့အသင့်ပြင်ပေးနိုင်မည်နည်း။ အမှန်တွင်၊ သင့်ကလေးများအတွက် အဘယ်အနာဂတ်ရရှိလိုသနည်း။
ကျွေးမွေးပြုစုခြင်းထက်မက သူတို့လိုအပ်
မိဘများသည် သားသမီးများကိုကာကွယ်ပေးရာတွင် ယနေ့သူတို့ကြုံတွေ့ရသည့် စိန်ခေါ်ချက်ကို ခဏမျှစဉ်းစားကြည့်ပါ။ မိသားစုဘဝ၏အရည်အသွေးလျော့နည်းခြင်းနှင့် လူတို့သည် ပို၍ဆင်းရဲလာခြင်းကြောင့် နိုင်ငံအတော်များများတွင် လမ်းပေါ်နေထိုင်သည့် ကလေးများအရေအတွက် တိုးများလာသည်။ ကလေးအလုပ်သမားရှိရခြင်းမှာ ငယ်ရွယ်သူများကိုအမြတ်ထုတ်ခြင်းမှ ကာကွယ်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ မူးယစ်ဆေးအလွဲသုံးစားမှုကလည်း လူငယ်များစွာကို ပျက်စီးစေခဲ့ပြီ။ ဥပမာ၊ ဘရာဇီးမှဆယ်ကျော်သက်လူငယ်တစ်ဦးသည် မူးယစ်ဆေးစွဲသူဖြစ်လာသည့်အခါ သူ၏အိမ်တွင် ငြိမ်သက်ခြင်းမရှိတော့ပေ။ သူ၏မိဘများခံစားရသည့် စိတ်သောကအပြင် သူ့ကိုဆေးဖြတ်ပေးရန်နှင့် အိမ်တံခါးပေါက်သို့လာကာ အကြွေးတောင်းသော အကြင်နာမဲ့သည့် မူးယစ်ဆေးရောင်းသူများကိုပေးချေရန်အတွက်ပါ ရုန်းကန်ခဲ့ရကြသည်။
သို့ရာတွင် ဘဝ၏ဖိစီးမှုများကြား မိဘများစွာသည် သားသမီးများ၏ စားဝတ်နေရေးအတွက်သာမက အကြမ်းဖက်မှု၊ မူးယစ်ဆေးအလွဲသုံးမှုနှင့် အခြားပြဿနာများမှလည်း ကာကွယ်ပေးရန် ရုန်းကန်နေကြရသည်။ ယင်းသည် အမှန်မွန်မြတ်သည်မှန်သော်လည်း လုံလောက်ပြီလော။ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးဆိုင်ရာအန္တရာယ်များမှ ကာကွယ်ပေးခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။ အောင်မြင်စွာသားသမီးမွေးမြူရေးတွင် ကလေးတို့၏ အပေါင်းအသင်းနှင့် အပန်းဖြေမှုရွေးချယ်ခြင်းစိန်ခေါ်ချက်များပါဝင်သည်ကို လူအများသဘောပေါက်ကြသည်။ သို့သော် အလွန်အမင်းထိန်းချုပ်ခြင်း သို့မဟုတ် ပေါက်လွှတ်ပဲစားထားခြင်းကို မိဘများမည်သို့ရှောင်နိုင်မည်နည်း။ နောက်ဆောင်းပါးတွင် တွေ့ရှိရမည့်အဖြေများကို ဆင်ခြင်သုံးသပ်ကြည့်ရန် ဖိတ်ခေါ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါးတွင် အစားထိုးနာမည်များကို အသုံးပြုထားသည်။