ခရစ်ယာန်ယုံကြည်ခြင်း စမ်းသပ်ခံရအံ့
“ယုံကြည်ခြင်းသည် လူအားလုံး၏ပိုင်ဆိုင်ရာမဟုတ်။”—၂ သက်သာလောနိတ် ၃:၂၊ ကဘ။
၁။ လူအားလုံး၌ စစ်မှန်သောယုံကြည်ခြင်းမရှိကြောင်း သမိုင်းက မည်သို့တင်ပြခဲ့ပြီနည်း။
သမိုင်းတစ်လျှောက် စစ်မှန်သောယုံကြည်ခြင်းရှိသည့် ယောက်ျား၊ မိန်းမနှင့် ကလေးများရှိခဲ့သည်။ သန်းပေါင်းများစွာသောအခြားသူတို့သည် လက်သင့်ခံထိုက်သောအခြေခံ သို့မဟုတ် အကြောင်းပြချက်မရှိဘဲနှင့် အလွယ်တကူယုံကြည်သည့် ယုံလွယ်ခြင်းကဲ့သို့သော ယုံကြည်ခြင်းမျိုးပြသခဲ့ကြရာ “စစ်မှန်သော” ဟုအထူးပြုဖော်ပြခြင်းက ဆီလျော်လှပေ၏။ ထိုသို့သောယုံကြည်ခြင်းမျိုးတွင် ဗာဗုလုန်ဘုရားများ သို့မဟုတ် အနန္တတန်ခိုးရှင်ယေဟောဝါနှင့်၊ ကိုယ်တော်ဖော်ပြထားသည့် နှုတ်မြွက်စကားတော်နှင့် ညီညွတ်မှုမရှိသော ဝတ်ပြုမှုပုံစံတစ်မျိုးမျိုးပါဝင်လေ့ရှိခဲ့ပေသည်။ သို့ဖြစ်၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ယုံကြည်ခြင်းသည် လူအားလုံး၏ပိုင်ဆိုင်ရာမဟုတ်။”—၂ သက်သာလောနိတ် ၃:၂၊ ကဘ။
၂။ ကျွန်ုပ်တို့ကိုယ်နှိုက်၏ယုံကြည်ခြင်းကို စစ်ဆေးရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၂ သို့သော် ပေါလု၏ပြောဆိုချက်က ထိုအချိန်၌ အချို့တို့တွင် စစ်မှန်သောယုံကြည်ခြင်းရှိခဲ့ကြောင်းနှင့် ယနေ့လည်း အချို့တွင်ရှိကြောင်း ဆိုလိုသည်။ ဤဂျာနယ်ကို ဖတ်ရှုသူအများစုမှာ မြင့်မြတ်သောသမ္မာတရား၏ တိကျမှန်ကန်သည့်အသိပညာနှင့်ညီညွတ်သော စစ်မှန်သည့်ယုံကြည်ခြင်းရှိရုံမက တိုးများလိုကြသည်။ (ယောဟန် ၁၈:၃၇; ဟေဗြဲ ၁၁:၆) သင်သည်လည်း အလားတူပင်ဖြစ်ပါသလော။ သို့ဖြစ်လျှင် သင်၏ယုံကြည်ခြင်းသည် စမ်းသပ်ခံရမည်ဖြစ်ကြောင်း အသိအမှတ်ပြုပြီး ၎င်းအတွက် အသင့်ဖြစ်နေရန် အရေးကြီးသည်။ ထိုသို့ အဘယ်ကြောင့်ပြောနိုင်ပါသနည်း။
၃၊ ၄။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၏စမ်းသပ်မှုများနှင့်ပတ်သက်၍ ယေရှုအား အဘယ်ကြောင့်မျှော်ကိုးသင့်သနည်း။
၃ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် ယေရှုခရစ်သည် အဓိကဖြစ်ကြောင်း ကျွန်ုပ်တို့ဝန်ခံကြရမည်။ အမှန်မှာ၊ သမ္မာကျမ်းစာက ကိုယ်တော်အား ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စုံလင်စေတော်မူသောသူဟူ၍လည်းခေါ်ဆိုထားသည်။ ယင်းသည် ယေရှုမိန့်မြွက်ဆောင်ရွက်ခဲ့ရာနှင့် အထူးသဖြင့် ပရောဖက်ပြုချက်ကို ကိုယ်တော်ပြည့်စုံစေတော်မူခဲ့ခြင်းကြောင့်ဖြစ်သည်။ လူသားများသည် စစ်မှန်သောယုံကြည်ခြင်းကို တည်ဆောက်နိုင်သည့် အခြေခံကို ကိုယ်တော်ခိုင်ခံ့စေတော်မူခဲ့သည်။ (ဟေဗြဲ ၁၂:၂; ဗျာဒိတ် ၁:၁၊ ၂) သို့တိုင် ယေရှုသည် “ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ (ဟေဗြဲ ၄:၁၅) မှန်ပါသည်၊ ယေရှု၏ယုံကြည်ခြင်းသည် စမ်းသပ်ခံခဲ့ရ၏။ ယင်းက ကျွန်ုပ်တို့ကို စိတ်အားလျော့စေမည့် သို့မဟုတ် စိုးရိမ်စိတ်ရှိစေမည့်အစား နှစ်သိမ့်မှုပေးသင့်ပါသည်။
၄ ယေရှုသည် နှက်တိုင်ပေါ်တွင်သေသည့်အထိပင် အကြီးအကျယ်စုံစမ်းနှောင့်ယှက်မှုများကို ခံခဲ့ခြင်းအားဖြင့် “နာခံမှုကိုသင်တော်မူပြီ။” (ဟေဗြဲ ၅:၈၊ ကဘ) လူသားတို့သည် မည်သည့်စမ်းသပ်မှုမျိုးကိုမဆို ရင်ဆိုင်ကြရလင့်ကစား စစ်မှန်သောယုံကြည်ခြင်းဖြင့် ရပ်တည်နိုင်ကြောင်း ကိုယ်တော်သက်သေထူတော်မူခဲ့သည်။ နောက်တော်လိုက်များအကြောင်း ဤသို့ယေရှုမိန့်တော်မူခဲ့သည်ကို ကျွန်ုပ်တို့စဉ်းစားကြရာတွင် အထူးအရေးပါလေသည်– “ကျွန်သည် မိမိသခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။” (ယောဟန် ၁၅:၂၀) အမှန်မှာ၊ ကျွန်ုပ်တို့ခေတ်ရှိ ကိုယ်တော်၏နောက်လိုက်များနှင့်ပတ်သက်၍ ယေရှုက “ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြလိမ့်မည်” ဟုတင်ကူးမိန့်တော်မူခဲ့သည်။—မဿဲ ၂၄:၉။
၅။ စမ်းသပ်မှုများကို ကျွန်ုပ်တို့ရင်ဆိုင်ရကြလိမ့်မည်ဖြစ်ကြောင်း ကျမ်းစာက မည်သို့ဖော်ညွှန်းသနည်း။
၅ ဤရာစုနှစ်အစောပိုင်းတွင် တရားစီရင်ခြင်းသည် ဘုရားသခင့်အိမ်တော်တွင်စတင်ခဲ့သည်။ ကျမ်းစာက ဤသို့တင်ကြိုပြောခဲ့သည်– “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသောအချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ဧဝံဂေလိတရားစကားကို နားမထောင်သောသူတို့၏အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း။ ‘ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကိုမကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာပေါ်လိမ့်မည်နည်း။’ ”—၁ ပေတရု ၄:၁၇၊ ၁၈။
ယုံကြည်ခြင်းစမ်းသပ်ခံရ—အဘယ်ကြောင့်နည်း
၆။ စမ်းသပ်ခံရပြီးသည့်ယုံကြည်ခြင်းသည် အဘယ်ကြောင့် တန်ဖိုးရှိသနည်း။
၆ တစ်နည်းအားဖြင့်ဆိုလျှင် စမ်းသပ်မခံရသည့်ယုံကြည်ခြင်းတွင် တန်ဖိုးရှိကြောင်းသက်သေထူချက်မရှိ၍ ယင်း၏အရည်အသွေးသည် မထင်ရှားပါ။ သင့်တွင် ငွေမထုတ်ရသေးသော ချက်လက်မှတ်ရှိထားခြင်းနှင့် နှိုင်းယှဉ်နိုင်၏။ သင်အလုပ်လုပ်ခဲ့သည့်အတွက်၊ ပေးပို့ထားသည့်ကုန်ပစ္စည်းအတွက်၊ သို့မဟုတ် လက်ဆောင်အဖြစ်ပင်ရရှိသော ချက်လက်မှတ်တစ်စောင် သင်၌ရှိပေမည်။ ချက်လက်မှတ်သည် တန်ဖိုးရှိပုံရသော်လည်း အမှန်ပင်တန်ဖိုးရှိပါသလော။ ၎င်းပေါ်တွင် ဖော်ပြထားသော ငွေပမာဏအတိုင်း တကယ်တန်ဖိုးရှိပါသလော။ အလားတူပင်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အပြင်ပန်းမျှသာ သို့မဟုတ် အမည်ခံရုံမျှသာ မဖြစ်သင့်ပေ။ ယင်းတွင် အနှစ်သာရနှင့် စစ်မှန်သောအရည်အသွေးရှိကြောင်း သက်သေပြလိုပါက စမ်းသပ်ခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် စမ်းသပ်ခံရသည့်အခါ ယင်းသည် ခိုင်မာပြီး တန်ဖိုးရှိကြောင်း တွေ့ရှိပေမည်။ စမ်းသပ်မှုက ကျွန်ုပ်တို့၏ယုံကြည်ခြင်း ပိုထက်သန်ရန်၊ သို့မဟုတ် အားဖြည့်ပေးရန်လိုနေသောကဏ္ဍများကိုလည်း ဖော်ပြပေးမည်။
၇၊ ၈။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း စမ်းသပ်မှုများသည် မည်သည့်ရင်းမြစ်မှ လာသနည်း။
၇ ဘုရားသခင်သည် နှိပ်စက်ညှဉ်းပန်းမှုနှင့် အခြားနည်းများဖြင့် ယုံကြည်ခြင်းစမ်းသပ်ခံရရန် ခွင့်ပြုထားတော်မူ၏။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “စုံစမ်းသွေးဆောင်ခံရသောအခါ ‘ငါ့ကိုဘုရားသခင်စုံစမ်းသွေးဆောင်တော်မူသည်’ ဟုမည်သူမျှမဆိုစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှအပြစ်သို့သွေးဆောင်တော်မမူ။” (ယာကုပ် ၁:၁၃၊ ကဘ) ထိုသို့သောစုံစမ်းနှောင့်ယှက်မှုများ၏တရားခံက မည်သူ သို့မဟုတ် မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့မှာ စာတန်၊ ဤလောကနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ မစုံလင်သောအသွေးအသားဖြစ်သည်။
၈ စာတန်သည် ဤလောက၊ ယင်း၏တွေးခေါ်မှုများနှင့် လမ်းစဉ်များကို အကြီးအကျယ်သြဇာညောင်းကြောင်း ဝန်ခံကြပေမည်။ (၁ ယောဟန် ၅:၁၉) ထို့အပြင် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းဖို့ သွေးထိုးလှုံ့ဆော်ပေးနေကြောင်း သိထားကြပေမည်။ (ဗျာဒိတ် ၁၂:၁၇) သို့သော် စာတန်သည် ကျွန်ုပ်တို့၏ မစုံလင်သောသွေးသားကို ဆွဲဆောင်ခြင်း၊ လောကသွေးဆောင်မှုများကို ကျွန်ုပ်တို့၏ရှေ့တွင် တွဲလွဲဆွဲပြကာ ကျွန်ုပ်တို့ကို ကြိုးစားလှည့်ဖြားနေသည်။ ကျွန်ုပ်တို့သည်ဖြားယောင်းခံပြီး ဘုရားသခင်၏စကားကိုချိုးဖောက်လျက် ယေဟောဝါ၏မျက်နှာသာတော်ကိုဆုံးရှုံးသွားဖို့ မျှော်လင့်နေကြောင်း ခံယူထားပါသလော။ စာတန်၏နည်းစနစ်များကို ကျွန်ုပ်တို့မအံ့သြသင့်ချေ။ အကြောင်းမှာ ယေရှုအား သွေးဆောင်ဖို့ကြိုးစားရာတွင် ထပ်တူနည်းဗျူဟာများကို သူအသုံးပြုခဲ့သောကြောင့်ဖြစ်သည်။—မဿဲ ၄:၁-၁၁။
၉။ ယုံကြည်ခြင်းပုံသက်သေများမှ ကျွန်ုပ်တို့ မည်သို့အကျိုးရယူနိုင်သနည်း။
၉ ယေဟောဝါသည် ကိုယ်တော်၏နှုတ်မြွက်စကားတော်နှင့် ခရစ်ယာန်အသင်းတော်မှတစ်ဆင့် ကျွန်ုပ်တို့တုပနိုင်သည့် ယုံကြည်ခြင်းဆိုင်ရာအပြုသဘောပါသောပုံသက်သေများကို ကျွန်ုပ်တို့ရှေ့တွင်ချထားပေးတော်မူသည်။ ပေါလုက ဤသို့သတိပေးဆုံးမသည်– “ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်းကျင့်ကြလော့။ ငါတို့ပေးသောပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။” (ဖိလိပ္ပိ ၃:၁၇) ပေါလုသည် ပထမရာစုနှစ်ရှိ ဘုရားသခင့်ဘိသိက်ခံကျေးကျွန်တစ်ဦးဖြစ်ရာ အကြီးအကျယ်စုံစမ်းနှောင့်ယှက်မှုများ တွေ့ ကြုံခဲ့ရငြား ယုံကြည်ခြင်းလုပ်ရပ်များကို ဦးစီးလုပ်ဆောင်ခဲ့သည်။ ဤ ၂၀ ရာစုအဆုံးပိုင်းတွင် နှိုင်းယှဉ်ပြနိုင်သော ယုံကြည်ခြင်းပုံနမူနာများရှိသည်။ ဟေဗြဲ ၁၃:၇ (ကဘ) ပါစကားများသည် ယင်းတို့ကို ပေါလုရေးသားစဉ်ကကဲ့သို့ပင် ယခုလည်းတန်ခိုးပါသေးသည်– “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို သင်တို့အားဟောပြော၍၊ သင်တို့ကိုအုပ်ထိန်းသောသူတို့ကို သတိရလျက်နေကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူကြောင်း စေ့စေ့ဆင်ခြင်ပြီး သူတို့၏ယုံကြည်ခြင်းကို တုပလုပ်ကိုင်လော့။”
၁၀။ မကြာသေးမီအချိန်များက ယုံကြည်ခြင်းဆိုင်ရာ အဘယ်အထူးပုံသက်သေများကို ကျွန်ုပ်တို့ရရှိထားပါသနည်း။
၁၀ ဘိသိက်ခံအကြွင်းအကျန်၏ ကျင့်ကြံပြုမူပုံကို ကျွန်ုပ်တို့သုံးသပ်ကြရာတွင် ထိုသတိပေးဆုံးမချက်သည် အထူးသဖြင့်တန်ခိုးပါ၏။ သူတို့၏ပုံနမူနာကို ကျွန်ုပ်တို့စေ့စေ့ဆင်ခြင်ပြီး သူတို့၏ယုံကြည်ခြင်းကို တုပနိုင်ပါသည်။ သူတို့၏ယုံကြည်ခြင်းသည် စုံစမ်းနှောင့်ယှက်မှုများကြောင့် သန့်စင်ထားသည့် စစ်မှန်သောယုံကြည်ခြင်းဖြစ်၏။ ၁၈၇၀ ပြည့်လွန်နှစ်များတွင် သေးငယ်သောအစချီလုပ်ဆောင်မှုများမှတစ်ဆင့် ကမ္ဘာချီခရစ်ယာန်ညီအစ်ကိုအသင်းအပင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့ပြီ။ ထိုအချိန်မှစ၍ ဘိသိက်ခံများ၏ယုံကြည်ခြင်းအသီးနှင့် ခံနိုင်ရည်ရလဒ်အနေနှင့် ယခုငါးသန်းခွဲကျော်သော ယေဟောဝါ၏သက်သေများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဟောပြောသွန်သင်နေကြသည်။ လက်ရှိ ဇွဲထက်သန်သည့် စစ်မှန်သောဝတ်ပြုသူတို့၏ ကမ္ဘာချီအသင်းတော်သည် စမ်းသပ်ခံရပြီးသောယုံကြည်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။—တိတု ၂:၁၄။
၁၉၁၄ ခုနှစ်နှင့်ပတ်သက်၍ ယုံကြည်ခြင်း စမ်းသပ်ခံခဲ့ရ
၁၁။ စီ. တီ. ရပ်စယ်လ်နှင့် သူ၏အဖွဲ့ဝင်များအတွက် ၁၉၁၄ ခုနှစ်သည် မည်သို့အရေးပါသနည်း။
၁၁ ပထမကမ္ဘာစစ်မဖြစ်ပွားမီနှစ်များတွင် ဘိသိက်ခံအကြွင်းအကျန်က ၁၉၁၄ ခုနှစ်သည် သမ္မာကျမ်းစာပရောဖက်ပြုချက်အရ အလွန်အရေးပါသောရက်စွဲဖြစ်မည်ဟု ကြွေးကြော်ခဲ့သည်။ သို့သော် သူတို့၏မျှော်လင့်ရာတချို့မှာ အချိန်မတန်သေးဘဲ ဖြစ်လတ္တံ့သောအရာနှင့်ပတ်သက်၍ သူတို့၏ရှုမြင်ပုံသည် လုံးလုံးလျားလျားတိကျမှုမရှိခဲ့ချေ။ ဥပမာ၊ ကင်းမျှော်စင်အသင်း၏ ဦးဆုံးဥက္ကဋ္ဌ စီ. တီ. ရပ်စယ်လ်နှင့် သူ၏အဖွဲ့ဝင်များသည် ကြီးမားကျယ်ပြောသော ဟောပြောခြင်းလုပ်ငန်းကိုပြုလုပ်ရန်လိုအပ်ကြောင်း သိမြင်ခဲ့ကြသည်။ သူတို့ ဤသို့ဖတ်ရှုခဲ့ရကြသည်– “နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) သို့သော် သူတို့ကဲ့သို့သော အုပ်စုငယ်လေးသည် ယင်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။
၁၂။ သမ္မာကျမ်းစာအမှန်တရားကို ရပ်စယ်လ်၏အဖွဲ့ဝင်တစ်ဦးသည် မည်သို့တုံ့ပြန်ခဲ့သနည်း။
၁၂ ယင်းက ရပ်စယ်လ်၏တွဲဖက်တစ်ဦးဖြစ်သူ အေ. အိပ်ချ်. မက္ခမီလန်ကို မည်သို့အကျိုးသက်ရောက်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ကနေဒါနိုင်ငံ၌မွေးဖွားခဲ့သူ မက္ခမီလန်သည် ရပ်စယ်လ်၏ခေတ်များတစ်လျှောက်အစီအစဉ် [လိပ်၊ ၁၈၈၆] စာအုပ်ကို လက်ဝယ်ရရှိစဉ်တွင် အသက် ၂၀ မပြည့်တတ်သေးချေ။ (ခေတ်များတစ်လျှောက် ဘုရားသခင့်အစီအစဉ် [လိပ်] ဟူ၍လည်းခေါ်ဆိုကြသော ဤစာအုပ်သည် ကျယ်ကျယ်ပြန့်ပြန့်ထုတ်ဝေခဲ့သည့် ကျမ်းစာစောင်များမှ လေ့လာစရာများ ၏ပထမတွဲဖြစ်လာပါသည်။ ဒုတိယတွဲဖြစ်သည့် အချိန်နီးပြီ [လိပ်၊ ၁၈၈၉] က ၁၉၁၄ ခုနှစ်ကို “တစ်ပါးအမျိုးသားတို့၏ကာလများ” ၏အဆုံးအဖြစ်ညွှန်ပြသည်။ [လုကာ ၂၁:၂၄]) ၎င်းကို မက္ခမီလန်စတင်ဖတ်ရှုသည့်ညတွင်ပင် သူကဤသို့စဉ်းစားခဲ့သည်– “ဟုတ်ပြီ၊ ဒါအမှန်တရားဖြစ်ရမယ်!” ၁၉၀၀ ပြည့်နှစ် နွေဦးတွင် သူသည် ထိုအချိန်က ကျမ်းစာကျောင်းသားများဟုခေါ်သည့် ယေဟောဝါသက်သေများ၏ စည်းဝေးကြီးတစ်ခု၌ ရပ်စယ်လ်နှင့် တွေ့ဆုံခဲ့သည်။ မကြာမီ မက္ခမီလန်သည် နှစ်ခြင်းယူလိုက်ပြီး ညီအစ်ကိုရပ်စယ်လ်နှင့်အတူ နယူးယောက်ရှိ အသင်းမ၏ဌာနချုပ်တွင် စတင်အမှုဆောင်လေ၏။
၁၃။ မဿဲ ၂၄:၁၄ ၏ပြည့်စုံချက်နှင့်ပတ်သက်၍ မက္ခမီလန်နှင့် အခြားသူတို့သည် အဘယ်ပြဿနာကို တွေ့မြင်ခဲ့သနည်း။
၁၃ သူတို့၏ကျမ်းစာဖတ်ရှုခြင်းအပေါ်အခြေပြု၍ ထိုဘိသိက်ခံခရစ်ယာန်များက ၁၉၁၄ ခုနှစ်သည် ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် အလှည့်အပြောင်းအချိန်ဟူ၍ ညွှန်ပြခဲ့သည်။ သို့သော် မက္ခမီလန်နှင့် အခြားသူတို့က မဿဲ ၂၄:၁၄ တွင်တင်ကူးပြောထားသော လူမျိုးအပေါင်းတို့အားဟောပြောခြင်းကို ကျန်ကြွင်းသည့်အချိန်တိုလေးအတွင်း မည်သို့ပြီးမြောက်နိုင်မည်နည်းဟု သိလိုကြသည်။ နောက်ပိုင်းတွင် သူက ဤသို့ပြောသည်– “ဒီအကြောင်းကို ညီအစ်ကို ရပ်စယ်လ်နဲ့မကြာခဏဆွေးနွေးတဲ့အခါ သူကဒီလိုပြောခဲ့တာကို ကျွန်တော်မှတ်မိပါတယ်၊ ‘ဒီလိုလေ၊ ညီအစ်ကိုရယ်၊ ယေရုရှလင်မှာထက် နယူးယောက်မှာ ဂျူးတွေပိုများနေတယ်။ ဒပ်ဘလင်မြို့မှာထက် အိုင်ယာလန်လူမျိုးတွေ ဒီမှာပိုများတယ်လေ။ ဒါတင်မကဘူး၊ ရောမမြို့မှာထက် အီတာလျန်လူမျိုးတွေ ဒီမှာပိုရှိနေတယ်။ ကျွန်တော်တို့ သူတို့ဆီရောက်နိုင်မယ်ဆိုရင် ဒီသတင်းဟာ တစ်လောကလုံးကို ရောက်ရှိသွားတာနဲ့အတူတူပါပဲ။’ ဒါပေမဲ့ အဲဒီအဖြေက ကျွန်တော်တို့ကို ကျေနပ်စေပုံမရှိခဲ့ဘူး။ ဒီလိုနဲ့ပဲ “ဓာတ်ပုံပြဇာတ်” ထုတ်လုပ်ဖို့ အတွေးပေါ်လာကြတယ်။”
၁၄။ ၁၉၁၄ ခုနှစ်မတိုင်မီ အဘယ်ထူးခြားသောစီမံကိန်းကို လုပ်ဆောင်ခဲ့ကြသနည်း။
၁၄ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” သည်တစ်ခါမျှမလုပ်ဖူးသော အသစ်စက်စက်လုပ်ငန်းတစ်ခုပါတကား! ယင်းက ရုပ်ရှင်များနှင့် ရောင်စုံမှန်ဆလိုက်များကို ကျမ်းစာဟောပြောချက်များအပြင် ဓာတ်ပြားများဖွင့်ပြီး တေးသံသာနှင့် ကိုက်ညှိတင်ဆက်ပြသခြင်းဖြစ်သည်။ ၁၉၁၃ ခုနှစ်တွင် ကင်းမျှော်စင်က အမေရိကန်ပြည်ထောင်စု၊ အာကဲန်စောတွင် ကျင်းပခဲ့သောစည်းဝေးကြီးအကြောင်း ဤသို့ဆိုသည်– “ကျမ်းစာသမ္မာတရားကို သွန်သင်ပေးရာတွင် ရုပ်ရှင်ကိုအသုံးပြုရန် အချိန်တိုင်ပြီဖြစ်ကြောင်း အားလုံးသဘောတူကြသည်။ . . . [ရပ်စယ်လ်] က မိမိသည် ဤအစီအစဉ်အောင်မြင်ဖို့ သုံးနှစ်တိုင်ကြံစည်ခဲ့ကြောင်းနှင့် ယခု လှပသောရုပ်ပုံများ ရာနှင့်ချီ၍စုဆောင်းခဲ့ပြီးဖြစ်ရာ ယင်းတို့သည် လူမြောက်မြားစွာအား ဆွဲဆောင်မှုဖြစ်စေကာ သတင်းကောင်းကို ကြွေးကြော်ခြင်းဖြစ်မည်အကြောင်းနှင့် လူထုကို ဘုရားသခင်၌ ယုံကြည်ခြင်းပြန်ရရှိရန် ကူညီပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။”
၁၅။ “ဓာတ်ပုံပြဇာတ်” မှ အဘယ်အကျိုးရလဒ်များဖြစ်ထွန်းခဲ့သနည်း။
၁၅ “ဓာတ်ပုံပြဇာတ်” ကို ၁၉၁၄ ခုနှစ် ဇန်နဝါရီလတွင် အခမ်းအနားဖြင့် စတင်ပြသလိုက်ပြီးနောက် ထိုသို့ပင်ဖြစ်ပျက်ခဲ့ပါသည်။ အောက်ပါတို့သည် ၁၉၁၄ ခုနှစ်၊ ကင်းမျှော်စင်ပါသတင်းများဖြစ်သည်–
ဧပြီ ၁– “ဓမ္မဆရာတစ်ဦးက အပိုင်းနှစ်ပိုင်းကိုကြည့်ရှုပြီးနောက် ‘ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်၏ထက်ဝက်မျှသာ ကြည့်ရသေး၍ သုံးနှစ်လုံးလုံး ကျမ်းစာကျောင်းတက်ခဲ့သည်ထက် ကျမ်းစာပညာပိုရရှိခဲ့ပြီ’ ဟုပြောပြခဲ့သည်။ ဂျူးတစ်ဦးက ယင်းကိုကြည့်ရှုပြီးနောက် ‘ကျွန်တော်သည် ရုံထဲဝင်ချိန်ထက် ထွက်သွားချိန်တွင် သာ၍ကောင်းသောဂျူးတစ်ဦးဖြစ်လာပါသည်’ ဟုပြောခဲ့၏။ ကက်သလစ်ဘုန်းကြီးများနှင့် သီလရှင်များစွာတို့သည် ထိုပြဇာတ်ကိုလာရောက်ကြည့်ရှုခဲ့ကြပြီး ကျေးဇူးတင်စကား ပြောဆိုခဲ့ကြသည်။ . . . ပြဇာတ်ဇာတ်ထုပ် တစ်ဆယ့်နှစ်စုံသာ ထုတ်လုပ်ပြီးသေးသည်။ . . . သို့တိုင် ကျွန်ုပ်တို့သည် မြို့သုံးဆယ့်တစ်မြို့သို့ ရောက်ရှိနှင့်ခဲ့ကြပြီး ၎င်းကိုပြသနိုင်ခဲ့ပြီ။ တစ်ရက်လျှင် သုံးသောင်းငါးထောင်ကျော်သောသူတို့သည် မြင်ရ၊ ကြားရ၊ ချီးကျူး၊ တွေးတောကာ ကောင်းချီးခံစားနေကြရသည်။”
ဇွန် ၁၅– “ဤရုပ်လွှာများသည် သမ္မာတရားကို ပျံ့နှံ့စေရန် ဇွဲပိုရှိစေပြီး ကောင်းကင်ခမည်းတော်နှင့် ကျွန်ုပ်တို့၏ချစ်သောအကိုယေရှုအပေါ်ထားရှိသော ကျွန်တော့်မေတ္တာကို တိုးပွားစေခဲ့ပြီ။ ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ် နှင့် ၎င်းကိုတင်ပြသူတို့အားလုံးအပေါ် ဘုရားသခင်ကောင်းချီးများစွာသွန်းလောင်းပေးပါရန် ကျွန်တော်နေ့စဉ်ဆုတောင်းပေးပါသည်။ . . . သခင်၌ သင့်ကျေးကျွန်၊ အက်ဖ်. ဒဗ္ဗလျူ. နော့ခ်—အိုင်အိုဝါ။”
ဇူလိုင် ၁၅– “ဤမြို့တွင်တင်ပြခဲ့သောရုပ်ရှင်သည် မည်မျှကောင်းကျိုးပြုစွဲမှတ်စရာဖြစ်ခဲ့သည်ကိုတွေ့ရှိရ၍ ကျေနပ်မိပါသည်။ ထို့ပြင် သခင်ဘုရားကိုယ်တော်တိုင်ရွေးချယ်ထားတော်မူသော ရတနာများနှင့်တူသောသူတို့ကို စုစည်းသိမ်းဆည်းဖို့အတွက် တစ်ကမ္ဘာလုံးတွင် ဤသက်သေခံခြင်းလုပ်ငန်းကို အသုံးပြုနေကြောင်း ကျွန်မတို့ယုံပါသည်။ ဓာတ်ပုံပြဇာတ်၏အကျိုးရလဒ်အနေနှင့် ယခုဆိုလျှင် စိတ်ထက်သန်သောကျမ်းစာကျောင်းသား မြောက်မြားစွာသည် ကျွန်မတို့၏အုပ်စုနှင့်ပူးပေါင်းလာကြပြီဖြစ်ကြောင်း သိရှိရပါသည်။ . . . သခင်ဘုရား၌ သင်၏ညီအစ်မ၊ အယ်မာ အဲလ်. ဘရစ်ကာ။”
နိုဝင်ဘာ ၁၅– “ကင်းစဝေးရှိ လန်ဒန်ဇာတ်ရုံတွင် ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်အားဖြင့် အကြီးအကျယ်သက်သေခံခွင့်ရရှိခဲ့ကြောင်း သင်တို့ကြားသိရ၍ ဝမ်းမြောက်ကြမည်မှာ သေချာပါသည်။ ဤပြပွဲ၏အသေးစိတ်တိုင်းတွင် သခင်ဘုရား၏ လမ်းပြညွှန်ကြားမှု အထူးတလည်ထင်ရှားခဲ့ရာ ညီအစ်ကိုများသည် အလွန်ပင်ဝမ်းမြောက်ရွှင်လန်းနေကြပါသည်။ . . . ကျွန်ုပ်တို့၏ ပရိသတ်များတွင် အလွှာအသီးသီးနှင့် လူမျိုးပေါင်းစုံမှသူများပါဝင်ကြပြီး ဓမ္မဆရာများစွာပါ လာရောက်ကြသည်ကို သတိပြုမိကြ၏။ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက . . . သူနှင့် သူ၏ဇနီးတို့သည် နောက်တစ်ခါထပ်ကြည့်နိုင်ဖို့အတွက် လက်မှတ်များတောင်းသွားပါသည်။ ချာ့ချ်အောဖ်.အင်္ဂလန်ဘုန်းကြီးတစ်ပါးသည် ပြဇာတ် ကိုအကြိမ်ကြိမ် ကြည့်ရှုခဲ့ပြီးဖြစ်၍ . . . သူ၏မိတ်ဆွေများစွာကိုလည်း ၎င်းကိုကြည့်ရှုဖို့ ခေါ်လာခဲ့သည်။ ခရစ်ယာန်ဘုန်းတော်ကြီးနှစ်ပါးနှင့် ဘွဲ့ထူးဂုဏ်ထူးရှိသူများစွာတို့လည်း ကြည့်ရှုခဲ့ကြပြီ။”
ဒီဇင်ဘာ ၁– “သင်တို့၏ဖန်တီးမှုကြောင့် ကျွန်တော့်ဇနီးနှင့် ကျွန်တော်ရရှိခဲ့သောကြီးမြတ်ပြီး အဖိုးအနဂ္ဃထိုက်တန်သည့် ကောင်းချီးမင်္ဂလာအတွက် ကောင်းကင်ခမည်းတော်ကို အမှန်တကယ် ကျေးဇူးတင်ပါသည်။ သင်တို့၏အလွန်ကောင်းမွန်လှသည့် ဓာတ်ပုံပြဇာတ်ကြောင့် သမ္မာတရားကိုတွေ့ပြီး ခံယူနိုင်ခဲ့ခြင်းဖြစ်ပါသည်။ . . . သင်တို့၏ ကျမ်းစာစောင်များမှလေ့လာစရာများ ခြောက်တွဲကို ကျွန်တော်တို့ရရှိထားပါသည်။ ၎င်းတို့သည် ကျွန်တော်တို့အတွက် အကူအညီများစွာဖြစ်ပါသည်။”
ထိုအချိန်က စမ်းသပ်မှုများကို ခံရပ်ခဲ့ကြ
၁၆။ ၁၉၁၄ ခုနှစ်တွင် ယုံကြည်ခြင်းစမ်းသပ်မှု အဘယ်ကြောင့်ဖြစ်ပေါ်ခဲ့သနည်း။
၁၆ သို့သော် ဤမျှစိတ်ရင်းမှန်ပြီး ဆက်ကပ်ထားသောခရစ်ယာန်များသည် ၁၉၁၄ ခုနှစ်တွင် သခင်အရှင်နှင့် ပေါင်းဆုံမည်ဟူသောမျှော်လင့်ချက် မဖြစ်မြောက်လာသောအခါ သူတို့ဘာလုပ်ကြမည်နည်း။ ထိုဘိသိက်ခံတို့သည် အထူးစုံစမ်းနှောင့်ယှက်ခံရရာကာလတစ်ခုကို တွေ့ကြုံခဲ့ကြရသည်။ ၁၉၁၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] ကဤသို့ကြေညာခဲ့၏– “ကျွန်ုပ်တို့သည် စမ်းသပ်ရာကာလတွင် ရောက်ရှိနေကြကြောင်း သတိရကြစို့။” ယင်းနှင့်စပ်လျဉ်း၍ ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ် [လိပ်၊ ၁၉၉၃] တွင်ဤသို့ဖော်ပြသည်– “၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိနှစ်များသည် ကျမ်းစာကျောင်းသားများအတွက် အမှန်တကယ်ပင် ‘စမ်းသပ်ရာကာလ’ ဖြစ်သည်မှာထင်ရှားနေပါသည်။” သူတို့သည် ရှေ့တွင်ရှိနေသည့် ကြီးမားသောလုပ်ငန်းကို တာဝန်ယူလုပ်ဆောင်ရန် သူတို့၏ယုံကြည်ခြင်းကို သန့်စင်ပေးဖို့၊ သူတို့၏အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲပေးဖို့ ခွင့်ပြုကြမည်လော။
၁၇။ ၁၉၁၄ ခုနှစ်ကိုကျော်လွန်ပြီး ကမ္ဘာပေါ်တွင်ကျန်ရှိနေကြရခြင်းကို သစ္စာရှိသောဘိသိက်ခံများသည် မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၇ ၁၉၁၆ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင် ဤသို့ဆိုသည်– “ချာ့ချ် [ဘိသိက်ခံ] ကို စုသိမ်းသည့်ရိတ်သိမ်းခြင်းလုပ်ငန်းသည် တစ်ပါးအမျိုးသားအချိန်မကုန်မီ ပြီးမြောက်မည်ဟု ကျွန်ုပ်တို့ယူဆခဲ့ကြသည်; သို့သော် ထိုသို့ဖြစ်မည်ဟု သမ္မာကျမ်းစာတွင် မဆိုပါ။ . . . ရိတ်သိမ်းခြင်းလုပ်ငန်းဆက်လုပ်ရမည်ကို ကျွန်ုပ်တို့ဝမ်းနည်းကြပါသလော။ . . . ချစ်လှစွာသောညီအစ်ကိုများ၊ ကျွန်ုပ်တို့၏လက်ရှိသဘောထားသည် ဘုရားသခင်ကို အထူးကျေးဇူးတင်သင့်ကာ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုသိမြင်ခံယူစေသော တင့်တယ်လှသည့်သမ္မာတရားကို လေးမြတ်တန်ဖိုးထားမှုတိုးပွားနေခြင်း၊ အခြားသူများအား သမ္မာတရားသိရှိစေရန် ကူညီပေးရာတွင် ဇွဲလုံ့လတိုးပွားနေခြင်းတို့ဖြစ်သင့်ပါသည်။” သူတို့၏ယုံကြည်ခြင်းသည် စမ်းသပ်ခံရ၍ ထိုစမ်းသပ်မှုကို အောင်မြင်စွာရင်ဆိုင်ကြသည်။ သို့သော် ကျွန်ုပ်တို့ခရစ်ယာန်များသည် ယုံကြည်ခြင်းစမ်းသပ်ချက်များစွာနှင့် အမျိုးမျိုးကိုခံရကြမည်ဖြစ်ကြောင်း သတိချပ်သင့်ပေသည်။
၁၈၊ ၁၉။ ညီအစ်ကိုရပ်စယ်လ် သေဆုံးပြီးမကြာမီ ဘုရားသခင့်လူမျိုးအပေါ် အခြားအဘယ်ယုံကြည်ခြင်းစမ်းသပ်မှုများ ဖြစ်ခဲ့သနည်း။
၁၈ ဥပမာ၊ ညီအစ်ကို ချားလ် တီ. ရပ်စယ်လ် သေဆုံးပြီးမကြာမီ အကြွင်းအကျန်အပေါ် စမ်းသပ်မှုနောက်တစ်မျိုးကျရောက်ခဲ့သည်။ ယင်းကား သူတို့၏သစ္စာစောင့်သိမှုနှင့် ယုံကြည်ခြင်းကို စမ်းသပ်ခြင်းဖြစ်သည်။ မဿဲ ၂၄:၄၅ ပါ ‘သစ္စာရှိကျွန်’ ကားမည်သူနည်း။ တချို့က ယင်းသည် ရပ်စယ်လ်ကိုယ်တိုင်ပင်ဖြစ်သည်ဟုယူမှတ်ကြပြီး အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်သစ်များနှင့် ပူးပေါင်းမလုပ်ဆောင်လိုကြပါ။ သူသည် ထိုကျွန်ဖြစ်ခဲ့ပါမူ ယခုသူသေသွားပြီဖြစ်ရာ ညီအစ်ကိုများဘာလုပ်ကြရမည်နည်း။ သူတို့သည် အသစ်ခန့်အပ်ခံရသူအချို့နောက်သို့ လိုက်သင့်သလော သို့မဟုတ် ယေဟောဝါသည် ယခုလူတစ်ဦးတစ်ယောက်တည်းကိုသာမဟုတ်ဘဲ ခရစ်ယာန်အုပ်စုတစ်စုလုံးကို ကိရိယာ သို့မဟုတ် ကျွန်အတန်းအစားအဖြစ် အသုံးပြုနေကြောင်း အသိအမှတ်ပြုရမည့်အချိန်ဖြစ်နေပြီလော။
၁၉ ခရစ်ယာန်ဘောင်ဓမ္မဆရာများ၏လှုံ့ဆော်မူဖြင့် လောကီအာဏာပိုင်များသည် ယေဟောဝါ၏အဖွဲ့အစည်းကို ‘ဥပဒေကိုင်၍ အမှုဆင်ပြီး’ နှောင့်ယှက်ခဲ့သော ၁၉၁၈ ခုနှစ်တွင် ခရစ်ယာန်စစ်များအပေါ် နောက်ထပ်စမ်းသပ်မှုတစ်ခု ကျရောက်လာခဲ့သည်။ (ဆာလံ ၉၄:၂၀) မြောက်အမေရိကနှင့် ဥရောပနှစ်ခုစလုံးရှိ ကျမ်းစာကျောင်းသားများသည် အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုလှိုင်းဂယက်ကို ခံခဲ့ကြရသည်။ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်နှင့် အေ. အိပ်ချ်. မက္ခမီလန်အပါအဝင် သူ၏ရင်းနှီးသောအပေါင်းပါအချို့ကို ဖမ်းဆီးရန် ယူ.အက်စ်. ဖယ်ဒရယ်လ်မှ ဝရန်းထုတ်ဆင့်သော ၁၉၁၈ ခုနှစ်၊ မေလ ၇ ရက်တွင် ဓမ္မဆရာများလှုံ့ဆော်ပေးသည့်အတိုက်အခံသည် အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်။ သူတို့သည် ပုန်ကန်ရန်လှုံ့ဆော်ပေးသည်ဟု မှားယွင်းစွာစွပ်စွဲခံရပြီး သူတို့၏အပြစ်မရှိကြောင်းထုချေချက်တို့ကို အာဏာပိုင်များက လျစ်လျူရှုခဲ့ကြသည်။
၂၀၊ ၂၁။ မာလခိ ၃:၁-၃ တွင် တင်ကူးပြောထားသည့်အတိုင်း ဘိသိက်ခံများကြားတွင်အဘယ်အမှုကိုပြုလုပ်ခဲ့သနည်း။
၂၀ ထိုအချိန်က မသိမှတ်ခဲ့ကြသော်လည်း သန့်စင်ခြင်းလုပ်ငန်းသည် မာလခိ ၃:၁-၃ တွင်ဤသို့ဖော်ပြထားသကဲ့သို့ ဖြစ်ပျက်နေပါသည်– “လာတော်မူသောနေ့ရက်ကို အဘယ်သူသည်မတိမ်းမရှောင်ဘဲနေလိမ့်မည်နည်း။ [ပဋိညာဉ်တမန်တော်] ပေါ်ထွန်းတော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်လိမ့်မည်နည်း။ ထိုသူသည် ငွေစစ်သောသူ၏မီး၊ ခဝါသည်သုံးသောဆပ်ပြာကဲ့သို့ဖြစ်တော်မူ၏။ ငွေကိုချွတ်၍သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကိုချွတ်သကဲ့သို့၊ လေဝိသားတို့ကိုချွတ်၍ သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရားအဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သကာကိုပူဇော်ကြလိမ့်မည်။”
၂၁ ပထမကမ္ဘာစစ်ပြီးခါနီးတွင် ကျမ်းစာကျောင်းသားအချို့သည် လောကစစ်မှုရေးရာများတွင် ပြတ်ပြတ်သားသား ကြားနေမည်၊ မနေမည်နှင့်ပတ်သက်၍ ယုံကြည်ခြင်း၏ နောက်ထပ်စမ်းသပ်ချက်တစ်ခုကို ရင်ဆိုင်ခဲ့ကြရသည်။ (ယောဟန် ၁၇:၁၆; ၁၈:၃၆) အချို့မှာ ကြားမနေခဲ့ကြပါ။ သို့နှင့် ၁၉၁၈ ခုနှစ်တွင် ယေဟောဝါသည် မိမိအားဝတ်ပြုသူအုပ်စုငယ်လေးကို လောကီအညစ်အကြေးမှသန့်စင်ပေးရန်အတွက် မိမိ၏ဝိညာဏဗိမာန်တော်အစီအစဉ်သို့ ခရစ်တော်ယေရှုတည်းဟူသော “ပဋိညာဉ်တမန်” ကိုစေလွှတ်တော်မူခဲ့သည်။ စစ်မှန်သောယုံကြည်ခြင်းကို တင်ပြသူတို့သည် ထိုအတွေ့အကြုံမှ သင်ခန်းစာရကာ ရှေ့သို့ချီတက်ခဲ့ပြီး သတင်းကောင်းကိုဇွဲရှိရှိ ဆက်လက်ဟောပြောကြသည်။
၂၂။ ယုံကြည်ခြင်းစမ်းသပ်မှုများနှင့်ပတ်သက်၍ အဘယ်အကြောင်းကိုသုံးသပ်ရန် ကျန်သေးသနည်း။
၂၂ ကျွန်ုပ်တို့သုံးသပ်ခဲ့သောအကြောင်းသည် သမိုင်းမှစိတ်ဝင်စားစရာအဖြစ်အပျက်တစ်ခုမျှသာမဟုတ်ချေ။ ယင်းသည် ယေဟောဝါ၏လက်ရှိကမ္ဘာချီအသင်းတော်၏ ဝိညာဉ်ရေးအခြေအနေနှင့်လည်း တိုက်ရိုက်ဆက်နွှယ်နေပါသည်။ သို့သော် ယနေ့ဘုရားသခင့်လူတို့ ရင်ဆိုင်နေကြရသော ယုံကြည်ခြင်းစမ်းသပ်ချက်အချို့ကိုသုံးသပ်၍ ယင်းတို့ကို မည်သို့အောင်မြင်စွာ ကျော်လွှားနိုင်မည်ကို နောက်ဆောင်းပါးတွင်ကြည့်ကြစို့။
သင်မှတ်မိသလော
◻ ယေဟောဝါ၏လူတို့သည် မိမိတို့၏ယုံကြည်ခြင်း စမ်းသပ်ခံရလိမ့်မည်ဟု အဘယ်ကြောင့်မျှော်လင့်သင့်သနည်း။
◻ ၁၉၁၄ ခုနှစ်မတိုင်မီက ဘုရားသခင်၏သတင်းတော်ကို ပျံ့နှံ့စေဖို့အတွက် အဘယ်ကြိုးပမ်းအားထုတ်မှုများပြုခဲ့ကြပြီနည်း။
◻ “ဓာတ်ပုံပြဇာတ်” ကားအဘယ်နည်း၊ ယင်းမှ အဘယ်အကျိုးကျေးဇူးများရရှိခဲ့သနည်း။
◻ ၁၉၁၄-၁၈ ကာလအတွင်းဖြစ်ပျက်ခဲ့ရာများက ဘိသိက်ခံတို့အတွက် မည်သို့စမ်းသပ်မှုဖြစ်ခဲ့သနည်း။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ရာစုနှစ်အပြောင်းအလဲ၌ နိုင်ငံများစွာရှိလူတို့သည် နောက်ပိုင်းတွင် “ကျမ်းစာစောင်များမှ လေ့လာစရာများ” ဟုခေါ်ဆိုသည့် “အနှစ်တစ်ထောင်အရုဏ်ဦး” စာအုပ်တွဲ အကူအညီဖြင့် သမ္မာကျမ်းစာကို လေ့လာနေခဲ့ကြသည်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
အသံသွင်းရန် နိဒါန်းစာသားပါသော စီ. တီ. ရပ်စယ်လ်၏ စာတစ်စောင်ဖြစ်ကာ သူဤသို့ဆိုခဲ့သည်– “‘ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်’ ကို IBSA [အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားများအသင်း] ကတင်ဆက်ပါသည်။ ယင်း၏ရည်မှန်းချက်မှာ ဘာသာရေးနှင့် သိပ္ပံနည်းများနှင့်အညီ သမ္မာကျမ်းစာကို ကာကွယ်လျက် လူထုကို သွန်သင်ပေးခြင်းဖြစ်သည်”
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
“ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုပြသဖို့အတွက် ဒမီဒရက်စ် ပါပါဂျော့ချ်သည် ခရီးလှည့်လည်ခဲ့သည်။ နောက်ပိုင်းတွင် သူသည် ခရစ်ယာန်ကြားနေမှုကြောင့် ထောင်ချခံခဲ့ရသည်