ဆက်ကပ်အပ်နှံခြင်းနှင့် လွတ်လပ်စွာရွေးချယ်မှု
“ခရစ်တော်သည်ငါတို့ကိုလွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌တည်” စေ၏။—ဂလာတိ ၅:၁။
၁။ “ဆက်ကပ်အပ်နှံခြင်း၊” “အပ်နှင်းခြင်း၊” သို့မဟုတ် “အနုမောဒနာပြုခြင်း” ဟူ၍ပြန်ဆိုသည့် ဟေဗြဲနှင့်ဂရိစကားလုံးများသည် အဘယ်အရာနှင့် အထူးသက်ဆိုင်သနည်း။
ကျမ်းရေးသူများသည် မြင့်မြတ်သောရည်ရွယ်ချက်ကို သယ်ပိုးထမ်းဆောင်ရန် သီးခြားခွဲထားခြင်း သို့မဟုတ် သီးသန့်ဖယ်ထားခြင်းသဘောဆောင်သည့် ဟေဗြဲနှင့် ဂရိစကားလုံးများစွာကို အသုံးပြုခဲ့ကြသည်။ အင်္ဂလိပ်ကျမ်းစာများတွင် အဆိုပါစကားလုံးများကို “ဆက်ကပ်အပ်နှံခြင်း၊” “အပ်နှင်းခြင်း၊” သို့မဟုတ် “အနုမောဒနာပြုခြင်း” ကဲ့သို့သောစကားလုံးများဖြင့် ပြန်ဆိုထားသည်။ ရံဖန်ရံခါ ဤဝေါဟာရများကို အဆောက်အအုံများ—အများအားဖြင့် ရှေးယေရုရှလင်ရှိ ဘုရားသခင့်ဗိမာန်တော်နှင့် ထိုတွင်ဆောင်ရွက်သည့် ဝတ်ပြုရေး—နှင့်ပတ်သက်ပြီး အသုံးပြုသည်။ ဤစကားလုံးများကို ဘာသာရေးနှင့်မဆိုင်သည့်ကိစ္စများတွင် ရည်ညွှန်းသုံးနှုန်းခဲသည်။
“ဣသရေလအမျိုး၏ဘုရားသခင်” ထံဆက်ကပ်အပ်နှံခြင်း
၂။ ယေဟောဝါအား “ဣသရေလအမျိုး၏ဘုရားသခင်” ဟုအဘယ်ကြောင့် တော်မှန်စွာခေါ်နိုင်သနည်း။
၂ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် ဘုရားသခင်သည် ဣသရေလလူမျိုးများကို အီဂျစ်ကျေးကျွန်ဘဝမှ လွတ်မြောက်စေတော်မူခဲ့သည်။ များမကြာမီတွင် ကိုယ်တော်၏အထူးလူမျိုးအဖြစ် သူတို့အား သီးသန့်ဖယ်ထားကာ မိမိနှင့် ပဋိညာဉ်ဖွဲ့ဆက်ဆံရေးတွင် ပါဝင်စေတော်မူခဲ့သည်။ သူတို့အား ဤသို့မိန့်တော်မူခဲ့သည်– “ယခုတွင် သင်တို့သည် ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် အထူး ငါပိုင်ဆိုင်ရာလူမျိုးဖြစ်ရကြလိမ့်မည်။ မြေကြီးလုံးသည် ငါ့အပိုင်ဖြစ်၏။” (ထွက်မြောက်ရာ ၁၉:၅၊ သမ္မာ; ဆာလံ ၁၃၅:၄) ဣသရေလလူမျိုးကို မိမိ၏အထူးပိုင်ဆိုင်ရာဖြစ်စေခြင်းဖြင့် ယေဟောဝါအား “ဣသရေလအမျိုး၏ဘုရားသခင်” ဟုတော်မှန်စွာ ခေါ်ဆိုနိုင်ပါသည်။—ယောရှု ၂၄:၂၃။
၃။ ယေဟောဝါသည် ဣသရေလလူမျိုးကို မိမိ၏လူမျိုးအဖြစ်ရွေးချယ်လိုက်ခြင်းသည် အဘယ်ကြောင့် မျက်နှာလိုက်ရာမကျသနည်း။
၃ ယေဟောဝါသည် ဣသရေလလူမျိုးကို မိမိ၏ဆက်ကပ်အပ်နှံလူမျိုးဖြစ်စေရာတွင် ဣသရေလလူမျိုးမဟုတ်သူများ၏အရေးကိုပါ မေတ္တာရှိစွာထည့်တွက်ပေးသည့်အတွက် မျက်နှာလိုက်ရာမကျပေ။ ကိုယ်တော်က မိမိ၏လူမျိုးတော်အား ဤသို့သွန်သင်တော်မူခဲ့သည်– “သင်တို့ပြည်၌ တည်းနေသောလူမျိုးခြားဧည့်သည်ကို မညှဉ်းဆဲရကြ။ သင်တို့နှင့်အတူတည်းနေသောဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့မှတ်၍ ကိုယ်နှင့်အမျှချစ်ရမည်။ သင်တို့ကိုယ်တိုင်လည်း အီဂျစ်ပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။” (ဝတ်ပြုရာ ၁၉:၃၃၊ ၃၄၊ သမ္မာ) ရာစုနှစ်များလွန်ပြီးနောက် တမန်တော်ပေတရုသည် ဘုရားသခင်၏ရှုမြင်ချက်ကို အလေးအနက်စွဲမှတ်သွားခဲ့ရာ ဤသို့အသိအမှတ်ပြုခဲ့သည်– “အကယ်စင်စစ်ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့ ၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။”—တမန်တော် ၁၀:၃၄၊ ၃၅။
၄။ ဘုရားသခင်နှင့်ဣသရေလလူမျိုး၏ဆက်ဆံရေးသည် အဘယ်အခြေအနေများပေါ် မူတည်သနည်း၊ ဣသရေလလူမျိုးသည် ယင်းတို့နှင့်အညီ နေထိုင်ပြုမူခဲ့သလော။
၄ ဘုရားသခင်၏ဆက်ကပ်အပ်နှံလူမျိုးဖြစ်ခြင်းမှာ အခြေအနေပေါ်မူတည်နေကြောင်းကိုလည်း သတိပြုပါ။ သူတို့သည် ဘုရားသခင်၏စကားတော်ကို မြေဝယ်မကျနားထောင်ပြီး ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းမှသာလျှင် ကိုယ်တော်၏ “အထူးပိုင်ဆိုင်ရာလူမျိုး” ဖြစ်မည်တည်း။ ဝမ်းနည်းစရာကား ဣသရေလလူမျိုးသည် ဤတောင်းဆိုချက်များကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခဲ့ကြသည်။ စီ.အီး. ပထမရာစုတွင် ဘုရားသခင်စေလွှတ်လိုက်တော်မူသော မေရှိယကို ငြင်းပယ်ကြခြင်းဖြင့် သူတို့၏အခွင့်ထူးခံအနေအထား ဆုံးရှုံးသွားလေသည်။ ယေဟောဝါသည် “ဣသရေလအမျိုး၏ဘုရားသခင်” မဟုတ်တော့ပေ။ ဇာတိဣသရေလလူမျိုးသည်လည်း ဘုရားသခင်၏ဆက်ကပ်အပ်နှံထားသောလူမျိုးမဟုတ်တော့ချေ။—မဿဲ ၂၃:၂၃ နှိုင်းယှဉ်။
“ဘုရားသခင်၏ဣသရေလအမျိုး” ၏ဆက်ကပ်အပ်နှံမှု
၅၊ ၆။ (က) မဿဲ ၂၁:၄၂၊ ၄၃ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏ပရောဖက်ပြုစကားများသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) “ဘုရားသခင်၏ဣသရေလအမျိုး” သည် မည်သည့်အချိန်တွင် မည်သို့ဖြစ်ပေါ်လာသနည်း။
၅ ယခု ယေဟောဝါတွင် ဆက်ကပ်အပ်နှံထားသော လူမျိုးမရှိတော့ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ ဆာလံဆရာကို ကိုးကားကာ ယေရှုခရစ်က ဤသို့ တင်ကူးမိန့်မြွက်တော်မူသည်– “‘တိုက်ကိုတည်လုပ်သောသူများပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်း အံ့သြဖွယ်ဖြစ်၏’ ဟူသောစကားကို ကျမ်းစာ၌ တစ်ရံတစ်ခါမျှမဖတ်ဖူးသလော။ ထို့ကြောင့်ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သော လူမျိုးအား ပေးရလတ္တံ့။”—မဿဲ ၂၁:၄၂၊ ၄၃။
၆ ခရစ်ယာန်အသင်းတော်သည် “နိုင်ငံတော်၏အသီးကိုသီးအံ့သော လူမျိုး” ဖြစ်ကြောင်း ထင်ရှားပါသည်။ ယေရှုသည် ကမ္ဘာပေါ် တစ်ခဏတာနေထိုင်စဉ်အတွင်း ယင်း၏အဖွဲ့ဝင်ဖြစ်ရန် အလားအလာရှိသူများကို ရွေးချယ်တော်မူခဲ့သည်။ သို့သော် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် အရေအတွက် ၁၂၀ ခန့်ရှိသော ယင်း၏ကနဦးအသင်းသားများပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းခြင်းဖြင့် ခရစ်ယာန်အသင်းတော်ကို တည်ထောင်ပေးခဲ့သူမှာ ယေဟောဝါကိုယ်တော်တိုင်ဖြစ်သည်။ (တမန်တော် ၁:၁၅; ၂:၁-၄) တမန်တော်ပေတရုက နောက်ပိုင်းတွင် ရေးသားခဲ့သည့်အတိုင်း ဤတည်ထောင်ခါစအသင်းတော်သည် ထိုအချိန်တွင် ‘ရွေးချယ်တော်မူသောအမျိုး၊ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်အမျိုး၊ သန့်ရှင်းသောလူမျိုး၊ အထူးပိုင်ဆိုင်တော်မူသောလူမျိုး’ ဖြစ်လာလေသည်။ အဘယ်အတွက် ရွေးချယ်ခံရသနည်း။ သူတို့သည် “မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောအရှင်၏ ဂုဏ်ကျေးဇူးတော်များကိုဖော်ပြစေခြင်းငှာ” ဖြစ်သည်။ (၁ ပေတရု ၂:၉၊ သမ္မာ) ဘုရားသခင်၏ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသော ခရစ်တော်၏နောက်တော်လိုက်တို့သည် ယခုတွင် ဆက်ကပ်အပ်နှံထားသောလူမျိုးတစ်မျိုး၊ “ဘုရားသခင်၏ဣသရေလအမျိုး” ဖြစ်လာလေပြီ။—ဂလာတိ ၆:၁၆။
၇။ ဘုရားသခင်၏ဣသရေလအမျိုးအဖွဲ့ဝင်တို့သည် အဘယ်အရာကို ခံစားကြရမည်နည်း၊ ထို့ကြောင့် အဘယ်အရာကို ရှောင်ဖို့မိန့်မှာခံရကြသနည်း။
၇ သန့်ရှင်းသောလူမျိုး၏အဖွဲ့ဝင်များသည် ‘အထူးပိုင်ဆိုင်သောလူမျိုး’ ဖြစ်သော်လည်း ကျေးကျွန်ဘဝရောက်ကြရမည်မဟုတ်ပေ။ ယင်းအစား သူတို့သည် ဆက်ကပ်အပ်နှံထားသော ဇာတိဣသရေလလူမျိုးရရှိခဲ့သည်ထက် ပိုမိုလွတ်လပ်မှု ရရှိကြမည်ဖြစ်သည်။ ဤလူမျိုးသစ်၏ အဖွဲ့ဝင်ဖြစ်ရန် အလားအလာရှိသူများကို ယေရှုက “သမ္မာတရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည်သင်တို့ကို လွှတ်လိမ့်မည်” ဟုကတိပြုတော်မူခဲ့သည်။ (ယောဟန် ၈:၃၂) ခရစ်ယာန်များသည် ပညတ်ပဋိညာဉ်၏တောင်းဆိုချက်များမှ လွတ်ကင်းနေကြောင်း တမန်တော်ပေါလု ထောက်ပြခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး သူက ဂလာတိရှိ ယုံကြည်သူချင်းတို့အား ဤသို့မှာကြားခဲ့သည်– “ထိုကြောင့် ခရစ်တော်သည် ငါတို့ကိုလွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌တည်နေသဖြင့်၊ ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တစ်ဖန်မခံကြနှင့်။”—ဂလာတိ ၅:၁။
၈။ အဘယ်အရာနှင့်စပ်လျဉ်း၍ ခရစ်ယာန်အစီအစဉ်သည် လူများအား ပညတ်ပဋိညာဉ်အောက်တွင် ခံစားခဲ့ရသည်ထက် သာဤကြီးမားသောလွတ်လပ်မှုကို ကမ်းလှမ်းပေးသနည်း။
၈ ဘုရားသခင်၏ဣသရေလအမျိုးသည် ရှေးဇာတိဣသရေလလူမျိုးနှင့်မတူဘဲ ယနေ့အထိ ယင်း၏ဆက်ကပ်အပ်နှံမှု၏တောင်းဆိုချက်များကို မြေဝယ်မကျနားထောင်ခဲ့ကြပြီ။ ယင်း၏အဖွဲ့ဝင်တို့သည် နာခံရန် စိတ်လိုကိုယ်လျောက်ရွေးချယ်ကြခြင်းကြောင့် အံ့ဩစရာမဖြစ်သင့်ပေ။ ဇာတိဣသရေလအဖွဲ့ဝင်တို့သည် မွေးဖွားခြင်းအားဖြင့် ဆက်ကပ်အပ်နှံထားသူများဖြစ်လာကြသော်လည်း ဘုရားသခင့်ဣသရေလအမျိုး၏အဖွဲ့ဝင်တို့မူ ရွေးချယ်မှုကြောင့် ထိုသို့ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်အစီအစဉ်သည် လူတို့ကို ရွေးချယ်မှုလွတ်လပ်ခွင့်မပေးဘဲ ဆက်ကပ်အပ်နှံစေသည့် ဂျူးပညတ်ပဋိညာဉ်နှင့် တစ်ဖက်တစ်လမ်းစီဖြစ်သည်။
၉၊ ၁၀။ (က) ဆက်ကပ်အပ်နှံမှုနှင့်ပတ်သက်ပြီး အပြောင်းအလဲတစ်ခုရှိမည်ဖြစ်ကြောင်း ယေရမိမည်သို့ညွှန်ပြခဲ့သနည်း။ (ခ) ယနေ့အချိန်ရှိ ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်တိုင်းသည် ဘုရားသခင်၏ဣသရေလအမျိုးအဖွဲ့ဝင်များမဟုတ်ကြောင်း သင်အဘယ်ကြောင့် ဆိုမည်နည်း။
၉ ပရောဖက်ယေရမိသည် ဤသို့ရေးသားခဲ့စဉ် ဆက်ကပ်အပ်နှံမှုနှင့်ပတ်သက်သည့်အပြောင်းအလဲတစ်ခုအကြောင်းကို တင်ကူးဟောခဲ့သည်– “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ‘ငါသည် ဤလူမျိုး၏ဘိုးဘေးတို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှဆောင်သွားသောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့်ခြားနားသောပဋိညာဉ်တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသား၌ငါပေးသောအချိန်ကာလရောက်လိမ့်မည်။ အရင်ငါပေးဖူးသောပဋိညာဉ်တရားကို သူတို့သည်ဖျက်၍၊ ငါသည်လည်းသူတို့ကိုရွံရှာ၏။ နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ငါပေးအံ့သောပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာငါရေးထားမည်။ ငါသည် သူတို့၏ဘုရား [သခင်] ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။’”—ယေရမိ ၃၁:၃၁-၃၃။
၁၀ ဘုရားသခင်၏ပညတ်တော်ကို “သူတို့၏နှလုံးပေါ်မှာ” အက္ခရာတင်ထားသည့်အလား “သူတို့အတွင်းထဲသို့သွင်း” ထားခြင်းဖြင့် ဘုရားသခင်၏ဣသရေလအမျိုးအဖွဲ့ဝင်တို့သည် မိမိတို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်ရန် လှုံ့ဆော်ခံရကြသည်။ သူတို့၏လှုံ့ဆော်ခံရမှုသည် ရွေးချယ်မှုဖြင့်မဟုတ်ဘဲ မွေးဖွားမှုဖြင့် ဆက်ကပ်အပ်နှံသူများဖြစ်လာကြသည့် ဇာတိဣသရေလလူမျိုးများထက် သာ၍ပြင်းပြပါသည်။ ယနေ့ ဘုရားသခင်၏ဣသရေလအမျိုးတင်ပြသည့် ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်လိုသော ပြင်းပြသည့်လှုံ့ဆော်မှုမျိုး ကမ္ဘာတစ်ဝန်းရှိ ငါးသန်းကျော်သော ဝတ်ပြုသူချင်းတို့ တင်ပြနေကြပါသည်။ သူတို့သည်လည်း ယေဟောဝါဘုရားသခင်၏အလိုတော်ဆောင်ရန် မိမိတို့၏အသက်တာကို ကိုယ်တော်ထံ အလားတူဆက်ကပ်အပ်နှံထားကြသည်။ ဤသူတို့သည် ဘုရားသခင့်ဣသရေလအမျိုးအဖြစ်ဖွဲ့စည်းထားသူတို့ကဲ့သို့ ကောင်းကင်အသက်တာကို မမျှော်လင့်ကြသော်လည်း ဘုရားသခင့်ကောင်းကင်နိုင်ငံတော်အုပ်စိုးမှုအောက် ကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ခွင့်အလားအလာ ရရှိထားသောကြောင့် ဝမ်းမြောက်နေကြပါသည်။ ဝိညာဉ်ရေးဆိုင်ရာဣသရေလအမျိုးမှ ကျန်ကြွင်းသူအနည်းငယ်သည် “[သူတို့အား] မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကိုဖော်ပြ” ရန်တာဝန်ကိုဖြည့်ဆည်းရာတွင် သူတို့သည် တက်တက်ကြွကြွပါဝင်ထောက်ခံခြင်းအားဖြင့် ၎င်းတို့ကိုတန်ဖိုးထားလေးမြတ်ကြောင်း တင်ပြကြသည်။
ဘုရားသခင်ပေးသည့် လွတ်လပ်မှုကို ပညာရှိရှိအသုံးချခြင်း
၁၁။ လူသည် မည်သည့်စွမ်းရည်နှင့်အတူ ဖန်ဆင်းခံရသနည်း၊ ယင်းကိုမည်သို့အသုံးပြုသင့်သနည်း။
၁၁ ဘုရားသခင်သည် လူသားများအား လွတ်လပ်မှုကို မြတ်နိုးတတ်ရန် ဖန်ဆင်းထားတော်မူခဲ့သည်။ ကိုယ်တော်သည် သူတို့အား လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်စွမ်းရည်ကို ပေးသနားတော်မူခဲ့သည်။ ကနဦးလူသားမောင်နှံသည် သူတို့၏ရွေးချယ်မှုလွတ်လပ်ခွင့်ကို အသုံးပြုခဲ့သည်။ သို့ရာတွင် ပညာမရှိ၊ မေတ္တာတရားကင်းမဲ့စွာ ရွေးချယ်ခဲ့ခြင်းကြောင့် သူတို့နှင့် သူတို့သားမြေးများပါ ဘေးရောက်ခဲ့ကြရလေသည်။ သို့တိုင် ယေဟောဝါသည် အသိဉာဏ်ရှိသောသတ္တဝါများအား သူတို့၏အတွင်းရည်ရွယ်ချက်များ သို့မဟုတ် ဆန္ဒများနှင့်ဆန့်ကျင်သော လမ်းစဉ်ကိုလိုက်ဖို့ မည်သည့်အခါမျှ အတင်းအကျပ်ပြုတော်မမူကြောင်း ယင်းက ထင်ရှားစွာပြသည်။ ထို့အပြင် “ဘုရားသခင်သည် ရွှင်လန်းစွာပေးကမ်းသူကို နှစ်သက်တော်မူ” သောကြောင့် ကိုယ်တော်လက်ခံနိုင်သည့် တစ်ခုတည်းသောဆက်ကပ်အပ်နှံမှုသည် မေတ္တာပေါ်တွင်အခြေခံသည့်၊ ရွှင်ပျစွာလိုလိုလားလားပြုသည့်၊ ရွေးချယ်မှုလွတ်လပ်ခွင့်ပေါ်တွင် အခြေပြုသည့်အပ်နှံမှုမျိုးသာဖြစ်သည်။ (၂ ကောရိန္သု ၉:၇၊ သမ) အခြားမည်သည့်အပ်နှံမှုမျိုးကိုမျှ လက်ခံတော်မမူနိုင်ချေ။
၁၂၊ ၁၃။ တိမောသေသည် ကလေးလေ့ကျင့်ရေးအတွက် ပုံနမူနာကောင်း မည်သို့ဖြစ်ခဲ့သနည်း၊ သူ၏ပုံနမူနာသည် လူငယ်များစွာကို မည်သို့ဖြစ်စေခဲ့သနည်း။
၁၂ ဤတောင်းဆိုချက်ကို အပြည့်အဝအသိအမှတ်ပြုကာ ယေဟောဝါသက်သေတို့သည် ကိုယ့်ကိုယ်ကို ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်းကို ထောက်ခံကြသော်လည်း ဤကဲ့သို့ဆက်ကပ်အပ်နှံမှုပြုရန် မည်သူ့ကိုမျှအကျပ်မကိုင်ခဲ့ကြပါ၊ မိမိတို့၏သားသမီးများကိုပင် အကျပ်မကိုင်ပါ။ ယေဟောဝါသက်သေတို့သည် ချာ့ချ်များစွာနှင့်မတူဘဲ မိမိတို့၏မွေးကင်းစအရွယ် ရင်သွေးငယ်များကို ကိုယ်ပိုင်ရွေးချယ်မှု၏ အကျိုးခံစားခွင့်မပေးဘဲ အတင်းအကျပ်ဆက်ကပ်အပ်နှံစေ၍ရနိုင်သည့်အလား ၎င်းတို့အား နှစ်ခြင်းမပေးကြပါ။ လိုက်လျှောက်ရမည့် ကျမ်းစာပါနမူနာမှာ လူငယ်တိမောသေ လိုက်လျှောက်ခဲ့သည့် စံနမူနာဖြစ်သည်။ အရွယ်ရောက်သော် တမန်တော်ပေါလုက သူ့အား ဤသို့ပြောခဲ့သည်– “ယေရှုခရစ်နှင့်ပတ်သက်သော ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရန် သင့်ကို ဉာဏ်ပညာရှိစေနိုင်သည့် သန့်ရှင်းသောရေးသားချက်များကို မည်သူတို့ထံမှ သင်ကြားခဲ့ရကြောင်းနှင့် နို့စို့အရွယ်မှ သိရှိခဲ့ရကြောင်းကိုသိမှတ်ကာ တတ်သိခဲ့၊ ယုံကြည်ရန်သွေးဆောင်ခံခဲ့ရသည့်အရာများတွင် ဆက်တည်နေလော့။”—၂ တိမောသေ ၃:၁၄၊ ၁၅၊ ကဘ။
၁၃ တိမောသေသည် သန့်ရှင်းသောရေးသားချက်များကို နို့စို့အရွယ် မှစ၍ သင်ကြားခံခဲ့ရသောကြောင့် သိရှိလာခြင်းမှာ မှတ်သားထိုက်ပေသည်။ သူ၏မိခင်နှင့် အဖွားတို့သည် သူ့အား ခရစ်ယာန်သွန်သင်ချက်များကို ယုံကြည်လာအောင်—အတင်းအကျပ်မပြုဘဲ—သွေးဆောင် ခဲ့ကြခြင်းဖြစ်သည်။ (၂ တိမောသော ၁:၅) ရလဒ်အနေနှင့် ခရစ်တော်၏တပည့်ဖြစ်လာခြင်းသည် ဉာဏ်ပညာရှိကြောင်းကို သူတွေ့မြင်ကာ ခရစ်ယာန်ဆက်ကပ်အပ်နှံမှုကို ကိုယ်တိုင် ရွေးချယ်ခဲ့သည်။ ယနေ့အချိန်တွင် မိဘဖြစ်သူများက ယေဟောဝါသက်သေများဖြစ်ကြသော ထောင်သောင်းချီသည့် လူငယ်မောင်မယ်တို့သည် ဤပုံနမူနာကို လိုက်ခဲ့ကြသည်။ (ဆာလံ ၁၁၀:၃) အခြားသူတို့မူ ထိုသို့မလိုက်ကြပါ။ ယင်းသည် ကိုယ်တိုင်ရွေးချယ်ရသည့်ကိစ္စဖြစ်သည်။
မည်သူ၏ကျွန်ဖြစ်ဖို့ ရွေးချယ်ခြင်းနည်း
၁၄။ လုံးလုံးလွတ်လပ်မှုအကြောင်း ရောမ ၆:၁၆ ကမည်သို့ဆိုသနည်း။
၁၄ အဘယ်လူသားမျှ လုံးလုံးလွတ်လပ်သည်ဟု မဆိုနိုင်ပါ။ လူတိုင်း၏လွတ်လပ်မှုသည် လျစ်လျူရှုလျှင် ဘေးမသင့်ဘဲမနေသည့် ဆွဲငင်အားနိယာမကဲ့သို့သော ရူပနိယာမများဖြင့် ကန့်သတ်ခံနေရသည်။ ဝိညာဉ်ရေးသဘောတရားအရလည်း မည်သူမျှ လုံးလုံးလွတ်လပ်သည်မရှိပါ။ ပေါလုက ဤသို့ဆင်ခြင်ခဲ့သည်– “အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်စေခြင်းငှာ သင်တို့ဝင်၍အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်းတရားဖြစ်စေ၊ သင်တို့၌သခင်ဖြစ်သည်ကို မသိကြသလော။”—ရောမ ၆:၁၆။
၁၅။ (က) ကျွန်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး လူတို့မည်သို့ခံစားကြရသနည်း၊ သို့သော် အများစုသည် အဘယ်အဖြစ်ရောက်သွားကြရသနည်း။ (ခ) မိမိတို့ကိုယ်ကို မေးထိုက်သောအဘယ်မေးခွန်းများ မေးနိုင်သနည်း။
၁၅ တစ်စုံတစ်ယောက်၏ကျွန်ဖြစ်ခြင်းသဘောသည် လူအများစုအတွက် စိတ်မချမ်းမြေ့စရာဖြစ်သည်။ သို့တိုင် အမှန်စင်စစ်အားဖြင့် ယနေ့လောကတွင် လူတို့သည် ပါးနပ်သောနည်းအမျိုးမျိုးဖြင့် ကြိုးကိုင်ခံရ၊ ဩဇာခံဖြစ်ကြရ၍ စိတ်မပါသော်လည်း အခြားသူများစေလိုရာကို လုပ်ဆောင်ပေးနေရသည့်အဖြစ်ရောက်နေလေ့ရှိသည်။ ဥပမာ၊ ကြော်ငြာလုပ်ငန်းနှင့် ဖျော်ဖြေရေးလောကက လူများလိုက်ဖို့ဖန်တီးထားသည့်စံနှုန်းများပုံစံဝင်အောင် လူတို့ကို ကြိုးစားဖိအားပေးသည်။ နိုင်ငံရေးနှင့်ဘာသာရေးအဖွဲ့အစည်းများက ၎င်းတို့၏သဘောတရားများနှင့် ပန်းတိုင်များကို လူတို့ထောက်ခံအားပေးကြရန် များသောအားဖြင့် စိတ်ချနိုင်သော အကြောင်းပြချက်များဖြင့်မဟုတ်ဘဲ သွေးစည်းမှု သို့မဟုတ် သစ္စာစောင့်သိမှုစိတ်ဓာတ်ကို လှုံ့ဆော်ခြင်းဖြင့်ပြုလေ့ရှိသည်။ ‘ကျွန်ုပ်တို့သည် မိမိနာခံသူ၏ကျွန်’ ဖြစ်ကြောင်း ပေါလုမှတ်ချက်ချသည့်အတွက် ‘မိမိသည် မည်သူ၏ကျွန်ဖြစ်သနည်း၊ မိမိ၏ဆုံးဖြတ်ချက်များနှင့် မိမိ၏ဘဝကို အကြီးမားဆုံးသြဇာလွှမ်းနေသူမှာ မည်သူနည်း။ ဘာသာရေးဓမ္မဆရာများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ငွေကြေးသြဇာရှိသူများ သို့မဟုတ် ဖျော်ဖြေရေးသမားများလော။ မိမိသည် မည်သူ့ကို နာခံနေသနည်း—ဘုရားသခင်ကိုလော၊ လူကိုလော’ ဟုကျွန်ုပ်တို့တစ်ဦးစီ မိမိတို့ကိုယ်ကို မေးဖို့ကောင်းပါသည်။
၁၆။ ခရစ်ယာန်များသည် အဘယ်နည်းဖြင့် ဘုရားသခင်၏ကျွန်ဖြစ်ကြသနည်း၊ ဤသို့ကျွန်ဖြစ်သွားခြင်းအပေါ် တော်မှန်သောအမြင်ကား အဘယ်နည်း။
၁၆ ဘုရားသခင်အားနာခံခြင်းသည် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အကြောင်းမဲ့ထိပါးခြင်းဖြစ်၏ဟု ခရစ်ယာန်များမယူမှတ်ကြပါ။ သူတို့သည် ၎င်းတို့၏လွတ်လပ်မှုကို မိမိတို့၏စံနမူနာရှင် ယေရှုခရစ်၏လုပ်ထုံးလုပ်နည်းအတိုင်း လိုလိုလားလားအသုံးချလိုစိတ်ရှိကြကာ ကိုယ်ပိုင်ဆန္ဒများနှင့် ဦးစားထားရာများကို ဘုရားသခင့်အလိုတော်အတိုင်းဖြစ်စေကြပါသည်။ (ယောဟန် ၅:၃၀; ၆:၃၈) “ခရစ်တော်၏စိတ်ကို” သူတို့မွေးမြူကြပြီး အသင်းတော်၏ဦးခေါင်းအဖြစ် ကိုယ်တော်အား လက်အောက်ခံကြသည်။ (၁ ကောရိန္သု ၂:၁၄-၁၆; ကောလောသဲ ၁:၁၅-၁၈) ယင်းသည် မိမိချစ်မြတ်နိုးရသော အမျိုးသားကို လက်ထပ်ကာ ထိုသူနှင့် လိုလိုလားလားပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိသည့် အမျိုးသမီးတစ်ဦးနှင့် အတော်ပင်တူသည်။ အမှန်မှာ ဘိသိက်ခံခရစ်ယာန်တစ်ဖွဲ့လုံးကို ခရစ်တော်နှင့်ထိမ်းမြားဖို့ကတိပြုထားသည့် အပျိုစင်အဖြစ် ဖော်ပြထားသည်။—၂ ကောရိန္သု ၁၁:၂; ဧဖက် ၅:၂၃၊ ၂၄; ဗျာဒိတ် ၁၉:၇၊ ၈။
၁၇။ ယေဟောဝါသက်သေအားလုံးသည် အဘယ်အရာဖြစ်လာဖို့ ရွေးချယ်ခဲ့ကြသနည်း။
၁၇ ယေဟောဝါသက်သေတိုင်းသည် ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသည်ဖြစ်စေ ဘုရားသခင်၏အလိုတော်ကို ထမ်းဆောင်ရန်၊ အုပ်စိုးရှင်အဖြစ် ကိုယ်တော်အားနာခံရန် ကိုယ်တော်ထံ ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်အပ်နှံထားကြပါသည်။ သက်သေခံတိုင်းအတွက် ဆက်ကပ်အပ်နှံမှုသည် လူ့ကျွန်ဆက်ဖြစ်ခြင်းထက် ဘုရားသခင်၏ကျွန်တစ်ဦးဖြစ်လာရန် ကိုယ်တိုင်ကိုယ်ကျရွေးချယ်ခဲ့ကြပါသည်။ ယင်းသည် တမန်တော်ပေါလု၏ ဤသွန်သင်ချက်နှင့် သဟဇာတဖြစ်ပေသည်– “သင်တို့ကို အဖိုးနှင့်ဝယ်ထားတော်မူသည်ဖြစ်၍ လူ့ထံ၌ ကျွန်မခံကြတော့နှင့်။”—၁ ကောရိန္သု ၇:၂၃၊ ကဘ။
မိမိတို့အကျိုးအတွက် သင်ယူခြင်း
၁၈။ အလားအလာရှိသောသက်သေခံတစ်ဦးသည် အဘယ်အချိန်တွင် နှစ်ခြင်းခံဖို့ သတ်မှတ်ချက်ကိုပြည့်မီသနည်း။
၁၈ လူတစ်ဦးသည် ယေဟောဝါသက်သေတစ်ယောက်အဖြစ် သတ်မှတ်ချက်ကို မပြည့်မီသေးခင် ကျမ်းစာတောင်းဆိုချက်များကို ထိုသူပြည့်မီရမည်ဖြစ်သည်။ သက်သေခံဖြစ်ရန်အလားအလာရှိသူသည် ခရစ်ယာန်ဆက်ကပ်အပ်နှံမှုနှင့်ဆက်နွှယ်သည့်အရာများကို အမှန်ပင်သဘောပေါက်နားလည်မှုရှိမရှိပိုင်းဖြတ်ရာတွင် အကြီးအကဲများသည် သေချာစွာဂရုစိုက်ကြသည်။ သူသည် အမှန်ပင်ယေဟောဝါသက်သေတစ်ဦး ဖြစ်လိုပါသလော။ တောင်းဆိုချက်များနှင့်အညီ သူနေထိုင်ရန် တလိုတလားရှိပါသလော။ ဤသို့မဖြစ်လျှင် ထိုသူသည် နှစ်ခြင်းခံဖို့ အရည်အချင်းမပြည့်မီသေးပေ။
၁၉။ ဘုရားသခင်၏ဆက်ကပ်အပ်နှံကျေးကျွန်တစ်ဦးဖြစ်လာရန် ဆုံးဖြတ်သူကို အဘယ်ကြောင့် အပြစ်ဆိုစရာအကြောင်းမရှိသနည်း။
၁၉ သို့ရာတွင် တစ်စုံတစ်ယောက်သည် တောင်းဆိုချက်အားလုံးကို ပြည့်မီသည်ဆိုလျှင် ဘုရားသခင်နှင့် ကိုယ်တော်၏ဝိညာဉ်တော်မှုတ်သွင်းခံစကားတော်တို့၏သြဇာလွှမ်းမိုးမှုကိုခံရန် စိတ်လိုကိုယ်လျောက် သူပြုခဲ့သော ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အဘယ်ကြောင့် အပြစ်ဆိုရမည်နည်း။ လူ့သြဇာခံခြင်းထက် ဘုရားသခင့်သြဇာခံခြင်းသည် ပို၍လက်ခံနိုင်ဖွယ်ရာမဟုတ်၍လော။ သို့မဟုတ် အကျိုးမရှိ၍လော။ ယေဟောဝါသက်သေများ ထိုသို့မယူဆပါ။ သူတို့သည် ဟေရှာယ ရေးသားထားသည့် ဘုရားသခင်၏ဤစကားတော်များကို စိတ်ရောကိုယ်ပါသဘောတူကြသည်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။”—ဟေရှာယ ၄၈:၁၇။
၂၀။ မည်သို့သောအရာများမှ ကျမ်းစာအမှန်တရားသည် လူတို့အား လွတ်မြောက်စေသနည်း။
၂၀ ကျမ်းစာအမှန်တရားသည် မီးတောက်ငရဲတွင် ထာဝစဉ်ညှဉ်းဆဲခြင်းကဲ့သို့သော ဗာဗုလုန်ဘာသာရေးအယူဝါဒများကို ယုံကြည်ခြင်းမှ လူတို့အား လွတ်မြောက်စေသည်။ (ဒေသနာ ၉:၅၊ ၁၀) ယင်းအစား လူသေတို့အတွက် စစ်မှန်သောမျှော်လင့်ချက်ဖြစ်သည့် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာကြောင့်ရရှိနိုင်သော ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အတွက် သူတို့၏နှလုံးသားတွင် ကျေးဇူးတင်စိတ်နှင့် ပြည့်နေပါသည်။ (မဿဲ ၂၀:၂၈; တမန်တော် ၂၄:၁၅; ရောမ ၆:၂၃) ကျမ်းစာအမှန်တရားသည် ကတိအတိုင်းဖြစ်မလာသည့် [သားရဲ၏] ကတိကဝတ်များအပေါ် မှီခိုအားထားခြင်း၏ စိတ်ဓာတ်ကျမှုများမှ လူတို့ကို လွတ်မြောက်စေသည်။ ၎င်းအစား ယင်းကြောင့်ပင် ယေဟောဝါ၏နိုင်ငံတော်သည် ကောင်းကင်တွင် အုပ်စိုးနေပြီဖြစ်ကြောင်း၊ မကြာမီတွင် မြေတစ်ပြင်လုံးကို အုပ်စိုးတော့မည်ဖြစ်ကြောင်းသိရှိကာ သူတို့၏နှလုံးကို ရွှင်လန်းမှုနှင့်ပြည့်လျှံနေစေပါသည်။ အားနည်းသောအသွေးအသားမက်မောစရာဖြစ်သော်လည်း ဘုရားသခင့်ဂုဏ်တော်ကို ညှိုးနွမ်းစေပြီး ဆက်ဆံရေးပျက်ပြားခြင်း၊ ဖျားနာခြင်း၊ အချိန်မတန်ဘဲသေရခြင်းမျိုးတို့ကို မလွဲဧကန်အကြီးအကျယ်ပေးဆက်ရသည့် အကျင့်များမှ ကျမ်းစာအမှန်တရားက လူတို့အား လွတ်မြောက်စေသည်။ အချုပ်အနေနှင့် ဘုရားသခင်၏ကျွန်ဖြစ်ရခြင်းသည် လူ့ကျွန်ဖြစ်ရခြင်းထက် အလွန့်အလွန်အကျိုးများလှပေသည်။ အမှန်မှာ ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်းသည် “ယခုကာလ . . . နှင့် . . . နောင်ဘဝ၌ထာဝရအသက်” အကျိုးကျေးဇူးများရရှိရန် အလားအလာရှိစေသည်။—မာကု ၁၀:၂၉၊ ၃၀။
၂၁။ ယေဟောဝါသက်သေများသည် ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်းကို မည်သို့ရှုမြင်ကြသနည်း၊ သူတို့၏ဆန္ဒကား အဘယ်နည်း။
၂၁ ယနေ့ယေဟောဝါသက်သေများသည် ရှေးဣသရေလလူမျိုးကဲ့သို့ မွေးဖွားခြင်းအားဖြင့် ဆက်ကပ်အပ်နှံထားသောလူမျိုးအဝင် ဖြစ်မလာပါ။ သက်သေခံများသည် ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်အသင်းတော်အဝင်များဖြစ်ကြသည်။ နှစ်ခြင်းခံထားသောသက်သေခံတိုင်းသည် ဆက်ကပ်အပ်နှံရာတွင် ကိုယ်စီရွေးချယ်မှုလွတ်လပ်ခွင့်ကို ကျင့်သုံးကာ ဤသို့ဖြစ်လာကြသည်။ ဆက်ကပ်အပ်နှံခြင်းသည် ယေဟောဝါသက်သေတို့အတွက် ဘုရားသခင်၏အမှုတော်ကို လိုလိုလားလားထမ်းရွက်ခြင်းဖြင့်မှတ်သားဖော်ပြသည့် ဘုရားသခင်နှင့် ရင်းနှီးသောကိုယ်ပိုင်ဆက်ဆံရေးကိုဖြစ်စေသည်မှာ အမှန်ပင်။ သူတို့သည် ယေရှုခရစ် သူတို့အားလွတ်မြောက်ပေးခဲ့သည့် လွတ်လပ်ခွင့်ကိုလည်း ထာဝစဉ်စွဲကိုင်ထားကာ ဤရွှင်လန်းမှုပေးသောဆက်ဆံရေးကို စိတ်ရောကိုယ်ပါ ထိန်းသိမ်းထားလိုကြသည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ဘုရားသခင်သည် ဣသရေလလူမျိုးကို မိမိ၏ “အထူးပိုင်ဆိုင်ရာ” အဖြစ် ရွေးချယ်ရာတွင် အဘယ်ကြောင့်မျက်နှာလိုက်ရာမကျသနည်း။
◻ ခရစ်ယာန် ဆက်ကပ်အပ်နှံမှုသည် လွတ်လပ်ခွင့်ကို အကြီးအကျယ်ဆုံးရှုံးမှုမဖြစ်စေကြောင်း အဘယ်ကြောင့် သင်ဆိုမည်နည်း။
◻ ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။
◻ လူ့ကျွန်ဖြစ်ရခြင်းထက် ယေဟောဝါ၏ကျေးကျွန်ဖြစ်ရခြင်းသည် အဘယ်ကြောင့်သာသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ရှေးဣသရေလနိုင်ငံတွင် ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်းသည် မွေးဖွားလာမှုကိစ္စဖြစ်သည်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ခရစ်ယာန်ဆက်ကပ်အပ်နှံမှုသည် ရွေးချယ်ရသည့်ကိစ္စဖြစ်သည်