သတင်းကောင်းဖြင့် သာ၍များသောလူတို့ထံ ရောက်ရှိခြင်း
ကျွန်မဇာတိရပ်မြေရှိ လူတို့အကြောင်းကို စဉ်းစားလိုက်သောအခါ လူအများသည် သတင်းဆက်သွယ်ရေးမှသာ ယေဟောဝါသက်သေများအကြောင်း သိရှိကြရသည်ကို ကျွန်မရိပ်မိသည်။ အဆိုပါလူတို့အား ယေဟောဝါသက်သေများသည် မည်သူများဖြစ်သည်၊ သူတို့သည် အမှန်အားဖြင့် အဘယ်အရာကို ယုံကြည်ကြသည်ကိုသိစေရန် သူတို့နှင့်ဆက်သွယ်သင့်သည်ဟု ကျွန်မစဉ်းစားမိသည်။ သို့သော် ကျွန်မမည်သို့ကူညီနိုင်မည်နည်း။ ကျွန်မခင်ပွန်းသည် ခရစ်ယာန်အကြီးအကဲတစ်ဦးဖြစ်ပြီး ပညာရှိလမ်းညွှန်မှုများနှင့် အကြံဉာဏ်များပေးခဲ့သည်။
၁၉၉၅၊ ဇန်နဝါရီ ၈ ရက်ထုတ် [လိပ်] နိုးလော့! မဂ္ဂဇင်း၌ပါသော “လက်တွေ့ကျ နှစ်သိမ့်မှုပေးသည့် မဂ္ဂဇင်းများ” ဆောင်းပါးတွင် သော့ချက်အကြံဉာဏ်တစ်ခုကို ကျွန်မတို့တွေ့ ရှိခဲ့သည်။ သက်သေခံတစ်ဦး၏ လုပ်ဆောင်မှုနှင့်စပ်လျဉ်း၍ ထိုဆောင်းပါးက ဤသို့ဆိုသည်– “သူမသည် အခြားသက်သေခံများ၏အိမ်ရှိ စုပုံနေသော နိုးလော့! မဂ္ဂဇင်းဟောင်းအချို့ကို လိုက်သိမ်းဆည်းခဲ့သည်။ ထို့နောက် သူမသည် အကြောင်းအရာအချို့ကို အထူးစိတ်ဝင်စားမည်ဟု ထင်ရသည့်ဌာနအသီးသီးသို့ သွားရောက်လည်ပတ်ပါသည်။”
ကျွန်မခင်ပွန်း၏အကူအညီဖြင့် မကြာခင်တွင် မဂ္ဂဇင်းရာချီစုသိမ်းနိုင်ခဲ့သည်။ ယင်းတို့အထဲမှ ကျွန်မကြိုးစားတွေ့ဆုံမည့် လူတို့အတွက် သင့်တော်သော အကြောင်းအရာအမျိုးမျိုးကို ရွေးထားနိုင်ခဲ့သည်။
တယ်လီဖုန်းအညွှန်းစာအုပ်များနှင့် ပြည်သူ့မှတ်တမ်းများကို အသုံးပြုပြီး ဆေးရုံများ၊ လူငယ်အဆောင်များနှင့် ပုဂ္ဂလိကဆေးရုံများကို ကျွန်မစာရင်းပြုစုခဲ့သည်။ ဈာပနစီစဉ်သူများ၊ စာသင်ကျောင်း ကြီးကြပ်ရေးမှူးများနှင့် အကြံပေးပုဂ္ဂိုလ်များ၊ ဆေးဘက်ဆိုင်ရာစစ်ဆေးသူများ၊ အကျဉ်းထောင်နှင့် တရားရုံးများမှအရာရှိများကိုလည်း နာမည်စာရင်းပြုစုခဲ့သည်။ ကျွန်မ၏စာရင်းတွင် အရက်နှင့်မူးယစ်ဆေးဖြတ်ဌာနများနှင့် ပတ်ဝန်းကျင်အခြေအနေ၊ မသန်မစွမ်းနှင့် စစ်ဒုက္ခသည်များ၊ အာဟာရသုတေသန အသင်းအဖွဲ့များလည်း ပါဝင်သည်။ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေးနှင့် မိသားစုကိစ္စရပ်များဆိုင်ရာ ရုံးအရာရှိများကိုလည်း ကျွန်မမမေ့ပါ။
ကျွန်မဘာပြောမည်နည်း
လည်ပတ်ချိန်တွင် ကျွန်မဦးစွာပြုခဲ့သောအမှုမှာ ကျွန်မမည်သူမည်ဝါဖြစ်သည်ကို ရှင်းပြခြင်းဖြစ်သည်။ ထို့နောက် ကျွန်မ၏လည်ပတ်မှုသည် မိနစ်အနည်းငယ်သာကြာမည်ဟု ပြောပြခဲ့သည်။
တာဝန်ခံနှင့် တေ့တေ့ဆိုင်ဆိုင်တွေ့သောအခါ “ကျွန်မဟာ ယေဟောဝါသက်သေတစ်ယောက်ပါ။ ရုံးချိန်မှာ ဘာသာရေးဆွေးနွေးဖို့လာတာမဟုတ်ပါဘူး” ဟုကျွန်မပြောပါသည်။ အများအားဖြင့် အခြေအနေပေးလာတတ်သည်။ ထိုအခါ ကျွန်မစကားပြောဖို့ အခြေအနေပေးလာသည်နှင့်အမျှ “ကျွန်မလာတာ အကြောင်းနှစ်ခုရှိတယ်။ ပထမကတော့ ရှင်တို့ရုံးက စီစဉ်ဖွဲ့စည်းတဲ့ အလုပ်ကို ကျွန်မကျေးဇူးတင်တယ်လို့ပြောချင်လို့ပါ။ တကယ်တော့ လူထုအကျိုးဆောင်ဖို့ အကုန်ခံတဲ့အချိန်နဲ့ခွန်အားကို အမှုမဲ့အမှတ်မဲ့သဘောမထားသင့်ဘူး။ ချီးကျူးစရာပါပဲ” ဟုဆက်ပြီးပြောသည်။ အများအားဖြင့် ဤသို့ချဉ်းကပ်ခံရသူသည် အံ့အားသင့်သွားလေ့ရှိသည်။
ယခု ကျွန်မလည်ပတ်ရခြင်း၏ ဒုတိယအကြောင်းကို ထိုသူသိချင်နေမည်ဖြစ်သည်။ သို့နှင့် “ကျွန်မရောက်လာတဲ့ဒုတိယအကြောင်းကတော့– နိုင်ငံတကာမှာထုတ်ဝေတဲ့ ဒီနိုးလော့! မဂ္ဂဇင်းကနေ ရှင်တို့အလုပ်နဲ့ အထူးသက်ဆိုင်ပြီး အလုပ်နဲ့ဆက်နွှယ်နေတဲ့ အခက်အခဲတွေအကြောင်းပါတဲ့ ဆောင်းပါးတချို့ကိုရွေးပြီး ယူလာတယ်။ အဲဒီအခက်အခဲတွေကို နိုင်ငံတကာဂျာနယ်တစ်စောင်က ဘယ်လိုရှုမြင်တယ်ဆိုတာကို ရှင်တို့သိချင်ကြမှာပဲ။ ဖတ်ကြည့်စေချင်တယ်” ဟုကျွန်မဆက်ပြီးပြောလေ့ရှိပါသည်။ ကျွန်မ၏ကြိုးစားမှုကို တန်ဖိုးထားပါသည်ဟု ပြောတတ်ကြသည်။
အံ့အားသင့်လောက်ပြီး ပင်ပန်းရကျိုးနပ်သော ရလဒ်များ
အဆိုပါချဉ်းကပ်နည်းကို ကျွန်မအသုံးပြုခဲ့သောအခါ အများအားဖြင့် ရင်းရင်းနှီးနှီးလက်ခံလေ့ရှိသည်; ၁၇ ဦးတွင် တစ်ဦးသာငြင်းဆိုခဲ့သည်။ ကျွန်မသည် အံ့အားသင့်လောက်ပြီး ပင်ပန်းရကျိုးနပ်သည့် တွေ့ကြုံမှုများစွာရရှိခဲ့ပါသည်။
ဥပမာ၊ လေးကြိမ်ကြိုးစားပြီး စိတ်ရှည်စွာ စောင့်ခဲ့ရပြီးနောက်တွင် ခရိုင်ကျောင်းပညာရေးမှူးတစ်ဦးနှင့် ကျွန်မတွေ့ဆုံခဲ့သည်။ သူသည် အလွန်အလုပ်များသူတစ်ဦးဖြစ်သည်။ သို့တိုင် သူသည် အလွန်ဖော်ရွေတတ်သူဖြစ်ပြီး အချိန်အတော်ကြာ ကျွန်မနှင့်စကားပြောခဲ့သည်။ ကျွန်မအားသွားခွင့်ပြုရန် ပြောသည့်အခါ သူက “ခင်ဗျားရဲ့ကြိုးစားမှုကို ကျွန်တော်တကယ်ပဲ လေးမြတ်ပါတယ်။ ခင်ဗျားရဲ့စာပေကို သေသေချာချာဖတ်ပါမယ်” ဟုပြောခဲ့သည်။
နောက်အဖြစ်အပျက်တစ်ခုမှာ လူလတ်ပိုင်းအရွယ် တရားသူကြီးတစ်ဦးနှင့် ခရိုင်တရားရုံးတစ်ရုံးတွင် တွေ့ဆုံခဲ့ရခြင်းဖြစ်သည်။ သူ့ရုံးခန်းထဲကို ကျွန်မဝင်သွားသောအခါ စာရွက်စာတမ်းများကို ငုံ့ ကြည့်နေရာမှ စိတ်တိုစွာမော့ကြည့်ခဲ့သည်။
“ရုံးချိန်ဟာ အင်္ဂါနေ့မနက်ပိုင်းပဲဖြစ်တယ်၊ အဲဒီကျမှာပဲ သိချင်တာသိနိုင်မယ်” ဟုသူက ခပ်မာမာပင်ဆိုသည်။
“အခန့်မသင့် ကျွန်မရောက်လာတဲ့အတွက် တောင်းပန်ပါရစေ” ဟုအလျင်အမြန်ပြောဆိုပြီး “နောက်တစ်ချိန်မှပြန်လာလည်း ရပါတယ်။ ဒါပေမဲ့ ကျွန်မလာတဲ့အကြောင်းဟာ ကိုယ်ရေးကိုယ်တာကိစ္စပါ” ဟုဆက်ပြောလိုက်သည်။
တရားသူကြီးက စိတ်ဝင်စားလာပြီး လေသံအနည်းငယ်ပျော့စွာ ကျွန်မ၏ကိစ္စကိုမေးလေသည်။ အင်္ဂါနေ့တွင် ကျွန်မပြန်လာခဲ့မည်ဟု ထပ်မံပြောလိုက်သည်။
သူက “ကျေးဇူးပြု၍ထိုင်ပါ၊ ခင်ဗျားကိစ္စကိုပြောပါ” ဟုပြောဆိုလိုက်သည်ကို ကျွန်မအံ့အားသင့်ခဲ့ပါသည်။
ထို့နောက် တက်ကြွစွာစကားပြောဆိုခဲ့ကြပြီး အမှန်တကယ် အလုပ်များနေသောကြောင့် ကျွန်မရောက်စတွင် ရိုင်းစိုင်းမိသည်ကို ခွင့်လွှတ်ပါရန် သူတောင်းပန်ခဲ့သည်။
ခဏအကြာတွင် တရားသူကြီးက “ယေဟောဝါသက်သေတွေကို ကျွန်တော်ဘာသဘောကျသလဲသိလား။ သူတို့မှာခြေမြစ်တဲ့မူတွေရှိတယ်။ အဲဒါကနေ သွေဖည်မသွားကြဘူး။ ဟစ်တလာက အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ သက်သေခံတွေဟာ စစ်ထဲမဝင်ခဲ့ကြဘူး” ဟုပြောခဲ့ပါသည်။
ရုံးခန်းတစ်ခုထဲသို့ ကျွန်မတို့နှစ်ယောက် ဝင်သွားကြသောအခါ အတွင်းရေးမှူးများက ကျွန်မတို့ကို မှတ်မိကြသည်။ ထိုအခါ အမှုဆောင်အတွင်းရေးမှူးက “ဥက္ကဋ္ဌဟာ ဘယ်အဖွဲ့အစည်းကိုမှ ဘယ်တော့မှလက်မခံဘူး” ဟုစိမ်းစိမ်းကားကားပြောခဲ့သည်။
“ဒါပေမဲ့ ကျွန်မတို့က ယေဟောဝါသက်သေတွေဖြစ်တဲ့အတွက် သူလက်ခံပါလိမ့်မယ်။ ကျွန်မတို့ဟာ အသနားခံလျှောက်လွှာတင်ထားသူတွေမဟုတ်ဘူး၊ နောက်ပြီး သုံးမိနစ်ထက် ကြာမှာမဟုတ်ပါဘူး” ဟုအေးဆေးစွာပြန်ပြောခဲ့သည်။ စိတ်ထဲမှာတော့ ကျွန်မပြင်းပြစွာဖြင့် “အို ယေဟောဝါ၊ ကျေးဇူးပြုပြီးဖြစ်မြောက်ပါစေ!” ဟုဆုတောင်းခဲ့သည်။
အတွင်းရေးမှူးက အေးစက်စက်အမူအရာဖြင့် “ကောင်းပြီ၊ ကျွန်မကြိုးစားကြည့်ဦးမယ်” ဟုတုံ့ပြန်ပြီး ထွက်သွားလေသည်။ ကျွန်မအတွက် အကြာကြီးလို့ထင်ရတဲ့ နှစ်မိနစ်ကြာပြီးနောက် သူမနှင့်အတူ ဥက္ကဋ္ဌကိုယ်တိုင် လိုက်ပါလာသည်။ စကားတစ်ခွန်းမျှမပြောဘဲ အခန်းနှစ်ခန်းကိုကျော်၍ သူ့ရုံးခန်းထဲသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ကျွန်မတို့ စကားစပြောကြစဉ် သူသည် ရင်းနှီးခင်မင်မှုကို ပိုပြလာခဲ့သည်။ နိုးလော့! မဂ္ဂဇင်းအထူးထုတ်များကို ကမ်းလှမ်းခဲ့သောအခါ သူလိုလိုလားလားလက်ခံယူခဲ့ပါသည်။ ကျွန်မတို့လုပ်ငန်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကောင်းစွာသက်သေခံခွင့်ရခဲ့သည့်အတွက် ယေဟောဝါအား ကျွန်မတို့ကျေးဇူးတင်ခဲ့ကြပါသည်။
အံ့သြဖွယ်ကောင်းသည့် တွေ့ ကြုံမှုများစွာကို ပြန်ပြောင်းကြည့်ခြင်းဖြင့် တမန်တော်ပေတရု၏အောက်ပါစကားကို ပို၍အပြည့်အဝသဘောပေါက်လာခဲ့သည်– “အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကိုငါသိမြင်၏။” (တမန်တော် ၁၀:၃၄၊ ၃၅) ဘုရားသခင်၏အလိုတော်သည် နောက်ခံအမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုး၊ လူမှုရေးအခြေအနေအမျိုးမျိုးမှသူတို့ကို လူသားအတွက်နှင့် ကမ္ဘာမြေကြီးအတွက် ကိုယ်တော်၏ရည်ရွယ်တော်မူချက်ကို သိရှိရန်အခွင့်ရစေခြင်းဖြစ်ပါသည်။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။