ဘုရားသခင့်စကားတော်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေခြင်း
အခြားမည်သည့်စာအုပ်ထက်မဆို သမ္မာကျမ်းစာကို ဖတ်ရှုခဲ့ဖူးသူ ပိုမိုများပြားပါသည်။ သို့ရာတွင် ယင်း၏သတင်းတရားကို ယုံကြည်သူမည်မျှရှိသနည်း။ သမ္မာကျမ်းစာကိုယ်နှိုက်က “ယုံကြည်ခြင်းသည် လူအားလုံး၏ပိုင်ဆိုင်ရာမဟုတ်” ဟုရှင်းပြထားသည်။ (၂ သက်သာလောနိတ် ၃:၂၊ ကဘ) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့်အတူ မွေးဖွားလာခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်။ ယင်းကို မွေးမြူပေးရမည်။ ယုံကြည်ခြင်းအတော်အတန်ရှိသူများပင် ယင်းကိုပေါ့ပေါ့ဆဆမယူဆသင့်ပါ။ ယုံကြည်ခြင်းသည် လျော့နည်း၍ ပျောက်ကွယ်သွားနိုင်သည်။ ထို့ကြောင့် “ယုံကြည်ခြင်း . . . စိတ်သန်သူ” ဖြစ်ဖို့ ကြိုးစားအားထုတ်မှုလိုအပ်သည်။—တိတု ၂:၂။
ထို့ကြောင့် ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့သည် ၁၉၉၇/၉၈ အတွင်းဆက်တိုက်ကျင်းပသော ခရိုင်စည်းဝေးကြီး၏အဓိကအချက်အဖြစ် “ဘုရားသခင့်စကားတော်၌ ယုံကြည်ခြင်း” ကိုရွေးချယ်ထားခြင်းသည် အကြောင်းကောင်းဖြစ်ပါသည်။ ဤသို့အားဖြင့် သန်းချီသောသက်သေခံများနှင့် အခြားသူများသည် ဘုရားသခင့်စကားတော်၌ မိမိတို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် ပေါင်းစည်းခွင့်ရရှိကြသည်။
ဘုရားသခင့်စကားတော်သည် အမှန်တရားဖြစ် —ကျွန်ုပ်တို့ယုံကြည်ခြင်း၏အခြေအမြစ်
ယင်းသည် စည်းဝေးကြီးပထမနေ့၏ အဓိကအချက်ဖြစ်ပြီး တက်ရောက်သူအားလုံးကို ချီးမွမ်းစကားဖြင့် စည်းဝေးကြီးစတင်ခဲ့သည်။ ထိုစည်းဝေးကြီးတွင် ရောက်ရှိနေခြင်းသည် သမ္မာကျမ်းစာကို လေးစားသည့်သာဓကဖြစ်သည်။ သို့တိုင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအရည်အသွေးနှင့်ပတ်သက်၍ အလေးအနက်တွေးတောစရာမေးခွန်းများကို မေးမြန်းထားပါသည်– ‘ဘုရားသခင့်စကားတော်ကို အာဏာပိုင်အဖြစ်အသုံးပြုကာ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို ခုခံကာကွယ်ပြောဆိုပေးနိုင်သလော။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၊ အသင်းတော်အစည်းအဝေးများ၊ ကျမ်းစာအခြေခံစာအုပ်စာတမ်းများကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ ဝိညာဉ်အစာကို လေးမြတ်တန်ဖိုးထားပါသလော။ ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာ၊ တိကျသောအသိပညာနှင့် ပိုင်းခြားသိမြင်ခြင်းတို့တွင် တိုးပွားနေပါသလော။’ ဟောပြောသူက “ဤ ‘ဘုရားသခင့်စကားတော်၌ ယုံကြည်ခြင်း’ ခရိုင်စည်းဝေးကြီးသည် ကျွန်ုပ်တို့အား မိမိကိုယ်ကို အသေအချာဆန်းစစ်ရန်နှင့် ကျွန်ုပ်တို့ယောက်တိုင်း၌ ယုံကြည်ခြင်းမည်မျှရှိသည်၊ ယင်း၏အရည်အသွေးကား မည်သို့ဖြစ်သည်ကို စစ်ဆေးကြည့်ရာတွင် အကူအညီဖြစ်ဖို့ ပြင်ဆင်ပေးထားကြောင်း” မှတ်သားကာ ဂရုတစိုက်နားထောင်ရန် အားလုံးကိုတိုက်တွန်းခဲ့သည်။
အဓိကဟောပြောချက်ကို “မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်လျက် ကျင့်ဆောင်ပြုမူခြင်း” ဟုခေါင်းစဉ်တပ်ထားသည်။ (၂ ကောရိန္သု ၅:၇) ဟောပြောသူက “ယေဟောဝါသက်သေများဖြစ်လာကြသူများ၏ ယုံကြည်ခြင်းသည် ယုံလွယ်လွန်းခြင်းမဟုတ်ပါ” ဟုပြောခဲ့သည်။ ယင်းသည် မှန်လိုက်လေခြင်း! စစ်မှန်သောယုံကြည်ခြင်းသည် အမြော်အမြင်မကင်းမဲ့ချေ။ ယင်းသည် အမှန်တရားအပေါ် အခြေပြုပါသည်။ ဟေဗြဲ ၁၁:၁ တွင် “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏” ဟုဆိုထားသည်။ ဟောပြောသူက “ကျွန်ုပ်တို့ယုံကြည်သည့်အတိုင်း တကယ်ကျင့်ရမည်ဆိုလျှင် ကောင်းစွာအခြေချထားသော ယုံကြည်ခြင်းရှိဖို့လိုသည်” ဟုပြောပါသည်။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်လျက် ကျင့်ဆောင်ပြုမူကြသောကြောင့် ယေဟောဝါသည် ကိုယ်တော့်ရည်ရွယ်တော်မူချက်၏ ကဏ္ဍတိုင်းကို မည်သို့ပြီးမြောက်အောင်မြင်စေတော်မူမည်၊ မည်သည့်အချိန်တွင် လုပ်ဆောင်တော်မူမည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အသေးစိတ်သိရှိရန်မလိုပေ။ ကိုယ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သိထားသည့်အရာက မေတ္တာပါစွာ၊ တော်မှန်စွာဖြင့် ကတိတော်များပြည့်စုံစေနိုင်သည့် ကိုယ်တော်၏တန်ခိုးတော်ကို အကြွင်းမဲ့ယုံကြည်စိတ်ချစေပါသည်။
“ခရစ်ယာန်လူငယ်များ—အသင်းတော်၏ အရေးပါသောအပိုင်းတစ်ခု” ဟောပြောချက်သည် လူငယ်များကို ယေဟောဝါ မည်မျှတန်ဖိုးထားကြောင်း သူတို့အားသတိပြုစေခဲ့သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးကို ဖတ်ရှုခြင်း၊ ဆက်ကပ်အပ်နှံခြင်းနှင့်နှစ်ခြင်းအတွက် တောင်းဆိုချက်များကို ပြည့်မီခြင်းစသော ပန်းတိုင်များကို မီအောင်လိုက်ခြင်းဖြင့် ဝိညာဉ်ရေးရာများတိုးပွားစေရန် သူတို့ကိုအားပေးခဲ့သည်။ ထပ်ဆင့်ပညာရေးကို ဆည်းပူးခြင်းကိစ္စမှာ မိမိ၏မိဘများနှင့်အတူ ဆုံးဖြတ်ပြုလုပ်ရန် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သော်လည်း အကယ်၍ ယင်းကို ဆည်းပူးမည်ဆိုလျှင် ရည်မှန်းချက်ကား ဘုရားသခင့်အမှုတော်ကို ပိုမိုထိရောက်စွာထမ်းဆောင်နိုင်ဖို့ အသင့်ပြင်ဆင်ခြင်းအတွက် အမြဲဖြစ်သင့်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်ဆက်နွှယ်နေသည့် “သာ၍အရေးကြီးသောအရာများကို . . . သေချာစွာသိ” ထားသည့်အခါ လောကပညာရေးသည် အကျိုးရှိနိုင်ပါသည်။—ဖိလိပ္ပိ ၁:၉၊ ၁၀၊ ကဘ။
၎င်းနောက် “မည်သူ့စံနှုန်းများကို သင်ကျင့်သုံးသနည်း” အကြောင်းအရာပေါ်မူတည်သည့် အခန်းဆက်ဟောပြောချက် သုံးခုကိုကြားခဲ့ရသည်။ ဘုရားသခင့်စကားတော်၌ ယုံကြည်ခြင်းသည် သမ္မာကျမ်းစာစံနှုန်းများကို စောင့်ထိန်းရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသည်။ ခရစ်ယာန်များသည် ယေဟောဝါ၏ပညတ်တော်များနှင့်မူများကို လိုက်နာကြ၏။ ဥပမာ၊ သမ္မာကျမ်းစာက ညစ်ညမ်းသောစကားနှင့် ရင့်သီးသောစကားတို့ကို အသုံးမပြုရန် ဆုံးမထားသည်။ (ဧဖက် ၄:၃၁၊ ၃၂) “စိတ်အနှောင့်အယှက်ဖြစ်နေမည်၊ စိတ်တိုနေမည်ဆိုလျှင် သင့်အိမ်ထောင်ဖက်ကိုဖြစ်စေ၊ ကလေးများကိုဖြစ်စေ သင်ဆဲဆိုအော်ဟစ်ငေါက်ငေါ်တတ်ပါသလော” ဟုဟောပြောသူက မေးခဲ့ပါသည်။ ယင်းသည် အမှန်ပင်ခရစ်ယာန်မပီသပေ။ ကျွန်ုပ်တို့၏အသွင်အပြင်နှင့်ပတ်သက်၍လည်း စံနှုန်းများကို ဘုရားသခင်ပေးထားပါသည်။ ခရစ်ယာန်တို့သည် “ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအဝတ်” ကိုဝတ်ဆင်သင့်သည်။ (၁ တိမောသေ ၂:၉၊ ၁၀) “ရှက်ကြောက်ခြင်း” ဟူသောစကားလုံးသည် ကိုယ့်ကိုယ်ကိုလေးစားခြင်း၊ သိက္ခာရှိခြင်း၊ ဣန္ဒြေရှိခြင်းနှင့် မလွန်ကျွံခြင်းသဘောများဆောင်သည်။ ကျွန်ုပ်တို့သည် အခြားသူများအပေါ် ချစ်သောမေတ္တာ၏လှုံ့ဆော်မှုကိုခံရပြီး မည်သည်ကား ကျမ်းစာမူများနှင့် သင့်တော်မတော်ကြောင်း သိသောစိတ်၏လမ်းပြညွှန်ကြားမှုကို ခံရကြသည်။
အောက်ပါဟောပြောချက်နှစ်ခုတွင် ဟေဗြဲ ၃:၇-၁၅ နှင့် ၄:၁-၁၆ ၏အခန်းငယ်တစ်ခုချင်းစီကို သုံးသပ်ခြင်းပါဝင်သည်။ အဆိုပါကျမ်းပိုဒ်များသည် ‘ဒုစရိုက်၏လှည့်ဖြားခြင်းအားဖြင့် စိတ်နှလုံးခိုင်မာခြင်း’ အန္တရာယ်ကို ရှောင်ကြဉ်ရန် ကျွန်ုပ်တို့အားသတိပေးပါသည်။ (ဟေဗြဲ ၃:၁၃) ကျွန်ုပ်တို့သည် ဒုစရိုက်ကို တွန်းလှန်ရာတွင် မည်သို့အောင်မြင်နိုင်မည်နည်း။ ယေဟောဝါသည် ကိုယ်တော်၏စကားတော်အားဖြင့် ကျွန်ုပ်တို့ကို ကူညီပေးတော်မူသည်။ မှန်ပါ၏၊ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ . . . နှင့်ပြည့်စုံသည်ဖြစ်၍ . . . စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။”—ဟေဗြဲ ၄:၁၂။
စည်းဝေးကြီးပထမနေ့၏ နောက်ဆုံးဟောပြောချက်မှာ “လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်” ဖြစ်သည်။ ယင်းသည် ကျမ်းစာ၏ကျမ်းစစ်ကျမ်းမှန်ဖြစ်မှု၊ တိကျမှန်ကန်မှုနှင့် လက်တွေ့ကျမှုတို့ကို ပေါ်လွင်စေခဲ့သည်။ ဟောပြောသူက စာမျက်နှာ ၃၂ မျက်နှာရှိ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်! ဘရိုရှာသစ်ထွက်ရှိကြောင်း ကြေညာလိုက်သည့်အခါ မည်မျှပီတိဖြာလိုက်လေခြင်း! အဆိုပါစာအုပ်အသစ်ကို ပညာရှိများဖြစ်ကြသော်လည်း သမ္မာကျမ်းစာအကြောင်းမသိလှသူများအတွက် အထူးပြုစုရေးသားထားခြင်းဖြစ်သည်။ ထိုဟောပြောချက်ကား “လူများသည် ဘုရားသခင့်စကားတော်ကို ကိုယ်တိုင်ဆန်းစစ်ရန်လိုအပ်ပါသည်။ အကယ်၍ သူတို့သည် ကိုယ်တိုင်ကိုယ်ကျဆန်းစစ်မှုပြုလုပ်ကြပါက ဤထူးခြားသောစာအုပ်ဖြစ်သော သမ္မာကျမ်းစာသည် အမှန်တကယ်ပင် လူခပ်သိမ်းအတွက် စာအုပ်ဖြစ်ကြောင်း သဘောပေါက်လာမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချပါသည်!”
“ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စုံလင်စေသူ” အားတုပ
စည်းဝေးကြီးဒုတိယနေ့၏ ယင်းအကြောင်းအရာသည် “ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စုံလင်စေသူ” ယေရှုခရစ်အား အာရုံစိုက်စေခဲ့သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ “ခြေတော်ရာကို လိုက်လျှောက်” ရန်လိုသည်။ (ဟေဗြဲ ၁၂:၂; ၁ ပေတရု ၂:၂၁) ခရစ်ယာန်ဘောင်ရှိများစွာသောသူတို့က “သခင်ယေရှုကို ယုံကြည်လျှင် သင်ကယ်တင်ခြင်းရလိမ့်မည်” ဟုဆိုကြသည်။ သို့ရာတွင် ယုံကြည်ရုံမျှလောက်နှင့် လုံလောက်ပြီလော။ “အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏” ဟုသမ္မာကျမ်းစာက ဖော်ပြထားသည်။ (ယာကုပ် ၂:၂၆) ထို့ကြောင့် ယေရှုကိုယုံကြည်သည့်အပြင် ကိုယ်တော်ပြုလုပ်ခဲ့သော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းကို ကျွန်ုပ်တို့လုပ်ဆောင်ရမည်ဖြစ်သည်။
နံနက်ပိုင်းအစီအစဉ်သည် ဧဝံဂေလိလုပ်ငန်းအပေါ် အာရုံစိုက်စေခဲ့သည်။ ပေါလုနည်းတူ ကျွန်ုပ်တို့သည်လည်း ကယ်တင်ခြင်းသတင်းကောင်းကို စိတ်အားထက်သန်စွာ ဟောပြောသင့်သည်။ (ရောမ ၁:၁၄-၁၆) ယေရှုသည် မည်သည့်နေရာ၌မဆို လူတို့ကို ဟောပြောတော်မူခဲ့သည်။ ကျွန်ုပ်တို့မှန်မှန်ဆောင်ရွက်ကြသော တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းမှ အကျိုးရလဒ်များရရှိနေသော်လည်း ကျွန်ုပ်တို့လည်ပတ်ကြချိန်တွင် အိမ်၌မရှိသူ များသည်ထက်များလာပေပြီ။ (တမန်တော် ၂၀:၂၀) လူများစွာသည် ကျောင်းတက်နေခြင်း၊ အလုပ်သွားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ခရီးထွက်ခြင်းတို့ပြုနေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူအများရှိမည့်နေရာများတွင်၊ လူတို့ကိုတွေ့ရှိနိုင်မည့် မည်သည့်နေရာတွင်မဆို ဟောပြောဖို့လည်းလိုသည်။
“အမှန်တရား၌ အမြစ်စွဲပြီးမြဲမြံ” ဟောပြောချက်သည် နေ့စဉ်ပျမ်းမျှ ၁,၀၀၀ ကျော်နှစ်ခြင်းခံနေသည့် တပည့်သစ်များစွာကို သတိရစေပါသည်ပါတကား! အဆိုပါတပည့်သစ်များသည် ယုံကြည်ခြင်း၌ ကောင်းစွာအမြစ်စွဲပြီး မြဲမြံသူများဖြစ်လာကြရန် အရေးကြီးပါသည်။ (ကောလောသဲ ၂:၆၊ ၇) ပကတိအမြစ်များသည် ရေနှင့်အာဟာရများကို စုပ်ယူသောကြောင့် အပင်အတွက် စွဲမြဲမှုလည်းဖြစ်၊ ထောက်ကူမှုလည်းဖြစ်စေသည်ဟု ဟောပြောသူက ရှင်းပြခဲ့သည်။ ထိုနည်းတူစွာ ကောင်းသောလေ့လာမှုအကျင့်များနှင့် အကျိုးပြုပေါင်းသင်းမှုအားဖြင့် တပည့်သစ်များသည် အမှန်တရား၌ မြဲမြံလာနိုင်ကြပါသည်။
အဆိုပါအကြံပေးချက်သည် နှစ်ခြင်းခံမည့်သူများနှင့် အထူးသဖြင့် သင့်တော်ခဲ့သည်။ မှန်ပါသည်၊ စည်းဝေးကြီး၏ဒုတိယနေ့တွင် တပည့်သစ်အစုအပြုံလိုက် ယေရှု၏ပုံသက်သေကို လိုက်လျှောက်ကာ နှစ်ခြင်းခံခဲ့ကြပါသည်။ ရေအောက်တွင် စုံးစုံးမြုပ်နှစ်လိုက်ခြင်းသည် မိမိတို့၏ယခင်ကိုယ်ကျိုးရှာအသက်တာလမ်းစဉ်၌ သေဆုံးသွားခြင်း၏ ဆီလျော်သောအထိမ်းအမှတ်ဖြစ်ကြောင်းကို “ဘုရားသခင့်စကားတော်၌ ယုံကြည်ခြင်းသည် နှစ်ခြင်းခံခြင်းသို့ပို့ဆောင်” ဟောပြောချက်က နှစ်ခြင်းခံမည့်သူများကို သတိရစေခဲ့သည်။ ရေအောက်မှပြန်ပေါ်ထွက်လာခြင်းက သူတို့သည် ဘုရားသခင့်အလိုတော်ဆောင်ရန် ပြန်အသက်ရှင်လာခြင်းကို ပုံတင်ပြပါသည်။
“ယုံကြည်ခြင်းအတွက် ကြိုးစား၍တိုက်လှန်ကြလော့” ဟောပြောချက်သည် ယုဒကျမ်းကို အခြေပြုခဲ့သည်။ ကျွန်ုပ်တို့သည် အကျင့်ပျက်ပြားခြင်း၊ ပုန်ကန်ခြင်းနှင့် အယူဖောက်ပြန်ခြင်းအစရှိသော အန္တရာယ်ဖြစ်စေသည့် ဩဇာလွှမ်းမိုးမှုများကို ခုခံတွန်းလှန်ခြင်းအားဖြင့် ယုံကြည်ခြင်းကို ကာကွယ်ပေးရန် တိုက်တွန်းခံခဲ့ရသည်။ နောက်ဟောပြောချက်ဖြစ်သည့် “သင်တို့၏အိမ်ထောင်ကို ကျွေးမွေးပြုစုကြလော့” တွင်မိဘများ—အထူးသဖြင့် ဖခင်များ—သည် အထူးအာရုံစိုက်ခံခဲ့ရသည်။ မိသားစု၏ဝိညာဉ်ရေး၊ ကာယရေးနှင့် စိတ္တရေးလိုအပ်မှုတို့ကို ထောက်ပံ့ပေးခြင်းသည် ကျမ်းပေးတာဝန်တစ်ရပ်ဖြစ်သည်။ (၁ တိမောသေ ၅:၈) ယင်းတွင် အချိန်၊ ဆက်သွယ်မှုနှင့် ရင်းနှီးမှုတို့ လိုအပ်ပါသည်။ အမှန်တရားအတွင်း သားသမီးများကြီးပြင်းလာကြရန် ခရစ်ယာန်မိဘများ ဝီရိယရှိရှိလုပ်ဆောင်လေသမျှကို ယေဟောဝါဘုရားသခင်သည် အမှန်ပင်ကျေနပ်နှစ်သက်တော်မူသည်။
နောက်အခန်းဆက်ဟောပြောချက်ဖြစ်သော “ယေဟောဝါအိမ်တော်သို့ သွားကြစို့” ကခရစ်ယာန်အစည်းအဝေးများကို တန်ဖိုးထားလေးမြတ်စေခဲ့သည်။ ယင်းတို့သည် ဤလောက၏စိုးရိမ်ကြောင့်ကြမှုများမှ လွတ်ကင်းစေသည်။ ကျွန်ုပ်တို့သည် အစည်းအဝေး၌ အပြန်အလှန်အားပေးခွင့်ရရှိ၍ ယုံကြည်သူချင်းများအပေါ် ကျွန်ုပ်တို့၏မေတ္တာကို ပြသနိုင်ကြပါသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အစည်းအဝေးများသည် ဆရာသမားများအဖြစ် ကျွန်ုပ်တို့၏အသိပညာကို ထက်မြက်စေရန်အကူအညီဖြစ်စေသည့်အပြင် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏နားလည်မှုကိုလည်း တိုးတက်စေပါသည်။ (သု. ၂၇:၁၇) အသင်းတော်နှင့် ဘယ်သောအခါမျှ တသီးတခြားမဖြစ်စေဘဲ ယေရှု၏ ဤစကားတော်ကို ကျွန်ုပ်တို့သတိရကြစို့– “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။”—မဿဲ ၁၈:၂၀။
ထိုနေ့၏နောက်ဆုံးဟောပြောချက်မှာ “သင့်ယုံကြည်ခြင်းအရည်အသွေး—ယခုစမ်းသပ်ခံရ” ဖြစ်ပါသည်။ စမ်းသပ်ခြင်းမခံရသောယုံကြည်ခြင်းတွင် တန်ဖိုးရှိကြောင်းမထင်ရှားသေး၍ ယင်း၏အရည်အသွေးကို မသိရှိကြရပါ။ ယင်းသည် ငွေမထုတ်ရသေးသည့် ချက်လက်မှတ်နှင့်တူပါသည်။ ၎င်းတွင်ဖော်ပြထားသည့် ငွေပမာဏအတိုင်း တကယ်တန်ဖိုးရှိပါသလော။ အလားတူပင်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းတွင် အနှစ်သာရနှင့် တကယ့်အရည်အသွေးရှိကြောင်း သက်သေပြရန် စမ်းသပ်ခံရမည်ဖြစ်သည်။ (၁ ပေတရု ၁:၆၊ ၇) ဟောပြောသူက “ရံဖန်ရံခါ သတင်းဖြန့်ချိရေးအပါအဝင် အာဏာပိုင်များသည် ကျွန်ုပ်တို့ကို မဟုတ်မမှန်စွဲချက်တင်ရန်နှင့် ကျွန်ုပ်တို့၏ခရစ်ယာန်ယုံကြည်ချက်များနှင့် အသက်တာလမ်းစဉ်ကို အထင်အမြင်လွဲမှားစေသည့် ဆရာများနှင့်အယူဖောက်ပြန်သူများ၏ လှည့်စားမှုကိုခံကြသည်။ . . . စာတန်ကြောင့် အလင်းကွယ်နေကြရသူများသည် ကျွန်ုပ်တို့ကို ခြိမ်းခြောက်ပြီး စိတ်ပျက်အားလျော့စေရန်နှင့် သတင်းကောင်းကို ရှက်စရာအဖြစ် ယူမှတ်လာစေရန် ပြုလုပ်သည်ကို ကျွန်ုပ်တို့ခွင့်ပြုကြမည်လော။ ကျွန်ုပ်တို့သည် အမှန်တရားအကြောင်း မုသားပြောဆိုမှုကြောင့် အစည်းအဝေးမှန်မှန်တက်ခြင်းနှင့် ဟောပြောခြင်းလုပ်ငန်းကို ထိခိုက်စေမည်လော။ သို့မဟုတ် ခိုင်မြဲစွာရပ်တည်ပြီး ရဲစွမ်းသတ္တိရှိကာ ယေဟောဝါနှင့် ကိုယ်တော့်နိုင်ငံတော်နှင့်စပ်လျဉ်းသည့် အမှန်တရားကို ဆက်ပြီးကြေညာရန် ပို၍သန္နိဋ္ဌာန်ချနိုင်ကြမည်လော” ဟုပြောခဲ့ပါသည်။
ယုံကြည်အားဖြင့်အသက်ရှင်လော့
စည်းဝေးကြီးတတိယနေ့၏ အဓိကအချက်သည် ပေါလု၏အောက်ပါစကားအပေါ် အခြေပြုခဲ့သည်– “‘ဖြောင့်မတ်သူသည်၊ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။’ ထိုကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ်တရားအားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။” (ဂလာတိ ၃:၁၁၊ ၁၃) ထိုနေ့ရက်နံနက်ပိုင်း၏ ပေါ်လွင်ချက်တစ်ချက်မှာ “ကျွန်ုပ်တို့အချိန်အတွက် ယောလ၏ပရောဖက်ပြုစကားများ” အခန်းဆက်ဟောပြောချက်ဖြစ်ပါသည်။ ယောလကျမ်းသည် ကျွန်ုပ်တို့အချိန်ကို ရည်ညွှန်းကာ အရေးတကြီးသဘောဖြင့် ဤသို့ဆိုသည်– “ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏နေ့ရက်နီးပြီ။ အနန္တ [အတိုင်းအဆမရှိ] တန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။” (ယောလ ၁:၁၅) မရပ်မနားတတ်သည့်ကျိုင်းကောင်များကဲ့သို့ ဘိသိက်ခံခရစ်ယာန်များသည် ဤဆုံးခန်းချိန်တွင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းကို ရပ်တန့်သွားစေရန် မည်သည့်အရာကိုမျှခွင့်မပြုချေ။
ယောလကျမ်းကလည်း ဤသို့မျှော်လင့်ချက်ပေးသည်– “ထာဝရဘုရားသခင် [“ယေဟောဝါ၊” ကဘ] ကို [ဆုတောင်း] သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလတ္တံ့။” (ယောလ ၂:၃၂) ယင်းသည် ယေဟောဝါ၏နာမတော်အား အသုံးပြုခြင်းထက်ကို ဆိုလိုပါသည်။ နှလုံးတွင်းမှနောင်တရခြင်းလိုအပ်ကာ ယင်းတွင် မှားယွင်းသောလုပ်ရပ်များကို ကျောခိုင်းစွန့်ပစ်လိုက်ခြင်းလည်း ပါဝင်ပါသည်။ (ယောလ ၂:၁၂၊ ၁၃) ယုဒပြည်၏ဘုရင်ယောရှဖတ်အချိန်တွင် မောဘအမျိုးသား၊ အမ္မုန်အမျိုးသားနှင့် စိရတောင်သားတို့အပေါ် ယေဟောဝါစီရင်ချက်ချတော်မူခဲ့သကဲ့သို့ တိုင်းနိုင်ငံများအပေါ် မကြာမီစီရင်ချက်ချတော့မည်ဖြစ်သောကြောင့် ဖင့်နွှဲနေဖို့ အချိန်မရှိတော့ချေ။—၂ ရာဇဝင်ချုပ် ၂၀:၁-၃၀; ယောလ ၃:၂၊ ၁၂။
“ယေဟောဝါကိုစောင့်ဆိုင်းခြင်းဖြင့် ယုံကြည်ခြင်းတင်ပြလော့” ဟောပြောချက်ကြောင့် တက်ရောက်သူအားလုံး အားပေးခံခဲ့ရသည်။ ယခု ဆုံးခန်းကာလ၏အဆုံးပိုင်းတွင် ယေဟောဝါ၏ကတိတော်ပြည့်စုံချက်များစွာကို ပြန်သုံးသပ်ကြည့်နိုင်၍ ဖြစ်ပျက်လာမည့်အရာများကို ကျွန်ုပ်တို့သည် စိတ်ထက်သန်စွာ အာရုံစိုက်နိုင်ကြသည်။ ယေဟောဝါ၏လူမျိုးတော်သည် ကိုယ်တော့်ကတိတော်အားလုံးဖြစ်ပျက်လာမည်ကို သတိရလျက် စိတ်ရှည်မှုဆက်လက်ရှိရမည်ဖြစ်သည်။—တိတု ၂:၁၃; ၂ ပေတရု ၃:၉၊ ၁၀။
နံနက်ပိုင်းအစီအစဉ်သည် “သင်၏မျက်စိကို ရိုးရှင်းစွာထားပါ” ပြဇာတ်နှင့်နိဂုံးချုပ်ခဲ့ပါသည်။ ယင်းလက်တွေ့ကျပြဇာတ်အကြောင်းအရာသည် စည်းစိမ်ရှာခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏စိတ်သဘောထားကို ဆန်းစစ်ကြရန်အားပေးခဲ့သည်။ ကျွန်ုပ်တို့သည် မည်သည့်နေရာတွင် နေထိုင်ရပါစေ၊ စိုးရိမ်ပူပန်မှုများမရှိသည့်အသက်တာလိုချင်ပါက ဘုရားသခင့်နိုင်ငံတော်အပေါ် ရှင်းလင်းစွာအာရုံစိုက်နိုင်ဖို့ ကျွန်ုပ်တို့၏မျက်စိကို ရိုးရှင်းအောင်ထားပါဟူသော ယေရှု၏အကြံဉာဏ်ကို လိုက်လျှောက်ရမည်ဖြစ်သည်။—မဿဲ ၆:၂၂။
လူထုဟောပြောချက်သည် စိတ်ဝင်စားဖွယ်ကောင်းသော “ယုံကြည်ခြင်းနှင့်သင့်အနာဂတ်” ဖြစ်သည်။ ယင်းဟောပြောချက်တွင် လူ့ခေါင်းဆောင်များသည် ကမ္ဘာ့ပြဿနာများကို မဖြေရှင်းပေးနိုင်ကြောင်း အထောက်အထားပြခဲ့သည်။ (ယေရမိ ၁၀:၂၃) လူ့သမိုင်းသည် ပို၍ကြီးမားကျယ်ပြန့်သောပျက်စီးမှုအတိုင်းအတာဖြင့် ဖြစ်ပြီးသားထပ်၍ ဆက်ဖြစ်နေသည်။ ယေဟောဝါသက်သေများသည် အနာဂတ်နှင့်စပ်လျဉ်းပြီး မည်သို့ခံစားကြရသနည်း။ သစ္စာရှိလူသားသည် ဘုရားသခင့်နိုင်ငံတော်အောက်တွင် တောက်ပသောအနာဂတ်ကို ရရှိကြမည်ဟု ကျွန်ုပ်တို့ယုံကြည်ကြသည်။ (မဿဲ ၅:၅) ဤသို့တိုက်တွန်းထားသော ယေဟောဝါ၏စကားတော်၌ ယုံကြည်ခြင်းရှိသူအားလုံး၏အကျိုးအတွက် ကတိတော်များပြည့်စုံလာပါလိမ့်မည်– “တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားသခင် [“ယေဟောဝါ၊” ကဘ] ကိုရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း . . . ကြလော့။”—ဟေရှာယ ၅၅:၆။
ကျွန်ုပ်တို့၏ခေတ်ကာလအကြောင်းနှင့်ပတ်သက်ပြီး အရေးကြီးသောမေးခွန်းတစ်ခုကို ယေရှုမေးတော်မူခဲ့သည်။ ကိုယ်တော်က “လူသားကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးအပေါ်မှာတွေ့မည်လော” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၈:၈) နောက်ဆုံးဟောပြောချက်သည် စည်းဝေးကြီးအစီအစဉ်ကို ပြန်လည်သုံးသပ်ကာ ယုံကြည်ခြင်းကင်းမဲ့ပြီး လောကရေးသက်သက်ကိုသာ အမှုပြုသောလောကထဲတွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသော်လည်း ဘုရားသခင့်စကားတော်၌ ယုံကြည်ခြင်းရှိကြောင်း ပေါ်လွင်ထင်ရှားသည့်သာဓကကို ဖော်ပြခဲ့ပါသည်။
သို့တိုင် ‘အကျွန်ုပ်သည် ဘုရားသခင်နှင့် ကိုယ်တော့်စကားတော်၌ မယိမ်းယိုင်သောယုံကြည်ခြင်းရှိသူများတွင် တစ်ဦးပါဝင်ပါသလော’ ဟူ၍ ကျွန်ုပ်တို့တစ်ဦးချင်းစီသည် ကိုယ်ကိုယ်ကိုမေးနိုင်ပါသည်။ “ဘုရားသခင့်စကားတော်၌ ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီးသည် ထိုမေးခွန်းကို ပါဝင်ပါ၏ဟုဖြေဆိုရန် ကျွန်ုပ်တို့အား ကူညီပေးသင့်သည်။ ယေဟောဝါ၌လည်းကောင်း၊ ကိုယ်တော့်မှုတ်သွင်းခံစကားတော်ဖြစ်သော သမ္မာကျမ်းစာ၌လည်းကောင်း ယုံကြည်ခြင်းခိုင်ခံ့စေသည့်အတွက် ယေဟောဝါကိုမည်မျှကျေးဇူးတင်စရာကောင်းလှပါသည်တကား!
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
စေတနာ့ဝန်ထမ်းများစွာသည် ထောင်ချီသောကိုယ်စားလှယ်များ တည်းခိုရန်အတွက် ရွှင်လန်းစွာအလုပ်လုပ်ခဲ့ကြ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အုပ်ချုပ်ရေးအဖွဲ့ဝင် အယ်လ်. အေ. စွင်ဂဲလ်က ဘရိုရှာအသစ်ကိုထုတ်နေခြင်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ဝန်းတွင် အားကစားကွင်းကြီးများကိုအသုံးပြုခဲ့
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
များစွာသောသူတို့သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံကြောင်း ရေ၌နှစ်ခြင်းခံခြင်းဖြင့် ဖော်ပြခဲ့ကြ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
စည်းဝေးကြီးတက်ရောက်သူများသည် ဘုရားသခင့်နိုင်ငံတော်သီချင်းများကို ရွှင်လန်းစွာ သီဆိုခဲ့ကြ။ ပုံငယ်– “သင်၏မျက်စိကိုရိုးရှင်းစွာထားပါ” ပြဇာတ်