ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၂/၁၅ စာ. ၈-၁၀
  • သူတို့ ‘သမ္မာတရားကိုဝယ်ခဲ့ကြ’!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့ ‘သမ္မာတရားကိုဝယ်ခဲ့ကြ’!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • သမ္မာကျမ်းစာသွန်သင်ချက်များဖြင့်ဆွဲဆောင်ခံရ
  • မိမိကိုယ်နှိုက်အား သမ္မာတရားကို သက်သေထူခြင်း
  • မှားယွင်းသော [ဗာဗုလုန်အယူ] ကြောင့် စိတ်ပျက်ရ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၂/၁၅ စာ. ၈-၁၀

သူတို့ ‘သမ္မာတရားကိုဝယ်ခဲ့ကြ’!

“သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့်။” (သု. ၂၃:၂၃) ပညာရှိရှောလမုန်က ယင်းသို့တိုက်တွန်းခဲ့သည်။ ယင်းကို သမ္မာတရားနှင့်ပတ်သက်ပြီး ခြုံငုံ၍ပြောနိုင်သော်လည်း ဘုရားသခင့်နှုတ်တော်ထွက် သမ္မာကျမ်းစာ၌တွေ့ရှိရသော သမ္မာတရားနှင့်ပတ်သက်သောအခါ အထူးသဖြင့်ဤသို့ဆိုနိုင်ပါသည်။ ထိုသမ္မာတရားသည် ထာဝရအသက်ရရှိစေနိုင်သည်! (ယောဟန် ၁၇:၃၊ ၁၇) သို့ရာတွင် ထိုသမ္မာတရားကို အဖိုးအခမပေးဘဲ ရရှိခြင်းမဟုတ်ကြောင်း သတိပြုပါ။ လူတစ်ဦးသည် ယင်းကို “ဝယ်ယူ” လိုသည့်ဆန္ဒရှိရမည်၊ ဆိုလိုသည်ကား ယင်းကိုရယူနိုင်ဖို့ရန် တစ်စုံတစ်ခုကိုအနစ်နာခံ သို့မဟုတ် စွန့်လွှတ်ရမည်။ (မဿဲ ၁၃:၄၅၊ ၄၆ နှိုင်းယှဉ်။) လူအများစုမှာ ထိုသို့မပြုလုပ်လိုကြပေ။ သို့သော် နိုင်ငံပေါင်းများစွာတွင် အရေအတွက်တိုးများလာနေသော သတ္တိရှိသူများစွာတို့သည် တစ်ခါတစ်ရံ အကြီးအကျယ်အနစ်နာခံ၍ ကျမ်းစာသမ္မာတရားကို ဝယ်ယူနေကြပါသည်။

အနောက်အာဖရိက၊ ဂါနာနိုင်ငံရှိယေဟောဝါသက်သေများကို ဥပမာအနေနှင့်ကြည့်ပါ။ ၁၉၈၉၊ ဇွန်လတွင် ထိုနိုင်ငံ၌ကျမ်းစာသမ္မာတရားကို လက်ခံယုံကြည်ပြီး အခြားသူများကို တက်ကြွစွာမျှဝေပေးနေသူ ၃၄,၀၀၀ ကျော်ရှိနေပေသည်။ နောက်ပိုင်းတွင် လူထုဟောပြောခြင်းလုပ်ငန်းကို တရားဝင်ကန့်သတ်ခဲ့သည်။ သို့သော် တရားဝင်ပိတ်ပင်တားဆီးမှုများကြားမှ နှလုံးရိုးဖြောင့်သောသူများသည် “သမ္မာတရား” ကိုဆက်၍ “ဝယ်ယူ” နေကြဆဲရှိသည်။ ၁၉၉၁၊ အောက်တိုဘာ ၃၁ ရက်နေ့တွင် ကန့်သတ်မှုများအဆုံးတိုင်သွားပြီး အဆိုပါကန့်သတ်မှုများကို ရုပ်သိမ်းလိုက်ပြီးနောက် သုံးနှစ်ခွဲခန့်အကြာ ၁၉၉၅ ခုနှစ်အလယ်ပိုင်းတွင် ဂါနာနိုင်ငံရှိ တက်ကြွသောယေဟောဝါသက်သေများ၏ အရေအတွက်သည် ၄၆,၁၀၄ ဦးအထိတိုးတက်သွားပါသည်တကား! ထို့နောက် ဤနှစ်တွင် ယင်းအရေအတွက်မှာ ၅၂,၈၀၀ ကျော်အထိ တိုးများလာပါသည်။

ဘုရားသခင့်နှုတ်တော်ထွက် သမ္မာတရားသို့ လူတို့ကိုမည်သည့်အရာက ဆွဲဆောင်ခဲ့ပါသနည်း။ အချို့သူများသည် “သမ္မာတရားကိုဝယ်ယူ” ရာတွင် မည်သို့အနစ်နာခံခဲ့ကြပြီနည်း။ အဖြေရရှိရန် ဂါနာလူမျိုးခရစ်ယာန်သုံးဦး၏ တွေ့ကြုံမှုများကို ကြည့်ကြပါစို့။

သမ္မာကျမ်းစာသွန်သင်ချက်များဖြင့်ဆွဲဆောင်ခံရ

ပထမဦးဆုံး အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးအဖြစ်ကို သုံးသပ်ကြည့်ကြစို့။ သူမ၏ဖခင်မှာ တရားဟောဆရာတစ်ဦးဖြစ်သည်။ သို့တိုင် ဖခင်၏ဘာသာမှထွက်ရန် သူမရွေးချယ်ခဲ့၏။ အကြောင်းရင်းကား အဘယ်နည်း။ သမ္မာတရားကို သူမမြတ်နိုးသောကြောင့်ပင်ဖြစ်သည်။

တစ်ခါက သူမဤသို့ရှင်းပြခဲ့သည်– “သက်သေခံတွေ တစ်အိမ်မှတစ်အိမ်သွားရင်း ကျွန်မတို့အိမ်ကိုဝင်လေ့ရှိတယ်။ သူတို့နဲ့အနည်းအကျဉ်းဆွေးနွေးပြီးနောက် သူတို့သွန်သင်နေတဲ့အရာတွေဟာ သမ္မာကျမ်းစာပေါ် အခြေခံထားတဲ့အရာတွေဖြစ်တယ်ဆိုတာ ကျွန်မသိလာတယ်။ သုံးပါးတစ်ဆူ၊ ငရဲမီး၊ မသေနိုင်သောဝိညာဉ်စိုးလ်နဲ့ အထူးသဖြင့် ယုံကြည်ခြင်းကုထုံးစတဲ့ အကြောင်းတွေနဲ့ပတ်သက်ပြီး ကျွန်မမေးခွန်းထုတ်တယ်။ အဲဒီအယူဝါဒတွေဟာ သမ္မာကျမ်းစာထဲကဖြစ်တယ်ဆိုပြီး ကျွန်မထက်ထက်သန်သန်ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအယူတွေဟာ ကျမ်းစာထဲကမဟုတ်ဘူးဆိုတာ သက်သေခံတွေက ကျွန်မကိုသိမြင်စေခဲ့တယ်။”—ဤအကြောင်းအရာနှင့်ပတ်သက်သည့် သမ္မာကျမ်းစာရှုထောင့်ဆိုင်ရာ ညွှန်ပြချက်များအတွက် ကျေးဇူးပြု၍ မာကု ၁၃:၃၂; ရောမ ၆:၂၃; တမန်တော် ၁၀:၄၀ နှင့် ၁ ကောရိန္သု ၁၃:၈-၁၀ ကိုကြည့်ပါ။

ထိုအမျိုးသမီးငယ်က ဤသို့ထပ်ပြောပြသည်– “ဒါပေမဲ့ ကျွန်မရဲ့မိသားစု၊ အထူးသဖြင့် ကျွန်မအဖေက အပြင်းအထန်အတိုက်အခံလုပ်ပါတယ်။ ကျွန်မလှည့်စားခံနေရတယ်လို့ သူယူဆတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေဆီက ကျွန်မလေ့လာနေတဲ့အရာတွေဟာ သမ္မာတရားတွေဖြစ်တယ်ဆိုတာ ကျွန်မသိတယ်။ သမ္မာကျမ်းစာထဲက အဲဒီအကြောင်းတွေ အဖေ့ကိုကျွန်မပြောပြဖို့ ကြိုးစားပေမဲ့ သူနားမထောင်ပါဘူး။ တကယ်ဆို အတိုက်အခံပိုလုပ်လာတယ်။

“ဒါပေမဲ့ ကျွန်မမကြောက်ပါဘူး။ စစ်မှန်တဲ့အသိပညာကသာလျှင် ပရဒိသုမှာထာဝရအသက်ရစေနိုင်တယ်ဆိုတာ ကျွန်မသိထားပြီး အဲဒါကိုဆက်လက်ဆုပ်ကိုင်ဖို့ ကျွန်မဆုံးဖြတ်ထားပါတယ်။ ကျွန်မရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဒေသခံသက်သေခံတွေကြားတဲ့အခါမှာ ကျွန်မကိုမေတ္တာပါပါနဲ့ အားပေးကြပြီး လိုအပ်တဲ့အကူအညီတချို့ပေးကြပါတယ်။ အဲဒီအရာတွေက ယောဟန် ၁၃:၃၅ မှာပါတဲ့ “သင်တို့သည်အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဆိုတဲ့ယေရှုရဲ့စကားကို နားလည်စေပါတယ်။ ယေဟောဝါသက်သေတွေဟာ စစ်မှန်တဲ့ဘာသာတရားကို ကျင့်သုံးတယ်ဆိုတဲ့ ကျွန်မရဲ့ခံယူချက်ဟာ ပိုပြီးနက်ရှိုင်းလာပါတယ်။ နောက်ပိုင်း ကျွန်မမိဘတွေက ကျွန်မပြောင်းလဲသွားတာကိုသတိပြုမိတဲ့အခါ သူတို့သဘောကျလာပြီး ကျွန်မအပေါ်သူတို့ရဲ့သဘောထားပြောင်းလာတယ်—အဖေဟာ ကျွန်မရဲ့အစ်ကိုအကြီးနဲ့ သမ္မာကျမ်းစာလေ့လာဖို့ သက်သေခံတွေကို တောင်းဆိုတဲ့အထိပါပဲ!”

မိမိကိုယ်နှိုက်အား သမ္မာတရားကို သက်သေထူခြင်း

သက်သေခံမိဘများ လက်အောက်တွင်ကြီးပြင်းလာသော လူငယ်အချို့အတွက်လည်း ‘သမ္မာတရားကိုဝယ်ယူခြင်း’ သည်စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ အချို့လူငယ်များသည် ကျမ်းစာသမ္မာတရားကို အရေးထားလိုစိတ်မရှိလှချေ။ သမ္မာတရားကို မိမိတို့ကိုယ်ပိုင်ဖြစ်စေရန် ပြုလုပ်ဖို့ပျက်ကွက်ကြပါက သူတို့၏ယုံကြည်ခြင်းသည် အားနည်း၍ မနက်ရှိုင်းဘဲဖြစ်လာတတ်သည်။ (မဿဲ ၁၃:၂၀၊ ၂၁ နှိုင်းယှဉ်။) မိမိငယ်စဉ်အချိန်ကတည်းက ‘သမ္မာတရားကို’ မည်သို့ ‘ဝယ်ခဲ့’ ကြောင်း နသယ်နရယ်လ်အမည်ရှိ အသက် ၃၀ ကျော်အရွယ် ဂါနာအမျိုးသားတစ်ဦးက ပြောပြခဲ့သည်။

“ကျွန်တော့်မိဘတွေက ကျွန်တော်နို့စို့အရွယ်ကတည်းက သမ္မာကျမ်းစာသင်ပေးတယ်။ ကျွန်တော်ကြီးလာတော့ သူတို့နဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ခဲ့ပေမဲ့ သက်သေခံတစ်ယောက်ဖြစ်လာဖို့ ကျွန်တော်တကယ်မဆုံးဖြတ်ရသေးပါဘူး။ အချိန်တန်တော့ ကိုယ်ကိုယ်တိုင်စစ်ဆေးဖို့လိုအပ်တယ်ဆိုတာ ကျွန်တော်သိလာတယ်။

“အရင်ဆုံး ဘုရားသခင့်နှုတ်တော်ထွက်ဟာ သမ္မာကျမ်းစာသာလျှင်ဖြစ်ပြီး တခြားဘယ်သန့်ရှင်းတဲ့ ဘာသာရေးစာအုပ်မှမဟုတ်ကြောင်းကို ကျွန်တော်ယုံကြည်ဖို့လိုတယ်။ သမ္မာကျမ်းစာသာလျှင် အတိအကျပြည့်စုံခဲ့တဲ့ ရှင်းနေတဲ့ပရောဖက်ပြုချက် အများကြီးပါဝင်တဲ့ သန့်ရှင်းတဲ့စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတာ ကိုယ်တိုင်လေ့လာလိုက်လို့ ကျွန်တော်သိလာတယ်။ သမ္မာကျမ်းစာထဲမှာ သိပ္ပံနည်းကျတဲ့အမှန်တရား အတော်များများပါဝင်တယ်ဆိုတာကိုလည်း ကျွန်တော်သိခဲ့ရတယ်၊ ဥပမာအနေနဲ့ “မြေကြီးကိုအခုအခံမရှိဆွဲထား” တယ်ဆိုတာမျိုးပေါ့။ (ယောဘ ၂၆:၇) ဒီစကားတွေကို ကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းအကြောင်း သိပ္ပံပညာရှင်တွေမသိခင် နှစ်ထောင်ပေါင်းများစွာကတည်းက ရေးသားခဲ့တာဖြစ်တယ်။ ဒီလိုအရာတွေကိုရေးသားနိုင်ဖို့ ဘုရားသခင်တစ်ပါးတည်းသာလျှင် လူသားတွေကို မှုတ်သွင်းပေးနိုင်ပါတယ်!a

“အဲဒီအပြင် သမ္မာကျမ်းစာထဲမှာသွန်သင်ထားတဲ့ သမ္မာတရားကို ဘယ်ဘာသာရေးအဖွဲ့အစည်းကသွန်သင်ပေးပြီး လက်တွေ့ကျင့်သုံးတယ်ဆိုတာကို ကျွန်တော်သိချင်တယ်။ ဘာသာတရားအများစုက ငရဲမီး၊ သုံးပါးတစ်ဆူနဲ့ ကွယ်လွန်ပြီးနောက် မသေနိုင်တဲ့ဝိညာဉ်စိုးလ်ရှိတယ်လို့ သွန်သင်ပေးကြတယ်။ ဒါပေမဲ့ အဲဒီအယူဝါဒတွေက ကျွန်တော့်အတွက်အဓိပ္ပာယ်မရှိပါဘူး။ ဒဏ်ပေးတဲ့အနေနဲ့ ကိုယ့်ကလေးရဲ့လက်ကို ရေနွေးအိုးထဲနှစ်တဲ့သူဟာ တော်တော်ဆိုးတဲ့အဖေမဖြစ်နိုင်ဘူးလား။ ဒါဆိုရင် မေတ္တာရှင်ဘုရားသခင်ဟာ သူ့သားသမီးတွေကို မီးတောက်ငရဲမှာညှဉ်းဆဲတာ ဘယ်လိုဖြစ်နိုင်မလဲ” ဆိုပြီးကျွန်တော်ဆင်ခြင်မိတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေက “အပြစ်တရား၏အခ” ဟာမီးတောက်ငရဲမဟုတ်ဘဲ “သေခြင်း” ဖြစ်တယ်လို့ဆိုထားတဲ့ ရောမ ၆:၂၃ လိုကျမ်းချက်နဲ့အညီ သွန်သင်ပေးကြပါတယ်။ အဲဒါက ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိတယ်။

“ယေဟောဝါသက်သေ အသင်းသားအားလုံး သမ္မာကျမ်းစာစံနှုန်းအတိုင်းနေထိုင်ဖို့ တောင်းဆိုခံရကြပြီး နောင်တမယူဘဲအပြစ်ပြုသူအားလုံးကို နှင်ထုတ်ကြတယ်ဆိုတာကိုလည်း ကျွန်တော်သတိပြုမိတယ်။ ဒါတွေအားလုံးကိုကြည့်ပြီး ယေဟောဝါသက်သေတွေမှာ သမ္မာတရားရှိတယ်လို့ ကျွန်တော်ကောက်ချက်ချပြီး သူတို့အဝင်တစ်ယောက်ဖြစ်လာဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလိုက်တယ်။ သက်သေခံတစ်ယောက်အဖြစ် နှစ်ခြင်းခံနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။”—၁ ကောရိန္သု ၅:၁၁-၁၃။

ခရစ်ယာန်မိဘများလက်အောက်တွင် ကြီးပြင်းလာကြသော လူငယ်များပင်လျှင် “သမ္မာတရားကိုဝယ်ယူ” ရမည်ဖြစ်ကြောင်း နသယ်နရယ်လ်၏အဖြစ်အပျက်က ကောင်းစွာဖော်ပြသည်။ သူတို့သည် အသင်းတော်အစည်းအဝေးများကို တုံ့ပြန်မှုကင်းလျက် တက်ရောက်ရုံမျှမဖြစ်သင့်။ ရှေးခေတ်ဗေရိမြို့သားများကဲ့သို့ သူတို့သည် “မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှု” သင့်သည်။ (တမန်တော် ၁၇:၁၁) သို့ပြုရန် အချိန်နှင့် အားစိုက်မှုလိုအပ်မည်ဖြစ်သော်လည်း ယင်းသည် ခိုင်မြဲသောယုံကြည်ခြင်းနှင့် ခံယူချက်ရှိလာစေနိုင်သည်။—ဧဖက် ၃:၁၇-၁၉ နှိုင်းယှဉ်။

မှားယွင်းသော [ဗာဗုလုန်အယူ] ကြောင့် စိတ်ပျက်ရ

ဂေါ်ဒွင်အမည်ရှိ ဂါနာအမျိုးသားတစ်ဦးသည် ပရက်စ်ဘီတီရီးယန်းချာ့ချ်နှင့် မစောနစ်ခ်လော့ဂ်ျအသင်းမှထွက်သည့်အခါ သူ့အသက်မှာ ၇၀ နီးပါးရှိသည်။ ဂေါ်ဒွင်က ဤသို့ပြောပြသည်– “ချာ့ချ်ထဲမှာ ကျွန်တော်မကြိုက်တဲ့အလုပ်တွေ လုပ်နေကြတယ်။ ဥပမာအနေနဲ့ အကြိတ်အနယ်ပြိုင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး ဆက်လဲဖြစ်နေပါတယ်။ တစ်ခါတလေ ငြိမ်သက်ဖို့ ရဲတွေလာပြီးဖျန်ဖြေပေးရတဲ့အထိပဲ! အဲလိုဖြစ်တာ ခရစ်တော်ရဲ့နောက်လိုက်တွေအတွက် မသင့်တော်ဘူးလို့ကျွန်တော်ထင်တယ်။ ဒီလိုနဲ့ ပရက်စ်ဘီတီရီးယန်း အသင်းသားချင်းတစ်ယောက်နဲ့ ကျွန်တော်ပြဿနာဖြစ်ခဲ့တယ်။ ပြည်သူ့တရားရုံးက အမှုကိုကြားနာပြီး ဟိုလူမှာအပြစ်ရှိတယ်လို့ ဆုံးဖြတ်စီရင်ခဲ့တယ်။ ဒါပေမဲ့ ဓမ္မဆရာက မျက်နှာလိုက်ပြီး သူ့ဘက်ကရပ်တည်ကာ အသင်းတော်တစ်ခုလုံးအရှေ့မှာ ကျွန်တော့်ကိုအပြစ်တင်ဖို့ကြိုးစားတယ်! ကျွန်တော့်စိတ်ထဲရှိသမျှ သူ့ကိုသွန်ချပြောဆိုလိုက်ပြီး ချာ့ချ်ကထွက်လာတယ်—တစ်ခါမှပြန်မသွားတော့ဘူး။

“အချိန်အတော်လေးကြာပြီးတဲ့နောက် ကျွန်တော့်အိမ်ကို ယေဟောဝါသက်သေတွေရောက်လာတယ်။ အစကတော့ ဘုရားသခင်အကြောင်းပြောတဲ့လူတွေကို ကျွန်တော်မနှင်ချင်တဲ့အတွက်ကြောင့် နားထောင်ရုံပဲနားထောင်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ပရက်စ်ဘီတီရီးယန်း တစ်ယောက်ဖြစ်တာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး ကျွန်တော်မသိတာတွေအများကြီးရှိတယ်ဆိုတာ သတိပြုမိလာတယ်။ ဥပမာအနေနဲ့ သမ္မာကျမ်းစာမှာ ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကမ်းလှမ်းထားကြောင်းကို ကျွန်တော်တစ်ခါမှမသိခဲ့ဘူး။b အဲဒီအပြင် ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကိုစတက်တဲ့အခါ သူတို့ပြုမူပြောဆိုပုံတွေနဲ့ အထူးသဖြင့် လူငယ်တွေရဲ့ဝတ်စားဆင်ယင်ပုံက ကျွန်တော့်ကိုတော်တော်စွဲမှတ်စရာဖြစ်စေခဲ့ပါတယ်။ ဒီလူတွေက သမ္မာကျမ်းစာမူတွေအတိုင်း တကယ်နေထိုင်တဲ့သူတွေပဲ!”

သို့ရာတွင် ‘သမ္မာတရားကိုဝယ်ယူခြင်း’ ကသူ့ဘဝအသက်တာတွင် ကြိုးပမ်းဆောင်ရွက်ရသည့် ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ဖို့လိုအပ်ခဲ့သည်။ ဂေါ်ဒွင်က ဤသို့ပြန်ပြောပြသည်– ကျွန်တော်ဟာ မစောနစ်ခ်လော့ဂ်ျအသင်းသားတစ်ဦးဖြစ်တယ်။ သူ့အသင်းသားတွေကို အကူအညီပေးတဲ့ ညီရင်းအစ်ကိုအဖွဲ့အစည်းတစ်ခုအဖြစ် အဲဒီအသင်းကိုလူတွေက သိမြင်ကြပေမဲ့ ကျွန်တော်ဟာ ဦးခေါင်းခွံတွေ၊ အရိုးတွေနဲ့ နတ်ဆိုးတွေကူညီဖို့ တိုင်တည်တာတွေပါဝင်တဲ့ ပူဇော်ပွဲအခမ်းအနားတွေကို ဆင်ယင်ကျင်းပခဲ့ရပါတယ်။ ဒီနတ်ဆိုးတွေက သူတို့နဲ့ပူးပေါင်းတဲ့သူတွေကို ဝိညာဉ်ရေးအရတိုးတက်အောင် အကူအညီပေးလေ့ရှိတယ်လို့ဆိုကြတယ်”။

“နတ်ဝိဇ္ဇာအတတ်ဟာ လူတစ်ဦးကို စာတန်နဲ့သူ့ရဲ့ဆိုးယုတ်တဲ့နာမ်ဝိညာဉ်စွမ်းအားစုရဲ့ လွှမ်းမိုးမှုအောက် ရောက်စေနိုင်တဲ့အတွက်ကြောင့် အဲဒီအတတ်နဲ့ပတ်သက်မှုမှန်သမျှကို ယေဟောဝါဘုရားသခင် စက်ဆုပ်ရွံရှာတယ်ဆိုတာ ကျွန်တော်လေ့လာခဲ့တဲ့အကြောင်းတွေက သိမြင်လာစေတယ်။c မစောနစ်ခ်လော့ဂ်ျ အသင်းသားတစ်ယောက်အဖြစ် အဲဒီအသင်းရဲ့ ခက်ခဲနက်နဲရာတွေအားလုံးနဲ့ ဆက်ပတ်သက်နေမလား ဒါမှမဟုတ် အဲဒီကထွက်ပြီး ယေဟောဝါရဲ့သဘောတော်နဲ့တွေ့အောင်လုပ်မလား။ ဒုတိယတစ်ခုကို ကျွန်တော်ရွေးချယ်လိုက်တယ်။ ကျွန်တော့်မှာရှိတဲ့ ပသျှူးခေါင်းဖြတ်အသင်းရဲ့ ကိရိယာတန်ဆာပလာအားလုံးနဲ့ အသင်းအစည်းအဝေးမှာဝတ်တဲ့ဝတ်စုံကိုတောင် ကျွန်တော်ဖျက်ဆီးလိုက်တယ်။ ‘သမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်!’ ဆိုတဲ့ ယေရှုကတိတော်ရဲ့အမှန်တရားကို ကျွန်တော်တွေ့ကြုံရပါတယ်! (ယောဟန် ၈:၃၂) အခုဆိုရင် ကျွန်တော်သိရှိခဲ့တဲ့အရာတွေကို တခြားသူတွေကို ပျော်ရွှင်စွာဝေမျှပေးနေပါတယ်။ ကျွန်တော့်မှာ ဝမ်းနည်းစရာအကြောင်း ဘာမှမရှိပါဘူး။”

“သမ္မာတရားကိုဝယ်ယူ” ရန်အတွက် နှလုံးရိုးဖြောင့်သူ ထောင်ပေါင်းများစွာတို့သည်လည်း အလားတူ အကြီးအကျယ်အနစ်နာခံခဲ့ကြ၏။ ဤတွင်တင်ပြထားသော ခရစ်ယာန်သုံးဦးကဲ့သို့ပင် သူတို့ပြောင်းလဲမှုလုပ်ခဲ့ရာများအတွက် ဝမ်းမနည်းကြချေ။ ကျမ်းစာသမ္မာတရားက သူတို့ကို “အမှန်အစစ်ဖြစ်သောအသက်ကို ကိုင်ယူလိုသောငှာ လာလတ္တံ့သောကာလအတွက် ကောင်းသောအခြေအမြစ်ကို” ပေးထားပါသည်။ (၁ တိမောသေ ၆:၁၉၊ သမ္မာ) သင်သည် “သမ္မာတရားကိုဝယ်ယူ” မည်ဆိုလျှင် “အမှန်အစစ်ဖြစ်သောအသက်” အပြင် ယင်းနှင့်အတူလိုက်ပါလာသည့် ကောင်းချီးများအားလုံးသည်လည်း သင့်ကိုယ်ပိုင်ထာဝစဉ် ဖြစ်နိုင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

a ထပ်ဆင့်အကြောင်းအရာများအတွက် နယူးယောက်၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလော [လိပ်] ဟူသည့်စာအုပ်ကိုကြည့်ပါ။

b ဥပမာ ဆာလံ ၃၇:၉-၁၁၊ ၂၉ ရှု။

c တရားဟောရာ ၁၈:၁၀-၁၂ နှင့် ဂလာတိ ၅:၁၉-၂၁ ရှု။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

နသယ်နရယ်လ်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဂေါ်ဒွင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ