ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၂/၁ စာ. ၂၅-၂၈
  • မြင့်မြတ်သောလုပ်ဆောင်မှုအတွက် အဖိုးထိုက်သောဆုလာဘ်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင့်မြတ်သောလုပ်ဆောင်မှုအတွက် အဖိုးထိုက်သောဆုလာဘ်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာသမ္မာတရားကို ကျွန်တော်သင်ယူခဲ့
  • ဝိညာဉ်ရေးရာကောင်းချီးများ
  • တိုးချဲ့ရန်အတွက် အုတ်မြစ်များ
  • စစ်ကာလအတွင်း စည်းဝေးကြီး
  • လက်စတာ၏ တစ်မူထူးသောနှစ်ပတ်လည်အစည်းအဝေး
  • ၁၉၉၈ ခုနှစ် “ဘုရားသခင်၏အသက်လမ်း”ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ၁၉၉၅ “ရွှင်လန်းသောချီးမွမ်းသူများ” ခရိုင်စည်းဝေးပွဲကြီး
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ၁၉၉၃ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲမှ အကျိုးအပြည့်အဝ ခံစား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဘုရားရေးရာ လန်းဆန်းမှုရမယ့်သုံးရက်တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၂/၁ စာ. ၂၅-၂၈

မြင့်မြတ်သောလုပ်ဆောင်မှုအတွက် အဖိုးထိုက်သောဆုလာဘ်များ

ဟယ်ရီ ဘလူရ်ပြောပြသည်

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က ကျွန်တော့်အဖိုးဟာ မက်သဒစ်ချာ့ချ်ရဲ့ စွဲမြဲတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တယ်။ အဖိုးဟာ အင်္ဂလန်နိုင်ငံရဲ့ မြေထည်လုပ်တဲ့ စတုတ်ခ်အောန်ထရန်တ်မြို့လေးက ဝတ်ပြုကျောင်းအတော်များများကို ရက်ရက်ရောရောထောက်ပံ့ပေးခဲ့တဲ့၊ လေးစားခံရတဲ့ လူဝတ်ကြောင် တရားဟောဆရာတစ်ဦးလည်းဖြစ်တယ်။ အဲဒီနောက် အဖိုးဟာ ငွေရေးကြေးရေး အတော့ကိုခက်ခဲခဲ့တယ်။ အဖိုးကိုကူညီပေးဖို့အတွက် ကျွန်တော့်အဖေက ရွာထဲမှာ ဈေးဆိုင်ငယ်လေးတစ်ခုဖွင့်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒီဈေးဆိုင်က ဘီယာရောင်းခွင့်လိုင်စင်ရှိတာကို မက်သဒစ်ကလူတွေသိတဲ့အခါ အဖိုးကို ချက်ချင်းပဲကြဉ်လိုက်တယ်။

အဖေက ဒေါသအရမ်းထွက်ပြီး ဘာသာရေးနဲ့ ဘယ်တော့မှမပတ်သက်တော့ဘူးလို့ အဓိဋ္ဌာန်ပြုခဲ့ပြီး—သူ့စကားအတိုင်း သူနေခဲ့တယ်။ အဖေဟာ ရဲသားဖြစ်ပေမဲ့ နောက်ပိုင်းမှာ ထမင်းဆိုင်ပိုင်ရှင်ဖြစ်လာခဲ့တယ်။ ဒါကြောင့် ကျွန်တော်ဟာ အဲဒီနေရာရဲ့အနံ့တွေ၊ ဆေးလိပ်ငွေ့တွေကြားထဲမှာ ကြီးပြင်းလာခဲ့ရတယ်။ ဘာသာတရားဟာ ကျွန်တော့်ဘဝမှာ လုံးဝအကျုံးမဝင်ခဲ့ပေမဲ့ ချပ်ပြားအပေါ်ကစားနည်းအများစုမှာတော့ ကျွန်တော်ကျွမ်းကျင်လာသလား မပြောနဲ့! ကျွန်တော်ဟာ ကျမ်းစာကိုသိပ်နားမလည်ပေမဲ့ အဖိုးရဲ့အစောပိုင်းသြဇာကြောင့် ကျမ်းစာကိုအတော်လေးစားတယ်။

ကျမ်းစာသမ္မာတရားကို ကျွန်တော်သင်ယူခဲ့

ကျွန်တော်အသက် ၂၄ နှစ်ရှိတဲ့ ၁၉၂၃ ခုနှစ်ကျတော့ အရှေ့ဘက်နော့တင်းဟမ်မြို့ကို ပြောင်းရွှေ့ခဲ့ပြီး ၂၅ မိုင်လောက်ကွာဝေးတဲ့ လက်စတာအနောက်တောင်ဘက် ဝှက်စတုန်းရွာက မေရီကိုပိုးပန်းခဲ့တယ်။ သူမရဲ့အဖေ အာသာရ် ရဲ့တ်စ်က ဒေသဝတ်ပြုကျောင်းတစ်ခုမှာ အော်ဂင်တီးသူဖြစ်ခဲ့ပေမဲ့ အခုသူဟာ အဲဒီတုန်းက ကျမ်းစာကျောင်းသားလို့ လူသိများတဲ့ ထက်သန်တဲ့ယေဟောဝါသက်သေတစ်ယောက်ဖြစ်နေတယ်။ အာသာရ်ဟာ သူ့ရဲ့ယုံကြည်ခါစခံယူချက်တွေကို ကျွန်တော့်ကို တစ်ချိန်လုံးပြောပြခဲ့တယ်—မအောင်မြင်ပါဘူး။ ကျော်ကြားတဲ့နှစ်ခြင်းဘာသာဝင်ဖြစ်တဲ့ လွှတ်တော်အဖွဲ့ဝင်တစ်ဦးရဲ့ဟောပြောချက်ကို နားထောင်ဖို့ ၁၉၂၄၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ ဒေသနှစ်ခြင်းဝတ်ပြုကျောင်းကို သူနဲ့အတူလိုက်သွားတဲ့အခါ ကျွန်တော်စစိတ်ဝင်စားလာခဲ့တယ်။ သူဟောပြောခဲ့တဲ့ “ပါစတာရပ်စယ်လ်၏သွန်သင်ချက်များကို ကျမ်းစာအလင်းဖြင့် စစ်ဆေးခြင်း” ဆိုတဲ့အကြောင်းအရာက ကျွန်တော့်အတွက် စိတ်ဝင်စားစရာဖြစ်ခဲ့တယ်။ အဲဒီတုန်းက မှတ်ထားတဲ့မှတ်စုတွေ ခုထိရှိသေးတယ်။

ကျမ်းစာကျောင်းသားတွေဟာ မိမိတို့ရဲ့ယုံကြည်ချက်တွေ တိုက်ခိုက်ခံရတဲ့အတွက် ပြန်လည်ချေပခွင့်တောင်းဆိုချက်ကို နှစ်ခြင်းတွေက ငြင်းပယ်ခဲ့ကြတယ်။ ဒါကိုကျွန်တော်ဒေါသထွက်ပြီး တခြားတစ်နေရာရာမှာ တွေ့ဆုံစည်းဝေးဖို့ စီစဉ်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အနီးမှာရှိတဲ့စပါးကျီတစ်ခုကို အသုံးပြုဖို့စိတ်ကူးရခဲ့တယ်။ အဲဒီနေရာကို ရှင်းနေအောင် တံမြက်စည်းလှည်း၊ ပင့်ကူအိမ်တွေကို ဖယ်ပစ်၊ ကောက်ခြွေစက်တွေကို တစ်ဖက်ကိုတွန်းပို့ပြီးတဲ့နောက် အားလုံးအဆင်သင့်ဖြစ်ခဲ့တယ်။ ထိုင်ခုံအလုံး ၇၀ စုဆောင်းခဲ့ပြီး ဝေစာတွေကို ပုံနှိပ်ခဲ့တယ်။

ဟောပြောချက်ပေးဖို့ လက်စတာကနေ ဖရန့်ခ် ဖရီးယားရောက်လာချိန်မှာ ထိုင်ခုံအားလုံးပြည့်သွားတဲ့အပြင် နောက်ထပ်လူ ၇၀ မတ်တတ်ရပ်နေခဲ့ကြရတယ်! ကျမ်းချက်တွေကနေရှင်းပြသွားတဲ့ ဖရန့်ခ်ရဲ့ရှင်းလင်းတဲ့အကြောင်းအရာကို ကျွန်တော်သဘောကျခဲ့ပြီး ရောက်ရှိနေတဲ့ တခြားသူတွေလည်း အလားတူပါပဲ။ အဲဒီအချိန်ကနေစပြီး လက်စတာအနီး ဘလေးဘီမှာရှိတဲ့ကျမ်းစာကျောင်းသားတွေရဲ့ အသင်းတော်ငယ်လေးဟာ အမြန်တိုးတက်လာခဲ့တယ်။ အဲဒီအချိန်ဟာ မေရီရဲ့ဘဝအသက်တာရော ကျွန်တော်ရဲ့ဘဝအတွက်မှာပါ အလှည့်အပြောင်းဖြစ်ခဲ့တယ်။ ၁၉၂၅ ခုနှစ်မှာ ကျွန်တော်တို့နှစ်ယောက်စလုံး ယေဟောဝါကို ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းယူခဲ့ကြတယ်။ အဲဒီနောက် ကျွန်တော်တို့လက်ထပ်လိုက်ကြတယ်။

ဝိညာဉ်ရေးရာကောင်းချီးများ

နောက်တစ်နှစ်မှာ ဘလေးဘီအသင်းတော်ရဲ့လုပ်ငန်းတော်ဒါရိုက်တာအဖြစ် ကျွန်တော်ခန့်အပ်ခံခဲ့ရတယ်။ ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ ကော်လ်ပေါ်တာတွေရဲ့လမ်းစဉ်ကိုလိုက်ပြီး အချိန်ပြည့်ဧဝံဂေလိဟောပြောသူတွေဖြစ်ချင်ကြပေမဲ့ မေရီရဲ့ကျန်းမာရေးက အင်တိုက်အားတိုက်လုပ်ဆောင်ရတဲ့အစီအစဉ်ကို လိုက်နိုင်ဖို့ခွင့်မပြုဘူးဆိုတာ မကြာခင်မှာသိလာခဲ့ကြရတယ်။ သူမဟာ ချူချာပေမဲ့ သေဆုံးသွားတဲ့ ၁၉၈၇ ခုနှစ်အထိ ကျွန်တော့်ရဲ့အဖော်ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် အလွတ်သဘောသက်သေခံတာ၊ ကျမ်းစာသင်အံမှုစတာတို့မှာ တကယ့်ကိုကျွမ်းကျင်ခဲ့တယ်။ ညတိုင်းပဲ ကျွန်တော်တို့ဟာ အစည်းအဝေးတွေကို တက်ရင်တက်မတက်ရင် အိမ်နီးနားချင်းတွေနဲ့ ကျမ်းစာသမ္မာတရားတွေကို ဝေမျှခဲ့ကြတယ်။

ကျွန်တော်ဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သစ်စက်ကိရိယာတွေထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့တယ်။ ကျွန်တော်ရဲ့အလုပ်က ဗြိတိန်နဲ့ပြင်သစ်တစ်ခွင် ကျယ်ကျယ်ပြန့်ပြန့်ခရီးသွားရတဲ့အတွက် ကျွန်တော်နဲ့အတူ မေရီအမြဲတမ်းလိုက်ပါခဲ့တယ်။ ဒီခရီးတွေက ကျယ်ကျယ်ပြန့်ပြန့်သက်သေခံဖို့ အခွင့်အရေးတွေရရှိစေခဲ့တယ်။

တိုးချဲ့ရန်အတွက် အုတ်မြစ်များ

ဘလေးဘီမှာ တကယ်ကောင်းတဲ့အစည်းအဝေးခန်းမတစ်ခုကို ၁၉၂၅ ခုနှစ်မှာ ကျွန်တော်တို့ဆောက်လုပ်ခဲ့ကြပြီး အဲဒီကနေ ထိရောက်တဲ့သက်သေခံခြင်းအစီအစဉ်တစ်ခုကို ကျွန်တော်တို့ဖွဲ့စည်းခဲ့ကြတယ်။ တနင်္ဂနွေမနက်တိုင်းမှာ ဘတ်စကားတစ်စီးငှားပြီး နေရာအနှံ့ပြန့်ကြဲနေတဲ့ရွာတွေနဲ့ မြို့ငယ်လေးတွေဆီကို ကျွန်တော်တို့သွားခဲ့ကြတယ်။ ဟောပြောကြဖို့ ကြေညာသူတွေကို လမ်းတစ်လျှောက်မှာချပေးခဲ့ကြပြီးနောက် အပြန်ခရီးမှာ ဘတ်စကားနဲ့ သူတို့ကိုပြန်ခေါ်တင်လာခဲ့ကြတယ်။ ပူအိုက်တဲ့နွေရာသီလတွေမှာ မကြာခင်ကထုတ်ဝေတဲ့ ကင်းမျှော်စင်တစ်စောင်ကို အသုံးပြုပြီး တနင်္ဂနွေညနေစောင်းမှာ ကျမ်းစာသင်အံမှုကို ပြုလုပ်ခဲ့ကြတယ်။ အဲဒီနောက် ရှစ်နာရီမှာ လူထုတရားဟောပြောပွဲကို လက်စတာဈေးလဟာပြင်မှာ ကျွန်တော်တို့ကျင်းပခဲ့ကြတယ်။ တစ်ညမှာ လူ ၂၀၀ နားထောင်ခဲ့တယ်။ ဒီလှုပ်ရှားမှုက အခု လက်စတာနဲ့အနီးဝန်းကျင်မှာရှိတဲ့ အသင်းတော်များစွာအတွက် အုတ်မြစ်တွေချပေးခဲ့တယ်။

၁၉၂၆ ခုနှစ်မှာ တစ်ခေတ်ဆန်းစေတဲ့ စည်းဝေးကြီးတစ်ခုကို လန်ဒန်မြို့ရဲ့ အဲလက်ဇန္ဒရားနန်းတော်နဲ့ ရွိုင်းရယ်လ်အယ်လ်ဘတ်ခန်းမတွေမှာ ပြိုင်တူကျင်းပခဲ့တယ်။ အဲဒီတုန်းက ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ ဂျိုးဇက်ဖ် အက်ဖ်. ရပ်သဖော့ဒ်က ကယ်တင်ခြင်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ “လောကီအုပ်ချုပ်သူများထံ သက်သေခံချက်တစ်ရပ်” ဆိုတဲ့အဓိဋ္ဌာန်နဲ့ ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ တန်ခိုးပါတဲ့လူထုဟောပြောချက်ဖြစ်တဲ့ “လောကီအာဏာစက်များသည် အဘယ်ကြောင့်ယိမ်းယိုင်နေသနည်း—ယင်း၏ကုထုံး” တွေကို နောက်တစ်နေ့ကျတော့ နာမည်ကြီးသတင်းစာထဲမှာ အပြည့်ဖော်ပြခဲ့တယ်။ လူထုဟောပြောချက်ကို လူပေါင်း ၁၀,၀၀၀ မကနားထောင်ခဲ့ကြပြီး နောက်ပိုင်းမှာ အဓိဋ္ဌာန်ရဲ့စာစောင် ၅၀,၀၀၀,၀၀၀ ကိုကမ္ဘာတစ်ဝန်းမှာ ဝေငှခဲ့တယ်။ ဒီစည်းဝေးကြီးက ဗြိတိန်မှာ ဟောပြောခြင်းလုပ်ငန်းကို အရှိန်တိုးမြှင့်စေခဲ့တယ်။

စစ်ကာလအတွင်း စည်းဝေးကြီး

၁၉၃၉၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ပြီး ၁၉၄၁ ခုနှစ်မှာ စစ်ပွဲဟာ အပြင်းထန်ဆုံးဖြစ်နေတယ်။ နေ့ရောညပါ ဂျာမန်တွေ ဗုံးကြဲတိုက်ခိုက်နေပြီး တစ်တိုင်းပြည်လုံးကို အမှောင်ချထားခဲ့တယ်။ အစာရေစာရှားပါးတဲ့အတွက် ရှိတဲ့အစာကို ခွဲတမ်းနဲ့တိတိကျကျ ဝေပေးခဲ့တယ်။ ရထားနဲ့တောင် ခရီးမသွားနိုင်လောက်အောင် လမ်းပန်းဆက်သွယ်ရေးကို ကန့်သတ်ထားတယ်။ ဒီလိုမကျော်လွှားနိုင်တဲ့ပုံဖြစ်နေတဲ့ အတားအဆီးတွေကြားမှာပဲ ၁၉၄၁၊ စက်တင်ဘာ ၃-၇ ရက်၊ ငါးရက်ကြာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ကျင်းပခဲ့ကြတယ်။

လက်စတာဟာ အင်္ဂလန်နိုင်ငံရဲ့ ဗဟိုမှာရှိတဲ့အတွက်ကြောင့် လက်စတာရဲ့ဒီမော့န်တ်ဖတ်ခန်းမကို စည်းဝေးကြီးကျင်းပဖို့နေရာအဖြစ် ရွေးချယ်ခဲ့ကြတယ်။ ကျွန်တော်က သစ်လုပ်ငန်းမှာလုပ်ကိုင်တဲ့အတွက် ကြော်ငြာဆိုင်းဘုတ်တွေလုပ်တဲ့ဌာနမှာ ကူညီပေးနိုင်ခဲ့တယ်။ စည်းဝေးကြီးကို တက်ရောက်သူတွေအတွက် ဒေသအတွင်းသွားလာရေးကိုလည်း ကျွန်တော်စီစဉ်ပေးခဲ့ရတယ်။ လက်မှတ်တွေကို ကြိုတင်ဝယ်ပေးထားပြီး ပုံမှန်ဈေးနှုန်းထက် ပိုပေးထားတဲ့အတွက် တနင်္ဂနွေနေ့မှာတောင် လက်စတာဓာတ်ရထားတွေ ပြေးဆွဲပေးခဲ့ပါတယ်။

သွားလာရေးကို ကန့်သတ်ထားတဲ့အတွက် သက်သေခံအယောက် ၃,၀၀၀ လောက်သာလာကြမယ်လို့ ကျွန်တော်တို့မျှော်လင့်ခဲ့တယ်။ ကိုယ်စားလှယ် ၁၀,၀၀၀ ကျော်ရှိမယ်လို့သိရတဲ့အခါ ဘယ်လောက်စိတ်လှုပ်ရှားခဲ့တယ်ဆိုတာကို စဉ်းစားကြည့်ပါ! ဒါပေမဲ့ သူတို့ဘယ်နေရာမှာနေကြမလဲ။ လက်စတာမြို့သားတွေက သူတို့ရဲ့အိမ်မှာတည်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါ့အပြင် လူတစ်ထောင်လောက်ကို စည်းဝေးကြီးနေရာကနေ နှစ်မိုင်ဝေးတဲ့လယ်ကွင်းတစ်ခုမှာ ရွက်ဖျင်တဲတွေထိုးပေးပြီး နေရာချထားပေးခဲ့ရတယ်။ ဂိဒေါင်စခန်းလို့ ကျွန်တော်တို့ခေါ်ခဲ့ကြတဲ့ အဲဒီနေရာဟာ ရပ်ကွက်ထဲမှာ အတော်လှုပ်ရွမှုဖြစ်စေခဲ့တယ်။

စည်းဝေးကြီးဌာနတွေအသုံးပြုဖို့နဲ့ ပြည့်လျှံနေတဲ့လူအုပ်တွေအတွက် နေရာချပေးဖို့ အဖြူရောင်ရွက်ဖျင်တဲကြီးတွေကို ငှားခဲ့တယ်။ အဖြူရောင်ရွက်ဖျင်တဲကြီးတွေက လသာတဲ့အချိန်မှာ နာဇီတွေဗုံးကြဲဖို့ ပစ်မှတ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆုံးဖြတ်ကြတာနဲ့ တဲတွေကို မြန်မြန်ဆန်ဆန်ပဲ ပုံပြောင်းလိုက်ခဲ့ကြတယ်။ စစ်ဖြစ်နေတဲ့အပြင် အထူးသဖြင့် သက်သေခံတွေက စစ်ထဲမှာမပါဝင်ကြတဲ့အတွက် ပြည်သူတွေက စိတ်ဝင်စားနေကြတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရဲ့ကျမ်းစာအခြေခံတဲ့ ကြားနေခြင်းကြောင့် သက်သေခံရာနဲ့ချီ အကျဉ်းချခံနေရကြတယ်။—ဟေရှာယ ၂:၄; ယောဟန် ၁၇:၁၆။

၁၉၄၁၊ စက်တင်ဘာ ၇ ရက်ထုတ် ဆန်းဒေး ပစ်တိုရီယယ်လ် သတင်းစာက ဒီလိုမှတ်တမ်းတင်ခဲ့တယ်– “အများစုမှာ လူငယ်များဖြစ်သည့်လူ ၁၀,၀၀၀ တို့သည် စစ်အကြောင်းကို စကားမစပ်ပြောရုံမှလွဲ၍မပြောဆိုကြဘဲ တစ်ပတ်လုံးလုံး ဘာသာတရားအကြောင်းကိုသာ ပြောဆိုဆွေးနွေးနေကြခြင်းသည် အံ့အားသင့်စရာဖြစ်ပါသည်။

“ဂျာမနီတွင် သက်သေခံအသင်းသားများရှိသလောဟု ကျွန်တော်မေးခဲ့သည်။ ရှိသည်ဟုကျွန်တော်သိရှိရပြီး သူတို့အားလုံးနီးပါး ၆,၀၀၀ ခန့်သည် ချွေးတပ်စခန်းများတွင်ရှိနေကြောင်း ကြားသိရ၏။”

သတင်းထောက်က ဆက်ပြီးဒီလိုသတင်းပေးခဲ့တယ်– “နာဇီတို့သည် ရန်သူများဖြစ်သည်မှန်၏၊ သို့သော် သက်သေခံများသည် ဝေစာများရောင်း၍ ဟောပြောချက်များကို နားထောင်သည်မှတစ်ပါး သူတို့ကို မတိုက်ခိုက်ကြပါ။”

ကျွန်တော်တို့နဲ့ပတ်သက်ပြီး သတင်းစာတွေက ယေဘုယျအားဖြင့် အပျက်သဘောရေးသားခဲ့ကြတယ်။ ဆန့်ကျင်သူတွေက ကျွန်တော်တို့ရဲ့စည်းဝေးကြီးကိုဖျက်ဖို့ အကြမ်းဖက်ပြုလုပ်တဲ့အထိ ကြိုးစားခဲ့ကြသေးတယ်။ ဒါပေမဲ့ လန်ဒန်ရဲ့ ဒေးလီးမေးလ်သတင်းစာက မရှုစိတ်နဲ့ဒီလိုဝန်ခံခဲ့တယ်– “ဖွဲ့စည်းဆောင်ရွက်မှုသည် ချောမွတ်၍ မပေါ်လွင်ဘဲ စွမ်းဆောင်နိုင်စွမ်းရှိသည်။”

မြို့ထဲမှာ စီးကရက်ရှားတာဟာ ကျွန်တော်တို့ကြောင့်လို့ စွပ်စွဲခဲ့ကြတယ်။ ဒါပေမဲ့ သည်ဒေးလီးမေးလ်ကဒီလိုရှင်းပြခဲ့တယ်– “လက်စတာမြို့နှင့် ဆေးရွက်ကြီးကို ထိန်းချုပ်သည့်အဖွဲ့ကပါ သက်သေခံများသည် လက်စတာမြို့၏စီးကရက်ကို သောက်ပစ်လိုက်ပြီဟု မမြည်တမ်းနိုင်ပါ။ သူတို့သည် ဆေးလိပ်မသောက်ကြပါ။” ဒါ့အပြင် သက်သေခံတွေက သူတို့နဲ့အတူ ရိက္ခာအများစုကို သယ်ဆောင်လာတယ်လို့ ရှင်းပြလိုက်တဲ့အခါ သက်သေခံတွေကြောင့် ဒေသခံတွေငတ်ရတယ်ဆိုတဲ့ မြည်တမ်းမှုကိုလည်း ပြေပျောက်စေနိုင်ခဲ့တယ်။ တကယ်တော့၊ စည်းဝေးကြီးပြီးသွားတဲ့အခါမှာ လက်စတာတော်ဝင်လူအိုရုံကို လေးပေါင်ရှိတဲ့ပေါင်မုန့်လုံး ၁၅၀ လှူဒါန်းခဲ့တယ်—အစာရေစာရှားပါးနေတဲ့ အဲဒီအချိန်မှာ အဲဒါဟာ တကယ်များတဲ့အလှူတစ်ခုဖြစ်ပါတယ်။

ဗြိတိန်မှာရှိတဲ့သက်သေခံ ၁၁,၀၀၀ လောက်အတွက် အဲဒီစည်းဝေးကြီးက ဝိညာဉ်ရေးဘက်မှာ အရမ်းအားရှိစေခဲ့တယ်။ ၁၂,၀၀၀ လောက်တက်ရောက်ကြတဲ့အတွက် ရင်ဖိုစရာပါပဲ! လက်စတာမှာ တစ်ခါမှမကြုံဖူးတဲ့အတိုင်းအတာနဲ့ လမ်းပေါ်ရပ်သက်သေခံကြတာကို စည်းဝေးကိုယ်စားလှယ်တွေက ရွှင်လန်းအားရစွာလုပ်ကိုင်ကြပြီး ရပ်ဝေးကရွာတွေကိုသွားပြီး ဓာတ်စက်တွေနဲ့ သက်သေခံထွက်ခဲ့ကြတယ်။

စည်းဝေးကြီးရဲ့ အဓိကဟောပြောချက်တွေက ယူ.အက်စ်.အေ မစ်ဇူရီပြည်နယ် စိန့်လူးဝစ္စမြို့မှာကျင်းပခဲ့တဲ့ ယေဟောဝါသက်သေတွေရဲ့ ငါးရက်စည်းဝေးကြီးမှာပေးခဲ့တဲ့ အရင်လကအသံသွင်းထားတဲ့ဟောပြောချက်တွေဖြစ်တယ်။ အသံသွင်းထားတဲ့ ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ “ရှင်ဘုရင်၏ကလေးများ” ဆိုတဲ့ဟောပြောချက်က စည်းဝေးကြီးမှာအပေါ်လွင်ဆုံးဖြစ်ခဲ့တယ်။ စိန့်လူးဝစ္စမှာ ထုတ်လိုက်တဲ့ကလေးများ စာအုပ်တွေကို မတင်သွင်းနိုင်တဲ့အတွက် နောက်ပိုင်းမှာ ဗြိတိန်မှာပဲ အဲ့ဒီစာအုပ်ကို အထူးအဖုံးပျော့စာအုပ်ပုံစံနဲ့ ထုတ်ဝေခဲ့တယ်။ စည်းဝေးကြီးကို တက်ရောက်ခဲ့တဲ့ ကလေးတွေအားလုံးဆီ အဲ့ဒီစာအုပ်ကို တစ်အုပ်ကျစီပေးပို့ခဲ့တယ်။

လက်စတာ၏ တစ်မူထူးသောနှစ်ပတ်လည်အစည်းအဝေး

စစ်ပြီးတဲ့နောက် ဗြိတိန်မှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတွေ ကြီးထွားလာပုံဟာ အံ့ဩစရာပါပဲ! ၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်း လက်စတာမှာ အသင်းတော်ဆယ်ခုအထိ တိုးများလာနေခဲ့ပြီ။ ၁၉၈၃ ခုနှစ်ကျရင် လက်စတာမှာ ကင်းမျှော်စင်၊ သမ္မာကျမ်းစာနဲ့ဝေစာအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပဖို့ဆုံးဖြတ်ခဲ့တဲ့ ယေဟောဝါသက်သေတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့ဆီက သတင်းကိုကျွန်တော်တို့ကြားခဲ့တယ်။ မကြာခင်မှာဘဲ ဒီမော့န်တ်ဖတ်ခန်းမကို ပြန်ငှားရတဲ့အပြင် ကြိုတင်ပြင်ဆင်ရတဲ့အလုပ်တွေနဲ့ လက်စတာမြို့ကြီးကြပ်မှူးအဖြစ် ကျွန်တော်အလုပ်များနေပါရော။

အဲဒီတုန်းက အသင်းမရဲ့ဘရွတ်ကလင်ဌာနချုပ်ကနေ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဆယ့်သုံးယောက်လာတယ်။ ဒီတစ်ခါတော့ ကမ္ဘာတစ်ဝန်းနဲ့ အထူးသဖြင့် သက်တမ်းကြာသူတွေဖြစ်တဲ့ ကိုယ်စားလှယ်စုစုပေါင်း ၃,၆၇၁ ယောက်နဲ့ခန်းမကိုပြည့်စေခဲ့တယ်။ ဒါ့အပြင် လူပေါင်း ၁,၅၀၀ လည်းအနီးအနားက စည်းဝေးခန်းမတစ်ခုမှာ အစီအစဉ်ကို ကြားနာခဲ့ကြတယ်။

စစ်ကာလ လက်စတာစည်းဝေးကြီးအတွင်း လန်ဒန်မြို့ရှိ ကင်းမျှော်စင်အသင်းရဲ့ဌာနခွဲရုံးကို ဦးစီးကြီးကြပ်ခဲ့သူအဲလ်ဘတ် ရှရိုဒါက ဒီနှစ်ပတ်လည်အစည်းအဝေးမှာ သဘာပတိဖြစ်ခဲ့တယ်။ ၁၉၄၁ ခုနှစ်စည်းဝေးကြီးကို ပြန်ညွှန်းပြီး ညီအစ်ကိုရှရိုးဒါက “အဲဒီတုန်းက တက်ရောက်ခဲ့တဲ့သူတွေ ဒီနေ့ကျွန်တော်တို့နဲ့အတူ ဘယ်နှစ်ယောက်ရှိပါသလဲ” လို့မေးခဲ့တယ်။ ပရိသတ်တစ်ဝက်ကျော်ကျော်က လက်ထောင်ခဲ့ကြတယ်။ “ဟာ! ခင်ဗျားတို့ သစ္စာရှိတဲ့၊ သစ္စာစောင့်သိတဲ့သူတွေအတွက် ပြန်ဆုံစည်းတဲ့နေ့ပါပဲ!” ဆိုပြီး သူအားရပါးရပြောခဲ့တယ်။ တကယ်ကိုမမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။

အခုကျွန်တော့်အသက် ၉၈ နှစ်အရွယ်မှာ အသင်းတော်အတွင်းရေးမှူးအဖြစ် အမှုထမ်းနေတုန်းဖြစ်ပြီး လူထုဟောပြောချက်တွေကို ထိုင်လျက်ဆက်ပေးနေပါတယ်။ ၁၉၈၇ ခုနှစ်မှာ မေရီကွယ်လွန်ပြီးနောက် မေရီနဲ့ကျွန်တော်နှစ်ချီ ရင်းနှီးခဲ့ကြတဲ့မုဆိုးမဘတ်တီးနာကို ကျွန်တော်လက်ထပ်ခဲ့တယ်။ ကာယရေးရော၊ စိတ္တရေးပါ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခံရတဲ့အတွက် ကျွန်တော်ကျေးဇူးတင်တယ်။ မေရီရဲ့ချူချာတဲ့ကျန်းမာရေးကြောင့်နဲ့ အခုကျွန်တော်ကိုယ်တိုင်အသက်ကြီးလာလို့ ဖြစ်ပေါ်ခဲ့တဲ့ကန့်သတ်မှုတွေကြားက မြင့်မြတ်တဲ့လုပ်ငန်းတော်မှာ လုပ်စရာများစွာရှိနေခြင်းဟာ အဖိုးထိုက်တဲ့ဆုလာဘ်တွေ အမြဲရရှိစေတယ်ဆိုတာကို ကျွန်တော်တွေ့ရှိခဲ့ရပါတယ်။—၁ ကောရိန္သု ၁၅:၅၈။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၂၀ ပြည့်လွန်နှစ်များ၌ ဓမ္မအမှုတွင်ပါဝင်ရန် အသင့်ရှိခဲ့ခြင်း

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

လက်စတာစည်းဝေးကြီးမှ မြင်ကွင်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ