ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၂/၁ စာ. ၁၅-၂၀
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြားသူများကို အဘယ်ကြောင့် ခွင့်လွှတ်ရသနည်း
  • “အချင်းချင်းသည်းခံ”
  • ဒဏ်ချက်များ ပို၍နက်လာသောအခါ
  • ခွင့်လွှတ်၍မရနိုင်ဟန် ရှိသောအခါ
  • အကြွင်းမဲ့ ခွင့်လွှတ်ကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • အဘယ်ကြောင့်ခွင့်လွှတ်လိုစိတ်ရှိသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခွင့်လွှတ်တယ်ဆိုတာ ဘာကိုပြောတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင့်စိတ်နှလုံးထဲမှ ခွင့်လွှတ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၂/၁ စာ. ၁၅-၂၀

‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’

“အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။”—ကောလောသဲ ၃:၁၃။

၁။ (က) ကျွန်ုပ်တို့သည် အခြားသူများကို ‘ခုနစ်ကြိမ်မြောက်အောင် ခွင့်လွှတ်’ ရမည်ဟုပေတရုကအကြံပြုရာတွင် မိမိသည် အလွန်သဘောထားကြီးနေပြီဟု သူအဘယ်ကြောင့်ယူမှတ်ရသနည်း။ (ခ) ယေရှုက “အကြိမ်ခုနစ်ဆယ့်ခုနစ်လီမြောက်အောင်” ခွင့်လွှတ်သင့်သည်ဟုမိန့်တော်မူရာ၌ ကိုယ်တော်ဘာကိုဆိုလိုသနည်း။

“သခင်၊ ညီအစ်ကိုသည်အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်တို့သည် သူ၏အပြစ်ကိုဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော။” (မဿဲ ၁၈:၂၁) ပေတရုသည် သူ၏အကြံပြုချက်နှင့်ပတ်သက်၍ အလွန်သဘောထားကြီးသည်ဟု မိမိကိုယ်ကိုထင်ပေမည်။ ထိုစဉ်က ရဗ္ဗိထုံးတမ်းစဉ်လာအရ လူတစ်ဦးသည် အပြစ်တစ်ခုတည်းကို သုံးကြိမ်ထက်မကပြုလျှင် ခွင့်မလွှတ်သင့်ဟုဆိုသည်။a ထို့ကြောင့် ယေရှုက “ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။ အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင် လွှတ်ရမည်ငါဆို၏” ဟုဖြေကြားသောအခါ ပေတရု၏အံ့အားသင့်မှုကို မြင်ယောင်ပါ! (မဿဲ ၁၈:၂၁၊ ၂၂) ထပ်တလဲလဲဖြစ်သောခုနစ်သည် “အကန့်အသတ်မဲ့” ဟုပြောခြင်းနှင့်ညီမျှသည်။ ယေရှု၏အမြင်တွင် ခရစ်ယာန်တစ်ဦးသည် အခြားသူများကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ခွင့်လွှတ်သင့်ပေသည်။

၂၊ ၃။ (က) အခြားသူများကို ခွင့်လွှတ်ရန် ခဲယဉ်းဟန်ရှိသည့် အခြေအနေအချို့ကား အဘယ်နည်း။ (ခ) အခြားသူများကို ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်ဖြစ်ကြောင်း အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။

၂ သို့သော် ထိုသွန်သင်ချက်ကို အမြဲတစေလိုက်လျှောက်ရန် လွယ်ကူမည်ကား မဟုတ်ချေ။ ကျွန်ုပ်တို့တွင် အဘယ်သူသည် မတရားသဖြင့်ပြုခံရခြင်းကို မနာကြည်းဘဲနေနိုင်မည်နည်း။ သင်ယုံကြည်စိတ်ချရသူတစ်ဦးက အတွင်းရေးကို ထုတ်ဖော်ခဲ့ပေမည်။ (သု. ၁၁:၁၃) ခင်မင်ရင်းနှီးသောမိတ်ဆွေတစ်ဦး၏ အဆင်ခြင်ကင်းမဲ့စွာပြောဆိုသောစကားများက ‘သင့်ကို သန်လျက်နှင့်ထိုးသကဲ့သို့’ ဖြစ်ချေမည်။ (သု. ၁၂:၁၈) သင်ချစ်မြတ်နိုးသော သို့မဟုတ် ယုံကြည်ကိုးစားသော သူတစ်ဦးက သင့်ကိုမတော်မတရားပြုမူဆက်ဆံခဲ့ခြင်းကြောင့် စိတ်နာကြည်းနေပေမည်။ ထိုသို့သောအရာများ ဖြစ်သောအခါ ကျွန်ုပ်တို့၏ပင်ကိုသဘာဝတုံ့ပြန်မှုမှာ ဒေါသထွက်ခြင်းဖြစ်ပေမည်။ ပြစ်မှားသူကို စကားမပြောလိုစိတ်ဖြစ်ပေါ်ပြီး ဖြစ်နိုင်သည့်အခါတိုင်း သူ့အား ရှောင်ရှားပေမည်။ သူကိုခွင့်လွှတ်လိုက်ခြင်းက ကျွန်ုပ်တို့အပေါ်ပြုသည့်အမှားအတွက် ဒဏ်မခတ်ဘဲလွှတ်လိုက်သလို ဖြစ်ပုံပေါက်ပေမည်။ သို့သော် နာကြည်းစိတ်ကိုမွေးမြူထားခြင်းဖြင့် အဆုံးတွင် မိမိကိုယ်ကိုသာ ထိခိုက်စေသည်။

၃ ထို့ကြောင့် ယေရှုက “အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင်” ခွင့်လွှတ်ရန် ကျွန်ုပ်တို့ကို သွန်သင်ပေးတော်မူခြင်းဖြစ်သည်။ ကိုယ်တော်၏သွန်သင်ချက်များက ဘယ်တော့မျှ ကျွန်ုပ်တို့ကို အကျိုးယုတ်စေမည်မဟုတ်သည်မှာ သေချာ၏။ ကိုယ်တော်သွန်သင်ပေးရာအားလုံးသည် ‘ကျွန်ုပ်တို့၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်ပေးတော်မူသော’ ယေဟောဝါထံတော်မှ အရင်းခံပါသည်။ (ဟေရှာယ ၄၈:၁၇; ယောဟန် ၇:၁၆၊ ၁၇) ဆင်ခြင်တုံတရားအရ အခြားသူများကို ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏ကောင်းကျိုးအတွက်ပင် ဖြစ်ရပေမည်။ အဘယ်ကြောင့်ခွင့်လွှတ်သင့်ကြောင်းနှင့် မည်သို့ခွင့်လွှတ်နိုင်ကြောင်းကို ကျွန်ုပ်တို့မဆွေးနွေးမီ ခွင့်လွှတ်ခြင်းဟူသည် အဘယ်အရာဖြစ်ကြောင်း၊ အဘယ်အရာမဟုတ်ကြောင်းကို ဦးဆုံးရှင်းလင်းတင်ပြခြင်းက အကူအညီဖြစ်ပေမည်။ ခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့သဘောထားပုံက အခြားသူများ ကျွန်ုပ်တို့ကိုပြစ်မှားသောအခါ မိမိတို့၏ခွင့်လွှတ်နိုင်စွမ်းအပေါ် သက်ဆိုင်မှုအချို့ရှိပေမည်။

၄။ အခြားသူများကို ခွင့်လွှတ်ခြင်းက အဘယ်အရာကို မဆိုလိုသနည်း၊ သို့သော် ခွင့်လွှတ်ခြင်းကို မည်သို့အဓိပ္ပာယ်ဖွင့်ထားသနည်း။

၄ ပုဂ္ဂိုလ်ရေးအရပြစ်မှားမှုအတွက် အခြားသူများကို ခွင့်လွှတ်ခြင်းက ကျွန်ုပ်တို့သည် သူတို့ပြုလုပ်ရာကို လျစ်လျူရှုသည် သို့မဟုတ် လျော့ပေါ့လိုက်သည်ဟု ဆိုလိုခြင်းမဟုတ်; ယင်းက အခြားသူများ ကျွန်ုပ်တို့ကို အခွင့်အရေးယူရန် ခွင့်ပြုနေခြင်းဟုလည်း ဆိုလိုခြင်းမဟုတ်ပါ။ အမှန်မှာ ယေဟောဝါသည်ကျွန်ုပ်တို့ကို ခွင့်လွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏အပြစ်များကို အသေးအဖွဲကိစ္စဖြစ်စေခြင်းမဟုတ်သည့်အပြင် အပြစ်ပြုသူတို့အား ကိုယ်တော်၏သက်ညှာမှုအပေါ် မည်သည့်အခါမျှ ခြေဖြင့်နင်းခွင့်ပြုတော်မူလိမ့်မည်မဟုတ်ချေ။ (ဟေဗြဲ ၁၀:၂၉) ကျမ်းစာကို ထိုးထွင်းသိမြင်ခြင်းက ခွင့်လွှတ်ခြင်းကို “ပြစ်မှားသူတစ်ဦးအား အပြစ်လွှတ်ခြင်း; သူ၏ပြစ်မှားမှုကြောင့် သူ့အပေါ်စိတ်နာကြည်းမှုမရှိတော့ခြင်းနှင့် လျော်ကြေးတောင်းခံခြင်းခပ်သိမ်းကို စွန့်လွှတ်ခြင်း” ဟူ၍ အဓိပ္ပာယ်ဖွင့်ထားသည်။ (အတွဲ ၁ [လိပ်]၊ စာမျက်နှာ ၈၆၁)b သမ္မာကျမ်းစာက အခြားသူများကိုခွင့်လွှတ်ရန် ခိုင်လုံတိကျသောအကြောင်းရင်းများကို ပေးထားသည်။

အခြားသူများကို အဘယ်ကြောင့် ခွင့်လွှတ်ရသနည်း

၅။ အခြားသူများကို ခွင့်လွှတ်ရန်အရေးကြီးရခြင်း အဘယ်အကြောင်းရင်းကို ဧဖက် ၅:၁ ၌ဖော်ပြထားသနည်း။

၅ အခြားသူများကို ခွင့်လွှတ်ရန် အရေးကြီးရခြင်းအကြောင်းရင်းတစ်ခုကို ဧဖက် ၅:၁ ၌ဤသို့ဖော်ပြထားသည်– “ထိုသို့ သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။” ကျွန်ုပ်တို့သည် အဘယ်နည်းဖြင့် “ဘုရားသခင်ကျင့်တော်မူသည်နည်းတူကျင့်” သင့်သနည်း။ “ထိုသို့” ဟူသောစကားက အထက်တွင်ရှိသောအခန်းငယ်ပါ “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်ကိုလွှတ်ခြင်းရှိကြလော့” ဟူသည့်ဖော်ပြချက်နှင့် ဆက်နွှယ်ထားသည်။ (ဧဖက် ၄:၃၂) မှန်ပါသည်၊ ခွင့်လွှတ်ရန်လိုအပ်လာသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုအတုယူသူများဖြစ်သင့်သည်။ ကလေးငယ်တစ်ဦးသည် မိမိ၏ဖခင်နှင့်တထေရာတည်းဖြစ်ရန် ကြိုးစားသကဲ့သို့ ယေဟောဝါချစ်မြတ်နိုးသောကလေးငယ်များဖြစ်သည့် ကျွန်ုပ်တို့သည် ခွင့်လွှတ်တတ်သောကောင်းကင်အဘ နည်းတူဖြစ်လိုစိတ်ရှိသင့်သည်။ ကောင်းကင်မှ ယေဟောဝါငုံ့ကြည့်တော်မူသောအခါ အချင်းချင်းခွင့်လွှတ်ခြင်းအားဖြင့် ကိုယ်တော့်ကိုတုပရန်ကြိုးစားနေကြသည့် မြေကြီးပေါ်ရှိ မိမိ၏သားသမီးများကိုတွေ့ မြင်တော်မူရာ ကိုယ်တော်၏စိတ်နှလုံးသည် အလွန်ဝမ်းမြောက်ပါမည်တကား!—လုကာ ၆:၃၅၊ ၃၆; မဿဲ ၅:၄၄-၄၈ နှိုင်းယှဉ်။

၆။ ယေဟောဝါ၏ခွင့်လွှတ်ခြင်းနှင့် ကျွန်ုပ်တို့၏ခွင့်လွှတ်ခြင်းသည် အဘယ်နည်းဖြင့် လွန်စွာကွာခြားသနည်း။

၆ ယေဟောဝါကဲ့သို့ ကျွန်ုပ်တို့သည် စုံလင်သည့်သဘောမျိုးဖြင့် မည်သည့်အခါမျှ ခွင့်လွှတ်နိုင်မည်မဟုတ်သည်ကား မှန်ပါသည်။ သို့သော် ယင်းအကြောင်းကြောင့် ကျွန်ုပ်တို့အချင်းချင်း တစ်ဦးကိုတစ်ဦးသာ၍ခွင့်လွှတ်သင့်ပါ၏။ ယေဟောဝါ၏ခွင့်လွှတ်ခြင်းနှင့် ကျွန်ုပ်တို့၏ခွင့်လွှတ်ခြင်းသည် အကြီးအကျယ်ကွာခြားသည်ကို သုံးသပ်ကြည့်ပါ။ (ဟေရှာယ ၅၅:၇-၉) ကျွန်ုပ်တို့သည် မိမိအား ပြစ်မှားသူများကို ခွင့်လွှတ်ရာတွင် သူတို့သည်လည်း တစ်နေ့နေ့ မိမိအားခွင့်လွှတ်ခြင်းဖြင့် ကျေးဇူးပြုရန် လိုကောင်းလိုမည်ဟူသော အသိစိတ်ဖြင့်ပြုခြင်းဖြစ်သည်။ လူသားများနှင့်ပတ်သက်လျှင် ပြစ်မှားတတ်ကြသူများအချင်းချင်း တစ်ဦးကိုတစ်ဦးခွင့်လွှတ်ခြင်း အမြဲဖြစ်နေ၏။ သို့သော် ယေဟောဝါနှင့်စပ်လျဉ်း၍မူ ခွင့်လွှတ်ခြင်းသည် အမြဲပင်တစ်ဖက်သတ်ဖြစ်လေသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်ပါသည်၊ ကျွန်ုပ်တို့မှာမူ ကိုယ်တော်အား ခွင့်လွှတ်ရန် မည်သည့်အခါမျှ လိုမည်မဟုတ်ချေ။ အပြစ်ပြုတော်မမူသောယေဟောဝါသည် ကျွန်ုပ်တို့ကို မေတ္တာပါစွာဖြင့် အပြည့်အဝခွင့်လွှတ်နိုင်တော်မူလျှင် အပြစ်ရှိသည့် ကျွန်ုပ်တို့လူသားများသည် အချင်းချင်းတစ်ဦးကိုတစ်ဦးခွင့်လွှတ်ရန် မကြိုးစားသင့်ပေလော။—မဿဲ ၆:၁၂။

၇။ သက်ညှာမှုပြရန်အကြောင်းရှိလျက်နှင့် ကျွန်ုပ်တို့သည် ခွင့်လွှတ်ရန်ငြင်းဆန်နေလျှင် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့ဆိုးကျိုးသက်ရောက်စေနိုင်သနည်း။

၇ ထိုထက်အရေးကြီးသည်ကား သက်ညှာမှုပြရန်အကြောင်းရှိလျက်နှင့် ကျွန်ုပ်တို့သည် ခွင့်လွှတ်ရန်ငြင်းဆန်နေလျှင် ယင်းက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဆိုးကျိုးသက်ရောက်စေနိုင်သည်။ ယေဟောဝါသည် အချင်းချင်းတစ်ဦးကိုတစ်ဦးခွင့်လွှတ်ရန် ကျွန်ုပ်တို့ကိုပြောရုံမျှသာပြောသည်မဟုတ်ချေ; ထိုသို့ပင်ပြုလုပ်ရန် ကိုယ်တော်မျှော်လင့်တော်မူ၏။ ကျမ်းစာအရ ကျွန်ုပ်တို့ ခွင့်လွှတ်ရခြင်းအကြောင်းတစ်ခုမှာ ယေဟောဝါသည် ကျွန်ုပ်တို့ကိုခွင့်လွှတ်ရန် သို့မဟုတ် ကျွန်ုပ်တို့ကို ကိုယ်တော်ခွင့်လွှတ်တော်မူခဲ့သောကြောင့်ဖြစ်သည်။ (မဿဲ ၆:၁၄; မာကု ၁၁:၂၅; ဧဖက် ၄:၃၂; ၁ ယောဟန် ၄:၁၁) ထိုသို့ဆိုလျှင် ကျွန်ုပ်တို့သည် ခွင့်လွှတ်ရန်ခိုင်လုံသည့်အကြောင်းရှိလျက်နှင့် အခြားသူများကို ယင်းသို့ပြုရန်တလိုတလားမရှိပါက ယေဟောဝါ၏ ခွင့်လွှတ်မှုကိုခံရဖို့ ကျွန်ုပ်တို့အမှန်တကယ်မျှော်လင့်နိုင်မည်လော။—မဿဲ ၁၈:၂၁-၃၅။

၈။ ခွင့်လွှတ်လိုက်ခြင်းသည် အဘယ်ကြောင့် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးအတွက် ဖြစ်ရသနည်း။

၈ ယေဟောဝါသည် မိမိ၏လူတို့အား “သူတို့လိုက်ရသောလမ်းကောင်းကို” ပြညွှန်တော်မူ၏။ (၃ ဓမ္မရာဇဝင် ၈:၃၆) အချင်းချင်းတစ်ဦးကိုတစ်ဦးခွင့်လွှတ်ရန် ကျွန်ုပ်တို့ကိုညွှန်ကြားတော်မူသောအခါ ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကို လိုလားတော်မူကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။ သမ္မာကျမ်းစာက “အမျက်တော်ကိုအခွင့်ပေးကြလော့” ဟုဆိုထားခြင်းမှာ အကြောင်းကောင်းရှိလေ၏။ (ရောမ ၁၂:၁၉) နာကြည်းခြင်းသည် ဘဝတွင်လေးလံသောဝန်တစ်ခုဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့စိတ်ထဲတွင်သိုထားသောအခါ ကျွန်ုပ်တို့၏တွေးဆမှုကို လုံးပါးပါးစေပြီး ငြိမ်သက်မှုကင်းမဲ့စေကာ ပျော်ရွှင်မှုပပျောက်စေသည်။ ငြူစူသည့်သဘောကဲ့သို့ပင် ကြာရှည်စွာဒေါသထွက်ခြင်းက ကျွန်ုပ်တို့၏ကာယကျန်းမာရေးကို ထိခိုက်နိုင်သည်။ (သု. ၁၄:၃၀) ဤသို့ဖြစ်နေစဉ်တစ်လျှောက် ပြစ်မှားသူသည် ကျွန်ုပ်တို့၏စိတ်ယောက်ယက်ခတ်နေခြင်းကို သိချင်မှသိပေမည်! အခြားသူများကို ပွင့်လင်းစွာခွင့်လွှတ်ရန်လိုအပ်ရခြင်းမှာ သူတို့၏အကျိုးအတွက်သာမဟုတ်ဘဲ ကျွန်ုပ်တို့ကိုယ်တိုင်၏အကျိုးအတွက်ပါဖြစ်ကြောင်း မေတ္တာပြည့်ဝသည့် ဖန်ဆင်းရှင်သိတော်မူ၏။ သမ္မာကျမ်းစာပါ ခွင့်လွှတ်ခြင်းဆိုင်ရာ ဆုံးမစကားသည် ‘အမှန်ပင် လိုက်ရန်လမ်းကောင်း’ ဖြစ်သည်။

“အချင်းချင်းသည်းခံ”

၉၊ ၁၀။ (က) အဘယ်အခြေအနေမျိုးတွင် သမားရိုးကျခွင့်လွှတ်စရာ မလိုအပ်သနည်း။ (ခ) “အချင်းချင်းသည်းခံ” ပါဟူသောအသုံးအနှုန်းအားဖြင့် အဘယ်အရာကိုအကြံပြုထားသနည်း။

၉ ကာယရေးထိခိုက်မှုများတွင် အသေးအဖွဲဒဏ်ရာမှ ကြီးမားသည့်တိုင်ကျယ်ပြန့်ပြီး အားလုံးကို အတိုင်းအတာတစ်ခုတည်းဖြင့် ဂရုစိုက်ရန် လိုအပ်မည်မဟုတ်ချေ။ စိတ်ထိခိုက်ရာတွင်လည်း အလားတူဖြစ်သည်—ထိခိုက်မှုအချို့သည် အခြားထိခိုက်မှုများထက် ပို၍ပြင်းထန်၏။ အခြားသူများနှင့်ဆက်ဆံရာတွင် အသေးအဖွဲထိခိုက်မှုတိုင်းကို ရေးကြီးခွင့်ကျယ်ပြုလုပ်ဖို့လိုပါသလော။ အသေးအဖွဲစိတ်တိုစရာများ၊ အရေးစိုက်မခံရခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းတို့သည် ဘဝ၏ကဏ္ဍတစ်ခုဖြစ်ပြီး သမားရိုးကျခွင့်လွှတ်စရာ မလိုအပ်ပေ။ ကျွန်ုပ်တို့သည် စိတ်ပျက်ရသည့် အသေးအဖွဲကိစ္စတိုင်းအတွက် အခြားသူများကိုရှောင်ရှားသည့်အပြင် မိမိတို့နှင့်ပြန်ပြေလည်လာဖို့ သူတို့ကို တောင်းပန်ရန်ဇွတ်တောင်းဆိုသူတစ်ဦးအဖြစ် နာမည်ရထားလျှင် သူတို့သည် ကျွန်ုပ်တို့နှင့်ပေါင်းသင်းသည့်အခါ သတိကြီးစွာထားသူများဖြစ်ရန်—သို့မဟုတ် ခပ်ကင်းကင်းနေရန်—အတင်းတွန်းပို့လိုက်ရာကြပေမည်တကား!

၁၀ ယင်းအစား “အကျိုးသင့်အကြောင်းသင့်သဘောရှိသည်ဟူသော နာမည်ပိုင်ဆိုင်ကြ” ခြင်းသည် အလွန်ကောင်းလေစွ။ (ဖိလိပ္ပိ ၄:၅၊ ဖိလစ်) မစုံလင်သူများအဖြစ် ပခုံးချင်းယှဉ်၍ လုပ်ဆောင်နေကြရာဝယ် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ကျွန်ုပ်တို့ကို တစ်ချိန်မဟုတ်တစ်ချိန် စိတ်ဆိုးအောင်ပြုလုပ်ကောင်းပြုလုပ်ပေမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ကလည်း သူတို့အား ထို့အတူပြုလုပ်မိဖို့အကြောင်းရှိနိုင်ပေမည်။ ကောလောသဲ ၃:၁၃ က ကျွန်ုပ်တို့ကို “အချင်းချင်းသည်းခံ” ဖို့အကြံပြုထားသည်။ ထိုအသုံးအနှုန်းက အချင်းချင်းစိတ်ရှည်ဖို့ အကြံပေးထားပြီး သူတို့တွင်ရှိသော ကျွန်ုပ်တို့မနှစ်မြို့သည့် သို့မဟုတ် ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဉာဉ်များကို သည်းခံခြင်းဟူသည့်အဓိပ္ပာယ်သက်ရောက်သည်။ ဤသို့သော စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းက အသင်းတော်၏ငြိမ်သက်ခြင်းကိုမပြိုကွဲစေဘဲ အခြားသူများနှင့်ဆက်ဆံရာတွင် ကျွန်ုပ်တို့ခံခဲ့ကြရသော မပြောပလောက်သည့် ပွတ်တိုက်ကုတ်ခြစ်ရာများကို ကုစားပေးနိုင်ပါသည်။—၁ ကောရိန္သု ၁၆:၁၄။

ဒဏ်ချက်များ ပို၍နက်လာသောအခါ

၁၁။ အခြားသူများက ကျွန်ုပ်တို့ကိုပြစ်မှားသောအခါ သူတို့ကိုခွင့်လွှတ်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို အကူအညီပေးနိုင်သနည်း။

၁၁ သို့သော် အခြားသူတို့၏ပြစ်မှားခြင်းကိုခံရ၍ သိသာလောက်သောဒဏ်ချက်ကို ဖြစ်စေခဲ့လျှင်ကော။ ပြစ်မှားမှုသည် ကြီးကြီးကျယ်ကျယ်မဟုတ်ပါက ကျွန်ုပ်တို့သည် “အချင်းချင်းအပြစ်ကိုလွှတ်” ပါဟူသော သမ္မာကျမ်းစာ၏ဆုံးမစကားကို လိုက်နာရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ (ဧဖက် ၄:၃၂) ထိုသို့ခွင့်လွှတ်ရန်အသင့်ရှိခြင်းက မှုတ်သွင်းခံပေတရု၏စကားများနှင့် ညီညွတ်လေသည်– “အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်၏။” (၁ ပေတရု ၄:၈) ကျွန်ုပ်တို့သည်လည်း အပြစ်သားများဖြစ်သည်ကို စိတ်စွဲမှတ်ထားခြင်းဖြင့် အခြားသူများ၏ပြစ်မှားမှုများကို ခွင့်လွှတ်တန်ခွင့်လွှတ်ရန် စေ့ဆော်ပေးပါသည်။ ကျွန်ုပ်တို့သည် ဤသို့ခွင့်လွှတ်လိုက်သောအခါ နာကြည်းစိတ်ကိုသိုထားမည့်အစား ယင်းကို လွတ်ငြိမ်းစေလိုက်ပါသည်။ ရလဒ်အနေဖြင့် ကျွန်ုပ်တို့နှင့်ပြစ်မှားသူစပ်ကြား ဆက်ဆံရေးကြာရှည်မပြတ်တောက်သည့်အပြင် အသင်းတော်၏အရေးပါလှသောငြိမ်သက်ခြင်းကိုလည်း ထိန်းသိမ်းပေးသည်။ (ရောမ ၁၄:၁၉) အချိန်ကြာလာသည်နှင့်အမျှ သူပြုလုပ်ခဲ့သောအမှားကို မေ့ပျောက်သွားပေမည်။

၁၂။ ကျွန်ုပ်တို့ကို အလွန်အမင်းစိတ်ထိခိုက်စေခဲ့သူတစ်ဦးကို ခွင့်လွှတ်နိုင်ရန် အဘယ်အစပြုလုပ်ဆောင်မှု လိုအပ်ကောင်းလိုအပ်မည်နည်း။ (ခ) ကျွန်ုပ်တို့သည် ဖြေရှင်းခြင်း အမြန်ဆုံးပြုလုပ်သင့်ကြောင်း ဧဖက် ၄:၂၆၊ ၂၇ မှစကားများက မည်သို့ဖော်ပြသနည်း။

၁၂ သို့သော် သူတစ်ဦး၏ပြစ်မှားမှုသည် သာ၍ပြင်းထန်ပြီး အလွန်အမင်းစိတ်ထိခိုက်စရာဖြစ်ခဲ့လျှင်ကော။ ဥပမာ၊ ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဦးသည် သူ့အား သင်ရင်ဖွင့်ထားသည့် အတွင်းရေးကိစ္စအချို့ကို ဖော်ကောင်လုပ်ပေမည်။ သင့်အနေဖြင့် အလွန်အမင်းစိတ်ထိခိုက်ပြီး အရှက်ခွဲခံရရုံမက သစ္စာဖောက်ခံရသည်ဟု ခံစားနေရပေမည်။ ယင်းကို ခေါင်းထဲမှထုတ်ပစ်လိုက်ဖို့ကြိုးစားခဲ့သော်လည်း မေ့ဖျောက်၍မရဖြစ်ချေမည်။ ထိုသို့ဖြစ်နေပါက သင်ကိုယ်တိုင် အစပြု၍ ပြစ်မှားသူနှင့် ပြဿနာဖြေရှင်းဖို့ လိုအပ်ကောင်းလိုအပ်ပေမည်။ ထိုကိစ္စသည် တအုံနွေးနွေးမဖြစ်မီ ယင်းသို့ပြုလုပ်ခြင်းသည် ပညာရှိရာကျပေသည်။ ပေါလုက ကျွန်ုပ်တို့ကို “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့် [ယင်းက ရန်ငြိုးသိုခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ ဒေါသအလျောက်ပြုမူခြင်း ဖြစ်သည်]; အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟုတိုက်တွန်းနှိုးဆော်ထားသည်။ (ဧဖက် ၄:၂၆၊ ၂၇) ပေါလု၏စကားကို သာ၍လေးနက်စေသည်ကား ဂျူးတို့အတွက် နေဝင်ခြင်းသည် နေ့တစ်နေ့၏အဆုံးဖြစ်ပြီး နောက်တစ်နေ့အစဖြစ်သည်။ ထို့ကြောင့် အကြံပြုချက်မှာ– အဆိုပါကိစ္စကို အမြန်ဆုံးဖြေရှင်းခြင်းဖြစ်သည်တကား!—မဿဲ ၅:၂၃၊ ၂၄။

၁၃။ ကျွန်ုပ်တို့ကို ပြစ်မှားသူတစ်ဦးထံချဉ်းကပ်သောအခါ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ အဘယ်သို့ဖြစ်သင့်ပြီး အောင်မြင်မှုရရှိရန် အဘယ်အကြံပြုချက်များက အကူအညီပေးနိုင်သနည်း။

၁၃ ပြစ်မှားသူထံ သင်မည်သို့ချဉ်းကပ်သင့်သနည်း။ ၁ ပေတရု ၃:၁၁၊ [ကဘ] က “ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်လော့” ဟုဆိုထားသည်။ ထိုကြောင့် သင်၏ရည်ရွယ်ချက်မှာ ဒေါသထွက်ရန်မဟုတ်ဘဲ သင်၏ညီအစ်ကိုနှင့်ပြေလည်ဖို့ဖြစ်သည်။ ထိုသို့ဖြစ်စေရန် ကြမ်းတမ်းသောစကားများနှင့် ကိုယ်ဟန်အမူအရာများကို ရှောင်ရှားခြင်းသည် အကောင်းဆုံးဖြစ်၏; ယင်းသို့ပြုခြင်းက တစ်ဖက်သားထံမှ အလားတူတုံ့ပြန့်မှုမျိုး ထွက်ပေါ်စေပေမည်။ (သု. ၁၅:၁၈; ၂၉:၁၁) ထို့အပြင် “ခင်ဗျား အမြဲပဲ . . . !” သို့မဟုတ် “ခင်ဗျား ဘယ်တော့မှ . . . !” ကဲ့သိုသောစကား ကားပြောခြင်းကိုရှောင်ပါ။ ထိုသို့စကား ကား၍ပြောဆိုခြင်းက သူ့ကိုယ်ကို ကာကွယ်ပြောဆိုဖို့သာလျှင် ဖြစ်လာစေပေမည်။ ယင်းအစား သင့်စိတ်ကိုအလွန်အမင်းထိခိုက်စေသော ကိစ္စတစ်ခုကို သင်ဖြေရှင်းလိုကြောင်း သင့်အသံနေအသံထားနှင့် မျက်နှာထားဖြင့် ဖော်ပြပါ။ ဖြစ်ပျက်ခဲ့ရာနှင့်ပတ်သက်ပြီး သင့်ခံစားချက်ကို ရှင်းပြရာတွင် တိတိကျကျဖြစ်ပါစေ။ တစ်ဖက်သားကိုလည်း သူ၏အပြုအမူနှင့်ပတ်သက်၍ ရှင်းပြရန် အခွင့်အလမ်းပေးပါ။ သူပြောဆိုလိုရာကိုလည်း နားထောင်ပေးပါ။ (ယာကုပ် ၁:၁၉) ထိုသို့ပြုလုပ်ခြင်းက အဘယ်အကျိုးရှိမည်နည်း။ နယပုံပြင် ၁၉:၁၁ ကဤသို့ရှင်းပြသည်– “သမာသတိရှိသောသူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကိုသည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။” သူတစ်ဖက်သား၏ခံစားချက်နှင့် သူပြုမူရသည့်အကြောင်းများကိုပါ နားလည်ပေးခြင်းက သူ့အပေါ်တွင်ထားရှိသော အပျက်သဘောပါသည့်အတွေးများနှင့် ခံစားချက်များကို ပြေပျောက်စေသည်။ ကျွန်ုပ်တို့သည် ပြေလည်ဖို့ရည်ရွယ်ချက်ဖြင့် အခြေအနေကို ချဉ်းကပ်သောအခါ မည်သည့်အထင်လွဲမှားမှုမဆို ကင်းရှင်းသွားနိုင်ဖွယ်ရှိကာ လျော်ကန်သောတောင်းပန်ခြင်းပြုလျက် ခွင့်လွှတ်နိုင်ပေမည်။

၁၄။ အခြားသူများကို ကျွန်ုပ်တို့ခွင့်လွှတ်ရာတွင် အဘယ်သဘောမျိုးဖြင့် ကျွန်ုပ်တို့မေ့ပျောက်သင့်သနည်း။

၁၄ အခြားသူများကို ခွင့်လွှတ်ခြင်းက ကျွန်ုပ်တို့သည် ဖြစ်ခဲ့ရာတို့ကို တကယ်ပင် မေ့ပျောက်လိုက်ရမည်ဟုဆိုလိုပါသလော။ ယင်းနှင့်ပတ်သက်၍ ရှေ့ဆောင်းပါးတွင် ဆွေးနွေးခဲ့ပြီးသည့်အတိုင်း ယေဟောဝါကိုယ်တော်တိုင်၏နမူနာကို သတိရပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါမေ့ပျောက်တော်မူသည်ဟုပြောရာ၌ ယင်းက ကိုယ်တော်သည် အပြစ်များကို မမှတ်မိနိုင်တော့ချေဟု ဆိုလိုနေခြင်းမဟုတ်ပါ။ (ဟေရှာယ ၄၃:၂၅) ယင်းအစား ကိုယ်တော်ခွင့်လွှတ်တော်မူပြီဟုဆိုလျှင် နောင်တစ်ချိန်ချိန်အတွက် ယင်းအပြစ်များကို သိုမထားသည့်သဘောမျိုးဖြင့် ကိုယ်တော်မေ့ပျောက်တော်မူခြင်းဖြစ်သည်။ (ယေဇကျေလ ၃၃:၁၄-၁၆) အလားတူစွာပင် လူသားအချင်းချင်းတစ်ဦးကိုတစ်ဦးခွင့်လွှတ်ကြရာတွင် ကျွန်ုပ်တို့သည် သူတို့ပြုမူခဲ့ရာကို လုံးဝပြန်သတိမရနိုင်တော့ဟု ဆိုလိုနေခြင်းမဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့သည် ပြစ်မှားခဲ့သူ၏အပြစ်ကို သိုမထားခြင်း သို့မဟုတ် အနာဂတ်တစ်ချိန်တွင် ပြန်အစမဖော်ခြင်း သဘောမျိုးဖြင့်မေ့ပျောက်ပစ်နိုင်ပါသည်။ သို့ဖြင့် ဖြေရှင်းပြီးသောကိစ္စနှင့်ပတ်သက်၍ အတင်းပြောခြင်းက လျောက်ပတ်မည်မဟုတ်ချေ; ပြစ်မှားသူကို လုံးဝရှောင်ခြင်း၊ သူ့အား နှင်ထုတ်ခံရသူတစ်ဦးကဲ့သို့ ပြုမူဆက်ဆံခြင်းသည် မေတ္တာပါသည့်လုပ်ရပ်မဟုတ်ချေ။ (သု. ၁၇:၉) သူနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ပြန်ကောင်းဖို့ အချိန်လိုမည်ကား အမှန်ပင်; ယခင်ကဲ့သို့ ခင်မင်ရင်းနှီးသည့်ဆက်ဆံမှုမျိုး ပြန်ရချင်မှရပေမည်။ သို့သော် ကျွန်ုပ်တို့သည် သူ့အား မိမိတို့၏ခရစ်ယာန်ညီအစ်ကိုအဖြစ် ချစ်နေဆဲဖြစ်ပြီး အသင့်အတင့်ရှိဖို့ အတတ်နိုင်ဆုံးကြိုးစားသည်။—လုကာ ၁၇:၃ နှိုင်းယှဉ်။

ခွင့်လွှတ်၍မရနိုင်ဟန် ရှိသောအခါ

၁၅၊ ၁၆။ (က) ခရစ်ယာန်များသည် နောင်တမရသောမှားယွင်းသူတစ်ဦးကို ခွင့်လွှတ်ဖို့လိုပါသလော။ (ခ) ဆာလံ ၃၇:၈ ၌တွေ့ရသော သမ္မာကျမ်းစာအကြံပြုချက်ကို ကျွန်ုပ်တို့ မည်သို့လိုက်လျှောက်နိုင်မည်နည်း။

၁၅ သို့ဖြစ်စေကာမူ အခြားသူ၏အပြစ်သည် ကျွန်ုပ်တို့ကို အလွန်တရာစိတ်ထိခိုက်စေခဲ့လျက်ပင် အပြစ်ကို အသိအမှတ်ပြုခြင်းမရှိ၊ နောင်တမယူသည့်အပြင် ပြစ်မှားသူဘက်မှ တောင်းပန်ခြင်းမရှိခဲ့လျှင်ကော။ (သု. ၂၈:၁၃) ကျမ်းစာက ယေဟောဝါသည် နောင်တမယူ၊ ခေါင်းမာမာဖြင့်အပြစ်ပြုသူတို့ကို ခွင့်မလွှတ်ကြောင်း အတိအလင်းဖော်ပြထားပါသည်။ (ဟေဗြဲ ၆:၄-၆; ၁၀:၂၆၊ ၂၇) ကျွန်ုပ်တို့နှင့် ပတ်သက်၍ကော။ ကျမ်းစာကို ထိုးထွင်းသိမြင်ခြင်းက “ခရစ်ယာန်တို့သည် အငြိုးဖြင့် နောင်တမယူဘဲ စိတ်အလိုအလျောက်အပြစ်ပြုသူများကို ခွင့်လွှတ်ရန်မလိုပါ။ ထိုသို့သောသူတို့သည် ဘုရားသခင်၏ရန်သူများ ဖြစ်လာကြ၏” ဟုဆိုထားသည်။ (အတွဲ ၁ [လိပ်]၊ စာမျက်နှာ ၈၆၂) အလွန်အမင်း မတရားမှု၊ စက်ဆုပ်ရွံရှာ သို့မဟုတ် ယုတ်မာစွာဆက်ဆံပြုမူခြင်းခံခဲ့ရဖူးသော မည်သည့်ခရစ်ယာန်ကိုမျှ နောင်တမယူသည့်မှားယွင်းသူအား ခွင့်လွှတ်ဖို့ သို့မဟုတ် အပြစ်လွှတ်ဖို့ အကျပ်ကိုင်ခံရသည်ဟု မခံစားစေသင့်ချေ။—ဆာလံ ၁၃၉:၂၁၊ ၂၂။

၁၆ မညှာမတာ ရက်စက်စွာဆက်ဆံပြုမူခံခဲ့ရသူတို့သည် စိတ်ထိခိုက်၍ ဒေါသထွက်မည်ကား နားလည်နိုင်ဖွယ်ရှိသည်။ သို့သော် ဆက်လက်၍ဒေါသဖြစ်ပြီး စိတ်နာကြည်းနေခြင်းက ကျွန်ုပ်တို့အတွက် အလွန်ပင်အန္တရာယ်ရှိနိုင်ကြောင်း သတိရပါ။ ဘယ်သောအခါမျှ အမှားကိုဝန်ခံ သို့မဟုတ် တောင်းပန်ပေမည်မဟုတ်သောသူ၏စကားကို စောင့်နေခြင်းက ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက် ပို၍သာဖြစ်စေပေမည်။ မတရားမှုကို ဖျောက်မရအောင်စိတ်စွဲခြင်းက ကျွန်ုပ်တို့အား ဆက်၍ဒေါသဆူဝေစေနိုင်ပြီး ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကာယရေးရာတို့ကို မွှေနှောက်ပျက်စီးစေမည်။ အမှန်မှာ ကျွန်ုပ်တို့အား ထိခိုက်စေသူကို ဆက်၍ကျွန်ုပ်တို့အား ထိခိုက်နေစေရန် ခွင့်ပြုထားခြင်းဖြစ်သည်။ ပညာရှိစွာဖြင့် သမ္မာကျမ်းစာက “အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကိုစွန့်ပယ်လော့” ဟုအကြံပြုထားသည်။ (ဆာလံ ၃၇:၈) ထို့ကြောင့် ခရစ်ယာန်အချို့သည် အချိန်ကြာလာသောအခါ နာကြည်းမှုကိုသိုမထားသည့်သဘောမျိုးဖြင့်—သူတို့အပေါ်ဖြစ်ပျက်ခဲ့ရာကို လျော့ပေါ့လိုက်ခြင်းမဟုတ်သော်လည်း ဒေါသအမျက်မွှန်မနေတော့ဘဲ—ခွင့်လွှတ်ဖို့ဆုံးဖြတ်ချက်ချနိုင်ကြောင်း တွေ့ရှိကြရသည်။ အဆိုပါကိစ္စကို တရားမျှတတော်မူသော ဘုရားသခင်၏လက်တော်၌ လုံးဝအပ်နှံထားလိုက်ခြင်းက စိတ်သက်သာမှုအတော်အတန်ရရှိစေပြီး ဘဝခရီးဆက်နိုင်ခဲ့ကြပေပြီ။—ဆာလံ ၃၇:၂၈။

၁၇။ ဗျာဒိတ် ၂၁:၄ ၌မှတ်တမ်းတင်ထားသော ယေဟောဝါ၏ကတိတော်က အဘယ်နှစ်သိမ့်ဖွယ်ရာယုံကြည်စိတ်ချမှုကို ပေးသနည်း။

၁၇ ဒဏ်ချက်မှာ အလွန်နက်ခဲ့ပါမူ အနည်းဆုံးတော့ ဤအစီအစဉ်စနစ်မကုန်မီအချိန်အထိ ကျွန်ုပ်တို့သည် ယင်းကို စိတ်ထဲမှလုံးလုံးဖျောက်ဖျက်ပစ်ရန် အောင်မြင်မည်မဟုတ်ချေ။ သို့သော် “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟူ၍ယေဟောဝါသည် ကမ္ဘာသစ်နှင့်ပတ်သက်ပြီး ကတိပြုထားတော်မူ၏။ (ဗျာဒိတ် ၂၁:၄) ထိုအခါတွင် ကျွန်ုပ်တို့သတိရသမျှသည် ယခုကျွန်ုပ်တို့ကို ရင်လေးစေသော အလွန်စိတ်ထိခိုက်မှု သို့မဟုတ် နာကြည်းမှုမျိုးကို ဖြစ်စေမည်မဟုတ်ချေ။—ဟေရှာယ ၆၅:၁၇၊ ၁၈။

၁၈။ (က) ညီအစ်ကို၊ ညီအစ်မများနှင့် ကျွန်ုပ်တို့ ပေါင်းသင်းဆက်ဆံရာတွင် အဘယ်ကြောင့် ခွင့်လွှတ်ရန် လိုအပ်သနည်း။ (ခ) အခြားသူများက ကျွန်ုပ်တို့ကို ပြစ်မှားသောအခါ ကျွန်ုပ်တို့သည် အဘယ်သဘောမျိုးဖြင့် ခွင့်လွှတ်၍မေ့ပျောက်နိုင်သနည်း။ (ဂ) ယင်းက ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုသနည်း။

၁၈ ဤအချိန်အတောအတွင်း အပြစ်ပြုတတ်သော မစုံလင်သည့်ညီအစ်ကို၊ ညီအစ်မများအဖြစ် ကျွန်ုပ်တို့သည် အတူတကွနေထိုင်လုပ်ဆောင်နေကြရမည်။ ကျွန်ုပ်တို့အားလုံး အမှားပြုတတ်ကြသည်။ တစ်ချိန်မဟုတ်တစ်ချိန် ကျွန်ုပ်တို့သည် အချင်းချင်းကိုစိတ်ပျက်စေ၍ စိတ်ထိခိုက်အောင်ပင်ပြုမိကြပေမည်။ ကျွန်ုပ်တို့သည် အခြားသူများ၏အပြစ်ကို ‘ခုနစ်ကြိမ်မြောက်လွှတ်ရမည်မဟုတ်၊ အကြိမ်ခုနစ်ဆယ့်ခုနစ်လီမြောက်အောင် လွှတ်’ ဖို့လိုကြောင်း ယေရှုကောင်းစွာသိတော်မူသည်တကား! (မဿဲ ၁၈:၂၁၊ ၂၂) ကျွန်ုပ်တို့သည် ယေဟောဝါနည်းတူ လုံးလုံးလျားလျား ခွင့်မလွှတ်နိုင်သည်ကား မှန်ပါသည်။ သို့တိုင် ကျွန်ုပ်တို့ညီအစ်ကိုများက မိမိတို့ကိုပြစ်မှားသောအခါ အများအားဖြင့် ကျွန်ုပ်တို့သည် နာကြည်းမှုကို အနိုင်ယူလိုက်သည့်သဘောမျိုးဖြင့် ခွင့်လွှတ်နိုင်ပြီး အဆိုပါကိစ္စကို အနာဂတ်တွင် အကန့်အသတ်မဲ့တေးမထားသည့်သဘောမျိုးဖြင့် မေ့ပစ်နိုင်ပေသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့ ခွင့်လွှတ်၍မေ့ပစ်လိုက်သောအခါ အသင်းတော်၏ငြိမ်သက်မှုကိုသာမက ကျွန်ုပ်တို့ကိုယ်တိုင်၏ စိတ်နှလုံးငြိမ်သက်မှုကိုပါ ထိန်းသိမ်းထားရန်ထောက်ကူပါသည်။ အရေးအကြီးဆုံးကား ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင် ယေဟောဝါသာပေးနိုင်သော ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့ခံစားရပေလိမ့်မည်။—ဖိလိပ္ပိ ၄:၇။

[အောက်ခြေမှတ်ချက်များ]

a ဘေဘီလိုးနီးယန်း တာလ်မွဒ်ကျမ်းအရ ရဗ္ဗိထုံးတမ်းစဉ်လာတစ်ခုက “လူတစ်ဦးသည် အပြစ်တစ်ခုကိုကျူးလွန်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်တိုင် ခွင့်လွှတ်ရမည်ဖြစ်သော်လည်း လေးကြိမ်မြောက်တွင် သူ့ကိုခွင့်လွှတ်စရာမလို” ဟုဖော်ပြသည်။ (ရိုးမ ၈၆ခ) ယင်းသည် အာမုတ် ၁:၃; ၂:၆ နှင့် ယောဘ ၃၃:၂၉ ကဲ့သို့သော ကျမ်းချက်များကို မှားယွင်းစွာနားလည်ခြင်းကြောင့်ဖြစ်သည်။

b ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှ ထုတ်ဝေသည်။

ပြန်လည်စစ်ဆေးရန်မေးခွန်းများ

◻ ကျွန်ုပ်တို့သည် အခြားသူများကိုခွင့်လွှတ်ရန် အဘယ်ကြောင့် တလိုတလားရှိသင့်သနည်း။

◻ အဘယ်အခြေအနေများက “အချင်းချင်းသည်းခံ” ရန်အကြောင်းပေါ်စေသနည်း။

◻ ကျွန်ုပ်တို့သည် အခြားသူများ၏ပြစ်မှားမှုများကြောင့် အလွန်တရာစိတ်ထိခိုက်နေလျှင် ယင်းကို ငြိမ်သက်စွာဖြေရှင်းဖို့ အဘယ်အရာပြုလုပ်နိုင်သနည်း။

◻ အခြားသူများကို ကျွန်ုပ်တို့ ခွင့်လွှတ်သောအခါ အဘယ်သဘောမျိုးဖြင့် မေ့ပျောက်သင့်သနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့သည် နာကြည်းမှုကိုတေးထားသောအခါ ပြစ်မှားသူက ကျွန်ုပ်တို့၏စိတ်ယောက်ယက်ခတ်မှုကို သိချင်မှသိမည်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ငြိမ်သက်ခြင်းရဖို့ အခြားသူများထံချဉ်းကပ်သောအခါ အထင်အမြင်လွဲမှားမှုများကို လွယ်ကူစွာရှင်းပစ်နိုင်ပေမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ