“ဧပိကုရုတို့” ကိုသတိပြု
“သူကသိပ်ကောင်းတဲ့ လူတစ်ယောက်ပဲ! မြင့်မားတဲ့ကိုယ်ကျင့်တရားစံနှုန်းနဲ့အညီ အသက်ရှင်တယ်။ ဆေးလိပ်လဲမသောက်ဘူး၊ မူးယစ်ဆေးဝါးအလွဲသုံးစားလုပ်တာ ဒါမှမဟုတ် ညစ်ညမ်းတဲ့စကားပြောတာလည်းမရှိဘူး။ တကယ်ဆိုရင် ခရစ်ယာန်လို့ပြောတဲ့လူတချို့ထက်တောင် သူကပိုကောင်းနေသေးတယ်!”
မသင့်တော်သောမိတ်ဖွဲ့မှုကို တော်သင့်မှန်ကန်ကြောင်း သက်သေထူရန် ယင်းသို့သောအကြောင်းပြချက်များ အသုံးပြုသည်ကို သင်ကြားဖူးပါသလော။ ထိုအယူအဆသည် သမ္မာကျမ်းစာ၏စစ်ဆေးမှုအောက်တွင် ခံရပ်နိုင်ပါမည်လော။ ရှေးခေတ်ခရစ်ယာန်အသင်းတော်မှ ပုံနမူနာတစ်ခုက ဤကိစ္စအပေါ်အလင်းဖြာပေးပါသည်။
ပထမရာစုတွင် ကောရိန္သုအသင်းတော်ကို တမန်တော်ပေါလုက “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏” ဟုသတိပေးခဲ့သည်။ အချို့ခရစ်ယာန်များသည် ဧပိကုရုများအပါအဝင် ဂရိအတွေးအခေါ်ပညာရှင်များ၏ ဩဇာလွှမ်းမိုးခံရသူများနှင့် ရင်းရင်းနှီးနှီးပေါင်းသင်းနေကြခြင်း ဖြစ်ကောင်းဖြစ်မည်။ ဧပိကုရုတို့ကား မည်သူများနည်း။ သူတို့သည် ကောရိန္သုမြို့ရှိခရစ်ယာန်များကို အဘယ်ကြောင့်ဝိညာဉ်ရေးအရ အန္တရာယ်ဖြစ်စေသနည်း။ ကျွန်ုပ်တို့သတိထားသင့်သည့် ယင်းသို့သောသူများ ယနေ့ရှိပါသလော။—၁ ကောရိန္သု ၁၅:၃၃။
ဧပိကုရုတို့ကား မည်သူများနည်း
ဧပိကုရုများမှာ ဘီ.စီ.အီး. ၃၄၁ မှ ၂၇၀ အထိအသက်ရှင်ခဲ့သည့် ဂရိအတွေးအခေါ်ပညာရှင် အဲပီကျူရပ်စ်၏နောက်လိုက်များဖြစ်ကြသည်။ သူက အပျော်အပါးဟူသည် ဘဝအမြုတေ သို့မဟုတ် ဘဝ၏အဓိကမဏ္ဍိုင်ဖြစ်သည်ဟု သွန်သင်ပေးသည်။ ယင်းက ဧပိကုရုတို့သည် အပျော်အပါးကို အဆက်မပြတ်ရှာဖွေရင်း သိက္ခာမရှိသောအကျင့်အကြံများကို အမြဲတစေကျင့်ကာ စည်းမရှိကမ်းမရှိ အကျင့်ပျက်စွာနေထိုင်ကြသည်ဟု ဆိုလိုပါသလော။ ထိုနည်းအတိုင်းနေထိုင်ရန် မိမိ၏နောက်လိုက်များကို အဲပီကျူရပ်စ်မသွန်သင်ခဲ့သည်မှာ အံ့အားသင့်စရာပင်! ထိုသို့သွန်သင်မည့်အစား ဆင်ခြင်တတ်သည့်မြော်မြင်မှု၊ ရဲစွမ်းသတ္တိ၊ ချုပ်တည်းမှုနှင့် တရားမျှတမှုတို့ဖြင့် လိုက်လျောညီထွေစွာ နေထိုင်ခြင်းကြောင့် ရရှိလာသောပျော်ရွှင်မှုသည် အကောင်းဆုံးဖြစ်သည်ဟု သွန်သင်ခဲ့သည်။ ချက်ချင်းရရှိပြီး တစ်ခဏသာခံသော အပျော်အပါးကိုမဟုတ်ဘဲ ဘဝအသက်တာတစ်လျှောက်လုံးတည်တံ့ခိုင်မြဲသည့် အပျော်အပါးလိုက်စားခြင်းကို သူအားပေးထောက်ခံခဲ့သည်။ ထို့ကြောင့် ကြီးလေးသောအပြစ်ကျူးလွန်သူများနှင့် နှိုင်းယှဉ်သည့်အခါ ဧပိကုရုတို့သည် ကိုယ်ကျင့်တရားကောင်းသည့်အသွင်ဆောင်နေပေမည်။—တိတု ၁:၁၂ နှိုင်းယှဉ်။
ခရစ်ယာန်ဘာသာနှင့် ဆင်တူပါသလော
အကယ်၍ သင်သည် ရှေးခေတ်ကောရိန္သုအသင်းတော်သားတစ်ဦးဖြစ်ပါက ဧပိကုရုတို့သည် သင့်ကိုစွဲမှတ်စေမည်လော။ အဆင့်မြင့်သည်ဟုထင်မြင်ရသော ဧပိကုရုတို့၏လူ့ကျင့်ဝတ်က ခရစ်ယာန်များအနေနှင့် စိတ်ချစွာပေါင်းသင်းနိုင်သောသူများဖြစ်စေသည်ဟု အချို့သူတို့တွက်ဆပေမည်။ ထပ်၍ဆင်ခြင်ကြည့်လျှင် ဧပိကုရုစံနှုန်းများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်စံနှုန်းများနှင့် ဆင်တူယိုးမှားဖြစ်ဟန်ရှိသည်ဟု ကောရိန္သုမြို့သားများ မှတ်ချက်ချပေမည်။
ဥပမာအနေနှင့် ဧပိကုရုတို့သည် မိမိတို့ဘဝသာယာမှုကိုလိုက်စားရာတွင် ချင့်ချင့်ချိန်ချိန်ရှိကြသည်။ သူတို့သည် ကာယရေးသာယာမှုထက် စိတ်ပိုင်းသာယာမှုကို တန်ဖိုးထားကြသည်။ လူတစ်ဦးစားသည့်အရာသည် ယင်းကို သူနှင့်အတူစားသောသူနှင့် ဆက်ဆံရေးလောက် အရေးမကြီးပေ။ ဧပိကုရုတို့သည် နိုင်ငံရေးတွင်ပါဝင်ပတ်သက်ခြင်းနှင့် လျှို့ဝှက်အမှားပြုခြင်းကိုပင် ရှောင်ကြဉ်ကြသည်။ “သူတို့လည်း ငါတို့နဲ့အတော်တူတာပဲ!” ဟုယူမှတ်ရန် မည်မျှလွယ်ကူပါသည်တကား!
သို့သော် ဧပိကုရုများသည် ကနဦးခရစ်ယာန်များနှင့် အမှန်ပင်ဆင်တူပါသလော။ လုံးဝမတူပါ။ လျောက်ပတ်စွာလေ့ကျင့်ထားသော ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူများသည် ထူးခြားထင်ရှားသည့်ကွာခြားမှုများကို ကောင်းစွာသတိပြုမိနိုင်သည်။ (ဟေဗြဲ ၅:၁၄) အသင်ကော သတိပြုမိပါသလော။ အဲပီကျူရပ်စ်၏ သွန်သင်ချက်များကို ကျွန်ုပ်တို့အနီးကပ်သုံးသပ်ကြည့်ကြစို့။
ဧပိကုရုအယူဝါဒ၏ အမှောင်ဘက်ခြမ်း
လူတို့သည် နတ်ဘုရားများနှင့် သေခြင်းကိုကြောက်သည့်စိတ်အား ကျော်လွှားရန်ကူညီပေးဖို့အတွက် အဲပီကျူရပ်စ်က ဘုရားများသည် လူသားတို့ကိုစိတ်ဝင်စားခြင်းမရှိ၊ လူ့အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဟု သွန်သင်ပေးသည်။ အဲပီကျူရပ်စ်၏အဆိုအရ စကြဝဠာကို ဘုရားများဖန်ဆင်းခဲ့ခြင်းမဟုတ်၊ အသက်ဟူသည်မှာ မတော်တဆဖြစ်လာရာဖြစ်သည်။ ယင်းက ဖန်ဆင်းရှင် “ဘုရားသခင်တစ်ပါး” ရှိ၍ ကိုယ်တော်သည် မိမိ၏လူသားဖန်ဆင်းရာများကို ဂရုစိုက်တော်မူသည်ဟူသည့် ကျမ်းစာသွန်သင်ချက်နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်မနေပေလော။—၁ ကောရိန္သု ၈:၆; ဧဖက် ၄:၆; ၁ ပေတရု ၅:၆၊ ၇။
အဲပီကျူရပ်စ်က သေပြီးနောက်ပိုင်း ဘဝမရှိနိုင်ဟုလည်း သွန်သင်ခဲ့၏။ ယင်းက သမ္မာကျမ်းစာ၏သွန်သင်ချက်ဖြစ်သော ရှင်ပြန်ထမြောက်ခြင်းနှင့် အမှန်ပင်ဆန့်ကျင်သည်။ အမှန်အားဖြင့် အာရေတောင်ပေါ်တွင် ပေါလုဟောပြောစဉ်က ရှင်ပြန်ထမြောက်ခြင်းအယူဝါဒနှင့်ပတ်သက်၍ ပေါလုနှင့်သဘောထားကွဲလွဲသူများထဲတွင် ဧပိကုရုတို့ပါဝင်ဖွယ်ရှိသည်။—တမန်တော် ၁၇:၁၈၊ ၃၁၊ ၃၂; ၁ ကောရိန္သု ၁၅:၁၂-၁၄။
ဧပိကုရုအတွေးအခေါ်တွင် အန္တရာယ်အရှိဆုံးအခြေခံအပိုင်းသည် အစဉ်းလဲဆုံးလည်းဖြစ်သည်။ တမလွန်ဘဝကိုလက်မခံခြင်းက လူသည် မြေကြီးပေါ်ရှိသူ၏သက်တမ်းတိုအတွင်း အတတ်နိုင်ဆုံးပျော်ပျော်နေသင့်သည်ဟု ကောက်ချက်ချစေသည်။ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း သူ့အတွေးအခေါ်မှာ အပြစ်တရား၌လုံးလုံးကျင်လည်ဖို့မဟုတ်ဘဲ ဤဘဝဤမျှသာဖြစ်သောကြောင့် လက်ရှိဘဝ၌ အတတ်နိုင်ဆုံးမွေ့လျော်ရန်ဖြစ်သည်။
ထို့ကြောင့် အဲပီကျူရပ်စ်သည် လက်ရှိပျော်ရွှင်မှုကို မလွဲမသွေခြိမ်းခြောက်သည့် လူမိသွားမည်ကို ကြောက်ရွံ့သောအဖြစ်ကိုရှောင်ရန်အတွက် လျှို့ဝှက်အမှားပြုခြင်းကို တားမြစ်သည်။ လက်ရှိပျော်ရွှင်မှု၏ အခြားအဟန့်အတားတစ်ခုဖြစ်သော လွန်ကြူးခြင်း၏ ရလဒ်များကိုရှောင်နိုင်ရန် ချင့်ချင့်ချိန်ချိန်ပြုမူဖို့ သူအားပေးသည်။ မိမိလုပ်ရပ်၏အကျိုးကို တုံ့ပြန်ခံစားရသောကြောင့် သူတစ်ပါးနှင့် ကောင်းသောဆက်ဆံရေးရှိရန်လည်း တိုက်တွန်းခဲ့သည်။ လျှို့ဝှက်အမှားများကိုရှောင်ကြဉ်ခြင်း၊ ချင့်ချင့်ချိန်ချိန်ပြုမူခြင်းနှင့် ရင်းနှီးမှုကိုတည်ဆောက်ခြင်းတို့သည် ကောင်းသောလုပ်ရပ်များဖြစ်သည်မှာအမှန်။ သို့ဆိုလျှင် ဧပိကုရုအတွေးအခေါ်သည် ခရစ်ယာန်တစ်ဦးအတွက် အဘယ်ကြောင့်ဘေးဖြစ်စေနိုင်သနည်း။ အကြောင်းမှာ သူ၏အကြံပြုချက်သည် “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟူသော ယုံကြည်ခြင်းမဲ့သည့် အမြင်သဘောထားပေါ် အခြေပြုသောကြောင့်ပင်။—၁ ကောရိန္သု ၁၅:၃၂။
မှန်ပေသည်၊ သမ္မာကျမ်းစာက ယခုပင် မည်သို့ပျော်ပျော်ရွှင်ရွှင်နေနိုင်ပုံကို လူတို့အားဖော်ပြသည်။ သို့သော်လည်း ယင်းကဤသို့အကြံပြုထားသည်– “ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍၊ ထာဝရအသက်အလိုငှာ၊ ငါတို့သခင်ယေရှုခရစ်၏ကရုဏာကို မျှော်လင့်၍နေကြလော့။” (ယုဒ ၂၁) မှန်ပါသည်၊ သမ္မာကျမ်းစာသည် လက်ရှိတစ်ခဏအတွက်မဟုတ်ဘဲ ထာဝရအနာဂတ်အတွက် အလေးပေးဖော်ပြသည်။ ခရစ်ယာန်တစ်ဦးအတွက် အဓိကအာရုံစိုက်ရာမှာ ဘုရားသခင်အားဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပြီး ဘုရားသခင်ကိုပထမနေရာ၌ထားသည့်အခါ သူသည်ပျော်ရွှင်ကျေနပ်သည်။ အလားတူစွာ ယေရှုသည် မိမိ၏ကိုယ်ကျိုး၌သာ အာရုံနှစ်မြုပ်နေမည့်အစား ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ခြင်းနှင့် လူတို့ကိုကူညီခြင်းတို့တွင် ကိုယ်ကျိုးမငဲ့ဘဲ မိမိ၏အစွမ်းခွန်အားကို အသုံးပြုခဲ့သည်။ အကျိုးပြန်လည်ခံစားရမည့် မျှော်လင့်ချက်ဖြင့်မဟုတ်ဘဲ စစ်မှန်သည့်မေတ္တာဖြင့် သူတစ်ပါးကိုကောင်းမှုပြုရန် မိမိ၏တပည့်များကို ကိုယ်တော်သွန်သင်ခဲ့သည်။ ဧပိကုရုအယူဝါဒနှင့် ခရစ်ယာန်ဘာသာတို့၏ ရင်းမြစ်အကြောင်းတရားတို့သည် လုံးဝကွဲပြားသည်မှာ ရှင်းနေပါသည်။—မာကု ၁၂:၂၈-၃၁; လုကာ ၆:၃၂-၃၆; ဂလာတိ ၅:၁၄; ဖိလိပ္ပိ ၂:၂-၄။
မထင်ရှားသောအန္တရာယ်တစ်ခု
တလွဲဖြစ်သည်မှာ ဧပိကုရုတို့သည် ပျော်ရွှင်မှုကို ယင်းသို့အလေးပေးဖော်ပြသော်လည်း သူတို့၏ပျော်ရွှင်မှုမှာ အကောင်းဆုံးအခြေအနေအောက်၌ပင် အကန့်အသတ်ရှိသော ပျော်ရွှင်မှုမျိုးဖြစ်သည်။ “ယေဟောဝါ၏ရွှင်လန်းခြင်း” မရှိသောကြောင့် အဲပီကျူရပ်စ်သည် အသက်ရှင်ရခြင်းကို “ခါးသီးသောလက်ဆောင်” တစ်ခုဟုခေါ်ဆိုခဲ့၏။ (နေဟမိ ၈:၁၀၊ ကဘ) သူတို့နှင့်နှိုင်းယှဉ်ကြည့်လျှင် ကနဦးခရစ်ယာန်များသည် မည်မျှပျော်ရွှင်လိုက်သည်ဖြစ်ခြင်း! မိမိကိုယ်ကိုချို့တဲ့စေသည့် ပျော်ရွှင်မှုမဲ့သောအသက်တာမျိုးကို ယေရှုမထောက်ခံပါ။ အမှန်အားဖြင့် အကြီးမားဆုံးသောပျော်ရွှင်မှုကို ရရှိနိုင်သည့်နည်းမှာ ကိုယ်တော့်လမ်းစဉ်ကိုလိုက်လျှောက်ခြင်းဖြစ်သည်။—မဿဲ ၅:၃-၁၂။
ကောရိန္သုအသင်းတော်သားအချို့က မိမိတို့၏ယုံကြည်ခြင်းကို အန္တရာယ်မဖြစ်စေဘဲ ဧပိကုရုအတွေးအခေါ်လွှမ်းမိုးခံရသူများနှင့် ပေါင်းဖော်နိုင်မည်ဟုယူဆလျှင် မှားနေသည်။ ကောရိန္သုမြို့သားများထံ ပထမစာစောင်ကို ပေါလုရေးသားချိန်တွင် အချို့သူများမှာ ရှင်ပြန်ထမြောက်ခြင်းတွင် ယုံကြည်ချက်မဲ့နေပြီးဖြစ်သည်။—၁ ကောရိန္သု ၁၅:၁၂-၁၉။
မျက်မှောက်ခေတ်ဧပိကုရုအယူဝါဒကော
ဧပိကုရုအယူဝါဒသည် စီ.အီး လေးရာစုတွင် ကွယ်ပျောက်ခဲ့သော်လည်း ယနေ့အလားတူ လောလောဆယ်အတွက်အသက်ရှင်ဟူသည့်အမြင်ကို လက်ခံထားသူများရှိကြသည်။ ဤသူတို့သည် ထာဝရအသက်နှင့်ပတ်သက်သော ဘုရားသခင့်ကတိတော်ကို ယုံကြည်ခြင်းအနည်းငယ်သာရှိသူ သို့မဟုတ် မယုံသူများဖြစ်သည်။ သို့တိုင် အချို့သူတို့မှာ အကျင့်အကြံစံနှုန်း အတော်ပင်မြင့်မားကြသည်။
ခရစ်ယာန်တစ်ဦးအနေနှင့် ယင်းသို့သောသူများနှင့် ရင်းနှီးသောမိတ်ဆွေဖွဲ့ရန် သွေးဆောင်ခံရကောင်းခံရနိုင်သည်၊ သူတို့၏ကောင်းမွန်လျောက်ပတ်သော အရည်အသွေးများက မိတ်ဖွဲ့ရန်သင့်တော်သည်ဟူသော အကြောင်းပြချက်ဖြင့်ဖြစ်နိုင်သည်။ သို့ရာတွင် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အခြားသူများထက်သာလွန်သည်ဟု မယူမှတ်သော်လည်း—သာ၍လျှို့ဝှက်စွာ ဩဇာလွှမ်းမိုးသူများအပါအဝင်—“မကောင်းသောအပေါင်းအဖော်” အားလုံးတို့သည် “ကောင်းသောအကျင့်များကိုပျက်စီးစေ” ကြောင်းကျွန်ုပ်တို့စိတ်တွင် စွဲမှတ်ထားရမည်။
လောလောဆယ်အတွက်အသက်ရှင်ဟူသည့် အတွေးအခေါ်သည် အချို့သောစီးပွားရေးနှီးနှောဖလှယ်ပွဲများ၊ ကိုယ်တိုင်ဖတ်ရှုကျင့်သုံးနိုင်သည့် လမ်းညွှန်စာအုပ်များ၊ ဝတ္ထုရှည်များ၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြားအစီအစဉ်များနှင့် တေးဂီတစသည်တို့မှလည်း အမှတ်မထင်ပေါ်ပေါက်လာတတ်သည်။ အပြစ်ရှိသောအကျင့်အကြံကို တိုက်ရိုက်မထောက်ခံသော်လည်း ဤယုံကြည်ခြင်းကင်းမဲ့သည့် အတွေးအမြင်သည် ပါးနပ်သည့်နည်းများဖြင့် ကျွန်ုပ်တို့ကိုသြဇာလွှမ်းမိုးနိုင်ပါသလော။ ဥပမာအနေနှင့် ကျွန်ုပ်တို့သည်ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုနှင့်ပတ်သက်သော အရေးကိစ္စကိုမျက်ခြည်ပြတ်သည့်အထိ မိမိတို့ဆန္ဒပြည့်ဝရေးကိုသာ စိတ်အာရုံစွဲကပ်သူများဖြစ်လာနိုင်သလော။ ‘သခင်ဘုရား၏အမှုတော်၌ အလုပ်များလျက်နေ’ မည့်အစား ‘သက်သောင့်သက်သာနေ’ သည့်လမ်းစဉ်သို့ သွေဖည်သွားနိုင်ပါသလော။ သို့မဟုတ် ယေဟောဝါစံနှုန်းများ၏ ဖြောင့်မှန်မှုနှင့် အကျိုးကျေးဇူးများကို သံသယဝင်သွားအောင် လှည့်ဖြားခံရနိုင်သလော။ ပြောင်ပြောင်တင်းတင်းအကျင့်ယိုယွင်းမှု၊ အကြမ်းဖက်မှုနှင့် နတ်ဝိဇ္ဇာအတတ်လိုက်စားမှုတို့မှလည်းကောင်း၊ လောကီသဘောထားများ၏ ဩဇာလွှမ်းမိုးခံရသူများမှလည်းကောင်း အကာအကွယ်မဲ့ဖြစ်မနေရန် ကျွန်ုပ်တို့သတိပြုဖို့လိုသည်။—၁ ကောရိန္သု ၁၅:၅၈၊ ကဘ; ကောလောသဲ ၂:၈။
ထို့ကြောင့် ယေဟောဝါ၏လမ်းညွှန်မှုကို အကြွင်းမဲ့လိုက်လျှောက်သူများနှင့် အဓိကထားပေါင်းသင်းကြပါစို့။ (ဟေရှာယ ၄၈:၁၇) အကျိုးရလဒ်အနေနှင့် ကျွန်ုပ်တို့၏ကောင်းသောအကျင့်များသည် ကြံ့ခိုင်သန်စွမ်းလာမည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ခိုင်မြဲလာမည်။ ယခုအချိန်၌ပင် ပျော်ရွှင်စွာနေထိုင်ရမည်သာမက မဝေးတော့သည်အနာဂတ်တွင်လည်း ထာဝရအသက်ကိုရရှိမည်။—ဆာလံ ၂၆:၄၊ ၅; သု. ၁၃:၂၀။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
Courtesy of The British Museum
[Credit Line]
အဲပီကျူရပ်စ်က ဘုရားများသည် လူသားတို့ကိုစိတ်ဝင်စားခြင်းမရှိဟု သွန်သင်ခဲ့၏