ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၀/၁၅ စာ. ၂၄-၂၇
  • တဟီတီတွင် ပရဒိသုသတင်းကောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တဟီတီတွင် ပရဒိသုသတင်းကောင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • သေးငယ်သောအစပြုခြင်းတစ်ရပ်
  • လုပ်ငန်းတော် ရှေ့သို့တိုးတက်
  • တဟီတီသည် ဌာနခွဲတစ်ခုဖြစ်လာ
  • လုပ်စရာများစွာရှိနေဆဲ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၀/၁၅ စာ. ၂၄-၂၇

တဟီတီတွင် ပရဒိသုသတင်းကောင်း

တဟီတီ! ထိုအမည်သည် ထူးဆန်းသောဆွဲဆောင်မှုတစ်စုံတစ်ခုကို ဖြစ်ပေါ်စေပုံရသည်။ ပေါလ်ဂိုဂန်၊ ရော်ဘတ်လူဝီစ်စတီဗင်ဆန်နှင့် ဟာရ်မဲန်မီလ်ဗီလီတို့ကဲ့သို့ ပန်းချီဆရာများနှင့် စာရေးဆရာများကြောင့် ကျော်ကြားရခြင်းဖြစ်သည်။ တောင်ပိုင်းပင်လယ်ရှိကျွန်းများ၏ အပူပိုင်းဒေသအလှအပနှင့် အေးချမ်းသာယာမှုတို့ကို သူတို့၏ဖွဲ့ နွဲ့ရေးသားမှုနှင့် သရုပ်ဖော်ရေးဆွဲမှုများက များစွာသောသူတို့၏အာရုံကို ဖမ်းစားခဲ့သည်။

တောင်ပစိဖိတ်တွင် တည်ရှိသောဖရန့်ချ်ပေါ်လနီးရှားကျွန်းပေါင်း ၁၂၀ ကျော်၌ တဟီတီသည် အကြီးဆုံးဖြစ်သည်။ ယင်းတောင်ပစိဖိတ်ကျွန်းသည် လူအများစု၏စိတ်ထဲတွင် ပရဒိသုနီးပါးတမျှဆင်တူသော်လည်း တဟီတီရှိလူတို့သည် မကြာခင်ရောက်ရှိလာမည့် အခြားပရဒိသုတစ်ခုနှင့်ပတ်သက်၍ ကြားနာဖို့ လိုအပ်လျက်ရှိနေသေးသည်။ (လုကာ ၂၃:၄၃) ယနေ့ တဟီတီရှိ ယေဟောဝါသက်သေစုစုပေါင်း ၁,၉၁၈ ဦးတို့သည် ဘုရားသခင့်နိုင်ငံတော်က တဟီတီ၌သာမက မြေတစ်ပြင်လုံးပေါ်သို့ စစ်မှန်သည့်ပရဒိသုအခြေအနေများကို မကြာမီ ဆောင်ကြဉ်းပေးတော့မည့် သတင်းကောင်းနှင့်ပတ်သက်၍ လူပေါင်း ၂၂၀,၀၀၀ တို့ကို ပြောပြခြင်းတွင် အလုပ်များလျက်ရှိကြသည်။—မဿဲ ၂၄:၁၄; ဗျာဒိတ် ၂၁:၃၊ ၄။

တဟီတီရှိဟောပြောခြင်းလုပ်ငန်းကို မိုင်ပေါင်း ၂,၂၀၀ ခန့်ကွာဝေးသော ဖီဂျီကျွန်းရှိကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးက နှစ်ပေါင်းများစွာကြာ ဦးဆောင်ညွှန်ကြားခဲ့သည်။ အလွန်ဝေးလှသောခရီးကြောင့် ခက်ခဲမှုရှိသည့်အပြင် တိုးတက်မှုလည်း နှေးကွေးခဲ့သည်။ ထို့ကြောင့် ၁၉၇၅၊ ဧပြီ ၁ ရက်နေ့၌ တဟီတီတွင် ဌာနခွဲရုံးကို တည်ထောင်ခဲ့ပြီး ၎င်းသည် ယင်းနယ်မြေတွင် ခရစ်ယာန်စစ်များ၏ လှုပ်ရှားမှုအတွက် ပြောင်းလဲမှုအမှတ်အသားဖြစ်ခဲ့သည်။ ယင်းတိုးတက်မှုကို မည်သည့်အရာကဖြစ်စေပြီး တဟီတီတွင် ဟောပြောခြင်းလုပ်ငန်းကို မည်သို့စတင်ခဲ့သနည်း။

သေးငယ်သောအစပြုခြင်းတစ်ရပ်

တဟီတီသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ပထမဆုံးကြားနာခဲ့ရသည်။ ကျမ်းစာကို အတော်အတန်လေးစားကြသည့် ကျွန်းသူကျွန်းသားများစွာတို့သည် အလွန်အမင်းစိတ်ဝင်စားစွာ တုံ့ပြန်ခဲ့ကြသည်။ သို့သော် အစိုးရ၏ပိတ်ပင်မှုနှင့် အခြားသောချုပ်ချယ်မှုများကြောင့် ၁၉၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်းအထိ ကျွန်းပေါ်တွင် သက်သေခံများမရှိသေးချေ။ ထိုအချိန်၌ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည့် တဟီတီလူမျိုး အန္နယက်စ်ရှန့်ခ်က မိမိ၏ခင်ပွန်းသည်၊ သားနှင့်တကွ တဟီတီပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။ ဖြစ်ပျက်ခဲ့ပုံအားလုံးကို အောက်ပါအတိုင်း သူမရှင်းပြခဲ့သည်။

“လော့စ်အိန်ဂျလိစ်မှာကျင်းပတဲ့ ၁၉၅၇ ခုနှစ်ခရိုင်စည်းဝေးကြီးမှာ ညီအစ်ကိုနောရ် [အဲဒီအချိန်က ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ] ကတဟီတီမှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူတွေ အရမ်းလိုအပ်နေတယ်လို့ ရှင်းပြခဲ့တယ်။ အဲဒီတုန်းက နှစ်ခြင်းခံပြီးတာ တစ်နှစ်ပဲရှိသေးတဲ့ကျွန်မဟာ ‘တဟီတီကို ကျွန်မတို့သွားကြစို့!’ လို့ပြောလိုက်တယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေစစ်တွေဖြစ်ကြတဲ့ နီးလ်နဲ့ ကာရန်းဒိုးတို့ မိသားစုနှစ်စုက ကျွန်မပြောလိုက်တဲ့စကားကို နားစွန်နားဖျားကြားခဲ့ကြတယ်။ သူတို့တွေက ကျွန်မတို့နဲ့အတူလိုက်ချင်တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ ငွေများများစားစားမရှိခဲ့ဘူး။ ကျွန်မရဲ့ခင်ပွန်းသည်က အချိန်အတော်ကြာကြာကတည်းက ဖျားနာနေပြီးတော့ သားလေးကလည်း ငယ်လွန်းသေးတယ်။ ဒါကြောင့် ကျွန်မတို့အတွက် ပြန်ဖို့အခက်တွေ့နေကြတယ်။ အနီးအနားအသင်းတော်တွေမှာရှိတဲ့ မိတ်ဆွေတွေက ကျွန်မတို့ရဲ့ရည်မှန်းချက်ကို ကြားသွားပြီးတဲ့နောက်မှာ ငွေနဲ့အိမ်အသုံးအဆောင်ပစ္စည်းတွေကို ပို့ပေးခဲ့တယ်။ ဒီလိုနဲ့ အိပ်ရာခင်း ၃၆ ခုအပါအဝင် တခြားပစ္စည်းတွေနဲ့အတူ တဟီတီကို ၁၉၅၈ ခုနှစ်မှာ ကျွန်မတို့ထွက်ခဲ့ကြတယ်!

“တဟီတီကို ကျွန်မတို့ရောက်တဲ့အချိန်မှာ ဒီကျွန်းကနေ ထွက်သွားတာ နှစ်ပေါင်း ၂၀ ရှိနေပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်မအတွက် သူစိမ်းတစ်ဦးလို ခံစားခဲ့ရတယ်။ ကျွန်မတို့ ဟောပြောခြင်းလုပ်ငန်းကိုစတင်ခဲ့ပေမဲ့ ကျွန်မတို့ရဲ့ခရစ်ယာန်လုပ်ငန်းကို ပိတ်ပင်ထားတဲ့အတွက်ကြောင့် ဂရုတစိုက်လုပ်ဆောင်ခဲ့ရတယ်။ မဂ္ဂဇင်းတွေကိုဝှက်ထားခဲ့ပြီး ကျမ်းစာကိုသာ အသုံးပြုခဲ့ကြတယ်။ အစမှာ ကင်းမျှော်စင်နဲ့နိုးလော့! မဂ္ဂဇင်းတွေကို နှစ်စဉ်ကြေးယူထားတဲ့ လူတွေကိုပဲ သက်သေခံကြတယ်။

“၁၉၅၈ ခုနှစ် နယူးယောက်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးပြီးတဲ့အချိန်မှာ ကလစ်ဒ်နီးလ်နှင့်ဒေးဗစ်ကာရန်းဒိုးတို့ဟာ သူတို့မိသားစုနဲ့အတူ ကျွန်မတို့နဲ့ပူးပေါင်းခဲ့ကြတယ်။ ကျွန်မတို့အတူတကွ ဟောပြောခဲ့ကြပြီး ညီအစ်ကိုတွေရဲ့အိမ်မှာ ပေးမယ့်ဟောပြောချက်ကို လာရောက်နားထောင်ဖို့ လူတွေကို ဖိတ်ခေါ်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ စနစ်တကျဖြစ်လာပြီး ၁၅ ဦးနဲ့ကျမ်းစာသင်အံမှုအုပ်စုတစ်စုကို ကျွန်မတို့စခဲ့ကြတယ်။ သုံးလအကြာမှာ နီးလ်မိသားစုနဲ့ ကာရန်းဒိုးမိသားစုတို့ရဲ့ ကမ္ဘာလှည့်ခရီးသည်ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက်ကြောင့် သူတို့ပြန်ရတော့မယ်။ ဒါကြောင့် ညီအစ်ကိုတွေဟာ မထွက်ခွာခင် အရည်အချင်းပြည့်မီတဲ့ စိတ်ဝင်စားသူအားလုံးကို နှစ်ခြင်းပေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ပထမဆုံးနှစ်ခြင်းဟောပြောချက်ကို ဘာသာပြန်ပေးဖို့ ကျွန်မအခွင့်အရေးရရှိခဲ့တယ်။ ဒီအခါသမယမှာ ကျွန်းသူကျွန်းသားရှစ်ဦးတို့ဟာ ယေဟောဝါထံ သူတို့ဆက်ကပ်အပ်နှံခြင်းကို နှစ်ခြင်းခံခြင်းနဲ့ဖော်ပြခဲ့ကြတယ်။ အဲဒီနောက်မှာ နီးလ်မိသားစုနဲ့ ကာရန်းဒိုးမိသားစုတို့ဟာ အမေရိကန်ပြည်ထောင်စုကို ပြန်သွားခဲ့ကြတယ်။

“ဟောပြောခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်မတို့ဟာ အုပ်စုငယ်လေးတွေဖွဲ့ပြီး ညနေပိုင်းမှာ လူတွေဆီလည်ပတ်ကြတယ်။ စိတ်ဝင်စားသူတွေနဲ့ ညသန်းခေါင်အထိ ဆွေးနွေးရတာခဏခဏကြုံရတယ်။ တစ်ခါတလေ ဆွေးနွေးပွဲတွေမှာ ပရိုတက်စတင့်ဓမ္မအမှုဆောင်တွေတောင် ပါဝင်တတ်တယ်။ ပထမဆုံးအသင်းတော်ကို ၁၉၅၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တယ်။ အဲဒီနောက် ၁၉၆၀ ပြည့်နှစ်မှာ အစိုးရက ယေဟောဝါသက်သေများအဖွဲ့အစည်းကို တရားဝင်အသိအမှတ်ပြုခဲ့လို့ ကျွန်မတို့ရွှင်လန်းအားရခဲ့ရတယ်။ အဲဒီအစောပိုင်းနှစ်တွေက ရွှင်လန်းမှု၊ ဝိညာဉ်ရေးရာအားရစရာတွေနဲ့ ပြည့်လျှံခဲ့တယ်။ တကယ်လိုအပ်ခဲ့တဲ့နေရာကို ပြောင်းရွှေ့ဖို့ ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်ကို အမှန်တကယ်ပဲ ယေဟောဝါကောင်းချီးပေးခဲ့ပါတယ်။” ညီအစ်မရှန့်ခ်သည် ယခုအသက် ၈၇ နှစ်ရှိကာ သူမ၏အသင်းတော်တွင် ယေဟောဝါအား သစ္စာရှိရှိအမှုထမ်းဆောင်လျက်ရှိသည်။

လုပ်ငန်းတော် ရှေ့သို့တိုးတက်

၁၉၆၉ ခုနှစ်၌ ပြင်သစ်မှ သက်သေခံနှစ်ဦးဖြစ်သည့် ဇာ့ခ်နှင့် ပေါ်လက်အီနိုဒီးတို့သည် အထူးရှေ့ဆောင်များအဖြစ် တဟီတီတွင် တာဝန်ကျခဲ့သည်။ ဇာ့ခ်က ဤသို့သတိရသည်– “ကျွန်တော်တို့တဟီတီကျွန်းဆွယ်ကို ရောက်တဲ့အချိန်မှာ ကြေညာသူပေါင်း ၁၂၄ ဦးပဲရှိခဲ့ပြီး ပါးအီးအာတ်အီးမှာ အသင်းတော်တစ်ခု၊ ဗာအီရားအိုးမှာ အထူးရှေ့ဆောင်နှစ်ဦး ရှိခဲ့တယ်။” ကျွန်းဆွယ်သည် ကျွန်းဆက်ဖြင့် တဟီတီကို ဆက်သွယ်ထားသည်။ “ကမ္ဘာပေါ်ငြိမ်သက်ခြင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို မကြာမီကျင်းပတော့မည်ဖြစ်သည်။ ဇာ့ခ်က ဆက်လက်ပြီး “ဒါဟာ အစည်းအဝေးဖြစ်မြောက်ဖို့စီစဉ်တာနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်။ ဧည့်သည်တွေအတွက် အင်္ဂလိပ်အစီအစဉ်တစ်ခုကို စီစဉ်ခဲ့ရတယ်။ ဘုရားသခင့်နိုင်ငံတော်သီချင်းတွေအတွက် သံစုံတီးဝိုင်းတစ်ခုစီစဉ်ရပြီး ပြဇာတ်နှစ်ခုကိုလည်း လေ့ကျင့်ထားရတယ်။ ဒီအလုပ်အားလုံးကို ကြေညာသူ ၁၂၆ ဦးနဲ့သာ အောင်မြင်အောင်ဆောင်ရွက်ခဲ့တယ်။ ဒီကဏ္ဍမှာ ယေဟောဝါဟာ အကြီးမားဆုံးပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုတာ ကျွန်တော်ယုံတယ်” ဟုပြောပြသည်။ ၄၈၈ ဦးတက်ရောက်မှုသည် ကျွန်းသူကျွန်းသားများအတွက် အားရစရာဖြစ်ခဲ့ရသည်။ ယင်းသည် သူတို့ထဲမှအများစုအတွက် အခြားတိုင်းပြည်များမှ သက်သေခံချင်းတို့ကို ပထမဦးဆုံးအကြိမ်တွေ့ဆုံခွင့်ရရှိခြင်းဖြစ်သည်။

များမကြာမီ ဇာ့ခ်အီနိုဒီးသည် နယ်လှည့်ကြီးကြပ်မှူးအဖြစ် တာဝန်ရရှိခဲ့၏။ သူသည် ကျွန်းအသီးသီးကို ရောက်ရှိသောအခါ စိတ်ဝင်စားသူများစွာရှိကြသော်လည်း ပြုစုပျိုးထောင်ပေးမည့် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများမှာ အနည်းငယ်သာရှိသည်ကို သူတွေ့ရှိခဲ့သည်။ “အဲဒါကြောင့် တကယ်လိုအပ်နေတဲ့နေရာမှာ အမှုထမ်းဆောင်ဖို့ ဒီကျွန်းတွေဆီ ပြောင်းရွှေ့ကြဖို့ မိသားစုအများစုကို ကျွန်တော်အားပေးရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပဲ ဒီကျွန်းစုတွေဆီမှာ သတင်းကောင်းဟာ တဖြည်းဖြည်ချင်းပျံ့နှံ့ခဲ့ပါတယ်” ဟုဇာ့ခ်က ရှင်းပြသည်။ ညီအစ်ကိုအီနိုဒီးသည် ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ နည်လှည့်ကြီးကြပ်မှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ ယနေ့ သူသည် တဟီတီရှိအသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးဖြစ်သည်။

ညီအစ်ကိုအီနိုဒီး၏အားပေးမှုကို တုံ့ပြန်သူများထဲတွင် ၁၉၅၈ ခုနှစ်၌ နှစ်ခြင်းခံသူရှစ်ဦးအနက် ဪဂူဝက်စ်တာမာနာဟေးပါဝင်သည်။ သူသည် ဖြစ်ပျက်ခဲ့သည့်အရာများကို ဤသို့ပြန်ပြောပြသည်– “၁၉၇၂ ခုနှစ်မှာ တိုက်နယ်ကြီးကြပ်မှူးဇာ့ခ်အီနိုဒီးက ဆိုဆိုက်တီးကျွန်းစုအဝင်ဖြစ်တဲ့ လီဝါ့ဒ်ကျွန်းဆက်က ဝါဟီးနီကျွန်းမှာ အမှုဆောင်ဖို့ကိစ္စကို စဉ်းစားဖို့ ကျွန်တော်တို့ကို အားပေးခဲ့တယ်။ အသင်းတော်မှာ ကျမ်းစာဖတ်တာလောက်ပဲလုပ်ရတဲ့အတွက် ဒီတာဝန်ကို လက်ခံဖို့အရည်အချင်းမပြည့်မီဘူးလို့ယူဆတာကြောင့် ကျွန်တော်ဝန်လေးခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကိုအီနိုဒီးက ကျွန်တော်ကို ဆက်ပြီးပြောပါတယ်၊ ‘မစိုးရိမ်ပါနဲ့၊ ခင်ဗျားလုပ်နိုင်မှာပါ!’ ခဏအကြာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ ဒီလိုနဲ့ ပစ္စည်းတွေကိုရောင်းလိုက်ပြီး ကျွန်တော်တို့ရဲ့ကလေးသုံးယောက်နဲ့အတူ ဝါဟီးနီကို ပြောင်းခဲ့ကြတယ်။

“ကျွန်တော်တို့ရောက်တော့ ကင်းမျှော်စင်သင်တန်း၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်း စတဲ့အရာအားလုံးကို စတင်လုပ်ဆောင်ခဲ့ရတယ်။ ဒါဟာ မလွယ်ကူလှပါဘူး၊ ဒါပေမဲ့ ယေဟောဝါရဲ့ကာကွယ်မှုနဲ့ထောက်မမှုကို ကျွန်တော်တို့တွေ့ကြုံခံစားခဲ့ရတယ်။ မကြာခဏဆိုသလို နေထိုင်ဖို့နေရာတစ်နေရာကိုတွေ့ရှိဖို့ ကိုယ်တော်က ကူညီပေးခဲ့တယ်။ ဒါ့အပြင် ဆန့်ကျင်သူအုပ်စုတစ်စုက သက်သေခံတွေ ဒီကျွန်းပေါ်က ထွတ်သွားအောင်ကြိုးစားခဲ့တဲ့အချိန်မှာ ဒေသခံနိုင်ငံရေးသမားတစ်ဦးက ကျွန်တော်တို့ဘက်ကနေ ကြံ့ကြံ့ခံရင်ဆိုင်ပေးခဲ့တယ်။ အဲဒီတစ်ချိန်လုံးအတောအတွင်းမှာ ယေဟောဝါက ကျွန်တော်တို့ကို အမှန်တကယ်ပဲ စောင့်ကြပ်ပေးခဲ့ပါတယ်။” ယခုအချိန်တွင်ဝါဟီးနီ၌ အသင်းတော်နှစ်ခုရှိနေပြီဖြစ်သည်။ ကြေညာသူ ၂၃ ဦးပါဝင်သည့် ပြင်သစ်ဘာသာစကားပြော အသင်းတော်တစ်ခုနှင့် ကြေညာသူ ၅၅ ဦးပါဝင်သည့် တဟီတီဘာသာစကားပြော အသင်းတော်တစ်ခုတို့ဖြစ်သည်။

၁၉၆၉ ခုနှစ်၌ အေလဲန်မားပူးသည် ကျွန်းဆွယ်တွင် အထူးရှေ့ဆောင်လုပ်ရန် တာဝန်ရရှိခဲ့သည်။ “ကျွန်းဆွယ်ပေါ်မှာ စိတ်ဝင်စားမှုအတော်များများရှိပါတယ်။ အချိန်တိုလေးအတွင်းမှာ ကျမ်းစာသင်အံမှုများစွာကို ကျွန်မစတင်ခဲ့တယ်” ဟုအေလဲန်ပြောပြသည်။ မကြာမီ ဗာအီရားအိုးတွင် အသင်းတော်ငယ်တစ်ခုကို ဖွဲ့စည်းခဲ့သော်လည်း အကြီးအကဲများလိုအပ်နေသည်။ နောက်ဆုံးတွင် ၂၂ မိုင်ကွာဝေးသည့် ပါပါရာတွင်နေထိုင်သော ကော်လ်စွန် ဒီးန်က ကူညီထောက်မနိုင်ခဲ့သည်။ “ဗာအီရားအိုးမှာ အမှုဆောင်ဖို့ ကောင်းကောင်းစီမံရတယ်။ ကျွန်းတစ်ဖက်မှာရှိတဲ့ ဗာအီရားအိုးကနေ ၄၅ မိုင်ရှိတဲ့ ဖာအအမှာ ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ အလုပ်ပြီးသွားတဲ့အခါ အိမ်ကိုအပြေးအလွှားပြန်၊ ကျွန်တော့်မိသားစုကိုခေါ်၊ ပြီးတော့ ဗာအီရားအိုးကို သွားကြပါတယ်။ နောက်တော့ ကျွန်တော့်အလုပ်ကြောင့် ဖာအအကို ပြောင်းခဲ့ရပါတယ်။ ဗာအီရားအိုးအသင်းတော်ကို ကျွန်တော်တို့ ဆက်ကူညီပေးနေနိုင်ဦးမလား။ အဲဒီမှာရှိတဲ့ညီအစ်ကိုတွေကို ကျွန်တော်တို့တကယ်ပဲ ကူညီပေးချင်တယ်။ ဒါကြောင့် ဆက်လက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အစည်းအဝေးရှိတဲ့ညတွေမှာ ကားမရှိတဲ့သူတွေကို အိမ်လိုက်ပို့ပေးရတဲ့အတွက်ကြောင့် သန်းခေါင်ကျော်မှ ကျွန်တော်တို့အိမ်ပြန်ရောက်တတ်ကြတယ်။ ဒါကို ငါးနှစ်အထိလုပ်ခဲ့ရတယ်။ အခုတော့ ကျွန်းရဲ့ဒီဘက်အပိုင်းမှာ အသင်းတော်လေးခုတွေ့ရတာ အရမ်းကိုရွှင်လန်းရပြီး အဲ့ဒီနေ့တွေကို ကျွန်တော်တို့အမှတ်ရနေတုန်းပဲ” ဟုညီအစ်ကိုဒီးန်က စီကာပတ်ကုံးပြောပြသည်။

တဟီတီသည် ဌာနခွဲတစ်ခုဖြစ်လာ

၁၉၇၄ ခုနှစ်၌ တဟီတီတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက် ၁၉၉ ဦးအထိ တိုးတက်ခဲ့သည်။ နောက်တစ်နှစ်တွင် ထိုအချိန်က ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌဖြစ်သူ အင်န်. အိပ်ချ်. နောရ်နှင့် ဒုတိယဥက္ကဋ္ဌဖြစ်သူ အက်ဖ်. ဒဘလျူ. ဖရန့်ဇ်တို့သည် ဖရန့်ချ်ပေါ်လနီးရှားကျွန်းကို လည်ပတ်ပြီးချိန်၌ မိုင်ပေါင်း ၂,၂၀၀ ကျော်ကွာဝေးသည့် ဖီဂျီမှမဟုတ်ဘဲ တဟီတီမှနေ၍ ဖရန့်ချ်ပေါ်လနီးရှားကျွန်းများရှိ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ညွှန်ကြားပါက သာ၍လက်တွေ့ကျလိမ့်မည်ဟု သူတို့သိမြင်လာခဲ့သည်။ ဤသို့ဖြင့် ၁၉၇၅၊ ဧပြီ ၁ ရက်နေ့၌ တဟီတီဌာနခွဲကို တည်ဆောက်ခဲ့ကာ တိုက်နယ်ကြီးကြပ်မှူးအာလန် ဇာမေးကို ဌာနခွဲကြီးကြပ်မှူးအဖြစ် ခန့်အပ်ခဲ့သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ယေဟောဝါထံမှ အံ့ချီးဖွယ်ကောင်းချီးများကို ညီအစ်ကိုဇာမေး ပြောပြနိုင်ခဲ့သည်။ “အနောက်ဥရောပလောက်ကြီးမားတဲ့ ကျွန်တော်တို့ရဲ့နယ်မြေမှာရှိတဲ့ ကျွန်းတွေနဲ့ကျွန်းစုတွေအားလုံးဆီ သတင်းကောင်းရောက်ရှိအောင် ၁၉၇၅ ခုနှစ်ကတည်းက အကြီးအကျယ်ကြိုးစားအားထုတ်ခဲ့ကြတယ်။ ရလဒ်ကတော့ ပျော်ရွှင်စရာသိပ်ကောင်းပါတယ်။ ၁၉၈၃ ခုနှစ်မှာ ကြေညာသူအရေအတွက် ၅၃၈ ဦးအထိတိုးတက်လာခဲ့တယ်။ အဲဒီနှစ်မှာ ဌာနခွဲရုံးနဲ့ ဗေသလအိမ်အတွက် အဆောက်အဦတစ်ခုကို ပါအီယားမှာ ဆောက်လုပ်ခဲ့တယ်။ အခုအချိန်မှာတော့ ကြေညာသူပေါင်း ၁,၉၀၀ ခန့်ဟာ ဆိုဆိုက်တီးကျွန်းတွေပေါ်က အသင်းတော် ၃၀၊ ဪစထရလ်ကျွန်းတွေက အသင်းတော်တစ်ခုနဲ့သီးခြားအုပ်စုတစ်စု၊ မာကီစာ့စ်ကျွန်းတွေက အသင်းတော်တစ်ခုနဲ့သီးခြားအုပ်စုနှစ်စု၊ တွာမော်တူးနဲ့ဂမ်ဘီယာကျွန်းတွေမှာရှိတဲ့ သီးခြားအုပ်စုများစွာမှာ ပြန့်ကြဲခဲ့ပြီ။ အစည်းအဝေးကို တက်ရောက်ကြတဲ့ တိုးတက်များပြားနေတဲ့ လူသစ်တွေအတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမသစ်တွေ—မာကီစာ့စ်မှာသုံးခုနဲ့ တဟီတီမှာခုနစ်ခု—ကိုတည်ဆောက်ကြတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း တဟီတီလယ်ကွင်းကို ပြုစုပျိုးထောင်ဖို့ ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကို အမှန်တကယ်ပဲ ယေဟောဝါကောင်းချီးပေးခဲ့ပါတယ်။”

လုပ်စရာများစွာရှိနေဆဲ

ဖရန့်ချ်ပေါ်လနီးရှားတွင် တိုးတက်မှုအလားအလာအလွန်ကောင်းပါသည်။ ၁၉၉၇၊ မတ် ၂၃ ရက်နေ့တွင် လူပေါင်း ၅,၃၇၆ ယောက်ခန့်တို့သည် ယေရှုသေခြင်း၏သတိရအောက်မေ့ပွဲအတွက် ဖရန့်ချ်ပေါ်လနီးရှားတစ်ခွင်ရှိ ယေဟောဝါသက်သေတို့နှင့်အတူ စုရုံးခဲ့ကြသည်။ ထိုစိတ်ဝင်စားသောသူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးဖို့ ကျွန်ုပ်တို့၏စာအုပ်စာတမ်းများကို ဒေသခံဘာသာစကားများစွာဖြင့် ရရှိနိုင်အောင်ပြုစုထားပါသည်။ တဟီတီဘာသာစကားအပြင် တာမိုတူ ကျွန်းများတွင်သုံးသော ပယ်အူမိုးတူဘာသာစကားနှင့် တောင်ပိုင်းနှင့်မြောက်ပိုင်းဘာသာစကားများဖြင့်လည်း စာအုပ်စာတမ်းများကို ပြုစုထားသည်။

မှန်မှန်တိုးတက်ခြင်းနှင့် တွေ့ကြုံမှုကောင်းတို့သည် တဟီတီရှိဘုရားသခင့်နိုင်ငံတော်ကြေညာသူများကို ယေဟောဝါ၏ချစ်ခြင်းမေတ္တာနှင့်သည်းခံခြင်းကို သာ၍အပြည့်အဝလေးမြတ်ဖို့ ထောက်ကူပေးခဲ့ပြီ။ အလှမ်းဝေးလှသော တောင်ပင်လယ်ကျွန်းများပင်လျှင် “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏။” (၁ တိမောသေ ၂:၄) တဟီတီနှင့်အခြားဖရန့်ချ်ပေါ်လနီးရှားရှိ ယေဟောဝါသက်သေများသည် “တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုမျှော်လင့်၍၊ ငါ့လက်ရုံးကိုကိုးစားကြလိမ့်မည်” ဟူသောယေဟောဝါ၏ကတိတော်ကို အပြည့်အဝယုံကြည်ကြသည်။—ဟေရှာယ ၅၁:၅။

[စာမျက်နှာ ၂၆ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

တဟီတီဌာနခွဲသည် ဖရန့်ချ်ပေါ်လနီးရှား ကျွန်းများ၏လိုအပ်ရာများကို ဖြည့်စွက်ပေး

ဩစတြေးလျ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

လက်ဝဲမှလက်ယာဘက်သို့– အာလန် ဇာမေး၊ မေရီအဲန် ဇာမေး၊ အန္နယက်စ် ရှန့်ခ်၊ ပေါ်လက် အီနိုဒီးနှင့် ဇာ့ခ် အီနိုဒီး

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

တဟီတီဌာနခွဲရုံး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ