သင်သည် ဧလိယကဲ့သို့ သစ္စာရှိမည်လော
“ထာဝရဘုရား၏ ကြောက်မက်ဖွယ်နေ့ရက်ကြီး မရောက်မီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။”—မာလခိ ၄:၅။
၁။ ဣသရေလလူမျိုးသည် ကတိထားရာပြည်တွင် နှစ်ပေါင်း ၅၀၀ ခန့်နေထိုင်ပြီးနောက် အဘယ်အကျပ်အတည်း ကြုံတွေ့ခဲ့ကြရသနည်း။
“နို့နှင့်ပျားရည်စီးတတ်သောပြည်။” (ထွက်မြောက်ရာ ၃:၇၊ ၈) ယေဟောဝါဘုရားသခင်သည် ဘီ.စီ.အီး. ၁၆ ရာစုတွင် ဣသရေလလူမျိုးကို အီဂျစ်နိုင်ငံ၏ကျွန်ဘဝမှ လွတ်မြောက်စေပြီးနောက် ထိုပြည်ကို သူတို့အားပေးတော်မူခဲ့သည်။ သို့သော် ကြည့်ပါလေ! နှစ်ပေါင်းငါးရာကုန်လွန်ပြီးနောက် ဣသရေလဆယ်နွယ်နိုင်ငံသည် ယခုငတ်မွတ်ဘေးဆိုက်နေ၏။ မြက်စိမ်းကို ရှာမတွေ့နိုင်သည်တိုင် ဖြစ်ချေပြီ။ တိရစ္ဆာန်များ သေနေကြပြီး မိုးခေါင်သည်မှာ သုံးနှစ်ခွဲရှိပြီ။ (၃ ဓမ္မရာဇဝင် ၁၈:၅; လုကာ ၄:၂၅) အဘယ်ကြောင့် ဤကပ်ဘေးဆိုက်နေရသနည်း။
၂။ ဣသရေလနိုင်ငံတွင် အဘယ်ကြောင့်အကျပ်အတည်း ဆိုက်ရောက်ခဲ့သနည်း။
၂ အယူဖောက်ပြန်ခြင်းကြောင့် ဤသို့အကျပ်အတည်းကြုံနေရခြင်းဖြစ်သည်။ အာဟပ်မင်းသည် ဘုရားသခင့်ပညတ်တော်ကိုချိုးဖောက်ကာ ခါနာန်မင်းသမီးဖြစ်သူ ယေဇဗေလနှင့်စုံဖက်၍ ဣသရေလနိုင်ငံတွင် ဗာလဘုရားဝတ်ပြုကိုးကွယ်မှုကို သူမအားသွတ်သွင်းခွင့်ပြုခဲ့ပြီ။ ထိုထက်ဆိုးရွားသေးသည်ကား ရှမာရိမြို့တော်တွင် ဤမှောက်မှားသောဘုရားအတွက် ဗိမာန်တစ်ခုကို သူဆောက်လုပ်ထား၏။ ဗာလဝတ်ပြုမှုသည် သီးနှံပေါများစေမည်ဟုယူဆရန် ဣသရေလလူများ ဖြားယောင်းသွေးဆောင်ခံခဲ့ရပြီတကား! သို့ရာတွင် ယေဟောဝါသတိပေးတော်မူသည့်အတိုင်း ယခုသူတို့သည် ‘ကောင်းမွန်သောပြည်မှ အလျင်အမြန်ပျောက်ပျက်’ ရမည့်အန္တရာယ်ကို တွေ့ကြုံနေကြရသည်။—တရားဟောရာ ၇:၃၊ ၄; ၁၁:၁၆၊ ၁၇; ၃ ဓမ္မရာဇဝင် ၁၆:၃၀-၃၃။
ဘုရားသခင်အဖြစ်ကို ထူးခြားဆန်းပြားစွာ စမ်းသပ်ခြင်း
၃။ ပရောဖက်ဧလိယသည် ဣသရေလလူမျိုး၏အရင်းခံပြဿနာကို မည်သို့အာရုံစူးစိုက်စေခဲ့သနည်း။
၃ ငတ်မွတ်ဘေးဆိုက်သောအခါ ဘုရားသခင်၏သစ္စာရှိပရောဖက်ဧလိယက အာဟပ်မင်းကို ဤသို့မြွက်ဆိုသည်– “ငါကိုးကွယ်သော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရ။” (၃ ဓမ္မရာဇဝင် ၁၇:၁) ဤကြွေးကြော်ချက်အတိုင်း ဖြစ်ပျက်လာ၍ ဒုက္ခတွေ့ကြုံရပြီးနောက် ရှင်ဘုရင်က ဣသရေလလူမျိုးကို အပယ်ခံဘဝရောက်စေသူမှာ ဧလိယဖြစ်သည်ဟု အပြစ်ဖို့လေသည်။ သို့သော် ဧလိယက အာဟပ်နှင့်သူ၏အဆွေအမျိုးတို့သည် ဗာလဘုရားကိုဆည်းကပ်ပြီး အယူဖောက်ပြန်ကြသောကြောင့် ယင်းသို့ဖြစ်ရသည်ဟု တုံ့ပြန်သည်။ ယင်းပြဿနာကိုဖြေရှင်းရန် ယေဟောဝါ၏ပရောဖက်သည် ဣသရေလအမျိုးသားအပေါင်းတို့နှင့် ဗာလပရောဖက် ၄၅၀ တို့ကိုလည်းကောင်း၊ အာရှရပရောဖက် ၄၀၀ တို့ကိုလည်းကောင်း ကရမေလတောင်ပေါ်တွင် စုဝေးစေကြဖို့ အာဟပ်မင်းအား တိုက်တွန်းပါသည်။ အာဟပ်နှင့် သူ၏တိုင်းသူပြည်သားအပေါင်းတို့သည် ထိုနေရာတွင်စုဝေးကြခြင်းဖြင့် မိုးခေါင်ခြင်းအဆုံးသတ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြပေမည်။ သို့သော် ဧလိယသည် ထိုထက်အရေးပါသောကိစ္စကို အာရုံစူးစိုက်စေခဲ့၏။ သူက “သင်တို့သည်ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်းကပ်ကြလော့” ဟုဆို၏။ ဣသရေလလူများသည် မည်သို့ဖြေဆိုရမည်ကို မသိကြချေ။—၃ ဓမ္မရာဇဝင် ၁၈:၁၈-၂၁။
၄။ ဘုရားသခင်အဖြစ်ကိုဖြေရှင်းရန် ဧလိယသည် အဘယ်အရာကို အဆိုတင်သွင်းခဲ့သနည်း။
၄ ဣသရေလလူများသည် ဗာလဝတ်ပြုမှုနှင့် ယေဟောဝါ၏ဝတ်ပြုမှုကို ရောပြွမ်းကိုးကွယ်ခဲ့သည်မှာ နှစ်ချီကြာပေပြီ။ ဘုရားသခင်အဖြစ်ကိုဖြေရှင်းရန် ယခုဧလိယသည် ပြိုင်ပွဲတစ်ခုပြုလုပ်ဖို့ အဆိုတင်သွင်းလိုက်လေသည်။ ယဇ်ပူဇော်ဖို့ရန် နွားတစ်ကောင်ကို မိမိပြင်ဆင်မည်ဖြစ်ပြီး အခြားတစ်ကောင်ကို ဗာလပရောဖက်များ ပြင်ဆင်ကြရမည်ဖြစ်သည်။ ထို့နောက် ဧလိယက “သင်တို့သည် သင်တို့ဘုရားများ၏နာမကိုဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမကိုဟစ်ခေါ်မည်။ မီးဖြင့်ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေ” ဟုဆိုသည်။ (၃ ဓမ္မရာဇဝင် ၁၈:၂၃၊ ၂၄) ဆုတောင်းချက်ကို ထူးသည့်အနေနှင့် ကောင်းကင်မှမီးကျရမည့်အဖြစ်ကို စဉ်းစားကြည့်ပါလေ!
၅။ ဗာလဝတ်ပြုမှုသည် အကျိုးမရှိကြောင်း မည်သို့ဖော်ထုတ်ခံရသနည်း။
၅ ဧလိယသည် ဗာလပရောဖက်များကို ဦးစွာပြုလုပ်ခွင့်ပေးသည်။ ယဇ်ပူဇော်ဖို့ရန် နွားတစ်ကောင်ကို သူတို့ပြင်ဆင်ပြီးနောက် ယဇ်ပလ္လင်အပေါ် တင်ကြလေသည်။ ၎င်းနောက် ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြပြီး “အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါ” ဟုဟစ်ခေါ်ကြ၏။ ဤသို့ “နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင်” ဆက်ပြုလုပ်နေကြသည်။ ဧလိယက “ကျယ်သောအသံနှင့်ဟစ်ကြလော့” ဟုခနဲ့လိုက်၏။ ဗာလသည် အရေးကြီးသောကိစ္စနှင့် အလုပ်များနေပေမည်၊ သို့မဟုတ် ‘ကျိန်းစက်တော်မူသောကြောင့်၊ တစ်စုံတစ်ယောက်သောသူသည် နှိုးပေးရပေမည်!’ မကြာမီ ဗာလပရောဖက်များသည် ကယောင်ကတမ်းဖြစ်ကုန်ကြ၏။ သူတို့သည် ဓား၊ သံစူးတို့နှင့် ကိုယ်ကိုရှစေကြပြီး ဒဏ်ရာများမှ သွေးစီးကျနေသည်ကိုကြည့်ပါ! သူတို့ ၄၅၀ စလုံးသည် အသံကုန်ဟစ်ကြွေးနေကြရာ အလွန်ဆူညံနေသည်တကား! သို့တိုင် ထူးသံမကြားရပေ။—၃ ဓမ္မရာဇဝင် ၁၈:၂၆-၂၉။
၆။ ဘုရားသခင်အဖြစ်ကိုဆန်းစစ်ရန် ဧလိယသည် အဘယ်ပြင်ဆင်ချက်များကို ပြုလုပ်ခဲ့သနည်း။
၆ ယခုတွင် ဧလိယအလှည့်ရောက်လေပြီ။ ယေဟောဝါ၏ယဇ်ပလ္လင်ကို ပြန်လည်တည်ဆောက်ပြီးနောက် ယဇ်ပလ္လင်ပတ်လည်၌ ကျုံးတစ်ခုကိုတူး၍ ယဇ်ကောင်ကို အသင့်ပြင်ဆင်၏။ ထို့နောက် ယဇ်နှင့်ထင်းပေါ်မှာ ရေလောင်းစေသည်။ ကျုံးတွင် ရေပြည့်သည့်တိုင်အောင် ရေအိုးဆယ့်နှစ်လုံးစာ ရေလောင်းကြ၏။ ဧလိယသည် ဤသို့ဆုတောင်းစဉ် မည်မျှသည်းထိတ်ရင်ဖိုဖြစ်နေကြမည်ကို စဉ်းစားကြည့်ပါလေ– “အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ]၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုလည်းကောင်း၊ ယနေ့သိကြပါစေသော။ အိုထာဝရဘုရား၊ ကိုယ်တော် [“ယေဟောဝါ၊” ကဘ] သည် ထာဝရအရှင်ဘုရားသခင် [“စစ်မှန်သောဘုရား၊” ကဘ] ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ဤလူတို့စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကိုလည်းကောင်း၊ သူတို့သည်သိစေခြင်းငှာ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင်တော်မူပါ။”—၃ ဓမ္မရာဇဝင် ၁၈:၃၀-၃၇။
၇၊ ၈။ (က) ဧလိယ၏ဆုတောင်းချက်ကို ယေဟောဝါမည်သို့ထူးတော်မူသနည်း။ (ခ) ကရမေလတောင်ပေါ်မှ အဖြစ်အပျက်များသည် အဘယ်အရာကိုဖြစ်ထွန်းစေသနည်း။
၇ ဧလိယ၏ဆုတောင်းချက်ကို ထူးသည့်အနေဖြင့် ‘ယေဟောဝါ၏မီးသည် ကောင်းကင်မှကျပြီး မီးရှို့ရာယဇ် အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်တို့ကိုလောင်၍ ကျုံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။’ လူအပေါင်းတို့သည်မြင်လျှင် ပျပ်ဝပ်၍၊ ‘ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူ၏။ ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူ၏’ ဟုဝန်ခံကြ၏။ (၃ ဓမ္မရာဇဝင် ၁၈:၃၈၊ ၃၉၊ ကဘ) ယခုဧလိယသည် ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်လေသည်။ သူက “ဗာလ၏ပရောဖက်တို့ကို ဖမ်းဆီးကြလော့။ တစ်ယောက်ကိုမျှ မလွတ်စေနှင့်” ဟုအမိန့်ပေးသည်။ သူတို့ကို ကိရှုန်ချိုင့်ဝှမ်းတွင် ကွပ်မျက်ပြီးလျှင် မိုးကောင်းကင်သည် မိုးတိမ်တိုက်များနှင့်မဲလေသည်။ ထို့နောက် သဲကြီးမဲကြီးမိုးရွာသွန်းကာ မိုးခေါင်ခြင်းအဆုံးသတ်သွားလေတော့သတည်း!—၃ ဓမ္မရာဇဝင် ၁၈:၄၀-၄၅; တရားဟောရာ ၁၃:၁-၅ နှိုင်းယှဉ်။
၈ အမှန်ကြီးကျယ်ခမ်းနားသည့် နေ့ကြီးပါတကား! ဘုရားသခင်အဖြစ်ကို ဤသို့ထူးခြားစွာ ဆန်းစစ်ကြည့်ကြရာတွင် ယေဟောဝါသည် အောင်ပွဲခံတော်မူပေပြီ။ ထိုထက်မက ဤအဖြစ်အပျက်သည် ဣသရေလလူများစွာတို့ကို ဘုရားသခင့်ဘက် ပြန်လှည့်လာစေ၏။ ဤနည်းနှင့် အခြားနည်းများစွာတို့ဖြင့် ဧလိယသည် ပရောဖက်တစ်ပါးအဖြစ် သစ္စာရှိကြောင်း သက်သေပြပြီး ပရောဖက်ပြုကဏ္ဍတွင် သူကိုယ်တိုင်ကိုယ်ကျပါဝင်ပေသည်။
“ပရောဖက်ဧလိယ” လာရဦးမည်လော
၉။ မာလခိ ၄:၅၊ ၆ တွင်အဘယ်အရာကို ကြိုတင်ဟောထားသနည်း။
၉ နောက်ပိုင်းတွင် မာလခိမှတစ်ဆင့် ဘုရားသခင်က ဤသို့ကြိုတင်ဟောတော်မူသည်– “ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်နေ့ရက်ကြီး မရောက်မီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။ ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ်ခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကိုလည်းကောင်း၊ အဘတို့နှင့်သားတို့ကိုလည်းကောင်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။” (မာလခိ ၄:၅၊ ၆) ထိုစကားကို မမိန့်မြွက်မီ နှစ်ပေါင်း ၅၀၀ ကျော်ခန့်က ဧလိယအသက်ရှင်ခဲ့ပါသည်။ ယင်းသည် ပရောဖက်ပြုချက်ဖြစ်သောကြောင့် စီ.အီး. ပထမရာစုဂျူးများသည် ၎င်းပြည့်စုံဖို့ရန် ဧလိယကြွလာမည့်အချိန်ကို စောင့်မျှော်နေကြပါသည်။—မဿဲ ၁၇:၁၀။
၁၀။ ကြိုတင်ဟောထားသည့် ဧလိယကား မည်သူနည်း။ မည်သို့သိနိုင်သနည်း။
၁၀ သို့ဆိုလျှင် ကြွလာမည့်ဧလိယကား မည်သူနည်း။ ယေရှုခရစ်က ဤသို့မိန့်တော်မူစဉ်တွင် ထိုသူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ထင်ရှားစေခဲ့သည်– “ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြု [“ပန်းတိုင်ထား၍ကြိုးစားနေ၊” ကဘ] ကြ၏။ အနိုင်အထက်ပြု [“ကြိုးစားနေ၊” ကဘ] သောသူတို့သည်လည်း လုယူဝင်စားကြရ၏။ [“ဝင်စားရကြ၏။” ကဘ] ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမသြဝါဒပေးကြ၏။ သင်တို့သည် ငါ့စကားကိုနားခံနိုင်လျှင်၊ ဤသူကား ‘လာလတ္တံ့သောဧလိယဖြစ်သတည်း။’” မှန်ပါ၏၊ နှစ်ခြင်းပေးသူယောဟန်သည် ကြိုတင်ဟောထားသည့် ဧလိယနှင့်ထပ်တူထပ်မျှတူသောပုဂ္ဂိုလ်ဖြစ်သည်။ (မဿဲ ၁၁:၁၂-၁၄; မာကု ၉:၁၁-၁၃) ယောဟန်သည် “ဧလိယ၏စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်” “ထာဝရဘုရားအဖို့အလို့ငှာ ပြင်ဆင်သောလူမျိုးဖြစ်စေ” မည်ဟု ယောဟန်၏ဖခင်ဇာခရိကို ကောင်းကင်တမန်တစ်ပါးက လာရောက်ပြောကြားခဲ့သည်။ (လုကာ ၁:၁၇) ယောဟန်ပေးသောနှစ်ခြင်းသည် ပညတ်တရားကိုဆန့်ကျင်၍ ပြုမိသမျှအပြစ်များကို နောင်တရကြောင်း လူအများရှေ့တင်ပြခြင်း၏ အထိမ်းအမှတ်ဖြစ်ကာ ဂျူးတို့ကို ခရစ်တော်ထံသို့ပို့ဆောင်ပေးပါသည်။ (လုကာ ၃:၃-၆; ဂလာတိ ၃:၂၄) သို့ဖြင့် ယောဟန်၏လုပ်ငန်းသည် ‘ယေဟောဝါအဖို့ လူများကိုအသင့်ပြင်ဆင်ပေး’ ပါသည်။
၁၁။ ပေတရုသည် ပင်တေကုတ္တေပွဲနေ့တွင် “ယေဟောဝါ၏နေ့” အကြောင်းမည်သို့ပြောဆိုသနည်း။ ယင်းသည် အဘယ်အချိန်တွင် ဖြစ်ပျက်ခဲ့သနည်း။
၁၁ “ဧလိယ” အဖြစ်နှစ်ခြင်းပေးသူယောဟန် ပြုသောလုပ်ငန်းက “ယေဟောဝါ၏နေ့” နီးကပ်နေကြောင်း ဖော်ပြပါသည်။ ဘုရားသခင်၏ရန်သူများကို ကိုယ်တော်အပြစ်စီရင်၍ မိမိ၏လူမျိုးကို ကယ်ဆယ်မည့် ထိုနေ့ရက်နီးကြောင်းကို တမန်တော်ပေတရုလည်း ပြောပြ၏။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဖြစ်ပျက်ခဲ့သော အံ့ဖွယ်အမှုများသည် ဘုရားသခင့်ဝိညာဉ်တော် သွန်းလောင်းခြင်းနှင့်ဆိုင်သော ယောလ၏ပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်ကြောင်း သူညွှန်ပြခဲ့သည်။ ဤအမှုသည် “ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီး” မတိုင်မီဖြစ်ရမည်ဟု ပေတရုအသိပေးခဲ့သည်။ (တမန်တော် ၂:၁၆-၂၁; ယောလ ၂:၂၈-၃၂) သားတော်အားငြင်းပယ်သောလူမျိုးအပေါ် ရောမစစ်တပ်ကို ဘုရားသခင်တရားစီရင်စေခြင်းဖြင့် ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် စီ.အီး. ၇၀ တွင် ပြည့်စုံခဲ့သည်။—ဒံယေလ ၉:၂၄-၂၇; ယောဟန် ၁၉:၁၅။
၁၂။ (က) လာလတ္တံ့သော “ယေဟောဝါ၏နေ့” အကြောင်း ပေါလုနှင့်ပေတရုတို့က အဘယ်သို့ပြောဆိုခဲ့သနည်း။ (ခ) ဧလိယ၏လုပ်ငန်း တင်စားသည့်အတိုင်း အဘယ်အရာသည် ကျိန်းသေဖြစ်ပျက်ရမည်နည်း။
၁၂ သို့ရာတွင် စီ.အီး. ၇၀ နောက်ပိုင်း ထပ်ဆင့်ဖြစ်ပျက်ရမည့်အမှုများရှိနေပါသေးသည်။ တမန်တော်ပေါလုက လာလတ္တံ့သော “ယေဟောဝါ၏နေ့” နှင့် ယေရှုခရစ်ရောက်ရှိနေခြင်းကို ဆက်စပ်ဖော်ပြထားသည်။ ၎င်းပြင် တမန်တော်ပေတရုက ထိုနေ့ရက်ကို အနာဂတ်၌ရှိသေးသည့် “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်” နှင့်ဆက်စပ်၍ပြောဆိုသည်။ (၂ သက်သာလောနိတ် ၂:၁၊ ၂; ၂ ပေတရု ၃:၁၀-၁၃) ထို့ပြင် နှစ်ခြင်းပေးသူယောဟန်သည် စီ.အီး. ၇၀ ၌ “ယေဟောဝါ၏နေ့” မရောက်မီ ဧလိယကဲ့သို့သောလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း သတိရပါ။ ယင်းတို့အားလုံးကိုထောက်ရှုလျှင် ဧလိယပြုလုပ်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းဖြင့် တင်စားဖော်ပြသည့်အရာနှင့်အညီ ထပ်မံဖြစ်ပျက်ရမည့်အမှု ရှိနေသေးကြောင်း ထင်ရှားစေသည်။ ၎င်းကား အဘယ်နည်း။
သူတို့တွင် ဧလိယ၏စိတ်ဝိညာဉ်ရှိ
၁၃၊ ၁၄။ (က) ဧလိယ၏လုပ်ငန်းနှင့် မျက်မှောက်ခေတ်ဘိသိက်ခံ ခရစ်ယာန်များ၏လုပ်ငန်း၌ အဘယ်ဆင်တူချက်ရှိသနည်း။ (ခ) ခရစ်ယာန်ဘောင်၏ အယူဖောက်ပြန်သူများသည် အဘယ်အမှုကိုပြုလုပ်ခဲ့ပြီနည်း။
၁၃ ဧလိယ၏လုပ်ငန်းသည် နှစ်ခြင်းပေးသူယောဟန်၏လုပ်ငန်းနှင့်သာမက လာလတ္တံ့သော “ယေဟောဝါ၏နေ့” တွင်နိဂုံးချုပ်မည့် ဤခဲယဉ်းသောကာလရှိ ဘိသိက်ခံခရစ်ယာန်များ၏လုပ်ငန်းနှင့်လည်း ဆင်တူချက်ရှိပါသည်။ (၂ တိမောသေ ၃:၁-၅) ဧလိယ၏စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံသော ဤသူတို့သည် စစ်မှန်သည့်ဝတ်ပြုရေးကို အခိုင်အမာအားပေးထောက်ခံသူများဖြစ်ကြပါသည်။ ယင်းသည်လည်း အလွန်လိုအပ်သည့်အရာပါတကား! ဧလိယလက်ထက်၌ ဣသရေလနိုင်ငံတွင် ဗာလဝတ်ပြုမှု ထွန်းကားပျံ့နှံ့ခဲ့သည်နည်းတူ ခရစ်တော်၏တမန်တော်များ ကွယ်လွန်ပြီးနောက် ခရစ်ယာန်ဘာသာတရားစစ်မှ အယူဖောက်ပြန်ခြင်းရှိခဲ့ပါသည်။ (၂ ပေတရု ၂:၁) အမည်ခံခရစ်ယာန်များသည် ခရစ်ယာန်ဘာသာကို မှောက်မှားသောဘာသာရေး အယူအဆများ၊ ၎င်း၏အကျင့်များဖြင့် ရောနှောလိုက်ကြသည်။ ဥပမာ၊ လူတွင် မသေနိုင်သောဝိညာဉ်ရှိသည်ဟူသော ကျမ်းစာနှင့်မညီညွတ်သည့် ဗာဗုလုန်သွန်သင်ချက်ကို သူတို့လက်ခံနာယူကြ၏။ (ဒေသနာ ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄) ခရစ်ယာန်ဘောင်၏ အယူဖောက်ပြန်သူများသည် ယေဟောဝါတည်းဟူသော တစ်ဆူတည်းသော ဘုရားသခင်၏နာမတော်ကို ဆက်လက်အသုံးမပြုကြတော့ပေ။ ယင်းအစား သုံးပါးတစ်ဆူကို သူတို့ကိုးကွယ်နေကြသည်။ ယေရှုနှင့် ကိုယ်တော်၏ရုပ်ပုံများကို ဦးချဝတ်ပြုခြင်းတည်းဟူသော ဗာလဝတ်ပြုရေးနှင့်တူသည့်ထုံးစံကိုလည်း သူတို့ခံယူထားကြသည်။ (ရောမ ၁:၂၃; ၁ ယောဟန် ၅:၂၁) သို့သော် ဤမျှသာမကပါ။
၁၄ ခရစ်ယာန်ဘောင်ချာ့ချ်များ၏ ခေါင်းဆောင်တို့သည် သမ္မာကျမ်းစာ၏ အပိုင်းကဏ္ဍအချို့ကို မယုံသင်္ကာဖြစ်ကြောင်း ၁၉ ရာစုမှစတင်၍ ထုတ်ဖော်ပြောဆိုလာကြသည်။ ဥပမာ၊ ဖန်ဆင်းခြင်းဆိုင်ရာ ကမ္ဘာဦးကျမ်းမှတ်တမ်းကို သူတို့ငြင်းပယ်ကြပြီး ဆင့်ကဲသီအိုရီကို “သိပ္ပံနည်းလမ်းကျသည်” ဟုဆိုကာ အမွှမ်းတင်ကြသည်။ ၎င်းသည် ယေရှုခရစ်နှင့် ကိုယ်တော့်တမန်တော်များ၏ သွန်သင်ချက်များနှင့် တိုက်ရိုက်ဆန့်ကျင်နေပါသည်။ (မဿဲ ၁၉:၄၊ ၅; ၁ ကောရိန္သု ၁၅:၄၇) သို့ရာတွင် ယေရှုနှင့် ကိုယ်တော်၏ ကနဦးနောက်လိုက်များနည်းတူ ယနေ့ဝိညာဉ်တော်ဘိသိက်ခံ ခရစ်ယာန်များသည် ဖန်ဆင်းခြင်းဆိုင်ရာ သမ္မာကျမ်းစာမှတ်တမ်းကို ထောက်ခံကြပါသည်။—ကမ္ဘာဦး ၁:၂၇။
၁၅၊ ၁၆။ ခရစ်ယာန်ဘောင်နှင့်မတူဘဲ မည်သူတို့သည် ဝိညာဉ်အစာကို မှန်မှန်စားသုံးနေကြရသနည်း။ အဘယ်နည်းဖြင့်နည်း။
၁၅ ဤလောကသည် “ဆုံးခန်းချိန်” အတွင်းဝင်လာစဉ် ခရစ်ယာန်ဘောင်သည် ဝိညာဉ်ရေး ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်နေပါသည်။ (ဒံယေလ ၁၂:၄; အာမုတ် ၈:၁၁၊ ၁၂) သို့သော် ဧလိယလက်ထက်က ငတ်မွတ်ဘေးဆိုက်ရောက်ချိန်တွင် သူ့ကိုယေဟောဝါကျွေးမွေးတော်မူခဲ့သည့်နည်းတူ ဘိသိက်ခံခရစ်ယာန် လူနည်းစုသည် “အချိန်တန်လျှင်” ဘုရားသခင်ပေးတော်မူသောဝိညာဉ်အစာကိုစားသုံးပျော်မွေ့ကြ၏။ (မဿဲ ၂၄:၄၅; ၃ ဓမ္မရာဇဝင် ၁၇:၆၊ ၁၃-၁၆) တစ်ချိန်က အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများဟု အမည်တွင်သူ ဘုရားသခင်၏သစ္စာရှိသော ဤကျေးကျွန်များသည် ယေဟောဝါသက်သေများဟူသည့် ကျမ်းပေးအမည်ကို နောက်ပိုင်းတွင် ရရှိခဲ့ကြသည်။—ဟေရှာယ ၄၃:၁၀။
၁၆ “ငါ၏ဘုရားသခင်သည် ယေဟောဝါ” ဟုအဓိပ္ပာယ်ရှိသော မိမိ၏အမည်နှင့်လိုက်ဖက်စွာ ဧလိယအသက်ရှင်နေထိုင်ခဲ့ပါသည်။ ယေဟောဝါ၏ မြေကြီးဆိုင်ရာကျေးကျွန်များ၏ တရားဝင်ဂျာနယ်ဖြစ်သော ကင်းမျှော်စင်သည် ဘုရားသခင်၏နာမတော်ကို အမြဲအသုံးပြုလာခဲ့သည်။ အမှန်မှာ ၎င်းမဂ္ဂဇင်းကို ယေဟောဝါကျောထောက်နောက်ခံပြုတော်မူကြောင်း စိတ်ချသည်ကို ယင်း၏ဒုတိယအကြိမ်ထုတ်စာစောင် (ဩဂုတ် ၁၈၇၉) တွင်ဖော်ပြပါသည်။ ဤဂျာနယ်နှင့် ကင်းမျှော်စင်အသင်း၏ အခြားစာပေများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာ၏တိကျမှန်ကန်မှုကို ထောက်ခံစဉ် ခရစ်ယာန်ဘောင်နှင့် မှောက်မှားသောဘာသာရေး ကမ္ဘာ့အင်ပိုင်ယာ၊ မဟာဗာဗုလုန်၏ ကျန်အဖွဲ့အားလုံးတို့၏ ကျမ်းစာနှင့်မညီညွတ်သော သွန်သင်ချက်များကိုမူကား ဖော်ထုတ်လှစ်ဟပေးပါသည်။—၂ တိမောသေ ၃:၁၆၊ ၁၇; ဗျာဒိတ် ၁၈:၁-၅။
စမ်းသပ်မှုအောက် သစ္စာရှိခြင်း
၁၇၊ ၁၈။ ဗာလပရောဖက်များ အသတ်ခံခဲ့ရကြောင်းကို ယေဇဗေလသိရှိသည်နှင့် မည်သို့တုံ့ပြန်ခဲ့သနည်း။ ဧလိယမူကား မည်သို့ကူညီပေးခံရသနည်း။
၁၇ ဧလိယသည် ဗာလပရောဖက်များကို သတ်ပစ်ခဲ့ကြောင်း ယေဇဗေလသိရှိချိန်တွင် သူမတုံ့ပြန်ခဲ့သကဲ့သို့ ဓမ္မဆရာများလည်း ဖော်ထုတ်ခံရသည့်အခါ ထပ်တူပင်တုံ့ပြန်ကြပါသည်။ သူမသည် ယေဟောဝါ၏သစ္စာရှိပရောဖက်အား သတ်ပစ်မည်ဟူသောကျိန်စာကို သူ့ထံပို့ပေးခဲ့သည်။ ယင်းသည် အပြောသက်သက်မျှမဟုတ်ပေ။ အကြောင်းမှာ ဘုရားသခင်၏ပရောဖက်များစွာကို ယေဇဗေလသတ်ဖြတ်ခဲ့နှင့်ပြီဖြစ်သည်။ ဧလိယသည် ကြောက်လန့်စွာဖြင့် အနောက်တောင်ဘက်ရှိ ဗေရရှေဘမြို့သို့ထွက်ပြေးသွားလေ၏။ ထိုတွင် သူ၏အစောင့်ကိုထားရစ်ခဲ့ပြီးနောက် အသက်သေရမည်အကြောင်း ဆုတောင်းခြင်းငှာ တောအရပ်သို့ ဆက်သွားလေသည်။ သို့သော် ယေဟောဝါသည် မိမိ၏ပရောဖက်ကို စွန့်ပစ်ထားတော်မမူပေ။ ဟောရပ်တောင်အရပ်သို့ ဧလိယသွားရမည့် အလွန်ဝေးလံသောခရီးအတွက် ကောင်းကင်တမန်တစ်ပါးပေါ်လာ၍ သူ့ကိုပြင်ဆင်ပေးသည်။ ဤနည်းဖြင့်မိုင် ၁၉၀ ကျော်ရှိ ရက်ပေါင်း ၄၀ ကြာခရီးစဉ်အတွက် သူအစာအာဟာရမှီဝဲနိုင်ခဲ့သည်။ ဟောရပ်အရပ်သို့ ရောက်သောအခါ ဘုရားသခင်သည် အားကြီးသောလေပြင်း၊ မြေလှုပ်ခြင်းနှင့် မီးတို့ဖြင့် တန်ခိုးတော်ထင်ရှားပြတော်မူပြီးနောက် သူ့ကိုမှာကြားတော်မူသည်။ ယေဟောဝါသည် ထိုထင်ရှားချက်တို့တွင် ရှိတော်မမူပေ။ ၎င်းတို့သည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားတတ်သောစွမ်းအားထင်ရှားပြသခြင်းဖြစ်သည်။ ထို့နောက် ပရောဖက်ကို ယေဟောဝါမိန့်မြွက်တော်မူသည်။ ဤတွေ့ကြုံမှုသည် ဧလိယကို မည်မျှအားရှိစေမည်အကြောင်း စဉ်းစားကြည့်ပါ။ (၃ ဓမ္မရာဇဝင် ၁၉:၁-၁၂) ဧလိယနည်းတူ ကျွန်ုပ်တို့သည် စစ်မှန်သောဝတ်ပြုရေးရန်သူများ၏ ခြိမ်းခြောက်မှုကိုခံရသည့်အခါ အနည်းအကျဉ်းထိတ်လန့်သွားမည်ဆိုလျှင်ကော မည်သို့ဖြစ်မည်နည်း။ သူ၏တွေ့ကြုံမှုမှ ကျွန်ုပ်တို့နားလည်သင့်သည်မှာ ယေဟောဝါသည် မိမိ၏လူများကို စွန့်ပစ်ထားတော်မူမည်မဟုတ်ကြောင်းဖြစ်သည်။—၁ ဓမ္မရာဇဝင် ၁၂:၂၂။
၁၈ ပရောဖက်တစ်ပါးအဖြစ် ဧလိယ၌ လုပ်ကိုင်စရာလုပ်ငန်း ရှိနေသေးကြောင်း ဘုရားသခင်က နားလည်စေတော်မူ၏။ ထို့ပြင် ဣသရေလနိုင်ငံတွင် စစ်မှန်သောဘုရားသခင်အားဝတ်ပြုသူ မိမိတစ်ဦးတည်းသာရှိသည်ဟု ဧလိယယူမှတ်နေသော်လည်း ဗာလကိုဦးမညွှတ်သူ ၇,၀၀၀ ရှိသေးကြောင်း ယေဟောဝါပြသတော်မူခဲ့သည်။ ထို့နောက် ဧလိယကို သူ၏တာဝန်သူပြန်ထမ်းဆောင်စေရန် ဘုရားသခင်ကစေလွှတ်တော်မူ၏။ (၃ ဓမ္မရာဇဝင် ၁၉:၁၃-၁၈) ဧလိယနည်းတူ စစ်မှန်သောဝတ်ပြုရေး၏ရန်သူများက ကျွန်ုပ်တို့ကို အမဲလိုက်သကဲ့သို့လိုက်နေကြပေမည်။ ယေရှုကြိုတင်ဟောသည့်အတိုင်း ကျွန်ုပ်တို့သည် ပြင်းထန်စွာညှဉ်းဆဲခံရကောင်း ခံရလိမ့်မည်ဖြစ်သည်။ (ယောဟန် ၁၅:၁၇-၂၀) တစ်ခါတစ်ရံ စိုးရိမ်ကြောင့်ကြမိပေမည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင့်အထံတော်မှ အာမခံချက်များရရှိသည့်နောက် ယေဟောဝါ၏လုပ်ငန်းတော်ကို စွဲစွဲမြဲမြဲသစ္စာရှိရှိထမ်းဆောင်ခဲ့သော ဧလိယနည်းတူဖြစ်နိုင်ပါသည်။
၁၉။ ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံခရစ်ယာန်များသည် မည်သို့တွေ့ကြုံခံစားခဲ့ကြရသနည်း။
၁၉ ပထမကမ္ဘာစစ်အတွင်း အပြင်းအထန်နှိပ်စက်ခံခဲ့ရသောကြောင့် ဘိသိက်ခံခရစ်ယာန်အချို့သည် ကြောက်လန့်ပြီး မဟောဘဲနေခဲ့ကြသည်။ သူတို့၏မြေကြီးပေါ်လုပ်ငန်း ပြီးစီးပြီဟု မှားယွင်းစွာထင်မှတ်ကြ၏။ သို့သော် သူတို့ကို ဘုရားသခင်စွန့်ပယ်တော်မမူပါ။ ယင်းအစား ဧလိယကို ကိုယ်တော်ကျွေးမွေးတော်မူသည့်နည်းတူ သူတို့ကိုလည်း ကရုဏာပြ၍ ခွန်အားပေးတော်မူခဲ့သည်။ ဧလိယနည်းတူ သစ္စာရှိဘိသိက်ခံများသည် ဘုရားသခင့်ဆုံးမပဲ့ပြင်မှုကိုခံရပြီး မလှုပ်ရှားသည့်အဖြစ်မှ နာလန်ပြန်ထူခဲ့ကြသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်း အခွင့်အရေးထူးရရှိထားကြောင်းကို သူတို့တွေ့မြင်နားလည်လာကြလေသည်။
၂၀။ ယနေ့ ဧလိယနည်းတူ သစ္စာရှိသူများအား အဘယ်အခွင့်အရေး ပေးကမ်းထားသနည်း။
၂၀ ယေရှုရောက်ရှိနေခြင်းနှင့်ပတ်သက်သည့် ကိုယ်တော်၏ပရောဖက်ပြုချက်တွင် ဤအစီအစဉ်စနစ်ဆိုး၏ အဆုံးမတိုင်မီ ကမ္ဘာတစ်ဝန်းတွင် ပြီးစီးရမည့်လုပ်ငန်းကို ကိုယ်တော်သည် အကြမ်းဖျင်းဖော်ပြထားတော်မူသည်။ (မဿဲ ၂၄:၁၄) ယနေ့ ဤလုပ်ငန်းကို ဘိသိက်ခံခရစ်ယာန်များနှင့် ပရဒိသုမြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ရန် မျှော်လင့်ကြသည့် သန်းပေါင်းများစွာသော သူတို့၏အပေါင်းအဖော်များက ထမ်းဆောင်နေကြပါသည်။ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို ပြီးစီးသည့်အထိ ထမ်းဆောင်ခြင်းသည် ဧလိယနည်းတူ သစ္စာရှိသူများကိုသာ ပေးကမ်းထားသော အခွင့်အရေးတစ်ခုဖြစ်သည်။
ဧလိယနည်းတူ သစ္စာရှိခြင်း
၂၁၊ ၂၂။ (က) ယနေ့ ဘိသိက်ခံခရစ်ယာန်များသည် အဘယ်လုပ်ငန်းကို ဦးစီးဦးဆောင်နေကြသနည်း။ (ခ) ဟောပြောခြင်းလုပ်ငန်းကို အဘယ်အကူအညီဖြင့် ထမ်းဆောင်နေကြသနည်း။ အဘယ်ကြောင့်လိုအပ်သနည်း။
၂၁ စစ်မှန်သောဘိသိက်ခံခရစ်ယာန် အကြွင်းအကျန်သည် နန်းထိုင်ဘုရင်ယေရှုခရစ်၏ မြေကြီးဆိုင်ရာအကျိုးစီးပွားများစောင့်ရှောက်ခြင်းတာဝန်ကို ဧလိယ၏ဇွဲလုံ့လမျိုးဖြင့် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီ။ (မဿဲ ၂၄:၄၇) ဘုရားသခင်သည် ပရဒိသုကမ္ဘာမြေကြီးပေါ်တွင် ထာဝစဉ်အသက်ရှင်ရန်မျှော်လင့်ချက်ပေးအပ်ခံရသည့် တပည့်တော်များ ဖြစ်လာစေခြင်းလုပ်ငန်းကို ဤဘိသိက်ခံသူများ ဦးစီးဦးဆောင်ဖို့ သူတို့အားအသုံးပြုတော်မူခဲ့သည်မှာ ယခုနှစ်ပေါင်း ၆၀ ကျော်ပေပြီ။ (မဿဲ ၂၈:၁၉၊ ၂၀) ကြွင်းကျန်သော ဘိသိက်ခံအနည်းငယ်သည် မိမိတို့တာဝန်ကို ဇွဲလုံ့လနှင့်သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်နေကြသည့်အတွက် ဤသန်းပေါင်းများစွာသောသူတို့သည် အလွန်ကျေးဇူးတင်နိုင်ကြပါသည်တကား!
၂၂ ဤဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို မစုံလင်သောလူသားများ ထမ်းဆောင်နေကြရာ ယေဟောဝါအား မှီခိုအားထား ဆုတောင်းသူတို့ကို ကိုယ်တော်ခွန်အားပေးသနားတော်မူသောကြောင့်သာ ယင်းလုပ်ငန်းအထမြောက်နေသည်။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသည့်အကြောင်းကို ပရောဖက်၏ပုံနမူနာဖြင့် ကိုးကားဖော်ပြရာတွင် တပည့်တော်ယာကုပ်က “ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်” သည်ဟုပြောခဲ့သည်။ (ယာကုပ် ၅:၁၆-၁၈) ဧလိယသည် အမြဲပရောဖက်ပြု၊ အံ့ဖွယ်အမှုများကို ပြုလုပ်နေသည်မဟုတ်ပါ။ ကျွန်ုပ်တို့တွင်ရှိသော လူတို့၏ခံစားချက်များနှင့် အားနည်းချက်များ သူ့၌ရှိသော်လည်း ဘုရားသခင့်အမှုတော်ကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့ပါသည်။ ကျွန်ုပ်တို့လည်း ဘုရားသခင့်အကူအညီရရှိပြီး ခွန်အားပေးခံရသည့်အတွက် ဧလိယနည်းတူ သစ္စာရှိနိုင်ကြပါသည်။
၂၃။ သစ္စာရှိရန်နှင့် အပြုသဘောရှိရန် ခိုင်လုံသောအကြောင်း အဘယ်ကြောင့်လိုအပ်သနည်း။
၂၃ ကျွန်ုပ်တို့သစ္စာရှိရန်နှင့် အပြုသဘောရှိကြရန် ခိုင်လုံသောအကြောင်းရှိပါသည်။ နှစ်ခြင်းပေးသူယောဟန်သည် စီ.အီး. ၇၀ တွင်ရုတ်တရက်ကျရောက်ခဲ့သည့် “ယေဟောဝါ၏နေ့” မတိုင်မီက ဧလိယကဲ့သို့သောလုပ်ငန်းကို ထမ်းဆောင်ခဲ့ကြောင်း သတိရပါ။ ဧလိယ၏စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံစွာဖြင့် ဘိသိက်ခံခရစ်ယာန်များသည် ကမ္ဘာတစ်ဝန်းတွင် ဆင်တူယိုးမှားဖြစ်သော ဘုရားသခင်ပေးသည့်လုပ်ငန်းတစ်ခုကို ဆောင်ရွက်နေကြပါသည်။ ယင်းက “ယေဟောဝါ၏နေ့ကြီး” နီးပြီဖြစ်ကြောင်း ထင်ရှားစေ၏။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ကရမေလတောင်ပေါ်တွင် ယေဟောဝါ၏ဘုရားသခင်အဖြစ်ကို မည်သို့သက်သေထူခဲ့သနည်း။
◻ ‘လာမည့်ဧလိယ’ ကားမည်သူနည်း။ မည်သည့်အရာကို သူပြုလုပ်ခဲ့သနည်း။
◻ မျက်မှောက်ခေတ် ဘိသိက်ခံခရစ်ယာန်များသည် သူတို့တွင် ဧလိယ၏စိတ်ဝိညာဉ်ရှိကြောင်း မည်သို့တင်ပြခဲ့ကြပြီနည်း။
◻ ဧလိယနည်းတူ ကျွန်ုပ်တို့အဘယ်ကြောင့် သစ္စာရှိနိုင်ကြသနည်း။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
အဘယ်ကောင်းကင်သို့ ဧလိယ တက်ခဲ့သနည်း
“ထိုသို့နှုတ်ဆက်လျက် [ဧလိယနှင့်ဧလိရှဲတို့] သွားကြစဉ်တွင်၊ မီးရထားနှင့်မီးမြင်းတို့သည်ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွာသဖြင့်၊ ဧလိယသည် လေဘွေအားဖြင့် ကောင်းကင်သို့တက်လေ၏။”—၄ ဓမ္မရာဇဝင် ၂:၁၁။
ဤအဖြစ်အပျက်တွင် “ကောင်းကင်” ဟူသောစကားလုံးကား အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤစကားလုံးသည် ဘုရားသခင်နှင့် ကိုယ်တော်၏ကောင်းကင်သားများ၏ နာမ်ဝိညာဉ်ကျိန်းဝပ်ရာအရပ်ကို တစ်ခါတစ်ရံဆိုလိုပါသည်။ (မဿဲ ၆:၉; ၁၈:၁၀) “ကောင်းကင်” ဟုဆိုရာတွင် ဤစကြဝဠာကိုလည်း ရည်ညွှန်းနိုင်သည်။ (တရားဟောရာ ၄:၁၉) ငှက်များပျံသန်း၍ လေတိုက်သည့် ကမ္ဘာ့လေထုကိုရည်ညွှန်းရာတွင် သမ္မာကျမ်းစာက ဤစကားလုံးကို အသုံးပြု၏။—ဆာလံ ၇၈:၂၆; မဿဲ ၆:၂၆။
ဤကောင်းကင်များအနက် အဘယ်ကောင်းကင်သို့ ပရောဖက်ဧလိယ တက်သွားပါသနည်း။ သူသည် ကမ္ဘာ့လေထုထဲမှဖြတ်၍ ကမ္ဘာဂြိုဟ်၏ အခြားတစ်ဒေသသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း ထင်ရှားပါသည်။ နောင်နှစ်ပေါင်းများစွာအကြာတွင် ဧလိယသည် ကမ္ဘာမြေကြီးပေါ် ရှိနေသေးသည်။ အကြောင်းမှာ ယုဒပြည်ဘုရင်ယဟောရံထံ သူစာတစ်စောင်ရေးပေးလိုက်ပါသည်။ (၂ ရာဇဝင်ချုပ် ၂၁:၁၊ ၁၂-၁၅) ယေဟောဝါဘုရားသခင်၏ နာမ်ဝိညာဉ်ကျိန်းဝပ်ရာအရပ်သို့ ဧလိယတက်သွားခြင်းမဟုတ်ကြောင်း ယေရှုခရစ်က နောက်ပိုင်းတွင် ဤသို့ထောက်ခံပြောဆိုခဲ့သည်– “ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့မတက်ပြီ။” (ယောဟန် ၃:၁၃) ယေရှုခရစ်သေဆုံး၍ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့ တက်ကြွသွားပြီးနောက်မှသာ မစုံလင်သောလူသားများအတွက် ကောင်းကင်အသက်တာလမ်းစဉ်ကို ဦးဆုံးဖွင့်ပေးခဲ့ပါသည်။—ယောဟန် ၁၄:၂၊ ၃; ဟေဗြဲ ၉:၂၄; ၁၀:၁၉၊ ၂၀။