ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၈/၁၅ စာ. ၂၃-၂၅
  • နယ်ဗာဟိုနယ်မြေတွင် သိုးကဲ့သို့သောသူများအတွက် စားကျက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နယ်ဗာဟိုနယ်မြေတွင် သိုးကဲ့သို့သောသူများအတွက် စားကျက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • သတင်းကောင်းကို နယ်ဗာဟိုနယ်မြေသို့ ယူဆောင်လာခြင်း
  • “သိုးစခန်း” ထူထောင်ခြင်း
  • ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ကြီးမားသောတုံ့ပြန်မှု
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၈/၁၅ စာ. ၂၃-၂၅

နယ်ဗာဟိုနယ်မြေတွင် သိုးကဲ့သို့သောသူများအတွက် စားကျက်

နယ်ဗာဟို အင်ဒီးယန်းဘာသာစကားတွင် ဟာဇိုးနီး၏အဓိပ္ပာယ်မှာ “လှပသော” ဟူ၍ဖြစ်ပြီး ယင်းသည် မိမိတို့နယ်မြေကို နယ်ဗာဟိုလူတို့ ခေါ်ဆိုပုံဖြစ်သည်။ ၁၈၆၈ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုအစိုးရသည် အရီဇိုးနားအရှေ့မြောက်ဘက်ရှိ ထောင့်လေးထောင့်ဟုခေါ်သည့် အရီဇိုးနား၊ ကိုလိုရာဒို၊ နယူးမက္ကစီကိုနှင့် ယူတာပြည်နယ်တို့ဆုံရာ အနီးတစ်ဝိုက်တွင် စတုရန်းမိုင်ပေါင်း ၂၄,၀၀၀ ခန့်ကို နယ်ဗာဟိုလူမျိုးအား သီးသန့်နယ်မြေအဖြစ်ခွဲဝေပေးခဲ့သည်။ အနောက်တိုင်းရုပ်ရှင်အားဖြင့် ကျော်ကြားလာသည့် မိုးနျူးမင့်ဗယ်လီဒေသကို ယခုအခါနယ်ဗာဟိုတိုင်းရင်းသားဥယျာဉ်အဖြစ် ပြုပြင်ထိန်းသိမ်းထားကာ ယင်းသည် ကမ္ဘာတစ်ဝန်းလုံးမှ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်သည်။ မြင့်သောသဲကန္တာရလွင်ပြင်အပေါ်မှာ ထီးထီးမားမားထိုးထွက်နေသော ပေတစ်ထောင်ခန့်မြင့်သည့် ကြည့်ချင်စဖွယ် အနီရောင်သဲကျောက်တိုင်ကြီးကို ထိုတောင်ကြားတွင်တွေ့ရှိရသည်။ “ကျောက်ဆောင်ကြားက ကွက်လပ်” ဟုအဓိပ္ပာယ်ရသည့် နယ်ဗာဟိုစကားရပ်သည် ထိုတောင်ကြားအတွက် ဆီလျော်လှသည်။

လူမျိုးလိုက်အနေနှင့် နယ်ဗာဟိုလူမျိုးသည် စိတ်နှိမ့်ချသောအမူအကျင့်၊ နွေးထွေးသောဧည့်ဝတ်ကျေပွန်မှု၊ ရင်းနှီးသောကျယ်ဝန်းသည့်မိသားစုစိတ်ဓာတ်ရှိခြင်းတွင် ထင်ရှားသည်။ သီးသန့်နယ်မြေပေါ်တွင် နေထိုင်ကြသူ ၁၇၀,၀၀၀ တို့သည် အများအားဖြင့် ထုံးတမ်းစဉ်လာလိုက်ကာ တစ်ရွာနှင့်တစ်ရွာအလှမ်းဝေးသည့် ရွာငယ်ကလေးများဖွဲ့၍ နေထိုင်ကြသည်။ အချို့သည် ယခုအချိန်ထိ သိုးမွေးမြူကြပြီး ဟိုဂမ်များဟုခေါ်သည့် ရွှံ့သုတ်ထားသောသစ်လုံးအိမ်များတွင် နေထိုင်ကြသည်။ နယ်ဗာဟို၏ အနုပညာနှင့်လက်မှုပညာသည် ကျယ်ကျယ်ပြန့်ပြန့်ရေပန်းစားသည်။ အထူးသဖြင့် သိုးမွေးဖြင့်ရက်လုပ်ထားသော ရောင်စုံဂျီသြမေထရီဒီဇိုင်းပုံ သို့မဟုတ် ရိုးရာဒီဇိုင်းပုံများပါဝင်သည့် ကော်ဇောများနှင့်စောင်များကို လူတို့အလွန်တန်ဖိုးထားကြသည်။ ထို့အတူ စိမ်းပြာရောင်ကျောက်မျက်တစ်မျိုးနှင့် အခြားသယံဇာတများဖြင့် တန်ဆာဆင်ထားသည့် နယ်ဗာဟို၏ငွေထည်လက်ဝတ်ရတနာများသည်လည်း ထင်ပေါ်ကျော်ကြားလှသည်။

သတင်းကောင်းကို နယ်ဗာဟိုနယ်မြေသို့ ယူဆောင်လာခြင်း

အနှစ် ၃၀ ကျော်က ယေဟောဝါသက်သေများသည် ရှုခင်းများကြည့်ရှုဖို့လောက်သာမဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဤဝေးလံသောဒေသရှိလူတို့ထံ ယူဆောင်ပေးဖို့ နယ်ဗာဟိုနယ်မြေသို့ရောက်ရှိလာကြသည်။ (မဿဲ ၂၄:၁၄) ယေဟောဝါသက်သေများ၏ မှန်မှန်နှင့်အထူးရှေ့ဆောင် ဓမ္မအမှုဆောင်များသည် ဟောပြောခြင်းလုပ်ငန်းတွင် ဦးဆောင်ခဲ့ကြသည်။ သူတို့အနက်များစွာသောသူတို့သည် ပို၍လိုအပ်သောနေရာများတွင် ကူညီရန် နယ်လှည့်ကြီးကြပ်မှူးများနှင့် ဒေသခံသက်သေခံများ၏ ဖိတ်ခေါ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ရောက်ရှိလာကြသည်။ အချို့သည် အနီးအနားအသင်းတော်များမှ ရောက်ရှိလာကြပြီး၊ တချို့မှာ အမေရိကန်လူမျိုးစုတိုင်းရင်းသားပေါင်းစုံပါဝင်သည့် အမေရိကန်ပြည်ထောင်စု၏ပြည်နယ်အသီးသီးမှ ရောက်ရှိလာကြသည်။

ယင်းသို့ ကိုယ်ကျိုးစွန့်သော အမျိုးသားများနှင့်အမျိုးသမီးများသည် ယင်းနေရာတွင် သူတို့၏ဓမ္မအမှုကို သာသနာပြုတာဝန်ကဲ့သို့သဘောထားကြသည်။ အဘယ်ကြောင့်နည်း။ ဦးဆုံးအနေနှင့် တိုင်းရင်းသားဘာသာစကားသည် အသံထွက်၊ ဝါကျတည်ဆောက်ပုံ၊ စကားအသုံးအနှုန်းတို့တွင် ရှုပ်ထွေးသောကြောင့် သင်ယူဖို့ အလွန်ခက်ခဲလှသည်။ တိုင်းရင်းသားလူမျိုးအများစုသည် မိသားစုဖွဲ့စည်းမှုနှင့် ဘာသာရေးရာတို့တွင် ရိုးရာအစဉ်အလာလိုက်ကြကာ မြေယာကိုမှီတင်းနေထိုင်ကြသည်။ ထို့အပြင် ယင်းနေရာတွင် နေထိုင်ဖို့ပြောင်းရွှေ့လာသည့် အင်ဒီးယန်းလူမျိုးမဟုတ်သောသူများအတွက် နေအိမ်နှင့်အလုပ်ခွင်သည် ရှားပါးလှသည်။ နိဂုံးချုပ်ပြောရလျှင် ဤလူမျိုးသည် မျက်နှာဖြူများလက်ထဲတွင် မတရားပြုမူဆက်ဆံခံရသော ရှည်လျားသည့်သမိုင်းကြောင်းကြောင့် အခြားလူမျိုးကို အယုံအကြည်ကင်းမဲ့သည့်စိတ် အရိုးစွဲနေခြင်းကို နားလည်ရန်မခက်ပါ။a

ပထမတွင် သက်သေခံများသည် လည်စည်းဝတ်ဆင်ပြီး သားသားနားနားဖြင့် တစ်အိမ်မှတစ်အိမ်သို့ သွားရောက်လည်ပတ်ကြသောအခါ မော်မင်ဘာသာဝင်များနှင့် မှားကြသောကြောင့် အများအပြားက တံခါးဖွင့်မပေးကြချေ။ သူတို့သည် သာမန်အဝတ်အစားကို ပြောင်းဝတ်လိုက်သောအခါ မကြာခဏဆိုသလို တစ်နာရီ သို့မဟုတ် ယင်းထက်ပို၍လက်ခံခြင်းခံရကြသည်။ ယခုတွင် ဓမ္မအမှုလုပ်ငန်းခွင်ဆင်ယင်မှုအတိုင်း ပြန်ဝတ်ဆင်ခဲ့ကြသော်လည်း လူတို့သည် ယေဟောဝါသက်သေများကိုသိရှိလာကြပြီ။

နယ်ဗာဟိုသီးသန့်နယ်မြေတွင် နေထိုင်ကြသောလူတို့ထံအရောက်သွားရခြင်းသည် အမှန်ပင်စိတ်လှုပ်ရှားစရာဖြစ်သည်။ ကျောက်ဆောင်၊ သဲ၊ ရွှံ့ထူထပ်သော သတ်သတ်မှတ်မှတ်မဟုတ်သည့်လမ်းများပေါ်တွင် မိုင်ပေါင်းများစွာ ကားမောင်းရခြင်းသည် သမားရိုးကျဖြစ်နေသည်။ ယင်းသည် ယာဉ်များကို ပိုမိုပျက်စီးစေပြီး ခရီးသည်များကို ပိုမိုမောပန်းစေသည်မှာ သဘာဝဖြစ်သည်။ ယာဉ်များသည် နွံထဲနစ်သွားသော်လည်း လမ်းသွားလမ်းလာသူများက အများအားဖြင့် ကူညီပေးရန် အဆင်သင့်ရှိတတ်ကြသည်။ စိတ်ဝင်စားသောသူများထံလည်ပတ်ခြင်း၊ အိမ်တွင်းကျမ်းစာသင်အံမှုသွားခြင်း၊ တစ်ဦးတစ်ယောက်ကို ခရစ်ယာန်အစည်းအဝေးတက်ရောက်ရန် သွားခေါ်ခြင်းတို့သည် အသွားအပြန်ခရီးအတွက် နာရီပေါင်းများစွာကြာတတ်သည်။ သို့ရာတွင် သက်သေခံများသည် မိမိတို့ကိုယ်ကို အသုံးခံရန်လိုလိုလားလားရှိခြင်းဖြင့် ဒေသခံများအတွက် မိမိတို့၏မေတ္တာကိုဖော်ပြကြသည်။—၁ သက်သာလောနိတ် ၂:၈ နှိုင်းယှဉ်။

နယ်ဗာဟိုလူမျိုးတို့သည် သမ္မာကျမ်းစာဆွေးနွေးခြင်းတွင် ပျော်မွေ့ကြသည်။ အများအားဖြင့် မိသားစုလိုက်—ကလေးများ၊ မိဘများ၊ အဘိုးအဘွားများ—သည် လူသားတို့အတွက် အနာဂတ်ပရဒိသုစံအိမ်မျှော်လင့်ချက်နှင့်ပတ်သက်သည့်အကြောင်းအရာကို နားထောင်ရန်စုဝေးကြသည်။ ပရဒိသုနှင့်ပတ်သက်သောထင်မြင်ယူဆချက်ကို မေးသောအခါ “သိုးအမြောက်အမြားရှိသည့်မြက်ခင်းပြင်” ဖြစ်သည်ဟု နယ်ဗာဟိုလူတစ်ဦး၏အဖြေက နယ်မြေနှင့်သိုးအုပ်အပေါ် သူတို့၏တွယ်တာမှု ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ ကျမ်းစာစာပေကိုလည်း လေးမြတ်ကြကြောင်း တစ်ခါတစ်ရံ ပုတီးစေ့များ၊ ဆပ်ပြာတစ်ထောင့်၊ စည်သွတ်နို့စသည်တို့ကို လှူဒါန်းကာ ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှုကို ထောက်ပံ့ခြင်းအားဖြင့် တင်ပြကြသည်။ အထူးရှေ့ဆောင်တစ်ဦးသည် တစ်နှစ်အတွင်း ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းနှစ်စဉ်ကြေး ၂၀၀ ခန့်ကောက်ခံရရှိခဲ့ပြီး ယင်းတို့ထဲတွင် မြင်းစီးနေသူတစ်ဦးထံမှ နှစ်ခုပါဝင်သည်။

“သိုးစခန်း” ထူထောင်ခြင်း

နွေရာသီအချိန်တွင် နယ်ဗာဟိုသိုးထိန်းအဖို့ သူ သို့မဟုတ် သူမ၏သိုးအုပ်ကို သိုးစခန်းသို့ ပြောင်းရွှေ့ရသည်။ စိမ်းလန်းသောစားကျက်နှင့် ရေကောင်းစွာရရှိနိုင်သောနေရာအနီးတွင်ရှိသော ဤစခန်းများသည် သိုးအုပ်များကို ဖွံ့ဖြိုးကြီးထွားဖို့ထောက်ကူပေးသည်။ ပုံဆောင်သဘောအရ ဘုရားသခင့်နိုင်ငံတော်ခန်းမသည် ဤစခန်းကဲ့သို့—ဝိညာဉ်ရေးစားကျက်နှင့် သမ္မာတရားရေထွက်ရှိသောနေရာနှင့်ဆင်တူနိုင်သည်။ လာရောက်ကြသောလူတို့သည် ဝိညာဉ်ရေးကျန်းမာမှုနှင့်ခွန်အားဖြစ်စေသည့် ဝိညာဉ်ရေးအာဟာရကို တွေ့ရှိနိုင်သည်။

အရီဇိုးနားပြည်နယ် ကေအန်တာရှိ ကျောင်းစာသင်ခန်းတစ်ခုတွင် အစည်းအဝေးများကို အတန်ကြာကျင်းပခဲ့သည်။ ထို့နောက် ၁၉၉၂ ခုနှစ် ဩဂုတ်လတွင် ပြည်နယ်အသီးသီးမှ ရာပေါင်းများစွာသော စေတနာ့ဝန်ထမ်းသက်သေခံတို့၏အကူအညီဖြင့် ကေအန်တာတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမသစ်ကို တည်ဆောက်ခဲ့သည်။ ဤဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် ဒေသအတွင်းရှိ အခြားဘုရားသခင့်နိုင်ငံတော်ခန်းမများသည် ဟောပြောခြင်းလုပ်ငန်းကို အတည်တကျလုပ်ငန်းအဖြစ် ဒေသခံလူတို့စိတ်ထဲတွင် စွဲမှတ်စေသည်။ ကျယ်ဝန်းသောဤဒေသရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမများသည် သီးသန့်နယ်မြေရှိ တူးဘာနှင့်ချီးလီးမြို့များတွင် တစ်ခုစီ၊ သီးသန့်နယ်မြေထဲတွင် ဟော့ပီလူမျိုးများနေထိုင်သောဒေသရှိ ကင်းမီစ် ကဲရွင်းတွင် တစ်ခုတို့ပါဝင်သည်။ သီးသန့်နယ်မြေ၏နယ်စပ်မြို့များတွင် အခြားခန်းမအမြောက်အမြားရှိသေးသည်။ ရလဒ်ကား အဘယ်နည်း။

ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ကြီးမားသောတုံ့ပြန်မှု

ဘုရားသခင့်နိုင်ငံတော်ခန်းမတည်ဆောက်ပြီးချိန်မှစ၍ တစ်ဒါဇင်ထက်မကသောဒေသခံလူတို့ နှစ်ခြင်းခံခြင်းက ဤနေရာတွင် စစ်မှန်သောဝတ်ပြုကိုးကွယ်မှုကို ယေဟောဝါကောင်းချီးသွန်းလောင်းကြောင်း ဖော်ပြသည်။ ခန်းမက ယေဟောဝါသက်သေများသည် ဤနေရာတွင် နေထိုင်ရန်နှင့် သူတို့ဟောပြောသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ယုံကြည်စိတ်ချစေရန် ထောက်ကူပေးကြောင်း ပေါ်လွင်ထင်ရှားစေသည်။ မကြာသေးမီက နယ်ဗာဟိုဘာသာစကားဖြင့် ပထမဆုံး ကျမ်းစာလူထုဟောပြောချက်ပေးခဲ့သည်။ မိဘဝတ္တရားများနှင့်ပတ်သက်သောဟောပြောချက်ကို နားထောင်ရန်တက်ရောက်သူ ၂၄၅ ယောက်အား ကြိုဆိုရခြင်းကို အသင်းတော်အဖွဲ့ဝင်အယောက် ၄၀ တို့ဝမ်းမြောက်ခဲ့ကြသည်။ လေးမြတ်သောသဘောထားဖြင့် လူရှစ်ဦးရှိသော မိသားစုတစ်ခုသည် ယင်းဟောပြောချက်ကို နားထောင်ရန် သုံးနာရီကြာခရီးနှင်လာရသည်။ ယင်းသည် ဘုရားသခင့်နိုင်ငံတော်ခန်းမကို သူတို့ပထမဦးဆုံးရောက်ရှိခြင်းဖြစ်သည်။

ယေဟောဝါပြင်ဆင်ပေးသည့် အသုံးဝင်သောနောက်ကိရိယာတစ်ခုမှာ နယ်ဗာဟိုဘာသာစကားဖြင့် ကမ္ဘာသားဘဝထာဝရစံစားကြ! ဘရိုရှာဖြစ်သည်။ အလွန်ရှုပ်ထွေးသော နယ်ဗာဟိုဘာသာစကားသို့ ယင်းဘရိုရှာကိုဘာသာပြန်ရခြင်းသည် အလွန်ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ယင်းဘရိုရှာသည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လျောက်ပတ်စွာ တင်ပြထားကြောင်း သေချာစေရန် ဘာသာပြန်သူတို့သည် စုစုပေါင်းနာရီ ၁,၀၀၀ ကျော်အသုံးပြုခဲ့ကြသည်။ ယင်းကို ထုတ်ဝေသော ၁၉၉၅ ခုနှစ်ကုန်ပိုင်းကစ၍ ဒေသခံသက်သေခံများသည် ၎င်းစာအုပ်ကို ထောင်ပေါင်းများစွာဝေငှခဲ့ပြီး သမ္မာတရားရှာဖွေသူများနှင့် ကျမ်းစာသင်အံမှုများစွာ ပြုလုပ်ခဲ့ရသည်။

ဘုရားသခင့်နိုင်ငံတော်ကြေညာသူများသည် နယ်ဗာဟိုဘာသာစကားကို သင်အံလေ့လာခဲ့သည်နှင့်အမျှ ဓမ္မအမှုတွင် ပိုမိုအသုံးပြုလာကြသည်။ ဒေသအတွင်းရှိအသင်းတော်များသည် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် နယ်ဗာဟိုဘာသာစကားကို စတင်အသုံးပြုခဲ့ပြီး ကြေညာသူများကို လေ့ကျင့်ပေးရန် နယ်ဗာဟိုဘာသာစကားသင်တန်းများကို ဖွင့်လိုက်သည်။ ထို့အပြင် ဒေသန္တရစည်းဝေးကြီးများ၏အစီအစဉ်ကို နယ်ဗာဟိုဘာသာစကားဖြင့်လည်း ဘာသာပြန်ပေးသည်။ ဤကြိုးစားအားထုတ်မှုအားလုံးသည် သီးသန့်နယ်မြေပေါ်တွင် သာ၍ကြီးမားသောတုံ့ပြန်မှုကို ပေါ်ပေါက်စေမည်မှာသေချာသည်။

ဤအင်ဒီးယန်းသီးသန့်မြေပေါ်ရှိ ဘုရားသခင့်နိုင်ငံတော်အသီးများထဲမှ လျစ်လျူမရှုနိုင်သောအသီးတစ်ခုမှာ ကျွန်ုပ်တို့၏နယ်ဗာဟိုညီအစ်ကိုများက တင်ပြသည့်မြင့်မြတ်သောဝိညာဉ်ရေးအရည်အသွေးများဖြစ်သည်။ ခုနစ်နှစ်တိုင်တိုင် ဂျင်မီနှင့်စန္ဒရာတို့သည် မိမိတို့သားသမီးငါးယောက်အား အပတ်စဉ်အစည်းအဝေးများကို တက်ရောက်ရန် ၇၅ မိုင်ခရီးမှခေါ်ဆောင်လာသည်။ ထိုမိသားစုသည် မိမိတို့၏ခရီးရှည်တစ်လျှောက်တွင် အတူတကွဘုရားသခင့်နိုင်ငံတော်သီချင်းများသီဆိုခြင်းနှင့် ကျမ်းစာလေ့လာခြင်းအားဖြင့် အမှတ်တရဖြစ်စေသည်။ မိဘတို့၏သမ္မာတရားမြတ်နိုးမှု၊ သမ္မာတရားအတွက်စိတ်အားကြီးမှုတို့က ယေဟောဝါကို ဆက်ကပ်အပ်နှံချီးမွမ်းသူများဖြစ်လာဖို့ မိမိတို့၏ပုံသက်သေကိုတုပရန် သားသမီးများကို လှုံ့ဆော်ပေးသည်။ သူတို့ထဲမှလေးဦးသည် မှန်မှန်ရှေ့ဆောင်များအဖြစ် ယခုအခါ အမှုဆောင်နေကြပြီး ဂျင်မီသည် အကြီးအကဲတစ်ဦးဖြစ်သည်။ မကြာသေးမီက ဂျင်မီ၏အစ်မအဲလ်စီသည် နယ်ဗာဟိုစကားတစ်မျိုးတည်းကိုသာ ပြောဆိုသောသူများထဲမှ ပထမဦးဆုံးနှစ်ခြင်းခံသူဖြစ်လာသောကြောင့် သူတို့မိသားစုအတွက် ပျော်ရွှင်မှုထပ်တိုးပွားရသည်။

နယ်ဗာဟိုသီးသန့်နယ်မြေကို မွမ်းမံခြယ်သထားသည့် သဲကျောက်တိုင်များကို ဒေသန္တရသိုးထိန်းများနှင့် သူတို့၏သိုးအုပ်များက တောအလှသဘာဝအေးချမ်းငြိမ်သက်မှုဖြင့် ဖြည့်စွက်တန်ဆာဆင်ထားသည်။ ရှေးအခါက ပရောဖက်ဟေရှာယသည် ယေဟောဝါနှင့်ပတ်သက်၍ ဤသို့ကြိုပြောခဲ့သည်– “မိမိသိုးစုကို သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကို ချီ၍ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသော သိုးမတို့ကိုလည်း ဖြည်းညင်းစွာပို့ဆောင်တော်မူမည်။” (ဟေရှာယ ၄၀:၁၁) နယ်ဗာဟိုနယ်မြေရှိ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို နားထောင်လိုပြီး ကိုယ်တော်၏ထာဝရကောင်းချီးကို ရယူလိုသူအားလုံးကို ကိုယ်တော်၏သိုးထိန်းကောင်းယေရှုမှတစ်ဆင့် ယေဟောဝါသည် မိမိ၏ဝိညာဉ်ရေးစားကျက်တော်အတွင်း စုသိမ်းလျက်ရှိသည်။

[အောက်ခြေမှတ်ချက်များ]

a နိုးလော့! ၁၉၄၈၊ မေ ၈ ရက်ထုတ် (လိပ်); ၁၉၅၂၊ ဖေဖော်ဝါရီ ၂၂ ရက်ထုတ် (လိပ်); ၁၉၅၄၊ ဇွန် ၂၂ ရက်ထုတ် (လိပ်) နှင့် ၁၉၉၆၊ စက်တင်ဘာ ၈ ရက်ထုတ် (လိပ်) ကိုရှု။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သတင်းကောင်းနားထောင်သည့် နယ်ဗာဟိုသိုးကျောင်းသူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ