လူနာအခွင့်အရေးများကို ကိုနက်တီကပ်ပြည်နယ် တရားရုံးချုပ်မှ ထောက်ခံ
သွေးသွင်းခြင်းကိုငြင်းပယ်ရန် ယေဟောဝါသက်သေများ၏အခွင့်အရေးကို ၁၉၉၆ ခုနှစ်၊ ဧပြီ ၈ ရက်နေ့တွင် ယူ.အက်စ်.အေ၊ ကိုနက်တီကပ်ပြည်နယ်တရားရုံးချုပ်က ထောက်ခံခဲ့သည်။ ဤအဆုံးအဖြတ်သည် အစောပိုင်းတရားရုံးစီရင်ချက်ကို လှန်လိုက်ခြင်းဖြစ်သည်။
၁၉၉၄ ခုနှစ်၊ ဩဂုတ်လတွင် ယေဟောဝါသက်သေတစ်ဦးဖြစ်သူ နဲလီ ဗီဂါသည် သူမ၏ပထမကလေးကိုမွေးဖွားပြီးနောက် အလွန်အကျွံသွေးသွန်လေသည်။ သွေးသွန်ခြင်းရပ်ဆိုင်းရန် ကြိုးစားမှုများလည်း အရာမရောက်ပေ။ မစ္စစ်. ဗီဂါ၏အခြေအနေမှာ ပိုမိုဆိုးလာသဖြင့် သူမအားသွေးသွင်းရန် တရားရုံးအမိန့်ကိုရဖို့ ဆေးရုံမှကြိုးစားကြလေသည်။ မစ္စစ်. ဗီဂါက သူမဆေးရုံတက်နေစဉ်အတွင်း သွေး သို့မဟုတ် သွေးမှထုတ်လုပ်သည့် ပစ္စည်းကိုမသွင်းဖို့၊ ထိုနည်းအားဖြင့် မိမိ၏ဆုံးဖြတ်ချက်မှန်သမျှကြောင့် ပေါ်ပေါက်လာသည့် အကျိုးဆက်များနှင့်ပတ်သက်၍ ဆေးရုံမှတာဝန်ကင်းရှင်းစေရန် ဆေးဘက်ဆိုင်ရာလွတ်ငြိမ်းခွင့်ကတ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ သို့ဖြစ်စေကာမူ အတင်းအဓမ္မသွေးသွင်းခြင်းသည် မိခင်လိုအပ်သူ မွေးခါစကလေး၏ အကောင်းဆုံးအကျိုးအတွက် လုပ်ဆောင်ခြင်းဖြစ်မည်ဟု ဆေးရုံမှအဆိုပြုသည်။ မစ္စစ်. ဗီဂါသည် သွေးဆုံးရှုံးမှုမှလွဲ၍ သူမသည် ငယ်ရွယ်၍ကျန်းမာရေးကောင်းမွန်သော အမျိုးသမီးဖြစ်သည်ဟူသည့်အချက်ကိုလည်း တရားရုံးမှအာရုံစိုက်မိကြသည်။ ထို့ကြောင့် မစ္စစ်. ဗီဂါတို့ဇနီးမောင်နှံနှင့် သူမ၏ရှေ့နေတို့ ကန့်ကွက်သည့်ကြားမှ တရားရုံးမှအမိန့်ချမှတ်၍ သူမအားသွေးသွင်းလိုက်ကြသည်။
အချိန်တန်လေသော် အဆိုပါအမှုကို ကိုနက်တီကပ်ပြည်နယ်တရားရုံးချုပ်သို့ ရုံးတင်လိုက်သည်။ ထိုတွင် ဆေးရုံ၏လုပ်ဆောင်မှုသည် မစ္စစ်. ဗီဂါ၏အခွင့်အရေးများကို ဖောက်ဖျက်ရာရောက်သည်ဟု အားလုံးသဘောတူညီစွာ ဆုံးဖြတ်ကြသည်။ စီရင်ချက်က ဤသို့ဆိုသည်– “တရားရုံးရှေ့မှောက်ကြားနာခြင်းကို နှစ်ဖက်စလုံးမှ ယင်းတို့၏ချေပပြောဆိုခြင်းကို အပြည့်အဝမထောက်မနိုင်သည့် အလွန်အရေးပေါ် အခြေအနေအောက် ညသန်းခေါင်အချိန်၌ ပြုလုပ်ခဲ့သည်။”
ကိုနက်တီကပ်ပြည်နယ်တရားရုံးချုပ်၏ ဤစီရင်ချက်သည် ယေဟောဝါသက်သေများထက် အခြားသူများအတွက် ထူးခြားသည်။ မစ္စစ်. ဗီဂါ၏ရှေ့နေ ဒဲန်လ်ဒ် တီ. ရစ်ဒ်လီက “ထိုစီရင်ချက်သည် မိမိတို့ဆရာဝန်၏ဆုံးဖြတ်ချက်နှင့် သဘောမတူသော လူနာအားလုံးအတွက် အရေးကြီးသည်၊ ယင်းစီရင်ချက်သည် ဘာသာရေးကြောင့်ဖြစ်စေ၊ လူမှုရေးကြောင့်ဖြစ်စေ လူနာ၏ဆန္ဒအပေါ် ဆေးရုံများကသြဇာလွှမ်းမိုးမှုကို တားဆီးပေးပါလိမ့်မည်” ဟုပြောသည်။