ကိုယ်ကိုကိုယ်သိသောစိတ်—ဝန်ထုပ်ဝန်ပိုးလော၊ အကျိုးပြုသည့်အရာလော
“ကိုယ်ကိုကိုယ်သိသောစိတ်က အကျွန်ုပ်ကိုနှောင့်ယှက်နေသည်!” ကျွန်ုပ်တို့အားလုံးနီးပါးပင် ကိုယ်ကိုကိုယ်သိသောစိတ်၏ ထိုးနှက်မှုကို ရံဖန်ရံခါ ခံကြရ၏။ ယင်းခံစားမှုများတွင် ကသိကအောက်ဖြစ်ခြင်းမှ မခံမရပ်နိုင်အောင် နာကျင်ခြင်းအထိ ပါဝင်နိုင်သည်။ ဖိစီးခံရသည့် ကိုယ်ကိုကိုယ်သိသောစိတ်သည် စိတ်ကျခြင်း သို့မဟုတ် ရှုံးနိမ့်သည်ဟူသောခံစားချက်ကိုပင် ဖြစ်ပေါ်စေနိုင်၏။
ဤရှုထောင့်မှကြည့်လျှင် ကိုယ်ကိုကိုယ်သိသောစိတ်သည် ဝန်ထုပ်ဝန်ပိုး ဖြစ်မနေပေလော။ အချို့က ထိုသို့ယူမှတ်ကြလိမ့်မည်။ ယခင်ခေတ်များက အတွေးအခေါ်ရှင်များသည် ကိုယ်ကိုကိုယ်သိသောစိတ်ကို မွေးရာပါအရည်အချင်းတစ်ခုအဖြစ် များသောအားဖြင့် သဘောထားကြ၏။ ယင်းကို ဘုရားသခင်ကိုယ်တော်တိုင် အပ်နှင်းထားတော်မူပြီး စာရိတ္တရေးရာလမ်းပြဖြစ်သည်ဟူ၍ လူအများယူဆကြသည်။ သို့ဖြစ်သောကြောင့် ကိုယ်ကိုကိုယ်သိသောစိတ်ကို “လူတွင် ဘုရားသခင်၏ကျိန်းဝပ်မှု၊” “ကျွန်ုပ်တို့၏ မူရင်းသဘော၊” နှင့် “ဘုရားသခင်၏အသံတော်” ဟူ၍ပင် ခေါ်ဆိုခဲ့ကြပြီ။
သို့သော် မကြာမီနှစ်များတွင် ကိုယ်ကိုကိုယ်သိသောစိတ်သည် များသောအားဖြင့် မိဘနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှုအားဖြင့် ကြိုးစားရယူနိုင်သည့် အရည်အချင်းတစ်ခုဖြစ်သည်ဟု အဆိုပြုခြင်း ရေပန်းစားလာသည်။ ဥပမာ၊ ကလေးတစ်ဦးသည် များသောအားဖြင့် ဒဏ်ပေးခံရမည်ကိုစိုးရိမ်ပြီး မဖွယ်မရာ မပြုလုပ်ဘဲနေတတ်လာခြင်းဖြစ်ရာ ကိုယ်ကိုကိုယ်သိသောစိတ်ဟု ခေါ်ဆိုကြသည့်အရာသည် မိဘနှစ်ပါး၏ ကိုယ်ပိုင်စံညွှန်းများနှင့် ယုံကြည်ချက်များကို ခံယူထားခြင်းမျှဖြစ်သည်ဟု စိတ်ပညာရှင်အချို့က အချေအတင်ပြုပြောဆိုကြသည်။ အခြားသူများကမူ ယင်းစံညွှန်းများနှင့် စံနှုန်းများကို ပျံ့နှံ့စေရာတွင် ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်း၏အခန်းကဏ္ဍကို ညွှန်ပြကြသည်။ အချို့က ကိုယ်ကိုကိုယ်သိသောစိတ်၏ထိုးနှက်မှုများမှာ ကျွန်ုပ်တို့ပြုလုပ်လိုသည့်အရာနှင့် ဖိစီးနှိပ်ကွပ်သောလူ့အဖွဲ့အစည်းက ကျွန်ုပ်တို့အားပြုစေလိုသည့်အရာတို့ လွန်ဆွဲနေခြင်းမျှဖြစ်သည်ဟု ယူမှတ်ကြပြန်၏!
သီအိုရီများစွာရှိသော်ငြားလည်း လူတို့သည် ကိုယ်ကိုကိုယ်သိသောစိတ်၏ တိုက်တွန်းမှုကြောင့် မိဘများ၊ မိသားစုများနှင့် လူ့အဖွဲ့အစည်းအလုံးအရင်းတို့ကိုပင် မကြာခဏ ဆန့်ကျင်ပြီးရပ်တည်ခဲ့ကြပါပြီ။ အချို့သူများသည် ကိုယ်ကိုကိုယ်သိသောစိတ်အတွက် အသက်စတေးဖို့ပင် အသင့်ရှိခဲ့ကြပြီ! ထို့ပြင် ကမ္ဘာတစ်ခွင်ရှိယဉ်ကျေးမှုများသည် အမျိုးမျိုးကွဲပြားခြားနားသော်လည်း လူသတ်မှု၊ ခိုးမှု၊ သူ့သားအိမ်ရာပြစ်မှားမှု၊ လိမ်လည်မှုနှင့် သွေးရင်းစပ်ယှက်မှု အစရှိသည်တို့ကို မှားယွင်းသည်ဟု တစ်လောကလုံးနီးပါးက ယူမှတ်ကြပါသည်။ ယင်းက ကိုယ်ကိုကိုယ်သိသောစိတ်သည် မွေးရာပါအရည်အချင်းတစ်ခုဖြစ်သည်ဟု မဖော်ပြပေလော။
ကိုယ်ကိုကိုယ်သိသောစိတ်—သမ္မာကျမ်းစာ၏အမြင်
ဤအကြောင်းကိုတကယ်ပြောဆိုပိုင်ခွင့်ရှိသူမှာ ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ အမှန်မှာ “ထာဝရဘုရားသည် ငါတို့ကိုဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင်ဖြစ်တော်မူ၏။” (ဆာလံ ၁၀၀:၃) ကျွန်ုပ်တို့၏တည်ဆောက်ပုံကို ကိုယ်တော်လုံးလုံးလျားလျားသိတော်မူ၏။ လူသည် ဘုရားသခင်၏ ‘ပုံသဏ္ဌာန်တော်’ နှင့်တညီတသဏ္ဌာန်တည်း ဖန်ဆင်းခံရသည်ဟု ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာက ရှင်းပြထားပါသည်။ (ကမ္ဘာဦး ၁:၂၆) လူသည် ကောင်းမကောင်းကိုသိကျွမ်းသောစိတ်နှင့် ဖန်ဆင်းခံရပြီး အစကနဦးကပင် ကိုယ်ကိုကိုယ်သိသောစိတ်သည် လူ၏မွေးရာပါ အစိတ်အပိုင်းတစ်ခုဖြစ်သည်။—ကမ္ဘာဦး ၂:၁၆၊ ၁၇ နှိုင်းယှဉ်။
တမန်တော်ပေါလုက သူ၏ရောမစာစောင်တွင် ယင်းကိုထောက်ခံပြီး ဤသို့ရေးသားခဲ့၏– “သာသနာပလူတို့သည် [ဘုရားသခင်၏] ပညတ်တရားကိုမသိဘဲ၊ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကိုမသိဘဲ၊ ကိုယ်ကျင့်တရားကိုအမှီပြုသဖြင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း မိမိတို့စိတ်နှလုံးထဲ၌မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာပြကြပြီ။” (ရောမ ၂:၁၄၊ ၁၅) ဂျူးများကိုပေးခဲ့သော ဘုရားသခင့်ပညတ်ဥပဒေအောက်တွင် ကြီးပြင်းလာသူမဟုတ်သူများစွာတို့ပင်လျှင် ဘုရားသခင့်ပညတ်တရား၏မူများကို လူမှုရေးအရမဟုတ်ဘဲ “ကိုယ်အလိုအလျောက်” လိုက်နာကျင့်သုံးကြသည်ကို သတိပြုပါ။
ယင်းကြောင့် ကိုယ်ကိုကိုယ်သိသောစိတ်သည် ဝန်ထုပ်ဝန်ပိုးဖြစ်မည့်အစား ဘုရားပေးသော အကျိုးပြုသည့်အရာတစ်ခုဖြစ်ပေသည်။ ယင်းသည် ကျွန်ုပ်တို့အား နာကျင်စေနိုင်သည် မှန်၏။ သို့သော် သင့်တော်လျောက်ပတ်စွာ ဂရုပြုသည့်အခါ အကြီးအကျယ်ကျေနပ်မှုရှိစေပြီး စိတ်၏ငြိမ်သက်မှုကိုလည်း ရရှိစေနိုင်ပါသည်။ ယင်းသည် ကျွန်ုပ်တို့အား လမ်းပြညွှန်ကြားပြီး ကာကွယ်စောင့်ရှောက်ပေးရုံမက လှုံ့ဆော်တိုက်တွန်းပေးပါသည်။ သည်အင်တာပရက်တာဘိုင်ဘယ်က ဤသို့ဆိုသည်– “တစ်ဦးတစ်ယောက်က မိမိပြုလုပ်နေသည့်အရာနှင့် မိမိပြုလုပ်သင့်သည်ဟု အထင်ရှိသောအရာစပ်ကြား ကွာဟမှုကို စေ့စပ်ပေးရန် ကြိုးစားမှသာလျှင် သူ၏စိတ်ဓာတ်နှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ကျန်းခံ့ရေးကို ထိန်းသိမ်းပေးနိုင်ပါမည်။” ၎င်းကွာဟမှုကို မည်သို့စေ့စပ်ပေးနိုင်မည်နည်း။ ကျွန်ုပ်တို့၏ ကိုယ်ကိုကိုယ်သိသောစိတ်ကို ပုံသွင်းပြီး လေ့ကျင့်ပေးနိုင်ပါသလော။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။