“စုံစမ်းစစ်ဆေးရာကာလ”—သမ္မာကျမ်းစာပေါ်အခြေခံသည့် အယူဝါဒလော
၁၈၄၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့သည် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေရှိ လူ ၅၀,၀၀၀ ခန့်အတွက် အလွန်မျှော်လင့်စောင့်စားရာနေ့တစ်နေ့ ဖြစ်ခဲ့သည်။ သူတို့၏ ဘာသာရေးခေါင်ဆောင် ဝီလျံ မေလာက ယေရှုခရစ်သည် ထိုနေ့တွင် ပြန်လာလိမ့်မည်ဟု ပြောခဲ့သည်။ မေလာ၏နောက်လိုက်အဖြစ် ခံယူထားကြသူများသည် သူတို့စုဝေးရာနေရာများတွင် ညအချိန်အထိ စောင့်နေကြသည်။ နောက်တစ်နေ့ မိုးသောက်သည့်အချိန်ထိ သခင်အရှင်သည် ပေါ်မလာခဲ့ချေ။ အထင်နှင့်အမြင်လွဲနေကြောင်း သိခဲ့ရကာ အိမ်သို့ပြန်ကြပြီး၊ နောက်ပိုင်းတွင် “အလွန်တရာစိတ်ပျက်ရာ” နေ့အဖြစ် ထိုနေ့ကိုအမှတ်ရခဲ့ကြသည်။
သို့တိုင်၊ စိတ်ပျက်နေရာမှ မကြာမီ မျှော်လင့်ချက်ရရှိလာကြသည်။ အဲလန် ဟာမာန် အမည်ရှိအမျိုးသမီးငယ်တစ်ဦးက သူမ၏ရူပါရုံများတွင် ဘုရားသခင်သည် မေလာနောက်လိုက်များ၏အချိန်တွက်ချက်မှုမှာ မှန်ကန်ကြောင်းဖော်ပြသည်ဟု ထိုအုပ်စုငယ်ကို သက်ဝင်ယုံကြည်စေခဲ့သည်။ သူမက ထိုနေ့တွင် ခရစ်တော်သည် “အသန့်ရှင်းဆုံးနေရာဖြစ်သော ကောင်းကင်ဆိုင်ရာ သန့်ရှင်းရာဌာန” ထဲသို့ဝင်ရောက်ခဲ့သည့် အလွန်အရေးကြီးသောအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်ဟု ယုံကြည်လေသည်။
ဆယ်နှစ်ကျော်ကြာပြီးနောက် အက်ဒ်ဗဲင်တစ်[စ] တရားဟောဆရာ ဂျိမ်းစ် ဝှိုက် (အဲလန် ဟာမာန်နှင့် အိမ်ထောင်ကျသူ) က ၁၈၄၄ ခုနှစ်ကတည်းက ယေရှု၏လုပ်ငန်းသဘောသဘာဝကိုဖော်ပြရန် စကားစုတစ်ခုကို ဖန်တီးလေသည်။ ၁၈၅၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်ထုတ် ရီဗယူ အဲန် ဟယ်ရယ်လ်တွင် ဝှိုက်က “စုံစမ်းစစ်ဆေးရာကာလ” ကိုယေရှုစတင်နေပြီဖြစ်ကြောင်း ပြောခဲ့သည်။ ထို့နောက် ယင်းသည် မိမိတို့ကိုယ်ကို ဆဲဗဲင်ဒေး အက်ဒ်ဗဲင်တစ်[စ] ဟုခေါ်ကြသော ခုနစ်သန်းခန့်ရှိသူများထဲတွင် အခြေခံယုံကြည်ချက်တစ်ခုဖြစ်လာသည်။
သို့သော် ဆဲဗဲင်ဒေး အက်ဒ်ဗဲင်တစ်[စ] (အက်စ်ဒီအေ) ချာ့ချ်ရှိ ကြည်ညိုလေးစားခံရသော ပညာရှင်အချို့က “စုံစမ်းစစ်ဆေးရာကာလ” သည် သမ္မာကျမ်းစာ၏အခြေခံအယူဝါဒတစ်ခု ဖြစ်သည်၊ မဖြစ်သည်ကို သိလိုကြသည်။ ယင်းသည် သူတို့အတွက် အဘယ်ကြောင့် ပြန်လည်သုံးသပ်စရာဖြစ်သနည်း။ သင်သည် ဆဲဗဲင်ဒေး အက်ဒ်ဗဲင်တစ်[စ] တစ်ဦးဖြစ်က ဤမေးခွန်းသည် သင်နှင့်လည်းသက်ဆိုင်ပါလိမ့်မည်။ သို့ဖြစ်စေကာမူ ဦးဆုံးအနေနှင့် “စုံစမ်းစစ်ဆေးရာကာလ” ဆိုသည်မှာအဘယ်နည်း။
ယင်းကား အဘယ်နည်း
ဤအယူဝါဒကို ထောက်ခံသည်ဟု ရည်ညွှန်းသောအခြေခံကျမ်းချက်မှာ ဒံယေလ ၈:၁၄ ဖြစ်သည်။ ယင်း၌ “ယခင်ပြောသောသူက၊ ရက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ ထိုနောက်၊ သန့်ရှင်းရာဌာနကိုတစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည် ဟုပြန်၍ပြောဆို၏” ဟူ၍ဖတ်ရသည်။ အက်ဒ်ဗဲင်တစ်[စ] များစွာတို့က “ထိုနောက်၊ သန့်ရှင်းရာဌာနကိုတစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်” ဟူသောစကားစုကြောင့် ဤအခန်းငယ်ကို ဝတ်ပြုရာကျမ်းအခန်းကြီး ၁၆ နှင့်ဆက်နွှယ်ထားသည်။ ယင်း၌ အပြစ်ဖြေရာနေ့တွင် ဂျူးတို့၏ယဇ်ပုရောဟိတ်မင်းကြီးသည် သန့်ရှင်းရာဌာနကို စင်ကြယ်သန့်ရှင်းစေကြောင်း ဖော်ပြထားသည်။ သူတို့က ယေရှုအား ကောင်းကင်ရှိသာ၍ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းကြီးအဖြစ်ဖော်ပြထားသည့် ဟေဗြဲကျမ်းအခန်းကြီး ၉ ကိုလည်း ဒံယေလ၏စကားများနှင့် ဆက်စပ်လိုက်သည်။ အက်စ်ဒီအေ ပညာရှင်တစ်ဦးက ဤဆင်ခြင်သုံးသပ်ပုံသည် “သက်သေထူ-ကျမ်းချက်” နည်းစနစ်ပေါ်တွင်အခြေခံ၏ဟုပြောသည်။ ယင်းနည်းစနစ်အရ “ဒံယေလ ၈:၁၄ တွင်ပါသော သန့်ရှင်းရာဌာနဟူသည့် ထပ်တူစကားလုံးမျိုးကို ဝတ်ပြုရာ ၁၆ နှင့် ဟေဗြဲ ၇၊ ၈၊ ၉” တို့တွင် တွေ့ရှိရကာ “၎င်းစကားလုံးတိုင်းသည် အကြောင်းအရာတစ်ခုတည်းနှင့်ပတ်သက်၍ ပြောနေခြင်းဖြစ်ကြောင်း” စွဲကိုင်ထားသည်။
အက်ဒ်ဗဲင်တစ်[စ]တို့၏သုံးသပ်ပုံမှာ ဤသို့ဖြစ်သည်– ရှေးဣသရေလယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနဟုခေါ်သော ဗိမာန်တော်၏အခန်းတွင် နေ့စဉ်ဓမ္မအမှုကိုဆောင်ရွက်ရာ အပြစ်လွှတ်ခြင်းကိုဖြစ်စေခဲ့သည်။ အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် နှစ်စဉ်ဓမ္မအမှုကို အသန့်ရှင်းဆုံးအခန်း (ဗိမာန်တော်၏ အတွင်းအကျဆုံးသောအခန်း) တွင်ဆောင်ရွက်ရာ အပြစ်ပယ်ရှားပစ်ခြင်းဖြစ်စေသည်။ သူတို့က ကောင်းကင်တွင် ခရစ်တော်၏ယဇ်ပုရောဟိတ်ဆိုင်ရာ ဓမ္မအမှု၌ အဆင့်နှစ်ဆင့်ပါဝင်သည်ဟု ကောက်ချက်ချကြသည်။ ဦးဆုံးအဆင့်သည် ပထမရာစု၌ ကိုယ်တော်၏ကောင်းကင်သို့တက်ကြွချိန်မှစ၍ ၁၈၄၄ ခုနှစ်တွင်အဆုံးသတ်ကာ အပြစ်လွှတ်ခြင်းကိုဖြစ်စေသည်။ ဒုတိယအဆင့် သို့မဟုတ် “စုံစမ်းစစ်ဆေးခြင်းအဆင့်” သည် ၁၈၈၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့တွင်စတင်ကာ ဆက်လက်ဖြစ်နေဆဲဖြစ်ပြီး အပြစ်ပယ်ရှားပစ်ခြင်းကို ဖြစ်စေလိမ့်မည်။ ယင်းသည် မည်သို့အထမြောက်လိမ့်မည်နည်း။
၁၈၈၄ ခုနှစ်ကတည်းက ယေရှုသည် ယုံကြည်သူများဟုခေါ်ဆိုသူအားလုံး (ဦးဆုံး သေဆုံးခဲ့သူများ၊ ထိုနောက် အသက်ရှင်သူများ) ၏ဘဝမှတ်တမ်းများကိုစစ်ဆေးကာ သူတို့သည် ထာဝရအသက်နှင့်ထိုက်တန်သည်၊ မထိုက်တန်သည်ကိုစီရင်ဆုံးဖြတ်နေ၏ ဟုဆိုကြသည်။ ဤစစ်ဆေးခြင်းသည် “စုံစမ်းစစ်ဆေးရာကာလ” ဖြစ်သည်။ လူတို့သည် ထိုနည်းဖြင့် တရားစီရင်ခြင်းခံရပြီးနောက် ဤစမ်းသပ်ချက်ကို အောင်မြင်သူများ၏အပြစ်များသည် မှတ်တမ်းစာစောင်များမှ ပယ်ရှားပစ်ခြင်းခံရသည်။ သို့သော် အဲလန် ဝှိုက်က မအောင်မြင်သူများသည် ‘သူတို့၏အမည်များ အသက်စာစောင်မှပယ်ရှားပစ်’ ခံရပေလိမ့်မည်ဟုရှင်းပြသည်။ သို့ဖြင့် “အသက်ရှင်ခြင်း သို့မဟုတ် သေခြင်းအတွက် လူအားလုံး၏ကြမ္မာကို ဆုံးဖြတ်ပြီးဖြစ်ပေလိမ့်မည်။” ထိုအချိန်တွင် ကောင်းကင်ဆိုင်ရာသန့်ရှင်းရာဌာနသည် ဆေးကြောသုတ်သင်ခြင်းခံရပြီး၊ ဒံယေလ ၈:၁၄ မှာပြည့်စုံသွားလေသည်။ ယင်းသည် ဆဲဗဲင်ဒေး အက်ဒ်ဗဲင်တစ်[စ]တို့၏ သွန်သင်ချက်ဖြစ်သည်။ သို့သော် အက်စ်ဒီအေမှထုတ်ဝေသော အက်ဒ်ဗဲင်တစ်[စ] ရီဗယူစာအုပ်က “စုံစမ်းစစ်ဆေးရာကာလဟူသော စကားအသုံးအနှုန်းကို သမ္မာကျမ်းစာ၌ မတွေ့ရပါ” ဟုဝန်ခံထားလေသည်။
ဘာသာစကားဆိုင်ရာ ပြတ်နေသောကွင်းဆက်
ဤသွန်သင်ချက်က အက်ဒ်ဗဲင်တစ်[စ]အချို့ကို စိတ်ရှုပ်စေသည်။ လေ့လာသူတစ်ဦးက “ကျွန်ုပ်တို့၏ သစ္စာရှိခေါင်းဆောင်ပိုင်းသည် ထုံးတမ်းစဉ်လာသွန်သင်ချက်ဖြစ်သည့် စုံစမ်းစစ်ဆေးရာကာလနှင့်ပတ်သက်၍ အလေးထားစဉ်းစားသောအခါ ပြင်းထန်စွာစိတ်အနှောင့်အယှက်ခံစားခဲ့ရကြောင်း သမိုင်းကဖော်ပြသည်” ဟုပြောသည်။ မကြာသေးမီနှစ်များအတွင်း ပြင်းထန်စွာစိတ်အနှောင့်အယှက်ခံစားရခြင်းမှ သံသယသို့ကူးပြောင်းသွားသောကြောင့် ပညာရှင်များသည် စတင်ပြီး “သန့်ရှင်းရာဌာနနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့လုပ်နေကြရှင်းလင်းတင်ပြချက်ဆိုင်ရာ အယူဝါဒမဏ္ဍိုင်များစွာကို မေးခွန်းထုတ်လာကြသည်” ဟုသူကထပ်လောင်းပြောဆိုသည်။ ယခုတွင် ၎င်းတို့ထဲမှအချက်နှစ်ချက်ကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြစို့။
အယူဝါဒမဏ္ဍိုင်တစ်– ဒံယေလ အခန်းကြီး ၈ ကို ဝတ်ပြုရာ အခန်းကြီး ၁၆ နှင့်ဆက်စပ်ထားသည်။ ဘာသာစကားဆိုင်ရာနှင့် ရှေ့နောက်စကားဆိုင်ရာ အဓိကပြဿနာနှစ်ခုဖြစ်သော ဘာသာစကားနှင့် ရှေ့နောက်စကားအားဖြင့် ဤယူဆချက်သည် ချည့်နဲ့လျက်ရှိသည်။ ဦးဆုံး ဘာသာစကားအသုံးအနှုန်းကို သုံးသပ်ကြည့်ကြစို့။ အက်ဒ်ဗဲင်တစ်[စ]တို့က ဝတ်ပြုရာ အခန်းကြီး ၁၆ တွင်ရှိသော ‘စင်ကြယ်သန့်ရှင်းထားသည့် သန့်ရှင်းရာဌာန’ သည် ဒံယေလ အခန်းကြီး ၈ တွင်ပါရှိသော ‘ဆေးကြောသုတ်သင်ထားသည့် သန့်ရှင်းရာဌာန’ ကိုကြိုတင်ပုံဆောင်သည်ဟုယုံကြည်ကြသည်။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းတွင် ဒံယေလ ၈:၁၄ ၌ အသုံးပြုထားသည့် “ဆေးကြောသုတ်သင်” ဟူသောစကားလုံးသည် ဟေဗြဲကြိယာပုံစံဖြစ်သော စာဒက် (အဓိပ္ပာယ်မှာ “ဖြောင့်မှန်သော”) မှ မှားယွင်းစွာဘာသာပြန်ဆိုထားခြင်းဖြစ်ကြောင်း ဘာသာပြန်သူများ မသိခင်အချိန်အထိ ဤဆက်စပ်ယူသည့်ကောက်ချက်မှာ လက်ခံနိုင်ဖွယ်ရှိသည်။ ဓမ္မပညာသင်ကျောင်း၏ပါမောက္ခ အန်သိုနီ အေ. ဟိုကမ် က “ဆေးကြောသုတ်သင်ခံရ [တာဟဲရ်] ဟုဘာသာပြန်ဆိုလေ့ရှိသည့် ဟေဗြဲကြိယာကို ဤနေရာတွင် လုံးဝအသုံးမပြုထားသောကြောင့် ထိုစကားလုံးကို ဆေးကြောသုတ်သင် ဟုဘာသာပြန်ဆိုထားခြင်းသည် ဝမ်းနည်းစရာဖြစ်သည်” ဟုမှတ်ချက်ချသည်။a ယင်းကို ဝတ်ပြုရာ အခန်းကြီး ၁၆ ၌ အသုံးပြုထားရာ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းတွင် တာဟီးရ်ကို “စင်ကြယ်သန့်ရှင်း” နှင့် “စင်ကြယ်စေခြင်း” ဟူသည့်ပုံစံဖြင့်ဘာသာပြန်ထားသည်။ (ဝတ်ပြုရာ ၁၆:၁၉၊ ၃၀) ထို့ကြောင့် ဒေါက်တာ ဟိုကမ်က “အကယ်၍ ဒံယေလသည် အပြစ်ဖြေရာနေ့တွင် စင်ကြယ်သန့်ရှင်းခြင်းကိုပြီးမြောက်စေသည်ဟု ဆိုလိုပါက သူသည် စာဒက် [စာဒ်ဟက်] အစား တာဟီးရ် [တာဟဲရ်] ကို အသုံးပြုပေလိမ့်မည်” ဟုမှန်ကန်စွာကောက်ချက်ချလေသည်။ သို့သော်လည်း စာဒ်ဟက်ကို ဝတ်ပြုရာကျမ်းတွင်မတွေ့ရသကဲ့သို့ တာဟဲရ်ကို ဒံယေလကျမ်းတွင်မတွေ့ရပါ။ ဘာသာစကားဆိုင်ရာကွင်းဆက်သည် ပြတ်လျက်ရှိသည်။
ရှေ့နောက်စကားများက အဘယ်အရာကို ဖော်ပြသနည်း
ရှေ့နောက်စကားကို သုံးသပ်ကြည့်ကြစို့။ အက်ဒ်ဗဲင်တစ်[စ]တို့က ဒံယေလ ၈:၁၄ သည် “သီးခြားကျမ်းချက်တစ်ချက်” ဖြစ်ကာ အထက်တွင်ပါရှိသောအခန်းငယ်များနှင့် မသက်ဆိုင်ပါဟု ယုံကြည်ကြသည်။ သို့သော် သင့်အနေဖြင့် ပူးတွဲပါလေးထောင့်ကွက်မှ “ဒံယေလ ၈:၁၄ နှင့်ယင်း၏ ရှေ့နောက်စကား” ခေါင်းစဉ်အောက်ရှိ ဒံယေလ ၈:၉-၁၄ ကိုဖတ်ရသောအခါ ထိုသို့နားလည်သဘောပေါက်ပါသလော။ အခန်းငယ် ၉ တွင် ချိုအတက်တစ်ချောင်း၏ အလွန်ကြီးမားခြင်းကို အထင်အရှားဖော်ပြသည်။ အခန်းငယ် ၁၀-၁၂ က ဤကြီးမားခြင်းသည် သန့်ရှင်းရာဌာနကို တိုက်ခိုက်လိမ့်မည်ဟု ဖော်ပြထားသည်။ အခန်းငယ် ၁၃ က ‘လွန်ကျူးခြင်းသည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်း’ ဟုမေးမြန်းထားသည်။ သို့ဖြစ်၍ အခန်းငယ် ၁၄ က “ရက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ ထိုနောက်၊ သန့်ရှင်းရာဌာနကိုတစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည်ဟုပြန်၍ပြောဆို၏။” ထင်ရှားနေသည်မှာ အခန်းငယ် ၁၃ က မေးခွန်းမေးကာ အခန်းငယ် ၁၄ က ယင်းကို အဖြေပေးထားသည်။ ဓမ္မပညာရှင် ဒက်စမင် ဖော့ဒ်က “ဒံယေလ ၈:၁၄ မှဤကြွေးကြော်ချက် [အခန်းငယ် ၁၃ မှ “အဘယ်မျှကာလပတ်လုံး”] ကို သီးခြားခွဲထုတ်လိုက်ခြင်းသည် ပင်လယ်ထဲတွင် ကျောက်ဆူးမပါဘဲရှိနေသကဲ့သို့သော ရှင်းလင်းချက်ဖြစ်နေသည်” ဟုဆိုသည်။b
အက်ဒ်ဗဲင်တစ်[စ]တို့သည် ရှေ့နောက်စကားများမှ အခန်းငယ် ၁၄ ကို အဘယ်ကြောင့်သီးခြားခွဲထုတ်လိုက်ကြသနည်း။ ယူဆထားချက်ကို အကျပ်အတည်းဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ရန်ဖြစ်သည်။ ရှေ့နောက်စကားများအရ ချိုအတက်၏ဆောင်ရွက်မှုကြောင့် အခန်းငယ် ၁၄ တွင်ဖော်ပြထားသောသန့်ရှင်းရာဌာန ညစ်ညူးရခြင်းဖြစ်သည်ဟု မှတ်ယူစေ၏။ မည်သည့်နည်းနှင့်မဆို “စုံစမ်းစစ်ဆေးရာကာလ” အယူဝါဒသည် ခရစ်တော်၏လုပ်ဆောင်မှုကြောင့် သန့်ရှင်းရာဌာနညစ်ညူးရခြင်းဖြစ်သည်ဟု ထင်မှတ်စေသည်။ ကိုယ်တော်သည် ယုံကြည်သူများ၏အပြစ်ကို ကောင်းကင်သန့်ရှင်းရာဌာနသို့ ပြောင်းရွှေ့လိုက်သည်ဟုဆိုကြသည်။ ထို့ကြောင့် အက်ဒ်ဗဲင်တစ်[စ]တို့သည် အယူဝါဒနှင့် ရှေ့နောက်စကား နှစ်ရပ်စလုံးကို တစ်ပြိုက်နက်လက်ခံလိုက်လျှင် မည်သို့ဖြစ်ကြမည်နည်း။ ဆဲဗဲင်ဒေး အက်ဒ်ဗဲင်တစ်[စ] တစ်ဦးဖြစ်ပြီး အက်စ်ဒီအေသမ္မာကျမ်းစာဋီကာ၏ ယခင်တွဲဖက်အယ်ဒီတာတစ်ဦးဖြစ်သူ ဒေါက်တာ ရေမွန် အက်ဖ်. ကော်တရဲလ်က “ကျွန်ုပ်တို့က အက်စ်ဒီအေတို့သည် ဒံယေလ ၈:၁၄ ကို ရှေ့နောက်စကားများသုံးသပ်၍ အနက်ဖွင့်သည်ဟု ကိုယ့်ကိုယ်ကိုလှည့်စားလိုလျှင် ချိုအတက်ကို ခရစ်တော်အဖြစ်သတ်မှတ်ရလိမ့်မည်” ဟုရေးသားထားသည်။ ဒေါက်တာ ကော်တရဲလ်က “ကျွန်ုပ်တို့သည် ရှေ့နောက်စကားနှင့် အက်ဒ်ဗဲင်တစ်[စ]တို့၏အနက်ဖွင့်ချက် နှစ်ရပ်စလုံးကို တစ်ပြိုင်နက်မယူနိုင်ပါ” ဟုအမှန်အတိုင်းဝန်ခံခဲ့သည်။ ထို့ကြောင့် “စုံစမ်းစစ်ဆေးရာကာလ” ကိုဆက်၍ယုံကြည်ဖို့ဆိုလျှင် အက်ဒ်ဗဲင်တစ်[စ]ချာ့ချ်အနေဖြင့် ရွေးချယ်ရန်မှာ—အယူဝါဒကို လက်ခံမည်လော၊ သို့မဟုတ် ဒံယေလ ၈:၁၄ ၏ရှေ့နောက်စကားများကို လက်ခံမည်လော ဟူ၍ဖြစ်သည်။ ဝမ်းနည်းစရာပင်၊ ယင်းသည် အယူဝါဒကိုရွေးချယ်လိုက်ပြီး ရှေ့နောက်စကားကို ငြင်းပယ်လိုက်သည်။ အက်ဒ်ဗဲင်တစ်[စ]တို့သည် “ကျမ်းစာမှ ထုတ်နုတ်” ၍မရနိုင်သောအရာကို “လွန်ကျူးစွာအဓိပ္ပာယ်ဖွင့်ဆိုနေ” သည့်အတွက် အသိပညာကြွယ်သော ကျမ်းစာကျောင်းသားများ၏အပြစ်တင်ခြင်းခံရသည်မှာ အံ့ဩစရာမဟုတ်ကြောင်း ဒေါက်တာ ကော်တရဲလ်ကဆိုသည်။
၁၉၆၇ ခုနှစ်တွင် ဒေါက်တာ ကော်တရဲလ်သည် ကမ္ဘာတစ်ဝန်းရှိ အက်စ်ဒီအေချာ့ချ်များသို့ပေးပို့သော ဒံယေလကျမ်းပေါ်မူတည်သည့် ဥပုသ်စာဖြေကျောင်းအတွက် သင်ခန်းစာများကို ပြင်ဆင်ခဲ့ရသည်။ ယင်းက ဒံယေလ ၈:၁၄ သည် ၎င်း၏ရှေ့နောက်စကားနှင့် ဆက်နွှယ်မှုရှိပြီး ‘ဆေးကြောသန့်စင်ခြင်း’ သည် ယုံကြည်သူများကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း သွန်သင်လေသည်။ ထူးခြားသည်မှာ အဆိုပါသင်ခန်းစာသည် “စုံစမ်းစစ်ဆေးရာကာလ” ကိုလုံးဝမဖော်ပြထားခြင်းဖြစ်သည်။
မှတ်သားလောက်သော ဖြေကြားချက်အချို့
“စုံစမ်းစစ်ဆေးရာကာလ” အယူဝါဒကို ထောက်ပံ့ရန် ဤမဏ္ဍိုင်သည် အင်မတန်မှချည့်နဲ့ကြောင်း အက်ဒ်ဗဲင်တစ်[စ]တို့၏သိရှိထားချက်က အတိုင်းအတာမည်မျှထိရှိသနည်း။ ဒေါက်တာ ကော်တရဲလ်က ဦးစီးဦးရွက်ပြုနေကြသော အက်ဒ်ဗဲင်တစ်[စ]ဓမ္မပညာရှင် ၂၇ ဦးအား ‘ဒံယေလ အခန်းကြီး ၈ နှင့် ဝတ်ပြုရာ အခန်းကြီး ၁၆ ကြားရှိကွင်းဆက်နှင့်ပတ်သက်၍ ဘာသာစကားဆိုင်ရာ သို့မဟုတ် ရှေ့နောက်စကားဆိုင်ရာ အကြောင်းပြချက်များကို သင်တို့ပေးနိုင်သလော’ ဟုမေးမြန်းခဲ့သည်။ တုံ့ပြန်မှုကားအသို့နည်း။
“နှစ်ဆယ့်ခုနစ်ဦးစလုံးက ဒံယေလ ၈:၁၄ အတွက်အသုံးပြုထားသော ပုံဆောင်အပြစ်ဖြေရာနေ့နှင့် စုံစမ်းစစ်ဆေးရာကာလသည် မည်သည့်ဘာသာစကားဆိုင်ရာ သို့မဟုတ် ရှေ့နောက်စကားအဆက်အစပ်ဆိုင်ရာ အကြောင်းပြချက်များ လုံးဝမရှိပါဟုဝန်ခံပြောဆိုခဲ့ကြသည်။” သူက “ဤကွင်းဆက်ဖြစ်စေဖို့ သင်တို့တွင် အခြားအကြောင်းပြချက်တစ်ခုခုရှိသလော” ဟုသူတို့အားမေးမြန်းခဲ့ရာ အက်ဒ်ဗဲင်တစ်[စ]ပညာရှင်အများစုက သူတို့တွင် အခြားမည်သည့်အကြောင်းပြချက်မျှမရှိပါဟုပြောခဲ့ပြီး ငါးယောက်က သူတို့ ဤကွင်းဆက်ကိုဖြစ်စေခြင်းမှာ အဲလန်ဝှိုက်ကပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်ဟု ဖြေကြားကာ နှစ်ဦးကမူ ဘာသာပြန်ရာတွင် “အကြောင်းဖန်လာသော မတော်တဆဖြစ်မှု” အပေါ်အခြေပြုထားကြောင်း ပြောခဲ့သည်။ ဓမ္မပညာရှင် ဖော့ဒ်က “ကျွန်ုပ်တို့၏ ပညာရှင်အကျော်အမော်များပေးသော ထိုကောက်ချက်များက ဒံယေလ ၈:၁၄ နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ အစဉ်အလာသွန်သင်ချက်သည် ဟုတ်မှန်ခြေမြစ်ကြောင်း သက်သေမထူနိုင်သည့်အဖြစ်ကို ကြေညာသည်” ဟုမှတ်ချက်ချသည်။
ဟေဗြဲကျမ်းမှ အထောက်အကူရသလော
အယူဝါဒမဏ္ဍိုင်နှစ်– ဒံယေလ ၈:၁၄ ကို ဟေဗြဲ အခန်းကြီး ၉ နှင့် ဆက်နွှယ်ထားသည်။ “ဒံယေလ ၈:၁၄ ကိုရှင်းပြရာတွင် အစောပိုင်းကျွန်ုပ်တို့၏အဆိုပြုချက်အားလုံးသည် ဟေဗြဲ ၉ ကို လုံးဝအခြေပြုထားပါသည်” ဟုဓမ္မပညာရှင်ဖော့ဒ်ကပြောလေသည်။ ဤကွင်းဆက်သည် ၁၈၈၄ ခုနှစ်၊ “အလွန်တရာစိတ်ပျက်ရာနေ့” ပြီးနောက်တွင် အစပြုလာခဲ့သည်။ လမ်းညွှန်မှုအတွက် သုတေသနပြုနေသော မေလာ၏နောက်လိုက်ဖြစ်သူ ဟိုင်ရမ် အက်ဒ်ဆန်သည် ကျမ်းစာအုပ်ကို ပွင့်လျက်သားကျအောင် စားပွဲပေါ်သို့ပစ်ချလိုက်သည်။ ရလဒ်ကားအဘယ်နည်း။ ဟေဗြဲ အခန်းကြီး ၈ နှင့် ၉ က ပွင့်လျက်သားကျသွားသည်။ ဖော့ဒ်က “၁၈၈၄ ခုနှစ်နှင့် ဒံယေလ ၈:၁၄ တို့၏အနက်ဖွင့်ဆိုချက်အတွက် ဤအခန်းကြီးများသည် အဓိကကျသည်ဟူသော အက်ဒ်ဗဲင်တစ်[စ]တို့၏အဆိုထက် ပို၍ဆီလျော်ပြီး ယုံကြည်ချက်နှင့်ပို၍သက်ဆိုင်သော အခြားအချက်များ မရှိနိုင်တော့ပါတကား!” ဟူ၍ပြောခဲ့သည်။
ဒေါက်တာ ဖော့ဒ်က သူ၏ဒံယေလ ၈:၁၄၊ အပြစ်ဖြေရာနေ့နှင့် စုံစမ်းစစ်ဆေးရာကာလစာအုပ်တွင် “ဆဲဗဲင်ဒေး အက်ဒ်ဗဲင်တစ်[စ]တို့အတွက် ထိုအဆိုသည် အရေးပါလှပေသည်” ဟုထပ်လောင်းဖော်ပြသည်။ “ဟေဗြဲ ၉ ၌သာ . . . ကျွန်ုပ်တို့အတွက်အရေးပါလှသော . . . သန့်ရှင်းရာဌာနအယူဝါဒ၏ ထူးခြားထင်ရှားမှုဆိုင်ရာ အသေးစိတ်ရှင်းပြချက်ကို တွေ့ရှိနိုင်သည်။” မှန်ပါသည်၊ ဟေဗြဲ အခန်းကြီး ၉ သည် ဝတ်ပြုရာ အခန်းကြီး ၁၆ ၏ပရောဖက်ပြုချက်ဆိုင်ရာအဓိပ္ပာယ်ကို ရှင်းပြသော “ဓမ္မသစ်” ကျမ်းပါအခန်းကြီးပင်ဖြစ်သည်။ သို့သော် အက်ဒ်ဗဲင်တစ်[စ]တို့က “ဓမ္မဟောင်း” ကျမ်းရှိ ဒံယေလ ၈:၁၄ သည်လည်း ယင်းကိုရှင်းပြသည့်ကျမ်းချက်ပင်ဖြစ်သည်ဟု ဆိုကြသည်။ အကယ်၍ အဆိုပြုချက်နှစ်ရပ်စလုံး မှန်ကန်ပါက ဟေဗြဲ အခန်းကြီး ၉ နှင့် ဒံယေလ အခန်းကြီး ၈ တို့တွင်လည်း ကွင်းဆက်တစ်ခုရှိရပေမည်။
ဒက်စမင် ဖော့ဒ်က “ဟေဗြဲ ၉ ကိုဖတ်ရုံဖြင့် တိကျသောအကြောင်းအရာက ချက်ချင်းပင်ပေါ်လွင်ထင်ရှားပါသည်။ ယင်းတွင် ဒံယေလကျမ်းနှင့်ပတ်သက်သော ပေါ်လွင်သည့် သွယ်ဝိုက်ကိုးကားချက်မပါရှိသည့်အပြင် အထူးသဖြင့် ဒံယေလ ၈:၁၄ နှင့်ပတ်သက်၍လည်း လုံးဝမရှိချေ။ . . . အခန်းကြီးတစ်ခုလုံးအနေဖြင့် ဝတ်ပြုရာ ၁၆ နှင့်သာ သက်ဆိုင်လေသည်” ဟုထုတ်ဖော်ပြောဆိုသည်။ သူက “ကျွန်ုပ်တို့၏သန့်ရှင်းရာဌာနသွန်သင်ချက်ကို သန့်ရှင်းရာဌာနလုပ်ငန်းတော်များ၏ ပေါ်လွင်ချက်အကြောင်းဆွေးနွေးထားသည့် ဓမ္မသစ်ကျမ်း၏တစ်ခုတည်းသော ကျမ်းစာစောင်၌မတွေ့ရပါ။ ယင်းကို ကမ္ဘာတစ်ဝန်းရှိ အက်ဒ်ဗဲင်တစ်[စ]စာရေးသူအကျော်အမော်များက အသိအမှတ်ပြုကြပါသည်” ဟုဖော်ပြသည်။ ထိုကြောင့် အယူဝါဒမဏ္ဍိုင်နှစ်သည်လည်း ပြဿနာပေးသောအယူဝါဒကို ထောက်ပံ့ရန်မတတ်နိုင်လောက်အောင် အလွန်ချည့်နဲ့ပြန်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဤကောက်ချက်သည် အသစ်အဆန်းမဟုတ်ချေ။ ဒေါက်တာ ကော်တရဲလ်က နှစ်ပေါင်းများစွာကပင် “ဒံယေလ ၈:၁၄ နှင့် ဟေဗြဲ ၉ တို့၏ အစဉ်အလာအရအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်သည့် အနက်ဖွင့်ခြင်းဆိုင်ရာ ပြဿနာများကို ချာ့ချ်၏ကျမ်းပညာရှင်များက ကောင်းစွာသိထားကြပါသည်” ဟုပြောခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၈၀ ခန့်က ဆဲဗဲင်ဒေး အက်ဒ်ဗဲင်တစ်[စ]မှ ဩဇာအာဏာရှိသူ အီး. ဂျေ ဝဂ္ဂနာက “အက်ဒ်ဗဲင်တစ်[စ]တို့၏ ‘စုံစမ်းစစ်ဆေးရာကာလ’ . . . ပါဝင်သော သန့်ရှင်းရာဌာနဆိုင်ရာသွန်သင်ချက်သည် အမှန်အားဖြင့် အပြစ်ဖြေခြင်းအစီအစဉ်ကို ငြင်းပယ်ခြင်းဖြစ်သည်” ဟုရေးသားခဲ့သည်။ (ယုံကြည်ခြင်းဝန်ခံချက်) လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်က အက်စ်ဒီအေခေါင်းဆောင်များစုဝေးကြသော အထွေထွေဆွေးနွေးပွဲတွင် ထိုသို့သောပြဿနာများကို တင်ပြခဲ့ကြသည်။
ပြဿနာများနှင့် မတိုးသာမဆုတ်သာသည့်အခြေအနေ
အထွေထွေဆွေးနွေးပွဲက “ဒံယေလကျမ်းရှိ ပြဿနာများအတွက် ကော်မတီ” တစ်ခုကိုဖွဲ့စည်းလိုက်သည်။ ယင်းက ဒံယေလ ၈:၁၄ ကိုအခြေပြုသောပြဿနာများကို ဖြေရှင်းနည်းနှင့်ပတ်သက်သည့် မှတ်တမ်းတစ်ခုကိုပြုစုရန်ဖြစ်သည်။ အဖွဲ့ဝင် ၁၄ ဦးပါသောကော်မတီက ထိုမေးခွန်းအတွက် ငါးနှစ်ကြာသုတေသနပြုသော်လည်း တညီတညွတ်တည်းဖြစ်သော အဖြေတစ်ခုကိုတင်ပြရန် ပျက်ကွက်ခဲ့ကြသည်။ ၁၉၈၀ ပြည့်နှစ်တွင် ကော်မတီဝင်ဖြစ်သူ ကော်တရဲလ်က ဒံယေလ ၈:၁၄ နှင့်ပတ်သက်သည့် အက်ဒ်ဗဲင်တစ်[စ]တို့၏အနက်ဖွင့်ဆိုချက်သည် “ယူဆချက်” အစီအရီများအားဖြင့် “ကျေနပ်ဖွယ်အတည်ပြု” နိုင်ပြီး အထက်ပါပြဿနာများကို “မေ့ပစ်သင့်” သည်ဟု ကော်မတီဝင်အများစုက ယူဆကြကြောင်းပြောသည်။ သူက “ထိုကော်မတီကို ဒံယေလကျမ်းပါ ပြဿနာများဆိုင်ရာကော်မတီဟု အမည်ပေးထားကြောင်း သတိရပါ၊ ယင်းကော်မတီဝင်အများစုက ကျွန်ုပ်တို့သည် အဆိုပါပြဿနာများကို မေ့ပစ်လိုက်ပြီး ၎င်းတို့နှင့်ပတ်သက်၍ တစ်ခွန်းမျှမပြောရန် အကြံပြုသည်” ဟုထပ်လောင်းပြောခဲ့သည်။ ယင်းက “ကျွန်ုပ်တို့၌ အဖြေမရှိပါဟုဝန်ခံရာ” သက်ရောက်ပေလိမ့်မည်။ သို့ဖြင့် အများစု၏ယူဆချက်ကို လူနည်းစုက ထောက်ခံဖို့ငြင်းဆိုကြပြီး တရားဝင်မှတ်တမ်းမှတ်ရာများ ပေါ်ပေါက်မလာတော့ချေ။ အဆိုပါ အယူဝါဒဆိုင်ရာပြဿနာများသည် ဖြေရှင်း၍မရနိုင်ဘဲလျက်ရှိသည်။
ဤမဖြေရှင်းနိုင်သောအခက်အခဲနှင့်စပ်လျဉ်း၍ ကောက်ချက်ချရာတွင် ဒေါက်တာ ကော်တရဲလ်က “ယခုအထိ ကျွန်ုပ်တို့သည် အနက်ဖွင့်ခြင်းနှင့်ဆိုင်သည့်ပြဿနာ အမှန်တကယ်တည်ရှိနေသည်ဟူသောအဖြစ်မှန်ကို ရင်ဆိုင်လိုသည့်စိတ်ထားမရှိသောကြောင့် ဒံယေလ ၈:၁၄ ပါ အချေအတင်ဖြစ်လျက်ရှိသော အကြောင်းအရာသည် ရှိမြဲရှိနေသည်။ တစ်ဦးချင်းစီဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ကျွန်ုပ်တို့၏ယခင်သဘောထားများကို ခေါင်းမာမာနှင့်ဆက်လက်စွဲကိုင်ပြီး ပြဿနာမရှိပါဟု ဆက်လက်ဟန်ဆောင်ထားသ၍ကာလပတ်လုံး ထိုအကြောင်းအရာသည် ပပျောက်သွားလိမ့်မည်မဟုတ်ချေ” ဟုပြောလေသည်။—အက်ဒ်ဗဲင်တစ်[စ]ဆွေးနွေးသုံးသပ်ရေးအဖွဲ့ ထုတ်ဝေသည့် စပက်ထရမ်ဂျာနယ်။
ဒေါက်တာ ကော်တရဲလ်က အက်ဒ်ဗဲင်တစ်[စ]တို့အား “အက်ဒ်ဗဲင်တစ်[စ]ဝါဒအတွက်—မရှိမဖြစ်လိုအပ်သော ကျမ်းအစိတ်အပိုင်းကိုအနက်ဖွင့်ရာတွင် အခြေပြုသည့် အခြေခံယူဆချက်များနှင့် အနက်ဖွင့်ခြင်းဆိုင်ရာမူများကို သေသေချာချာပြန်လည်၍စစ်ဆေးခြင်း” ပြုလုပ်ရန် အကြံပြုထားသည်။ ကျွန်ုပ်တို့သည် အက်ဒ်ဗဲင်တစ်[စ]တို့အား “စုံစမ်းစစ်ဆေးရာကာလ” အယူဝါဒနှင့်ပတ်သက်၍ ယင်း၏အယူဝါဒမဏ္ဍိုင်များသည် သမ္မာကျမ်းစာအပေါ် ခိုင်မာစွာအခြေပြုထားသလော သို့မဟုတ် မတည်မြဲသောထုံးတမ်းစဉ်လာသဲမြေပေါ် အခြေခံထားသလောဆိုသည်ကို သိရှိရန် ဆန်းစစ်ကြဖို့အားပေးလိုပါသည်။c တမန်တော်ပေါလုက အမြော်အမြင်ရှိစွာဖြင့် “ခပ်သိမ်းသောအရာကိုစုံစမ်း၍၊ ကောင်းသောအရာကိုအမြဲကိုင်စွဲကြလော့” ဟုတိုက်တွန်းထားသည်။—၁ သက်သာလောနိတ် ၅:၂၁။
[အောက်ခြေမှတ်ချက်များ]
a ဝီလ်ဆင်၏ ဓမ္မဟောင်းကျမ်း ဝေါဟာရလေ့လာခြင်းစာအုပ်က စာဒက် (သို့မဟုတ် စာဒ်ဟက်) ကို “ဖြောင့်မှန်ခြင်း၊ တရားမျှတခြင်း” အဖြစ်အနက်ဖွင့်ကာ တာဟီးရ် (သို့မဟုတ် တာဟဲရ်) ကို “ထင်ရှားခြင်း၊ ထွန်းလင်းခြင်းနှင့် တောက်ပခြင်း; စင်ကြယ်ခြင်း၊ ကြည်လင်ခြင်းနှင့် သန့်စင်ခြင်း; ညစ်ညမ်းခြင်း သို့မဟုတ် ညစ်ပေခြင်းအားလုံးမှကင်းစင်ခြင်း” ဟုဖွင့်ဆိုထားသည်။
b ဒေါက်တာဖော့ဒ်သည် ချာ့ချ်မှကမကထပြု၍ဖွင့်လှစ်ထားသော ယူ.အက်စ်.အေရှိ ပစိဖိတ်ယူနီယံ ကောလိပ်မှ ဘာသာတရားဆိုင်ရာပါမောက္ခတစ်ဦးဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် အက်စ်ဒီအေမှ ခေါင်းဆောင်များက သူ့အား အဆိုပါအယူဝါဒကို လေ့လာဖို့ ခြောက်လတာခွင့်ပေးခဲ့သော်လည်း သူတို့သည် သူ၏ရှာဖွေတွေ့ရှိချက်များကို ငြင်းပယ်လိုက်လေသည်။ သူသည် ယင်းတို့ကို ဒံယေလ ၈:၁၄၊ အပြစ်ဖြေရာနေ့နှင့် စုံစမ်းစစ်ဆေးရာကာလစာအုပ်တွင် ထုတ်ဝေခဲ့သည်။
c ဒံယေလ အခန်းကြီး ၈ ၏ရှင်းပြချက်အတွက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသည့် ကိုယ်တော်၏အလိုတော်သည် မြေကြီးပေါ်၌ပြည့်စုံပါစေ” [လိပ်] စာမျက်နှာ ၁၈၈-၂၁၉ ကိုရှု။
[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]
ဒံယေလ ၈:၁၄ နှင့် ယင်း၏ ရှေ့နောက်စကား
ဒံယေလ ၈:၉ “ထိုချိုလေးချောင်းတွင် တစ်ချောင်းထဲက အခြားသောချိုတက်တစ်ချောင်းပေါက်ပြန်၍၊ တောင်မျက်နှာသို့လည်းကောင်း၊ အရှေ့မျက်နှာသို့လည်းကောင်း၊ သာယာသောပြည်သို့လည်းကောင်းမျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ရောက်လေ၏။ ၁၀ ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့်ကြယ်အချို့တို့ကို မြေသို့ချ၍နင်းလေ၏။ ၁၁ ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင်ထောင်လွှားခြင်းကိုပြုလျက်၊ နေ့ရက်အစဉ်ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကိုရှုတ်ချလေ၏။ ၁၂ အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်းထိုချိုသည်ရ၍၊ သမ္မာတရားကိုမြေသို့ နှိမ့်ချ၏။ ထိုသို့ပြု၍အောင်မြင်ခြင်းသို့ရောက်လေ၏။ ၁၃ ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကိုငါကြား၏။ သန့် ရှင်းသူတစ်ပါးက၊ ယခင်ပြောသောသူကိုဟစ်၍၊ သန့်ရှင်းရာဌာနနှင့်ဗိုလ်ခြေကိုနင်းခြင်းအလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကိုပယ်ခြင်းနှင့်လည်းကောင်း၊ ဖျက်ဆီးတတ်သောလွန်ကျူးခြင်းနှင့်လည်းကောင်းစပ်ဆိုင်သောဗျာဒိတ်ရူပါရုံသည် အဘယ်မျှကာလပတ်လုံးတည်လိမ့်မည်နည်းဟုမေးမြန်းလျှင်၊ ၁၄ ယခင်ပြောသောသူက၊ ရက်ပေါင်းနှစ်ထောင်သုံးရာတိုင်တိုင်တည်လိမ့်မည်။ ထိုနောက်၊ သန့်ရှင်းရာဌာနကို တစ်ဖန် ဆေးကြောသုတ်သင်ကြလိမ့်မည် [“မှန်သောအခြေအနေသို့ ပြန်ရောက်စေတော်မူမည်၊” ကဘ] ဟုပြန်၍ပြောဆို၏။”