လူသားထုအား အံ့ဖွယ်ကုစားချိန်နီးပြီ
“ဤကဲ့သို့ တစ်ခါမျှမမြင်စဖူး။” ယေရှုသည် လက်ခြေသေနေသူတစ်ဦးအား အံ့ဖွယ်နည်းဖြင့်ချက်ချင်းကုသပေးသည်ကို မျက်ဝါးထင်ထင်တွေ့မြင်သူတို့က ထိုသို့ပြောခဲ့ကြသည်။ (မာကု ၂:၁၂) မျက်စိကန်းသူ၊ စကားအသူနှင့် ခြေမစွမ်းသူတို့ကိုလည်း ယေရှုကုသပေးခဲ့သည့်နည်းတူ ကိုယ်တော်၏နောက်တော်လိုက်များလည်း ပြုခဲ့ကြသည်။ မည်သည့်တန်ခိုးတော်အားဖြင့် ယင်းကို ယေရှုပြုလုပ်နိုင်ခဲ့သနည်း။ ယုံကြည်ခြင်းသည် မည်သည့်ကဏ္ဍမှပါဝင်နေသနည်း။ ပထမရာစုမှ ယင်းအဖြစ်အပျက်များက ယနေ့အံ့ဖွယ်ကုသမှုများနှင့်ပတ်သက်၍ အဘယ်အရာကိုသိရှိစေပါသနည်း။—မဿဲ ၁၅:၃၀၊ ၃၁။
“သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ”
ယနေ့တွင် ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူများသည် ၁၂ နှစ်တိုင်တိုင် သွေးသွန်နာစွဲခြင်းဝေဒနာကြောင့် ကုသမှုခံယူရန် ယေရှုထံရောက်လာသော အမျိုးသမီးတစ်ဦးအားပြောဆိုခဲ့သည့် “သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ” ဟူသော ကိုယ်တော့်ပြောဆိုချက်ကို ကိုးကားရန်နှစ်သက်ကြသည်။ (လုကာ ၈:၄၃-၄၈) ယေရှု၏ပြောဆိုချက်က ရောဂါပျောက်ကင်းမှုသည် သူမ၏ယုံကြည်ခြင်းအပေါ် မူတည်နေသည်ဟု ရည်ညွှန်းပါသလော။ ယင်းသည် ယနေ့တွင် ကျင့်သုံးနေကြသော “ယုံကြည်ခြင်းကုထုံး” ၏ဥပမာတစ်ခုပေလော။
သမ္မာကျမ်းစာမှတ်တမ်းကို ကျွန်ုပ်တို့ သေချာစွာဖတ်ကြည့်သောအခါ ယေရှုနှင့် ကိုယ်တော်၏တပည့်တော်များသည် အခြေအနေအတော်များများတွင် ဖျားနာသူများအား ပျောက်ကင်းအောင်မကုသပေးမီ သူတို့၏ယုံကြည်ခြင်းကို ကြွေးကြော်ဖို့ မတောင်းဆိုခဲ့ကြောင်းတွေ့ရသည်။ အထက်တွင် ဖော်ပြထားသောအမျိုးသမီးသည် ယေရှုကို စကားတစ်ခွန်းမျှမပြောဘဲ၊ တိတ်ဆိတ်စွာ ကိုယ်တော်၏ဝတ်ရုံကို နောက်ဘက်မှတို့ထိလိုက်ရုံဖြင့် “သွေးသွန်အနာပျောက်လေ” သည်။ အခြေအနေတစ်ခုတွင် ယေရှုသည် မိမိအားလာရောက်ဖမ်းဆီးသူများထဲမှ လူတစ်ဦးကို ကုသပေးခဲ့သည်။ မိမိမည်သူဖြစ်ကြောင်း လုံးဝမသိရှိသူတစ်ဦးကိုပင် ကိုယ်တော်ကုသပေးခဲ့သည်။—လုကာ ၂၂:၅၀၊ ၅၁; ယောဟန် ၅:၅-၉၊ ၁၃; ၉:၂၄-၃၄။
ယင်းသို့ဆိုလျှင် ယုံကြည်ခြင်းသည် မည်သည့်ကဏ္ဍမှပါဝင်သနည်း။ ယေရှုနှင့် တပည့်တော်များသည် တုရုနှင့် ဇိဒုန်ခရိုင်တွင်ရှိစဉ် ခါနာန်အမျိုးဖြစ်သော အမျိုးသမီးတစ်ဦးရောက်လာ၍ “ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်” ဟုဟစ်ကြော်လေသည်။ “ကျွန်မကို ကယ်မတော်မူပါသခင်” ဟူသော တိုးလျှိုးတောင်းပန်ချက်ကြောင့် သူမ၏မျှော်လင့်ချက်ကင်းမဲ့နေမှုကို စဉ်းစားကြည့်လိုက်ပါ။ အလွန်သနားသဖြင့် ယေရှုက “အိုမိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေ” ဟုမိန့်တော်မူသည်။ “ထိုအချိန်မှစ၍” သူမ၏သမီးသည် ကျန်းမာပကတိဖြစ်လေသည်။ (မဿဲ ၁၅:၂၁-၂၈) ယုံကြည်ခြင်းပါဝင်နေသည်မှာ ထင်ရှားနေသော်လည်း မည်သူ့ယုံကြည်ခြင်းနည်း။ ယေရှုချီးမွမ်းနေသည်မှာ ဖျားနာသူ၊ သမီးဖြစ်သူ၏ယုံကြည်ခြင်းမဟုတ်ဘဲ မိခင်၏ယုံကြည်ခြင်းဖြစ်ကြောင်း သတိပြုပါ။ မည်သည့်အရာပေါ် ယုံကြည်ခြင်းနည်း။ ယေရှုအား “ဒါဝိဒ်၏သားတော်ရှင်” ဟုခေါ်ဆိုခြင်းက ထိုအမျိုးသမီးသည် ယေရှုကို ကတိထားတော်မူရာမေရှိယဖြစ်ကြောင်း လူအများရှေ့အသိအမှတ်ပြုလေသည်။ ယင်းက ဘုရားသခင်၌ယုံကြည်ခြင်း သို့မဟုတ် ကုသပေးသူ၏တန်ခိုးတော်၌ ယုံကြည်ခြင်းမျှသာမဟုတ်ပေ။ “သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ” ဟုယေရှုမိန့်တော်မူရာတွင် မိမိကိုမေရှိယအဖြစ် ယုံကြည်ခြင်းမရှိဘဲနှင့် ဝေဒနာသည်များသည် ကုသမှုခံယူရန် ကိုယ်တော်ထံရောက်လာလိမ့်မည်မဟုတ်ဟု ဆိုလိုနေခြင်းဖြစ်သည်။
သမ္မာကျမ်းစာမှ ဤဥပမာများက ယေရှုပြုလုပ်ပေးခဲ့သောကုသခြင်းသည် ယနေ့တွင် ဖြစ်နေကြ သို့မဟုတ် ပြောဆိုနေကြအရာတို့နှင့် ကွာခြားလှသည်ကို ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ ယေရှုအနေနှင့် သွေးရူးသွေးတန်းဖြင့်အမူအရာပိုလွန်းခြင်း မဖြစ်ခဲ့သကဲ့သို့၊ လူအုပ်များအနေဖြင့်လည်း ပြင်းထန်သောစိတ်လှုပ်ရှားမှုကို ဖော်ပြခြင်း—အော်ဟစ်ခြင်း၊ ရွတ်ဆိုခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ မေ့မြောသွားခြင်းနှင့် စသည်တို့—မရှိခဲ့ကြပေ။ ထို့အပြင် မစွမ်းမသန်မကျန်းမာသူတို့သည် ယုံကြည်ခြင်းမရှိသောကြောင့် သို့မဟုတ် များစွာမပေးကမ်းနိုင်သောကြောင့်ဟု ဆင်ခြေပေးကာ ပျောက်ကင်းအောင်ကုသပေးရန် ယေရှု မည်သည့်အခါကမျှမပျက်ကွက်ခဲ့ချေ။
ဘုရားသခင့်တန်ခိုးတော်ဖြင့် ပျောက်ကင်းစေခြင်း
ယေရှုနှင့် တပည့်တော်များသည် ရောဂါပျောက်ကင်းအောင် မည်သို့ကုသပေးနိုင်ကြသနည်း။ သမ္မာကျမ်းစာက “သခင်ဘုရား၏တန်ခိုးတော်သည်ထင်ရှား၏” ဟုအဖြေပေးထားသည်။ (လုကာ ၅:၁၇) ကုသမှုတစ်ခုပြီးနောက် လုကာ ၉:၄၃ က “လူအပေါင်းတို့သည်ဘုရားသခင်၏ မဟာတန်ခိုးတော်ကိုမြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏” ဟူ၍ဆိုထားသည်။ ယေရှုသည် မိမိကိုယ်ကို ကုသပေးသူတစ်ဦးအဖြစ် အာရုံစိုက်စေရန်မပြုလုပ်ခြင်းမှာ လျောက်ပတ်ပေသည်။ အခြေအနေတစ်ခုတွင် ကိုယ်တော်သည် လူတစ်ဦးအား နတ်ဆိုးတို့၏အနှောင့်အယှက်ပေးခြင်းမှ လွတ်မြောက်စေကာ “သင်သည်ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်နှင့် သင်၌အဘယ်မျှလောက်ကျေးဇူးပြုတော်မူသည်ကို သင်၏အဆွေအမျိုးတို့အားပြန်ကြားလော့” ဟုမိန့်တော်မူခဲ့သည်။—မာကု ၅:၁၉။
ယေရှုနှင့် တမန်တော်များသည် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကုသပေးကြသောကြောင့်၊ ကုသခံလိုသူဘက်မှ ပျောက်ကင်းရန်အတွက် အမြဲတစေယုံကြည်ခြင်းမလိုအပ်ကြောင်း အလွယ်တကူသိမြင်နိုင်ပါသည်။ သို့သော်လည်း ကုသပေးသူဘက်မှ ခိုင်မာသောယုံကြည်ခြင်းရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် ယေရှု၏နောက်တော်လိုက်များသည် အထူးသဖြင့် တန်ခိုးရှိသောနတ်ဆိုးကို နှင်ထုတ်ရန်မတတ်နိုင်သောအခါ ယေရှုက သူတို့အား “သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ” ဟူ၍ အကြောင်းရင်းကိုမိန့်တော်မူခဲ့သည်။—မဿဲ ၁၇: ၂၀။
အံ့ဖွယ်ကုသမှု၏ရည်ရွယ်ချက်
ယေရှု၏မြေကြီးပေါ် ဓမ္မအမှုဆောင်ချိန်တစ်လျှောက် ကိုယ်တော်သည် ကုသမှုအများအပြားကို လုပ်ဆောင်ခဲ့သော်လည်း ‘ရောဂါကုဓမ္မအမှု’ ကိုအဓိကထား၍ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ချေ။ ယင်းအတွက် လူတို့ထံမှ အဖိုးအခတောင်းခံခြင်း သို့မဟုတ် အလှူငွေကောက်ခံခြင်း မည်သည့်အခါမျှမလုပ်ခဲ့သော ကိုယ်တော်၏အံ့ဖွယ်ကုသခြင်းသည် ကိုယ်တော်၏အဓိကအာရုံစိုက်ရာဖြစ်သည့် ‘နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို ဟောပြောခြင်း’ နှင့်ယှဉ်လျှင် ဒုတိယနေရာတွင်ရှိသည်။ (မဿဲ ၉:၃၅) တစ်ကြိမ်တွင် “ထိုလူများကိုလက်ခံတော်မူလျက်၊ ဘုရားသခင်နိုင်ငံတော်၏အကြောင်းကို ဟောပြော၍၊ နာသောသူတို့ကိုချမ်းသာပေးတော်မူ၏” ဟုမှတ်တမ်းကဖော်ပြသည်။ (လုကာ ၉:၁၀-၁၁) ခရစ်ဝင်မှတ်တမ်းများက ယေရှုကို “ကုသပေးသူ” အဖြစ်မည်သည့်အခါမျှမဖော်ပြဘဲ “ဆရာ” အဖြစ်ဖော်ပြထားလေ့ရှိသည်။
ယင်းသို့ဆိုလျှင် အံ့ဖွယ်ကုသမှုများကို အဘယ်ကြောင့် ယေရှုပြုလုပ်ပေးတော်မူသနည်း။ အဓိကအားဖြင့် ကိုယ်တော်သည် ကတိထားတော်မူရာမေရှိယဖြစ်ကြောင်း ယင်းက သက်သေထူရန်ဖြစ်သည်။ နှစ်ခြင်းပေးသူယောဟန်သည် မတရားသဖြင့် ထောင်ချခံရသောအခါ မိမိသည် ဘုရားသခင်စေခိုင်းသောအရာကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးပြီလောဟု အသေအချာသိလိုခဲ့သည်။ သူသည် မိမိ၏တပည့်များကို ယေရှုထံသို့စေလွှတ်၍ “ကိုယ်တော်သည် ကြွလာသောသူမှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လော” ဟုမေးလျှောက်စေခဲ့သည်။ ယောဟန်၏တပည့်များအား ယေရှုမိန့်တော်မူခဲ့သည့် အကြောင်းအရာကို သတိပြုပါ– “သင်တို့ကြားရသမျှ မြင်ရသမျှတို့ကို သွား၍ ယောဟန်အားကြားလျှောက်ကြလော့။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။”—မဿဲ ၁၁:၂-၅။
မှန်ပါသည်၊ ယေရှုသည် ရောဂါကုသခြင်းသာမက ခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသည့် အခြားအံ့ဖွယ်အမှုများကိုပြုလုပ်ခြင်းက ကိုယ်တော်သည် ကတိထားတော်မူရာမေရှိယ၊ “ကြွလာသောသူ” ဖြစ်တော်မူကြောင်း အခိုင်အမာသက်သေထူသည်။ မည်သူမျှ “အခြားသောသူကိုမျှော်လင့်” ရန် မလိုအပ်ပါ။
အံ့ဖွယ်ကုသမှုများ ယနေ့ရှိသလော
ယင်းသို့ဆိုလျှင် ရောဂါပျောက်ကင်းစေခြင်းအားဖြင့် ဘုရားသခင့်တန်ခိုးတော်ကို ယနေ့ ကျွန်ုပ်တို့မျှော်လင့်သင့်ပါသလော။ မမျှော်လင့်သင့်ပါ၊ ဘုရားသခင်၏တန်ခိုးတော်ဖြင့် အံ့ဖွယ်သောအမှုများကို ယေရှုဆောင်ရွက်ခြင်းက ကိုယ်တော်သည် ဘုရားသခင်ကတိထားတော်မူရာ မေရှိယဖြစ်ကြောင်း ယုံမှားသံသယကင်းစေခြင်းငှာ သက်သေထူသည်။ ယေရှု၏တန်ခိုးပါသောအမှုတော်များကို လူသားအားလုံးဖတ်ရှုနိုင်ရန် သမ္မာကျမ်းစာ၌မှတ်တမ်းတင်ထားသည်။ ဘုရားသခင်သည် လူမျိုးဆက်တိုင်းအား ယင်းသို့သောအမှုတော်များကို ထပ်ခါတလဲပြန်ပြခြင်းဖြင့် ထိုအချက်ကိုသက်သေထူရန် မလိုအပ်ပေ။
စိတ်ဝင်စားစရာမှာ၊ ရောဂါပျောက်ကင်းစေခြင်းနှင့် အခြားအံ့ဖွယ်သောအမှုများသည် အကန့်အသတ်ဖြင့်သာ ယုံကြည်မှုကိုဖြစ်စေခြင်းဖြစ်သည်။ ယေရှု၏အံ့ဖွယ်အမှုများကို မြင်တွေ့ရသူအချို့ပင်လျှင် ကိုယ်တော်၌ ကျောထောက်နောက်ခံ ကောင်းကင်ဖခမည်းတော်ရှိတော်မူကြောင်း မယုံကြည်ကြချေ။ “ထိုမျှလောက်ကြီးစွာသောနိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ပြတော်မူသော်လည်း သူတို့သည်ယုံကြည်ခြင်းသို့မရောက်ကြ။” (ယောဟန် ၁၂:၃၇) ယင်းအတွက်ကြောင့် ပထမရာစုရှိ ခရစ်ယာန်အသင်းတော်သားများအသီးသီးတို့ထံသို့ ဘုရားသခင်ပေးတော်မူသည့် အံ့ဖွယ်ဆုကျေးဇူးအမျိုးမျိုး—ပရောဖက်ပြုခြင်း၊ ဘာသာစကားအမျိုးမျိုးဖြင့်ပြောခြင်း၊ ရောဂါများကုသပေးခြင်း အစရှိသည်တို့—အကြောင်း ဆွေးနွေးပြီးနောက် တမန်တော်ပေါလုသည် ဤသို့ရေးသားရန် မှုတ်သွင်းခံရသည်– “ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သော အခွင့်သော်လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း ကွယ်ပျောက်လိမ့်မည်။ ယခုမူကား၊ ငါတို့သည် မစုံမလင်သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။”—၁ ကောရိန္သု ၁၂:၂၈-၃၁; ၁၃:၈-၁၀။
မှန်ပါသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏အကျိုးအတွက် အရေးပါလှသည်။ သို့သော်လည်း ကုသမှုဆိုင်ရာမှားယွင်းသောကတိများအပေါ် ယုံကြည်ခြင်းကို အခြေပြုပါက စိတ်ပျက်ခြင်းကိုသာလျှင် ဖြစ်စေပေမည်။ ထို့ပြင် ဆုံးခန်းချိန်နှင့်ပတ်သက်၍ ယေရှုက ဤသို့သတိပေးထားသည်– “ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည်ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင်လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (မဿဲ ၂၄:၂၄) တတ်ယောင်ကားနှင့် အရေခြုံမှုများအပြင် နတ်ဆိုးတန်ခိုးပြမှုများလည်းဖြစ်မည်။ ရလဒ်အနေဖြင့် ရှင်းမပြနိုင်သောအဖြစ်အပျက်များဟုဆိုသည့်အရာများကြောင့် ကျွန်ုပ်တို့မအံ့သြသင့်ပါ၊ ယင်းတို့သည် ဘုရားသခင်၌ စစ်မှန်သောယုံကြည်ခြင်း၏အခြေအမြစ်မဟုတ်သည်မှာ သေချာပါသည်။
ယနေ့တွင် မည်သူမျှ ယေရှုကဲ့သို့မကုသနိုင်သောကြောင့် ကျွန်ုပ်တို့အတွက် အကျိုးယုတ်နေပါသလော။ လုံးဝမယုတ်ပါ။ အမှန်စင်စစ် ယေရှုကုသပေးခဲ့သူများသည် နောက်ပိုင်းတွင် ထပ်မံ၍ဖျားနာနိုင်ကြသည်။ သူတို့အားလုံး အသက်အရွယ်ကြီးရင့်လာပြီး သေဆုံးခဲ့ကြရသည်။ သူတို့ရရှိခဲ့သော ရောဂါပျောက်ကင်းခြင်းအကျိုးကျေးဇူးများသည် အချိန်တိုအတွက်သာဖြစ်ခဲ့သည်။ သို့တိုင် ယေရှု၏အံ့ဖွယ်ကုသမှုများသည် အနာဂတ်ကောင်းချီးမင်္ဂလာ၏ အရိပ်များဖြစ်ခြင်းအားဖြင့် တည်မြဲသည့်ရည်ရွယ်ချက်ရှိသည်။
ထို့ကြောင့် ယခင်ကဖော်ပြခဲ့သော အလက်ဇန္ဒားနှင့် ဘယ်နဒီးတာတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်၊ သမ္မာကျမ်းစာကို ဆန်းစစ်လေ့လာပြီးနောက် ခေတ်သစ်ယုံကြည်ခြင်းကုထုံးနှင့် နတ်ဝိဇ္ဇာဆိုင်ရာကုသမှုများအပေါ် သူတို့၏ယုံကြည်မှုကို ဖယ်ရှားပစ်လိုက်ကြသည်။ တစ်ချိန်တည်းတွင် အံ့ဖွယ်ကုသမှုများမှာ အတိတ်တွင်ရှိသောအရာများမျှသာမဟုတ်ကြောင်း သူတို့သဘောပေါက်လာကြသည်။ အဘယ်ကြောင့်နည်း။ ကမ္ဘာတစ်ဝန်း သန်းနှင့်ချီ၍ရှိသော သူများကဲ့သို့ပင် သူတို့သည် ဘုရားသခင့်နိုင်ငံတော်အောက် ရောဂါပျောက်ကင်းစေသည့်ကောင်းချီးမင်္ဂလာကို မျှော်လင့်ကြသည်။—မဿဲ ၆:၁၀။
ဖျားနာမှုနှင့်သေခြင်း ဘယ်တော့မျှမရှိတော့
အစပိုင်းတွင် ကျွန်ုပ်တို့ဖတ်ရှုခဲ့သည့်အတိုင်း ဖျားနာသူများကိုကုသပေးခြင်းနှင့် အခြားအံ့ဖွယ်အမှုများကိုလုပ်ဆောင်ခြင်းသည် ယေရှုဓမ္မအမှု၏အဓိကရည်ရွယ်ချက်မဟုတ်ပါ။ ယင်းအစား ကိုယ်တော်၏အဓိကလုပ်ငန်းတော်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းဖြစ်သည်။ (မဿဲ ၉:၃၅; လုကာ ၄:၄၃; ၈:၁) ထိုနိုင်ငံတော်အားဖြင့် ဘုရားသခင်သည် အံ့ဖွယ်ကုသမှုဖြစ်မြောက်စေပြီး လူ့မိသားစုအပေါ်ဘေးသင့်နေသော အပြစ်နှင့် မစုံလင်မှုကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုမှန်သမျှကို ဖယ်ရှားပေးလိမ့်မည်။ ကိုယ်တော်သည် ယင်းကို မည်သို့နှင့် မည်သည့်အချိန်တွင် ပြီးမြောက်စေတော်မူမည်နည်း။
လာမည့်ရာစုနှစ်များကို ရည်စောင်၍ ခရစ်တော်ယေရှုက မိမိ၏တမန်တော်ယောဟန်အားပေးသော ပရောဖက်ပြုမြင်ကွင်းတွင် “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏” ဟု ဖော်ပြထားသည်။ (ဗျာဒိတ် ၁၂:၁၀) အဖြစ်အပျက်အားလုံးက ၁၉၁၄ ခုနှစ်ကတည်းကပင် ဘုရားသခင်အား အကြီးအကျယ်ဆန့်ကျင်သူ၊ စာတန်ကို မြေကြီးဝန်းကျင်သို့ ချပစ်လိုက်ပြီးဖြစ်ကြောင်း ဖော်ပြ၍၊ ယခုတွင် နိုင်ငံတော်သည် အမှန်တကယ်တည်ရှိရာအဖြစ် လုပ်ဆောင်နေလေပြီ! ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် တင်မြှောက်ခြင်းခံရကာ ယခုအခါမြေကြီးပေါ်တွင် ပြောင်းလဲမှုအကြီးအကျယ်ပြုလုပ်ဖို့ အသင့်ရှိလေသည်။
မဝေးလှတော့သည့်အနာဂတ်တွင် ယေရှု၏ကောင်းကင်အစိုးရသည် “မြေကြီးသစ်” အမှန်ဖြစ်သည့် ဖြောင့်မတ်သောလူ့ဘောင်အဖွဲ့အစည်းအသစ်ကို အုပ်ချုပ်လိမ့်မည်ဖြစ်သည်။ (၂ ပေတရု ၃:၁၃) ထိုအချိန်တွင် အခြေအနေများမည်သို့ရှိမည်နည်း။ ဂုဏ်ကျက်သရေရှိသော ကြိုတင်မြင်ကွင်းတစ်စိတ်တစ်ဒေသကား ဤသို့– “ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—ဗျာဒိတ် ၂၁:၁၊ ၄။
လူသားအပေါင်း အံ့ဖွယ်နည်းဖြင့်ရောဂါကုသခံရသောအခါ အခြေအနေမည်သို့ဖြစ်မည်ကို သင်မြင်ယောင်နိုင်ပါသလော။ “မြို့သားကလည်း၊ ‘ငါနာသည်’ ဟုမဆိုရ။ ထိုမြို့၌နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ရောက်ရကြလိမ့်မည်။” မှန်ပါသည်၊ ဘုရားသခင်သည် ယုံကြည်မှုကုထုံးဖြင့်ကုသပေးသူများ လုံးဝမတတ်နိုင်သောအရာတို့ကို ပြီးမြောက်စေတော်မူမည်။ “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။” ဧကန်စင်စစ် “အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈; ၃၃:၂၄။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်အောက်တွင် လူသားတို့သည် အံ့ဖွယ်နည်းဖြင့် ကုသခြင်းခံကြရမည်