ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၆/၁၅ စာ. ၁၄-၁၉
  • ‘လူယောက်ျားနှင့် လူမိန်းမကို ကိုယ်တော်ဖန်ဆင်းတော်မူ၏’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘လူယောက်ျားနှင့် လူမိန်းမကို ကိုယ်တော်ဖန်ဆင်းတော်မူ၏’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှန်ယောက်ျားပီသခြင်း၊ မိန်းမပီသခြင်း
  • အပြင်ရုပ်ဆင်းသဏ္ဌာန်
  • ခရစ်ယာန်ယောက်ျား၊ မိန်းမများ —တကယ့်ယောက်ျား၊ မိန်းမများ
  • သမ္မာကျမ်းစာတွင် အမျိုးသမီးများ၏ကဏ္ဍ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အမျိုးသမီးများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ယေဟောဝါရဲ့ရည်ရွယ်ချက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အမျိုးသမီးတွေကို ဘုရားသခင် ဂရုစိုက်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၆/၁၅ စာ. ၁၄-၁၉

‘လူယောက်ျားနှင့် လူမိန်းမကို ကိုယ်တော်ဖန်ဆင်းတော်မူ၏’

“ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း [တော်မူ၏။]”—ကမ္ဘာဦး ၁:၂၇။

၁။ သမ္မာတရားသည် ခရစ်ယာန်ယောက်ျား၊ မိန်းမများအတွက် အဘယ်သို့ကောင်းချီးတစ်ရပ်ဖြစ်သနည်း။

ယေဟောဝါ၏လူများအလယ်တွင်နေလျက် ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော့်စကား နားထောင်ခြင်းကို ဦးစားပေးသော အမျိုးသားအမျိုးသမီးကြီးတို့နှင့်အပြင် ယောက်ျားလေး၊ မိန်းကလေးတို့နှင့်ပါ ပေါင်းသင်းခွင့်ရခြင်းသည် စိတ်အလွန်ကြည်နူးချမ်းမြေ့စရာပင်! သမ္မာတရားသည် ယေဟောဝါဘုရားသခင်၏ စိတ်တော်နှင့်မတွေ့သော သဘောထားများနှင့် အကျင့်တို့မှလည်း လွတ်မြောက်စေပြီး ခရစ်ယာန်ပီသစွာ မည်သို့အသက်ရှင်နေထိုင်သင့်ကြောင်း သွန်သင်ပေးပါသည်။ (ယောဟန် ၈:၃၂; ကောလောသဲ ၃:၈-၁၀) ဥပမာ၊ ယောက်ျားပီသမှု၊ မိန်းမပီသမှုကို မည်သို့တင်ပြသင့်သည်နှင့်ပတ်သက်၍ နေရာအနှံ့ရှိ လူများ၌ ထုံးစံဓလေ့များ သို့မဟုတ် အယူအဆများရှိကြပါသည်။ ယောက်ျားများသည် ဖိုသဘာဝအဖြစ်၊ မိန်းမများမှာမူ မသဘာဝအဖြစ် မွေးဖွားလာခြင်းမျှလော။ သို့မဟုတ် ထည့်စဉ်းစားရမည့် အခြားအချက်အလက်များ ရှိပါသေးသလော။

၂။ (က) ယောက်ျားပီသမှုနှင့် မိန်းမပီသမှုအပေါ် ကျွန်ုပ်တို့၏အမြင်ကို အဘယ်အရာအားဖြင့် ဆုံးဖြတ်သင့်သနည်း။ (ခ) လိင်အပေါ်ထားရှိသောအမြင်များသည် မည်သို့ဖြစ်နေပြီနည်း။

၂ ခရစ်ယာန်များမှာ မည်သည့်ကိုယ်ပိုင်အယူအဆပင်ရှိပါစေ၊ သို့မဟုတ် ယဉ်ကျေးမှုအရဖြစ်စေ၊ ရိုးရာအရဖြစ်စေ ဆက်ခံထားသော မည်သည့်အယူအဆပင်ရှိပါစေ ကျွန်ုပ်တို့လိုက်နာကြရမည့် အားထားလောက်သောကျမ်းမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည်။ (မဿဲ ၁၅:၁-၉) သမ္မာကျမ်းစာတွင် ယောက်ျားပီသမှုနှင့် မိန်းမပီသမှုဆိုင်ရာ ကဏ္ဍအားလုံးကို အသေးစိတ်မဖော်ပြထားပါ။ ယင်းအစား ယဉ်ကျေးမှုအသီးသီးတွင် ကျွန်ုပ်တို့တွေ့မြင်ရသော ထုံးစံအမျိုးမျိုးအရ ယင်းကိုတင်ပြရန် ခွင့်ပြုထား၏။ ဘုရားသခင် ဖန်ဆင်းထားတော်မူသည့်အတိုင်း ယောက်ျားများသည် ယောက်ျားပီသကြရမည်ဖြစ်ပြီး မိန်းမများသည် မိန်းမပီသကြရမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ယောက်ျားနှင့်မိန်းမသည် ကာယသဘောအရ တစ်ဦးကိုတစ်ဦးဖြည့်ဆည်းပေးရန် ဖန်ဆင်းခံရသည့်အပြင် ယောက်ျားပီသသောအရည်အချင်း၊ မိန်းမပီသသောအရည်အချင်းများဖြင့် တစ်ဦးကိုတစ်ဦးဖြည့်ဆည်းပေးကြရန် ဖြစ်သောကြောင့်တည်း။ (ကမ္ဘာဦး ၂:၁၈၊ ၂၃၊ ၂၄; မဿဲ ၁၉:၄၊ ၅) သို့တိုင် လိင်အပေါ်ထားရှိသော အမြင်များသည် ချွတ်ချော်ဖောက်ပြန်လာပေပြီ။ လူအများက ယောက်ျားပီသမှုကို ကြမ်းတမ်းခက်ထန်စွာ စိုးမိုးခြင်း၊ ကရုဏာကင်းခြင်း သို့မဟုတ် အင်အားပြခြင်းနှင့် တစ်တန်းတစ်စားတည်း ထားတတ်ကြသည်။ အချို့သောယဉ်ကျေးမှုများတွင် ယောက်ျားတစ်ဦးအနေနှင့် လူ့ရှေ့တွင်ဖြစ်စေ၊ လူ့ကွယ်ရာတွင်ဖြစ်စေ ငိုခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ သို့မဟုတ် ရှက်စရာပင်ဖြစ်ပေသည်။ သို့တိုင် လာဇရု၏သင်္ချိုင်းဂူအပြင်ဘက် လူအုပ်အလယ်တွင် “ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၅) ယင်းသည် ပြည့်ဝစုံလင်စွာ ယောက်ျားပီသလှသော ယေရှုအတွက် မအပ်စပ်ရာမဟုတ်ပေ။ ယနေ့ လူများစွာသည် မိန်းမပီသမှုကို ကာယနှင့် လိင်ဆိုင်ရာဆွဲဆောင်မှုလောက်ကိုသာ ထည့်စဉ်းစားကြရာ အစွန်းရောက်သွားကြပြန်သည်။

အမှန်ယောက်ျားပီသခြင်း၊ မိန်းမပီသခြင်း

၃။ ယောက်ျားနှင့် မိန်းမများတို့သည် မည်သို့ကွာခြားသနည်း။

၃ အမှန်ယောက်ျားပီသခြင်း၊ မိန်းမပီသခြင်းဟူသည် အဘယ်နည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ဆိုသည်– “ယောက်ျား၊ မိန်းမ အများစုတို့သည် တစ်ဦးနှင့်တစ်ဦး ခန္ဓာဗေဒအရသာမက အပြုအမူနှင့် စိတ်ဝင်စားမှုအရပါ ကွာခြားကြသည်။ ယင်းကွဲပြားမှုအချို့ကို ဇီဝဗေဒနည်းဖြင့် ဆင်ခြင်ပိုင်းဖြတ်သည်။ . . . သို့သော် ခန္ဓာကိုယ်တည်ဆောက်ပုံနှင့်မသက်ဆိုင်သော ကွာခြားမှုများစွာတို့သည် တစ်ဦးစီအနေနှင့် သင်ယူထားရာဖြစ်သည့် လိင်ဆိုင်ရာကဏ္ဍများအပေါ် မူတည်ပုံရှိသည်။ လူတို့သည် ဖို သို့မဟုတ် မအဖြစ် မွေးဖွားလာကြသော်လည်း ဖိုမ,သဘာဝကိုမူ သင်ယူကြရသည်။” အရာများစွာသည် ကျွန်ုပ်တို့၏မျိုးရိုးဗီဇ တည်ဆောက်ပုံကြောင့်ဖြစ်သည်ဟု ဆိုနိုင်စရာအကြောင်းရှိသော်လည်း တော်မှန်သော ယောက်ျားပီသမှု သို့မဟုတ် မိန်းမပီသမှု ဖွံ့ဖြိုးလာပုံသည် ကျွန်ုပ်တို့ထံမှ ဘုရားသခင်တောင်းဆိုတော်မူသည့်အရာကို သိရှိခြင်းနှင့် အသက်တာတွင် လိုက်လျှောက်ကျင့်သုံးရန် ကျွန်ုပ်တို့ရွေးချယ်သည့် အရာအပေါ်မူတည်ပါသည်။

၄။ ယောက်ျားနှင့်မိန်းမတို့၏ကဏ္ဍများအကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။

၄ အာဒံ၏ကဏ္ဍသည် သူ၏ဇနီးနှင့် သားသမီးများ၏ခေါင်းအဖြစ် ဦးဆောင်ရန်ဖြစ်ကြောင်း ကျမ်းစာသမိုင်းက ဖော်ပြသည်။ မြေကြီးကိုပြည့်စေ၍နိုင်ကြပြီး မြေကြီးပေါ်ရှိ အဆင့်နိမ့်သတ္တဝါအားလုံးတို့ကို လက်အောက်ခံဖြစ်စေပါဟူသည့် ဘုရားသခင်၏အလိုတော်ကိုလည်း သူဆောင်ရွက်ရမည်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈) ဧဝအတွက် အိမ်ထောင်၏မိန်းမကဏ္ဍမှာမူ အာဒံအတွက် “အထောက်အမ” နှင့် “အဖြည့်အစွက်တစ်ယောက်” ဖြစ်ရမည်ဖြစ်ပြီး သူ၏ဦးစီးမှုကို လက်အောက်ခံလျက် သူတို့အတွက် ဘုရားသခင်ဖော်ပြထားတော်မူသော ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ရေးတွင် အာဒံနှင့်ပူးပေါင်းလုပ်ဆောင်ရန်ဖြစ်သည်။—ကမ္ဘာဦး ၂:၁၈; ၁ ကောရိန္သု ၁၁:၃။

၅။ ယောက်ျားနှင့်မိန်းမ၏ဆက်ဆံရေးသည် မည်သို့ပျက်ပြားသွားသနည်း။

၅ သို့သော် အာဒံသည် တာဝန်မကျေပွန်ခဲ့ပါ။ ဧဝသည်လည်း သူမ၏မ,သဘာဝကို အသုံးပြုပြီး မိမိနှင့်ပူးပေါင်း၍ ဘုရားသခင်ကိုမနာခံရန် အာဒံကို သွေးဆောင်ခဲ့သည်။ (ကမ္ဘာဦး ၃:၆) အာဒံသည် မိမိကိုယ်တိုင်မှားမှန်းသိထားသည့်အရာကို ပြုလုပ်ခြင်းအားဖြင့် အမှန်ယောက်ျားပီသမှုကိုပြသဖို့ ပျက်ကွက်ခဲ့သည်။ သူ၏ခမည်းတော်၊ ဖန်ဆင်းရှင်၏စကားကို နားထောင်မည့်အစား လှည့်စားခံရသော ကြင်ဖော်နောက်သို့ ပျော့ညံ့စွာလိုက်သွားရန် ရွေးချယ်ခဲ့သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) မကြာမီအချိန်တွင် ပထမမောင်နှံစုံသည် ယေဟောဝါကြိုတင်မြင်တော်မူသော မနာခံမှု၏အကျိုးဆက်ကို စတင်ကြုံကြိုက်ကြရလေသည်။ အစောပိုင်းက သူ၏ဇနီးကို ကဗျာဆန်ဆန် အမွှမ်းတင်ဖော်ညွှန်းခဲ့သူ အာဒံသည် ယခု “ကျွန်တော်အား အပ်ပေးတော်မူသောမိန်းမ” ဟူ၍ စိမ်းစိမ်းကားကား ရည်ညွှန်းလေတော့သည်။ သူ၏မစုံလင်မှုက သူ၏ယောက်ျားပီသခြင်းကို ပျက်ယွင်းစေပြီး တလွဲတချော်ဖြစ်သွားစေခဲ့ရာ နောက်ဆုံးသူ၏ဇနီးကို ‘အနိုင်ကျင့်’ သည့်အဖြစ်ဆိုက်လေသည်။ တစ်ဖန် ဧဝသည်လည်း အလွန်အမင်း သို့မဟုတ် မျှတမှုမရှိသောနည်းဖြင့် သူမ၏လင်သားကို “စုံမက်” လိမ့်မည်ဖြစ်သည်။—ကမ္ဘာဦး ၃:၁၂၊ ၁၆၊ သမ။

၆၊ ၇။ (က) ရေလွှမ်းမိုးဘေးမတိုင်မီက ယောက်ျားပီသခြင်းနှင့်ပတ်သက်၍ အဘယ်ဖောက်ပြန်မှု ဖြစ်ပေါ်လာသနည်း။ (ခ) ရေလွှမ်းမိုးဘေးမတိုင်မီအခြေအနေမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရနိုင်သနည်း။

၆ ယောက်ျားပီသခြင်းနှင့် မိန်းမပီသခြင်းအဖြစ်ကို အလွဲသုံးစားပြုခြင်းသည် ရေလွှမ်းမိုးဘေးမတိုင်မီက သိသာထင်ရှားလာခဲ့သည်။ ကောင်းကင်ရှိမိမိတို့၏ မူလနေရာအရပ်ကို စွန့်ပစ်ကြသော ကောင်းကင်တမန်များသည် လူ့သမီးများနှင့်သံဝါသပြုရန် လူ့ခန္ဓာများကို ယူလိုက်ကြသည်။ (ကမ္ဘာဦး ၆:၁၊ ၂) ထိုသို့သဘာဝ မကျသော ပေါင်းဖက်မှုများမှ ယောက်ျားကလေးများသာ မွေးဖွားလာကြောင်း မှတ်တမ်းကတင်ပြထားသည်။ ပေါက်ဖွားလာသူအားလုံးသည် မျိုးမပွားနိုင်သော ကပြားများဖြစ်သည်ဟု ယူမှတ်ရပါသည်။ သူတို့သည် အားကြီးသောသူ၊ သူတစ်ပါးကို လဲစေနိုင်သူများဖြစ်သောကြောင့် နက်ဖလင် သို့မဟုတ် လဲစေသူများဟုအမည်တွင်လာကြလေသည်။ (ကမ္ဘာဦး ၆:၄၊ ကဘ; အောက်ခြေမှတ်ချက်) သူတို့သည် ရုန့်ရင်းကြမ်းတမ်း၊ ရန်လို၍ ရက်စက်ရုံမက သူတစ်ပါးအပေါ်ကြင်နာမှု လုံးဝမရှိသူများဖြစ်ကြကြောင်း ထင်ရှားပါသည်။

၇ ကာယအလှ၊ ခန္ဓာကိုယ်အချိုးအစား၊ အရွယ်အစားနှင့် ခွန်အားတို့ချည်းသက်သက်က လက်သင့်ခံဖွယ် ယောက်ျားပီသခြင်း၊ သို့မဟုတ် မိန်းမပီသခြင်းကို မဖော်ဆောင်ပေးကြောင်း ရှင်းနေပါသည်။ လူခန္ဓာယူတင်ခဲ့သော ကောင်းကင်တမန်များသည် အဆင်းလှဖွယ်ရှိသည်။ နက်ဖလင်တို့သည်လည်း ထွားကျိုင်းပြီး ဗလကောင်းသူများဖြစ်ကြသော်လည်း သူတို့၏စိတ်နေသဘောထားသည် ဖောက်ပြန်နေပါသည်။ နာခံမှုမရှိသော ကောင်းကင်တမန်များနှင့် သူတို့၏သားမြေးတို့သည် လိင်စာရိတ္တယိုယွင်းမှု၊ အကြမ်းဖက်မှုတို့နှင့် ကမ္ဘာကိုပြည့်စေခဲ့သည်။ သို့ဖြင့် ယေဟောဝါသည် ထိုလောကကို အဆုံးတိုင်စေတော်မူခဲ့သည်။ (ကမ္ဘာဦး ၆:၅-၇) သို့သော် ရေလွှမ်းမိုးဘေးသည် နတ်ဆိုးသြဇာနှင့်အာဒံ့အပြစ်၏ အကျိုးဆက်များကို မပယ်ရှားခဲ့ပါ။ ရေလွှမ်းမိုးဘေးပြီးနောက် ယောက်ျားပီသခြင်း၊ မိန်းမပီသခြင်းကို တလွဲတချော်တင်ပြမှုသည် တစ်ဖန်ပြန်ပေါ်လာ၍ ကျွန်ုပ်တို့သင်ခန်းစာယူနိုင်သည့် ပုံသက်သေကောင်းနှင့် ပုံသက်သေဆိုးများကို သမ္မာကျမ်းစာက ဖော်ပြထားသည်။

၈။ ယောသပ်သည် အဘယ်တော်မှန်သောယောက်ျားပီသမှု ပုံနမူနာကောင်းကို တင်ပြခဲ့သနည်း။

၈ တော်မှန်သောဖိုသဘာဝနှင့် လောကဆန်သောမ,သဘာဝတို့ ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့်ပတ်သက်ပြီး အကြီးအကျယ်ခြားနားမှုကို ယောသပ်နှင့် ပေါတိဖာမိန်းမတို့၏အဖြစ်က ဖော်ပြသည်။ ပေါတိဖာ၏မိန်းမသည် ရုပ်ဆင်းချောမောသောယောသပ်ကို တပ်မက်လာပြီး သူ့ကိုကြိုးစား၍မြှူဆွယ်ခဲ့လေသည်။ ထိုစဉ်က မတရားမေထုန်ပြုခြင်း သို့မဟုတ် သူ့အိမ်ရာပြစ်မှားခြင်းကို တားမြစ်ထားသည့် ဘုရားပေးပညတ်မရှိပါ။ သို့တစေ ထိုအကျင့်ပျက်သောမိန်းမထံမှ ယောသပ်ထွက်ပြေးခဲ့ခြင်းအားဖြင့် သူသည် ဘုရားသခင်၏အလိုတော်နှင့်တွေ့သော ယောက်ျားသဘာဝကိုတင်ပြသည့် တကယ်ယောက်ျားပီသသူ၊ ဘုရားသခင်၏လူစစ်မှန်ကြောင်း သက်သေထူခဲ့သည်။—ကမ္ဘာဦး ၃၉:၇-၉၊ ၁၂။

၉၊ ၁၀။ (က) မိဖုရားဝါရှတိသည် သူမ၏မိန်းမပီသမှုကို မည်သို့အလွဲသုံးစားပြုခဲ့သနည်း။ (ခ) ဧသတာသည် ကျွန်ုပ်တို့အတွက် မိန်းမပီသမှုဆိုင်ရာ အဘယ်ပုံသက်သေကောင်း တင်ပြခဲ့သနည်း။

၉ ဧသတာနှင့် မိဖုရားဝါရှတိတို့သည် မိန်းမများအတွက် မှတ်သားလောက်ဖွယ်ကောင်းသောကွဲပြားချက်တစ်ခုကို တင်ပြခဲ့သည်။ ဝါရှတိသည် မိမိအဆင်းလှလွန်းသဖြင့် မိမိအလိုကို ဘုရင်အာရွှေရု အမြဲလိုက်လိမ့်မည်ဟု ထင်မှတ်ခဲ့ပုံရှိသည်။ သို့သော် သူမ၏အလှသည် ယနေ့ရောင်းချသော အသားလှဆီများနည်းတူ အပေါ်ယံမျှသာဖြစ်သည်။ သူမသည် လင်သားလည်းဖြစ်၊ ရှင်ဘုရင်လည်းဖြစ်သူကို လက်အောက်ခံမှုပြဖို့ပျက်ကွက်ခဲ့သည့်အတွက်ကြောင့် ကျိုးနွံမှုနှင့် မိန်းမပီသမှုကင်းမဲ့ပါသည်။ သို့နှင့်ရှင်ဘုရင်သည် သူမကိုစွန့်ပယ်လိုက်ပြီး အမှန်မိန်းမပီသသူ၊ အမှန်ဆိုရလျှင် ယေဟောဝါအားကြောက်ရွံ့ရိုသေသူတစ်ဦးကို မိဖုရားအဖြစ် တင်မြှောက်လေသည်။—ဧသတာ ၁:၁၀-၁၂; ၂:၁၅-၁၇။

၁၀ ဧသတာသည် ယနေ့ ခရစ်ယာန်အမျိုးသမီးများအတွက် အလွန်ကောင်းသော ပုံသက်သေဖြစ်သည်။ သူမသည် “ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ” ရုံမက “နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူ” ကိုတင်ပြခဲ့သည်။ (ဧသတာ ၂:၇; ၁ ပေတရု ၃:၄) အလှတန်ဆာတောက်တောက်ပြောင်ပြောင်ဆင်ယင်ခြင်းသည် အဓိကဖြစ်သည်ဟု သူမမယူမှတ်ခဲ့ပေ။ ဧသတာသည် လိမ္မာပါးနပ်ပြီး ချုပ်တည်းခြင်းရှိသူဖြစ်သည်။ သူမ၏လူမျိုးသည် အသက်အန္တရာယ်ကြုံနေချိန်တွင်ပင် လင်သားဖြစ်သူ အာရွှေရုအပေါ် နှိမ့်ချကျိုးနွံမှုရှိကြောင်းကို တင်ပြခဲ့သည်။ ဧသတာသည် နှုတ်ပိတ်နေသင့်ချိန်တွင် ပညာရှိစွာစကားမပြောဘဲနေသော်လည်း လိုအပ်၍အခန့်သင့်ဖြစ်ချိန်တွင်မူ ရဲရင့်ခြင်းသတ္တိဖြင့် ပြောဆိုစရာကိုပြောဆိုဝံ့ခဲ့၏။ (ဧသတာ ၂:၁၀; ၇:၃-၆) သူမ၏ အတွေ့အကြုံရင့်ကျက်သော ဝမ်းကွဲဖြစ်သူ မော်ဒကဲ၏ဆုံးမစကားကို လက်ခံနာယူပါသည်။ (ဧသတာ ၄:၁၂-၁၆) မိမိ၏လူမျိုးအပေါ် ချစ်ခြင်းနှင့်သစ္စာစောင့်သိခြင်းကို သူမအထင်အရှားတင်ပြခဲ့သည်။

အပြင်ရုပ်ဆင်းသဏ္ဌာန်

၁၁။ အပြင်ရုပ်ဆင်းသဏ္ဌာန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်အရာကို သိရှိထားသင့်သနည်း။

၁၁ တော်မှန်သော မိန်းမပီသမှု၏သော့ချက်ကား အဘယ်နည်း။ မိခင်တစ်ဦးက ဤသို့ဆိုသည်– “ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကို ခံရလိမ့်မည်။” (သု. ၃၁:၃၀) ထို့ကြောင့် ဘုရားသခင်ကို ခန့်ညားကြောက်ရွံ့ခြင်းရှိဖို့လိုပါသည်။ ၎င်းပြင် အဆင်းလှခြင်းက မိန်းမပီသစေသည်ထက် ချစ်ခင်ကြင်နာခြင်း၊ ဖော်ရွေခြင်း၊ ကျိုးနွံခြင်းနှင့် အပြောအဆိုနူးညံ့သိမ်မွေ့ခြင်းတို့က ပို၍သိသိသာသာမိန်းမပီသစေပါသည်။—သု. ၃၁:၂၆။

၁၂၊ ၁၃။ (က) ဝမ်းနည်းစရာမှာ လူအများ၏အပြောအဆိုတွင် အဘယ်အမှတ်လက္ခဏာထင်ရှားသနည်း။ (ခ) နယပုံပြင် ၁၁:၂၂ ၏အဓိပ္ပာယ်ကား အဘယ်နည်း။

၁၂ ဝမ်းနည်းစရာမှာ ယောက်ျား၊ မိန်းမ မြောက်မြားစွာတို့သည် ပညာရှိရှိ ချစ်ခင်ကြင်နာစွာ စကားပြောဆိုလေ့မရှိကြပါ။ သူတို့၏အပြောအဆိုသည် ဆဲရေးတိုင်းထွာ၊ ခနဲ့တဲ့တဲ့နှင့် ရိုင်းစိုင်းရုံမက ညှာတာမှုကင်းမဲ့သည်။ ယောက်ျားအချို့က ဆဲရေးတိုင်းထွာပြောဆိုခြင်းသည် ယောက်ျားပီသမှု၏ အမှတ်လက္ခဏာဟု တွေးထင်တတ်ကြ၍ အမျိုးသမီးအချို့က မိုက်မဲစွာဖြင့် သူတို့ကိုအတုယူကြသည်။ သို့တစေ အဆင်းလှသောအမျိုးသမီးတစ်ဦးသည် အသိတရားမရှိ၊ အငြင်းသန် ငေါ့တော့တော့ သို့မဟုတ် မောက်မာစွာစကားပြောဆိုမည်ဆိုလျှင် ပြောစရာမရှိအောင်လှပပြီး အမှန်မိန်းမပီသသည်ဟု ဆိုနိုင်ပါမည်လော။ “သမာသတိမရှိ အဆင်းလှသောမိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။”—သု. ၁၁:၂၂။

၁၃ ညစ်ညမ်းသောစကား၊ ငေါ့လုံးများ သို့မဟုတ် အသိတရားမရှိခြင်းတို့နှင့် ဒွန်တွဲပါလာသည့် အဆင်းလှခြင်းသည် မိန်းမပီသပုံဖမ်းခြင်းနှင့် လုံးဝမအပ်စပ်ပါ။ အမှန်မှာ ဤကဲ့သို့သော ဘုရားတရားနှင့်မညီညွတ်သည့်အကျင့်သည် အဆင်းလှသူတစ်ဦးကိုပင် အကျည်းတန်စေနိုင်ပါသည်။ ယောက်ျား သို့မဟုတ် မိန်းမတစ်ဦး၏ရုပ်ရည်က ဒေါသူပုန်ထခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သို့မဟုတ် ဆဲရေးတိုင်းထွာခြင်းတို့ကို ချေဖျက်မပေးနိုင်၊ သို့မဟုတ် ဖုံးဖိမပေးနိုင်ကြောင်း ကျွန်ုပ်တို့အလွယ်တကူသိနိုင်ပါသည်။ ခရစ်ယာန်အားလုံးသည် ကျမ်းစာအခြေခံသည့် အပြောအဆိုအကျင့်အကြံအားဖြင့် ဘုရားသခင်ရှေ့၊ လူလူချင်းရှေ့ နှစ်လိုဖွယ်ကောင်းသူများ ဖြစ်စေနိုင်၍ ထိုသို့လည်းဖြစ်စေသင့်ကြပါသည်။—ဧဖက် ၄:၃၁။

၁၄။ ၁ ပေတရု ၃:၃-၆ တွင်အဘယ်ဝတ်စားဆင်ယင်ပုံကို ချီးကျူးထားသနည်း။ ယင်းကို သင်မည်သို့သဘောထားသနည်း။

၁၄ တော်မှန်သောမိန်းမပီသမှုနှင့် တော်မှန်သောယောက်ျားပီသမှုတို့သည် ဝိညာဉ်ရေးဆိုင်ရာ အရည်အချင်းများအပေါ် အခြေခံသည်မှန်သော်လည်း ကျွန်ုပ်တို့ဝတ်ဆင်သည့်အဝတ်အစားနှင့် ဝတ်ဆင်ပုံအပါအဝင် ကျွန်ုပ်တို့၏ဟန်ပန်အမူအရာနှင့် အသွင်အပြင်ကလည်း ကျွန်ုပ်တို့နှင့်ပတ်သက်ပြီးလှစ်ဟဖော်ပြပါသည်။ တမန်တော်ပေတရုသည် ခရစ်ယာန်အမျိုးသမီးများကို ဆုံးမပဲ့ပြင်ခဲ့စဉ် ပထမရာစုခေတ်က ဝတ်စားဖြီးလိမ်းပုံကို သူစဉ်းစားနေပေမည်– “သင်တို့၌ တန်ဆာဆင်ခြင်းမူကား ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကိုတန်ဆာဆင်လျက် . . . ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြ၏။”—၁ ပေတရု ၃:၃-၆။

၁၅။ ခရစ်ယာန်အမျိုးသမီးများသည် မိမိတို့၏အဝတ်အစားဖြင့် အဘယ်အရာကို တင်ပြရန်ကြိုးစားသင့်သနည်း။

၁၅ မိန်းမတို့၏ဝတ်စားဆင်ယင်မှုအကြောင်း ပေါလုပြောဆိုခဲ့သောစကားကို ၁ တိမောသေ ၂:၉၊ ၁၀ တွင် ဤသို့ဖတ်ရ၏– “မိန်းမတို့သည် . . . ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။” ထိုတွင် သမာသတိရှိမှုကို ထင်ရှားစေသည့် ဣန္ဒြေရပြီး သပ်ရပ်လိုက်ဖက်သောအဝတ်ကို ဝတ်ဆင်ဖို့လိုကြောင်း အလေးအနက်ဖော်ပြထားသည်။

၁၆၊ ၁၇။ (က) ယနေ့ ယောက်ျားနှင့်မိန်းမများစွာတို့သည် အဝတ်အစားကို မည်သို့အလွဲသုံးစားပြုခဲ့ကြပြီနည်း။ (ခ) တရားဟောရာ ၂၂:၅ တွင်ပါသော အကြံပေးချက်ကို မည်သို့သဘောပေါက်သင့်သနည်း။

၁၆ အမျိုးသားအမျိုးသမီးကြီးဖြစ်စေ၊ ယောက်ျားလေး သို့မဟုတ် မိန်းကလေးဖြစ်စေ ကာမစိတ်ကိုနှိုးဆွသည့် အပြုအမူပြုမည်၊ သို့မဟုတ် အဝတ်အစားကို ဝတ်ဆင်မည်ဆိုလျှင် အမှန် ယောက်ျားမိန်းမ ပို၍ပီသလာစေမည်မဟုတ်သည့်နည်းတူ ဘုရားသခင်ကိုဂုဏ်တင်ရာမရောက်သည်မှာ သေချာပါသည်။ လောကီသားမြောက်မြားစွာတို့သည် အဝတ်အစားနှင့် အကျင့်အကြံအားဖြင့် ဖိုမလိင်ဆိုင်ရာများကို လှစ်ဟဖော်ပြသည့်အထိ တစ်ဖက်စွန်းရောက်တတ်ကြသည်။ အခြားသူများမှာမူ အကျင့်ယိုယွင်းလိုစိတ်နှင့် ယောက်ျားမှန်း၊ မိန်းမမှန်း သဲကွဲစွာမသိနိုင်အောင် ဝတ်စားတတ်ကြသည်။ သမ္မာကျမ်းစာက ဘုရားသခင့်သဘောတော်ကို ဖော်ပြထားသောကြောင့် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့မည်မျှကျေးဇူးတင်နိုင်ကြသည်တကား! ရှေးဣသရေလလူမျိုးအား ယေဟောဝါက ဤသို့အတိအလင်းမိန့်မြွက်တော်မူ၏– “မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။”—တရားဟောရာ ၂၂:၅။

၁၇ ယင်းနှင့်စပ်လျဉ်း၍ ၁၉၈၉၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၇ တွင်မည်သို့ဆိုထားကြောင်း ပြန်သုံးသပ်လိုကြပေမည်– “ဤတွင် ဆုံးဖြတ်ရမည့်အရေးကား ဘုရားသခင့်အမှုဆောင်တစ်ဦးဟု အမည်ခံသူအတွက် ဝတ်စားပုံသည် ခေတ်ဆန်မဆန်မဟုတ်ဘဲ၊ သင့်တော်မသင့်တော် ဆိုသောကိစ္စဖြစ်သည်။ (ရောမ ၁၂:၂; ၂ ကောရိန္သု ၆:၃) သပ်ရပ်မှုမရှိ၊ ဖြစ်ကတတ်ဆန်းဖြစ်လွန်းခြင်း သို့မဟုတ် အသားကပ်အဝတ်အစားများသည် သတင်းတရား၏တန်ဖိုးကို လျော့စေနိုင်သည်။ အမျိုးသားများကို အမျိုးသမီးပုံ၊ အမျိုးသမီးများကို အမျိုးသားပုံထွက်အောင် ဗြောင်ကျကျ၊ တမင်သက်သက်ပြုသော အဆင်အယင်မျိုးသည် လုံးလုံးမသင့်တော်၊ မလျောက်ပတ်ပေ။ (တရားဟောရာ ၂၂:၁၅ နှိုင်းယှဉ်။) ရာသီဥတု၊ အလုပ်အကိုင်ပေါ်မူတည်၍ ပုံစံပုံထုံးများ ကွာခြားမည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ ညီအစ်ကိုများအသင်းအပင်းအတွက် စည်းမျဉ်းကုလားနားများကို ခရစ်ယာန်အသင်းတော်က ရေးဆွဲမပေးပါ။”

၁၈။ ဝတ်စားဖြီးလိမ်းခြင်းနှင့်ပတ်သက်သည့် ကျမ်းစာဆုံးမစကားကို လက်တွေ့ကျင့်သုံးရန် မည်သို့ပြုလုပ်နိုင်သနည်း။

၁၈ အလွန်မျှတပြီး လျောက်ပတ်သော ဆုံးမစကားပါတကား! ဝမ်းနည်းစရာမှာ ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးအချို့သည် ယေဟောဝါနှင့် ခရစ်ယာန်အသင်းတော်အပေါ် အဘယ်အကျိုးသက်ရောက်မည်ကို ထည့်မစဉ်းစားဘဲ ဤလောကအမွှမ်းတင်ထားသည့် ဝတ်စားဖြီးလိမ်းပုံနောက် မျက်စိစုံမှိတ် ကောက်ကောက်ပါအောင်လိုက်ကြသည်။ လောကအတွေးအခေါ်၏ လွှမ်းမိုးမှုကို ကျွန်ုပ်တို့ခံနေ၊ မနေကြောင်း တစ်ဦးစီအနေနှင့် မိမိကိုယ်ကို အနည်းငယ်စစ်ဆေးသင့်သည်။ သို့မဟုတ် ရိုသေလေးစားခံရ၍ အတွေ့အကြုံရင့်ကျက်သော ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးထံသွားပြီး ကျွန်ုပ်တို့ဝတ်စားဆင်ယင်ပုံနှင့်ပတ်သက်၍ ပြုပြင်စရာလိုမလို မေးမြန်းလျက် အကြံပေးချက်များကို အလေးအနက်သဘောထား၍ ချင့်ချိန်ပြုမူသင့်သည်။

ခရစ်ယာန်ယောက်ျား၊ မိန်းမများ —တကယ့်ယောက်ျား၊ မိန်းမများ

၁၉။ အဘယ်မလိုလားအပ်သောသြဇာကို ကျွန်ုပ်တို့တိုက်လှန်ရမည်နည်း။

၁၉ ဤလောက၏ဘုရားသည် စာတန်ဖြစ်ပြီး ဖိုမလိင်ကွဲပြားမှုအပေါ် သူဖန်တီးထားသော အရှုပ်တော်ပုံနှင့် ဝတ်စားဆင်ယင်မှုမှသာမက အခြားအရာတို့တွင် သူ၏သြဇာလွှမ်းမိုးမှုကို အထင်အရှားတွေ့နိုင်သည်။ (၂ ကောရိန္သု ၄:၄) အချို့နိုင်ငံများတွင် အမျိုးသမီးများစွာတို့သည် သမ္မာကျမ်းစာမူများကို ဥပေက္ခာပြုကာ ဦးစီးမှုကိစ္စတွင် ယောက်ျားများနှင့် ယှဉ်ပြိုင်ကြသည်။ တစ်ဖက်ကကြည့်ပြန်လျှင် ယောက်ျားအများအပြားသည် အာဒံနည်းတူ သူတို့၏ဦးစီးမှုတာဝန်များကို လုံးလုံးလှည့်မကြည့်ကြတော့ပေ။ သဘာဝလိင်ဆိုင်ရာကဏ္ဍကို ပြောင်းလဲပစ်ဖို့ ကြိုးစားသောသူများပင်ရှိသည်။ (ရောမ ၁:၂၆၊ ၂၇) သမ္မာကျမ်းစာသည် ဘုရားသခင်၏အလိုတော်နှင့်တွေ့သည့် အခြားမည်သည့်ဘဝပုံစံမျိုးကိုမျှ တင်ပြမထားပါ။ ခရစ်ယာန်များမဖြစ်လာမီက မိမိတို့၏လိင်အခြေအနေမှန်၊ လိင်ပိုင်းဆိုင်ရာအားသန်မှုနှင့်ပတ်သက်၍ ဝေခွဲမရဖြစ်နေသူ မည်သူမဆိုသည် စုံလင်သူများဖြစ်လာမည့်သူအားလုံး လေးမြတ်တန်ဖိုးထားကြမည့် ဘုရားသခင်၏စံနှုန်းနှင့်အညီ နေထိုင်ခြင်းသည် သူတို့၏ထာဝရအကျိုးအတွက် ဖြစ်လိမ့်မည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။

၂၀။ ယောက်ျားပီသမှုနှင့် မိန်းမပီသမှုအပေါ် ကျွန်ုပ်တို့၏အမြင်ကို ဂလာတိ ၅:၂၂၊ ၂၃ ကမည်သို့အကျိုးပြုသင့်သနည်း။

၂၀ ခရစ်ယာန်ယောက်ျားမိန်းမတို့သည် ဘုရားသခင်၏ဝိညာဉ်အသီးများဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခင်ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ချုပ်တည်းခြင်းတို့ကို မွေးမြူသီးပြဖို့လိုကြောင်း သမ္မာကျမ်းစာကဖော်ပြပါသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုအရည်အချင်းများကို ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ယောက်ျားများအား သူတို့၏ ယောက်ျားပီသမှုကိုလည်းကောင်း၊ မိန်းမများသည် သူတို့၏ မိန်းမပီသမှုကိုလည်းကောင်း ပို၍ပီပြင်စေနိုင်ရန် ဘုရားသခင်သည် ကိုယ်တော်၏ကြီးမြတ်တော်မူသော ဉာဏ်ပညာတော်ဖြင့် စီမံထားတော်မူခဲ့ပြီ။ ဝိညာဉ်အသီးသီးသော ယောက်ျားတစ်ဦးကို ရိုသေလေးစားရန် လွယ်ကူသည့်နည်းတူ ထိုသို့ပြုသော မိန်းမတစ်ဦးကို ချစ်မြတ်နိုးရန်လွယ်ကူပါသည်။

၂၁၊ ၂၂။ (က) ယေရှုသည် ဘဝပုံစံများနှင့်ပတ်သက်၍ အဘယ်နမူနာချမှတ်ပေးတော်မူခဲ့သနည်း။ (ခ) ယေရှုသည် ကိုယ်တော်၏ယောက်ျားပီသမှုကို မည်သို့ဖော်ပြတော်မူခဲ့သနည်း။

၂၁ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားသည် ယေရှုခရစ်ဖြစ်တော်မူ၍ ကိုယ်တော့်ဘဝပုံစံကို ခရစ်ယာန်များ တုပသင့်သည်။ (၁ ပေတရု ၂:၂၁-၂၃) ယေရှုနည်းတူ ယောက်ျားနှင့်မိန်းမများပါ ဘုရားသခင်ကိုသစ္စာရှိပြီး ကိုယ်တော်၏နှုတ်ကပါဌ်တော်အတိုင်း နာခံကြောင်း တင်ပြသင့်သည်။ ယေရှုသည် ချစ်ခြင်းမေတ္တာ၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ကရုဏာအစရှိသည့် ထူးမြတ်သောအရည်အချင်းများကို ပြသတော်မူခဲ့၏။ ကျွန်ုပ်တို့လည်း စစ်မှန်သောခရစ်ယာန်များအဖြစ် ကိုယ်တော်အားတုပခြင်းဖြင့် ခရစ်တော်၏တပည့်များဖြစ်ကြောင်း သက်သေထူကြရမည်ဖြစ်သည်။—ယောဟန် ၁၃:၃၅။

၂၂ ယေရှုခရစ်သည် တကယ်ယောက်ျားပီသသူတစ်ဦး ဖြစ်တော်မူ၏၊ သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည့် ကိုယ်တော့်ဘဝအသက်တာကို လေ့လာကြရာတွင် ကိုယ်တော်၏ယောက်ျားပီသသော အရည်အချင်းများကို တွေ့မြင်နိုင်ကြပါသည်။ ကိုယ်တော်သည် အိမ်ထောင်မပြုခဲ့သော်လည်း မိန်းမများနှင့် မျှတစွာ ပေါင်းသင်းခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ (လုကာ ၁၀:၃၈၊ ၃၉) ယောက်ျား၊ မိန်းမများနှင့် ကိုယ်တော်ပေါင်းသင်းခဲ့ရာတွင် အမြဲသန့်ရှင်းဖြူစင်ပြီး ဂုဏ်သိက္ခာရှိရှိနှင့်ဖြစ်သည်။ ကိုယ်တော်သည် ယောက်ျားပီသခြင်း၏ စုံလင်သောစံနမူနာဖြစ်တော်မူသည်။ ကိုယ်တော်သည် မည်သူ့—ယောက်ျား၊ မိန်းမ၊ သို့မဟုတ် နာခံမှုကင်းမဲ့သော ကောင်းကင်တမန်—ကိုမျှ မိမိ၏ဘုရားသခင်ရေးရာဆိုင်ရာ ယောက်ျားပီသမှုနှင့် ယေဟောဝါအားသစ္စာရှိမှုကို လုယူပစ်ရန် ခွင့်ပြုတော်မမူခဲ့ပေ။ ကိုယ်တော်သည် မိမိ၏တာဝန်များကို လက်ခံယူရန် အသင့်ရှိတော်မူပြီး ယင်းတို့ကို မညည်းမညူထမ်းဆောင်တော်မူခဲ့သည်။—မဿဲ ၂၆:၃၉။

၂၃။ ဖိုမကိုယ်စီတို့၏ကဏ္ဍများနှင့်ပတ်သက်၍ စစ်မှန်သောခရစ်ယာန်များသည် မည်သို့ထူးခြားစွာ ကောင်းချီးခံစားရသနည်း။

၂၃ ယေဟောဝါ၏လူမျိုးအလယ်တွင်နေပြီး သူတို့၏ဘဝတွင် ယေဟောဝါဘုရားသခင်အား ချစ်မြတ်နိုး၍ နာခံခြင်းကို ဦးစားထားသော အမျိုးသားအမျိုးသမီး၊ ယောက်ျားလေး၊ မိန်းကလေးများတို့နှင့် ပေါင်းသင်းရခြင်းသည် အလွန်ကြည်နူးစရာပါတကား! ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို နာခံကြရခြင်းကြောင့် ကျဉ်းကျပ်မနေကြပါ။ ယင်းအစား ဖိုမကိုယ်စီတို့၏ အလှကျက်သရေနှင့် ရည်ရွယ်ချက်ထူးခြားသောကဏ္ဍများကို ယုတ်ညံ့စေသော ဤလောကနှင့် ၎င်း၏လမ်းစဉ်တို့မှ ကျွန်ုပ်တို့လွတ်မြောက်နေကြရပြီ။ ကျွန်ုပ်တို့သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ကျွန်ုပ်တို့၏ဘုရားသခင်ပေးဘဝတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းမှ စစ်မှန်သောပျော်ရွှင်မှုကို ခံစားနိုင်ကြပါသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့အကျိုးအလိုငှာ မေတ္တာပါသောပြင်ဆင်ချက်အားလုံးနှင့် ကျွန်ုပ်တို့ကို ယောက်ျား၊ မိန်းမများအဖြစ် ဖန်ဆင်းထားတော်မူသည့်အတွက် ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အား မည်မျှကျေးဇူးတင်ရပါသည်တကား!

သင်မည်သို့ဖြေဆိုမည်နည်း

◻ ယောက်ျားနှင့်မိန်းမများအတွက် အဘယ်တော်မှန်သောကဏ္ဍများကို သမ္မာကျမ်းစာက ဖော်ပြသနည်း။

◻ ရေလွှမ်းမိုးဘေးမတိုင်မီက ယောက်ျားပီသခြင်းအဖြစ်သည် မည်သို့ဖောက်ပြန်ခဲ့သနည်း။ ၎င်းနှင့် မိန်းမပီသခြင်းအဖြစ်တို့သည် ကျွန်ုပ်တို့အချိန်တွင် မည်သို့ ချွတ်ချော်ဖောက်ပြန်လာပြီနည်း။

◻ ရုပ်ဆင်းသဏ္ဌာန်နှင့်ပတ်သက်သည့် အဘယ်ကျမ်းစာအကြံပေးချက်ကို လက်တွေ့ကျင့်သုံးရန် သင်ကြိုးစားမည်နည်း။

◻ ခရစ်ယာန်ယောက်ျားနှင့်မိန်းမတို့သည် တကယ့်ယောက်ျားများ၊ တကယ့်မိန်းမများဖြစ်ကြောင်း မည်သို့သက်သေထူနိုင်ကြမည်နည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဧသတာသည် အဆင်းလှသူဖြစ်သော်လည်း သူမ၏ကျိုးနွံခြင်းနှင့် သူမ၏နူးညံ့ငြိမ်သက်သောစိတ်ဓာတ်ကြောင့် အထူးသတိရခြင်းခံရသည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အတွင်းအလှကို ပိုမိုအရေးပေးပြုလုပ်စဉ် ဝတ်ဆင်ဖြီးလိမ်းမှုကို ဆင်ဆင်ခြင်ခြင်ဂရုပြုပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ