ဘုရားသခင်သည် ကျွန်မ၏ ခိုလှုံရာနှင့်ခွန်အား ဖြစ်တော်မူ၏
ရှားလက် မူးလား ပြောပြသည်
ကွန်မြူနစ်တရားသူကြီးက “ဟစ်တလာလက်အောက်မှာ ကိုးနှစ်လုံးလုံး နေထိုင်ခဲ့တဲ့ခင်ဗျားကို ချီးကျူးပါတယ်၊ ခင်ဗျားဟာ အမှန်တကယ် စစ်ကိုဆန့်ကျင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးကို ဆန့်ကျင်နေပြီ!” လို့ပြောပါတယ်။
အစောပိုင်းက နာဇီတွေကြောင့် ကျွန်မထောင်ချခံရတာကိုရယ်၊ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ ဆိုရှယ်လစ်ဝါဒကိုရယ် သူရည်ညွှန်းနေတာဖြစ်တယ်။ ပထမတော့ ကျွန်မအံ့အားသင့်သွားလို့ နှုတ်ဆိတ်နေခဲ့ပေမဲ့ နောက်တော့ ဒီလိုပြန်ပြောခဲ့ပါတယ်– “စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက် ခရစ်ယာန်တစ်ဦးဟာ တခြားလူတွေကြိုးစားတဲ့နည်းနဲ့ မကြိုးစားပါဘူး။ ဘုရားသခင်နဲ့အိမ်နီးနားချင်းတွေကို ချစ်ပါဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို လိုက်လျှောက်ဖို့ပဲ ကျွန်မကြိုးစားတယ်။ ငြိမ်းချမ်းရေးကို အပြောရောအလုပ်နဲ့ပါ ဆက်ထိန်းထားနိုင်ဖို့ ဘုရားသခင့်နှုတ်ကပါဌ်တော်ကကျွန်မကို အကူအညီပေးပါတယ်။”
အဲ့ဒီ ၁၉၅၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ ကွန်မြူနစ်ဝါဒီသမားတွေက ကျွန်မကို ရှစ်နှစ်ထောင်ချလိုက်တယ်—နာဇီခေတ်ကထက် တစ်နှစ်လျော့တာပေါ့။
အမျိုးသားဆိုရှယ်လစ်ဝါဒီတွေနဲ့ ကွန်မြူနစ်ဝါဒီတွေက ကျွန်မတို့ယေဟောဝါသက်သေတွေကို နှိပ်စက်တဲ့အချိန်မှာ ဆာလံ ၄၆:၁ က နှစ်သိမ့်မှုပေးခဲ့တယ်– “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” ယေဟောဝါတစ်ပါးတည်းပဲ ခံနိုင်ရည်ရှိဖို့ ကျွန်မကို ခွန်အားပေးနိုင်တဲ့အပြင် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို ပိုစွဲမှတ်ထားလေ ပိုခွန်အားရှိလေပဲ။
အနာဂတ်အတွက် ခွန်အားပြည့်တင်းနေ
၁၉၁၂ ခုနှစ် ဂျာမနီနိုင်ငံ သူရင်ဂီယာဒေသရှိ ဂေါ့ဇီးဘ်လေဘင့်မြို့မှာ ကျွန်မကိုမွေးဖွားခဲ့တယ်။ မိဘတွေက ပရိုတက်စတင့်ဖြစ်ကြပေမဲ့ အဖေကတော့ ကျမ်းစာသမ္မာတရားနဲ့ ဖြောင့်မတ်တဲ့အစိုးရတစ်ခုကို ရှာဖွေနေတယ်။ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုကြည့်လိုက်ရတဲ့အခါမှာ ဝမ်းသာပီတိဖြစ်ခဲ့ကြတယ်။a အဖေရှာနေတဲ့ ဘုရားသခင့်နိုင်ငံတော်ကိုတွေ့ပြီ။
ကျွန်မအပါအဝင် ကလေးခြောက်ယောက်နဲ့အတူ မိဘတွေက ၁၉၂၃ ခုနှစ် မတ်လ ၂ ရက်မှာ ချာ့ချ်က နုတ်ထွက်ခဲ့ပါတယ်။ အဲ့ဒီတုန်းက စက်စင်နီဒေသရှိ ကင်းမ်နစ်မြို့မှာ ကျွန်မတို့နေထိုင်ကြပြီး ကျမ်းစာကျောင်းသားတွေနဲ့ ပေါင်းသင်းကြတယ်။ (ကျွန်မရဲ့မောင်နှမတွေထဲကသုံးယောက် ယေဟောဝါသက်သေဖြစ်လာကြတယ်။)
ကျမ်းစာကျောင်းသားတွေရဲ့ အစည်းအဝေးမှာတင်ပြတဲ့ ကျမ်းချက်တွေနဲ့အဖိုးတန်သမ္မာတရားတွေက ကျွန်မစိတ်ကိုထိမိပြီး နုနယ်တဲ့နှလုံးသားမှာ ပျော်ရွှင်မှုဖြစ်စေပါတယ်။ ဦးစွာ အယောက် ၅၀ ကျော်ပါဝင်တဲ့ ခရစ်ယာန်လူငယ်တွေကို ပို့ချပေးတဲ့ တနင်္ဂနွေသင်တန်းကို ကျွန်မနဲ့ကျွန်မညီမကက်သီတို့ ခေတ္တတက်ရောက်ခွင့်ရရှိပါတယ်။ ကျွန်မတို့အုပ်စုမှာ သီချင်းဆိုလေ့ကျင့်ဖို့နဲ့ ခြေလျင်ခရီးအစီအစဉ်များစီစဉ်ပေးတဲ့ လူငယ်ကောန်ရဒ်ဖရန်ခ်လည်း ပါဝင်တယ်။ နောက်ပိုင်း ၁၉၅၅ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်အထိ ညီအစ်ကိုဖရန်ခ်ဟာ ဂျာမနီနိုင်ငံရဲ့ ကင်းမျှော်စင်ဌာနခွဲမှာ ကြီးကြပ်မှူးအဖြစ် အမှုထမ်းဆောင်ရပါတယ်။
၁၉၂၀ ပြည့်လွန်နှစ်များမှာ ဘုရားသခင့်လူမျိုးအလယ်မှာတောင် တစ်ခါတစ်ရံ ကမောက်ကမ ဖြစ်ခဲ့တယ်။ “အချိန်တန်အစာ” အဖြစ် ကင်းမျှော်စင် ကို လက်မခံချင်တော့တဲ့အချို့သူတွေဆို တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကိုတောင် ဆန့်ကျင်လာကြတယ်။ (မဿဲ ၂၄:၄၅၊ သမ) ဒါနဲ့ပဲ အယူဖောက်ပြန်ခြင်း ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျွန်မတို့အရမ်းလိုအပ်နေတဲ့ ခွန်အားပေးတဲ့ “အစာ” ကို ကင်းမျှော်စင် ကနေရခဲ့တယ်။ ဥပမာ၊ (၁၉၁၉) မှာ “မကြောက်တတ်သောသူများသည် ကောင်းချီးခံစားရ” နှင့် (၁၉၂၆) မှာ “မည်သူများ ယေဟောဝါကို ဂုဏ်တင်မည်နည်း” ဆိုတဲ့ ကင်းမျှော်စင် ဆောင်းပါးများပါလာတယ်။ ရဲရဲဝံ့ဝံ့လုပ်ဆောင်မှုနဲ့ ယေဟောဝါကိုဂုဏ်တင်ချင်တဲ့အတွက် ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ စာအုပ်ကြီး၊ စာအုပ်ငယ်တွေကို ကျွန်မဖြန့်ဝေခဲ့ပါတယ်။
၁၉၃၃ ခုနှစ် မတ်လမှာ ကျွန်မဟာ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းယူပါတယ်။ အဲ့ဒီနှစ်မှာပဲ ဂျာမနီနိုင်ငံမှာ ဧဝံဂေလိလုပ်ငန်းပိတ်ပင်ခံရတယ်။ နှစ်ခြင်းခံတဲ့အချိန်မှာ အနာဂတ်အတွက် အကြံပေးချက်အဖြစ် ဒီလိုဆိုတဲ့ ဗျာဒိတ် ၂:၁၀ ကို တင်ပြခဲ့တယ်– “သင်သည် ခံရမည့်အရာတစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။” ဒီအခန်းငယ်ကို နှလုံးသွင်းပြီး ခက်ခဲတဲ့စုံစမ်းမှုတွေ ကျွန်မကိုစောင့်ကြိုနေတယ်လို့ သံသယမရှိဘဲ လက်ခံခဲ့တယ်။ ထင်တဲ့အတိုင်းဖြစ်လာတာပဲ။
ကျွန်မတို့ဟာ နိုင်ငံရေးဘက်မှာ ဆက်ပြီးကြားနေတဲ့အတွက် အိမ်နီးနားချင်းအချို့က ကျွန်မတို့ကို သံသယစိတ်နဲ့ကြည့်ကြတယ်။ နိုင်ငံရေးရွေးကောက်ပွဲတစ်ခုပြီးတဲ့နောက် ယူနီဖောင်းဝတ်ထားတဲ့ နာဇီတပ်သားတွေရဲ့ကိုယ်စားလှယ်အဖွဲ့က အိမ်ရှေ့မှာလာပြီး “ဒီမှာ သစ္စာဖောက်တွေ နေတယ်!” ဆိုပြီး အော်ကြတယ်။ ဂျာမန်ဘာသာနဲ့ ၁၉၃၃ ခုနှစ် ဒီဇင်ဘာလထုတ် ကင်းမျှော်စင် မှာပါတဲ့ “သူတို့ကို မကြောက်ကြနှင့်” ဆောင်းပါးက ကျွန်မအတွက် အထူးအားပေးမှုဖြစ်စေခဲ့တယ်။ အဆိုးရွားဆုံးအခြေအနေအောက်မှာတောင် သစ္စာရှိယေဟောဝါသက်သေတစ်ဦး ဆက်ဖြစ်ချင်တယ်။
ရန်သူ၏ဖြေရှင်းချက်—အကျဉ်းထောင်
၁၉၃၅ ခုနှစ် ဆောင်းဦးရာသီအထိ ကင်းမ်နစ်မြို့မှာ ကင်းမျှော်စင် ကို ပုန်းလျှိုးကွယ်လျှိုး ထုတ်နိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း အသုံးပြုခဲ့တဲ့မိတ္တူကူးစက်ကို အောရ်တောင်တန်းရှိ ဘာရယ်ဖက်န်မြို့ကို ယူသွားခဲ့ရတယ်။ အဲ့ဒီနေရာမှာပဲ ၁၉၃၆ ခုနှစ် ဩဂုတ်လအထိ စာအုပ်စာတမ်းထုတ်ဝေတယ်။ ကက်သီနဲ့ကျွန်မက အဖေပေးထားတဲ့ လိပ်စာတွေအတိုင်း ညီအစ်ကိုတွေဆီ မိတ္တူတွေပို့ပေးရတယ်။ အဲ့ဒီအချိန်က ခဏလောက် အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း စစ်ပုလိပ်အဖွဲ့က ကျွန်မကိုချောင်းမြောင်းစောင့်ကြည့်ပြီး ၁၉၃၆ ခုနှစ် ဩဂုတ်လမှာ အိမ်မှာလာဖမ်းပြီး စစ်ဆေးမယ့်အချိန်အထိ အချုပ်ချထားတယ်။
၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်မအပါအဝင် ညီအစ်ကို ၂၅ ဦးနဲ့ ညီအစ်မ ၂ ဦးတို့ဟာ စက်စင်နီဒေသရှိ အထူးခုံရုံးရှေ့ရောက်ရှိခဲ့တယ်။ ယေဟောဝါသက်သေအဖွဲ့အစည်းဟာ အစိုးရကို အကြည်အညိုပျက်စေတယ်ဆိုပြီး အဆိုတင်သွင်းကြတယ်။ ကင်းမျှော်စင် မိတ္တူကူးတဲ့ ညီအစ်ကိုတွေကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်။ ကျွန်မကျတော့ နှစ်နှစ်ချခံရပါတယ်။
ထောင်ဒဏ်ပြည့်ပြီးလို့ လွတ်လာရမဲ့အစား စစ်ပုလိပ်အဖွဲ့က ကျွန်မကို ပြန်ဖမ်းလိုက်တယ်။ ယေဟောဝါသက်သေတစ်ဦးအဖြစ် ဘယ်တော့မှ မလှုပ်ရှားတော့ပါဘူးဆိုတဲ့ ကတိခံဝန်ချက်တစ်ခုကို လက်မှတ်ထိုးခိုင်းပါတယ်။ ကျွန်မ လုံးဝငြင်းပယ်လိုက်တဲ့အတွက် ဒေါသထွက်သွားတဲ့ အရာရှိက မတ်တတ်ရပ်ပြီး အချုပ်ခန်းထဲပြန်ထည့်ဖို့ ဝရမ်းထုတ်လိုက်ပါတယ်။ ဝရမ်းကို ပုံမှာပြထားတယ်။ကျွန်မရဲ့မိဘတွေကို တွေ့ခွင့်မရတော့ဘဲ အဲလ်ဘာမြစ်နားမှာရှိတဲ့ လိခ်တင်ဘာ့ဂ်မြို့က အမျိုးသမီးချွေးတပ်စခန်းငယ်တစ်ခုဆီကို ချက်ချင်းပို့လိုက်တယ်။ အပို့ခံရပြီးမကြာခင်မှာ ကက်သီနဲ့တွေ့တယ်။ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလကတည်းက မိုရီငှင်ချွေးတပ်စခန်းမှာ သူရောက်နေတာ။ ဒါပေမဲ့ အဲ့ဒီချွေးတပ်စခန်း ပိတ်လိုက်တဲ့အခါ လိခ်တင်ဘာ့ဂ်ကို အခြားညီအစ်မတွေနဲ့အတူ သူရောက်လာတယ်။ ကျွန်မအဖေလည်း သူနဲ့ပြန်တွေ့တဲ့ ၁၉၄၅ ခုနှစ်အထိ အကျဉ်းချခံရပါတယ်။
လိခ်တင်ဘာ့ဂ်၌
အခြားသက်သေခံညီအစ်မတွေ အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့် အပြစ်ပေးခံနေရတဲ့အတွက် သူတို့နဲ့ချက်ချင်းပူးပေါင်းခွင့်မရခဲ့ဘူး။ ခန်းမတစ်ခုမှာ အကျဉ်းသားအုပ်စုနှစ်စု—စားပွဲမှာအမြဲထိုင်ရတဲ့ အမျိုးသမီးတွေနဲ့ ခွေးခြေခုံပေါ်တစ်နေ့လုံးထိုင်နေရပြီး စားစရာဘာမှမရတဲ့ သက်သေခံတွေကို ကျွန်မသတိထားမိတယ်။b
ကျွန်မဟာ ကက်သီကို တစ်နည်းနည်းနဲ့ ပြန်တွေ့နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ဘယ်တာဝန်ကိုမဆို လိုလိုလားလား လက်ခံလိုက်တယ်။ ထင်တဲ့အတိုင်းပဲ ဖြစ်ပျက်ခဲ့တယ်။ အခြားအကျဉ်းသားနှစ်ယောက်နဲ့အတူ ကက်သီ အလုပ်သွားနေတုန်းမှာ ကျွန်မတို့တွေ့ခဲ့တယ်။ အားရဝမ်းသာနဲ့ သူမကို ကျွန်မတအားဖက်လိုက်ပါတယ်။ ဒါကို မိန်းမအစောင့်က ချက်ချင်းတိုင်လိုက်တယ်။ ကျွန်မတို့နှစ်ယောက်ကို စစ်ဆေးမေးမြန်းပြီး အဲ့ဒီအချိန်ကစ တမင်ခွဲထားလိုက်တယ်။ အဲ့လိုလုပ်တာဟာ တကယ့်ကိုအခံရခက်တယ်။
လိခ်တင်ဘာ့ဂ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြားအဖြစ်အပျက်နှစ်ခုကို ကျွန်မ မမေ့နိုင်ဘူး။ အကျဉ်းသားအားလုံး ရေဒီယိုကလာတဲ့ ဟစ်တလာရဲ့နိုင်ငံရေးမိန့်ခွန်းတစ်ခုကို နားထောင်ဖို့ ထောင်ဝင်းထဲ စုရုံးရမယ့်အချိန်အခါဖြစ်ပါတယ်။ မျိုးချစ်စိတ်အခမ်းအနားတွေ ပါမယ်ဆိုတာသိလို့ ကျွန်မတို့ ယေဟောဝါသက်သေတွေက ငြင်းပယ်ခဲ့ကြတယ်။ ဒါနဲ့ အစောင့်တွေက အကာအကွယ်မဲ့တဲ့ ကျွန်မတို့အမျိုးသမီးတွေကို မီးသတ်ပိုက်တွေနဲ့ လေးထပ်ကနေ မြေကွက်လပ်အထိ ရေအားပြင်းပြင်းနဲ့ပက်တယ်။ အဲ့ဒီမှာ ကျွန်မတို့ တစ်ကိုယ်လုံးရွှဲရွှဲစိုနဲ့ရပ်နေရပါတယ်။
နောက်တစ်ခါကျတော့ ဟစ်တလာရဲ့မွေးနေ့ပွဲနီးလာတဲ့အတွက် တပ်မှူးချုပ်ရဲ့ဌာနချုပ်ကို လျှပ်စစ်မီးသီးတွေနဲ့ အလှဆင်ဖို့ ကျွန်မနဲ့အတူ ဂါတရု အရ်မီ၊ ဂါတယ်လ် ဘာလင်ကို အမိန့်ပေးတယ်။ ကျွန်မတို့ရဲ့သမာဓိကို ချိုးဖျက်ဖို့ သေးငယ်တဲ့ကိစ္စတွေမှာ အလျှော့ပေးလိုက်လျောသွားရအောင် စာတန်ရဲ့လှည့်ကွက်ကို မြင်ယောင်လိုက်တဲ့အတွက် ငြင်းပယ်ခဲ့တယ်။ ကျွန်မတို့ညီအစ်မငယ်တွေကို အပြစ်ဒဏ်ပေးတဲ့အနေနဲ့ မှောင်မဲတဲ့အခန်းကျဉ်းလေးတစ်ခုထဲမှာ သုံးပတ်အထိ တစ်ဦးချင်းစီထားတယ်။ ဒါပေမဲ့ ဒီလိုကြောက်စရာကောင်းတဲ့ အခန်းကျဉ်းလေးမှာတောင် ယေဟောဝါဟာ ကျွန်မတို့နဲ့ အနီးကပ်ရှိတဲ့ခိုလှုံရာဖြစ်တယ်လို့ သိခဲ့ရတယ်။
ရေဗန်ဘရုခ်၌
၁၉၃၉ ခုနှစ် မေလမှာ လိခ်တင်ဘာ့ဂ်ထဲရှိတဲ့ အကျဉ်းသားတွေကို ရေဗန်ဘရုခ်ချွေးတပ်စခန်းဆီ ပို့လိုက်ပါတယ်။ အဲ့ဒီမှာ အချို့သက်သေခံညီအစ်မတွေနဲ့အတူ အဝတ်လျှော်ဌာနမှာ တာဝန်ကျတယ်။ စစ်ပွဲဖြစ်ပွားပြီး မကြာခင်မှာ စကြာတံဆိပ်အလံ ကောက်သိမ်းဖို့ တာဝန်ပေးတာကို ကျွန်မတို့ငြင်းပယ်ခဲ့ပါတယ်။ ရလဒ်ကတော့ ကျွန်မနဲ့မီးလ်ကင်အန်းစ်တို့ကို ပြစ်ဒဏ်ပေးတန်းလျားအပို့ခံရတယ်။ ရာသီဥတုအခြေအနေ ဘယ်လိုဘဲဖြစ်နေဖြစ်နေ တနင်္ဂနွေနေ့မှာတောင် အလုပ်ကြမ်းတွေလုပ်ရတဲ့အတွက် အပြစ်ပေးတဲ့အထဲမှာ အကြမ်းတမ်းဆုံးပဲ။ ပုံမှန်တော့ အလွန်ဆုံးအပြစ်ဒဏ်သုံးလကျခံရမှာဖြစ်ပေမဲ့ ကျွန်မတို့ကျတော့ တစ်နှစ်ကျခံရတယ်။ ယေဟောဝါရဲ့ အကူအညီမပါရင် ကျွန်မဘယ်လိုမှခံနိုင်ခဲ့မှာမဟုတ်ပါဘူး။
၁၉၄၂ ခုနှစ်မှာ ကျွန်မတို့အကျဉ်းသားတွေအတွက် အခြေအနေနည်းနည်းသက်သာလာတယ်၊ ကျွန်မလည်း စခန်းနဲ့သိပ်မဝေးတဲ့ အက်စ်အက်စ်မိသားစုအတွက် အိမ်ဖော်လုပ်ပေးရပါတယ်။ အဲ့ဒီမိသားစုက ကျွန်မကို လွတ်လပ်ခွင့်အနည်းအကျဉ်း ပေးထားတယ်။ ဥပမာ၊ တစ်ခါက ကလေးတွေကို လမ်းလျှောက်ခေါ်သွားတဲ့အခါ ခရမ်းရောင်တြိဂံတံဆိပ်တပ်ဆင်ထားတဲ့ ယိုဇက်ဖ်ရေဗာလ်နဲ့ ဂေါ့ဖရီးမေလ်ဟော့န် အကျဉ်းသားနှစ်ဦးတို့ကို ကျွန်မတွေ့ပြီး အပြန်အလှန်အားပေးစကား ပြောနိုင်ခဲ့ပါတယ်။c
စစ်ပြီးကာလ ခက်ခဲမှု
၁၉၄၅ ခုနှစ်မှာ မဟာမိတ်စစ်သည်တွေ နီးကပ်လာတဲ့အခါ ကျွန်မအလုပ်ရှင်ရဲ့ မိသားစုနဲ့အတူ ကျွန်မပါထွက်ပြေးခဲ့ရတယ်။ အခြားအက်စ်အက်စ်မိသားစုတို့နဲ့အတူ အနောက်ဘက်သွားဖို့ ယာဉ်တန်းကြီးကို စီစဉ်ခဲ့တယ်။
စစ်ပွဲရဲ့နောက်ဆုံးရက်တွေဟာ တကယ်အန္တရာယ်များပြီး ဗရုတ်သုက္ခဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ နောက်တစ်မြို့ကိုသွားပြီး အကျဉ်းသားအနေနဲ့မဟုတ်ဘဲ မှတ်ပုံတင်ဖို့ ကျွန်မကိုခွင့်ပြုခဲ့တဲ့ အမေရိကန်စစ်သားတချို့ကိုတွေ့တယ်။ အဲ့ဒီမှာ ဘယ်သူ့ကိုတွေ့ခဲ့တယ်လို့ထင်သလဲ။ ယိုဇက်ဖ်ရေဗာလ်နဲ့ဂေါ့ဖရီးမေလ်ဟော့န်တို့ကို တွေ့လိုက်ရတယ်။ ဇာခ်စင်ဟောင်ဇင်ချွေးတပ်စခန်းကနေ သက်သေခံအားလုံး သေလုမျောပါးလမ်းလျှောက်ခဲ့ကြပြီး ရှဗေးရင်းမြို့ကို ရောက်နေတယ်လို့ သူတို့ သတင်းရထားတယ်။ ဒါနဲ့ မိုင် ၅၀ ခန့်ဝေးတဲ့ အဲ့ဒီမြို့ကို ကျွန်မတို့သုံးယောက် သွားဖို့ဦးတည်လိုက်တယ်။ ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ကောန်ရဒ်ဖရန်ခ်အပါအဝင် သစ္စာရှိညီအစ်ကိုအားလုံးကို ရှဗေးရင်းမြို့မှာ တွေ့ဆုံလိုက်ရလို့ ဝမ်းသာလိုက်တာမပြောပါနဲ့တော့။
၁၉၄၅ ခုနှစ် ဒီဇင်ဘာလမှာ ရထားနဲ့ခရီးသွားနိုင်တဲ့အထိ တိုင်းပြည်အခြေအနေ ကောင်းလာပါတယ်။ ဒါနဲ့ ကျွန်မ အိမ်ဘက်ခြေဦးလှည့်လိုက်တယ်! ဒါပေမဲ့ ဒီခရီးစဉ်မှာ ရထားခေါင်မိုးပေါ် လှဲအိပ်လိုက်၊ တွယ်စီးလိုက် လုပ်ရပါတယ်။ ကင်းမ်နစ်မြို့ကို ရောက်တဲ့အခါ ကျွန်မတို့မိသားစုနေထိုင်ခဲ့တဲ့နေရာကို ဘူတာရုံကနေ လမ်းလျှောက်ရပါတယ်။ ဒါပေမဲ့ နာဇီတပ်သားတွေ အစောပိုင်းမှာ လမ်းပေါ်မတ်တတ်ရပ်ပြီး “သစ္စာဖောက်တွေ ဒီမှာနေတယ်” လို့အော်ပြောတဲ့လမ်းမှာ အိမ်တစ်လုံးမှမကျန်တော့ဘူး။ ဗုံးဒဏ်ကြောင့် လူနေရပ်ကွက်တစ်ခုလုံး အစပျောက်သွားပါပြီ။ ဒါပေမဲ့ အဖေ၊ အမေ၊ ကက်သီနဲ့ မောင်နှမတွေကို ပြန်တွေ့လိုက်ရတော့ ကျွန်မပျော်လိုက်တာ။
စစ်ပြီးကာလ ဂျာမနီနိုင်ငံမှာ စီးပွားရေးအခြေအနေ အတော့်ကိုဆိုးတယ်။ ဒါပေမဲ့ ဘုရားသခင့်လူမျိုးတော်ရဲ့ အသင်းတော်ကတော့ ဂျာမနီတစ်နိုင်ငံလုံးမှာ တိုးတက်အောင်မြင်ခဲ့တယ်။ ကင်းမျှော်စင်အသင်းက ဟောပြောခြင်းလုပ်ငန်းအတွက် ကျွန်မတို့ကို အသင့်ရှိစေဖို့ အတတ်နိုင်ဆုံးကြိုးစားပေးပါတယ်။ နာဇီတွေ ပိတ်ပစ်ခဲ့တဲ့ မဲဂ်ျဒဘာ့ဂ်ရှိဗေသလလုပ်ငန်းကို ပြန်စတင်ကြတယ်။ ၁၉၄၆ ခုနှစ် နွေဦးပေါက်မှာ အဲ့ဒီကိုဖိတ်ခေါ်ခံရပြီး မီးဖိုချောင်တာဝန်ရပါတယ်။
နောက်တစ်ကြိမ် ပိတ်ပင်ခြင်းနဲ့ ချုပ်နှောင်ခံရခြင်း
မဲဂ်ျဒဘာ့ဂ်မြို့ဟာ ကွန်မြူနစ်တွေက သိမ်းပိုက်ခဲ့တဲ့ ဂျာမနီနိုင်ငံရဲ့အစိတ်အပိုင်းမှာရှိတယ်။ ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ သူတို့ ကျွန်မတို့ရဲ့လုပ်ငန်းကို ပိတ်ပင်လိုက်ပြီး မဲဂ်ျဒဘာ့ဂ်မြို့ရဲ့ ဗေသလအိမ်ကိုပါ ပိတ်လိုက်တဲ့အတွက် ကျွန်မရဲ့တန်ဖိုးရှိဗေသလလေ့ကျင့်မှုလည်း ရပ်ဆိုင်းသွားပါတယ်။ ကွန်မြူနစ်လက်အောက်မှာတောင် သမ္မာတရားကို ဆက်လက်ဆုပ်ကိုင်ထားပြီး ဒုက္ခရောက်နေတဲ့လူသားတွေအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ကို ကြွေးကြော်ဖို့ ဆုံးဖြတ်လိုက်ပြီး ကင်းမ်နစ်မြို့ကို ကျွန်မပြန်လာခဲ့ပါတယ်။
၁၉၅၁ ခုနှစ် ဧပြီလမှာ ကင်းမျှော်စင် စာစောင်တွေသွားယူဖို့ ဘာလင်မြို့ကို ညီအစ်ကိုတစ်ယောက်နဲ့အတူ ခရီးထွက်တယ်။ ပြန်ရောက်လာတဲ့အခါ ကင်းမ်နစ်ဘူတာရုံမှာ အရပ်ဘက်ရဲသားတွေကို တွေ့လိုက်ရတဲ့အခါ ထိတ်လန့်မိတယ်။ သူတို့တစ်တွေ ကျွန်မတို့ကို စောင့်နေကြတယ်ဆိုတာ သိသာပါတယ်၊ ရောက်တာနဲ့ဖမ်းလိုက်တယ်။
အစစ်ဆေးမခံခင်အချုပ်ခံရချိန်မှာ နာဇီခေတ်က နှစ်အတော်ကြာ ထောင်ချခံရတဲ့သက်သေအထောက်အထားစာရွက်စာတမ်းတွေကို ကျွန်မကိုင်ဆောင်ထားပါတယ်။ ဒါကြောင့် အစောင့်တွေက ကျွန်မကို တလေးတစားဆက်ဆံကြပါတယ်။ မိန်းမအစောင့်တွေထဲက အကြီးအကဲတစ်ယောက်က “ရှင်တို့ယေဟောဝါသက်သေတွေဟာ ပြစ်မှုကျူးလွန်သူတွေမဟုတ်ပါဘူး။ ရှင်တို့ဟာ ထောင်နဲ့မဆိုင်ပါဘူး” လို့ပြောတယ်။
တခြားညီအစ်မနှစ်ယောက်နဲ့အတူရှိနေတဲ့ တစ်ချိန်မှာ ကျွန်မအကျဉ်းခန်းထဲ သူမလာပြီး အိပ်ရာအောက်မှာ ပစ္စည်းတစ်ခုလာထားသွားတယ်။ အဲ့ဒါဘာလဲသိလား။ ကျွန်မတို့ကို ပေးသုံးတဲ့ သူမရဲ့ကိုယ်ပိုင်ကျမ်းစာအုပ်ဖြစ်ပါတယ်။ နောက်တစ်ခါကျတော့ ထောင်နဲ့မဝေးလှတဲ့ ကျွန်မမိဘအိမ်ကို သူမလည်ပတ်ခဲ့ပါတယ်။ ကင်းမျှော်စင်စာစောင်တွေနဲ့ စားစရာနည်းနည်းကို ကျွန်မအခန်းထဲ သူ့ကိုယ်ပေါ်ဝှက်ယူလာပေးပါတယ်။
ကျွန်မတစ်ခုမှတ်မိတယ်။ တစ်ခါတလေ တနင်္ဂနွေမနက်ပိုင်းမှာ ကျွန်မတို့ သီအိုကရက်တစ်သီချင်းတွေကို အော်ဆိုကြတဲ့အခါ အခြားအကျဉ်းသားတွေက သဘောကျလို့ သီချင်းဆိုပြီးတိုင်း လက်ခုပ်တီးသြဘာပေးကြတယ်။
ယေဟောဝါထံတော်မှ ခွန်အားနဲ့အကူအညီ
၁၉၅၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ အမှုစစ်နေတုန်း တရားသူကြီးက ဒီဆောင်းပါးရဲ့အစမှာဖော်ပြခဲ့တဲ့ ကောက်နုတ်ချက်ကိုတင်ပြသွားတယ်။ ဦးဆုံး ဝေါလ်ဟင်မ်မြို့မှာ အဲ့ဒီနောက် ဟာလဲမြို့၊ နောက်ဆုံးတော့ ဟိုးနက်ခ်မြို့မှာ ထောင်ချခံခဲ့ရတယ်။ အတိုချုပ်အဖြစ်အပျက်တစ်ခုနှစ်ခုက ဘုရားသခင်ဟာ ကျွန်မတို့ယေဟောဝါသက်သေတွေအတွက် ခိုလှုံရာနဲ့ခွန်အားဖြစ်ကြောင်း၊ ကိုယ်တော့်နှုတ်ကပါဌ်တော်ဟာ ကျွန်မတို့ကို လန်းဆန်းစေကြောင်း ဖော်ပြပါတယ်။
ဝေါလ်ဟင်မ်ထောင်မှာ ကျွန်မတို့ ခရစ်ယာန်အစည်းအဝေးတွေ ကျင်းပနိုင်ဖို့အတွက် သက်သေခံညီအစ်မအားလုံး ခန်းမတစ်ခုထဲမှာ မှန်မှန်စုရုံးကြတယ်။ ခဲတံနဲ့စက္ကူယူခွင့်မပြုပေမဲ့ ညီအစ်မအချို့က အဝတ်စလေးတွေနဲ့ ၁၉၅၃ ခုနှစ် နှစ်ချုပ်ကျမ်းချက် “သန့်ရှင်းသောတန်ဆာကိုဆင်၍ ယေဟောဝါကို ကိုးကွယ်ကြလော့” ကို နဖူးစည်းစာတမ်းငယ်တစ်ခုအဖြစ် ပြုလုပ်ဖို့ စီစဉ်ကြပါတယ်။—ဆာလံ ၂၉:၂။
မိန်းမအစောင့်တစ်ယောက်က ကျွန်မတို့ကို အငိုက်ဖမ်းပြီး ချက်ချင်းတိုင်လိုက်တယ်။ ထောင်မှူးရောက်လာတာနဲ့ နဖူးစည်းစာတမ်းကို မြင့်မြင့်မြှောက်ထားဖို့ ညီအစ်မနှစ်ယောက်ကို ပြောတယ်။ “ဒါဘယ်သူလုပ်တာလဲ” “ဘာရည်ရွယ်ချက်လဲ” ဆိုပြီး မေးပါတယ်။
ညီအစ်မတစ်ယောက်က အားလုံးကိုယ်စားဝန်ခံချင်ပေမဲ့ ကျွန်မတို့ မြန်မြန်တိုင်ပင်ပြီး အပြစ်ဒဏ်ကို အေးအတူပူအမျှ ခံစားကြဖို့ သဘောတူလိုက်ပါတယ်။ ဒါနဲ့ “ကျွန်မတို့ရဲ့ယုံကြည်ခြင်းခိုင်မြဲစေဖို့အတွက်ပါ” လို့ဖြေလိုက်တယ်။ နဖူးစည်းစာတမ်းကို သိမ်းယူလိုက်ပြီး အပြစ်ပေးတဲ့အနေနဲ့ အစာမကျွေးဘဲအငတ်ထားတယ်။ ဒါပေမဲ့ စစ်ဆေးမေးမြန်းနေစဉ်မှာတော့ အားပေးမှုဖြစ်စေတဲ့ကျမ်းချက်ကို ကျွန်မတို့စိတ်နှလုံးထဲ စွဲမှတ်သွားစေဖို့အတွက် ညီအစ်မတွေက နဖူးစည်းစာတမ်းကို မြှောက်ကိုင်ထားပေးပါတယ်။
ဝေါလ်ဟင်မ်အမျိုးသမီးထောင်အပိတ်ခံရတဲ့အခါ ကျွန်မတို့ညီအစ်မတစ်တွေကို ဟာလဲမြို့ကို ပြောင်းရွှေ့လိုက်ပါတယ်။ အဲ့ဒီမှာ အထုပ်တွေရရှိဖို့ အခွင့်ရခဲ့တယ်။ အဖေက ကျွန်မကို ဖိနပ်တစ်ရံချုပ်ပို့ပေးတယ်။ အဲ့ဒါဘာလဲသိလား။ ကင်းမျှော်စင် ဆောင်းပါးတွေဖြစ်တယ်! အဲ့ဒီဆောင်းပါးတွေထဲက “မေတ္တာစစ်သည် လက်တွေ့ကျ၏” နဲ့ “မုသားသည် အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်” ခေါင်းစဉ်တွေကို ကျွန်မ အခုထိမှတ်မိသေးတယ်။ အဲ့ဒီဆောင်းပါးတွေနဲ့ အခြားဆောင်းပါးတွေဟာ တစ်ခါတလေမှစားရတဲ့ တစ်မူထူးခြားတဲ့အစာလိုပဲ။ အဲ့ဒါတွေကို တိတ်တဆိတ် လက်ဆင့်ကမ်းတဲ့အခါ ယောက်တိုင်းက မှတ်စုတွေယူထားကြပါတယ်။
ဝင်ရောက်ရှာဖွေတဲ့အချိန်တစ်ချိန်မှာ ကောက်ရိုးမွေ့ရာအောက်ဝှက်ထားတဲ့ ကျွန်မမှတ်စုစာအုပ်ကို အစောင့်တစ်ယောက် တွေ့သွားတယ်။ မကြာပါဘူး၊ သူမက “၁၉၅၅ ခုနှစ်မှာ ယေဟောဝါကို ကြောက်ရွံ့သူများအတွက် မျှော်လင့်ချက်” ဆောင်းပါးအဓိပ္ပာယ်ကို တိတိကျကျ သိချင်တဲ့အတွက် ကျွန်မကိုခေါ်ပြီး မေးပါတယ်။ ကွန်မြူနစ်တစ်ယောက်ဖြစ်တဲ့ သူမဟာ ၁၉၅၃ ခုနှစ်မှာ သူမရဲ့ခေါင်းဆောင် စတာလင် သေဆုံးခဲ့လို့ အလွန်စိုးရိမ်နေပြီး အနာဂတ်အတွက် ရင်လေးနေပုံရတယ်။ ကျွန်မတို့အနာဂတ်ကကော၊ ထောင်ထဲမှာ ကျွန်မတို့ရဲ့အခြေအနေဟာ ကောင်းမွန်လာမှာဖြစ်ပေမဲ့ အခုအချိန်အထိ ကျွန်မဘာမှမသိသေးပါဘူး။ ယေဟောဝါသက်သေတွေအတွက် ရှေ့မျှော်လင့်ချက်ဟာ အကောင်းဆုံးဖြစ်မယ်ဆိုတာကို ယုံကြည်စိတ်ချစွာ ရှင်းပြခဲ့တယ်။ ဘာကြောင့်လဲ။ အဲ့ဒီဆောင်းပါးရဲ့အဓိကကျမ်းချက် ဆာလံ ၁၁၂:၇ ကို ကိုးကားပြလိုက်တယ်– “မကောင်းသောသတင်းကို မကြောက်ရ။ စိတ်နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည်တတ်၏။”
ကျွန်မ၏ခိုလှုံရာနှင့်ခွန်အားအဖြစ် ယေဟောဝါဆက်လက်တည်ရှိ
အသည်းအသန် ဖျားပြီးနောက် ၁၉၅၇ ခုနှစ် မတ်လမှာ နှစ်နှစ်စောပြီး ထောင်ကလွတ်လာပါတယ်။ ကျွန်မရဲ့ ယေဟောဝါအတွက် လုပ်ငန်းတော်ကြောင့် အရှေ့ဂျာမန်အရာရှိတွေက အနှောင့်အယှက်ပေးပြန်တယ်။ ဒါနဲ့ ၁၉၅၇ ခုနှစ် မေလ ၆ ရက်နေ့မှာ အနောက်ဘာလင်ကို ထွက်ပြေးဖို့အခွင့်ရတာနဲ့ အဲ့ဒီကနေ အနောက်ဂျာမနီကို ပြောင်းရွှေ့ခဲ့ပါတယ်။
ကျွန်မ နလန်ထူလာဖို့ နှစ်အနည်းငယ်ကြာပါတယ်။ ဒါပေမဲ့ ဒီနေ့ထိ ဝိညာဉ်အစာကို အငမ်းမရတမ်းတနေဆဲပဲ၊ ကင်းမျှော်စင် စာစောင်အသစ်တိုင်းကို မျှော်နေဆဲပါပဲ။ တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ် ပြန်စစ်ဆေးကြည့်ပါတယ်။ ကျွန်မဟာ အခုထိ ဝိညာဉ်ရေးစိတ်ထားရှိနေသေးသလား။ အရည်အသွေးကောင်းတွေကို ပျိုးထောင်နေပြီလား။ စစ်ကြောခံခဲ့ရတဲ့ ကျွန်မရဲ့ယုံကြည်ချက်ဟာ ယေဟောဝါကို ချီးကျူးဖို့နဲ့ဂုဏ်ပြုဖို့ ဖြစ်သလား။ ဘုရားသခင်ဟာ ကျွန်မရဲ့ ခိုလှုံရာနဲ့ခွန်အား အမြဲဖြစ်စေဖို့ အရာအားလုံးကို ကိုယ်တော့်စိတ်ကြိုက်ဖြစ်ရေးဟာ ကျွန်မရဲ့ ပန်းတိုင်ပါ။
[အောက်ခြေမှတ်ချက်များ]
a “ဓာတ်ပုံပြဇာတ်” ထဲတွင် ရုပ်သေနှင့်ရုပ်ရှင်ပါရှိပြီး ယင်းကို ၁၉၁၄ ခုနှစ်အစောပိုင်း၌ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ ကိုယ်စားလှယ်များက ကျယ်ကျယ်ပြန့်ပြန့်ပြသခဲ့သည်။
b ၁၉၄၀ ပြည့်နှစ် မေလ ၁ ရက်တွင် ဆွစ်ဇလန်နိုင်ငံ ဘန်းမြို့ရှိ ကင်းမျှော်စင်အသင်းက ထုတ်ဝေသည့် ထရော့စ် (နှစ်သိမ့်မှု) မဂ္ဂဇင်း စာမျက်နှာ ၁၀ တွင် နာဇီသီချင်းတီးမှုတ်သောအခါ ဂုဏ်ပြုအနေအထားပြုလုပ်ဖို့ ငြင်းပယ်ခဲ့သောကြောင့် လိခ်တင်ဘာ့ဂ်မှာရှိသည့် ယေဟောဝါသက်သေခံညီအစ်မများသည် ၁၄ ရက်တိုင်တိုင် နေ့လယ်စာ မစားခဲ့ရကြောင်း သတင်းပေးခဲ့သည်။ ထိုနေရာတွင် ယေဟောဝါသက်သေ ၃၀၀ ရှိသည်။
c ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်ထုတ် နိုးလော့! (လိပ်) မဂ္ဂဇင်း၏စာမျက်နှာ ၂၀-၃ တွင် ယိုဇက်ဖ်ရေဗာလ်အကြောင်းဖော်ပြထားသည်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ရေဗန်ဘရုခ်ရှိအက်စ်အက်စ်ရုံးခန်း
[Credit Line]
Top: Stiftung Brandenburgische Gedenkstätten
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
စခန်းအပြင်ဘက်ကျွန်မအလုပ်လုပ်ခွင့်ကတ်