သမာဓိနှင့်ပတ်သက်၍ ဘာဖြစ်သွားပြီနည်း
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကျော်ခန့်က စိန်ဈေးကစားသူတစ်ဦးဖြစ်သည့် ဘာနီ ဘာနာတိုသည် တောင်အာဖရိကမှ အင်္ဂလန်သို့ပြန်လာခဲ့သည်။ သူရောက်ရှိလာသည်တွင် သူ၏အတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ သတင်းစာတစ်စောင်မှရေးသားချက်ကို သဘောမတူညီဘဲဖြစ်ခဲ့သည်။ ထို့ကြောင့် ဒုတိယဆောင်းပါးအတွက် အယ်ဒီတာထံ “အကြောင်းအရာများကို ပြင်ပေးပါ” ဟူသောလက်ရေးစာတိုနှင့်အတူ ငွေကြေးမြောက်မြားစွာတန်သည့် ချက်လက်မှတ်တစ်စောင်ကိုပေးပို့ခဲ့သည်။
အယ်ဒီတာ ဂျေ. ကေ. ဂျရုမ်းက ထိုစာတိုကိုအမှိုက်ခြင်းထဲ လွှင့်ပစ်လိုက်ကာ ချက်လက်မှတ်ကိုပြန်ပေးလိုက်သည်။ အံ့အားသင့်စရာမှာ၊ ဘာနာတိုသည် ချက်ချင်းပင် နှစ်ဆတိုးပေးလိုက်လေသည်။ ထိုနည်းတူပင် ငြင်းပယ်ခံလိုက်ရသည်။ “ခင်ဗျား ဘယ်လောက်လိုချင်သလဲ” ဟု သူကမေးလိုက်သည်။ “လန်ဒန်မှာ ဒီလိုလုပ်လို့မရဘူးဆိုပြီး ကျွန်တော်သူ့ကိုရှင်းပြလိုက်တယ်” ဟု ထိုဖြစ်ရပ်ကိုအမှတ်ရစွာဖြင့် ဂျရုမ်းကပြောပြသည်။ သူ၏ စာတည်းမှူးကဏ္ဍနှင့်ပတ်သက်သော သမာဓိသည် ရောင်းစားရန်အတွက်လုံးဝမဟုတ်ပါ။
“သမာဓိ” ကို “ကျင့်ဝတ်တွင်သမာသမတ်ဖြစ်ခြင်း; ရိုးသားဖြောင့်မတ်ခြင်း” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သမာဓိရှိသူသည် ယုံကြည်စိတ်ချထိုက်သူတစ်ဦးဖြစ်သည်။ သို့သော် ယနေ့တွင် မရိုးဖြောင့်ခြင်း—သမာဓိစောင့်သိမှုမရှိခြင်း—သည် လူတန်းစားအလွှာစုံတွင် အောက်ခြေမှလှိုက်စားနေသည်။
ဗြိတိန်တွင် ကိုယ်ကျင့်တရားရာသမာဓိမရှိခြင်းကိုဖော်ပြရန် လူထုဆက်သွယ်ရေးလုပ်ငန်း၌ “အောက်တန်းကျ” ဟူသည့်စကားလုံးသည် ခေတ်စားလာသည်။ သည်အင်ဒီပဲန်ဒင့်သတင်းစာက အောက်တန်းကျဟူသည့်စကားသည် “ချစ်ရေးကြိုက်ရေးနှင့် လက်ရှိအစိုးရက အနိုင်ရအောင် မဲဆန္ဒနယ်နိမိတ်များကိုပြင်ဆင်ခြင်းမှ အရေးပါသော ပြည်ပပို့ကုန်အမှာစာများရရှိရန် လာဘ်ထိုးခြင်းအထိ အရာရာတိုင်း” အကျုံးဝင်သည်ဟု ထည့်သွင်းဖော်ပြထားသည်။ လွတ်ကင်းသည့်နယ်ပယ် လုံးဝမရှိပါ။
ယိမ်းယိုင်လျက်ရှိသောသမာဓိ၏စံနှုန်းများ
သမာဓိဟုဆိုရာ၌ အမှန်ပင်စင်းလုံးချောဖြစ်ရမည်ဟု ဆိုလိုနေခြင်းမဟုတ်သော်လည်း ပုဂ္ဂိုလ်တစ်ဦးတွင်ရှိသည့် အခြေခံအရည်အချင်းတစ်ခုကို ယင်းက ထင်ဟပ်ပြသည်။ ဖြတ်လမ်းဖြင့်ချမ်းသာနေကြသည့် ကျွန်ုပ်တို့ခေတ်တွင် သမာဓိကို ကောင်းမွန်သည့်အရည်အချင်းတစ်ခုဟုမယူမှတ်ဘဲ အနှောင့်အယှက်အဖြစ် ရှုမြင်ကြပေမည်။ ဥပမာအနေဖြင့်၊ ကျောင်းသားတို့သည် စာမေးပွဲများ၌ ခိုးချရန် ခေတ်မီဆန်းပြားသောကိရိယာငယ်များကို အသုံးပြုခြင်းသည်တိုးများလာကာ အများအားဖြင့် အဆိုပါကလိန်နည်းအသစ်များသည် ရှာဖွေတွေ့ရှိရန်မလွယ်ကူပါ။ ဗြိတိန်တက္ကသိုလ်မှပါမောက္ခတစ်ဦးက ဗြိတိန်ကျောင်းသားအားလုံးအနက်မှ ထက်ဝက်ကျော်သည် မသမာသည့်နည်းကိုအသုံးပြုကြပြီး၊ ဗြိတိန်တစ်နိုင်ငံတည်း၌သာ ထိုသို့ပြုခြင်းမဟုတ်သည်မှာ သေချာသည်ဟုဆိုသည်။
ယုံကြည်ကိုးစားမခံထိုက်သူများက လိမ်လည်လှည့်ဖြားသောအခါ အပြစ်မဲ့သူများခံရသည့်ဆုံးရှုံးမှုကို သတိမမူ၍မဖြစ်ပါ။ ၁၉၈၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဘိုပါးလ်မြို့၌ အဆိပ်ဓာတ်ငွေ့ကြောင့် ယောက်ျား၊ မိန်းမနှင့်ကလေးအပါအဝင် စုစုပေါင်း ၂,၅၀၀ ကျော်သေဆုံးခဲ့ကြပြီး ထောင်နှင့်ချီ၍ဒဏ်ရာရရှိခဲ့သည့် အဖြစ်ကိုကြည့်ပါ။ သည်ဆန်းဒေးတိုင်းမ်စ်သတင်းစာက “ဒုက္ခသည်များကို ကူညီပေးရန် ကယ်ဆယ်ရေးအစီအစဉ်များသည် အဂတိရွှံ့ညွန်ထဲတွင် ကျွံနစ်နေသည်။ . . . တရားဝင်ကိစ္စများကို ဂရုတစိုက်စိစစ်ရခြင်းသည် တောင်းဆိုချက်အတုများ၊ စာရွက်စာတမ်းအတုများနှင့် သက်သေအတုများကြောင့် ဖြေရှင်းရခက်ကုန်လေသည်” ဟုဖော်ပြသည်။ ရလဒ်အနေဖြင့် ဆယ်နှစ်ကြာပြီးနောက် နစ်နာကြေးငွေဒေါ်လာ ၄၇၀,၀၀၀,၀၀၀ ထဲမှဒေါ်လာ ၃,၅၀၀,၀၀၀ နီးပါးကိုသာ လိုအပ်သူများထံ ဖြန့်ဝေပေးခဲ့ရသည်။
ဘာသာတရားနှင့်ပတ်သက်၍ကော အသို့နည်း။ သမာဓိနှင့်ပတ်သက်၍ အဆိုပါကိစ္စတွင် ယင်း၏စံနှုန်းကော မည်သို့နည်း။ ဝမ်းနည်းစရာမှာ စံချိန်စံနှုန်းများသည် အများအားဖြင့် လောကစံနှုန်းများထက် ပိုမြင့်ခြင်းမရှိပေ။ ယခုဆယ်ကျော်သက်အရွယ်ရှိပြီဖြစ်သော တရားမဝင်သားတစ်ဦးကိုတာဝန်ယူပါမည်ဟု ကတိပေးဝန်ခံခဲ့သည့် . . . ဂိုဏ်းချုပ် အီမွန် ကာစီကို ဥပမာအဖြစ်ကြည့်ပါ။ ဗြိတိန် ဂါးဒီးယန်းသတင်းစာက ကာစီ၏အခြေအနေကို “အဆန်းမဟုတ်ပါ” ဟုဖော်ပြခဲ့သည်။ သည်တိုင်းမ်စ်မဂ္ဂဇင်းက သဘောတူစွာပင် “ဂိုဏ်းချုပ်ကာစီနာမည်ပျက်ရခြင်း၏အကြောင်းတရားမှန်မှာ သူ၏မကောင်းမှုသည် ထူးခြားသောကြောင့်မဟုတ်ဘဲ ထိုသို့အိမ်ထောင်မပြုဘဲနေခြင်းကတိကို ချိုးဖောက်ခြင်းသည် အသစ်အဆန်းလည်းမဟုတ်၊ ရှားရှားပါးပါးလည်းမဟုတ်ပါ” ဟုဖော်ပြခဲ့သည်။ ဤအဆိုကိုထောက်ခံသည့်အနေဖြင့် စကော့တလန်မှ သည်ဂလက်စ်ဂိုဟယ်ရယ်လ် သတင်းစာက အမေရိကန်ပြည်ထောင်စုရှိ . . . ဓမ္မဆရာတို့တွင် ၂ ရာခိုင်နှုန်းသာလျှင် လိင်ကွဲနှင့်လိင်တူမေထုန်ဆက်ဆံခြင်းကို ရှောင်ကြသည်ဟု ဆိုသည်။ ထိုအရေအတွက်သည် တိကျသည်ဖြစ်စေ၊ မတိကျသည်ဖြစ်စေ ယင်းက ကိုယ်ကျင့်တရားဆိုင်ရာကိစ္စတွင် ကက်သလစ်ဓမ္မဆရာများသည် နာမည်ပျက်နေကြောင်း တင်ပြသည်။
ထိုသို့သောဥပမာများနှင့် ရင်ဆိုင်ရသောကြောင့် တစ်ဦးချင်းစီအနေဖြင့် ကိုယ်ကျင့်တရားဆိုင်ရာသမာဓိကို ဆက်လက်၍စောင့်ထိန်းရန် ဖြစ်နိုင်ပါမည်လော။ ယင်းက အကျိုးနပ်ပါမည်လော။ ယင်းအတွက် အဘယ်အရာလိုအပ်သနည်း၊ ထိုသို့ပြုလုပ်ခြင်းအားဖြင့် မည်သည့်ဆုကျေးဇူးများရရှိမည်နည်း။