“ထရီးရ်မြို့၏သန့် ရှင်းသောဝတ်ရုံ”
သမိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ က တည်ရှိခဲ့သည့် ထရီးရ်မြို့သည် ဂျာမနီနိုင်ငံ၏ရှေးအကျဆုံး မြို့တစ်မြို့ဖြစ်သည်။a ရာစုနှစ်များတစ်လျှောက် ထရီးရ်မြို့သည် . . . ချာ့ချ်နှင့် ခိုင်မာသောဆက်ဆံရေးရှိခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ထရီးရ်မြို့ရှိဘုရားရှိခိုးကျောင်းသည် မြို့၏သက်တမ်းနီးပါးမျှရှေးကျသည်ဟု အဆိုရှိသည့်အမှတ်တရပစ္စည်းတစ်ခုကို ခင်းကျင်းပြသထားသည်။ ယင်းကို ထရီးရ်မြို့၏ သန့်ရှင်းသောဝတ်ရုံဟုခေါ်သည်။
ထိုဝတ်ရုံသည် အရှည် ၆၂ လက်မ၊ အနံ ၄၃ လက်မရှိပြီးလက်စကဖြစ်သည်။ ယင်းကို ချည်ထည်ဖြင့်ပြုလုပ်ထားပြီး ဟန်းစ်ယိုအာကင် ကန်း ရေးသားခဲ့သည့် ဗားလ်ဖာ့တ်စ်ဖူအဲရာ ထရီးရ် အူ့ န် အူမ်ဂေဘူမ် (ထရီးရ်မြို့နှင့် ပတ်ဝန်းကျင်သို့ ဘုရားဖူးခရီးစဉ်လမ်းညွှန်) ဟူသည့်စာအုပ်အရ ယင်းကို အပေါ်ဝတ်ရုံအဖြစ် ဝတ်ဆင်ခဲ့ပေမည်။ အစိတ်အပိုင်းအတော်များများကို ပြုပြင်ထား၍ အခြားရက်ထည်များဖြင့် ပို၍ခိုင်ခံ့အောင်ပြုလုပ်ထားသော မူလဝတ်ရုံသည် ဒုတိယ သို့မဟုတ် ပထမရာစုမှပင်ဖြစ်သည်ဟု အချို့သောအကဲဖြတ်သူများက ခန့်မှန်းကြသည်။ ယင်းခန့်မှန်းချက်သည်မှန်ကန်ပါက ယင်းဝတ်ရုံသည် စိတ်ဝင်စားဖွယ်ကောင်းသည့် ရှေးဟောင်းပစ္စည်းဖြစ်သွားမည်။
သို့သော် အချို့သူတို့က ထိုဝတ်ရုံသည် ရှားပါးပစ္စည်းဖြစ်ရုံမက သန့်ရှင်းသောကြောင့် သန့်ရှင်းသောဝတ်ရုံဟု အမည်ပေးထားခြင်းဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။ ဆိုရသည့်အကြောင်းမှာ ယင်းသည် ယေရှုခရစ်တော်ဝတ်ဆင်ခဲ့သည့် အတွင်းအင်္ကျီတော်ကဲ့သို့ပင် ချုပ်ရိုးမရှိသောကြောင့်ဖြစ်သည်။ (ယောဟန် ၁၉:၂၃၊ ၂၄) ထို “သန့်ရှင်းသောဝတ်ရုံတော်” သည် အမှန်ပင် မေရှိယ၏ဝတ်ရုံတော်ဖြစ်သည်ဟု ဆိုကြသည်။
ထိုဝတ်ရုံတော်သည် ထရီးရ်မြို့သို့ မည်သို့ရောက်ရှိလာသည်ကို တိတိကျကျမသိကြပါ။ ၎င်းကို “မဟာ ကောန်စတင်တိုင်း၏မယ်တော် ဟယ်လင်ဘုရင်မက ထိုမြို့သို့ချီးမြှင့်ခဲ့ခြင်းဖြစ်သည်” ဟု ကိုးကားဖော်ပြချက်တစ်ခုကဆိုသည်။ ယင်းဝတ်ရုံသည် ၁၁၉၆ ခုနှစ်တွင် ထရီးရ်မြို့တွင်ရှိနေကြောင်း ပထမဆုံးယုံကြည်စိတ်ချရသည့်သတင်းကို ကန်းကညွှန်ပြသည်။
ဘုရားရှိခိုးကျောင်းထဲ၌ သိမ်းဆည်းထားသည့် ထိုဝတ်ရုံကို ၁၆ ရာစုမှစ၍ မကြာမကြာခင်းကျင်းပြသခဲ့သည်။ သာဓကအားဖြင့် ထရီးရ်မြို့ကိုအလွန်ဆုံးရှုံးနစ်နာစေခဲ့သည့် အနှစ်သုံးဆယ်ကြာစစ်ပွဲပြီးနောက် မကြာမီဖြစ်သော ၁၆၅၅ ခုနှစ်တွင် ယင်းကိုပြသခဲ့သည်။ ကြည်ညိုမှုပြုသည့်ခရီးစဉ်လာသူများကို အထိမ်းအမှတ်ပစ္စည်းများရောင်းချခြင်းမှလည်း ဝင်ငွေများစွာရရှိစေသည်။
ဤရာစုနှစ်အတွင်း “သန့်ရှင်းသောဝတ်ရုံတော်” အားသွားရောက်ကြည်ညိုသည့် ခရီးစဉ်များကို—၁၉၃၃၊ ၁၉၅၉ နှင့် ၁၉၉၆ ခုနှစ်များတွင် ပြုလုပ်ခဲ့သည်။ ၁၉၃၃ ခုနှစ်၌ပြုလုပ်သည့် ကြည်ညိုမှုပြုသည့်ခရီးစဉ်ကို ဟစ်တလာအား ဂျာမန်ဓနသဟာယ၏အကြီးအကဲအဖြစ် ခန့်အပ်သည့်နေ့တွင် ကြေညာခဲ့သည်။ ဤဖြစ်ရပ်နှစ်ခုစလုံး တစ်နေ့တည်းတွင်ထပ်တူကျခြင်းက ကြည်ညိုမှုပြုသည့် ခရီးစဉ်ပတ်ဝန်းကျင်အခြေအနေကို ထင်ရှားပေါ်လွင်စေသည်ဟု ကန်းကဆိုသည်။ စစ်ဝတ်စုံဝတ်ထားသည့် နာဇီတပ်သားများက ဘုရားရှိခိုးကျောင်းအပြင်၌ လာရောက်ကြည်ညိုကြသူများအတွက် စောင့်ကြပ်ပေးကြသည်။ ထိုနှစ်တွင် ဝတ်ရုံကို လူနှစ်သန်းခွဲလာ၍ကြည့်ရှုကြသည်။
ထရီးရ်မြို့တွင် နှစ်အတန်ကြာနေထိုင်ခဲ့သော ဟဲရ်ဘက်ဆိုသူက ၁၉၅၉ နှင့် ၁၉၉၆ ခုနှစ်တို့တွင် ကြည်ညိုမှုပြုသည့်ခရီးစဉ်နှစ်ခုကို ဤသို့နှိုင်းယှဉ်ပြသည်။ “၁၉၅၉ ခုနှစ်၌ လမ်းထောင့်အားလုံးနီးပါးတွင် အမှတ်တရပစ္စည်းများကို ရောင်းချကြသည့် စျေးဆိုင်ငယ်များနှင့် ပြည့်ကျပ်နေခဲ့သည်။ ယခုနှစ်၌မူ အတော်လျော့နည်းသွားသည်။” အမှန်အားဖြင့် ၁၉၉၆ ခုနှစ်တွင် ၁၉၅၉ ခုနှစ်ထက် တစ်သန်းလျော့နည်းသွားသည့် အရေအတွက်ဖြစ်သည့် ၇၀၀,၀၀၀ ဦးသာ လာ၍ကြည့်ရှုကြသည်။
အဘယ့်ကြောင့်ထိုဝတ်ရုံကို သွားကြည့်ကြသနည်း
ထိုဝတ်ရုံကို လေးစားကြည်ညိုဖွယ်ရာတစ်ခုအဖြစ် မရှုမြင်သင့်ကြောင်းချာ့ချ်က အလေးပေးပြောဆိုသည်။ ချုပ်ရိုးမပါသည့်ဝတ်ရုံသည် ချာ့ချ်စည်းလုံးညီညွတ်မှု၏ အထိမ်းအမှတ်အဖြစ် ယူမှတ်ခံရသည်။ ဝတ်ရုံကိုလာရောက်ကြည့်ရှုကြသည့် ခရီးစဉ်ကိုကြေညာသည့်အခါ ဘုန်းတော်ကြီး ရှပယ်တလ်က “ကျွန်ုပ်တို့ကမ္ဘာမှာ ခါတိုင်းနဲ့မတူတဲ့အခြေအနေက ကျွန်ုပ်တို့ကိုခါတိုင်းနဲ့မတူတဲ့ အဖြေတွေပေးဖို့ စိန်ခေါ်မှုကိုဖြစ်စေပါတယ်၊ မုန်းတီးမှု၊ ရက်စက်မှု၊ အကြမ်းဖက်မှုတွေတိုးပွားလာတဲ့ အခြေအနေကို ကျွန်ုပ်တို့ဆန့်ကျင်ရမယ်” ဟူ၍ပြောကြားခဲ့ကြောင်း ဖရန့်ခ်ဖူတာ အာလ်ဂဲ မင်းစီတူ ဟူသည့်စာစောင်ကဆိုသည်။ ၎င်းဝတ်ရုံကိုကြည့်ရှုခြင်းက စည်းလုံးမှုကိုသတိရစေမည်ဟု ဘုန်းတော်ကြီးကရှင်းပြသည်။
သို့သော် ချာ့ချ်စည်းလုံးမှုကိုသတိရစေဖို့ “သန့်ရှင်းသောဝတ်ရုံ” ကိုအဘယ့်ကြောင့်လိုအပ်သနည်း။ ၎င်းဝတ်ရုံသည်ပျက်စီးသွားမည် သို့မဟုတ် အပိုင်းပိုင်းအစစဖြစ်သွားမည် သို့မဟုတ် အတုအယောင်အဖြစ်ဖော်ထုတ်ခံရမည်ဆိုလျှင်ကော အသို့နည်း။ ထိုအခါ ချာ့ချ်စည်းလုံးမှုသည် အန္တရာယ်ရှိမည်လော။ ထရီးရ်မြို့သို့ ကြည်ညိုမှုပြုသည့်ခရီးစဉ်ကို မသွားရောက်နိုင်သည့်သူများအတွက် မည်သို့နည်း။ သူတို့သည် ချာ့ချ်ထဲတွင်စည်းလုံးမှုကို အာရုံစိုက်မှုနည်းပါးသူများဖြစ်မည်လော။
ခရစ်ယာန်စည်းလုံးမှု လိုအပ်ခြင်းကိုသတိရစေဖို့ ကနဦးခရစ်ယာန်များသည် ဝတ္ထုပစ္စည်းလိုအပ်ကြောင်း ကျမ်းစာ၌မည်သည့်နေရာတွင်မှ ဖော်ပြမထားပါ။ အမှန်အားဖြင့် “မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း ငါတို့သည် ကျင့်ဆောင်ပြုမူကြသည်” ဟုတမန်တော်ပေါလုက ခရစ်ယာန်များကို တိုက်တွန်းနှိုးဆော်ခဲ့သည်။ (၂ ကောရိန္သု ၅:၇) ထိုနည်းအားဖြင့် စစ်မှန်သောခရစ်ယာန်များမွေ့လျော်ကြသည့် စည်းလုံးမှုကို ‘ယုံကြည်ခြင်း၌ . . . တစ်လုံးတစ်ဝတည်း’ အဖြစ်ဖော်ပြထားသည်။—ဧဖက် ၄:၁၁-၁၃၊ သတင်းကောင်း။
[အောက်ခြေမှတ်ချက်များ]