ကယ်နုတ်ချိန်နီးပြီဖြစ်၍ အားယူလော့
“‘သင့်ကိုကယ်နုတ်ခြင်းငှာ၊ သင်နှင့်အတူငါရှိသည်’ ဟု ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] မိန့်တော်မူ၏။”—ယေရမိ ၁:၁၉။
၁၊ ၂။ လူ့မိသားစုသည် အဘယ်ကြောင့်ကယ်နုတ်ခြင်း လိုအပ်ပါသနည်း။
ကယ်နုတ်ခြင်း! နှစ်သိမ့်မှုပေးသော စကားလုံးပါတကား! ကယ်နုတ်ခံရသည်ဆိုရာ၌ ကယ်ဆယ်ခံရသည်၊ စိတ်မချမ်းသာစရာအခြေအနေဆိုးမှ လွတ်မြောက်သည်ကိုဆိုလို၏။ ၎င်းတွင် သာ၍ကောင်းပြီး ပျော်ရွှင်မှုပိုရှိသောအခြေအနေမျိုးသို့ ရောက်စေခြင်းသဘောပါဝင်သည်။
၂ ဤအချိန်တွင် လူ့မိသားစုသည် ထိုသို့သောကယ်နုတ်ခြင်းကို အလွန့်အလွန်လိုအပ်နေပါသည်တကား! နေရာတကာရှိလူများသည် စီးပွားရေး၊ လူမှုရေး၊ ကာယရေး၊ စိတ္တရေးနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ အခက်အခဲများကြောင့်ဝန်ပိကာ စိတ်ဓာတ်ကျနေကြသည်။ လူအများစုသည် ကမ္ဘာ့အခြေအနေကြောင့် မကျေမနပ်၊ စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး ပိုကောင်းသောအခြေအနေ ဖြစ်ပေါ်လာဖို့ တမ်းတနေကြသည်။—ဟေရှာယ ၆၀:၂; မဿဲ ၉:၃၆။
“ခဲယဉ်းသောကာလ”
၃၊ ၄။ ကယ်နုတ်ခံရဖို့ အဘယ်ကြောင့် ယခင်ကထက် ယခုသာ၍လိုအပ်နေပါသနည်း။
၃ ဤ ၂၀ ရာစုသည် အခြားမည်သည့်ရာစုထက်မဆို ဆင်းရဲဒုက္ခပိုခံစားခဲ့ရပြီဖြစ်ရာ ယခင်ကထက် ယခုကယ်နုတ်ခံရဖို့အတွက် သာ၍လိုအပ်နေပါသည်။ ယနေ့ လူပေါင်းသန်းတစ်ထောင်ကျော်ကျော်သည် ဆင်းရဲမွဲပြာကျနေ၍ ၎င်းအရေအတွက်သည် နှစ်စဉ်နှစ်တိုင်း ၂၅ သန်းခန့်တိုးများလာနေသည်။ အာဟာရချို့တဲ့ခြင်း သို့မဟုတ် အခြားချို့တဲ့မှုတို့နှင့်ဆက်စပ်သော အကြောင်းများကြောင့် ကလေး ၁၃ သန်းခန့်—တစ်ရက်လျှင် ၃၅,၀၀၀ မက—နှစ်တိုင်းသေဆုံးနေပါသည်။ သက်ကြီးရွယ်အို သန်းပေါင်းများစွာတို့သည်လည်း ရောဂါအမျိုးမျိုးကြောင့် သေချိန်မတန်ဘဲ သေနေကြရသည်။—လုကာ ၂၁:၁၁; ဗျာဒိတ် ၆:၈။
၄ စစ်ပွဲများနှင့် ပြည်တွင်းပဋိပက္ခများကြောင့် မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများ ဖြစ်ပေါ်ခဲ့ပြီ။ စစ်ပွဲများ၊ လူမျိုးစုနှင့် ဘာသာရေးပဋိပက္ခများ၊ နိုင်ငံတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် “ဤရာစုနှစ်အတွင်း လူပေါင်း ၂၀၃ သန်းကျော်သေဆုံးခဲ့ပြီ” ဟု Death by Government စာအုပ်ကဆိုသည်။ ထပ်ဆင့်၍ ဤသို့ဆိုသေးသည်– “သေသူအရေအတွက်သည် သန်း ၃၆၀ နီးပါးရှိနိုင်သည်။ ကျွန်ုပ်တို့၏မနုဿမျိုးစိတ်သည် ခေတ်သစ်ကပ်မည်းကြီးဆိုက်၍ လုံးပါးပါးနေဘိသကဲ့သို့ဖြစ်ချေပြီ။ ထိုသို့အမှန်တကယ်လည်းဖြစ်နေပါသည်။ သို့သော် ရောဂါပိုးကြောင့်မဟုတ်ဘဲ အာဏာကပ်ဘေးဆိုက်နေသောကြောင့်ဖြစ်သည်။” စာရေးဆရာရစ်ချက်ဟားဝဒ်က ဤသို့ပြောသည်– “နှိုင်းယှဉ်ကြည့်က ယခင်ရာစုနှစ်များ၏ ရက်စက်ကြမ်းကြုတ်သောစစ်ပွဲများသည် လမ်းကျဉ်းလမ်းမြှောင် ရန်ပွဲများမျှသာဖြစ်သည်။”—မဿဲ ၂၄:၆၊ ၇; ဗျာဒိတ် ၆:၄။
၅၊ ၆။ အဘယ်အရာက ကျွန်ုပ်တို့ခေတ်ကို စိတ်ဆင်းရဲစရာကောင်းစေသနည်း။
၅ မကြာမီနှစ်များအတွင်း စိတ်ဆင်းရဲစရာကောင်းသည့် အခြေအနေများကို ပိုဆိုးရွားစေသည်ကား အကြမ်းဖက်ပြစ်မှု၊ စာရိတ္တယိုယွင်းမှုနှင့် မိသားစုပြိုကွဲမှုများ အကြီးအကျယ်တိုးများလာခြင်းဖြစ်သည်။ အနှစ် ၃၀ အတွင်း အမေရိကန်လူဦးရေသည် ၄၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ သို့သော် အကြမ်းဖက်ပြစ်မှုမှာမူ ၅၆၀ ရာခိုင်နှုန်း၊ တရားမဝင်ကလေးမွေးဖွားမှုများ ၄၀၀ ရာခိုင်နှုန်း၊ ကွာရှင်းမှုများ ၃၀၀ ရာခိုင်နှုန်းနှင့် ဆယ်ကျော်သက်အရွယ်များ မိမိကိုယ်ကိုသတ်သေမှုနှုန်း ၂၀၀ ရာခိုင်နှုန်းတိုးများလာကြောင်း အမေရိကန်နိုင်ငံပညာရေးဆိုင်ရာ အတွင်းရေးမှူးဟောင်း ဝီလျံဘဲနက်က ဖော်ပြပါသည်။ “လူသတ်မှု၊ လက်ရောက်ကျူးလွန်မှု၊ ဗလက္ကာရပြုမှု၊ ခိုးမှု၊ အိမ်ဖောက်ထွင်းမှုနှင့် ရပ်ကွက်မငြိမ်သက်မှုများပြုသော “အာဂလုယက်ဖျက်ဆီးသူ” လူငယ်များ၏အရေအတွက် တိုးများလာနေကြောင်း ပရင်စတန်တက္ကသိုလ်မှ ပါမောက္ခဂျွန်ဒီယူလီယိုဂျူနီယာက သတိပေးပါသည်။ ဤလူငယ်များသည် ဖမ်းချုပ်ခံရသည့်အတွက် အရှက်မရှိ၊ ထောင်ကျသဖြင့် နာကျင်ရမည်၊ သို့မဟုတ် . . . စိတ်ထိခိုက်လိမ့်မည်ကိုလည်း မကြောက်ကြပါ။” ထိုနိုင်ငံတွင်အသက် ၁၅ မှ ၁၉ နှစ်အရွယ်ရှိသူများ သေရသည့် ဒုတိယမြောက်အကြောင်းရင်းသည် လူသတ်မှုဖြစ်သည်။ ထို့ပြင်ရောဂါကြောင့်ထက် မတော်မတရားပြုကျင့်ခံရမှုကြောင့်သေသော လေးနှစ်အောက်ကလေးများ၏အရေအတွက်က ပိုများနေပါသည်။
၆ ဤသို့သောရာဇဝတ်မှုနှင့် အကြမ်းဖက်မှုတို့ကို နိုင်ငံတစ်နိုင်ငံတည်း၌သာ တွေ့မြင်နေရသည်မဟုတ်ပါ။ တိုင်းပြည်အများတွင် အလားတူဖြစ်ပျက်နေကြောင်း သိရှိရ၏။ အခြေအနေပိုဆိုးရွားစေသည်ကား လူသန်းပေါင်းများစွာတို့ကို ပျက်စီးစေသည့် တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှု တိုးများလာခြင်းဖြစ်သည်။ ဩစတြေးလျထုတ် ဆစ်ဒနီနံနက်သံတော်ဆင့်သတင်းစာက ဤသို့ဆိုသည်– “နိုင်ငံတကာမူးယစ်ဆေးဝါးရောင်းဝယ်မှုသည် ကမ္ဘာတွင် လက်နက်ကုန်ကူးခြင်းပြီးလျှင် ဒုတိယဝင်ငွေအကောင်းဆုံးစီးပွားရေး ဖြစ်နေပါသည်။” အခြားတစ်ခုမှာ ယနေ့ရုပ်မြင်သံကြားပေါ်တွင် အပြည့်အဝနေရာယူထားသည့် အကြမ်းဖက်မှုနှင့် စာရိတ္တယိုယွင်းမှုတို့ဖြစ်သည်။ နိုင်ငံများစွာတွင် ကလေးတစ်ဦးသည် ၁၈ နှစ်အရွယ်ရောက်လေသော် တီဗွီပေါ်တွင် အကြမ်းဖက်မှုထောင်ပေါင်းများစွာနှင့် မရေမတွက်နိုင်အောင်များပြားသည့် အကျင့်ယိုယွင်းမှုတို့ကို ရှုစားခဲ့ပြီးဖြစ်သည်။ ၎င်းကား အမှန်တကယ်ပင် ပျက်စီးယိုယွင်းသောသြဇာဖြစ်ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ဥပဓိရုပ်သည် စိတ်ထဲမှန်မှန်သွင်းသည့်အရာအပေါ် များစွာမူတည်ပါသည်။—ရောမ ၁၂:၂; ဧဖက် ၅:၃၊ ၄။
၇။ ကျမ်းစာပရောဖက်ပြုချက်က လက်ရှိအခြေအနေဆိုးကို မည်သို့ကြိုတင်ဟောထားသနည်း။
၇ ကျမ်းစာပရောဖက်ပြုချက်က ကျွန်ုပ်တို့ရာစု၏ ဤထိတ်လန့်ဖွယ်အခြေအနေဆိုးကို တိကျမှန်ကန်စွာ ကြိုတင်ဟောထားပါသည်။ ကမ္ဘာတစ်ဝန်းတွင် စစ်ပွဲများ၊ ကူးစက်ရောဂါများ၊ အစာခေါင်းပါးမှုများနှင့် မတရားသောအမှုတို့ များပြားလာလိမ့်မည်ဟု ကျမ်းစာကကြိုတင်ပြောထားပါသည်။ (မဿဲ ၂၄:၇-၁၂; လုကာ ၂၁:၁၀၊ ၁၁) ထို့နောက် ၂ တိမောသေ ၃:၁-၅ တွင်မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်ကို သုံးသပ်ကြည့်လျှင် နေ့စဉ်သတင်းကို နားထောင်နေရသကဲ့သို့ဖြစ်သည်။ ယင်းက ကျွန်ုပ်တို့ခေတ်ကို “နောက်ဆုံးကာလ” အဖြစ်သတ်မှတ်ပြီး လူတို့သည် ‘ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သစ္စာမရှိသောသူ၊ ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ချူပ်တည်းခြင်းမရှိသောသူ၊ ပြင်းထန်သောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ’ များဖြစ်သည်ဟုဖော်ပြထားသည်။ ယနေ့ ဤလောကသည် ထိုအတိုင်းဖြစ်နေပါသည်။ ဝီလျံဘဲနက် ပြောသည့်အတိုင်းလည်း “ယဉ်ကျေးမှုသည် ပုပ်စပ်နေပြီဖြစ်ကြောင်း . . . ထင်ရှားပြသည့်လက္ခဏာ များလွန်းနေပါသည်။” ပထမကမ္ဘာစစ်အပြီးတွင် ယဉ်ကျေးမှုပျောက်ဆုံးသွားသည်ဟူ၍ပင် ပြောဆိုနေကြပါသည်။
၈။ ဘုရားသခင်သည် နောဧခေတ်တွင် အဘယ်ကြောင့်ရေလွှမ်းမိုးစေခဲ့ရသနည်း။ ယင်းသည် ကျွန်ုပ်တို့ခေတ်နှင့် မည်သို့ပတ်သက်သနည်း။
၈ “မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်” နေသောနောဧခေတ် ရေလွှမ်းမိုးဘေးမတိုင်မီအချိန်ကထက် မျက်မှောက်အခြေအနေသည် သာ၍ပင်ဆိုးရွားနေပါသည်။ ထိုအချိန်က လူအများစုသည် သူတို့၏မကောင်းသောအကျင့်များကို ဝန်မခံလို၊ နောင်တမယူလိုကြပါ။ သို့ဖြစ်၍ ဘုရားသခင်က “သူတို့ကြောင့်မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွသူတို့ကိုငါဖျက်ဆီးမည်” ဟုမိန့်တော်မူခဲ့ပါသည်။ ရေလွှမ်းမိုးဘေးက ထိုအဓမ္မမှုများပြားသောလောကကို အဆုံးစီရင်ခဲ့သည်။—ကမ္ဘာဦး ၆:၁၁၊ ၁၃; ၇:၁၇-၂၄။
လူသားတို့ မကယ်နုတ်နိုင်
၉၊ ၁၀။ ကယ်နုတ်ခံရရန် လူသားတို့ကို အဘယ်ကြောင့်အားမကိုးသင့်သနည်း။
၉ လူ့ကြိုးပမ်းမှုများက ဤဆိုးရွားသောအခြေအနေများမှ ကျွန်ုပ်တို့ကိုကယ်နုတ်ပေးနိုင်ပါမည်လော။ ဘုရားသခင့်နှုတ်ကပါဌ်စကားတော်က ဤသို့ဖြေဆိုပါသည်– “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။” “လူသည် မိမိသွားရာလမ်းကိုအစိုးမရ။” (ဆာလံ ၁၄၆:၃; ယေရမိ ၁၀:၂၃) ထိုအမှန်တရားများကို အနှစ်ထောင်ပေါင်းများစွာရှိ လူ့သမိုင်းက ထောက်ခံခဲ့ပြီ။ လူတို့သည် စိတ်ကူး၍ရနိုင်သမျှနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်တိုင်းကို စမ်းသပ်ကြည့်ခဲ့ကြပြီးဖြစ်သော်လည်း အခြေအနေဆိုးသည်ထက်ဆိုးရွားလာနေပါသည်။ လူတို့ ဖြေရှင်းပေးနိုင်ပါမူ ယခုဆိုလျှင် အဖြေရှိနေပါလိမ့်မည်။ ယင်းအစား အမှန်မှာ လူတို့သည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ခဲ့ကြပြီဖြစ်သည်။—ဒေသနာ ၈:၉; သု. ၂၉:၂; ယေရမိ ၁၇:၅၊ ၆။
၁၀ လွန်ခဲ့သောနှစ်အနည်းငယ်က အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဟောင်း ဇဘက်ဂ်ညက်ဗ်ဘရေဇင်စကီးက ဤသို့ဆိုသည်– “ကမ္ဘာ့ဖြစ်စဉ်များကို ငဲ့ကွက်မှုမရှိ လေ့လာကြည့်သည့်အခါ လူမှုရေးဗရုတ်သုတ်ခဖြစ်ခြင်း၊ နိုင်ငံရေးမငြိမ်မသက်မှု၊ စီးပွားရေးအရေးအခင်းနှင့် အပြည်ပြည်ဆိုင်ရာ စိတ်ဝမ်းကွဲပြားမှုများသည် သာ၍ပျံ့နှံ့လာစရာအကြောင်းသာရှိကြောင်း မလွှဲမရှောင်သာ သိရှိကြရသည်။” သူကထပ်ဆင့်၍ ဤသို့ဆိုသည်– “လူသားရင်ဆိုင်ရမည့်ဘေးအန္တရာယ်မှာ ကမ္ဘာချီမင်းမဲ့အခြေအနေဖြစ်သည်။” ကမ္ဘာ့အခြေအနေကို ထိုသို့အကဲဖြတ်ဝေဖန်ခဲ့ခြင်းသည် ယနေ့သာ၍ပင်မှန်ကန်ပေသည်။ အကြမ်းဖက်မှုတိုးများလာနေသော ဤခေတ်ကာလအကြောင်း မှတ်ချက်ချရာတွင် ကနက်တီကတ်ပြည်နယ်၊ နယူးဟေဗင်မြို့၏ ရက်ဂျစ္စတာသတင်းစာအယ်ဒီတာ့အာဘော်က ဤသို့ကြေညာသည်– “ရပ်တန့်လိုက်ရန် မတတ်နိုင်တော့သည့်အနေအထားတွင်ရောက်နေပုံပေါက်သည်။” ဤလောက၏ယိုယွင်းပျက်စီးမှုသည် ရပ်တန့်လိမ့်မည်မဟုတ်ပါ။ အကြောင်းမှာ ဤ “နောက်ဆုံးကာလ” နှင့်ဆိုင်သောပရောဖက်ပြုချက်က ဤသို့လည်းဆိုပါသည်– “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်းလှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်။”—၂ တိမောသေ ၃:၁၃။
၁၁။ လူ့ကြိုးပမ်းမှုများသည် ဆိုးသည်ထက်ဆိုးရွားလာနေသော အခြေအနေများကို အဘယ်ကြောင့်ပြောင်းပြန်မလှန်ပေးနိုင်သနည်း။
၁၁ စာတန်သည် “ဤလောကကိုအစိုးရသောဘုရား” ဖြစ်သောကြောင့် လူတို့သည် ဤခေတ်ရေစီးကြောင်းကို ပြောင်းပြန်လှန်ပေးနိုင်လိမ့်မည်မဟုတ်ပါ။ (၂ ကောရိန္သု ၄:၄) မှန်ပါ၏၊ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ရှိကြသည်။” (၁ ယောဟန် ၅:၁၉; ယောဟန် ၁၄:၃၀ လည်းရှု။) ကျွန်ုပ်တို့ခေတ်အကြောင်း ကျမ်းစာက ဤသို့မှန်ကန်စွာဆိုသည်– “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောအမျက်ဒေါသနှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၁၂) စာတန်၏အစိုးရနှင့် သူ၏လောကသည် အဆုံးတိုင်လုပြီဖြစ်ကြောင်း သူသိသောကြောင့် သူသည် “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။”—၁ ပေတရု ၅:၈။
ကယ်နုတ်ချိန်နီးပြီ—မည်သူများအတွက် ဖြစ်သနည်း
၁၂။ မည်သူတို့အတွက် ကယ်နုတ်ချိန်နီးလာသနည်း။
၁၂ ခဲယဉ်းသည်ထက် ခဲယဉ်းနေသော ကမ္ဘာ့အခြေအနေများက ပြောင်းလဲမှုအကြီးအကျယ်—အမှန်တကယ်ကြီးမြတ်သော ကယ်နုတ်ခြင်း—ဖြစ်လုနီးကြောင်း ထူးခြားစွာသက်သေထူနေသည်တကား! မည်သူတို့အတွက် ဖြစ်သနည်း။ သတိပေးချက်လက္ခဏာများကို ဂရုစိုက်ပြီး သင့်တော်သည့်နည်းအတိုင်း ပြုမူဆောင်ရွက်သူများအတွက် ကယ်နုတ်ချိန်နီးပြီ။ မည်သို့ပြုမူရမည်ကို ယောဟန်ပထမစောင် ၂:၁၇ ကဖော်ပြပါသည်– “လောက [စာတန်၏အစီအစဉ်စနစ်] နှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။”—၂ ပေတရု ၃:၁၀-၁၃ လည်းရှု။
၁၃၊ ၁၄။ စောင့်နေကြဖို့လိုကြောင်းကို ယေရှုမည်သို့အလေးအနက်ဖော်ပြသနည်း။
၁၃ မျက်မှောက်ခေတ် ပျက်စီးယိုယွင်းသောလူ့အဖွဲ့အစည်းသည် “ကမ္ဘာဦးမှစ၍မဖြစ်စဖူး နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ” ကာလတွင် များမကြာမီ ရှင်းပစ်ခံရတော့မည်ဖြစ်ကြောင်း ယေရှုကြိုတင်ဟောထားတော်မူခဲ့သည်။ (မဿဲ ၂၄:၂၁) ထို့ကြောင့် ကိုယ်တော်က ဤသို့သတိပေးတော်မူခဲ့သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည်သင်တို့နှင့် အမှတ်တမဲ့တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည်ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသောလူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထို့ကြောင့်သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက်စောင့်နေကြလော့ဟု မိန့်တော်မူ၏။”—လုကာ ၂၁:၃၄-၃၆။
၁၄ “သတိပြု” ၍ “စောင့်နေကြ” သောသူများသည် ဘုရားသခင်၏အလိုတော်ကိုရှာပြီး ထိုအတိုင်းဆောင်ရွက်ကြလိမ့်မည်။ (သု. ၂:၁-၅; ရောမ ၁၂:၂) ဤသူတို့သည် စာတန့်စနစ်အပေါ် များမကြာမီကျရောက်တော့မည့်ပျက်စီးခြင်းကို “ကင်းလွတ်” ကြမည့်သူများဖြစ်သည်။ ဤသူတို့သည် ကယ်နုတ်ခံရလိမ့်မည်ဟု လုံးဝစိတ်ချနိုင်ကြပါသည်။—ဆာလံ ၃၄:၁၅; သု. ၁၀:၂၈-၃၀။
အဓိကကယ်နုတ်ရှင်
၁၅၊ ၁၆။ အဓိကကယ်နုတ်ရှင်ကား မည်သူနည်း။ ကိုယ်တော်၏စီရင်ချက်များသည် ဖြောင့်မတ်လိမ့်မည်ဟု အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
၁၅ ဘုရားသခင်၏ကျေးကျွန်များသည် ကယ်နုတ်ခံရဖို့ရန် စာတန်နှင့် သူ၏ကမ္ဘာချီအစီအစဉ်စနစ်ကြီး ကွယ်ပျောက်သွားဖို့လိုပါသည်။ထိုသို့ဖြစ်ဖို့ရန် လူသားတို့ထက် သာလွန်တန်ခိုးကြီးမားသော ကယ်နုတ်ပေးနိုင်သည့်ဇာစ်မြစ် လိုအပ်ပါသည်။ ထိုဇာစ်မြစ်ကား စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းသော စကြဝဠာကို ဖန်ဆင်းတော်မူသည့် အလုံးစုံပိုင်သအုပ်စိုးခွင့်ရှိသူ၊ အနန္တတန်ခိုးရှင်ယေဟောဝါဘုရားသခင်ဖြစ်တော်မူသည်။ အဓိကကယ်နုတ်ရှင်ဖြစ်သူ ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “ငါတစ်ပါးသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၍၊ ငါမှတစ်ပါးကယ်တင်သောသူမရှိ။”—ဟေရှာယ ၄၃:၁၁; သု. ၁၈:၁၀။
၁၆ ယေဟောဝါ၌ တန်ခိုး၊ ဉာဏ်ပညာ၊ တရားမျှတခြင်းနှင် ချစ်ခြင်း အဆုံးစွန်အထိရှိတော်မူသည်။ (ဆာလံ ၁၄၇:၅; သု. ၂:၆; ဟေရှာယ ၆၁:၈; ၁ ယောဟန် ၄:၈) ထိုကြောင့် ကိုယ်တော်တရားစီရင်တော်မူသည့်အခါ ကိုယ်တော်၏စီရင်ချက်တို့သည် ဖြောင့်မတ်တော်မူမည်ဟု ကျွန်ုပ်တို့သေချာနိုင်ပါသည်။ အာဗြဟံက ဤသို့မေးခဲ့ဖူးသည်– “မြေကြီးလုံးကို စီရင်တော်မူသောသခင်သည်၊ တရားသဖြင့်ပြုတော်မူမည် မဟုတ်လော။” (ကမ္ဘာဦး ၁၈:၂၄-၃၃) ပေါလုက ဤသို့ကြွေးကြော်သည်– “ဘုရားသခင်သည် မတရားသောအမှုကိုပြုတော်မူသလော။ ထိုသို့မပြောရ။” (ရောမ ၉:၁၄) ယောဟန်က ဤသို့ရေးသားခဲ့သည်– “မှန်ပါ၏။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ်ကြပါ၏။”—ဗျာဒိတ် ၁၆:၇။
၁၇။ အတိတ်ကယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော်၏ကတိတော်များကို စိတ်ချကြောင်း မည်သို့တင်ပြခဲ့ကြသနည်း။
၁၇ ယေဟောဝါသည် ကယ်နုတ်မည်ဟု ကတိရှိတော်မူလျှင် မပျက်မကွက် ကယ်နုတ်တော်မူလိမ့်မည်။ ယောရှုက ဤသို့ဆိုသည်– “ထာဝရဘုရားသည် ဣသရေလအမျိုးအဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှမလျော့၊ ရှိသမျှတို့သည် ပြည့်စုံကြ၏။” (ယောရှု ၂၁:၄၅) ရှောလမုန်က ဤသို့ပြောသည်– “ထားတော်မူသော ကတိတော်ကောင်း တစ်ခွန်းမျှမပျက်။” (၃ ဓမ္မရာဇဝင် ၈:၅၆) အာဗြဟံသည် “ယုံမှားသောစိတ်နှင့်ကင်း၍ . . . ယုံကြည်အားကြီးသဖြင့် . . . ကတိထားတော်မူသောသူ [ဘုရားသခင်] သည် ကတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏” ဟုတမန်တော်ပေါလုက မှတ်ချက်ချသည်။ စာရာသည်လည်း “ကတိထားတော်မူသောသူသည် သစ္စာရှိသည်ဟုစိတ်စွဲလမ်းခြင်းရှိ၏။”—ရောမ ၄:၂၀၊ ၂၁; ဟေဗြဲ ၁၁:၁၁။
၁၈။ ယနေ့ ယေဟောဝါ၏ကျေးကျွန်များသည် ကယ်နုတ်ခံရမည်ဟု အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
၁၈ လူသားများနှင့်မတူ၊ ကတိတည်တော်မူသော ယေဟောဝါအား လုံးလုံးယုံကြည်စိတ်ချနိုင်ပါသည်။ “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ကျိန်ဆို၍မိန့်တော်မူသည်ကား၊ ‘ငါကြံစည်သည်အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရလိမ့်မည်။’” (ဟေရှာယ ၁၄:၂၄) ထို့ကြောင့် ကျမ်းစာက “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာလည်းကောင်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည်အကြောင်း . . . ထာဝရဘုရားသည် တတ်နိုင်တော်မူ၏” ဟုဆိုသည့်အခါ ထိုသို့ပင်ဖြစ်မည်ဟု ကျွန်ုပ်တို့အပြည့်အဝ ယုံကြည်စိတ်ချနိုင်ပါသည်။ (၂ ပေတရု ၂:၁၀) တန်ခိုးကြီးသော ရန်သူများ၏လက်ချက်ဖြင့် ဖျက်ဆီးခံရမည်ဟု စိုးရိမ်ရသည့်အချိန်တွင်ပင် ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော်၏ပရောဖက်တစ်ပါးအား မိန့်တော်မူသော ဤကတိတော်တွင်ထင်ရှားသည့် သဘောထားတော်ကြောင့် အားယူနိုင်ကြပါသည်– “သူတို့သည် သင့်ကိုစစ်တိုက်၍ မနိုင်ရကြ။ ‘သင့်ကိုကယ်နုတ်ခြင်းငှာ၊ သင်နှင့်အတူငါရှိသည်’ ဟု ထာဝရဘုရားမိန့်တော်မူ၏။”—ယေရမိ ၁:၁၉; ဆာလံ ၃၃:၁၈၊ ၁၉; တိတု ၁:၂။
အတိတ်က ကယ်နုတ်တော်မူခဲ့သည့်အမှုများ
၁၉။ ယေဟောဝါသည် လောတကို မည်သို့ကယ်နုတ်တော်မူခဲ့သနည်း။ ကျွန်ုပ်တို့ခေတ်အတွက် အဘယ်ဆင်တူချက်ရှိသနည်း။
၁၉ ယေဟောဝါ၏ ယခင်က ကယ်တင်ခြင်းလုပ်ရပ်အချို့ကို ပြန်ရေတွက်ခြင်းအားဖြင့် အကြီးအကျယ်အားယူနိုင်ကြပါသည်။ ဥပမာ၊ လောတသည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့၏ ဆိုးသွမ်းမှုကြောင့် အကြီးအကျယ်စိတ် “နှောင့်ယှက်ခြင်းကိုခံ” ခဲ့ရ၏။ သို့သော် ယေဟောဝါသည် ထိုမြို့များကိုအပြစ်တင် “ကြွေးကြော်သောအသံ” ကိုသတိပြုတော်မူ၏။ ထိုအရပ်မှ ချက်ချင်းထွက်ပြေးကြဖို့ လောတနှင့်သူ၏အိမ်ထောင်ကို တိုက်တွန်းပေးမည့် စေတမန်များကို အချိန်မီစေလွှတ်တော်မူခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ ယေဟောဝါသည် “ဖြောင့်မတ်သောလောတကို ကယ်နုတ်တော်မူ” ပြီး “သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို မီးရှို့၍ဖျက်ဆီး” တော်မူခဲ့သည်။ (၂ ပေတရု ၂:၆-၈; ကမ္ဘာဦး ၁၈:၂၀၊ ၂၁) ယနေ့လည်း ဤလောက၏ ဆိုးသွမ်းမိုက်မဲမှုအပေါ် အပြစ်တင်ကြွေးကြော်သောအသံကို ယေဟောဝါသတိပြုတော်မူ၏။ ကိုယ်တော်အလိုရှိသည့် အတိုင်းအတာအထိ အရေးကြီးသောသက်သေခံခြင်းလုပ်ငန်းကို မျက်မှောက်ခေတ် စေတမန်များပြုလုပ်ဆောင်ရွက်ပြီးလျှင် ကိုယ်တော်သည် ဤလောကကိုတရားစီရင်၍ လောတ၌ပြုတော်မူသကဲ့သို့ ကိုယ်တော်၏ကျေးကျွန်များကို ကယ်နုတ်တော်မူလိမ့်မည်။—မဿဲ ၂၄:၁၄။
၂၀။ ရှေးဣသရေလလူမျိုးကို အီဂျစ်နိုင်ငံမှ ယေဟောဝါကယ်နုတ်ခဲ့ပုံကို ဖော်ပြပါ။
၂၀ ရှေးအီဂျစ်နိုင်ငံတွင် ဘုရားသခင်၏လူမျိုး သန်းပေါင်းများစွာတို့သည် ကျွန်ခံခဲ့ကြရသည်။ သူတို့နှင့်စပ်လျဉ်း၍ ယေဟောဝါက ဤသို့မိန့်တော်မူသည်– “သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။ သူတို့ကို . . . ကယ်နုတ်. . . ခြင်းငှာ ငါဆင်းလာပြီ။” (ထွက်မြောက်ရာ ၃:၇၊ ၈) သို့ရာတွင် ဘုရားသခင်၏လူမျိုးကို စေလွှတ်ပြီးနောက် ဖာရောမင်းသည် စိတ်ပြောင်းလဲသွားပြီး သူ၏အင်အားကြီးသောစစ်တပ်နှင့် သူတို့နောက်သို့လိုက်၍ ဖမ်းဆီးလေတော့သည်။ ဣသရေလလူမျိုးသည် ပင်လယ်နီအရပ်တွင် ညှပ်ပူးညှပ်ပိတ်မိခံနေရပုံရှိနေသည်။ သို့တိုင် မောရှေက ဤသို့ဆိုသည်– “မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသောကယ်တင်ခြင်းကို ကြည့်ရှုကြလော့။” (ထွက်မြောက်ရာ ၁၄:၈-၁၄) ယေဟောဝါသည် ပင်လယ်နီကို နှစ်ခြမ်းကွဲစေတော်မူသောအခါ ဣသရေလလူမျိုးသည် လွတ်မြောက်ကြသည်။ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေတို့ကလည်း သူတို့နောက်သို့လိုက်လေသည်။ သို့သော် ယေဟောဝါသည် တန်ခိုးတော်ကို အသုံးပြုလေသော် “ပင်လယ်သည် သူတို့ကိုလွှမ်းမိုး၍ သူတို့သည် အားကြီးသောရေထဲမှာ ခဲကဲ့သို့ ဆင်းကြလေ၏။” ထိုအခါ မောရှေသည် ယေဟောဝါအား ဤသို့ချီးမွမ်းထောမနာပြုလေသည်– “သန့်ရှင်းခြင်းအားဖြင့် ဘုန်းကြီးတော်မူထသော၊ ချီးမွမ်းခြင်းကိုခံစဉ်တွင်၊ ကြောက်မက်ဖွယ်ဖြစ်တော်မူထသော၊ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသောကိုယ်တော်နှင့် အဘယ်ဘုရားတူပါသနည်း။”—ထွက်မြောက်ရာ ၁၅:၄-၁၂၊ ၁၉။
၂၁။ ယေဟောဝါ၏လူမျိုးသည် အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် စိရအမျိုးသားတို့လက်မှ မည်သို့လွတ်မြောက်ခဲ့သနည်း။
၂၁ နောက်တစ်ကြိမ်တွင် ရန်သူနိုင်ငံများဖြစ်သော အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် စိရ (ဧဒုံ) အမျိုးသားတို့သည် ယေဟောဝါ၏လူမျိုးကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ကြသည်။ ယေဟောဝါက ဤသို့မိန့်တော်မူသည်– “ထို [ရန်သူ] အလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။ . . . သင်တို့သည် စစ်တိုက်စရာအကြောင်း မရှိ။ . . . တည်ကြည်စွာမတ်တတ်နေလျက်၊ ထာဝရဘုရားကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။” ယေဟောဝါသည် ရန်သူတို့အလယ်တွင် ရှုပ်ယှက်ခတ်စေတော်မူပြီး အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍ ဖျက်ဆီးစေခြင်းဖြင့် မိမိ၏လူမျိုးတော်ကို ကယ်တင်တော်မူခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၀:၁၅-၂၃။
၂၂။ ဣသရေလလူမျိုးကို အာရှုရိ၏လက်မှ အဘယ်အံ့ဖွယ်သောနည်းဖြင့် ယေဟောဝါကယ်နုတ်တော်မူခဲ့သနည်း။
၂၂ အာရှုရိကမ္ဘာ့အာဏာစက်သည် ယေရုရှလင်မြို့တော်ကို လာရောက်တိုက်ခိုက်သောအခါ ဘုရင်သနာခရိပ်သည် မြို့ရိုးအပေါ်မှာရှိသောသူတို့ကို ဤသို့ကြားပြောကာ ယေဟောဝါအား ကဲ့ရဲ့ခဲ့သည်– “ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ်ဖူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်း။” ဘုရားသခင်၏ကျေးကျွန်များကို သူက ‘ဟေဇကိက “ထာဝရဘုရားသည် ငါတို့ကို ဧကန်အမှန် ကယ်ယူတော်မူမည်” ဟုဆိုသဖြင့်၊ ထာဝရဘုရားကို သင်တို့ကိုးစားရန် တိုက်တွန်းမခံနှင့်’ ဟုပြောပါသည်။ ထိုအခါ ဟေဇကိက “ကိုယ်တော်ထာဝရဘုရားတစ်ပါးတည်းသာ ဘုရားသခင်ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း” ကယ်နုတ်တော်မူပါဟု လှိုက်လှဲစွာဆုတောင်းသည်။ ယေဟောဝါသည် အာရှုရိစစ်သား ၁၈၅,၀၀၀ ကိုဒဏ်ခတ်၍သေစေတော်မူပြီး ကိုယ်တော့်ကျေးကျွန်များကိုမူကား ကယ်နုတ်တော်မူခဲ့သည်။ နောင်တွင် သနာခရိပ်သည် သူ၏မှောက်မှားသောဘုရားများရှေ့ ပျပ်ဝပ်ကိုးကွယ်နေစဉ် သူ၏သားများသည် သူ့ကိုလုပ်ကြံလိုက်ကြသည်။—ဟေရှာယအခန်းကြီး ၃၆ နှင့် ၃၇။
၂၃။ ကယ်နုတ်ခြင်းနှင့်ပတ်သက်၍ ယနေ့အဘယ်မေးခွန်းများကို ဖြေဆိုပေးရန်လိုအပ်သနည်း။
၂၃ ယေဟောဝါသည် ကိုယ်တော်၏လူမျိုးကို အတိတ်ကာလက အံ့ဖွယ်နည်းဖြင့် မည်သို့ကယ်နုတ်တော်မူခဲ့သည်ကို တွေ့သည့်အခါ အမှန်အားယူနိုင်ပါသည်။ ယနေ့ကော အသို့နည်း။ ကိုယ်တော်၏သစ္စာရှိကျေးကျွန်များသည် အံ့ဖွယ်သောနည်းဖြင့် ကိုယ်တော်၏ကယ်နုတ်ပေးခြင်းလိုအပ်သည့် အန္တရာယ်ထူပြောသော အဘယ်အခြေအနေမျိုးသို့ မကြာမီ ရောက်ကြတော့မည်ဖြစ်သနည်း။ သူတို့ကိုကယ်နုတ်ဖို့ရန် ယခုအချိန်အထိ ကိုယ်တော်အဘယ်ကြောင့် စောင့်ဆိုင်းနေတော်မူခဲ့သနည်း။ “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့်၊ မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့” ဟူသောယေရှုမိန့်တော်မူသောစကား၏ အဘယ်ပြည့်စုံချက်ကို ကျွန်ုပ်တို့တွေ့ရှိကြရမည်နည်း။ (လုကာ ၂၁:၂၈) ကွယ်လွန်နှင့်ပြီးသော ဘုရားသခင့်ကျေးကျွန်များမူကား မည်သို့ကယ်နုတ်ခံရကြမည်နည်း။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို သုံးသပ်ပါလိမ့်မည်။
ပြန်လည်စစ်ဆေးရန်မေးခွန်းများ
◻ ကယ်နုတ်ခံရရန် အဘယ်ကြောင့်အလွန်လိုအပ်နေသနည်း။
◻ ကယ်နုတ်ခံရရန် လူသားကို အဘယ်ကြောင့်မမျှော်ကိုးသင့်သနည်း။
◻ မည်သူတို့အတွက် ကယ်နုတ်ချိန်နီးသနည်း။
◻ ယေဟောဝါ၏ကယ်နုတ်ခြင်းကို အဘယ်ကြောင့်စိတ်ချနိုင်သနည်း။
◻ ကယ်နုတ်ခြင်းနှင့်ပတ်သက်သည့် အတိတ်က အဘယ်ပုံနမူနာများသည် အားယူစရာဖြစ်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အာဗြဟံသည် ယေဟောဝါအား ယုံကြည်စိတ်ချမှုအပြည့်ရှိသူတို့တွင်တစ်ဦးအပါအဝင်ဖြစ်သည်