ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၂/၁၅ စာ. ၁၉-၂၀
  • ဆေးပညာဆိုင်ရာကျင့်ဝတ်နှင့် သွေးမဲ့ခွဲစိတ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆေးပညာဆိုင်ရာကျင့်ဝတ်နှင့် သွေးမဲ့ခွဲစိတ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှီးနှောဖလှယ်ပွဲတစ်ခု
  • သွေးမဲ့ဆေးပညာနှင့် ခွဲစိတ်ကုသမှုပညာ—တိုးပွားလာသော တောင်းဆိုမှု
    နိုးလော့!—၂၀၀၁
  • မျက်မမြင်ဖြစ်နေစဉ်ကျွန်တော်မျက်စိပွင့်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သွေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ကျွန်တော် လက်ခံသွားပြီ
    နိုးလော့!—သွေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ကျွန်တော် လက်ခံသွားပြီ
  • သွေးမဲ့ ခွဲစိတ်ကုသမှု—ယင်း၏အကျိုးကျေးဇူးများ အသိအမှတ်ပြုခံရ
    နိုးလော့!—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၂/၁၅ စာ. ၁၉-၂၀

ဆေးပညာဆိုင်ရာကျင့်ဝတ်နှင့် သွေးမဲ့ခွဲစိတ်ခြင်း

မကြာသေးမီနှစ်များအတွင်း ဆေပညာနယ်ပယ်၌ မကြုံစဖူးသောတိုးတက်မှုကို တွေ့မြင်ရသည်။ သို့သော် ဆေးဘက်ဆိုင်ရာပြဿနာများ ဖြေရှင်းစဉ်တွင် အချို့သောတိုးတက်မှုတို့က လူ့ကျင့်ဝတ်ဆိုင်ရာပြဿနာကို ဖြစ်ပေါ်စေသည်။

လူနာတစ်ဦး သိက္ခာရှိရှိသေဆုံးနိုင်ဖို့အတွက် အနိုင်အထက်ဆေးကုသခြင်းကို တစ်ခါတစ်ရံစွန့်လွှတ်သင့်သလော။ လူနာအတွက် အကောင်းဆုံးဖြစ်မည်ဟု ဆရာဝန်တစ်ဦးယူမှတ်ခဲ့လျှင် လူနာ၏ဆုံးဖြတ်ချက်ကို သူက လွှမ်းမိုးပယ်ဖျက်သင့်သလော။ ကုန်ကျစရိတ်များသောကုသမှုကို လူတိုင်းမတတ်နိုင်သောအခါ ကျန်းမာရေးစောင့်ရှောက်မှုကို မည်သည့်နည်းဖြင့် သာတူညီမျှဖြစ်အောင် လုပ်ဆောင်ပေးသင့်သနည်း။ ဤအကျပ်ရိုက်စေသော မေးခွန်းများသည် ဆရာဝန်များအတွက် လေးနက်စွာစဉ်းစားစရာဖြစ်သည်။

ထိုကဲ့သို့သော ရှုပ်ထွေးသည့်ပြဿနာများကြောင့် ဆေးပညာဆိုင်ရာကျင့်ဝတ်ဟုခေါ်သော ဆေးဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ပေါ်ပေါက်လာသည်။ ယင်း၏အထူးရည်ရွယ်ချက်မှာ ဇီဝဗေဒဆိုင်ရာသုတေသနနှင့် ဆေးဘက်ဆိုင်ရာတိုးတက်မှုများတွင် လူ့ကျင့်ဝတ်နှင့်သက်ဆိုင်သောအချက်များကို ဆရာဝန်များနှင့် သိပ္ပံပညာရှင်များက ကိုင်တွယ်ရာတွင် အကူအညီရရှိဖို့ဖြစ်သည်။ ဆေးရုံများတွင် အခက်ခဲဆုံးသောဆုံးဖြတ်စရာများ အများဆုံးပေါ်ပေါက်လေ့ရှိရာ ဆေးရုံများစွာတို့သည် ဆေးဘက်ဆိုင်ရာကျင့်ဝတ်ကော်မတီကို ဖွဲ့စည်းထားလေ့ရှိသည်။ အများအားဖြင့် ကော်မတီအဖွဲ့ဝင်များတွင်—ဆရာဝန်များနှင့်ရှေ့နေများပါဝင်၍—ဆေးပညာရှိ အကျင့်တရားဆိုင်ရာပြဿနာများ ခွဲခြမ်းစိတ်ဖြာလေ့လာသည့် ဆေးပညာဆိုင်ရာကျင့်ဝတ်နှီးနှောဖလှယ်ပွဲများကို တက်ရောက်ကြသည်။

ယင်းသို့သော နှီးနှောဖလှယ်ပွဲများတွင် မကြာခဏပေါ်ပေါက်လေ့ရှိသော အချို့မေးခွန်းများကား– အဓိကအားဖြင့်ဘာသာရေးအကြောင်းရင်းကြောင့် သွေးသွင်းခြင်းကိုငြင်းဆိုကြသည့် ယေဟောဝါသက်သေများ၏ယုံကြည်ချက်ကို အဘယ်အတိုင်းအတာအထိ လေးစားရမည်နည်း။ အကယ်၍ဆေးပညာအရ “သင့်လျော်” ဟန်ရှိက ဆရာဝန်တစ်ဦးသည် လူနာ၏ဆန္ဒနှင့်ဆန့်ကျင်လျက် သွေးသွင်းသင့်သလော။ ‘လူနာမသိလျှင် သူ့ကိုမထိခိုက်’ ဘိသကဲ့သို့ လူနာမသိဘဲပြုလုပ်လိုက်ခြင်းသည် လူကျင့်ဝတ်နှင့်ညီပါသလော။

ယင်းကဲ့သို့သော အကြောင်းများကို သင့်လျော်စွာဖြေရှင်းရန် သက်သေခံများ၏ရှုထောင့်ကို ဆရာဝန်များသည် ဓမ္မဓိဋ္ဌာန်ကျကျ သိနားလည်ပေးဖို့လိုပါသည်။ ယေဟောဝါသက်သေများကလည်း သူတို့၏ရပ်တည်မှုကို ဆရာဝန်များအား ရှင်းပြရန်စိတ်အားထက်သန်ကြပြီး အပြန်အလှန်နားလည်မှုရှိခြင်းက ထိပ်တိုက်တွေ့ခြင်းကိုရှောင်ရှားနိုင်စေကြောင်း သဘောပေါက်ထားကြသည်။

နှီးနှောဖလှယ်ပွဲတစ်ခု

စပိန်နိုင်ငံတွင် ဆေးပညာဆိုင်ရာကျင့်ဝတ်၌ ထင်ရှားသောအာဏာပိုင်တစ်ဦးဖြစ်သည့် ပါမောက္ခ ဒယေဂို ဂရာစယာက မိမိ၏သင်တန်းတွင် ယင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုကြရန်အလိုရှိသည်။ “ခင်ဗျားတို့ [ယေဟောဝါသက်သေများ] က သွေးသွင်းခြင်းနဲ့ပတ်သက်တဲ့ အခက်အခဲအမျိုးမျိုးကြုံရကြတဲ့အတွက် . . . ခင်ဗျားတို့ရဲ့အရေးကိစ္စတွေကိုဖော်ပြဖို့ အခွင့်အရေးပေးတာဟာ သင့်လျော်တယ်” ဟုပါမောက္ခကပြောခဲ့သည်။

ထို့ကြောင့် ၁၉၉၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ယေဟောဝါသက်သေများကို ကိုယ်စားပြုသူသုံးဦးအား သူတို့၏ရှုထောင့်ကိုရှင်းပြဖို့ စပိန်နိုင်ငံ၊မဒရစ်မြို့ရှိ ကွမ်ပလူတန်းစဲ တက္ကသိုလ်သို့ ဖိတ်ခေါ်လိုက်လေသည်။ ဆရာဝန် ၄၀ ခန့်နှင့် အခြားပညာရှင်များ တက်ရောက်ကြသည်။

သက်သေခံတို့၏ တိုတောင်းသောတင်ပြချက်ပြီးနောက် မေးခွန်းများကိုဖိတ်ခေါ်သည့် အစီအစဉ်ပြုလုပ်သည်။ အားလုံးက အရွယ်ရောက်လူနာတစ်ဦးသည် ဆေးကုသမှုတစ်စုံတစ်ရာအတွက် ငြင်းပယ်နိုင်ခွင့်ရှိသင့်သည်ဟု သဘောတူညီကြသည်။ လူနာ၏သဘောတူခွင့်ပြုချက်မရဘဲ သွေးသွင်းခြင်းကို ဘယ်တော့မျှမပြုလုပ်သင့်ဟုလည်း သင်တန်းသားများကလက်ခံကြသည်။ သို့တိုင် သက်သေခံများ၏ရပ်တည်မှု ကဏ္ဍအချို့သည် သူတို့ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါသည်။

ငွေကြေးနှင့်ပတ်သက်၍ မေးခွန်းတစ်ခုပေါ်ပေါက်လာသည်။ တစ်ခါတစ်ရံ သွေးမဲ့ခွဲစိတ်ခြင်းသည် လေဆာဖြင့်ခွဲစိတ်ကုသခြင်းမျိုးအပြင် သွေးနီဥထုတ်လုပ်ရန် လှုံ့ဆော်ပေးသည့် အီရီသရယ်ပွိုင်အက်တင်ကဲ့သို့သော ဈေးကြီးလှသည့်ဆေးဝါးများ အစရှိသည့် အထူးပစ္စည်းကိရိယာများကို အသုံးပြုရသည်။ အကယ်၍ သာ၍အကုန်အကျသက်သာသည့် (အုပ်စုတူသွေး) သွေးသွင်းခြင်းကိုငြင်းပယ်ခဲ့လျှင် သက်သေခံတို့သည် ပြည်သူ့ကျန်းမာရေးဌာနကပေးသော အထူးအခွင့်အရေးများကို မျှော်လင့်ပါသလောဟု ဆရာဝန်တစ်ဦးကသိလိုသည်။

ကိုယ်စားလှယ်သက်သေခံတစ်ဦးက ငွေကြေးသည် ဆရာဝန်များထည့်စဉ်းစားရန် လိုအပ်သောအချက်တစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုကာတစ်ချိန်တည်းတွင် အုပ်စုတူသွေးသွင်းခြင်း၏ ကြိုမမြင်နိုင်သော ထိခိုက်နစ်နာစေမှုများအကြောင်း ပိုင်းခြားစိတ်ဖြာလေ့လာတွေ့ရှိချက်များကို ကိုးကားဖော်ပြသည်။ ယင်းတို့တွင် သွေးသွင်းခြင်းနှင့်ဆက်နွှယ်သော ဆင့်ပွားရောဂါများနှင့် ယင်းတို့ကြောင့် ဝင်ငွေထိခိုက်ခြင်းတို့ပါဝင်သည်။ အမေရိကန်ပြည်ထောင်စုမှ အကျယ်တဝင့်လေ့လာချက်အရ စံအတိုင်းအတာရှိသွေးသည် မူလတန်ဖိုးဒေါ်လာ ၂၅၀ ဖြစ်သည်ဟုဖော်ပြထားသော်လည်း အမှန်တကယ်အားဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည် မူလတန်ဖိုးထက် ငါးဆကျော်လွန်ကာဒေါ်လာ ၁,၃၀၀ ဖြစ်ကြောင်း သူကကိုးကားဖော်ပြသည်။ ထိုကြောင့် အချက်အလက်အားလုံးကို ထည့်တွက်မည်ဆိုလျှင် သွေးမဲ့ခွဲစိတ်ကုသခြင်းသည် ကုန်ကျစရိတ်သက်သာသည်ဟု သူကဖော်ပြသည်။ ထို့အပြင် သွေးမဲ့ခွဲစိတ်ကုသခြင်းအတွက် အပိုကုန်ကျစရိတ်ဟုခေါ်သောအရာများသည် တကယ်ဆိုလျှင် ပြန်၍အသုံးပြုနိုင်သောအရာများပင်ဖြစ်သည်။

ဆရာဝန်တော်တော်များများ၏ စိတ်တွင်ရှိသောနောက်ထပ်မေးခွန်းမှာ အုပ်စု၏ဖိအားပေးမှုနှင့်ပတ်သက်၍ဖြစ်သည်။ သူတို့သိလိုကြသည်မှာ၊ အကယ်၍ သက်သေခံတစ်ဦးသည် သဘောထားယိမ်းယိုင်ကာ သွေးသွင်းခြင်းကိုလက်ခံလိုက်လျှင် မည်သို့ဖြစ်မည်နည်း။ သက်သေခံအသိုင်းအဝိုင်းမှ သူကိုဝိုင်းပယ်ကြမည်လော။

ဘုရားသခင့်ဥပဒေကို မနာခံခြင်းသည်အလွန်အရေးကြီးပြီး အသင်းတော်ရှိအကြီးအကဲများက စုံစမ်းစစ်ဆေးမှုပြုရမည့် အကြောင်းကိစ္စဖြစ်သောကြောင့် တုံ့ပြန်မှုသည် အခြေအနေမှန်အပေါ် မူတည်မည်ဖြစ်သည်။ အသက်အန္တရာယ်ရှိသော ထိတ်လန့်ဖွယ်ကောင်းသည့် ခွဲစိတ်ကုသမှုခံခဲ့ရသူများနှင့် သွေးသွင်းခံခဲ့သောသူများကို သက်သေခံများက ကူညီလိုကြပေမည်။ ထိုသို့သော သက်သေခံတစ်ဦးသည် ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးနှင့်ပတ်သက်၍ အလွန်ဆိုးရွားသောခံစားချက်နှင့် စိုးရိမ်ပူပန်မှုရှိမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသူတစ်ဦးအနေနှင့် အကူအညီနှင့် နားလည်မှုလိုကောင်းလိုပေမည်။ ခရစ်ယာန်ဘာသာ၏အခြေခံမှာ မေတ္တာဖြစ်သောကြောင့် အကြီးအကဲများသည် တရားရေးရာကိစ္စအားလုံးတွင် တည်ကြည်ခိုင်မာမှုကို ကရုဏာဖြင့်လျှော့ပေါ့လိုကြပေမည်။—မဿဲ ၉:၁၂၊ ၁၃; ယောဟန် ၇:၂၄။

“ခင်ဗျားတို့ရဲ့ လူ့ကျင့်ဝတ်ဆိုင်ရာရပ်တည်မှုကို ပြန်မသတ်မှတ်တော့ဘူးလား” ဟူ၍အမေရိကန်ပြည်ထောင်စုမှ အလည်ရောက်ရှိနေသော ဆေးပညာဆိုင်ရာကျင့်ဝတ်အဖွဲ့ရှိ ပါမောက္ခတစ်ဦးကမေးမြန်းသည်။ “မကြာသေးမီနှစ်များမှာ တခြားဘာသာတွေက အဲဒါကိုပြုလုပ်ကြတယ်” ဟုသူကဆိုသည်။

သွေး၏မြင့်မြတ်မှုကို လေးမြတ်ကြသော သက်သေခံများ၏ရပ်တည်မှုသည် ရံဖန်ရံခါပြောင်းလဲနိုင်သည့် ဆေးပညာဆိုင်ရာကျင့်ဝတ်၏ရှုထောင့်မဟုတ်ဘဲ အယူဝါဒဆိုင်ရာ ယုံကြည်ချက်ဖြစ်သည်ဟု သူအဖြေရသည်။ သမ္မာကျမ်းစာဆိုင်ရာ ရှင်းလင်းသည့်မိန့်မှာချက်အရ လုံးဝကိုအလျော့ပေးလိုက်လျော၍မရပါ။ (တမန်တော် ၁၅:၂၈၊ ၂၉) ဤသို့မြင့်မြတ်သောဥပဒေကို ချိုးဖောက်ခြင်းသည် ရုပ်ပုံကိုးကွယ်ခြင်းနှင့်မတရားမေထုန်ပြုခြင်းကို ခွင့်ပြုခြင်းကဲ့သို့ပင် သက်သေခံတစ်ဦးအတွက် လက်မခံနိုင်ဖွယ်ရာဖြစ်ပေမည်။

မိမိတို့၏ ကျမ်းစာယုံကြည်ချက်များနှင့်ညီသည့် အစားထိုးကုသမှုကို ရှာဖွေပေးကာ သူတို့၏ဆုံးဖြတ်ချက်များကို စာနာပေးသော—မဒရစ်မြို့ရှိ ဆေးပညာဆိုင်ရာကျင့်ဝတ် နှီးနှောဖလှယ်ပွဲမှ သူများကဲ့သို့သော—ဆရာဝန်များ၏ စိတ်စေတနာကို ယေဟောဝါသက်သေများက အလွန်လေးမြတ်ကြပါသည်။ ဆရာဝန်နှင့်လူနာကြားဆက်ဆံရေး ကောင်းမွန်စေရာတွင်လည်းကောင်း၊ လူနာ၏ဆန္ဒအား အလွန်လေးမြတ်မှုကို တိုးမြှင့်ပေးရာတွင်လည်းကောင်း ဆေးဘက်ဆိုင်ရာကျင့်ဝတ်အဖွဲ့သည် အရေးကြီးသောကဏ္ဍမှပါဝင်မည်ကို သံသယဖြစ်စရာလုံးဝမလိုချေ။

စပိန်လူမျိုး နာမည်ကြီးဆရာဝန်တစ်ဦးပြောသကဲ့သို့ပင် ဆရာဝန်များအမြဲသတိပြုရမည်မှာ သူတို့သည် “အားနည်းချက်မကင်းသောကိရိယာများနှင့် အမှားမကင်းသောနည်းနာများဖြင့် လုပ်ဆောင်နေကြခြင်း” ဖြစ်သည်။ ထို့ကြောင့်သူတို့သည် “အသိပညာလက်လှမ်းမမီသောအခါတိုင်း မေတ္တာပြသင့်သည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ