“ထိုသခင်ကို သင်တို့သည်မမြင်ဖူးသော်လည်း ချစ်ကြ၏”
“ထိုသခင်ကို သင်တို့သည်မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့်စပ်ဆိုင်သော၊ ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်။”—၁ ပေတရု ၁:၈။
၁။ ယနေ့ကမ္ဘာပေါ်ရှိမည်သူမျှ ယေရှုကို မမြင်ဖူးကြသော်လည်း အချို့ဘာသာရေးသမားများသည် ကိုယ်တော်ကိုဆည်းကပ်ထားကြောင်း မည်သို့ကြိုးစားတင်ပြကြသနည်း။
ယနေ့ ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားနေသူမည်သူမျှ ယေရှုခရစ်ကို မမြင်ဖူးကြပါ။ သို့ဖြစ်သည့်တိုင် သန်းနှင့်ချီသောလူတို့သည် ကိုယ်တော်ကိုချစ်ကြောင်း ဝန်ခံကြသည်။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ နှစ်စဉ် ဇန်နဝါရီ ၉ ရက်နေ့တွင် နိုင်ငံတွင်း အများကြိုက်ဘာသာတရားကို အကြီးကျယ် အခမ်းနားဆုံးပြသမှုအဖြစ် ကားတိုင်တစ်ခုကိုထမ်းနေသည့် ပကတိလူအရွယ်ရှိ ယေရှုခရစ်၏ရုပ်ပုံကို လမ်းများတစ်လျှောက်သယ်သွားကြသည်။ စိတ်လှုပ်ရှားနေသောလူထုမှာ တိုးကြကြိတ်ကြနှင့်; လူများသည် တစ်ယောက်အပေါ်တစ်ယောက်တက်ကာ ထိုရုပ်ပုံကို တို့ထိနိုင်ဖို့ မရမကကြိုးစားကြသည်။ ယင်းကို ဆင်နွှဲဖို့ရောက်လာကြသူများစွာသည် အဓိကအားဖြင့် ပွဲတော်၏စီတန်းလှည့်လည်မှုအခမ်းအနားကြောင့် ဆွဲဆောင်ခံရကြသည်။ သို့သော်၊ သူတို့ထဲမှ အချို့သူတို့သည် အရိုးခံစိတ်ထားဖြင့် ယေရှုထံသို့ဆွဲဆောင်ခံရခြင်းဖြစ်သည်မှာ သေချာသည်။ ဤသို့ဖြစ်ကြောင်းသာဓကအနေနှင့် သူတို့သည် ကားတိုင်ပေါ်မှခရစ်တော်ပုံကို ဝတ်ဆင်မည် သို့မဟုတ် ချာ့ချ်သို့မှန်မှန်သွားပေမည်။ သို့သော် ဤကဲ့သို့သောအရုပ်ကိုးကွယ်မှုကို စစ်မှန်သောဝတ်ပြုမှုအဖြစ် ယူမှတ်နိုင်ပါသလော။
၂၊ ၃။ (က) ယေရှုကို အမှန်တကယ် တွေ့ခဲ့ကြသည့် ကိုယ်တော့်စကားကို ကြားနာခဲ့ကြသည့် နောက်တော်လိုက်များထဲတွင် မည်သူများပါဝင်သနည်း။ (ခ) ပထမရာစုရှိ အခြားမည်သူတို့သည် ယေရှုကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှမမြင်ဖူးကြသော်လည်း ကိုယ်တော်ကိုချစ်ပြီး ယုံကြည်ခဲ့ကြသနည်း။
၂ ပထမရာစု၌ ယုဒ၊ ရှမာရိ၊ ပေရိယနှင့် ဂါလိလဲနယ်ရှိ ရောမခရိုင်များတွင် ယေရှုခရစ်ကို ကိုယ်တိုင်ကိုယ်ကျ ဒိဋ္ဌ တွေ့ မြင်၊ ကြားနာခဲ့ရသူ ထောင်ပေါင်းများစွာရှိခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သော နှလုံးနွေးထွေးဖွယ် သမ္မာတရားများအကြောင်း ကိုယ်တော်ရှင်းပြသောအခါ သူတို့နားထောင်ခဲ့ကြသည်။ သူတို့သည် ကိုယ်တော်ပြသခဲ့သည့် အံ့ဖွယ်အမှုများအတွက် မျက်မြင်သက်သေဖြစ်ကြသည်။ သူတို့ထဲမှအချို့သည် ကိုယ်တော်၏သစ္စာရှိတပည့်တော်များဖြစ်လာကြပြီး ကိုယ်တော်သည် “ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်” ကြောင်း ယုံကြည်စိတ်ချကြသည်။ (မဿဲ ၁၆:၁၆) သို့သော် ဤသူများထဲတွင် တမန်တော်ပေတရု၏မှုတ်သွင်းခံပထမစာစောင်ကို ရေးသားပေးပို့ခံရသူများ မပါပါ။
၃ ပေတရုလိပ်မူပေးပို့လိုက်သောသူများသည် ယနေ့အချိန်၌ တူရကီနိုင်ငံနယ်ထဲတွင်ရှိသည့် ပုန္တု၊ ဂလာတိ၊ ကပ္ပဒေါကိ၊ အာရှနှင့် ဗိသုန်ခေါ် ရောမခရိုင်များတွင် နေထိုင်ကြသည်။ ပေတရုက “ထိုသခင်ကို သင်တို့သည်မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့်စပ်ဆိုင်သော၊ ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်” ဟုသူတို့ထံရေးသားလိုက်သည်။ (၁ ပေတရု ၁:၁၊ ၈) သူတို့သည် ယေရှုခရစ်ကိုချစ်ပြီး ယုံကြည်ကြောင်းတင်ပြသည့်အဆင့်ထိရောက်ရန် ကိုယ်တော်အကြောင်း မည်သို့မည်ပုံသိလာကြသနည်း။
၄၊ ၅။ ယေရှုကို တစ်ခါမျှမမြင်ဖူးကြသော ဤသူတို့သည် ကိုယ်တော်ကို ချစ်ပြီးယုံကြည်သည်အထိ မည်သို့ကောင်းစွာ သိရှိခဲ့ကြသနည်း။
၄ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ တက်ရောက်လာသည့်လူအုပ်ကို တမန်တော်ပေတရု သက်သေခံခဲ့ချိန်က အချို့သူများသည် ယေရုရှလင်တွင် ရှိခဲ့ကြကြောင်းထင်ရှားသည်။ ပွဲတော်ပြီးနောက်တွင် တပည့်တော်များစွာသည် တမန်တော်များထံမှ ထပ်ဆင့်ညွှန်ကြားချက်များရရှိရန်အလို့ငှာ ယေရုရှလင်တွင် နေခဲ့ကြသည်။ (တမန်တော် ၂:၉၊ ၄၁၊ ၄၂; ၁ ပေတရု ၁:၁ နှိုင်းယှဉ်။) တမန်တော်ပေါလုသည် နောက်ထပ်သာသနာပြုခရီးစဉ်များ လှည့်လည်သောအခါ နောက်ပိုင်း၌ တမန်တော်ပေတရုက မိမိအမည်တပ်ထားသည့် ကျမ်းဝင်ပထမစာစောင်ကို ပေးပို့ခံရသူများအလယ်တွင်လည်း ဇွဲနပဲဖြင့် ဓမ္မအမှုဆောင်ခဲ့သည်။—တမန်တော် ၁၈:၂၃; ၁၉:၁၀; ဂလာတိ ၁:၁၊ ၂။
၅ ယေရှုကို တစ်ခါမျှမမြင်ဖူးကြသော ထိုသူများသည် ကိုယ်တော်ထံသို့ အဘယ်ကြောင့် ဤမျှအားကောင်းကောင်းဖြင့် ဆွဲဆောင်ခံရကြသနည်း။ကျွန်ုပ်တို့အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီ၍ ပိုများသည့်သူများသည် ကိုယ်တော်ကိုအဘယ်ကြောင့် နှစ်နှစ်ကာကာချစ်ကြပါသနည်း။
သူတို့ကြားခဲ့ရသည့်အရာများ
၆။ (က) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေရှုအကြောင်း ပေတရုသက်သေခံခဲ့သည်ကို သင်ကြားခဲ့လျှင် မည်သည့်အရာကို သင်သိရှိနိုင်မည်နည်း။ (ခ) ယင်းသည် ရောက်ရှိနေသူ ၃,၀၀၀ ခန့်ကို မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။
၆ စီ.အီး. ၃၃ ခုနှစ်တွင် ပွဲတော်လာလူအုပ်ကို ပေတရုဟောပြောချိန်၌ သင်သည် ယေရုရှလင်မြို့တွင် ရှိခဲ့ပါမူ ယေရှုနှင့်ပတ်သက်ပြီး အဘယ်အရာကို သင်သိရမည်နည်း။ ကိုယ်တော်ပြခဲ့သည့် အံ့ဖွယ်အမှုများက ကိုယ်တော်သည် ဘုရားသခင်စေလွှတ်လိုက်သူဖြစ်ကြောင်း ဖော်ပြမည်မှာ သေချာသည်။ အပြစ်ရှိလူသားများက ယေရှုကိုသတ်ခဲ့ကြသော်လည်း ကိုယ်တော်သည် သင်္ချိုင်းတွင် မရှိတော့ဘဲ ထမြောက်ခံရပြီးနောက် ကောင်းကင်ဘုံရှိ ဘုရားသခင်၏လက်ယာဘက်တွင် ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရှိပေမည်။ ထိုယေရှုသည်သာ ပရောဖက်များရေးသားဖော်ပြခဲ့သည့် ခရစ်တော်တည်းဟူသော မေရှိယအမှန်ဖြစ်ကြောင်း သိရှိပေမည်။ ဘုရားသခင်သည် မိမိသားတော်အားဖြင့် လုပ်ဆောင်တော်မူမည့် ခမ်းနားထည်ဝါသည့်အရာများနှင့်ပတ်သက်ပြီး လူမျိုးများစွာမှ လူများကို ချက်ချင်းသက်သေခံနိုင်ရန် ယေရှုခရစ်၏နောက်တော်လိုက်များအပေါ်သို့ ကိုယ်တော်မှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းပေးတော်မူခဲ့ကြောင်း သိရှိရပေမည်။ ဤအခါသမယတွင် ပေတရုစကားကို ကြားနာရသည့် များစွာသောသူတို့နှလုံးများလှုံ့ဆော်ခံရကာ လူ ၃,၀၀၀ ခန့်သည် ခရစ်ယာန်တပည့်တော်များအဖြစ် နှစ်ခြင်းခံခဲ့ကြသည်။ (တမန်တော် ၂:၁၄-၄၂) သင်သည် ဤတွင်ရှိနေခဲ့မည်ဆိုလျှင် အလားတူပြတ်သားသောလုပ်ဆောင်မှု ပြုခဲ့မည်လော။
၇။ (က) အန္တိအုတ်မြို့တွင် တမန်တော်ပေါလု ဟောပြောချိန်၌ သင်ရှိနေခဲ့လျှင် မည်သည့်အရာကို သင်သိရှိနိုင်ဖွယ်ရှိသနည်း။ (ခ) လူအုပ်ထဲမှ အချို့သူများသည် အဘယ်ကြောင့်ယုံကြည်သူများဖြစ်လာကာ အခြားသူများကို သတင်းကောင်းဝေမျှခဲ့ကြသနည်း။
၇ ရောမခရိုင် ဂလာတိဒေသရှိ အန္တိအုတ်မြို့တွင် တမန်တော်ပေါလု သွန်သင်ပို့ချခဲ့စဉ်က ရောက်ရှိနေသူများထဲတွင် သင်ရှိနေလျှင် ယေရှုအကြောင်း အခြားမည်သည့်အရာကို သင်သိရှိခဲ့ရဖွယ်ရှိမည်နည်း။ ယေရှုသည် ယေရုရှလင်မြို့ရှိ အုပ်စိုးသူတို့လက်ချက်ဖြင့် သေဒဏ်ချမှတ်ခံရခြင်းကို ပရောဖက်တို့တင်ကူးပြောဆိုခဲ့ကြောင်း ပေါလုရှင်းပြသည်ကို သင်ကြားနာခဲ့ရပေမည်။ ယေရှုထမြောက်ခြင်း၏ မျက်မြင်သက်သေအထောက်အထားနှင့်ပတ်သက်၍လည်း သင်ကြားခဲ့ရပေမည်။ ယေရှုကို သေရာမှ ထမြောက်ပေးခြင်းအားဖြင့် ကိုယ်တော်သည် ဘုရားသခင်၏သားတော်အမှန်ဖြစ်သည်ကို ယေဟောဝါရှင် အတည်ပြုတော်မူခဲ့ကြောင်း ပေါလု၏ရှင်းပြချက်ကို သင်စွဲမှတ်သွားမည်မှာ မလွဲပေ။ ယေရှုကို ယုံကြည်ခြင်းဖြင့် အပြစ်များမှခွင့်လွှတ်မှုရရှိလိုက်ခြင်းသည် ထာဝရအသက်ကို ရရှိစေနိုင်ကြောင်း သင်သိရှိလိုက်သည်နှင့် သင့်နှလုံးမှ လှိုက်လှဲနွေးထွေးမှုကို မခံစားရပေလော။ (တမန်တော် ၁၃:၁၆-၄၁၊ ၄၆၊ ၄၇; ရောမ ၁:၄) အန္တိအုတ်မှ အချို့သူတို့သည် သူတို့ကြားနာခဲ့ရသောအရာများ၏အရေးကြီးမှုကို အသိအမှတ်ပြုကာ တပည့်တော်များဖြစ်လာကြပြီး ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းမှုနှင့်ရင်ဆိုင်ရဖို့ အကြောင်းရှိလျက်ပင် သတင်းကောင်းကို အခြားသူများအား တက်တက်ကြွကြွဝေမျှခဲ့ကြသည်။—တမန်တော် ၁၃:၄၂၊ ၄၃၊ ၄၈-၅၂; ၁၄:၁-၇၊ ၂၁-၂၃။
၈။ ပေါလု၏စာကို လက်ခံရရှိခဲ့သည့် ဧဖက်အသင်းတော်၏ အစည်းအဝေးတွင် သင်ရှိနေခဲ့ပါမူ မည်သည့်အရာကို သင်သိရှိနိုင်မည်နည်း။
၈ တပည့်တော်များထံရေးသားသော ပေါလု၏မှုတ်သွင်းခံစာကို လက်ခံရရှိသည့် အာရှနယ် ရောမခရိုင်၊ ဧဖက်မြို့ရှိခရစ်ယာန်အသင်းတော်နှင့် သင်ပေါင်းသင်းခဲ့လျှင်ကော အသို့နည်း။ ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ထိုတွင် အဘယ်အရာကို သင်သိရှိနိုင်သနည်း။ ခရစ်တော်အားဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိအရာရှိသမျှတို့ကို ဘုရားသခင်နှင့်သဟဇာတပြန်လည်ဖြစ်စေမည်အကြောင်း၊ ခရစ်တော်မှတစ်ဆင့်ပေးသည့် ဘုရားသခင့်လက်ဆောင်သည် လူမျိုးအားလုံးရှိလူများထံသို့ ကမ်းပေးလိုက်ရာ လွန်ကျူးမှုများကြောင့် ဘုရားသခင့်အမြင်တွင် အသေဘဝရောက်နေသူများသည် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် အရှင်ဘဝပြန်ရောက်ခွင့်ရကြမည်အကြောင်း၊ ဤပြင်ဆင်ပေးမှုကြောင့် လူသားတို့သည် ဘုရားသခင်၏ ချစ်လှစွာသောသားများ တစ်ဖန်ဖြစ်လာနိုင်ကြကြောင်း ထိုစာတွင် ပေါလုရှင်းပြခဲ့သည်။—ဧဖက် ၁:၁၊ ၅-၁၀; ၂:၄၊ ၅၊ ၁၁-၁၃။
၉။ (က) ဧဖက်အသင်းတော်သားများထံ ပေါလုရေးသည့်အရာ၏အရေးကြီးမှုကို သင်ကိုယ်တိုင် သဘောပေါက်မပေါက် ပိုင်းခြားသိမြင်ရန် မည်သည့်အရာက သင့်ကို ထောက်ကူနိုင်သနည်း။ (ခ) ပေတရုဖော်ပြခဲ့သည့် ရောမခရိုင်များမှ ညီအစ်ကိုများသည် ယေရှုအကြောင်း သူတို့သင်ယူနေသည့်အရာကြောင့် မည်သို့အကျိုးရခဲ့သနည်း။
၉ ဤအရာအားလုံးအတွက် ကျေးဇူးတင်လေးမြတ်မှုသည် ဘုရားသခင့်သားတော်အပေါ်ထားသည့် သင့်မေတ္တာကို သာ၍နက်ရှိုင်းစေခဲ့ပြီလော။ ဧဖက်အခန်းကြီး ၄ မှ ၆ တစ်လျှောက်တွင် တမန်တော်ပေါလုတိုက်တွန်းအားပေးခဲ့သကဲ့သို့ ဤမေတ္တာက သင့်နေ့စဉ်အသက်တာကို လွှမ်းမိုးသွားမည်လော။ ဤသို့ကျေးဇူးတင်လေးမြတ်မှုက အသက်တာတွင် သင့်ဦးစားပေးအရာများကို ဂရုတစိုက်စိစစ်သုံးသပ်ဖို့လှုံ့ဆော်ပေးမည်လော။ ဘုရားသခင်ကို ချစ်သည့်မေတ္တာ၊ ကိုယ်တော်သားတော်ကို ကျေးဇူးတင်စိတ်တို့ကြောင့် ဘုရားသခင့်အလိုတော်အတိုင်းလုပ်ဆောင်ခြင်းသည် သင့်ဘဝ၏အဓိကအာရုံစိုက်သည့်အရာ အမှန်ဖြစ်စေရန်အလို့ငှာ သင်သည် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ပြုလိုက်မည်လော။ (ဧဖက် ၅:၁၅-၁၇) အာရှ၊ ဂလာတိနှင့် အခြားရောမခရိုင်များတွင်ရှိသော ခရစ်ယာန်များကို သူတို့သင်ယူသိရှိနေသည့်အရာများက အကျိုးပြုပုံနှင့်စပ်လျဉ်း၍ တမန်တော်ပေတရုက “ထိုသခင် [ယေရှုခရစ်] ကို သင်တို့သည်မမြင်ဖူးသော်လည်း ချစ်ကြ၏။ . . . ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့်စပ်ဆိုင်သော၊ ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်” ဟုသူတို့ထံရေးသားခဲ့သည်။—၁ ပေတရု ၁:၈။
၁၀။ (က) အစောပိုင်းခရစ်ယာန်များ ယေရှုအပေါ် မေတ္တာစိတ်ယိုဖိတ်စေရန် မည်သည့်အရာက မလွဲမသွေတွန်းအားပေးခဲ့သနည်း။ (ခ) ကျွန်ုပ်တို့ မည်သို့အကျိုးရှိနိုင်သနည်း။
၁၀ ပေတရုလိပ်မူရေးသားခဲ့သည့် အစောပိုင်းခရစ်ယာန်များ ဘုရားသခင့်သားတော်အပေါ် မလွဲမသွေ မေတ္တာစိတ် ယိုဖိတ်စေသည့် အခြားအရာတစ်ခုရှိသေးသည်။ ယင်းကားအဘယ်နည်း။ ပေတရုက မိမိ၏ပထမစာကို ရေးသားချိန်တွင် ယုတ်စွအဆုံး ခရစ်ဝင်ကျမ်းနှစ်ကျမ်း—မဿဲနှင့်လုကာ—မှာ ပျံ့နှံ့နေပြီဖြစ်သည်။ ယေရှုကို တစ်ခါမျှမမြင်ဖူးသော ပထမရာစုမှခရစ်ယာန်တို့သည် ဤခရစ်ဝင်ကျမ်းမှတ်တမ်းများကို ဖတ်ရှုနိုင်ခဲ့သည်။ ကျွန်ုပ်တို့လည်း ထိုနည်းလည်းကောင်းပင်။ ခရစ်ဝင်ကျမ်းများသည် စိတ်ကူးပေါက်ရာရေးထားသည့် မှတ်တမ်းများမဟုတ်ပါ; ယင်းမှတ်တမ်းများသည် အားအထားနိုင်ဆုံးဖြစ်သော သမိုင်းအင်္ဂါရပ်အားလုံးနှင့် ညီညွတ်သည်။ ဤမှုတ်သွင်းခံမှတ်တမ်းများတွင် ဘုရားသခင့်သားတော်အပေါ်ထားသည့် ကျွန်ုပ်၏မေတ္တာကို နက်ရှိုင်းလာစေသည့်အရာများစွာကို တွေ့ရှိရသည်။
ကိုယ်တော်ပြသခဲ့သည့်စိတ်ဓာတ်
၁၁၊ ၁၂။ အခြားလူသားများအပေါ် ယေရှုပြသသည့် အဘယ်စိတ်ဓာတ်ကြောင့် ကိုယ်တော်ကို သင်ချစ်သွားရသနည်း။
၁၁ ဤတွင်ရေးသားထားသော ယေရှု၏ဘဝမှတ်တမ်းမှ အခြားလူသားများအား ကိုယ်တော်မည်သို့မည်ပုံဆက်ဆံသည်ကို ကျွန်ုပ်တို့သိရှိရသည်။ ကိုယ်တော်ပြသခဲ့သည့် စိတ်ဓာတ်သည် ကိုယ်တော်သေဆုံးပြီးနောက် အနှစ် ၁၉၆၀ ကျော်ကြာရှိပြီဖြစ်သော ယခုအချိန်၌ပင် လူတို့၏နှလုံးကို ထိမိနေဆဲဖြစ်သည်။ သက်ရှိထင်ရှားနေသူတိုင်းသည် အပြစ်၏အကျိုးသက်ရောက်မှုများကြောင့် ဝန်လေးနေကြသည်။ သန်းပေါင်းများစွာသောသူများခမျာ တရားမမျှတမှုကို ခံနေရကြသည်၊ အဖျားအနာများနှင့်လုံးပန်းနေရရှာသည်၊ သို့မဟုတ်အခြားအကြောင်းများကြောင့် စိတ်ဖိစီးမှုခံနေရကြရှာသည်။ ဤကဲ့သို့သောသူများအတွက် ယေရှုက “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုမိန့်တော်မူ၏။—မဿဲ ၁၁:၂၈-၃၀။
၁၂ ယေရှုသည် ဆင်းရဲသားများ၊ ဆာမွတ်နေသူများနှင့် ဝမ်းနည်းနေသူများကို အကင်းပါးပါးဖြင့် ဂရုစိုက်တော်မူခဲ့သည်။ အခြေအနေက တောင်းဆိုလာသောအခါ လူအုပ်ကြီးကိုပင် အံ့ဖွယ်ကောင်းလောက်အောင် ကျွေးမွေးတော်မူခဲ့သည်။ (လုကာ ၉:၁၂-၁၇) ရိုးရာထုံးတမ်းများ၏ ကျေးကျွန်ဘဝမှ သူတို့ကို ကိုယ်တော် လွတ်မြောက်ပေးခဲ့သည်။ သားရဲနှင့် စီးပွားရေးဆိုင်ရာ ဖိစီးနှိပ်စက်မှုကို အဆုံးတိုင်စေမည့် ဘုရားသခင့်ပြင်ဆင်ပေးတော်မူချက်ကို သူတို့ယုံကြည်ဖို့လည်း ပြုစုပျိုးထောင်ပေးတော်မူခဲ့သည်။ ယေရှုသည် ဖိစီးနှိပ်စက်ခံနေရသူများ၏စိတ်ဓာတ်ကို မချေမွပစ်ခဲ့ပါ။ နူးညံ့ကြင်နာမှုနှင့် မေတ္တာအားဖြင့် နှိမ့်ချသူများကို ကျွမ်းကျင်စွာစိတ်ဓာတ်မြှင့်တင်ပေးတော်မူခဲ့သည်။ ဖိကြိတ်နင်းနယ်ခံထားရသည့် ကျူပင်များအလား၊ ငြိမ်းလုမတတ်ဖြစ်နေသော မီးခိုးထွက်နေသည့် မီးစာအလားဖြစ်နေသူများကို ကိုယ်တော် အားသစ်လောင်းပေးတော်မူခဲ့သည်။ ကိုယ်တော်၏နာမသည် ကိုယ်တော်ကို တစ်ခါမျှမမြင်ဖူးသောသူတို့၏နှလုံးများတွင်ပင် ယနေ့အချိန်အထိ မျှော်လင့်ချက်ကို ရှင်သန်နေစေသည်။—မဿဲ ၁၂:၁၅-၂၁; ၁၅:၃-၁၀။
၁၃။ အပြစ်သားများအပေါ် ယေရှုပြုမူဆက်ဆံပုံသည် လူများကို အဘယ်ကြောင့်ဆွဲဆောင်သနည်း။
၁၃ ယေရှုသည် အပြစ်ပြုခြင်းကို နှစ်သက်လက်ခံမှုမရှိစေကာမူ ဘဝတွင် အမှားများပြုသော်လည်း နောင်တယူပြီး ကိုယ်တော်ထံ အကူအညီတောင်းခံသူများအပေါ် နားလည်မှုတင်ပြတော်မူခဲ့သည်။ (လုကာ ၇:၃၆-၅၀) ဝိညာဉ်ရေးဘက် အကူအညီပေးဖို့အခွင့်အရေးဖြစ်သည်ဟု ယူဆတော်မူလျှင် ကိုယ်တော်သည် ရပ်ကွက်ထဲ၌ အထင်အမြင်သေးခံရသူတို့နှင့် အတူထိုင်ကာ ထမင်းလက်ဆုံစားမည်ဖြစ်သည်။ (မဿဲ ၉:၉-၁၃) ကိုယ်တော်ပြသခဲ့သည့်စိတ်ဓာတ်ကြောင့် ကိုယ်တော်ကို တစ်ခါမျှမမြင်ဖူးသော အလားတူအခြေအနေရှိ သန်းနှင့်ချီသောသူများသည် ကိုယ်တော်ကို သိရှိလိုစိတ်၊ ယုံကြည်လိုစိတ်ပေါ်ရန် လှုံ့ဆော်ခံခဲ့ရကြသည်။
၁၄။ ရောဂါသည်များ၊ မစွမ်းမသန်သူများ သို့မဟုတ် ကြေကွဲကျန်ရစ်သူများကို ယေရှု အကူအညီပေးပုံနှင့်ပတ်သက်၍ မည်သည့်အချက်သည် သင့်အတွက် နှစ်သက်စရာဖြစ်စေသနည်း။
၁၄ ရောဂါသည်များနှင့် မစွမ်းမသန်သူများအပေါ် ကိုယ်တော်ပြုမူဆက်ဆံပုံသည်ကိုယ်တော်၏ကြင်နာထောက်ထားမှုကိုသာမက သူတို့ကို သက်သာပျောက်ကင်းအောင်လုပ်ပေးနိုင်သည့် ကိုယ်တော်၏အစွမ်းကိုပါ အထင်အရှားတင်ပြသည်။ ထို့ကြောင့် တစ်ကိုယ်လုံးနူနာစွဲနေသည့် ဝေဒနာသည်တစ်ဦးက ကိုယ်တော်ထံချဉ်းကပ်ကာ အကူအညီတောင်းခံလှာသောအခါ ယေရှု လန့်မသွားပါ။ သူ့ကို ကိုယ်တော်သနားသော်လည်း အခြေအနေမှာ အတော်လွန်နေပြီး ဘာမျှမလုပ်နိုင်တော့ဟူ၍ ထိုသူကို ကိုယ်တော်မပြောခဲ့ပါ။ ထိုသူက “သခင်အလိုတော်ရှိလျှင် ကျွန်တော့်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟုအသနားခံလေ၏။ ယေရှုသည် မဆိုင်းမတွပင် လက်ကိုဆန့်ကာ လူနာကိုတို့ထိပြီး “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူ၏။ (မဿဲ ၈:၂၊ ၃) နောက်တစ်ကြိမ်တွင် အမျိုးသမီးတစ်ဦးသည် ကိုယ်တော်၏ဝတ်ရုံစွန်းကို မသိမသာတို့ထိကာ ရောဂါပျောက်သွားဖို့ ကြိုးစားရှာကြံခဲ့သည်။ ယေရှုသည် သူမကို ကြင်နာမှုရှိရှိ၊ အားပေးသည့်နည်းဖြင့် ပြုမူဆက်ဆံခဲ့သည်။ (လုကာ ၈:၄၃-၄၈) ဈာပနအခမ်းအနားနှင့် ကိုယ်တော်ကြုံကြိုက်သောအခါ တစ်ဦးတည်းသောသားသေသွား၍ ဝမ်းနည်းကြေကွဲနေရှာသော မုဆိုးမကို သနားစိတ်ယိုဖိတ်ခဲ့သည်။ ယေရှုသည် ကိုယ်တော်တိုင်အစားအစာရဖို့အတွက် ဘုရားသခင်ပေးသည့်အစွမ်းကို အံ့ဖွယ်နည်းဖြင့် အသုံးပြုဖို့ကို ငြင်းဆိုခဲ့သော်လည်း သေသွားသောထိုလူကို ထမြောက်ပေးပြီး သူ့မိခင်ထံပြန်အပ်ပေးဖို့အတွက်မူ ယင်းအစွမ်းကို ရက်ရက်ရောရောအသုံးပြုတော်မူခဲ့သည်။—လုကာ ၄:၂-၄; ၇:၁၁-၁၆။
၁၅။ ယေရှုနှင့်ပတ်သက်သည့်မှတ်တမ်းများကို ဖတ်ရှုကာတွေးတောဆင်ခြင်ခြင်းသည် သင့်ကို မည်သို့အကျိုးပြုသနည်း။
၁၅ ဤမှတ်တမ်းများကို ဖတ်ရှုကာ ယေရှုပြသခဲ့သည့် စိတ်ဓာတ်ကို တွေးတောဆင်ခြင်သောအခါ ကျွန်ုပ်တို့ ထာဝစဉ်အသက်ရှင်နိုင်ရန်အလို့ငှာ မိမိ၏လူသားအသက်ကို အစတေးခံခဲ့သည့် ဤပုဂ္ဂိုလ်အပေါ်ထားသည့် ကျွန်ုပ်တို့၏မေတ္တာသည် နက်ရှိုင်းလာလေသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို တစ်ခါမျှမမြင်ဖူးသော်လည်း ကိုယ်တော်ထံ ဆွဲဆောင်ခံရကာ ကိုယ်တော့်ခြေရာနင်းလိုစိတ် ပေါ်လာတော့သည်။—၁ ပေတရု ၂:၂၁။
ဘုရားသခင်အပေါ်ကိုယ်တော်၏နှိမ့်ချသောအားထားမှီခိုမှု
၁၆။ ယေရှုသည် မည်သူ့အပေါ်တွင် အဓိကအလေးထားသနည်း၊ ကျွန်ုပ်တို့ကို မည်သည့်အမှုပြုရန် အားပေးတိုက်တွန်းသနည်း။
၁၆ အရေးအကြီးဆုံးကား ယေရှုသည် မိမိအလေးထားမှုကိုကော ကျွန်ုပ်တို့၏အလေးထားမှုကိုပါ မိမိ၏ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ထံတွင် အာရုံစိုက်စေခဲ့သည်။ ပညတ်တော်တွင် အကြီးဆုံးသောပညတ်မှာ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့်ချစ်လော့” ဖြစ်ကြောင်းမိန့်တော်မူကာ ကွဲကွဲပြားပြားသိရှိစေခဲ့သည်။ (မဿဲ ၂၂:၃၆၊ ၃၇) မိမိ၏တပည့်တော်များအား “ဘုရားသခင်ကိုယုံကြည်ခြင်းရှိကြလော့” ဟုသြဝါဒပေးခဲ့သည်။ (မာကု ၁၁:၂၂) သူတို့၏ယုံကြည်ခြင်း အပြင်းအထန်စမ်းသပ်ခံရသောအခါ “ဆုတောင်းလျက်စောင့်နေကြလော့” ဟုတိုက်တွန်းတော်မူခဲ့သည်။—မဿဲ ၂၆:၄၁။
၁၇၊ ၁၈။ (က) မိမိခမည်းတော်အပေါ် နှိမ့်ချသောအားထားမှီခိုမှုကို ယေရှုမည်သို့ပြသတော်မူခဲ့သနည်း။ (ခ) ကိုယ်တော်ပြုခဲ့သည့်အရာသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်ဤမျှ အရေးကြီးရသနည်း။
၁၇ ယေရှုကိုယ်တော်တိုင် စံနမူနာပြတော်မူခဲ့သည်။ ဆုတောင်းခြင်းသည် ကိုယ်တော့်အသက်တာ၏အရေးကြီးသောကဏ္ဍဖြစ်သည်။ (မဿဲ ၁၄:၂၃; လုကာ ၉:၂၈; ၁၈:၁) ယေရှုသည် ယခင်က ကောင်းကင်တမန်အားလုံးကို ကြီးကြပ်ကွပ်ကဲခဲ့ရသော်လည်း မိမိ၏တမန်တော်များကို ရွေးချယ်ရမည့်အချိန်ရောက်လာသောအခါမူ မိမိ၏ဆုံးဖြတ်ချက်ပေါ်တွင် လုံးလုံးအားမထားခဲ့ပါ။ နှိမ့်ချစွာဖြင့် မိမိ၏ခမည်းတော်ထံ တစ်ညလုံးအချိန်ယူဆုတောင်းခဲ့သည်။ (လုကာ ၆:၁၂၊ ၁၃) အဖမ်းခံရကာ မရှုမလှသေဆုံးရမည့်အရေးနှင့် ရင်ဆိုင်ရသောအခါ ယေရှုသည် မိမိခမည်းတော်ကို အားထားကာ စိတ်ပါလက်ပါဆုတောင်းခဲ့သည်။ မိမိသည် စာတန်ကို အတွင်းသိအစဉ်းသိဖြစ်ပြီး ဤဆိုးသွမ်းသူ၏ လှည့်ဖြားမှုမှန်သမျှကို အလွယ်တကူကျော်လွှားနိုင်သည်ဟူ၍ သဘောမထားခဲ့ပါ။ မရှုံးနိမ့်သွားဖို့ မည်မျှအရေးကြီးကြောင်း ယေရှုသိတော်မူသည်။ ရှုံးနိမ့်မှုသည် မိမိ၏ခမည်းတော် အကြီးအကျယ်လက်ညှိုးထိုးခံရစရာဖြစ်မည်တည်း! ယေရှုပူဇော်သည့် ယဇ်သကာပေါ်တွင် အသက်ရရေးမူတည်နေသည့် လူသားများအတွက် အကြီးအကျယ်ဆုံးရှုံးမှုကြီးပင်တည်း!
၁၈ ယေရှုသည် ယေရုရှလင်မြို့ရှိ အထက်ခန်းတွင် မိမိ၏တမန်တော်များနှင့်ရှိနေစဉ်အခါ အကြိမ်ကြိမ်ဆုတောင်းခဲ့ပြီး ဂေသရှေမန်ဥယျာဉ်တွင် သာ၍ပင် အားတက်သရော ဆုတောင်းခဲ့သည်။ (မဿဲ ၂၆:၃၆-၄၄; ယောဟန် ၁၇:၁-၂၆; ဟေဗြဲ ၅:၇) ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် နာကျင်မှုဝေဒနာခံရသောအခါ မိမိအား ကဲ့ရဲ့ပြစ်တင်သူများကို ပြန်မနှက်ခဲ့ပါ။ ယင်းအစား မသိ၍ပြုနေသူများအတွက် ဤသို့ဆုတောင်းပေးတော်မူခဲ့သည်– “အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသောအမှုကို မသိကြ။” (လုကာ ၂၃:၃၄) ကိုယ်တော်သည် မိမိ၏ခမည်းတော်ထံ မပြတ်အာရုံပြုကာ “တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏။” ညှဉ်းဆဲခံရာနှက်တိုင်ပေါ်တွင် မြွက်ကြားသော ကိုယ်တော်၏နောက်ဆုံးစကားမှာ မိမိခမည်းတော်ထံ ဆုတောင်းချက်တစ်ခုဖြစ်သည်။(၁ ပေတရု ၂:၂၃; လုကာ ၂၃:၄၆) ယေရှုသည် ယေဟောဝါကို အပြည့်အဝအားထားမှီခိုကာ မိမိထံတွင် ခမည်းတော်အပ်နှင်းထားသည့် တာဝန်ကို သစ္စာရှိရှိကျေပွန်ခဲ့သည့်အတွက် ကျွန်ုပ်တို့အလွန်ကျေးဇူးတင်စရာပင်! ယေရှုခရစ်ကို တစ်ခါမျှကျွန်ုပ်တို့ မမြင်ဖူးသော်လည်း ကိုယ်တော်ပြုတော်မူခဲ့သည့်အရာကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ကို နှစ်နှစ်ကာကာ ချစ်လာကြသည်တကား!
ကိုယ်တော်ကို ကျွန်ုပ်တို့ချစ်ကြောင်းတင်ပြခြင်း
၁၉။ ယေရှုကို ချစ်ကြောင်းတင်ပြရာတွင် မည်သည့်ထုံးစံများကို လုံးဝမသင့်တော်သောအရာအနေနှင့် ကျွန်ုပ်တို့ရှောင်ရှားမည်နည်း။
၁၉ ချစ်ပါသည်ဟု ကျွန်ုပ်တို့ဝန်ခံခြင်းသည် အပြောထက်မကကြောင်း မည်သို့အထောက်အထားပြနိုင်ပါသနည်း။ ယေရှုချစ်သော ကိုယ်တော်၏ခမည်းတော်သည် အရုပ်များလုပ်ကာ ယင်းတို့ကို ဆက်ကပ်မှုပစ္စည်းများအဖြစ်သဘောထားခြင်းကို မြစ်တားထားရာ အဆိုပါအရုပ်ကို ဆွဲကြိုးတွင်တပ်ကာ လည်တွင်ဆွဲခြင်း၊ ယင်းကို လမ်းများတစ်လျှောက် သယ်သွားခြင်းနည်းများအားဖြင့် ယေရှုကို ဂုဏ်တင်လိုကြမည်မဟုတ်သည်မှာ သေချာပါသည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅; ယောဟန် ၄:၂၄) သီတင်းပတ်၏ကျန်ရက်များတွင် ယေရှု၏သွန်သင်ချက်များနှင့်အညီ မနေထိုင်လျှင် ဘာသာရေးဝတ်ပြုပွဲများကို တစ်ပတ်အတွင်း အကြိမ်ကြိမ်ပင်တက်စေဦးတော့ ယေရှုကို ဂုဏ်တင်ရာကျမည်မဟုတ်ပါ။ ယေရှုက “ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည်ချစ်တော်မူမည်” ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၁၄:၂၁၊ ၂၃; ၁၅:၁၀။
၂၀။ ကျွန်ုပ်တို့သည် ယေရှုကို ဧကန်ချစ်မချစ်တင်ပြမည့်အရာတချို့ကား အဘယ်နည်း။
၂၀ အဘယ်ပညတ်များကို ကိုယ်တော်ကျွန်ုပ်တို့အား ပေးထားသနည်း။ အရေးကြီးဆုံးကား ဘုရားမှန်ဖြစ်တော်မူသော ယေဟောဝါတစ်ပါးတည်းကိုသာ ဝတ်ပြုရန်ဖြစ်သည်။ (မဿဲ ၄:၁၀; ယောဟန် ၁၇:၃) ဘုရားသခင့်ရည်ရွယ်ချက်ဆိုင်ရာ မိမိ၏အခန်းကဏ္ဍကြောင့် ယေရှုက ကျွန်ုပ်တို့သည် ကိုယ်တော်ကို ဘုရားသခင့်သားတော်အဖြစ်ယုံကြည်ကြောင်း တင်ပြရမည်၊ ဆိုးညစ်သောလုပ်ရပ်များကို ရှောင်ခြင်း၊ အလင်းတွင် လျှောက်လှမ်းခြင်းအားဖြင့် ယင်းသို့ယုံကြည်ကြောင်း တင်ပြရမည်ဟုလည်း သွန်သင်တော်မူခဲ့သည်။ (ယောဟန် ၃:၁၆-၂၁) ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော့်ဖြောင့်မတ်ခြင်းကို ရှေးဦးရှာကာ ယင်းတို့ကို ကာယရေးလိုအပ်ချက်နှင့်ပတ်သက်သည့် ကိစ္စများထက် ဦးစားပေးဖို့ ကျွန်ုပ်တို့ကို ကိုယ်တော်သွန်သင်တော်မူခဲ့သည်။ (မဿဲ ၆:၃၁-၃၃) ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသကဲ့သို့ ကျွန်ုပ်တို့အချင်းချင်း ချစ်ကြဖို့ ပညတ်ထားသည်။ (ယောဟန် ၁၃:၃၄; ၁ ပေတရု ၁:၂၂) ကိုယ်တော်ကဲ့သို့ပင် ဘုရားသခင်ရည်ရွယ်ချက်အကြောင်းကို သက်သေခံရမည်ဟု ကျွန်ုပ်တို့အား ပညတ်ထားခဲ့သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ဗျာဒိတ် ၃:၁၄) ယနေ့အချိန်ရှိ ငါးသန်းခန့်ရှိသောယေဟောဝါသက်သေတို့သည် ယေရှုကို တစ်ခါမျှမမြင်ဖူးကြသော်လည်း ကိုယ်တော်ကိုချစ်သည့် မေတ္တာစစ်က အဆိုပါပညတ်များကို စောင့်ရှောက်ရန် သူတို့ကို လှုံ့ဆော်သည်။ ယေရှုကို ကိုယ်တိုင်ကိုယ်ကျမမြင်ရခြင်းကြောင့် နာခံမည်ဟူသည့် သူတို့၏ယတိပြတ်ဆုံးဖြတ်ချက် အားမပျော့သွားပါ။ မိမိတို့သခင်က တမန်တော်သောမအား “သင်သည် ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏” ဟုမိန့်မြွက်ခဲ့သည့်စကားကို သူတို့ ပြန်သတိရကြသည်။—ယောဟန် ၂၀:၂၉။
၂၁။ ဤနှစ် မတ်လ ၂၃ ရက် တနင်္ဂနွေနေ့တွင်ကျင်းပမည့် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ခြင်းမှ မည်သည့်အကျိုးများရရှိမည်နည်း။
၂၁ လူသားများအပေါ် ဘုရားသခင်တင်ပြခဲ့သည့် အကြီးမားဆုံးမေတ္တာပြသမှုကို ပြန်သတိရရန်နှင့် ကိုယ်တော်၏သစ္စာရှိသားတော် ယေရှုခရစ်၏သေခြင်းကို အောက်မေ့သတိရရန် ၁၉၉၇ ခုနှစ် မတ်လ ၂၃ ရက် နေဝင်ပြီးချိန်တွင် ယေဟောဝါသက်သေတို့၏ ဘုရားသခင့်နိုင်ငံတော်ခန်းမများ၌ စုဝေးကြမည့် ကမ္ဘာတစ်လွှားရှိထိုသူများထဲတွင် သင်ပါဝင်မည်ဟု မျှော်လင့်ပါသည်။ ထိုအခါသမယတွင် ပြောခဲ့သည့်စကား၊ ပြုခဲ့သည့်အရာက ယေဟောဝါနှင့် ကိုယ်တော့်သားတော်အပေါ်ထားသည်မေတ္တာကို နက်ရှိုင်းလာစေသင့်ပြီး ဘုရားသခင့်ပညတ်တော်များကို စောင့်ရှောက်လိုသည့်ဆန္ဒတဖွားဖွားပေါ်လာစေသင့်သည်။—၁ ယောဟန် ၅:၃။
သင်မည်သို့ဖြေမည်နည်း
◻ ပေတရုပထမစာစောင်တွင် လိပ်မူရေးသားခံရသောသူများသည် ယေရှုကို မည်သို့သိရှိကာ ချစ်လာသနည်း။
◻ သင့်ကို စွဲမှတ်သွားစေသော အစောပိုင်းခရစ်ယာန်များ ကြားခဲ့ရသည့်အရာတချို့ကားအဘယ်နည်း။
◻ ယေရှုအပေါ်ထားသည့် သင့်မေတ္တာကို နက်ရှိုင်းသွားစေသော အဘယ်စိတ်ဓာတ်ကို ကိုယ်တော်ပြသခဲ့သနည်း။
◻ ဘုရားသခင်အပေါ် ယေရှု၏နှိမ့်ချသော အားထားမှီခိုမှုသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။
◻ ယေရှုခရစ်ကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာကို မည်သို့ပြသနိုင်သနည်း။
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ယေရှုပြသခဲ့သည့်စိတ်ဓာတ်ကြောင့်ကိုယ်တော်ထံသို့ ကျွန်ုပ်တို့ဆွဲဆောင်ခံရ