ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၂/၁ စာ. ၄-၇
  • သမ္မာတရားအားဖြင့် လွတ်မြောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာတရားအားဖြင့် လွတ်မြောက်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူသေများကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း
  • အနာဂတ်ကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း
  • လူကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း
  • သမ္မာတရားအားဖြင့် သင်လွတ်မြောက်နိုင်
  • “အမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” ဆိုတာ ဘယ်လိုနည်းနဲ့လဲ
    နိုးလော့!—၂၀၁၂
  • ‘သေခြင်းသည် ထာဝစဉ်နစ်မြုပ်ပြီ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သင်ချစ်မြတ်နိုးရသော သေလွန်သူများ—ပြန်တွေ့ဦးမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၂/၁ စာ. ၄-၇

သမ္မာတရားအားဖြင့် လွတ်မြောက်ခြင်း

အမေရိကန်ပြည်ထောင်စုတွင် တစ်သန်းကျော်သောသူများ ထောင်ချခြင်းခံရသည်။ သူတို့ထဲမှ သုံးထောင်နီးပါးသည် သေဒဏ်ချမှတ်ခြင်းခံရသည်။ ထိုအခြေအနေမျိုးတွင် သင်ရောက်ရှိနေသည်ဟု ယူမှတ်လိုက်ပါ။ သင်မည်သို့ ခံစားရမည်နည်း။ ဤသို့သောအလားအလာကို တွေးကြည့်လိုက်ရုံဖြင့်ပင် အတော်ပင်ထိတ်လန့်စရာကောင်းပေသည်။ သို့တိုင် တစ်နည်းတစ်ဖုံအားဖြင့် လူသားအားလုံးသည် အလားတူအခြေအနေမျိုးတွင်ရှိသည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။” (ရောမ ၃:၂၃) မှန်ပါသည်၊ အာဒံ၏သားစဉ်မြေးဆက်များအနေဖြင့် ကျွန်ုပ်တို့သည် အပြစ်ရှိသောအခြေအနေတွင် ‘အချုပ်အနှောင်’ ခံရသည်။ (ရောမ ၅:၁၂) “ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံသည်ကို ငါမြင်၏” ဟုရေးသားခဲ့သည့် ခရစ်ယာန်တမန်တော်ပေါလု ခံရသကဲ့သို့ပင် အချုပ်အနှောင်ခံရခြင်း၏ အကျိုးဆက်ကို ကျွန်ုပ်တို့လည်းနေ့စဉ်ခံစားရသည်။—ရောမ ၇:၂၃။

သမ္မာကျမ်းစာက “အပြစ်တရား၏အခကား သေခြင်းပေတည်း” ဟုဖော်ပြထားသောကြောင့် ကျွန်ုပ်တို့၏အပြစ်ပြုလိုသည့် သဘောသဘာဝ၏ရလဒ်အနေနှင့် ပုံဆောင်စကားအရ ကျွန်ုပ်တို့ယောက်စီတိုင်းသေဒဏ်ကျခံနေကြရသည်။ (ရောမ ၆:၂၃) ဆာလံဆရာမောရှေက ကျွန်ုပ်တို့၏အခြေအနေကို လျော်ကန်စွာဤသို့ဖော်ပြသည်– “ကျွန်တော်မျိုးတို့သည် အနှစ်ခုနစ်ဆယ်မျှသာ အသက်ရှည်ကြပါ၏။ အကယ်၍ အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။ သို့ရာတွင် ထိုနှစ်ကာလများအတွင်း ကျွန်တော်မျိုးတို့သည် ပူပင်သောကနှင့် ဆင်းရဲဒုက္ခကိုသာလျှင် ခံစားကြရပါ၏။ မကြာမီအတွင်း အသက်ပျောက်သဖြင့် ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။”—ဆာလံ ၉၀:၁၀၊ သတင်းကောင်း; ယာကုပ် ၄:၁၄ နှိုင်းယှဉ်။

အပြစ်နှင့်သေခြင်းအောက် လူသားတို့၏ကျွန်သားပေါက်ဘဝကို ရည်စူးကာ ယေရှုကမိမိ၏နောက်တော်လိုက်များကို ဤသို့မိန့်တော်မူ၏– ‘သမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။’ (ယောဟန် ၈:၃၂) ဤစကားများဖြင့် ယေရှုသည် ရောမအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခြင်းထက် သာလွန်ကောင်းမွန်သောမျှော်လင့်ချက်ကို မိမိ၏တပည့်တော်များအား ကမ်းလှမ်းကာ ကိုယ်တော်သည် သူတို့ကို အပြစ်နှင့်သေခြင်းမှလွတ်မြောက်မှု ပေးနေခြင်းဖြစ်သည်! ယင်းကို သူတို့မည်သို့ရရှိမည်နည်း။ ယေရှုက “သားသည်သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည်ဧကန်အမှန်လွတ်ကြလိမ့်မည်” ဟုသူတို့ကိုမိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၃၆) မှန်ပါသည်၊ အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှာ “သားတော်” ယေရှုသည်မိမိ၏အသက်ကို စွန့်လွှတ်ခြင်းအားဖြင့် အာဒံကြောင့်ဆုံးရှုံးခဲ့ရသောအရာကို ပြန်၍ဝယ်ယူခဲ့သည်။ (၁ ယောဟန် ၄:၁၀) ယင်းက နာခံမှုရှိလူသားအားလုံးအတွက် အပြစ်နှင့်သေခြင်းအချုပ်အနှောင်မှ လွတ်မြောက်ရန် လမ်းဖွင့်ပေးသည်။ “ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ” ဘုရားသခင်၏တစ်ပါးတည်းသောသားတော်သည် အသေခံတော်မူခဲ့သည်။—ယောဟန် ၃:၁၆။

ထို့ကြောင့် ကျွန်ုပ်တို့ကိုလွတ်မြောက်စေသော သမ္မာတရားသည် ယေရှုခရစ်အပေါ်တွင်မူတည်သည်။ ကိုယ်တော်၏ခြေတော်ရာကို လိုက်လျှောက်သူများသည် ဘုရားသခင့်နိုင်ငံတော်က မြေကြီးဆိုင်ရာကိစ္စရပ်များအားလုံးကို အပြည့်အဝချုပ်ကိုင်သောအခါ အပြစ်နှင့်သေခြင်းတရားမှ လွတ်မြောက်ရန်မျှော်လင့်ချက်ရရှိကြသည်။ ယခုပင်လျှင်၊ ဘုရားသခင့်နှုတ်ကပါဌ်စကားတော်သမ္မာတရားကို လက်ခံသူတို့သည် လွတ်မြောက်မှုအစစ်အမှန်ကို ခံစားကြရသည်။ အဘယ်နည်းလမ်းများဖြင့်နည်း။

လူသေများကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း

ယနေ့ သန်းပေါင်းများစွာတို့သည် လူသေများကို ကြောက်ရွံ့နေကြသည်။ အဘယ်ကြောင့်နည်း။ သေဆုံးချိန်၌ စိုးလ်သည် ကိုယ်ခန္ဓာမှထွက်သွား၍ နာမ်ဝိညာဉ်ဘုံသို့ရောက်သွားသည်ဟု . . . သွန်သင်သောကြောင့်ဖြစ်သည်။ ထို့အတွက်ကြောင့် အချို့နေရာဒေသများတွင် ကွယ်လွန်သူ၏ဆွေမျိုးများက အသုဘစောင့်ခြင်းကို နေ့ရောညပါ အချိန်တော်တော်ကြာကြာပြုလုပ်ခြင်းသည် ရိုးရာဓလေ့ဖြစ်နေသည်။ ဤတွင် ကျယ်လောင်စွာသီချင်းဆိုခြင်းနှင့် ဗုံတီးခြင်းတို့ပါဝင်လေ့ရှိသည်။ ယင်းသို့ပြုလုပ်ခြင်းက ကွယ်လွန်သောသူကို ကျေနပ်စေမည်ဖြစ်၍ သူ၏ဝိညာဉ်သည် အသက်ရှင်သူများကို လာရောက်ခြောက်လှန့်မှုမှ ကာကွယ်ပေးသည်ဟု ကျန်ရစ်သူများကယုံကြည်ကြသည်။ သေခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်ဘောင်၏ မှားယွင်းသောသွန်သင်ချက်များက ဤဓလေ့ထုံးတမ်းစဉ်လာကို အစဉ်အမြဲတည်ရှိစေရန်သာလျှင် ဖြစ်စေသည်။

သို့သော်လည်း သမ္မာကျမ်းစာက လူသေတို့၏အခြေအနေနှင့်ပတ်သက်၍ အမှန်တရားကို ဖော်ပြထားသည်။ သင်၏စိုးလ်သည် သေသွားပြီးနောက် ဆက်အသက်ရှင်သည့် နားလည်ရခက်သော သင်၏အစိတ်အပိုင်းတစ်စုံတစ်ခုမဟုတ်ဘဲ သင်ကိုယ်တိုင်ဖြစ်ကြောင်း ယင်းက ရှင်းလင်းစွာဖော်ပြသည်။ (ကမ္ဘာဦး ၂:၇; ယေဇကျေလ ၁၈:၄) ထို့ပြင် လူသေတို့သည် မီးငရဲ၌ ညှဉ်းဆဲခံရသည် သို့မဟုတ် အသက်ရှင်သောသူတို့ကို ကောင်းကျိုးဆိုးကျိုးသက်ရောက်စေနိုင်သည့် နာမ်ဝိညာဉ်ဘုံတွင်ရှိသည်ဟူ၍လည်း လုံးဝမဖော်ပြပါ။ “သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။  . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသောမရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား” ဟုသမ္မာကျမ်းစာက ဆိုထားသည်။—ဒေသနာ ၉:၅၊ ၁၀။

ဤသမ္မာကျမ်းစာဆိုင်ရာ အမှန်တရားများက လူသေတို့ကိုကြောက်ရွံ့ခြင်းမှ လူများစွာကို လွတ်မြောက်စေသည်။ မိမိတို့၏ဘိုးဘေးများ ကျေနပ်စေရန် ငွေကုန်ကြေးကျများသောပူဇော်ဆက်သခြင်း ဘယ်အခါမျှမလိုတော့သကဲ့သို့ မိမိတို့၏ချစ်မြတ်နိုးရသော သေလွန်သွားသူတို့၏အပြစ်များအတွက် ရက်စက်စွာနှိပ်စက်ခြင်းခံရမည်ကိုလည်း စိတ်မပူရတော့ချေ။ ဘုရားသခင်ချိန်းချက်သောအချိန်၌ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဟူသောသမ္မာကျမ်းစာမှ သေလွန်သူများအတွက် အံ့သြဖွယ်ကောင်းလှသည့် မျှော်လင့်ချက်ကို သူတို့သိရှိနားလည်ခဲ့ကြသည်။ (တမန်တော် ၂၄:၁၅; ယောဟန် ၅:၂၈၊ ၂၉) ထို့ကြောင့် လူသေများသည် အိပ်မောကျနေသောသူများကဲ့သို့ပင် ယခုအနားယူနေကြသည်။—ယောဟန် ၁၁:၁၁-၁၄ နှိုင်းယှဉ်။

လူသေတို့၏အခြေအနေနှင့်ပတ်သက်သော အမှန်တရားနှင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် သေခြင်းကြောင့်စိတ်ပျက်အားလျော့ခြင်းမှ လွတ်မြောက်စေနိုင်သည်။ ယင်းမျှော်လင့်ချက်သည် မတော်တဆမှုကြောင့် မိမိတို့၏လေးနှစ်အရွယ် သားငယ်သေဆုံးသွားသော အမေရိကန်ပြည်ထောင်စုရှိ ဇနီးမောင်နှံတစ်စုံကို နှစ်သိမ့်မှုဖြစ်စေသည်။ ဇနီးသည်ဖြစ်သူက “ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်မတို့ရဲ့သားကိုပြန်မတွေ့ရမချင်း ကျွန်မတို့ဘဝမှာ ဘာမျှအစားမထိုးနိုင်ဘဲ ဟာတာတာဖြစ်နေမှာပါပဲ” ဟူ၍ဝန်ခံသည်။ “ဒါပေမဲ့ ယေဟောဝါရှင်က ဝမ်းနည်းခြင်းကြောင့်ကျရတဲ့ မျက်ရည်ရှိသမျှကိုသုတ်တော်မူမယ်ဆိုပြီး ကတိပြုထားတဲ့အတွက် ကျွန်မတို့ရဲ့ပူဆွေးမှုက ခဏတာပါပဲဆိုတာကျွန်မတို့သိပါတယ်” ဟုသူမဆိုသည်။—ဗျာဒိတ် ၂၁:၃၊ ၄။

အနာဂတ်ကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း

အနာဂတ်မည်သို့ရှိမည်နည်း။ ကျွန်ုပ်တို့ကမ္ဘာမြေကြီးသည် နျူကလီးယား၏ဖျက်ဆီးမှုကြောင့် လောင်ကျွမ်းသွားမည်လော။ ကမ္ဘာ့ပတ်ဝန်းကျင်ကို လူတို့ဖျက်ဆီးကြသောကြောင့် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် နေထိုင်၍ရပါဦးမည်လော။ စာရိတ္တယိုယွင်းမှုက မင်းမဲ့အခြေအနေနှင့် ရှုပ်ထွေးပွေလီသည့်အခြေအနေကို ဖြစ်စေမည်လော။ ယင်းတို့သည် ယနေ့လူအများ အမှန်ပင်ကြောက်နေသောအရာများဖြစ်သည်။

သို့သော် သမ္မာကျမ်းစာက ယင်းကဲ့သို့သော ချောက်ချားစေသည့်ကြောက်ရွံ့မှုများမှ လွတ်မြောက်မှုကိုပေးသည်။ “မြေကြီးမူကား အစဉ်အမြဲတည်၏” ဟူ၍ ယင်းက အာမခံထားသည်။ (ဒေသနာ ၁:၄) ယေဟောဝါသည် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို တာဝန်မသိတတ်သောလူသားတို့ ဖျက်ဆီးခြင်းကိုကြည့်နေဖို့အတွက်သာ ဖန်ဆင်းထားခြင်းမဟုတ်ပါ။ (ဟေရှာယ ၄၅:၁၈) ယင်းအစား ယေဟောဝါသည် စည်းလုံးသောလူ့မိသားစုအတွက် ပရဒိသုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းခဲ့သည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) ကိုယ်တော်၏ရည်ရွယ်ချက်မှာ မပြောင်းလဲခဲ့ပါ။ ဘုရားသခင်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးသောအချိန်ရောက်” မည်ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုပြောထားသည်။ (ဗျာဒိတ် ၁၁:၁၈) ထို့နောက်တွင် “စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” ဟုကျမ်းစာကပြောထားသည်။—ဆာလံ ၃၇:၁၁။

ဘုရားသခင်သည် မုသာမသုံးသောကြောင့် ဤကတိတော်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ မိမိ၏ပရောဖက်ဟေရှာယအားဖြင့် ယေဟောဝါကဤသို့မိန့်တော်မူ၏– “ထိုအတူ ငါ၏နှုတ်ကပါဌ်စကားသည်ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲငါ့ထံသို့မပြန်ရ။ ငါ့အလိုကိုပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌အောင်လိမ့်မည်။” (ဟေရှာယ ၅၅:၁၁; တိတု ၁:၂) ထို့ကြောင့် ၂ ပေတရု ၃:၁၃ ၌ “ဖြောင့်မတ်ခြင်းတရားတည်ရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီမျှော်လင့်ကြ၏” ဟုမှတ်တမ်းတင်ထားသည့်အတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ကတိတော်ပြည့်စုံမည်ကို ယုံကြည်စိတ်ချစွာဖြင့် မျှော်လင့်နိုင်ပါသည်။

လူကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း

သမ္မာကျမ်းစာက ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုဆက်ကပ်ထားရာတွင် ရဲရင့်သောအမျိုးသားများနှင့် အမျိုးသမီးများ၏ တန်ဖိုးရှိသည့်ပုံသက်သေများကို ပေးထားသည်။ ထိုသူများထဲမှ အနည်းငယ်မျှ ဖော်ပြရမည်ဆိုလျှင် ဂိဒေါင်၊ ဗာရက်၊ ဒေဗောရ၊ ဒံယေလ၊ ဧသတာ၊ ယေရမိ၊ အဘိဂဲလနှင့်ယေလတို့ဖြစ်သည်။ ဤသစ္စာရှိသော အမျိုးသားများနှင့်အမျိုးသမီးများသည် “ငါသည် ဘုရားသခင်ကိုခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ပြုနိုင်သနည်း” ဟုရေးသားခဲ့သော ဆာလံဆရာ၏သဘောထားမျိုး တင်ပြကြသည်။—ဆာလံ ၅၆:၁၁။

ပထမရာစုခေတ်တွင် ဘာသာရေးအာဏာပိုင်များသည် ဟောပြောခြင်းကိုရပ်တန့်ဖို့ တမန်တော်ပေတရုနှင့်ယောဟန်ကို အမိန့်ပေးသောအခါ သူတို့လည်းအလားတူရဲရင့်မှုမျိုး တင်ပြခဲ့ကြသည်။ သူတို့က “ငါတို့သည်ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်” ဟုပြန်ဖြေကြသည်။ နောက်ပိုင်းတွင် ပေတရုနှင့်ယောဟန်တို့သည် သူတို့၏ခိုင်မာတည်ကြည်မှုကြောင့် ထောင်ချခံရသည်။ သူတို့သည် အံ့ဖွယ်နည်းဖြင့်လွတ်မြောက်မှုခံရပြီးနောက် ယခင်အတိုင်းပြန်လုပ်ဆောင်ကာ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ရဲရင့်စွာဟောပြောကြ၏။” မကြာမီ ပေတရုနှင့် အခြားတမန်တော်တို့သည် ဂျူးတို့၏လွှတ်တော်သို့ ခေါ်ဆောင်သွားခြင်းခံရသည်။ ယဇ်ပုရောဟိတ်မင်းက “ထိုနာမကိုအမှီပြု၍ မဆုံးမ၊ မသွန်သင်မည်အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာစီရင်မှာထားသည်မဟုတ်လော။ ယခုကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့်ပြည့်စေသည်” ဟူ၍သူတို့ကိုပြောလေသည်။ ပေတရုနှင့်အခြားသောတမန်တော်တို့က “လူ၏စကားထက်ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုပြန်ဖြေကြ၏။—တမန်တော် ၄:၁၆၊ ၁၇၊ ၁၉၊ ၂၀၊ ၃၁; ၅:၁၈-၂၀၊ ၂၇-၂၉။

ယနေ့လည်း ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရာတွင် ပထမရာစုရှိခရစ်ယာန်များ၏ စိတ်အားထက်သန်မှုကို အတုယူရန်ကြိုးပမ်းကြသည်။ သူတို့ထဲမှ ငယ်ရွယ်သောသူများပင်လျှင် မိမိတို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ အခြားသူတို့ကိုပြောရာတွင် ကြောက်ရွံ့ခြင်းကင်းမဲ့ကြောင်း သက်သေထူလေ့ရှိသည်။ အချို့သော ဥပမာများကို သုံးသပ်ကြည့်ကြစို့။

ဆယ်ကျော်သက်အရွယ် စတေစီသည် ပင်ကိုသဘောအရ ရှက်တတ်သည်။ ထို့ကြောင့် သူမ၏ယုံကြည်ချက်အကြောင်း အခြားသူများကိုပြောပြရာတွင် အစ၌သူမအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ သူမ၏ရှက်ရွံ့မှုကို ကျော်လွှားနိုင်ရန် သူမ အဘယ်အရာပြုလုပ်ခဲ့သနည်း။ သူမက “ကျွန်မ သမ္မာကျမ်းစာကိုလေ့လာပြီး ကိုယ့်ကိုယ်တိုင်ပြောတဲ့စကားကို နားလည်ဖို့ကြိုးစားတယ်။ အဲဒါကကျွန်မအတွက် ပိုမိုလွယ်ကူမှုဖြစ်စေပြီး ကိုယ့်ကိုယ်ကိုလည်း ပိုပြီးယုံကြည်စိတ်ချလာစေတယ်။” ဒေသခံသတင်းစာတွင် စတေစီ၏ဂုဏ်သတင်းအကြောင်း ဖော်ပြခြင်းခံခဲ့ရသည်။ ထိုဆောင်းပါးတွင် သူမ၏ဆရာမက “[စတေစီ၏] ယုံကြည်ခြင်းက သူမအားဆယ်ကျော်သက်အများစုခံစားနေရသည့် ဖိစီးမှုကိုခုခံတွန်းလှန်နိုင်စွမ်း ပေးဟန်ရှိသည်။ . . .  သူမ၏စိတ်ထဲတွင် ဘုရားသခင့်အမှုတော်ဆောင်ခြင်းသည် ပထမနေရာတွင်ဖြစ်သင့်သည်ဟု သူမခံစားရသည်” ဟုရေးသားဖော်ပြသည်။

တောမီသည် ငါးနှစ်သားအရွယ်ကတည်းကပင် သူ၏မိဘများထံမှ သမ္မာကျမ်းစာအကြောင်း စတင်၍သိရှိခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းကပင် စစ်မှန်သောဝတ်ပြုမှုအတွက် ရဲရင့်စွာသူရပ်တည်ခဲ့သည်။သူ၏အတန်းသားများက အပန်းဖြေခြင်းဆိုင်ရာရုပ်ပုံများဆွဲသည့်အခါ တောမီသည်ဘုရားသခင်ကတိပြုထားသော ပရဒိသုရုပ်ပုံမြင်ကွင်းကို ဆွဲလေ့ရှိသည်။ ဆယ်ကျော်သက်တစ်ဦးအနေနှင့် တောမီသတိပြုမိသည်မှာ ယေဟောဝါသက်သေများ၏ ယုံကြည်ချက်နှင့်ပတ်သက်၍ ကျောင်းသားများစွာသည် ဇဝေဇဝါဖြစ်နေကြခြင်းဖြစ်သည်။ သူသည်ကြောက်ရွံ့ခြင်းကြောင့် နောက်တွန့်သွားမည့်အစား သူ့အနေဖြင့် အမေးအဖြေဆွေးနွေးပွဲကို အတန်းသားများနှင့်ပြုလုပ်နိုင်ပါက သူတို့၏မေးခွန်းအားလုံးကို တစ်ကြိမ်တည်းဖြေနိုင်မည်ဖြစ်ကြောင်း သူ၏ဆရာများထဲမှတစ်ဦးကို တောင်းဆိုခဲ့သည်။ ယင်းသည် ခွင့်ပြုခံရ၍ သက်သေခံမှုကောင်းတစ်ခုဖြစ်ခဲ့သည်။

မာကီယက်တာသည် အသက် ၁၇ နှစ်အရွယ်တွင် သူမ၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သူမ၏အတန်းထဲမှ အခြားသူများကိုပြောပြရန် အလွန်ကောင်းသော အခွင့်အရေးတစ်ခု တွေ့ရှိခဲ့သည်။ “ကျွန်မတို့ အတန်းရှေ့ဟောပြောဖို့ တာဝန်ပေးခြင်းခံရတယ်” ဟုသူမကပြောပြသည်။ “ကျွန်မပြောမယ့်အကြောင်းအရာကို လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်ထဲက ရွေးချယ်လိုက်တယ်။a ကျွန်မ အဲ့ဒီစာအုပ်ထဲက အခန်းငါးခန်းရဲ့ခေါင်းစဉ်တွေကိုရွေးပြီး ကျောက်သင်ပုန်းပေါ်မှာရေးချလိုက်တယ်။ အတန်းသားတွေကို သူတို့ရဲ့စိတ်ထဲမှာ အရေးအကြီးဆုံးလို့ထင်တဲ့အကြောင်းတွေကို အစီအရီတင်ပြဖို့ ကျွန်မတောင်းဆိုလိုက်တယ်။” အတန်းသားများပါ ပါဝင်ဆွေးနွေးလာကြသည်။ မာကီယက်တာက “အတန်းသားတွေကိုကျွန်မက အဲ့ဒီစာအုပ်ပြလိုက်တော့ ကျောင်းသူကျောင်းသားတော်တော်များများက စာအုပ်ကိုတောင်းဆိုကြတယ်။ ကျွန်မရဲ့ဆရာမကတောင် သူမလည်းတစ်အုပ်လောက်လိုချင်တယ်လို့ပြောတယ်” ဟူ၍အဆုံးသတ်လိုက်သည်။

သမ္မာတရားအားဖြင့် သင်လွတ်မြောက်နိုင်

ကျွန်ုပ်တို့ သိမြင်ခဲ့ပြီးဖြစ်သည့်အတိုင်း ကျမ်းစာထဲရှိသမ္မာတရားသည် ယင်းကိုလေ့လာ၍ နှလုံးပိုက်သူ အသက်အရွယ်မရွေးလူအပေါင်းကို လွတ်မြောက်မှုပေးနိုင်စွမ်းရှိသည်။ ယင်းသည် လူသေများကို ကြောက်ရွံ့ခြင်း၊ အနာဂတ်ကို ကြောက်ရွံ့ခြင်းနှင့် လူကိုကြောက်ရွံ့ခြင်းတို့မှ လွတ်မြောက်စေသည်။ အဆုံးတွင် ယေရှု၏ရွေးနုတ်ဖိုးသည် နာခံမှုရှိသောလူသားများကို အပြစ်နှင့်သေခြင်းအောက်မှ လွတ်မြောက်စေမည်။ ကျွန်ုပ်တို့အမွေရခဲ့သော အပြစ်ရှိသည့်အခြေအနေ၏အချုပ်အနှောင်မှ လွတ်မြောက်၍မြေကြီးပရဒိသုတွင် ထာဝစဉ်နေထိုင်ရမည်မှာ မည်မျှရွှင်လန်းဖွယ်ရာပါတကား!—ဆာလံ ၃၇:၂၉။

ဘုရားသခင်ကတိပြုထားသော ကောင်းချီးမင်္ဂလာများနှင့်ပတ်သက်၍ သင်ပိုမိုသိလိုပါသလော။ သိလိုလျှင် သင်ဘာလုပ်သင့်နည်း။ ယေရှုက “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုမိန့်တော်မူသည်။ (ယောဟန် ၁၇:၃) ထို့ကြောင့် မိမိ၏တပည့်တော်များကို ယေရှုကတိပြုထားသော လွတ်လပ်မှုကို အသင်ခံစားလိုလျှင် သင်သည်ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော်အကြောင်း လေ့လာဆည်းပူးရမည်ဖြစ်သည်။ “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏” ဟု သမ္မာကျမ်းစာက ဆိုသောကြောင့် ဘုရားသခင့်အလိုတော်ကို သင်သိပြီး ယင်းအတိုင်းပြုလုပ်ရန် လိုအပ်သည်။—၁ ယောဟန် ၂:၁၇။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းနယူးယောက်မှထုတ်ဝေသည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘုရားသခင့်နိုင်ငံတော်အောက်တွင်လူသားထုတစ်ရပ်လုံးသည် နောက်ဆုံး၌အပြစ်နှင့်သေခြင်းမှ လွတ်မြောက်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ