သင့်အသက်တာတွင် အထွတ်အထိပ်ထားရာကား အဘယ်နည်း
“ကိုယ်သွားရမည်လမ်းကို သိစေတော်မူပါ။”—ဆာလံ ၁၄၃:၈။
၁။ ရှောလမုန်မင်းကြီးသည် လူတို့၏လိုက်စားမှုများနှင့် လုပ်ဆောင်ပြီးစီးမှုများအကြောင်း မည်သို့ဆုံးဖြတ်ခဲ့သနည်း။
အသက်တာဘဝသည် လုပ်ဆောင်မှုများ၊ စိုးရိမ်မှုများနှင့် ပြည့်နှက်နေကြောင်း လူအများသိရှိကြ၏။ အသေအချာစဉ်းစားကြည့်ပါက ၎င်းတို့ထဲမှ အချို့တို့သည် မရှိမဖြစ်ကြောင်းသိမြင်ရပါမည်။ အခြားလုပ်ငန်းဆောင်တာများနှင့် စိုးရိမ်မှုများမှာမူ အရေးမကြီးလှပါ သို့မဟုတ် အချည်းနှီးသက်သက်သာဖြစ်သည်။ ယင်းကိုသင်အသိအမှတ်ပြုခြင်းက သင်သည် ပညာအရှိဆုံးသူများတွင်တစ်ဦးဖြစ်သူ ရှောလမုန်မင်းကြီးနှင့်သဘောတူညီကြောင်းထင်ရှားပါသည်။ လူ့အသက်တာဘဝ၏ လုပ်ဆောင်မှုအားလုံးကို အသေအချာပြန်လည်သုံးသပ်ပြီးနောက် သူက “လူရှိသမျှတာဝန်ဖြစ်သည်နှင့်အညီ ပညတ်တော်များကိုစောင့်ရှောက်၍ ဘုရားသခင်ကိုခန့်ညားကြောက်ရွံ့လော့” ဟုဆုံးဖြတ်ခဲ့သည်။ (ဒေသနာ ၂:၄-၉၊ ၁၁; ၁၂:၁၃၊ ကဘ) ယင်းသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၂။ ဘုရားသခင်ကိုကြောက်ရွံ့သူများသည် အဘယ်ဆက်စပ်သောမေးခွန်းများပေါ်ပေါက်စေသည့် အဘယ်အခြေခံမေးခွန်းကို မိမိကိုယ်ကိုမေးသင့်သနည်း။
၂ သင်သည် ‘ဘုရားသခင်ကိုခန့်ညားကြောက်ရွံ့၍ ပညတ်တော်များကိုစောင့်ရှောက်’ လိုလျှင် မိမိကိုယ်ကို စိန်ခေါ်မှုဖြစ်စေသော ဤမေးခွန်းကိုမေးပါ– ‘အကျွန်ုပ်အသက်တာတွင် အဘယ်အရာကို အထွတ်အထိပ်ထားသနည်း။’ ဤမေးခွန်းကို သင်နေ့စဉ်သုံးသပ်မည်မဟုတ်သည်မှာမှန်သော်လည်း ယခုဆင်ခြင်သုံးသပ်ကြည့်ပါလေ။ အမှန်မှာ၊ ၎င်းနှင့်ဆက်စပ်၍ ‘ကျွန်ုပ်၏လုပ်ငန်း သို့မဟုတ် အသက်မွေးဝမ်းကျောင်း သို့တည်းမဟုတ် ရုပ်ပစ္စည်းများကို အကျွန်ုပ်အလွန်အကျွံအရေးပေးနေပါသလော။ အကျွန်ုပ်အိမ်၊ အကျွန်ုပ်မိသားစု၊ အကျွန်ုပ်ချစ်မြတ်နိုးရသောသူများသည် အကျွန်ုပ်အတွက် မည်မျှအရေးကြီးသနည်း’ ဟူသည့်မေးခွန်းများကိုစဉ်းစားစေပါသည်။ လူငယ်တစ်ဦးမှာမူ ‘ပညာရေးကို ကျွန်ုပ်မည်မျှအာရုံစူးစိုက်ပြီး အချိန်ပေးနေသနည်း။ အမှန်အားဖြင့် ကျွန်ုပ်အဓိကစိတ်ဝင်စားရာသည် ဝါသနာတစ်ခုခုလော၊ အားကစား၊ အပန်းဖြေနည်းတစ်မျိုးမျိုး သို့မဟုတ် စက်မှုအတတ်ပညာလော’ ဟုမေးကောင်းမေးပေမည်။ ထို့ပြင် ကျွန်ုပ်တို့၏အသက်အရွယ်၊ သို့မဟုတ် ကျွန်ုပ်တို့၏အခြေအနေသည် မည်သို့ပင်ရှိစေကာမူ ‘ဘုရားအမှုထမ်းဆောင်ခြင်းသည် အကျွန်ုပ်ဘဝ၌ အဘယ်ကဏ္ဍတွင်ရှိသနည်း’ ဟုမေးသင့်ပါသည်။ ဦးစားပေးရမည့်အရာများ ထားရှိသင့်သည်ဟု သင်သဘောတူပါလိမ့်မည်။ သို့သော် ၎င်းတို့ကိုပညာရှိစွာ သူ့နေရာနှင့်သူသတ်မှတ်ပေးနိုင်ရန် မည်သို့နှင့် မည်သည့်နေရာမှ အကူအညီရနိုင်မည်နည်း။
၃။ ဦးစားပေးရမည့်အရာများကို သတ်မှတ်ပေးခြင်းတွင် ခရစ်ယာန်များအတွက် အဘယ်အရာပါဝင်သနည်း။
၃ “အထွတ်အထိပ်” ၏အခြေခံသဘောတရားမှာ အရာရာတို့ထက် ရှေးဦးကျသော၊ သို့မဟုတ် ဦးဆုံးစဉ်းစားရန်လိုသောအရာဖြစ်သည်။ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်စေ၊ သူတို့နှင့်ပေါင်းသင်းပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စိတ်ရင်းမှန်နှင့်လေ့လာနေသောသူ သန်းပေါင်းများစွာတို့တွင် ပါဝင်သူတစ်ဦးဖြစ်စေ ဤအမှန်တရားကို ဆင်ခြင်ကြည့်ပါ– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးသီးတို့ကို ပြုရသောအချိန်ရှိ၏။” (ဒေသနာ ၃:၁) ထိုတွင် မိသားစု၌ဆွေမျိုးတော်စပ်သူများကို မေတ္တာပါပါစောင့်ရှောက်ပေးခြင်းပါဝင်သည်။ (ကောလောသဲ ၃:၁၈-၂၁) ယင်း၌ အလုပ်လုပ်ကိုင်ခြင်းအားဖြင့် သင့်အိမ်သူအိမ်သားတို့ကို ရိုးရိုးသားသားရှာဖွေကျွေးမွေးခြင်းပါဝင်သည်။ (၂ သက်သာလောနိတ် ၃:၁၀-၁၂; ၁ တိမောသေ ၅:၈) ထို့နောက်အပြောင်းအလဲရှိစေရန် ဝါသနာတစ်မျိုးမျိုး၊ သို့မဟုတ် အပန်းဖြေမှုတစ်ခုခုကို တစ်ခါတစ်ရံအချိန်ပေးလုပ်ကိုင်လိုပေမည်။ (မာကု ၆:၃၁ နှိုင်းယှဉ်။) သို့သော် အသေအချာစဉ်းစားကြည့်သည့်အခါ ယင်းအမှုတစ်ခုမျှ ဘဝတွင်အထွတ်အထိပ်ထားရမည့်အရာ မဖြစ်နိုင်ကြောင်း သင်သဘောပေါက်ပါသလော။ သာ၍အရေးကြီးသည့် အခြားအရာတစ်ခုရှိနေပါသည်။
၄။ ဖိလိပ္ပိ ၁:၉၊ ၁၀ သည် ဦးစားပေးရမည့်အရာများကို သတ်မှတ်ပေးခြင်းနှင့် မည်သို့ဆက်စပ်သနည်း။
၄ သမ္မာကျမ်းစာပါ လမ်းပြမှုမူများသည် ဦးစားထားစရာများကို သတ်မှတ်ပေးပြီး ပညာရှိရှိဆုံးဖြတ်ချက်ချရန်အတွက် တန်ဖိုးရှိအကူအညီများဖြစ်ကြောင်း သင်သိမြင်ကောင်းသိမြင်ပေမည်။ ဥပမာ၊ ဖိလိပ္ပိ ၁:၉၊ ၁၀၊ (ကဘ) တွင် “တိကျသောအသိပညာနှင့် ပြည့်ဝစုံလင်သောပိုင်းခြားဝေဖန်နိုင်စွမ်းတို့ဖြင့် တိုး၍ကုံလုံကြွယ်ဝနေ” ရန်ခရစ်ယာန်များကို တိုက်တွန်းထားပါသည်။ အဘယ်အကျိုးအတွက်နည်း။ တမန်တော်ပေါလုက “သာ၍အရေးကြီးသောအရာများကို သင်တို့သေချာစွာသိနိုင်မည်အကြောင်း” ဟူ၍ထပ်ဆင့်ပြောပါသည်။ ယင်းသည် အဓိပ္ပာယ်မရှိပေလော။ တိကျမှန်ကန်သောအသိပညာကိုအခြေခံ၍ ပိုင်းခြားဝေဖန်တတ်သော ခရစ်ယာန်တစ်ဦးသည် မိမိ၏ဘဝတွင်ဦးစားပေး—အထွတ်အထိပ်ထား—ရမည့်အရာမှာ အဘယ်အရာဖြစ်သင့်ကြောင်း ဆုံးဖြတ်နိုင်ပါလိမ့်မည်။
အထွတ်အထိပ်ထားရာနှင့်ပတ်သက်သည့် ပုံသက်သေ
၅။ ခရစ်ယာန်များအတွက်ထားတော်မူသော ပုံသက်သေကိုဖော်ပြရာ၌ ယေရှု၏ဘဝအသက်တာတွင် အဘယ်အရာသည်အထွတ်အထိပ်ဖြစ်ကြောင်း ကျမ်းစာက မည်သို့ဖော်ပြသနည်း။
၅ တမန်တော်ပေတရု၏ဤစကားတွင် အသိပညာ၏ တန်ဖိုးရှိအသွင်အပြင်တစ်ခုကိုတွေ့ရှိရသည်– “အကြောင်းမူကား၊ ထိုသို့အလိုငှာ သင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေတော်ရာကိုလိုက်လျှောက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။” (၁ ပေတရု ၂:၂၁) မှန်ပါသည်၊ ဘဝတွင်အထွတ်အထိပ်ထားရာကိုသိရှိဖို့ သဲလွန်စများရှာတွေ့ရန် ယင်းကိုယေရှုခရစ် မည်သို့သဘောထားကြောင်း စစ်ဆေးကြည့်နိုင်ပါသည်။ ကိုယ်တော့်အကြောင်း ဆာလံ ၄၀:၈ (ကဘ) က ဤသို့ပရောဖက်ပြုထားသည်– “အိုဘုရားသခင်၊ ကိုယ်တော်၏ကျေနပ်ပျော်ရွှင်မှုကိုလုပ်ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။” ထပ်တူသဘောမျိုးဖြင့် ဤသို့ကိုယ်တော်မိန့်တော်မူခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။”—ယောဟန် ၄:၃၄; ဟေဗြဲ ၁၂:၂။
၆။ ဘုရားသခင့်အလိုတော်ကိုရှေးဦးထားခြင်းဖြင့် ယေရှုခံစားခဲ့ရသော ထပ်တူအကျိုးရလဒ်များကို ကျွန်ုပ်တို့မည်သို့ခံစားနိုင်မည်နည်း။
၆ ၎င်းသော့ချက်—ဘုရားသခင့်အလိုတော်ဆောင်ခြင်း—ကိုသတိပြုပါ။ ယေရှုက “အပြီးသင်ပြီးသောတပည့်တိုင်း မိမိဆရာကဲ့သို့ဖြစ်လိမ့်မည်” ဟုမိန့်တော်မူခဲ့ရာ တပည့်တော်များသည် သူတို့၏ဘဝအသက်တာတွင် အဘယ်အရာကို အထွတ်အထိပ်ထားသင့်ကြောင်း ယေရှု၏ပုံသက်သေက အလေးအနက်ဖော်ပြပါသည်။ (လုကာ ၆:၄၀) ထို့ပြင် ခမည်းတော်ရည်ရွယ်တော်မူသည့်နည်းလမ်းအတိုင်းလိုက်လျှောက်ပြီး ဘုရားသခင်၏အလိုတော်ကို အထွတ်အထိပ်ထားခြင်း၌ “ဝမ်းမြောက်သောစိတ်နှင့် . . . ပြည့်စုံ” ကြောင်း ယေရှုတင်ပြတော်မူခဲ့သည်။ (ဆာလံ ၁၆:၁၁; တမန်တော် ၂:၂၈) ယင်းက အဘယ်အရာကိုဆိုလိုကြောင်း သင်သဘောပေါက်ပါသလော။ ယေရှု၏တပည့်တော်များသည် သူတို့၏ဘဝအသက်တာတွင် ဘုရားသခင်၏အလိုတော်ဆောင်ခြင်းကို အထွတ်အထိပ်ထားဖို့ရွေးချယ်ကြစဉ် သူတို့သည် “ဝမ်းမြောက်သောစိတ်နှင့် . . . ပြည့်စုံ” ၍စစ်မှန်သောအသက်ကိုပါရကြမည်ဖြစ်သည်။ (၁ တိမောသေ ၆:၁၉) ထို့ကြောင့် ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို ဦးစားပေးသင့်သည့်အကြောင်း တစ်ခုထက်မကရှိပါသည်။
၇၊ ၈။ အဘယ်ဆင်းရဲဒုက္ခများကို ယေရှုရင်ဆိုင်တော်မူခဲ့ရသနည်း။ ၎င်းမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရနိုင်သနည်း။
၇ ယေရှုသည် ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရန် မိမိကိုယ်ကိုဆက်သသည့် အထိမ်းအမှတ်ကိုတင်ပြပြီးသည်နှင့် ကိုယ်တော့်အားလမ်းလွဲသွားစေရန် မာရ်နတ်ရှာကြံပြုမူခဲ့သည်။ မည်သို့ပြုခဲ့သနည်း။ နယ်ပယ်သုံးရပ်၌ သစ္စာပျက်ရန်သွေးဆောင်ခြင်းအားဖြင့်ဖြစ်သည်။ ယေရှုသည် အကြိမ်တိုင်းပင် ကျမ်းစာကိုကိုးကား၍ ရှင်းလင်းပြတ်သားစွာဖြေဆိုတော်မူခဲ့သည်။ (မဿဲ ၄:၁-၁၀) သို့သော် ကိုယ်တော်သည် အခြားဆင်းရဲခြင်းများ—နှိပ်စက်ညှဉ်းပန်းမှု၊ ကဲ့ရဲ့ပြစ်တင်မှု၊ ယုဒ၏သစ္စာဖောက်မှု၊ မတရားစွပ်စွဲခံရ၍ နှက်တိုင်တင်အသတ်ခံရခြင်းတို့—ကိုခံရဦးမည်ဖြစ်သည်။ သို့တိုင် ဤဆင်းရဲဒုက္ခတစ်ခုမျှ ဘုရားသခင်၏သစ္စာရှိသောသားတော်ကို သစ္စာမပျက်စေနိုင်ခဲ့ပါ။ ယေရှုသည် အလွန်အရေးကြီးသောအချိန်တွင် ဤသို့ဆုတောင်းတော်မူခဲ့သည်– “အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။ . . . ကိုယ်တော်အလိုရှိသည်အတိုင်းဖြစ်ပါစေသော။” (မဿဲ ၂၆:၃၉၊ ၄၂) ကျွန်ုပ်တို့လိုက်လျှောက်ရန် ဤပုံစံသည် “ဆုတောင်းပတ္ထနာပြုခြင်းကို အမြဲပြု” ရန် ကျွန်ုပ်တို့အား အလေးအနက်စေ့ဆော်မပေးသင့်ပေလော။—ရောမ ၁၂:၁၂။
၈ မှန်ပါသည်၊ အထူးသဖြင့် သမ္မာတရား၏ရန်သူများနှင့် ဘုရားသခင့်အလိုတော်ကို ဆန့်ကျင်ဘက်ပြုသူများနှင့်တွေ့ဆုံရမည်ဆိုလျှင် မိမိအသက်တာတွင် ဦးစားပေးရမည့်အရာများကို စိတ်စွဲလမ်းသည့်အခါ မြင့်မြတ်သောလမ်းပြသွန်သင်မှုသည် အထူးအကူအညီဖြစ်သည်။ ရန်သူတို့၏အတိုက်အခံကို သစ္စာရှိသူဒါဝိဒ်မင်းကြီး တွေ့ ကြုံခဲ့သောအခါ လမ်းပြညွှန်ကြားမှုတောင်းဆိုခဲ့ခြင်းကို သတိရပါ။ ဆာလံ ၁၄၃ ၏တစ်စိတ်တစ်ဒေသကိုဆင်ခြင်သုံးသပ်ကြရာတွင် ယင်းကိုသိရှိရလိမ့်မည်။ ဤသို့အားဖြင့် ယေဟောဝါနှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့ခိုင်မြဲစေနိုင်ကြောင်း ပိုင်းခြားသိမြင်ရန် အကူအညီရရှိပြီး ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ဘုရားသခင်၏အလိုတော်ဆောင်ရွက်ခြင်းကို ရှေးဦးထားရန် ခွန်အားရရှိသင့်ပေသည်။
ယေဟောဝါသည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နာညောင်းတော်မူ၏
၉။ (က) ဒါဝိဒ်သည် အပြစ်သားတစ်ဦးဖြစ်သော်လည်း သူ၏စကားနှင့် အပြုအမူများက အဘယ်အရာကိုဖော်ပြသနည်း။ (ခ) မှန်ရာကိုပြုလုပ်ရန် အဘယ်ကြောင့်လက်မြှောက်အရှုံးမပေးသင့်သနည်း။
၉ ဒါဝိဒ်သည် အပြစ်ရှိသောလူသားတစ်ဦးဖြစ်သော်လည်း မိမိ၏ဆုပတ္ထနာကို ယေဟောဝါနားညောင်းတော်မူမည်ဟု ယုံကြည်စိတ်ချခဲ့သည်။ နှိမ့်ချစွာဖြင့် သူကဤသို့အသနားခံခဲ့၏– “အိုထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာကိုကြား၍ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ။ ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါနှင့်။ အသက်ရှင်သောသူမည်သည်ကား ရှေ့တော်၌အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။” (ဆာလံ ၁၄၃:၁၊ ၂) ဒါဝိဒ်သည် မိမိ၏မစုံလင်မှုကို ကောင်းစွာသိ၏။ သို့တိုင် ဘုရားသခင့်အပေါ် စုံလင်သောစိတ်နှလုံးရှိခဲ့သည်။ သို့ဖြစ်၍ ဖြောင့်မတ်ခြင်းတရားနှင့်အညီ ဆုတောင်းပြည့်လိမ့်မည်ဟု သူယုံကြည်စိတ်ချပါသည်။ ယင်းသည် ကျွန်ုပ်တို့ကိုအားရှိစေသည်မဟုတ်ပေလော။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းစံနှုန်းကို ကျွန်ုပ်တို့မမီနိုင်ကြသော်လည်း ကိုယ်တော့်အပေါ်စုံလင်သောစိတ်နှလုံးရှိကြမည်ဆိုလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်နားညောင်းတော်မူမည်ဟု စိတ်ချနိုင်ပါသည်။ (ဒေသနာ ၇:၂၀; ၁ ယောဟန် ၅:၁၄) အမြဲဆုတောင်းပတ္ထနာပြုနေစဉ် ဤကာလဆိုးတွင် “အကောင်းအားဖြင့် အဆိုးကိုနိုင်” ဖို့အာရုံစူးစိုက်နေရပါမည်။—ရောမ ၁၂:၂၀၊ ၂၁; ယာကုပ် ၄:၇။
၁၀။ ဒါဝိဒ်ခမျာ အဘယ်ကြောင့်စိတ်ဆင်းရဲခဲ့ရသည့်အချိန်အခါများ တွေ့ ကြုံခဲ့ရသနည်း။
၁၀ ကျွန်ုပ်တို့နည်းတူ ဒါဝိဒ်မှာလည်း ရန်သူများရှိခဲ့သည်။ သူသည် ရှောလု၏ရန်မှ ထွက်ပြေးတိမ်းရှောင်နေရ၍ လူသူရောက်ခဲသောဆိတ်ကွယ်ရာအရပ်များတွင် ပုန်းကွယ်ခိုလှုံနေရချိန်၌ဖြစ်စေ၊ ရန်သူများ၏နှိပ်စက်ခြင်းကိုခံနေရချိန်၌ဖြစ်စေ ဒါဝိဒ်ခမျာ စိတ်ဆင်းရဲရသည့်အချိန်အခါများ ကြုံတွေ့ခဲ့ရသည်။ ယင်းတို့ကြောင့် သူမည်သို့ခံစားခဲ့ရကြောင်း ဤသို့ဖော်ပြပါသည်– “ရန်သူသည် အကျွန်ုပ်၏ဝိညာဉ်ကိုညှဉ်းဆဲ၍ . . . အကျွန်ုပ်ကိုမှောင်မိုက်ထဲမှာနေစေပါ၏။ အကျွန်ုပ်သည် စိတ်ပျက်လျက် ကိုယ်အထဲ၌ နှလုံးကြေကွဲလျက်ရှိပါ၏။” (ဆာလံ ၁၄၃:၃၊ ၄) အသင်လည်း ထပ်တူခံစားရရန် အကြောင်းပေါ်ခဲ့ဖူးသလော။
၁၁။ ဘုရားသခင်၏မျက်မှောက်ခေတ်ကျေးကျွန်များသည် အဘယ်စိတ်ပူပင်စရာအချိန်များကို ရင်ဆိုင်ခဲ့ရကြသနည်း။
၁၁ ရန်သူ၏ဖိစီးမှု၊ စီးပွားရေးအကျပ်အတည်း၊ အသည်းအသန်ဖျားနာခြင်း၊ သို့မဟုတ် အခြားစိတ်ပူပင်စရာပြဿနာများကြောင့် ဘုရားသခင်၏လူအချို့သည် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပြီ။ တစ်ခါတစ်ရံ သူတို့၏နှလုံးသည် ကြေကွဲလုမတတ်ဖြစ်ခဲ့ပေပြီ။ သူတို့က “ကြီးမားကြမ်းတမ်းသောဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တစ်ဖန် အသက်ကိုချမ်းသာပေး [ပါ။] . . . တစ်ဖန် သက်သာစေတော်မူ” ပါဟုဟစ်ကြွေးခဲ့ဘိသကဲ့သို့ဖြစ်သည်။ (ဆာလံ ၇၁:၂၀၊ ၂၁) သူတို့သည် မည်သို့အကူအညီရခဲ့ကြပြီနည်း။
ရန်သူကြိုးပမ်းသမျှကို မည်သို့ရင်ဆိုင်နိုင်
၁၂။ ဒါဝိဒ်မင်းကြီးသည် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများကို မည်သို့ရင်ဆိုင်ဖြေရှင်းခဲ့သနည်း။
၁၂ ဒါဝိဒ်သည် ဘေးတွေ့ပြီး အကြီးအကျယ်ဆင်းရဲဒုက္ခခံခဲ့ရသည့်အခါ သူမည်သို့ပြုလုပ်ခဲ့ကြောင်း ဆာလံ ၁၄၃:၅ ကဤသို့တင်ပြသည်– “ရှေးလွန်လေပြီးသောကာလကိုအောက်မေ့၍ အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သောအရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။” ဘုရားသခင်သည် ကျေးကျွန်တော်များကို မည်သို့ဆက်ဆံတော်မူခဲ့ကြောင်း၊ မိမိကိုယ်တိုင် မည်သို့ကယ်နုတ်ခံခဲ့ရကြောင်းတို့ကို ဒါဝိဒ်ပြန်သတိရသည်။ ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏ကြီးမြတ်တော်မူသောနာမတော်အတွက် လုပ်ဆောင်တော်မူခဲ့သည့်အရာများကို သူပြန်ဆင်ခြင်သုံးသပ်ခဲ့သည်။ မှန်ပါသည်၊ ဘုရားသခင်၏အမှုတော်များကို ဒါဝိဒ်အမြဲအာရုံစူးစိုက်ခဲ့သည်။
၁၃။ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသည့်အခါ ရှေးခေတ်နှင့် မျက်မှောက်ခေတ် သစ္စာရှိကျေးကျွန်များ၏ပုံသက်သေကို ပြန်သုံးသပ်ကြည့်ခြင်းသည် ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကို မည်သို့အကူအညီပေးမည်နည်း။
၁၃ မိမိ၏လူမျိုးတော်နှင့် ဘုရားသခင်ဆက်ဆံပုံကို ကျွန်ုပ်တို့မကြာခဏသတိရကြသည်မဟုတ်ပေလော။ အမှန်သတိရကြမည်! ၎င်းတွင် ခရစ်ယာန်ခေတ်မတိုင်မီက “များစွာသောသက်သေအပေါင်းတို့” အကြောင်းပါဝင်သည်။ (ဟေဗြဲ ၁၁:၃၂-၃၈; ၁၂:၁) ပထမရာစုဘိသိက်ခံခရစ်ယာန်များသည် သူတို့ခံခဲ့ရသမျှနှင့် “အထက်ကာလအချိန်ကို အောက်မေ့ကြ” ရန်အားပေးတိုက်တွန်းခံခဲ့ရသည်။ (ဟေဗြဲ ၁၀:၃၂-၃၄) ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်တွင် ပြန်ဖော်ပြထားသည့် မျက်မှောက်ခေတ်ဘုရားသခင့်ကျေးကျွန်များ၏ တွေ့ ကြုံမှုများကကော အသို့နည်း။a ထိုတွင်လည်းကောင်း၊ အခြားနေရာများတွင်လည်းကောင်း မှတ်တမ်းတင်ထားသည့် အကြောင်းအရာများသည် လုပ်ငန်းပိတ်ပင်မှုများ၊ အကျဉ်းချမှုများ၊ လူအုပ်ရမ်းကားမှုများနှင့် ချွေးတပ်စခန်းများကို ခံရပ်နိုင်ရန် မိမိ၏လူမျိုးတော်ကို ယေဟောဝါမည်သို့ကူညီပေးခဲ့ကြောင်း ပြန်သတိရစေပါသည်။ စစ်ဒဏ်ခံရသည့် ဘာရွန်ဒီ၊ လိုင်ဘေးရီးယား၊ ရဝမ်ဒါနှင့် ယခင်ယူဂိုဆလားဗီးယား အစရှိသည့်နိုင်ငံများတွင် အခက်အခဲဒုက္ခအမျိုးမျိုးတို့ကိုလည်း တွေ့ကြုံခဲ့ရကြပြီ။ အတိုက်အခံပြုခံရသည့်အခါ ဘုရားသခင့်ကျေးကျွန်များသည် ယေဟောဝါနှင့်ဆက်ဆံရေးကောင်းသောကြောင့် ခံနိုင်ရည်ရှိခဲ့ကြပါသည်။ ဘုရားသခင့်အလိုတော်ကို အထွတ်အထိပ်ထားသူများအား ကိုယ်တော်မစကူညီပေးတော်မူခဲ့ပြီ။
၁၄။ (က) ကျွန်ုပ်တို့၏ အခြေအနေနှင့် တူညီဖွယ်ရှိသော အခြေအနေမျိုးကိုတွေ့ ကြုံရသူတစ်ဦးကို ဘုရားသခင်ထောက်မ ကူညီပေးခဲ့ခြင်းဆိုင်ရာ ပုံနမူနာတစ်ခုကားအဘယ်နည်း။ (ခ) ထိုပုံနမူနာမှ အဘယ်အရာကို သိရှိရပါသနည်း။
၁၄ သို့ရာတွင် ဤကဲ့သို့သောရက်စက်ကြမ်းတမ်းမှုများကို သင်တစ်ခါမျှမခံစားခဲ့ဖူး၍ ခံစားရမည်လည်းမဟုတ်ပါဟုအထင်ရှိကြောင်း ပြန်ပြောဆိုပေမည်။ သို့သော် ဘုရားသခင်၏လူမျိုးတော်ကို ကိုယ်တော်မစကူညီခြင်းသည် ထူးခြားသည့်အခြေအနေဟု အချို့ယူမှတ်ကြမည့် အခြေအနေမျိုး၌သာမဟုတ်ပါ။ “သာမန်” အခြေအနေများတွင် “သာမည” သူများကို ကိုယ်တော်ထောက်မကူညီပေးတော်မူခဲ့ပြီ။ ဥပမာအများအနက် ၁၉၉၆၊ ဒီဇင်ဘာလ ၁ ရက်ထုတ် ကင်းမျှော်စင် တွင်ပနဲလပီ မာခရစ္စ၏အကြောင်းပါခဲ့သည်။ ခရစ်ယာန်သမာဓိအတွက် အလွန်ကောင်းသော ပုံသက်သေပါတကား! အိမ်နီးချင်းများ၏အနှောင့်အယှက်ကို သူမခံရပ်ခဲ့ပုံ၊ အသည်းအသန်မမာမကျန်းမှုများကို သူမတိုက်လှန်ခဲ့ပုံ၊ အချိန်ပြည့်ဓမ္မအမှုကို ဆက်ဆောင်ရွက်နိုင်ရန် သူမ၏ကြိုးစားမှုများကို သင်သတိရသလော။ မစ်တ်လီနီမြို့၌ သူမ၏အားရစရာတွေ့ကြုံမှုကိုကော သင်သတိရပါသလော။ ဆိုလိုချက်မှာ၊ ဤကဲ့သို့သောပုံသက်သေများသည် ကျွန်ုပ်တို့၏အသက်တာတွင် ဦးစားထားစရာများကို သတ်မှတ်ရန်၊ ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းကို ရှေးဦးထားရန် ကျွန်ုပ်အားလုံးအတွက်အကူအညီများဖြစ်ကြောင်း သင်သဘောပေါက်သလော။
၁၅။ ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်သင့်သော ယေဟောဝါ၏လုပ်ငန်းတော်အချို့ကားအဘယ်နည်း။
၁၅ ယေဟောဝါ၏လုပ်ငန်းတော်များကို ဒါဝိဒ်နည်းတူ ဆင်ခြင်သုံးသပ်ရန် ကျွန်ုပ်တို့ကို တိုက်တွန်းပေးပါသည်။ မိမိရည်ရွယ်တော်မူချက်ပြည့်စုံရန်လုပ်ဆောင်ရာတွင် သားတော်၏သေခြင်း၊ ထမြောက်ခြင်းနှင့် ဘုန်းထင်ရှားခြင်းအားဖြင့် ကယ်တင်ခြင်းရရှိရန် ယေဟောဝါစီစဉ်ထားတော်မူသည်။ (၁ တိမောသေ ၃:၁၆) ကိုယ်တော်သည် ကောင်းကင်နိုင်ငံတော်ကို တည်ထောင်တော်မူခဲ့ပြီ၊ စာတန်နှင့် သူ၏နတ်ဆိုးများကိုကောင်းကင်မှ နှင်ထုတ်တော်မူခဲ့ပြီ၊ ကမ္ဘာမြေကြီးပေါ်တွင် စစ်မှန်သောဝတ်ပြုရေး ပြန်လည်တည်ရှိစေတော်မူခဲ့ပြီ။ (ဗျာဒိတ် ၁၂:၇-၁၂) ဝိညာဏပရဒိသုကို တည်ထောင်တော်မူပြီး လူမျိုးတော်၏အရေအတွက်ကို တိုးပွားစေတော်မူခဲ့ပြီ။ (ဟေရှာယ ၃၅:၁-၁၀; ၆၀:၂၂) ကိုယ်တော်၏လူမျိုးတော်သည် ကြီးစွာသောဒုက္ခမတိုင်မီ နောက်ဆုံးအနေနှင့် ယခုသက်သေခံနေကြပါသည်။ (ဗျာဒိတ် ၁၄:၆၊ ၇) မှန်ပါ၏၊ ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်စရာအကြောင်း များစွာရှိပါသည်။
၁၆။ အဘယ်အရာကိုဂရုစိုက်နေရန် ကျွန်ုပ်တို့အားပေးခံရပြီး ယင်းသို့ပြုခြင်းက ကျွန်ုပ်တို့အား အဘယ်အရာကိုစွဲမှတ်စေမည်နည်း။
၁၆ လူ့ ကြိုးပမ်းမှုများကိုမဟုတ် ဘုရားသခင်၏လက်ရာတော်များကို ဂရုစိုက်နေခြင်းက ယေဟောဝါ၏အသုံးချတန်ခိုးတော်ကို လွန်ဆန်၍မရနိုင်ကြောင်း ကျွန်ုပ်တို့ကို စွဲမှတ်စေသည်။ ၎င်းလက်ရာတော်များသည် ကောင်းကင်နှင့် ဤကမ္ဘာမြေကြီးပေါ်ရှိ အံ့မခန်းဖွယ်ရူပဖန်ဆင်းခြင်းလက်ရာတော်များသာ မဟုတ်ပါ။ (ယောဘ ၃၇:၁၄; ဆာလံ ၁၉:၁; ၁၀၄:၂၄) ရှေးခေတ်တွင် ဘုရားသခင်ရွေးချယ်ထားတော်မူသောလူမျိုး၏ တွေ့ ကြုံမှုများက ဖော်ပြသည့်အတိုင်း ကိုယ်တော်၏အံ့မခန်းဖွယ်လက်ရာတော်များ၌ ရန်သူတို့၏ဖိစီးမှုမှ လူမျိုးတော်ကိုကယ်နုတ်ခြင်းအမှုများ ပါဝင်ပါသည်။—ထွက်မြောက်ရာ ၁၄:၃၁; ၁၅:၆။
သွားလာရန်လမ်းစဉ်ကို သိရှိခြင်း
၁၇။ ယေဟောဝါသည် ဒါဝိဒ်အတွက် မည်မျှတကယ်ဖြစ်တော်မူသနည်း။ ယင်းကြောင့် ကျွန်ုပ်တို့မည်သို့အားတက်နိုင်သနည်း။
၁၇ ဒါဝိဒ်သည် မိမိ၏အသက်ငွေ့ခန်းခြောက်မည်ကိုစိုးရိမ်၍ ဤသို့ဆုတောင်းခဲ့သည်– “သွေ့ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ် [“စိုးလ်၊” ကဘ] သည် ကိုယ်တော်ကိုတောင့်တပါ၏။ အိုထာဝရဘုရား၊ အလျင်အမြန်နားထောင်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲတော်မူသဖြင့် တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကိုဖြစ်စေတော်မမူပါနှင့်။” (ဆာလံ ၁၄၃:၆၊ ၇) အပြစ်သားဖြစ်သူဒါဝိဒ်သည် မိမိ၏အခြေအနေကို ဘုရားသခင်သိတော်မူကြောင်း သဘောပေါက်ပါသည်။ (ဆာလံ ၃၁:၇) ကျွန်ုပ်တို့လည်း မိမိတို့၏ဝိညာဉ်ရေး အလွန်လျော့နည်းနေသည်ဟု တစ်ခါတစ်ရံ ခံစားရပေမည်။ သို့သော် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေမဟုတ်ပါ။ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားညောင်းတော်မူသော ယေဟောဝါသည် မေတ္တာရှိသောအကြီးအကဲများအားဖြင့်ဖြစ်စေ၊ ကင်းမျှော်စင် ပါဆောင်းပါးများအားဖြင့်ဖြစ်စေ၊ ကျွန်ုပ်တို့အတွက်ရည်ရွယ်ပြီး စီစဉ်ထားပုံရှိသော အစည်းအဝေးအပိုင်းများအားဖြင့်ဖြစ်စေ စိတ်လန်းဆန်းမှုရရှိစေခြင်းဖြင့် အခြေအနေအလျင်အမြန်ပြန်ကောင်းလာစေပါလိမ့်မည်။—ဟေရှာယ ၃၂:၁၊ ၂။
၁၈၊ ၁၉။ (က) ယေဟောဝါအား မည်သို့စိတ်ထက်သန်စွာအသနားခံသင့်သနည်း။ (ခ) အဘယ်အရာကို ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။
၁၈ ယေဟောဝါအပေါ် ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုက “ကရုဏာတော်စကားသံကို အလျင်အမြန်ကြားစေတော်မူပါ။ ကိုယ်တော်၌ကိုးစားပါ၏။ ကိုယ်သွားရမည့်လမ်းကို သိစေတော်မူပါ” ဟုကိုယ်တော်ကိုအသနားခံရန် တိုက်တွန်းပေးပါသည်။ (ဆာလံ ၁၄၃:၈) ကိုယ်တော်သည် ဂရိကျွန်းတစ်ကျွန်းပေါ် သီးခြားနေထိုင်ခဲ့ရသူ ညီအစ်မမာခရစ္စကို စိတ်ပျက်စေခဲ့ပါသလော။ သို့ဖြစ်၍ သင့်ဘဝတွင် ကိုယ်တော့်အလိုတော်ဆောင်ရွက်ခြင်းကို အထွတ်အထိပ်ထားစဉ် သင့်ကို ကိုယ်တော်စိတ်ပျက်စေပါမည်လော။ မာရ်နတ်နှင့် သူ၏ကိုယ်စားလှယ်များသည် ကျွန်ုပ်တို့ပြုလုပ်နေသော ဘုရားသခင့်နိုင်ငံတော်သတင်းကြွေးကြော်ခြင်းလုပ်ငန်းကို တားဆီးရန် သို့မဟုတ် လုံးလုံးလျားလျားရပ်ဆိုင်းသွားစေရန် အလိုရှိသည်။ ကျွန်ုပ်တို့သည် စစ်မှန်သောဝတ်ပြုရေးကို အတော်အသင့်ခွင့်ပြုထားသည့်နိုင်ငံတွင်ရှိသည်ဖြစ်စေ၊ ဖိနှိပ်ထားသည့် နိုင်ငံတွင်ရှိသည်ဖြစ်စေ ကျွန်ုပ်တို့၏စုပေါင်းဆုတောင်းချက်သည် ဒါဝိဒ်၏ ဤအသနားခံချက်နှင့် ညီညွတ်ပါသည်– “အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ ကိုယ်တော်ကို ခိုလှုံပါ၏။” (ဆာလံ ၁၄၃:၉) ဝိညာဏဘေးမှကျွန်ုပ်တို့လွတ်မြောက်နိုင်ဖို့ အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်၌ နေထိုင်ရမည်ဖြစ်သည်။—ဆာလံ ၉၁:၁။
၁၉ အဘယ်အရာကို အထွတ်အထိပ်ထားရမည်နှင့်ပတ်သက်သော ကျွန်ုပ်တို့၏ခံယူချက်သည် အခြေအမြစ်ခိုင်လုံပါသည်။ (ရောမ ၁၂:၁၊ ၂) ထို့ကြောင့် လူ့စီမံကိန်းအရ အရေးကြီးသည်ဟုအထင်ရှိသောအရာကို ကျွန်ုပ်တို့ပါအထင်ကြီးလာရန် ဤလောက၏ကြိုးပမ်းမှုများကို ငြင်းပယ်ပါ။ သင့်အသက်တာတွင် အထွတ်အထိပ်ထားရမည့်အရာဟု သင်သိသော ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို ဘဝကဏ္ဍအသီးသီးတွင် ဆက်ထင်ရှားပြပါ။—မဿဲ ၆:၁၀; ၇:၂၁။
၂၀။ (က) ဆာလံ ၁၄၃:၁-၉ တွင်ဒါဝိဒ်အကြောင်း ကျွန်ုပ်တို့ဘာကိုသိရှိခဲ့ရသနည်း။ (ခ) ယနေ့ခရစ်ယာန်များသည် ဒါဝိဒ်၏စိတ်ဓာတ်ကို မည်သို့တင်ပြနေကြသနည်း။
၂၀ ဆာလံ ၁၄၃ ၏ပထမအခန်းငယ်ကိုးခုက ယေဟောဝါနှင့်ဒါဝိဒ်၏ ရင်းနှီးသောပုဂ္ဂလိကဆက်ဆံရေးကို အလေးအနက်ဖော်ပြပါသည်။ သူသည် ရန်သူများ၏ ညှပ်ပူးညှပ်ပိတ်ဝိုင်းရံမှုကိုခံခဲ့ရချိန်တွင် ဘုရားသခင်၏လမ်းပြညွှန်ကြားမှုကို လွတ်လွတ်လပ်လပ်တောင်းခံခဲ့သည်။ သူသည် သွားလာရမည့်လမ်းမှန်ကို ပြတော်မူပါဟု ရင်ဖွင့်တောင်းဆိုခဲ့သည်။ ယနေ့လည်း မြေကြီးပေါ်ရှိ ဝိညာဉ်တော်ဘိသိက်ခံ အကြွင်းအကျန်များနှင့် သူတို့၏အပေါင်းအဖော်များအတွက် ထပ်တူပင်ဖြစ်သည်။ လမ်းပြညွှန်ကြားပေးပါရန် သူတို့အသနားခံကြစဉ် ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေးကို တန်ဖိုးထားကြပါသည်။ မာရ်နတ်နှင့် ဤလောကသည် သူတို့ကို အမျိုးမျိုးဖိစီးနေလျက်နှင့်ပင် ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းကို ရှေးဦးထားကြသည်။
၂၁။ ကျွန်ုပ်တို့၏အသက်တာတွင် အဘယ်အရာကိုအထွတ်အထိပ်ထားသင့်ကြောင်း သူတစ်ပါးကိုသွန်သင်ပေးရလျှင် ကျွန်ုပ်တို့ကိုယ်တိုင် ပုံသက်သေကောင်းရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၂၁ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ခြင်းသည် အထွတ်အထိပ်ထားရမည့်အရာဖြစ်ကြောင်းကို ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေသူ သန်းပေါင်းများစွာတို့ အသိအမှတ်ပြုရန် လိုအပ်နေပါသည်။ တရားကိုလိုက်နာသောသူဖြစ်ခြင်းတွင် အဘယ်မူများပါဝင်ပတ်သက်နေကြောင်း အလေးအနက်ဖော်ပြထားသော ထာဝရအသက်ရစေသော အသိပညာ စာအုပ် အခန်း ၁၃ ကိုဆွေးနွေးသည့်အခါ ယင်းကိုသဘောပေါက်ရန် အကူအညီရနိုင်ပါလိမ့်မည်။b သူတို့ကို ကျွန်ုပ်တို့သင်ပေးနေသည့်အရာများသည် ကျွန်ုပ်တို့တွင်ထင်ရှားနေသည်ကို သူတို့တွေ့ မြင်သင့်သည်။ အချိန်တိုကလေးအတွင်းပင် သူတို့သွားလာသင့်သောလမ်းစဉ်ကို သိရှိနားလည်လာကြပါလိမ့်မည်။ ဤသန်းပေါင်းများစွာသောသူတို့သည် မိမိတို့၏အသက်တာတွင် အဘယ်အရာသည် အရေးအကြီးဆုံးဖြစ်သင့်ကြောင်းကို ကိုယ်တိုင်သဘောပေါက်လာကြသည့်အခါ များစွာသောသူတို့သည် ဆက်ကပ်အပ်နှံ၍ နှစ်ခြင်းယူရန် လှုံ့ဆော်ခံရပါလိမ့်မည်။ ထို့နောက် အသက်လမ်းစဉ်အတိုင်း သူတို့ဆက်လျှောက်လှမ်းကြရန် အသင်းတော်က အကူအညီပေးနိုင်ပါလိမ့်မည်။
၂၂။ နောက်ဆောင်းပါးတွင် အဘယ်မေးခွန်းများကို ဆွေးနွေးမည်နည်း။
၂၂ ဘုရားသခင်၏အလိုတော်ဆောင်ရွက်ခြင်းသည် သူတို့၏ဘဝအသက်တာတွင် အဓိကဖြစ်ကြောင်း လူအများချက်ချင်းအသိအမှတ်ပြုကြသည်။ သို့သော် ယေဟောဝါသည် အလိုတော်ထမ်းဆောင်ရန် ကိုယ်တော်၏ကျေးကျွန်များကို မည်သို့တဖြည်းဖြည်း သွန်သင်ပေးတော်မူခဲ့သနည်း။ ယင်းက သူတို့အတွက် အဘယ်အကျိုးသက်ရောက်စေပါသနည်း။ ဤမေးခွန်းများနှင့်အတူ အဓိကအခန်းငယ်တစ်ခုဖြစ်သည့် ဆာလံ ၁၄၃:၁၀ ကိုနောက်ဆောင်းပါးတွင် ဆွေးနွေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မြို့မှ ၁၉၉၃ ခုတွင်ထုတ်ဝေသည်။
b ၁၉၉၅ ခုနှစ်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မြို့မှထုတ်ဝေသည်။
သင့်အဖြေကား အဘယ်နည်း
◻ ဖိလိပ္ပိ ၁:၉၊ ၁၀ ကိုလက်တွေ့ကျင့်သုံးခြင်းအားဖြင့် ဦးစားထားရာများကို မည်သို့သတ်မှတ်နိုင်မည်နည်း။
◻ ယေရှု၏ဘဝအသက်တာတွင် အဘယ်အရာသည် အထွတ်အထိပ် ဖြစ်ကြောင်း ကိုယ်တော်မည်သို့တင်ပြတော်မူခဲ့သနည်း။
◻ ဆင်းရဲဒုက္ခခံရသည့်အခါ ဒါဝိဒ်၏အပြုအမူများမှ အဘယ်သင်ခန်းစာရယူနိုင်သနည်း။
◻ ဆာလံ ၁၄၃:၁-၉ ကယနေ့ကျွန်ုပ်တို့ကို အဘယ်နည်းဖြင့်အကူအညီပေးသနည်း။
◻ ကျွန်ုပ်တို့၏အသက်တာတွင် အဘယ်အရာကိုအထွတ်အထိပ်ထားသင့်သနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
Illustrirte Pracht - Bibel/Heilige Schrift des Alten und Neuen Testaments, nach der deutschen Uebersetzung D. Martin Luther’s မှ ပြန်ထုတ်ဖော်ပြထားသည်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါကို ဒါဝိဒ်ယုံကြည်ကိုးစားကြောင်း သူ၏အပြုအမူများက သက်သေထူ