ယေဟောဝါသည် ငါ၏ခိုလှုံရာဖြစ်ခဲ့ပြီ
ပနဲလပီ မာခရစ္စပြောပြသည်
“သမီးယောက်ျားကို ကွာလိုက်ပါ; သမီးအစ်ကိုတွေက သူ့ထက်ကောင်းတဲ့လူကို ရှာပေးလိမ့်မယ်” ဟုကျွန်မအမေက ကျွန်မကို အပူတပြင်းတောင်းပန်တယ်။ ကျွန်မကိုချစ်တဲ့မေမေက ကျွန်မကို ဘာကြောင့်အိမ်ထောင်ကွဲစေချင်တာလဲ။ ဘာကြောင့်သူဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။
စမော့စ်ကျွန်းပေါ်ရှိ အဲမ်ဘီလော့စ်ရွာကလေးမှာ ၁၈၉၇ ခုကကျွန်မမွေးတယ်။ ကျွန်မတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဂရိသြသဒေါက်အသင်းသားတွေဖြစ်ကြတယ်။ ကျွန်မမမွေးခင်ကလေးမှာပဲ အဖေဆုံးသွားတယ်။ ဒါနဲ့ဆင်းရဲချို့ငဲ့ရတဲ့အဲ့ဒီအချိန်မှာ ဆက်အသက်ရှင်နိုင်ဖို့ အမေရယ်၊ ကျွန်မအစ်ကိုသုံးယောက်နဲ့ကျွန်မတို့ တပင်တပန်းအလုပ်လုပ်ကိုင်ခဲ့ကြရတယ်။
၁၉၁၄ ခုနှစ်မှာပထမကမ္ဘာစစ်ဖြစ်ခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မအစ်ကိုကြီးနှစ်ယောက် စစ်ထဲဝင်ဖို့ အမိန့်ရတယ်။ ဒါပေမဲ့အဲ့ဒါကိုရှောင်ဖို့ အမေ၊ အစ်ကိုငယ်နဲ့ ကျွန်မတို့ကို ချန်ထားပြီး အမေရိကန်ကို သူတို့ပြောင်းရွှေ့နေထိုင်ကြတယ်။ နောက် လေးငါးနှစ်ကြာတော့ ၁၉၂၀ မှာ ကျွန်မတို့ရွာကကျောင်းဆရာ၊ သမီထရစ္စနဲ့ ကျွန်မအိမ်ထောင်ပြုလိုက်တယ်။
အရေးပါသောလည်ပတ်မှု
ကျွန်မအိမ်ထောင်ကျပြီး မကြာခင်မှာပဲ အမေရိကားကနေ အမေ့အစ်ကိုလာလည်တယ်။ သူက ချားလ်စ်တေဇ်ရပ်စယ်လ်ရေးတဲ့ ကျမ်းစာစောင်များမှ လေ့လာစရာများစာအုပ်တွဲကတစ်အုပ်ကိုယူလာတယ်။ အဲ့ဒါဟာ အခုယေဟောဝါသက်သေတွေလို့ခေါ်တဲ့ ကျမ်းစာကျောင်းသားတွေရဲ့စာအုပ်ပေါ့။
အဲ့ဒီစာအုပ်ကို သမီထရစ္စဖွင့်လိုက်တော့ ကလေးဘဝကတည်းက သူသိချင်ခဲ့တဲ့ “လူသေသွားရင် ဘာဖြစ်သွားသလဲ” ဆိုတဲ့အကြောင်းကို သတိပြုမိတယ်။ အထက်တန်းတုန်းက အဲ့ဒီအကြောင်းကိုပဲ ဂရိ. . . အသင်းဆရာတစ်ယောက်ကို သူမေးခဲ့ပေမဲ့ ကျေနပ်လောက်တဲ့အဖြေ မရရှာဘူး။ အဲ့ဒီစာအုပ်ထဲမှာပါတဲ့ ရှင်းလင်းပြတ်သားပြီး အကျိုးအကြောင်းဆီလျော်တဲ့ရှင်းပြချက်ကို သူသဘောကျလွန်းလို့ ဂရိအမျိုးသားတွေစုဝေးတတ်တဲ့ ရွာကော်ဖီဆိုင်ကိုချက်ချင်းသွားလေရော။ အဲ့ဒီမှာ ကျမ်းစာထဲက သူတတ်သိလာတဲ့အကြောင်းတွေကို ပြောပြတော့တယ်။
ကျမ်းစာသမ္မာတရားဘက် ကျွန်မတို့ရပ်တည်
အဲ့ဒီအချိန်—၁၉၂၀ ပြည့်နှစ်အစောပိုင်း—လောက်မှာ ဂရိနိုင်ငံမှာ နောက်ထပ်စစ်ဖြစ်နေတယ်။ သမီထရစ္စဟာ ဥပဒေအတိုင်း စစ်မှုထမ်းရတယ်။ အာရှမိုင်းနား၊ တူရကီပြည်ကို သူအပို့ခံခဲ့ရတယ်။ ဒဏ်ရာရပြီး အိမ်ပြန်ရောက်လာတယ်။ သူနာလန်ထပြီးနောက် အာရှမိုင်းနား၊ စမာနာမြို့ (ယခုတူရကီနိုင်ငံ၊ အဇ္ဇမာမြို့) ကိုသူနဲ့အတူကျွန်မလိုက်သွားတယ်။ ၁၉၂၂ ခုမှာစစ်ရုတ်တရက်ပြီးသွားတော့ ကျွန်မတို့ထွက်ပြေးကြရတယ်။ တကယ်တော့ လွတ်ရုံသီသီကလေး စမော့စ်ကို အကြီးအကျယ်ပျက်စီးနေတဲ့သင်္ဘောကိုစီးပြီးရောက်လာတယ်။ အိမ်ရောက်တော့ ဒူးထောက်ပြီး ကျွန်မတို့အနည်းအကျဉ်းသာသိကျွမ်းသေးတဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းကြတယ်။
မကြာမီမှာပဲ ကျွန်းရဲ့မြို့တော်၊ ဗာသီမှာ စာသင်ဖို့သမီထရစ္စခန့်အပ်ခံရတယ်။ ကျမ်းစာကျောင်းသားတွေရဲ့ စာအုပ်စာတမ်းတွေကို သူဆက်ဖတ်နေတယ်။ မိုးရွာတဲ့ညတစ်ညမှာ ခီအော့စ်လို့ခေါ်တဲ့ကျွန်းကနေ ကျမ်းစာကျောင်းသားနှစ်ယောက် ရောက်လာတယ်။ ဟိုတုန်းက အချိန်ပြည့်ဧဝံဂေလိတရားဟောသူတွေကိုခေါ်ခဲ့ကြတဲ့ ကော်လ်ပေါ်တာတွေအဖြစ်အမှုဆောင်ဖို့ အမေရိကန်ပြည်ကနေ သူတို့ပြန်လာကြတယ်။ အဲ့ဒီည ကျွန်မတို့အိမ်မှာတည်းကြပြီး ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အကြောင်းအမျိုးမျိုးပြောပြတယ်။
အဲ့ဒီနောက်သမီထရစ္စက “ပနဲလပီ၊ ဒါဟာသမ္မာတရားဆိုတာ ငါသိပြီ။ ဒီအတိုင်းငါလုပ်ရလိမ့်မယ်။ ဒါကြောင့် . . . ချာ့ချ်ထဲမှာ ငါသီချင်းမဆိုနိုင်တော့ဘူး။ ကျောင်းသားတွေနဲ့လည်း ချာ့ချ်မတက်နိုင်ဘူး” လို့ကျွန်မကိုပြောတယ်။ ယေဟောဝါအကြောင်း ကျွန်မတို့နည်းနည်းပဲသိရသေးပေမဲ့ ကိုယ်တော့်အမှုကိုထမ်းချင်တဲ့စိတ်က ပြင်းထန်ခဲ့တယ်။ ဒါနဲ့ကျွန်မက “အစ်ကို့ကို မတားပါဘူး။ ဆက်သာလုပ်ပါ” လို့ဖြေတယ်။
“ဟုတ်ပါပြီ၊ ဒါပေမဲ့ငါတို့ခြေလှမ်းကို သိသွားကြရင် ငါအလုပ်ပြုတ်မယ်” လို့သူကဆုတ်ဆိုင်းဆိုင်းနဲ့ ဆက်ပြောတယ်။
“ဘာဖြစ်လဲ၊ လူတိုင်းကျောင်းစာသင်ပြီး အသက်မွေးနေလို့လား။ ကျွန်မတို့အသက်ငယ်သေးတယ်၊ သန်သန်မာမာလည်းရှိတာပဲ။ ဘုရားအကူအညီနဲ့ တခြားအလုပ်ရမှာပါ” လို့ကျွန်မပြောတယ်။
အဲ့ဒီအချိန်လောက်မှာ နောက်ထပ်ကျမ်းစာကျောင်းသား—နောက်ကော်လ်ပေါ်တာ—တစ်ယောက် စမော့စ်ရွာကိုရောက်နေတယ်လို့သတင်းရတယ်။ ရဲတွေက သမ္မာကျမ်းစာဟောပြောချက်ပေးဖို့ သူ့ကိုခွင့်မပေးဘူးလို့ကြားတော့ သူ့ကိုကျွန်မတို့လိုက်ရှာတယ်။ ဆိုင်တစ်ဆိုင်မှာ . . . အသင်းဆရာနှစ်ယောက်နဲ့ သူဆွေးနွေးနေတာသွားတွေ့တယ်။ အဲ့ဒီကျမ်းစာဆရာတွေဟာ ကိုယ့်ယုံကြည်ချက်ကို ကျမ်းစာနဲ့ခုခံမပြောနိုင်လို့ရှက်ပြီး ခဏကြာတော့ ထွက်သွားကြရော။ ကျွန်မယောက်ျားဟာ ကော်လ်ပေါ်တာရဲ့အသိပညာကို အထင်ကြီးလေးစားသွားပြီး “ကျမ်းစာကို ဒီလောက်အလွယ်တကူ ဘယ်လိုသုံးတတ်တာလဲ” လို့မေးတယ်။
သူက “ကျွန်တော်တို့ကျမ်းစာကို စနစ်တကျလေ့လာကြလို့” ဆိုပြီးပြန်ဖြေတယ်။ နောက်သူ့အိတ်ကိုဖွင့်ပြီး ဘုရားသခင့်စောင်းတော်ဆိုတဲ့စာအုပ်ကို ဘယ်လိုလေ့လာနိုင်တယ်ဆိုတာကို ပြပေးတယ်။ ကျွန်မတို့ကတတ်ချင်လွန်းလို့ ကျွန်မတို့လင်မယား၊ ကော်လ်ပေါ်တာနဲ့ နောက်လူနှစ်ယောက်ပါ ဆိုင်ရှင်အိမ်ကိုချက်ချင်းလိုက်သွားတယ်။ ကော်လ်ပေါ်တာက ကျွန်မတို့တို ဘုရားသခင့်စောင်းတော်တစ်အုပ်စီပေးပြီး ကျမ်းစာစသင်တယ်။ သန်းခေါင်ကျော်ကျော်အထိ ဆက်သင်အံပြီးတော့ မိုးလင်းခါနီးမှာ ကျမ်းစာကျောင်းသားတွေဆိုကြတဲ့သီချင်းတွေကို စသင်ယူကြတယ်။
အဲ့ဒီအချိန်ကစပြီး သမ္မာကျမ်းစာကို ကျွန်မနေ့တိုင်းသုံးလေးနာရီလောက်လေ့လာတယ်။ ကျမ်းစာကျောင်းသားတွေကလည်း နိုင်ငံခြားကနေ ကျွန်မတို့ကျမ်းစာသင်အံဖို့ စာအုပ်တွေအမြဲပို့ပေးတယ်။ ၁၉၂၆ ဇန်နဝါရီမှာ ဘုရားသခင်ရဲ့အလိုတော်ကိုခြွင်းချက်မရှိ ဆောင်ရွက်မယ်လို့ကတိပြုဆုတောင်းပြီး ကိုယ့်ကိုယ်ကိုဆက်ကပ်အပ်နှံလိုက်ကြတယ်။ အဲ့ဒီနွေမှာပဲ ကျွန်မတို့ဇနီးမောင်နှံဟာ ဆက်ကပ်အပ်နှံခြင်းကို သက်သေပြတဲ့အနေနဲ့ နှစ်ခြင်းယူခဲ့တယ်။ ကျွန်မတို့သိလာတဲ့အကြောင်းတွေကို သူများကိုအရမ်းပြောပြချင်လို့ မျှော်လင့်ချက်ပေးသောသတင်းဝေစာနဲ့ အိမ်ပေါက်စေ့ဓမ္မအမှုမှာစပါဝင်ခဲ့ကြပါတယ်။
အပြင်းအထန်အတိုက်အခံပြုမှုကို ခံရပ်ခြင်း
တစ်နေ့ကျတော့ အမျိုးသမီးငယ်တစ်ယောက်က . . . ဘုရားရှိခိုးကျောင်းကလေးတစ်ခုကိုလိုက်ပြီး ဘုရားရှိခိုးဖို့ ကျွန်မကိုဖိတ်တယ်။ “အဲ့ဒီလိုနည်းနဲ့ ကျွန်မဘုရားမရှိခိုးတော့ဘူး။ အခုကျမ်းစာသွန်သင်ထားတဲ့အတိုင်း ဘုရားသခင်ကို နာမ်ဝိညာဉ်နဲ့၊ သမ္မာတရားနဲ့ပဲ ရှိခိုးတော့တယ်” လို့ကျွန်မရှင်းပြတယ်။ (ယောဟန် ၄:၂၃၊ ၂၄) သူအရမ်းအံ့ဩသွားပြီး လူတကာကိုလိုက်ပြောတာနဲ့ ကျွန်မခင်ပွန်းကိုပါအမှုပတ်စေတယ်။
အားလုံးလိုလိုပဲ အတိုက်အခံလုပ်ကြရော။ ဘယ်မှာမှ—အိမ်ထဲမှာရော၊ ကျွန်းပေါ်ကစိတ်ဝင်စားသူ လူနည်းစုနဲ့လုပ်တဲ့အစည်းအဝေးတွေမှာရော—ငြိမ်သက်မှုမရှိတော့ဘူး။ ဩသဒေါက်ဓမ္မဆရာတွေတိုက်တွန်းပေးလို့ အစည်းအဝေးခန်းမအပြင်မှာ လူစုဝေးလာပြီး ခဲတွေနဲ့ပေါက်၊ စော်ကားမော်ကားပြောဆိုကြရော။
မျှော်လင့်ချက်ပေးသောသတင်းဝေစာကို ဝေငှနေတုန်းမှာ ကလေးတွေဝိုင်းလာပြီး “အနှစ်တစ်ထောင်သမားတွေ” လို့ရော တခြားရှုတ်ချပြီးပြောဆိုတဲ့စကားတွေကိုရော အော်ဟစ်ပြောဆိုကြတယ်။ ကျွန်မခင်ပွန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ကိုပြဿနာစလုပ်ကြတယ်။ ၁၉၂၆ ခုနှစ်အကုန်မှာ သူ့ကိုအမှုစစ်ပြီး ပြည်သူ့ကျောင်းဆရာ မဖြစ်ထိုက်ဘူးဆိုတဲ့စီရင်ချက်ခံရပြီး ၁၅ ရက်ထောင်ဒဏ်ပေးခံရတယ်။
ဒီအကြောင်းကိုအမေသိတော့ ကျွန်မခင်ပွန်းကိုကွာဖို့ပြောတာ။ ကျွန်မက “မေမေ့ကို ကျွန်မဘယ်လောက်ချစ်ကြောက်ရိုသေတယ်ဆိုတာကို မေမေသိပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ယေဟောဝါဘုရားသခင်ကို ကျွန်မတို့ကိုးကွယ်တာကိုတော့ တားခွင့်မပေးနိုင်ဘူး” လို့ဖြေလိုက်တယ်။ အကြီးအကျယ်စိတ်ဆိုးပြီး သူ့ရွာသူပြန်သွားရော။
၁၉၂၇ ခုနှစ်ကျတော့ အေသင်မြို့မှာ ကျမ်းစာကျောင်းသားတွေရဲ့အစည်းအဝေးတစ်ခုကို ကျင်းပခဲ့တယ်။ အဲ့ဒီအစည်းအဝေးကို ကျွန်မတို့သွားတက်ဖို့ ယေဟောဝါလမ်းဖွင့်ပေးခဲ့တယ်။ ယုံကြည်သူချင်းအများကြီးနဲ့အတူ စည်းဝေးခွင့်ရလို့ အရမ်းပျော်ခဲ့ရပြီး ဝိညာဉ်ခွန်အားလည်း အကြီးအကျယ်ရခဲ့တယ်။ စမော့စ်ရွာကိုပြန်ရောက်တဲ့အခါ လောကီအုပ်ချုပ်သူများထံ သက်သေခံချက်တစ်ခုဆိုတဲ့ဝေစာ ၅,၀၀၀ ကိုကျွန်မတို့ကျွန်းပေါ်က မြို့တွေရွာတွေမှာ ဝေငှခဲ့ကြတယ်။
အဲ့ဒီအချိန်လောက်မှာ ကျောင်းဆရာအဖြစ်ကနေ သမီထရစ္စအလုပ်ဖြုတ်ခံရပြီး ကျွန်မတို့ကိုလူတွေစိတ်စွန်းကွက်ကြလို့ အလုပ်ရဖို့ အတော်ခက်ခဲခဲ့တယ်။ ဒါပေမဲ့ကျွန်မကစက်ချုပ်တတ်ပြီး သမီထရစ္စက ဆေးသုတ်ကျွမ်းကျင်သူဖြစ်တဲ့အတွက် အဆင်ပြေသင့်သလောက်ပြေပါတယ်။ ၁၉၂၈ ခုနှစ်ကျတော့ကျွန်မခင်ပွန်းနဲ့အတူ စမော့စ်ရွာက တခြားခရစ်ယာန်ညီအစ်ကိုလေးယောက်ဟာ သတင်းကောင်းဟောလို့ ထောင်နှစ်လကျတယ်။ အကျဉ်းမကျတဲ့ကျမ်းစာကျောင်းသားရယ်လို့ ကျွန်မတစ်ယောက်တည်းရှိတော့ သူတို့အတွက် ထောင်ထဲကိုအစာပို့ပေးနိုင်ခဲ့တယ်။
အသည်းအသန်မမာမချာဖြစ်ခြင်းကို ကြံ့ကြံ့ခံခြင်း
တစ်ချိန်မှာ ဟိုတုန်းကဖြစ်ခဲတဲ့ တျူဘာကူလာ ဆပေါန်ဒီလိုက်တစ္စလို့ခေါ်တဲ့ နာတာရှည်ရောဂါတစ်မျိုးကျွန်မဖြစ်သွားတယ်။ အစာစားချင်စိတ်မရှိဘဲ အမြဲကိုယ်ပူနေတယ်။ ရောဂါကုဖို့ ကျွန်မလည်ပင်းကနေပေါင်အထိ ပလာစတာကိုင်ထားရတယ်။ ဆက်ဆေးကုနိုင်ဖို့ ကုန်ကျစရိတ်အတွက် ကျွန်မခင်ပွန်းက မြေတစ်ကွက်ရောင်းလိုက်ရတယ်။ စိတ်ဓာတ်ကျလွန်းလို့ ခွန်အားရှိဖို့အတွက် ဘုရားသခင်ကို ကျွန်မနေ့တိုင်းဆုတောင်းတယ်။
ဆွေမျိုးတွေ ကျွန်မကိုလာကြည့်ကြတဲ့အခါ အမြဲအတိုက်အခံလုပ်ဖို့ပဲကြိုးစားကြတယ်။ ကျွန်မတို့ဘာသာပြောင်းလို့ ဒီလိုဒုက္ခတွေခံနေရတာလို့ အမေကပြောတယ်။ ကျွန်မမလှုပ်ရှားနိုင်တဲ့အဖြစ်မျိုးမှာ ခံနိုင်ရည်ရှိဖို့ စိတ်ရှည်ခြင်းနဲ့ သတ္တိပေးပါလို့ ကျွန်မခေါင်းအုံးစိုရွှဲသွားတဲ့အထိငိုပြီး ကောင်းကင်ခမည်းတော်ကို အသနားခံဆုတောင်းခဲ့တယ်။
ကျွန်မအိပ်ရာဘေးမှာ ကျမ်းစာအုပ်နဲ့ ဧည့်သည်တွေအတွက် စာအုပ်ကလေးတွေ၊ ဝေစာတွေထားတယ်။ ကျွန်မတို့အသင်းတော်ငယ်လေးရဲ့ အစည်းအဝေးတွေကို ကျွန်မတို့အိမ်မှာကျင်းပပေးတာဟာ ကောင်းချီးတစ်ခုပဲ; ဝိညာဏအားပေးမှုတော့ မှန်မှန်ရပါတယ်။ အေသင်မြို့ကဆရာဝန်တစ်ယောက်ကို ဆေးဖိုးဝါးခပေးဖို့ နောက်ထပ်မြေတစ်ကွက် ရောင်းထုတ်ရသေးတယ်။
အဲ့ဒီနောက် မကြာခင်မှာပဲ ကျွန်မတို့ဆီကို နယ်လှည့်ကြီးကြပ်မှူးလည်ပတ်ရောက်ရှိလာတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်မကိုတွေ့ပြီး သမီထရစ္စလည်းအလုပ်လက်မဲ့ဖြစ်နေတာကို သူအရမ်းဝမ်းနည်းသွားတယ်။ ဒါနဲ့လဲ့ဇ်ဘာ့ဇ်လို့ခေါ်တဲ့ကျွန်းပေါ်မှာရှိတဲ့ မစ်တ်လီနီမြို့မှာ ကျွန်မတို့နေထိုင်ဖို့ သူစီစဉ်ပေးခဲ့တယ်။ ၁၉၃၄ မှာအဲ့ဒီကိုရွှေ့သွားပြီး သမီထရစ္စလည်းအလုပ်ရသွားတယ်။ အဲ့ဒီမှာ ကျွန်မဖျားနေတုန်း ကျွန်မကိုပြုစုပေးတဲ့ တကယ်တော်တဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေကိုလည်းတွေ့တယ်။ ငါးနှစ်တိုင်ဆေးကုပြီးတော့ တဖြည်းဖြည်းနဲ့ကျွန်မလုံးလုံးနေကောင်းသွားတယ်။
ဒါပေမဲ့ ၁၉၄၆ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ပြီးတာနဲ့ မကြာခင်မှာပဲ ကျွန်မအကြီးအကျယ်ပြန်ဖျားတယ်။ ဒီတစ်ခါတော့ တျူဘာကူလာ ပဲရီတိုနိုက်တစ္စရောဂါဖြစ်တယ်။ ငါးလလုံးလုံးအိပ်ရာထဲမှာ အကြီးအကျယ်ကိုယ်ပူပြီး နာကျင်ကိုက်ခဲနေပါတယ်။ ဒါပေမဲ့အရင်တုန်းကလိုပါပဲ၊ ဧည့်သည်တွေကို ယေဟောဝါအကြောင်း ကျွန်မမပြောဘဲမနေခဲ့ဘူး။ တဖြည်းဖြည်းနဲ့ ကျွန်မပြန်ကျန်းမာလာတယ်။
အတိုက်အခံကြားရှေ့ဆောင်ခြင်း
ဂရိနိုင်ငံကယေဟောဝါသက်သေတွေဟာ စစ်ပြီးတဲ့နှစ်တွေမှာ ဆက်အတိုက်အခံပြုခံရကြတယ်။ တစ်အိမ်ကတစ်အိမ်ဓမ္မအမှုလုပ်ငန်းမှာ ကျွန်မတို့ပါဝင်နေတုန်း ခဏခဏအဖမ်းခံရတယ်။ ကျွန်မခင်ပွန်းဟာ တစ်နှစ်နီးပါးထောင်ကျတယ်။ အမှုဆောင်ထွက်ရင် ရဲစခန်းမှာတစ်ညအဖမ်းခံရဖို့ အမြဲအသင့်ရှိကြရတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မတို့ကိုယေဟောဝါတစ်ခါမှပစ်မထားပါဘူး။ ခံနိုင်ရည်ရှိဖို့လိုအပ်တဲ့ သတ္တိနဲ့ခွန်အားကို သူအမြဲပေးတယ်။
၁၉၄၀ ပြည့်လွန်နှစ်တွေမှာ အားလပ်ရှေ့ဆောင်ဖို့အစီအစဉ်အကြောင်း သတင်းပေးသူ (ယခုကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု) ထဲမှာကျွန်မဖတ်မိတယ်။ ဓမ္မအမှုကို တစ်လမှာ ၇၅ နာရီပါဝင်ရမယ့် လုပ်ငန်းတော်ရဲ့ဒီကဏ္ဍကိုစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ကျွန်မပြန်လည်ပတ်မှုနဲ့ကျမ်းစာသင်အံမှုတွေ များလာတယ်။—အတော်ကြာကြာပဲ ပတ်စဉ်ကျမ်းစာသင်အံမှု ၁၇ ခုကျင်းပခဲ့တယ်။ မစ်တ်လီနီမြို့ရဲ့စီးပွားရေးရပ်ကွက်မှာ မဂ္ဂဇင်းလမ်းကြောင်းလည်းစနိုင်ခဲ့တယ်။ အဲ့ဒီမှာ ကင်းမျှော်စင်နဲ့ နိုးလော့! စောင်ရေ ၃၀၀ လောက်ကို ဈေးဆိုင်တွေ၊ ရုံးတွေ၊ ဘဏ်တွေမှာ ကျွန်မမှန်မှန်ပို့ပေးခဲ့ရတယ်။
၁၉၆၄ ခုမှာနယ်လှည့်ကြီးကြပ်မှူးတစ်ယောက်ဟာ ကျွန်မတို့အသင်းကို လာလည်ပတ်တဲ့အခါ သူက “ညီအစ်မပနဲလပီ၊ ခင်ဗျားဓမ္မအမှုမှာ အကြီးအကျယ်အောင်မြင်နေတာကို ခင်ဗျားရဲ့ကြေညာသူကတ်ပြားကနေ ကျွန်တော်သတိထားမိတယ်။ မှန်မှန်ရှေ့ဆောင်ဖို့ လျှောက်လွှာဖြည့်လိုက်ပါလား” လို့သူပြောတယ်။ သူ့အားပေးမှုကို ကျွန်မအမြဲကျေးဇူးတင်တယ်; အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းဟာ နှစ်ပေါင်းသုံးဆယ်ကျော် ကျွန်မရဲ့ပျော်ရွှင်မှုဖြစ်ခဲ့ပြီ။
အကျိုးကြီးမားသောတွေ့ကြုံမှု
မစ်တ်လီနီမြို့မှာ ဂရိဒုက္ခသည်တွေနေတဲ့ လန်ဂါတာခေါ် လူဦးရေများတဲ့ရပ်ကွက်တစ်ခုရှိတယ်။ ကျွန်မတို့ကြုံခဲ့ရတဲ့ တစ်ယူသန်စိတ်နဲ့အတိုက်အခံလုပ်ကြတာကြောင့် အဲ့ဒီမှာ တစ်အိမ်တက်ဆင်းမသွားဘဲနေခဲ့တယ်။ ဒါပေမဲ့ ကျွန်မခင်ပွန်းအကျဉ်းကျနေတဲ့အချိန်မှာ သူ့ဆီသွားဖို့ ဒီနေရာကိုဖြတ်သွားခဲ့ရတယ်။ မိုးရွာတဲ့နေ့တစ်နေ့မှာ အမျိုးသမီးတစ်ယောက်က သူ့အိမ်ထဲကျွန်မကိုခေါ်ဖိတ်တယ်။ ကျွန်မခင်ပွန်း ဘာကြောင့်အကျဉ်းကျနေရတာလဲလို့ သူမမေးတယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်သတင်းကိုဟောလို့ ခရစ်တော်လိုပဲ ဆင်းရဲဒုက္ခခံနေရတာလို့ ကျွန်မရှင်းပြတယ်။
အတော်ကြာတော့ နောက်အမျိုးသမီးတစ်ယောက်က သူ့အိမ်ကိုလာဖို့စီစဉ်တယ်။ ကျွန်မရောက်သွားတော့ အမျိုးသမီးစုစုပေါင်း ၁၂ ယောက်ကိုခေါ်ဖိတ်ထားတာတွေ့ရတယ်။ အတိုက်အခံလုပ်မလားလို့စိုးရိမ်ပြီး ဖြစ်သမျှကိုရင်ဆိုင်နိုင်ဖို့ ဉာဏ်ပညာနဲ့ သတ္တိပေးပါလို့ ဘုရားသခင်ကို ကျွန်မဆုတောင်းတယ်။ အဲ့ဒီအမျိုးသမီးတွေထဲက မေးခွန်းတွေမေးတဲ့လူကမေး၊ ဆန့်ကျင်ပြောဆိုတဲ့လူကပြောနဲ့လုပ်ကြပေမဲ့ ကျမ်းစာကနေကျွန်မအဖြေတွေပေးနိုင်ခဲ့တယ်။ ကျွန်မပြန်ခါနီးမှာ အိမ်ရှင်မက နောက်နေ့ပြန်လာဖို့ ခေါ်ဖိတ်တယ်။ ဝမ်းသာအားရနဲ့ ကျွန်မလက်ခံလိုက်တယ်။ နောက်နေ့မှာ ကျွန်မနဲ့အဖော်တစ်ယောက်ရောက်သွားတော့ အဲ့ဒီအမျိုးသမီးတွေရောက်နှင့်နေကြပြီ။
အဲ့ဒီနောက်ပိုင်း ကျွန်မတို့ရဲ့ကျမ်းစာဆွေးနွေးခန်းတွေကို မှန်မှန်ဆက်လုပ်ပြီး ကျမ်းစာသင်အံမှုတွေလည်းစနိုင်ခဲ့တယ်။ အမျိုးသမီးအတော်များများက တိကျမှန်ကန်တဲ့အသိပညာတိုးများလာတယ်။ သူတို့မိသားစုတွေလည်း တိုးတက်လာကြတယ်။ နောက်ပိုင်းမှာ ဒီအုပ်စုဟာ ယေဟောဝါသက်သေများရဲ့မစ်တ်လီနီအသင်းတော်သစ်ရဲ့ ပင်မအရင်းခံဖြစ်လာတယ်။
ယေဟောဝါ ကျွန်မအပေါ်ကောင်းခဲ့
နှစ်ကာလတစ်လျှောက် ယေဟောဝါရဲ့အမှုတော်ကို ကျွန်မနဲ့ကျွန်မခင်ပွန်းကြိုးစား ထမ်းဆောင်ခဲ့တာကို ကိုယ်တော်ကောင်းချီးပေးခဲ့တယ်။ စမော့စ်ကျွန်းမှာ ၁၉၂၀ ပြည့်လွန်နှစ်ကရှိခဲ့တဲ့ သက်သေခံလက်တစ်ဆုပ်ကလေးဟာ အခုကြေညာသူ ၁၃၀ လောက်ရှိတဲ့ အသင်းတော်နှစ်ခုနဲ့ အုပ်စုလေးတစ်ခုဖြစ်နေပြီ။ နောက်ပြီး လက်စ်ဘော့စ်ကျွန်းမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၄၃၀ လောက်ရှိတဲ့ အသင်းတော်လေးခုနဲ့ အုပ်စုငါးခုရှိတယ်။ ကျွန်မခင်ပွန်းဟာ သူသေဆုံးတဲ့ ၁၉၇၇ ခုအထိ ဘုရားသခင့်နိုင်ငံတော်သတင်းကို တက်တက်ကြွကြွကြွေးကြော်ခဲ့တယ်။ ကျွန်မတို့ကူညီပေးခဲ့တဲ့သူတွေ အခုထိဇွဲရှိတာကိုတွေ့ရတာ အခွင့်ထူးပဲ။ သူတို့ရဲ့သားသမီးတွေ၊ မြေးတွေမြစ်တွေတောင် လူအုပ်ကြီးဝင်အဖြစ် ယေဟောဝါကိုစည်းစည်းလုံးလုံးနဲ့ ဝတ်ပြုနေကြပြီကော!
ခရစ်ယာန်လုပ်ငန်းတော်ကို ကျွန်မထမ်းဆောင်ခဲ့တဲ့ အနှစ် ၇၀ ကျော်အချိန်ဟာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့လည်း ယေဟောဝါဟာ ပြိုင်ဘက်မရှိတဲ့ရဲတိုက်ဖြစ်ခဲ့တယ်။ အသက်ကြီးလာပြီး ကျန်းမာရေးချို့တဲ့လာတဲ့အတွက် ကျွန်မအိပ်ရာကမထနိုင်တော့ဘူး။ အရင်လောက်လည်း မဟောနိုင်တော့ဘူး။ ဒါပေမဲ့ဆာလံဆရာလိုပဲ ယေဟောဝါကို “ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်” လို့ပြောနိုင်ပါတယ်။—ဆာလံ ၉၁:၂။ (ဤဆောင်းပါးကိုပြင်ဆင်နေစဉ် ညီအစ်မ မာခရစ္စကွယ်လွန်သွားသည်။ သူမသည် ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်သည်။)
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၅ ခုကသူမ၏ခင်ပွန်းနှင့်အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၉၇ ခု ဇန်နဝါရီလတွင် ညီအစ်မ မာခရစ္စသည် အသက် ၁၀၀ ပြည့်မည်