ဂျပန်နိုင်ငံတွင် ဘာသာရေးလွတ်လပ်မှု အတည်ပြုခံရ
ဂျပန်နိုင်ငံတွင် ယေဟောဝါသက်သေ ကျောင်းသားငယ်များသည် နှစ်ချီ၍ အကျပ်ရိုက်နေကြ၏– သူတို့သည် ကျမ်းစာ၏လေ့ကျင့်မှုခံယူထားသော မိမိတို့၏ . . . စိတ် ညွှန်ကြားသည့်အတိုင်း လိုက်လျှောက်လုပ်ကိုင်ရမည်လော၊ သို့မဟုတ် . . . စိတ်ကိုဆန့်ကျင်သော ကျောင်းသင်ရိုးညွှန်းတမ်းကို လိုက်နာဆောင်ရွက်သင့်သလော ဟူ၍ဆုံးဖြတ်ရခက်နေသည်။ အဘယ်ကြောင့် ဤသို့ အကျပ်ရိုက်နေကြသနည်း။ အကြောင်းမှာ ကိုယ်ခံပညာလေ့ကျင့်ခန်းများသည် သူတို့ကျောင်းများ၏ ကာယပညာသင်ရိုးမာတိကာတွင်ပါဝင်နေသောကြောင့်ဖြစ်သည်။ ၎င်းလေ့ကျင့်ခန်းများသည် ဟေရှာယ အခန်းကြီး ၂ အငယ် ၄ ကဲ့သို့သော ကျမ်းစာမူဝါဒများနှင့် မအပ်စပ်ပါဟု သက်သေခံလူငယ်များက ယူမှတ်ကြသည်။ ထိုကျမ်းချက်က “သူတို့ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ” ဟုဆိုသည်။
အခြားသူတစ်ဦးကို အန္တရာယ်ပြုခြင်းပါဝင်သည့် စစ်တိုက်ခြင်းကဲ့သို့သော ကျွမ်းကျင်မှုများကို မသင်ယူလိုကြသောကြောင့် ခရစ်ယာန်သက်သေခံလူငယ်များက ကိုယ်ခံပညာ၌ . . . စိတ်ကြည်လင်စွာ မပါဝင်နိုင်ကြောင်း ဆရာဆရာမများကို ရှင်းပြကြသည်။ ကျောင်းသင်ရိုးညွှန်းတမ်းကို လိုက်နာရန် ဤကျောင်းသားများကို တိုက်တွန်းပြီးနောက် နားလည်မှုရှိသောဆရာဆရာမများက ထိုကျောင်းသားများ၏ . . . စိတ်ကို လေးစားကာ အခြားပြုမူဆောင်ရွက်စရာများနှင့် အစားထိုးပေးကြသည်။
သို့ရာတွင် အချို့ဆရာဆရာမများက စိတ်အနှောင့်အယှက်ဖြစ်ကြ၏။ အချို့ကျောင်းများက ကာယပညာရပ်အတွက် သက်သေခံလူငယ်များကို လုံးဝအမှတ်မပေးကြပါ။ ၁၉၉၃ ခုနှစ်တွင် အနည်းဆုံးသက်သေခံကိုးဦးသည် ကိုယ်ခံပညာမသင်ကြသည့်အတွက် အတန်းတင်မခံရကြဘဲ ကျောင်းထွက်လျှင်ထွက် သို့မဟုတ် ကျောင်းထုတ်ခြင်းခံရမည်ဟု ကြိမ်းမောင်းခံခဲ့ကြရသည်။
ခရစ်ယာန်လူငယ်များ၏ . . . စိတ်ကိုမထိခိုက်ဘဲ ပညာသင်ယူခွင့်ရရှိရန် သူတို့၏အခွင့်အရေးကို ခုခံကာကွယ်ပေးဖို့ အချိန်တန်နေကြောင်း ထင်ရှားပါသည်။ ကိုဘီမြူနီစပယ်ကုန်ထုတ်စက်မှုလက်မှုကောလိပ် (ကိုဘီစက်မှုဟု အတိုကောက်ခေါ်) ကျောင်းတွင် ဒုတိယတန်းသို့ အတန်းတင်မခံရသော ကျောင်းသားငါးဦးသည် အမှုဖွင့်ဖို့ ဆုံးဖြတ်ကြသည်။
ပြဿနာကား အဘယ်နည်း
ကိုဘီစက်မှုကိုစတက်သည့် ၁၉၉၀ နွေဦးတွင် ထိုကျောင်းသားငါဦးသည် သူတို့၏ ကျမ်းစာအခြေခံသော ယုံကြည်ချက်များကြောင့် ကင်ဒို (ဂျပန်ဓားသိုင်း) လေ့ကျင့်ခန်းများတွင် မပါဝင်နိုင်ကြောင်း ရှင်းပြထားကြပါသည်။ ကာယပညာရပ်ဆရာစုသည် အပြင်းအထန်အတိုက်အခံပြုကြပြီး ကာယပညာတွင် အမှတ်ရရန် အစားထိုးပြုမူဆောင်ရွက်မှုတစ်ခုကိုမျှ စီစဉ်မပေးကြပါ။ နောက်ဆုံး ထိုကျောင်းသားများသည် ကာယပညာတွင် ကျသောကြောင့် ပထမတန်း (ကောလိပ်သင်တန်း၏ ပထမနှစ်) ကိုပြန်တက်ကြရသည်။ ထိုကျောင်း၏ အရေးယူလုပ်ဆောင်မှုသည် လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသော နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အာမခံချက်နှင့် ဆန့်ကျင်သည်ဟူ၍ ကိုဘီခရိုင်တရားရုံးတွင် ၁၉၉၁ ဧပြီလ၌ တရားစွဲခဲ့ကြပါသည်။a
အခြားပြုမူဆောင်ရွက်မှုများကို စီစဉ်ပေးမည်ဆိုလျှင် ဘာသာတရားတစ်ခုကို အထူးမျက်နှာသာပေးရာကျ၍ ပြည်သူ့ပညာရေး၏ ကြားနေမှုကို ဖောက်ဖျက်ရာကျသည်ဟု ကျောင်းက အဆိုတင်သွင်းပါသည်။ ထို့ပြင် သူတို့မှာ ကာယပညာသင်အစီအစဉ်အတွက် အစားထိုးစရာမရှိ၊ လူအင်အားလည်းမရှိဟု သူတို့အဆိုပြုကြသည်။
ခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်က အကြောင်းစုံသိသူများ၏စိတ်ဓာတ်ကို လှုံ့ဆော်
အမှုစစ်နေစဉ် ကျောင်းသား ငါးဦးအနက် နှစ်ဦးသည် ကာယပညာဘာသာရပ်တွင် တစ်ဖန်ကျပြန်သည်။ ကျန်သုံးဦးမှာမူ အောင်ရုံမျှအောင်ကာ အတန်းတက်ခဲ့ကြသည်။ ကျောင်းစည်းကမ်းများအရ စာမလိုက်နိုင်၍ အတန်းတစ်တန်းတည်းကို နှစ်နှစ်ဆက်တက်ရသောကျောင်းသားများသည် ကျောင်းထုတ်ခံရနိုင်သည်။ ယင်းကြောင့် ကျောင်းသားနှစ်ဦးအနက် တစ်ဦးက ကျောင်းထုတ်မခံရမီ ကျောင်းထွက်လိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အခြားတစ်ဦးဖြစ်သူ ကူနီဟီတို ကိုဘာယာရှီကမူ ကျောင်းထွက်ရန်ငြင်းဆန်ခဲ့သည်။ သို့နှင့် သူသည်ကျောင်းထုတ်ခံခဲ့ရသည်။ စိတ်ဝင်စားစရာကား ၄၈ မှတ်နှင့် ကူနီဟီတိုကျခဲ့သောကာယပညာဘာသာရပ်အပါအဝင် ဘာသာရပ်အားလုံး၏ ပျမ်းမျှအမှတ်မှာ ၁၀၀ လျှင် ၉၀.၂ မှတ်ဖြစ်သည်။ သူသည် အတန်းသား ၄၂ ဦးအနက် အဆင့်တစ်ရရှိသူဖြစ်သည်။
၁၉၉၃၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကိုဘီခရိုင်တရားရုံးက ကိုဘီစက်မှုကို အနိုင်ပေးပြီး “ထိုကျောင်း၏အရေးယူဆောင်ရွက်မှုများသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို မချိုးဖောက်ပါ” ဟုဆိုသည်။ တစ်ကြိမ်တည်းတွင်လည်း “ကင်ဒိုလေ့ကျင့်ခန်းများ၌ပါဝင်ရန် ကျောင်း၏တောင်းဆိုချက်က တရားလိုများ၏ လွတ်လပ်စွာဝတ်ပြုခွင့်ကို အတော်အသင့်ကန့်သတ်ချုပ်ချယ်ကြောင်း မငြင်းဆိုနိုင်” ဟူ၍အသိအမှတ်ပြုပါသည်။
ပထမရာစုမှ တမန်တော်ပေါလုနည်းတူ တရားလိုများက သာ၍အဆင့်မြင့်သော ဥပဒေဆိုင်ရာ အာဏာပိုင်တို့ရှေ့ အယူခံဝင်ရန် ဆုံးဖြတ်ကြလေသည်။ (တမန်တော် ၂၅:၁၁၊ ၁၂) ထိုအမှုသည် အိုဆာကာအထက်တရားရုံးသို့ ရောက်သွားလေသည်။
တရားလိုတို့၏ အတ္တမဆန်သောသဘော
စူကူဘာတက္ကသိုလ်မှ နာမည်ကြီးပညာရှင်ဖြစ်သူ ပါမောက္ခတက်တ်စူအို ရှီမိုမူရာက အိုဆာကာအထက်တရားရုံးတွင် ကျွမ်းကျင်သက်သေတစ်ဦးအဖြစ် သက်သေလိုက်ပေးရန် သဘောတူညီခဲ့ပါသည်။ ပညာရေးနှင့် ဥပဒေဆိုင်ရာ ပါရဂူတစ်ဦးအဖြစ် သူက ကျောင်းသားများအပေါ် ကျောင်း၏ပြုမူဆက်ဆံပုံသည် ကိုယ်ချင်းစာနာမှု အလွန်ကင်းမဲ့ကြောင်း အလေးအနက်ဖော်ပြခဲ့သည်။ ကူနီဟီတို ကိုဘာယာရှီကလည်း တရားရုံးတွင် မိမိ၏ခံစားချက်များကို ရိုးသားမှန်ကန်စွာတင်ပြခဲ့ရာ တရားရုံးခန်းရှိသူအားလုံး စိတ်ထိခိုက်သွားကြသည်။ ထို့ပြင် ကျောင်း၏အရေးယူဆောင်ရွက်မူသည် ကူနီဟီတို၏ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် ပညာသင်ယူခွင့်ကို ထိပါးသည့်အတွက် သူ့အား ကျောင်းတွင် ပြန်လက်ခံသင့်ကြောင်း ၁၉၉၄၊ ဖေဖော်ဝါရီ ၂၂ တွင် ကိုဘီဝတ်လုံတော်ရ ရှေ့နေများအသင်းက ထောက်ခံပြောဆိုခဲ့သည်။
အိုဆာကာအထက်တရားရုံးတွင် စီရင်ချက်ချမှတ်ရမည့်အချိန် နီးကပ်လာသည်နှင့်အမျှ ထိုအမှုတွင်ပတ်သက်နေသော ခရစ်ယာန်လူငယ်များသည် အမှုပြီးဆုံးသည့်အထိ ဆက်ပါဝင်ရန် စိတ်စောကြသည်။ မိမိတို့သည် ဂျပန်နိုင်ငံတစ်ခွင်လုံးရှိ ကျောင်းများတွင် ထပ်တူပြဿနာမျိုးကို ရင်ဆိုင်နေကြရသော သက်သေခံလူငယ် ထောင်ပေါင်းများစွာတို့အတွက် တရားရေးဆိုင်ရာ တိုက်ပွဲဝင်ပေးနေသည်ဟု သူတို့ခံယူကြသည်။ သို့သော် သူတို့သည် ကျောင်းထုတ်မခံရကြသည့်အတွက် တရားရုံးက သူတို့အမှုကို ပလပ်ပစ်နိုင်စရာအကြောင်းများစွာရှိသည်။ ထိုနောက် မိမိတို့၏ လျှောက်လဲချက်ကို ပြန်ရုပ်သိမ်းမည်ဆိုလျှင် ကူနီဟီတိုအား မတရားသဖြင့် ကျောင်းထုတ်ပစ်ခဲ့သည့်အချက် ထင်ရှားပေါ်လွင်လာမည်ဟု သဘောပေါက်ကြသည်။ သို့နှင့် ကူနီဟီတိုမှတစ်ပါး ကျောင်းသားအားလုံးက အမှုရုပ်သိမ်းခဲ့ကြလေသည်။
၁၉၉၄၊ ဒီဇင်ဘာ ၂၂ ရက်တွင် အိုဆာကာအထက်တရားရုံး၏ တရားသူကြီးချုပ် ရေစူကီ ရှီမာဒါက ကိုဘီခရိုင်တရားရုံး၏စီရင်ချက်ကို ဆန့်ကျင်ပြီး ဆုံးဖြတ်စီရင်ပါသည်။ ကင်ဒိုလေ့ကျင်းခန်းများတွင် ကူနီဟီတို မပါဝင်ခဲ့ရသည့် သူ၏အကြောင်းပြချက်သည် သဘောရိုးမှန်ပြီး သူခံယူထားသည့် ဘာသာရေးယုံကြည်ချက်အပေါ်မူတည်သည့် သူ့အပြုအမူကြောင့် ခံရသောသူ၏နစ်နာဆုံးရှုံးမှုသည် အလွန်ပြင်းထန်လွန်းသည်ဟု တရားရုံးက တွေ့ ရှိသည်။ ထိုကျောင်းအနေနှင့် အခြားပြုမူဆောင်ရွက်မှုများကို အစားထိုးစီစဉ်ပေးသင့်ကြောင်း တရားသူကြီးချုပ် ရှီမာဒါကဆိုသည်။ ဤအလွန်ကောင်းသောစီရင်ချက်သည် လူ့အခွင့်အရေးများအတွက် ပူပန်နေသူတို့၏နှလုံးနှင့်တွေ့ ခဲ့ပါသည်။ သို့ရာတွင် ကူနီဟီတို၏ကျောင်းက ဂျပန်နိုင်ငံ၏ တရားရုံးချုပ်သို့ အယူခံဝင်လိုက်ရာ သူ့အား နောက်ထပ်တစ်နှစ်ထက်ပို၍ ပညာသင်ခွင့်မပေးတော့ပါ။
တရားရုံးချုပ်သို့
ကိုဘီရှင်ဘွန်းသတင်းစာ၏ အယ်ဒီတာ့အာဘော်က နောက်ပိုင်းတွင် ဤသို့ဆိုသည်– “ကိုဘီမြို့တော် ကျောင်းဘုတ်အဖွဲ့နှင့် ကျောင်းသည် ထိုအချိန် [အိုဆာကာအထက်တရားရုံးက စီရင်ချက်ချပြီးနောက်] တွင်မစ္စတာကိုဘာယာရှီကို လက်ခံထားသင့်သည်။ . . . ယင်းတို့၏ မလိုအပ်ဘဲ ထိပ်တိုက်တွေ့လိုသည့်သဘောက လူငယ့်ဘဝ၏ အရေးကြီးသည့်ကာလပိုင်းတွင် သူ့အားနစ်နာဆုံးရှုံးစေသည်။” သို့တိုင် ကိုဘီစက်မှုက ဤအမှုတွင် လက်လျှော့အရှုံးမပေးခဲ့ပါ။ ထို့ကြောင့် တစ်နိုင်ငံလုံး သတင်းပျံ့နှံ့သွားပါသည်။ တစ်နိုင်ငံလုံးရှိ ဆရာဆရာမများနှင့် ကျောင်းအာဏာပိုင်များသည် နောက်နောင် ထပ်တူအရေးကြုံသည့်အခါ နိုင်ငံတော်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ပိုအရေးပါသည့် တရားဝင်အစဉ်အလာအဖြစ် လိုက်နာရန် သတိမူစောင့်ကြည့်နေကြသည်။
ကျောင်းက တရားရုံးချုပ်သို့ အယူခံဝင်ပြီး တစ်ပတ်အကြာ၊ ၁၉၉၅၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် ကူနီဟီတိုနှင့် သူ၏မိသားစုနေထိုင်သော အာရှီယာမြို့သည် ကိုဘီမြေငလျင်ဒဏ် ခံလိုက်ရသည်။ ထိုနေ့နံနက် ငါးနာရီလေးဆယ်အချိန်၊ ငလျင်မလှုပ်မီ ကူနီဟီတိုသည် သူ၏အချိန်ပိုင်းလုပ်ငန်းသို့သွားရန် အိမ်မှထွက်လာခဲ့သည်။ သူသည် ဟန်ရှီန်အမြန်ပြေးလမ်းမခုံးတံတားအောက်ရှိ လမ်းအတိုင်း စက်ဘီးစီးသွားနေစဉ် ငလျင်လှုပ်ခဲ့ရာ ပြိုပျက်သည့်အပိုင်းသို့ ရောက်ခါနီးသာရှိသည်။ သို့နှင့် ချက်ချင်းအိမ်ပြန်လှည့်သွားလိုက်ရာ သူ့နေအိမ်၏ ပထမအထပ်သည် လုံးဝပျက်စီးနေသည်ကို တွေ့ ရှိရပြန်သည်။ ကူနီဟီတိုသည် ငလျင်လှုပ်ချိန်တွင် အသက်သေဆုံးနိုင်ကြောင်းမြင်ပြီး ကယ်မသနားတော်မူသည့် ယေဟောဝါအား ကျေးဇူးတော်ချီးမွမ်းခဲ့သည်။ သူသာသေဆုံးခဲ့မည်ဆိုလျှင် တရားရုံးချုပ်က ဆုံးဖြတ်ချက်ချစရာမလိုဘဲ ကင်ဒိုအမှုအခင်းသည် နိဂုံးချုပ်သွားစရာအကြောင်းရှိသည်။
ဂျပန်နိုင်ငံတရားရုံးချုပ်သည် အယူခံဝင်စာများကိုသာ စစ်ဆေးပြီး အောက်တရားရုံး၏ ဆုံးဖြတ်ချက်သည် မှန်မမှန် တရားစီရင်လေ့ရှိသည်။ အောက်တရားရုံး၏စီရင်ချက်ကို ပယ်ဖျက်စရာ အရေးကြီးသည့်အကြောင်းမရှိပါက အမှုစစ်ဆေးကြားနာခြင်းမရှိပါ။ တရားရုံးကလည်း စီရင်ချက်ချမည့်နေ့ရက်အကြောင်း သက်ဆိုင်သူတို့ကို သတင်းမပို့ပါ။ ထို့ကြောင့် ၁၉၉၆၊ မတ် ၈ ရက်နံနက်တွင် စီရင်ချက်ချမှတ်မည့်သတင်းကို ကူနီဟီတိုရသောအခါ အတော်အံ့သြခဲ့ပါသည်။ သူ့အတွက် ဝမ်းသာအားရစရာမှာ အိုဆာကာအထက်တရားရုံး၏ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က ထောက်ခံလိုက်သည်ဟူသည့်သတင်းဖြစ်သည်။
ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် တရားသူကြီးရှီနီချီ ကာဝိုင်နှင့်အတူ တရားသူကြီးလေးဦးက “လူမှုရေးအရ လက်ခံထားသည့် စံသတ်မှတ်ချက်များဘက်မှကြည့်လျှင် ထိုသို့အရေးယူဆောင်ရွက်ခဲ့ခြင်းသည် အလွန်မတော်မတရားရာကျပြီး ဆင်ခြင်၍လုပ်ပိုင်ခွင့်ရှိသည့် ဘောင်အပြင်ဘက်သို့ရောက်နေသဖြင့် တရားမဝင်” ဟူ၍ အားလုံးသဘောတူညီစွာ စီရင်လိုက်ကြသည်။ ကူနီဟီတိုသည် ကင်ဒိုလေ့ကျင့်ခန်းများကို ရိုးသားဖြောင့်မတ်သည့်စိတ်ထားဖြင့် ငြင်းဆန်ခဲ့ကြောင်းကို တရားရုံးက အသိအမှတ်ပြုကာ ဤသို့ပြောဆိုပါသည်– “ကင်ဒိုလေ့ကျင့်ခန်းများတွင် မပါဝင်ရန် အယူခံတရားလို၏အကြောင်းပြချက်သည် စိတ်ရင်းမှန်နှင့်ဖြစ်ပြီး သူ၏ယုံကြည်ချက်အပေါ် အခြေခံထားခြင်းဖြစ်သည်။” အယူခံတရားလို၏ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်ကို လေးစားသည့်အနေနှင့် စာသင်ကျောင်းသည် အခြားနည်းလမ်းစီစဉ်ပေးနိုင်ရုံမက စီစဉ်ပေးသင့်ကြောင်း တရားရုံးချုပ်က စီရင်ချက်ချပါသည်။
အလွန်တာသွားသည့် အကျိုးသက်ရောက်မှု
ဤဆုံးဖြတ်ချက်သည် စာသင်ကျောင်းများတွင် လွတ်လပ်စွာဝတ်ပြုခွင့်ရှိခြင်းအတွက် အလွန်ကောင်းသော စံသတ်မှတ်ချက် အမှန်ဖြစ်ပါမည်။ သည်ဂျပဲန်တိုင်းမ်စ်က “ဤစီရင်ချက်သည် ပညာသင်ကြားရေးနှင့် လွတ်လပ်စွာကိုးကွယ်ရေးအတွက် တရားရုံးချုပ်၏ပထမဦးဆုံးစီရင်ချက်ဖြစ်သည်” ဟုဆိုသည်။ သို့ရာတွင် ယင်းဆုံးဖြတ်ချက်က ကျောင်းသူကျောင်းသားတစ်ဦးစီအနေနှင့် ယုံကြည်ခြင်းစမ်းသပ်ခံရသည့်အခါ အသိရှိရှိဖြင့် မားမားမတ်မတ်ရပ်တည်ရန်တာဝန်ကို မပယ်ဖျက်ပေးပါ။
တရားသူကြီးများသည် ကူနီဟီတိုအား အမှုနိုင်စေသည့် အကြောင်းတစ်ကြောင်းမှာ သူသည် “ပညာသင်ယူရာတွင် တကယ်ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်ခြင်းကြောင့်” ဖြစ်သည်ဟုစူကူဘာတက္ကသိုလ်မှ ပါမောက္ခမာစာယူကီအူချီနိုက မှတ်ချက်ချသည်။ ယုံကြည်ခြင်းစမ်းသပ်ခံရသော ခရစ်ယာန်များအား သမ္မာကျမ်းစာက ဤသြဝါဒကိုပေးပါသည်– “လူမျိုးများသည် သင်တို့ကိုအဆိုးပြုကျင့်သူများဟူ၍ ကဲ့ရဲ့ပြစ်တင်ကြသည့်အမှုမှာ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့ကောင်းသောအကျင့်များကို သူတို့သည် ကြည့်မြင်ထောက်ရှု၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြမည်အကြောင်း သူတို့ရှေ့၌တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။” (၁ ပေတရု ၂:၁၂၊ ကဘ) ကျမ်းစာစံချိန်အတိုင်း တစ်သက်တာပတ်လုံး အသက်ရှင်နေထိုင်ခြင်းအားဖြင့် မိမိတို့၏ ကျမ်းစာအနေအထားကို လူတို့လေးစားသင့်ကြောင်း သစ္စာရှိခရစ်ယာန်လူငယ်များ တင်ပြနိုင်ကြပါသည်။
တရားရုံးချုပ်မှစီရင်ချက် ထွက်ပြီးနောက် ကူနီဟီတို ကိုဘာယာရှီသည် ကိုဘီစက်မှုကို ပြန်တက်ခွင့်ရသည်။ ကူနီဟီတိုနှင့်အတူ ကျောင်းဝင်ခဲ့သူ ကျောင်းသားအများစုသည် ဘွဲ့ရပြီးသားဖြစ်နေကြပြီ။ ယခု ကူနီဟီတိုမှာမူ မိမိအောက် ငါးနှစ်ငယ်သော ကျောင်းသားများနှင့်အတူ ပညာသင်ကြားနေရရှာသည်။ လူအများရှေ့တွင် သူ၏တန်ဖိုးရှိ လူငယ့်ဘဝ ငါးနှစ်သည် အချည်းနှီးဖြစ်သွားပုံရှိသည်။ သို့ရာတွင် ကူနီဟီတို၏သစ္စာသမာဓိကို ယေဟောဝါဘုရားသခင် အလွန်တန်ဖိုးထားပါသည်။ သူ၏အနစ်နာခံမှုသည်လည်း အမှန်တကယ်ပင်အကျိုးပြုပါသည်။
[အောက်ခြေမှတ်ချက်များ]
a အသေးစိတ်အချက်အလက်များအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှ ထုတ်ဝေသည့် ၁၉၉၅၊ အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၁၀ မှ ၁၄ ကျေးဇူးပြု၍ရှု။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဝဲဘက်– ငလျင်လှုပ်ပြီးနောက် ကူနီဟီတို၏အိမ်
အောက်ပုံ– ယနေ့ ကူနီဟီတိုကို တွေ့ရပုံ