ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၀/၁ စာ. ၁၄-၁၉
  • ကွဲပြားနေသောလောကတွင် ခရစ်ယာန်ဧည့်ဝတ်ပြုမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကွဲပြားနေသောလောကတွင် ခရစ်ယာန်ဧည့်ဝတ်ပြုမှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘မိဘမရှိသောသူငယ်နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစု’
  • ကျွန်ုပ်တို့ထဲတွင် နိုင်ငံခြားသားများရှိသလော
  • သန့်ရှင်းသူများနှင့် ဝေမျှယူပါ
  • အထူးအခါသမယများ
  • ‘မြည်တမ်းခြင်းမရှိဘဲ ဧည့်ဝတ်ကိုပြုလေ’
  • ဧည့်ဝတ်ပြုဖို့ အလွန်လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • “ဧည့်ဝတ်ပြုလျက်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မိဘမဲ့များ နှင့်မုဆိုးမများ ဆင်းရဲသောအခါ ကြည့်ရှုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၀/၁ စာ. ၁၄-၁၉

ကွဲပြားနေသောလောကတွင် ခရစ်ယာန်ဧည့်ဝတ်ပြုမှု

“ငါတို့သည် သမ္မာတရားကို ကူမသောသူဖြစ်အံ့သောငှာ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကိုပြုအပ်ကြ၏။” —၃ ယောဟန် ၈။

၁။ ဖန်ဆင်းရှင်သည် လူသားတို့အား နှစ်သက်ဖွယ်အကောင်းဆုံးသော အဘယ်လက်ဆောင်များ ပေးသနားထားတော်မူသနည်း။

“လူသည် နေအောက်မှာစားသောက်ခြင်း၊ ပျော်မွေ့ခြင်းအမှုထက်သာ၍ ကောင်းသောအမှုမရှိ။ နေအောက်မှာ ဘုရားသခင်ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ရသော အကျိုးတို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။” (ဒေသနာ ၈:၁၅) ယေဟောဝါရှင်သည် မိမိဖန်ဆင်းထားသော လူသားများကို ရွှင်လန်းပျော်မြူးစေလိုတော်မူသည်သာမကဘဲ ဤသို့ရွှင်လန်းပျော်မြူးစေရန် နည်းလမ်းများကိုလည်းပေးတော်မူကြောင်း အဆိုပါစကားများဖြင့် ရှေးဟေဗြဲဓမ္မဒေသနာဆရာက ကျွန်ုပ်တို့ကိုပြောပြသည်။ လူ့သမိုင်းတစ်လျှောက်၌ နေရာတိုင်းတွင်ရှိသောလူများ၏ သာမန်ဆန္ဒမှာ မိမိတို့ကိုယ်တိုင်ရွှင်လန်းဝမ်းမြောက်ရန်နှင့် သာယာချမ်းမြေ့မှုရှိရန်ဖြစ်ကြောင်းထင်ရှားသည်။

၂။ (က) လူသားတို့သည် မိမိတို့အတွက် ယေဟောဝါရည်ရွယ်ထားတော်မူသည်အရာကို မည်သို့အလွဲသုံးစားလုပ်ခဲ့ကြသနည်း။ (ခ) ရလဒ်ကား အဘယ်နည်း။

၂ အပျော်အပါးများနှင့် သာယာချမ်းမြေ့မှုနောက် တကောက်ကောက်လိုက်ခြင်းကိုသာ စိတ်အာရုံရောက်နေသည့် ဇိမ်ယစ်လူ့ဘောင်တွင် ယနေ့ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ရကြသည်။ ကျမ်းစာက တင်ကူးပြောထားသည့်အတိုင်း လူအများစုမှာ “ကိုယ်ကိုချစ်သောသူ၊ . . . ဘုရားကိုမြတ်နိုးသည်ထက် အပျော်အမွေ့ကိုနှစ်သက်သူ” များဖြစ်လာကြသည်။ (၂ တိမောသေ ၃:၁-၄၊ သမ) အမှန်မှာ ယင်းသည် ယေဟောဝါဘုရားသခင် ရည်ရွယ်ထားတော်မူသည့်အရာကို အကြီးအကျယ်တလွဲတချော်လုပ်မှုတစ်ရပ် ဖြစ်သည်။ သာယာချမ်းမြေ့မှုနောက် တကောက်ကောက်လိုက်ခြင်းသည်သာ အဓိကပန်းတိုင်ဖြစ်လာသောအခါ သို့မဟုတ် ကိုယ့်စိတ်ကျေနပ်ပျော်ရွှင်ရေးသည်သာ တစ်ခုတည်းသောရည်မှန်းချက်ဖြစ်လာသောအခါ စစ်မှန်သောစိတ်ကျေနပ်မှုမရရှိဘဲ “အလုံးစုံတို့သည် [အစိုးမရသော] အမှု၊ လေကိုကျက်စားသောအမှုဖြစ်” သွားလေသည်။ (ဒေသနာ ၁:၁၄; ၂:၁၁) ရလဒ်မှာ လောကကြီးတွင် အထီးကျန်ပြီး စိတ်ဓာတ်ကျနေသောလူများနှင့် ပြည့်နှက်လာလေရာ လူ့ဘောင်သည် ပြဿနာပေါင်းသောင်းခြောက်ထောင်သို့ ဦးတည်သွားတော့သည်။ (သု. ၁၈:၁) လူများသည် တစ်ယောက်နှင့်တစ်ယောက် သံသယဝင်ကာ အနွယ်အရ၊ လူမျိုးအရ၊ လူမှုရေးအရနှင့် စီးပွားရေးအရ ကွဲပြားလာကြသည်။

၃။ ကျွန်ုပ်တို့သည် စစ်မှန်သော ရွှင်လန်းမှုနှင့် စိတ်ကျေနပ်မှုကို မည်သို့ရှာတွေ့နိုင်သနည်း။

၃ လူသားထုကသာ တစ်ဖက်သားကိုဆက်ဆံသည့် ယေဟောဝါ၏နည်းလမ်းတော်ဖြစ်သော ကြင်နာခြင်း၊ ရက်ရောခြင်း၊ ဧည့်ဝတ်ပြုခြင်းတို့ကို တုပကြမည်ဆိုလျှင် အခြေအနေ မည်မျှကွာခြားလိုက်မည်ဖြစ်ခြင်း! စစ်မှန်သောပျော်ရွှင်မှု၏ လျှို့ဝှက်ချက်မှာ ကိုယ့်လိုဘပြည့်ရေးကို မရမကရှာကြံခြင်းပေါ်တွင် မမူတည်ပါလေ။ ယင်းအစား အဓိကသော့ချက်မှာ “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟူ၍သာတည်း။ (တမန်တော် ၂၀:၃၅၊ ကဘ) ရွှင်လန်းမှုနှင့် စိတ်ကျေနပ်မှု ရှာတွေ့ရန်မှာ ကျွန်ုပ်တို့အားဝန်းရံထားနိုင်သည့် အတားအဆီးများနှင့် ခွဲခြားမှုများကို ကျော်လွှားပစ်ရမည်။ ထို့အပြင် ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်နေကြသူများကို ကူမပေးရမည်။ ကျွန်ုပ်တို့သည် ဤသြဝါဒကို လိုက်လျှောက်ဖို့အရေးကြီးသည်– “ငါတို့သည် သမ္မာတရားကို ကူမသောသူဖြစ်အံ့သောငှာ၊ ထိုသို့သောသူတို့အားဧည့်သည်ဝတ်ကိုပြုအပ်ကြ၏။” (၃ ယောဟန် ၈) ကျွန်ုပ်တို့၏အခြေအနေက ခွင့်ပြုသ၍ ဧည့်ဝတ်ပြုထိုက်သူများကို ဧည့်ဝတ်ပြုခြင်းသည် နည်းနှစ်နည်းဖြင့် အကျိုးပေးသည်—ပေးကမ်းသူကော ခံယူသူပါ အကျိုးရသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ ‘ဧည့်ဝတ်ပြု’ သင့် ပြုထိုက်သူများကား မည်သူများနည်း။

‘မိဘမရှိသောသူငယ်နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစု’

၄။ ယေဟောဝါလူမျိုးတော်ရှိ အချို့သူများအလယ်တွင်ပင် မိသားစုဆက်ဆံရေးများ၌ မည်သည့်အပြောင်းအလဲကို တွေ့ရသနည်း။

၄ ခိုင်မြဲသောမိသားစုများနှင့် ပျော်ရွှင်သာယာသောအိမ်ထောင်ရေးတို့ဟူသည် ယနေ့ခေတ်တွင် ရှားပါးလှသည်။ ကမ္ဘာအဝန်းတွင် ကွာရှင်းမှုနှုန်းတရိပ်ရိပ်တက်လာခြင်းနှင့် လက်မထပ်ထားသော မိခင်အရေအတွက် တိုးများလာခြင်းတို့က အစဉ်အလာမိသားစုဘဝကို အကုန်အစင်ပြောင်းလဲပစ်လိုက်သည်။ ရလဒ်အနေနှင့် မကြာသေးမီနှစ်များက ယေဟောဝါသက်သေဖြစ်လာသူများစွာမှာ ပြိုကွဲနေသောမိသားစုများမှဖြစ်ကြသည်။ ထိုသူတို့သည် ကွာရှင်းထားသူများ သို့မဟုတ် အိမ်ထောင်ဖက်များနှင့် ခွဲနေသူများဖြစ်ကြသည်၊ သို့တည်းမဟုတ် မိဘတစ်ဦးတည်းရှိသော မိသားစုများတွင် နေရသူများဖြစ်ကြသည်။ ထို့အပြင် ယေရှုတင်ကြိုမိန့်တော်မူထားသကဲ့သို့ပင် ကိုယ်တော်သွန်သင်သောသမ္မာတရားကြောင့် မိသားစုများစွာတွင် ကွဲပြားမှုများဖြစ်ခဲ့သည်။—မဿဲ ၁၀:၃၄-၃၇; လုကာ ၁၂:၅၁-၅၃။

၅။ ကွဲပြားနေသောမိသားစုများတွင် ရှိနေသူများအတွက် အားပေးမှုအရင်းအမြစ်ဖြစ်နိုင်သော မည်သည့်စကားကို ယေရှုမြွက်ကြားတော်မူခဲ့သနည်း။

၅ သမ္မာတရားဘက်တွင် အခိုင်အမာရပ်တည်နေကြသည့် လူသစ်များကို တွေ့ရခြင်းသည် ကျွန်ုပ်တို့၏နှလုံးကို နွေးထွေးမှုဖြစ်စေရာ ယေရှု၏ဤအားရှိဖွယ်ကတိတော်ဖြင့် ထိုသူတို့အား ကျွန်ုပ်တို့နှစ်သိမ့်ပေးလေ့ရှိသည်– “ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့။”—မာကု ၁၀:၂၉၊ ၃၀။

၆။ ကျွန်ုပ်တို့သည် မိမိတို့အထဲတွင်ရှိသော “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့” အတွက် ‘ညီအစ်ကိုမောင်နှမများ၊ အမိများနှင့် သားသမီးများ’ မည်သို့ဖြစ်လာနိုင်သနည်း။

၆ သို့သော် အဆိုပါ ‘ညီအစ်ကိုမောင်နှမများ၊ အမိများနှင့် သားသမီးများကား မည်သူများနည်း။ မိမိတို့ကိုယ်ကို ညီအစ်ကိုညီအစ်မများဟု သမုတ်ကြသော တစ်ရာ၊ တစ်ရာကျော်ရှိသည့် ဘုရားသခင့်နိုင်ငံတော်ခန်းမမှ လူစုလူဝေးကြီးကို တွေ့မြင်လိုက်ရသည်နှင့် ဤသူများသည် မိမိ၏ ညီအစ်ကိုများ၊ ညီအစ်မများ၊ အမိများနှင့် သားသမီးများပါလားဟု လူတစ်ဦးကို အလိုအလျောက်ခံစားဖြစ်ပေါ်လာစေသည်မဟုတ်ပါ။ ဤအချက်ကို သုံးသပ်ကြည့်ပါလေ– ကျွန်ုပ်တို့၏ဝတ်ပြုမှုသည် ယေဟောဝါလက်ခံတော်မူဖွယ်ဖြစ်ဖို့အတွက် ‘မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုကာ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်’ ရမည်ဟု တပည့်တော်ယာကုပ်က ကျွန်ုပ်တို့အား သတိပေးသည်။ (ယာကုပ် ၁:၂၇) ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် အဆိုပါ “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့” အပေါ်ထားရှိရမည့် အကြင်နာတံခါးပိတ်ပစ်လိုက်စေသည့် ဓနဂုဏ်မောက်သည့်လောကီစိတ်ထားများနှင့် လူမှုရေးအဆင့်အတန်းခွဲခြားခြင်းတို့ကို ခွင့်မပြုရပါ။ ယင်းအစား မိမိတို့၏ပေါင်းဖော်မှုနှင့် ဧည့်ဝတ်ပြုမှုတို့ကို သူတို့ပါခံစားရစေဖို့ ကျွန်ုပ်တို့ အစပြုလုပ်ဆောင်ရမည်ဖြစ်သည်။

၇။ (က) “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့” ကို ဧည့်ဝတ်ပြုခြင်း၏ ရည်ရွယ်ချက်အမှန်ကား အဘယ်နည်း။ (ခ) မည်သူများသည်လည်း ခရစ်ယာန်ဧည့်ဝတ်ပြုခြင်းတွင် ပါဝင်နိုင်သနည်း။

၇ “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့” ကို ဧည့်ဝတ်ပြုခြင်းဟူသည် ရုပ်ပစ္စည်းဘက်သူတို့လိုအပ်ကောင်းလိုအပ်မည့်အရာအတွက် ရင်းစားပေးခြင်းနှင့် အမြဲမသက်ဆိုင်ပါ။ မိဘတစ်ဦးတည်းရှိသော မိသားစုများ သို့မဟုတ် ဘာသာရေးအရ ကွဲပြားနေသည့် အိမ်ထောင်စုများအားလုံး ငွေကြေးအကျပ်အတည်းတွေ့ကြရသည်မဟုတ်ပါ။ မည်သို့ပင်ဆိုစေကာမူ အကျိုးဖြစ်သောပေါင်းသင်းမှု၊ မိသားစုအသိုင်းအဝိုင်း၊ အသက်အရွယ်မျိုးစုံရှိသူများနှင့် ပေါင်းဖော်မှုနှင့် ဝိညာဉ်ရေးဆိုင်ရာ ကောင်းသောအရာများကို ဝေမျှခြင်း—ယင်းတို့သည် အသက်တာ၏ မြတ်နိုးဖွယ်ရာအသွင်အပြင်များဖြစ်ကြသည်။ ထို့ကြောင့်အရေးကြီးသည်ကား အခမ်းအနားကြီးကျယ်ခြင်းမဟုတ်ဘဲ မေတ္တာနှင့်စည်းလုံးသည့်စိတ်ထားဖြစ်ရာ ရံဖန်ရံခါဆိုသလို “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့” ပင် ခရစ်ယာန်ချင်းတို့အား ဧည့်ဝတ်ပြုရာ၌ ပါဝင်နိုင်ကြခြင်းသည် ကောင်းလေစွ!—၃ ဓမ္မရာဇဝင် ၁၇:၈-၁၆ နှိုင်းယှဉ်။

ကျွန်ုပ်တို့ထဲတွင် နိုင်ငံခြားသားများရှိသလော

၈။ ယေဟောဝါသက်သေတို့၏ အသင်းတော်များစွာတွင် မည်သည့်အပြောင်းအလဲကို တွေ့မြင်ရသနည်း။

၈ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့နေကြသည့်အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်ကြရသည်။ “ကမ္ဘာတစ်ဝန်းရှိ လူပေါင်း သန်း ၁၀၀ ကျော်သည် မိမိတို့နိုင်ငံသားမခံယူသည့် နိုင်ငံများတွင် နေထိုင်နေကြပြီး ၂၃ သန်းမှာမူ မိမိတို့၏နိုင်ငံမှ နှင်ထုတ်ခံရကြသည်” ဟု World Press Review ကဆိုသည်။ ယင်း၏တိုက်ရိုက်ရလဒ်မှာ ဒေသများစွာ၊ အထူးသဖြင့် မြို့ကြီးများတွင် တစ်ချိန်တစ်ခါက အနွယ်တစ်နွယ် သို့မဟုတ် လူမျိုးတစ်မျိုးတည်းဖြင့် ဖွဲ့စည်းထားသည့် ယေဟောဝါလူမျိုးတော်၏အသင်းတော်များသည် ယခုအခါတွင် ကမ္ဘာ့ဒေသအသီးသီးမှ လူများပါဝင်နေပါသည်။ သင့်ဒေသတွင်လည်း အလားတူဖြစ်ပေမည်။ သို့သော် ကျွန်ုပ်တို့သည် မိမိတို့နှင့် ဘာသာစကားမတူ၊ ဓလေ့ထုံးစံနှင့် ဘဝပုံစံမတူသည့် “တိုင်းတစ်ပါးသားများ” နှင့် “နိုင်ငံခြားသားများ” ဟု လောကသားများခေါ်သော အဆိုပါပုဂ္ဂိုလ်များကို မည်သို့သဘောထားသင့်ပါသနည်း။

၉။ ခရစ်ယာန်အသင်းတော်ထဲသို့ရောက်ရှိလာသော “တိုင်းတစ်ပါးသားများ” နှင့် “နိုင်ငံခြားသားများ” အပေါ် ကျွန်ုပ်တို့၏ရှုမြင်ချက်နှင့်စပ်လျဉ်း၍ မည်သည့်ညွှတ်ကွင်းကြီးက ကျွန်ုပ်တို့အား ကျော့ဖမ်းလိုက်နိုင်သနည်း။

၉ ရိုးရိုးပြောရလျှင် ကျွန်ုပ်တို့သည် သူစိမ်းနိုင်ငံ သို့မဟုတ် တိတ္ထိနိုင်ငံများဟုခေါ်လေ့ရှိသည့် နိုင်ငံများမှလာရောက်သူများထက် တစ်နည်းနည်းဖြင့် သမ္မာတရားသိရှိခွင့်ပို၍ရထိုက်သူများဖြစ်ကြောင်း ကျွန်ုပ်တို့အားခံစားမိရန်ဖန်တီးသည့် တိုင်းတစ်ပါးသားများကို ရွံမုန်းသော မည်သည့်သဘောထားကိုမဆို အခွင့်မပြုရပါ; ဘုရားသခင့်နိုင်ငံတော်ခန်းမ သို့မဟုတ် အခြားအရာများအသုံးပြုမှုကို အဆိုပါအသစ်ရောက်လာသူများ လာရောက်ကျူးကျော်သည်ဟု မယူဆသင့်ပါ။ ဤကဲ့သို့သောသဘောထားများအမြစ်စွဲနေသော ပထမရာစုဂျူးခရစ်ယာန်တချို့ကို တမန်တော်ပေါလုက မည်သူတစ်ဦးတစ်ယောက်မျှ ထိုက်တန်သူများမဟုတ်ကြောင်း; ဘုရားသခင်၏မခံစားထိုက်သော ကြင်နာမှုသည် လူအားလုံးကယ်တင်ခြင်းရရှိစေကြောင်း သတိပေးခဲ့ရသည်။ (ရောမ ၃:၉-၁၂၊ ၂၃၊ ၂၄) ဘုရားသခင်၏မခံစားထိုက်သော ကြင်နာမှုသည် သတင်းကောင်း ကြားနာခွင့်ကို တစ်နည်းနည်းဖြင့် ငြင်းပယ်ခဲ့ဖူးသူများစွာထံပင် ရောက်ရှိနေခြင်းကို ကျွန်ုပ်တို့ဝမ်းမြောက်ဝမ်းသာဖြစ်သင့်သည်။ (၁ တိမောသေ ၂:၄) သူတို့အားကျွန်ုပ်တို့ အမှန်ပင်ချစ်ခင်မြတ်နိုးကြောင်း မည်သို့တင်ပြနိုင်သနည်း။

၁၀။ ကျွန်ုပ်တို့သည် မိမိတို့အထဲတွင်ရှိသော “နိုင်ငံခြားသားများ” ကို အမှန်ပင်ဧည့်ဝတ်ပြုသူများဖြစ်ကြောင်း မည်သို့ပြသနိုင်သနည်း။

၁၀ “ခရစ်တော်သည် သင်တို့ကိုကြိုဆိုတော်မူသည်နည်းတူ ဘုရားသခင့်ဘုန်းတော် ထင်ရှားစေဖို့ သင်တို့သည်တစ်ယောက်ကိုတစ်ယောက်ကြိုဆိုကြလော့” ဟူသည့် ပေါလု၏သြဝါဒကို ကျွန်ုပ်တို့ လိုက်လျှောက်နိုင်သည်။ (ရောမ ၁၅:၇၊ ကဘ) အခြားနိုင်ငံများနှင့် အခြားနောက်ခံများမှ လာသူတို့သည် အနှိမ်ခံရလေ့ရှိသည်ကို သိရှိကာ ကျွန်ုပ်တို့သည် သူတို့အား တတ်စွမ်းနိုင်သ၍ အကြင်နာတရားနှင့် အလေးထားမှုတင်ပြသင့်သည်။ သူတို့အားကျွန်ုပ်တို့အလယ်တွင် လက်ခံကြိုဆိုသင့်ပြီး သူတို့တစ်ဦးချင်းကို “ကိုယ်အမျိုးသားချင်းကဲ့သို့” ဆက်ဆံကာ “ကိုယ်နှင့်အမျှချစ်” သင့်သည်။ (ဝတ်ပြုရာ ၁၉:၃၄) ဤသို့ပြုရန် လွယ်ကူမည်မဟုတ်သော်လည်း “သင်တို့သည် လောကီပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့” ဟူသည့် သွန်သင်ချက်ကို ကျွန်ုပ်တို့သာ သတိရပါမူ အောင်မြင်ပါလိမ့်မည်။—ရောမ ၁၂:၂။

သန့်ရှင်းသူများနှင့် ဝေမျှယူပါ

၁၁၊ ၁၂။ (က) ရှေးဣသရေလနိုင်ငံတွင် (ခ) ပထမရာစုတွင် ယေဟောဝါရှင်၏ ကျေးကျွန်အချို့ကို မည်သည့် အထူးထောက်ထားမှု ပေးသနားထားတော်မူသနည်း။

၁၁ ကျွန်ုပ်တို့၏ ထောက်ထားမှုနှင့် ဧည့်ဝတ်ပြုမှုကို အမှန်တကယ်ခံထိုက်သူများထဲတွင် ကျွန်ုပ်တို့၏ဝိညာဏကောင်းကျိုးအလို့ငှာ ကြိုးစားပမ်းစားလုပ်ဆောင်ပေးကြသည့် ရင့်ကျက်သော ခရစ်ယာန်များ ပါဝင်သည်။ ယေဟောဝါရှင်သည် ရှေးဣသရေလနိုင်ငံရှိ ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအတွက် အထူးအထောက်အပံ့များပေးတော်မူခဲ့သည်။ (တောလည်ရာ ၁၈:၂၅-၂၉) ပထမရာစုတွင် ခရစ်ယာန်များသည် အထူးအခွင့်အရေးဖြင့် အမှုဆောင်နေသူများကိုလည်း ပြုစုစောင့်ရှောက်ရန် တိုက်တွန်းခံရကြသည်။ ၃ ယောဟန် ၅-၈ က အစောပိုင်းခရစ်ယာန်များအလယ်တွင်ဖြစ်တည်နေသည့် ရင်းနှီးသောမေတ္တာနှောင်ကြိုး၏ အရိပ်အမြွက်ကို ကျွန်ုပ်တို့အား ဖော်ပြသည်။

၁၂ အသက်ကြီးနေပြီဖြစ်သော တမန်တော်ယောဟန်သည် အသင်းတော်သို့လည်ပတ်ဖို့ စေလွှတ်လိုက်သော နယ်လှည့်ညီအစ်ကိုတချို့အား ဂါယုပြသခဲ့သည့် ကြင်နာမှုနှင့် ဧည့်ဝတ်ပြုမှုကို အကြီးအကျယ်တန်ဖိုးထားခဲ့သည်။ ဤသြဝါဒစာကို ယူသွားပေးသူဖြစ်ကြောင်းထင်ရှားသူ ဒေမေတရိအပါအဝင် အဆိုပါညီအစ်ကိုများသည် သူစိမ်းများ သို့တည်းမဟုတ် ဂါယုကို ယခင်ကမသိကြသော သူများဖြစ်သည်။ သို့သော် သူတို့သည် “[ဘုရားသခင့်] နာမတော်အတွက်ကြောင့် သူတို့ထွက်သွားကြသည့်အလျောက်” ဧည့်ဝတ်ပြုခြင်း ခံခဲ့ရသည်။ ယောဟန်က ဤသို့ယူမှတ်သည်– “ငါတို့သည် သမ္မာတရားကို ကူမသူဖြစ်အံ့သောငှာ၊ ထိုသို့သောသူတို့အားဧည့်ဝတ်ကို ပြုအပ်ကြ၏။”—၃ ယောဟန် ၁၊ ၇၊ သမ၊ ၈။

၁၃။ ယနေ့ ကျွန်ုပ်တို့ထဲတွင်ရှိသော မည်သူတို့သည် ‘ဧည့်ဝတ်ပြု’ ခြင်းကို အထူးသဖြင့် ခံထိုက်ကြသနည်း။

၁၃ ယနေ့ ယေဟောဝါ၏အဖွဲ့အစည်းအတွင်းတွင် ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး၏ အကျိုးအလို့ငှာ ကိုယ်တိုင်ကိုယ်ကျအားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်နေကြသူများစွာရှိပါသည်။ ဤသူများတွင် အသင်းတော်များကို တည်ဆောက်ပေးဖို့အတွက် တစ်ပတ်ပြီးတစ်ပတ် မိမိတို့အချိန်နှင့် စွမ်းအင်ကိုအသုံးပြုကြသည့် နယ်လှည့်ကြီးကြပ်မှူးများ; နိုင်ငံရပ်ခြားတွင် ဟောပြောဖို့ မိသားစုများနှင့် မိတ်ဆွေများကို စွန့်ခွာကျောခိုင်းခဲ့ကြသည့် သာသနာပြုများ; ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ထောက်မရန် မိမိတို့၏လုပ်အားကို ဗေသလအိမ်များ သို့မဟုတ် ဌာနခွဲရုံးများတွင် စေတနာအလျောက်ပေးဆက်ကာ လုပ်ဆောင်နေကြသူများ; နှင့် လယ်ကွင်းဓမ္မအမှုတွင် မိမိတို့၏အချိန်နှင့် စွမ်းအင်၏အဓိကအပိုင်းကို အသုံးပြုနေကြသော ရှေ့ဆောင်လုပ်ငန်း ဝင်ရောက်နေသူများပါဝင်ပါသည်။ အခြေခံအားဖြင့် အဆိုပါလူအားလုံးတို့သည် ကိုယ့်ဂုဏ်တက်ဖို့ သို့မဟုတ် ကိုယ်ကျိုးတစ်စုံတရာအတွက်မဟုတ်ဘဲ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းနှင့် ယေဟောဝါကို ချစ်သောကြောင့် ကြိုးစားလုပ်ဆောင်ကြခြင်းဖြစ်သည်။ သူတို့၏စိုးလ်အပြည့် ဆည်းကပ်ဝတ်ပြုခြင်းကြောင့် သူတို့သည် ကျွန်ုပ်တို့တုပထိုက်သူများဖြစ်ပြီး ‘ဧည့်ဝတ်ပြုမှု’ ကိုပါခံထိုက်သူများဖြစ်ပါသည်။

၁၄။ (က) သစ္စာတည်ကြည်သူများကို ဧည့်ဝတ်ပြုသောအခါ ကျွန်ုပ်တို့သည် သာ၍ကောင်းသောခရစ်ယာန်များ မည်သို့ဖြစ်လာသနည်း။ (ခ) မာရိသည် “ကောင်းသောအဖို့” ကို ရွေးယူသည်ဟု အဘယ်ကြောင့် ယေရှုမိန့်မြွက်တော်မူခဲ့သနည်း။

၁၄ ကျွန်ုပ်တို့သည် “ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကိုပြု” သောအခါ “သမ္မာတရားကို ကူမသောသူ” ဖြစ်လာကြကြောင်း တမန်တော်ယောဟန် ထောက်ပြခဲ့သည်။ ရလဒ်အနေနှင့် ကျွန်ုပ်တို့သည် သာ၍ကောင်းမွန်သော ခရစ်ယာန်များတစ်နည်းတစ်ဖုံဖြစ်လာလေသည်။ အကြောင်းမှာ ခရစ်ယာန်လုပ်ငန်းဆောင်တာများတွင် ယုံကြည်သူချင်းတို့အတွက် ကောင်းမှုပြုပေးခြင်း ပါဝင်သောကြောင့်တည်း။ (သု. ၃:၂၇၊ ၂၈; ၁ ယောဟန် ၃:၁၈) အခြားနည်းဖြင့်လည်း ဆုကျေးဇူးများရှိသည်။ မာရိနှင့် မာသတို့သည် မိမိတို့အိမ်တွင် ယေရှုကို ဧည့်ခံသောအခါ မာသမူ ယေရှုအတွက် “များစွာသောအမှုတို့” ကိုပြင်ဆင်ခြင်းအားဖြင့် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လိုသည်။ မာရိမူ ခြားနားသောနည်းဖြင့် ဧည့်ဝတ်ပြုခဲ့သည်။ သူမသည် “ယေရှု၏ခြေတော်ရင်း၌ထိုင်၍ စကားတော်ကို နားထောင်လျက်နေ” ကာ “ကောင်းသောအဖို့ကို” ရွေးယူခဲ့ခြင်းအတွက် ယေရှုက သူမအားချီးမွမ်းခဲ့သည်။ (လုကာ ၁၀:၃၈-၄၂) ညနေခင်းတစ်ခုတွင် နှစ်များစွာ အတွေ့အကြုံရှိခဲ့သူများနှင့် စကားစမြည်ပြောကာ ဆွေးနွေးနှီးနှောခြင်းအားဖြင့် သူတို့နှင့်ပေါင်းသင်းခြင်းသည် သူတို့အတွက် အမှတ်တရဖြစ်သွားလေ့ရှိသည်။—ရောမ ၁:၁၁၊ ၁၂။

အထူးအခါသမယများ

၁၅။ မည်သည့်အထူးအခါသမယများသည် ယေဟောဝါလူမျိုးတော်အတွက် ပျော်ရွှင်သောအချိန်များဖြစ်ကြောင်း ထင်ရှားနိုင်သနည်း။

၁၅ ခရစ်ယာန်စစ်များသည် ခေတ်စားနေသော ထုံးစံများကိုမလိုက်၊ လောကီအားလပ်ရက်များနှင့် ပွဲများကို မကျင်းပသော်လည်း အချင်းချင်းပေါင်းသင်းမှုဖြစ်စေရန် မိတ်ဆုံပွဲများလုပ်သည့် အခါသမယများရှိသည်။ ဥပမာ၊ ယေရှုသည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခုသို့ တက်ရောက်ကာ မိမိ၏ဦးဆုံးအံ့ဖွယ်အမှုကိုပြုလိုက်ခြင်းအားဖြင့် ဤအခါသမယတွင် ရွှင်လန်းမှုကို ချီးမြှင့်ပေးတော်မူခဲ့သည်။ (ယောဟန် ၂:၁-၁၁) အလားတူစွာ ယနေ့ခေတ် ယေဟောဝါ၏လူမျိုးတော်၌ အလားတူအထူးအခါသမယများတွင် အတူတကွ နွှဲပျော်သည့် အချိန်အခါများရှိပြီး၊ အဆိုပါအခါသမယများကို သင့်လျော်သော အခမ်းအနားနှင့် ပွဲတို့က များစွာအားဖြည့်ပေးသည်။ သို့သော် မည်သည့်အရာသည် သင့်လျော်ပါသနည်း။

၁၆။ အထူးအခါသမယများအတွက်ပင် လျော်ကန်သော အကျင့်အကြံနှင့်ပတ်သက်၍ မည်သည့်လမ်းညွှန်ချက်များ ကျွန်ုပ်တို့တွင် ရှိထားသနည်း။

၁၆ ကျွန်ုပ်တို့သည် ကျမ်းစာကိုလေ့လာရာမှ ခရစ်ယာန်များအတွက် သင့်လျော်သောအကျင့်အကြံသည် မည်သည့်အရာဖြစ်ကြောင်း သိရှိရပြီး ယင်းအကျင့်အကြံကို ကျွန်ုပ်တို့ အချိန်မရွေးလိုက်လျှောက်ကြရသည်။ (ရောမ ၁၃:၁၂-၁၄; ဂလာတိ ၅:၁၉-၂၁; ဧဖက် ၅:၃-၅) မင်္ဂလာဆောင်ပွဲနှင့်ပတ်သက်၍ဖြစ်စေ၊ အခြားအကြောင်းနှင့်ပတ်သက်၍ဖြစ်စေ ကျင်းပသောမိတ်ဆုံပွဲများသည် မိမိတို့၏ခရစ်ယာန်စံနှုန်းများကို စွန့်လွှတ်လိုက်ဖို့ သို့တည်းမဟုတ် သာမန်အားဖြင့် ကျွန်ုပ်တို့မလုပ်သည့်အရာတစ်ခုခုကို လုပ်ဆောင်ဖို့ လွတ်လပ်ခွင့်မပေးပါ; ကျွန်ုပ်တို့သည် မိမိတို့နေထိုင်သည့် နိုင်ငံ၏ ထုံးစံမှန်သမျှကို လိုက်ဖို့တာဝန်လည်းမရှိပါ။ ထိုထုံးစံများစွာတို့သည် မှားယွင်းသောဘာသာရေး ကျင့်ဝတ်များ သို့မဟုတ် အယူသီးမှုများပေါ်တွင် အခြေပြုပြီး အခြားထုံးစံများမှာမူ ခရစ်ယာန်များ လုံးဝလက်ခံနိုင်ဖွယ်မရှိသည့် အကျင့်အကြံနှင့် ညှိစွန်းသည်။—၁ ပေတရု ၄:၃၊ ၄။

၁၇။ (က) ကာနမြို့မင်္ဂလာဆောင်ပွဲကို ကောင်းစွာစနစ်တကျ စီစဉ်ထားပြီး သင့်လျော်စွာ ကြီးကြပ်ပေးကြောင်း မည်သည့်အချက်များက တင်ပြသနည်း။ (ခ) ယေရှုသည် ထိုအခမ်းအနားကို နှစ်သက်လက်ခံတော်မူကြောင်း မည်သည့်အရာက ပြသသနည်း။

၁၇ ကျွန်ုပ်တို့သည် ယောဟန် ၂:၁-၁၁ ကို ဖတ်ကြည့်လျှင် ထိုအခါသမယသည် ကြီးကျယ်ခမ်းနားစွာစီစဉ်ထားသည့် အခမ်းအနားဖြစ်ကြောင်းနှင့် ဧည့်သည်များစွာလာကြကြောင်း သိမြင်ရန်မခက်ပါလေ။ သို့သော် ယေရှုနှင့် ကိုယ်တော့်တပည့်တော်တို့သည် “ဖိတ်ခေါ်” ခံရသောဧည့်သည်များဖြစ်ကြသည်; သူတို့ထဲမှတချို့သည် အိမ်ရှင်နှင့် သွေးသားတော်စပ်ဖွယ်ရှိလျှင်ပင် ကြုံတုန်းဆုံခိုက် ဝင်ရောက်လည်ပတ်ခြင်း မလုပ်ကြပါ။ “အစေခံတို့” ရှိနေသည့်အပြင် မည်သည့်အရာကိုတည်ခင်းဖို့ သို့မဟုတ် လုပ်ဆောင်ဖို့ ညွှန်ကြားပေးမည့် “ပွဲအုပ်” ပါရှိကြောင်းကိုလည်း ကျွန်ုပ်တို့ မှတ်သားရသည်။ ဤအရာအားလုံးက ကိစ္စရေးရာကို ကောင်းစွာစနစ်တကျ စီစဉ်ထားပြီး သင့်လျော်စွာ ကြီးကြပ်ပေးကြောင်း ညွှန်ပြသည်။ ယေရှုသည် ပွဲခင်းတွင် ပြုတော်မူခဲ့သည့်အရာဖြင့် “မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ” ကြောင်း ပြောကာ မှတ်တမ်းကို နိဂုံးချုပ်လိုက်သည်။ ဤပွဲသည် ဆူဆူညံညံနှင့် ထိန်းမနိုင်သိမ်းမရသည့်ပွဲဖြစ်လျှင် ကိုယ်တော်သည် ထိုသို့ပြုရန် ဤအခါသမယကို ရွေးတော်မူမည်လော။ လုံးဝရွေးမည်မဟုတ်ပါလေ။

၁၈။ မည်သည့်လူမှုရေးပွဲအတွက်မဆို အဘယ်အရာကို အလေးအနက် သုံးသပ်ရမည်နည်း။

၁၈ ကျွန်ုပ်တို့သည် အိမ်ရှင်ဖြစ်နိုင်သည့် အထူးအခါသမယတစ်ခုခုနှင့်ပတ်သက်၍ကော အသို့နည်း။ အခြားသူများကို ဧည့်ဝတ်ပြုကာ ဧည့်ခံသည့်ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့အားလုံးသည် “သမ္မာတရားကို ကူမသောသူ” ဖြစ်လာနိုင်ဖို့ဖြစ်သည်ကို သတိရလိုကြပါသည်။ ထို့ကြောင့် “သက်သေခံ” မိတ်ဆုံပွဲတစ်ခုဟု အမည်တပ်ရုံနှင့် မလုံလောက်ပါ။ မေးနိုင်သည့်မေးခွန်းမှာ ကျွန်ုပ်တို့မည်သူများဖြစ်ကြောင်းနှင့် မည်သည့်အရာကို ယုံကြည်ကြကြောင်း ယင်းက အမှန်ပင် သက်သေခံသလော။ ကျွန်ုပ်တို့သည် “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့” တွင် စိတ်အလိုလိုက်ကာ ဤကဲ့သို့သောအခါသမယမျိုးကို ဤလောကနှင့် ယင်း၏လှည့်ကွက်များအတိုင်း မည်မျှအထိရင်ပေါင်တန်း၍သွားနိုင်သည်ကို မြည်းစမ်းကြည့်ဖို့အခွင့်အရေးများအဖြစ် မည်သည့်အခါမျှ မယူမှတ်သင့်ပါ။ (၁ ယောဟန် ၂:၁၅၊ ၁၆) ယင်းအစား ဤအခါသမယတို့သည် ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့၏အမူအကျင့်ကို လျော်ကန်စွာထင်ဟပ်ပြရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏အပြုအမူက ယေဟောဝါရှင်၏ဘုန်းတော်ကို ထင်ရှားဂုဏ်တင်ကြောင်း သေချာစေသင့်သည်။—မဿဲ ၅:၁၆; ၁ ကောရိန္သု ၁၀:၃၁-၃၃။

‘မြည်တမ်းခြင်းမရှိဘဲ ဧည့်ဝတ်ကိုပြုလေ’

၁၉။ ကျွန်ုပ်တို့သည် “မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြု” ရန် အဘယ်ကြောင့်လိုအပ်သနည်း။

၁၉ လောက၏အခြေအနေများသည် ဆက်၍ဆုတ်ယုတ်ကျဆင်းလာပြီး လူများသည် သာ၍ပင်ကွဲပြားလာသောကြောင့် ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်များအလယ်တွင်ဖြစ်တည်နေသည့် ရင်းနှီးသောနှောင်ကြိုးကို သာ၍ခိုင်မာစေရန် အတတ်နိုင်ဆုံးလုပ်ဆောင်သင့်သည်။ (ကောလောသဲ ၃:၁၄) သို့ဖြစ်နိုင်ရန် ကျွန်ုပ်တို့သည် ပေတရုတိုက်တွန်းသကဲ့သို့ “အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာရှိကြ” ရမည်။ ထို့နောက် လက်တွေ့ကျသောအသုံးအနှုန်းဖြင့် “မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့” ဟု သူထပ်ဆင့်လိုက်သည်။ (၁ ပေတရု ၄:၇-၉) ကျွန်ုပ်တို့သည် ကြင်နာမှုတင်ပြပြီး အကူအညီပေးရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်ရန် မိမိတို့၏ညီအစ်ကိုများကို ဧည့်ဝတ်ပြုဖို့ အစပြုလုပ်ဆောင်လိုပါသလော။ သို့မဟုတ် ဤကဲ့သို့သော အခွင့်အရေးတစ်ရပ်ပေါ်လာသောအခါ မြည်တမ်းပါသလော။ ကျွန်ုပ်တို့မြည်တမ်းမည်ဆိုလျှင် မိမိတို့ရရှိနိုင်သည့် ရွှင်လန်းမှုကို ဖျက်ဆီးပစ်ရာကျပြီး ကောင်းမှုပြုခြင်းကြောင့်ရလာသည့် ပျော်ရွှင်မှုဆုကျေးဇူးကိုလည်း အဆုံးခံလိုက်ရာကျသည်။—သု. ၃:၂၇; တမန်တော် ၂၀:၃၅။

၂၀။ ယနေ့ကွဲပြားနေသောလောကတွင် ကျွန်ုပ်တို့သည့် ဧည့်ဝတ်ပြုကျင့်ရှိပါက မည်သည့်ကောင်းချီးများသည် ကျွန်ုပ်တို့ကို စောင့်ကြိုနေသနည်း။

၂၀ ကြင်နာမှုတင်ပြပြီး အချင်းချင်းဧည့်ဝတ်ပြုကာ မိမိတို့၏ခရစ်ယာန်ချင်းတို့နှင့် ပူးပူးကပ်ကပ်လုပ်ဆောင်ခြင်းသည် ကောင်းချီးအလျှံပယ်ကို ရရှိစေမည်ဖြစ်သည်။ (မဿဲ ၁၀:၄၀-၄၂) ဤသူများအတွက် ယေဟောဝါရှင်၏ကတိတော်မှာ ကိုယ်တော်သည် “သူတို့အပေါ်တွင် တဲတော်ကို ဖြန့်မိုးတော်မူလိမ့်မည်။ သူတို့သည် နောက်တစ်ဖန် ရေစာကို မငတ်မမွတ်ရကြ။” ယေဟောဝါ၏တဲတော်တွင် ရှိခြင်းဟူသည် ကိုယ်တော်၏အကာအကွယ်နှင့် ဧည့်ဝတ်ပြုမှုတို့ ခံစားရခြင်းကို ဖော်ဆောင်သည်။ (ဗျာဒိတ် ၇:၁၅၊ ၁၆၊ သမ္မာ; ဟေရှာယ ၂၅:၆) မှန်ပါသည်၊ ယေဟောဝါ၏ဧည့်ဝတ်ပြုမှုကို ထာဝစဉ်စံစားရမည့်အလားအလာသည် ရှေ့နားတွင်ပင်ရှိသည်။—ဆာလံ ၂၇:၄; ၆၁:၃၊ ၄။

သင်ရှင်းပြနိုင်သလော

◻ ကျွန်ုပ်တို့သည် စစ်မှန်သောရွှင်လန်းမှုနှင့် စိတ်ကျေနပ်မှုကို ရှာတွေ့လိုပါလျှင် မည်သည့်အရာကို လျစ်လျူမရှုသင့်သနည်း။

◻ “မိဘမရှိသောသူငယ်များတို့နှင့် မုဆိုးမတို့” ကားမည်သူများဖြစ်ပြီး သူတို့ကို မည်သို့ “ကြည့်ရှုပြုစု” သင့်သနည်း။

◻ ကျွန်ုပ်တို့သည် မိမိတို့အထဲတွင်ရှိသော “တိုင်းတစ်ပါးသားများ” နှင့် “နိုင်ငံခြားသားများ” ကို မည်သို့ ရှုမြင်သင့်သနည်း။

◻ ယနေ့အထူးထောက်ထားမှု ခံထိုက်သူများကား မည်သူများနည်း။

◻ အထူးအခါသမယများသည် ဧည့်ဝတ်ပြုခြင်း၏စိတ်ထားမှန်ကို မည်သို့ထင်ဟပ်ပြသင့်သနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့သည် ပွဲနေ့အခါသမယများတွင် နိုင်ငံခြားသားများ၊ ဖတဆိုးကလေးများ၊ အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်နေသူများနှင့် အခြားဧည့်သည်များကို ဧည့်ဝတ်ပြုနိုင်ပါသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ