မြေကြီးစွန်းတိုင်အောင် သက်သေခံခြင်း
အီတက်
သူလေး
ဂေါ့ဒ်ဟိုဗင်
ဂေါ့တ်ဟော့ဘ်
ဂျူလီအဲန်နီဟပ်ဘ်
အန်မာ့ဂစလစ်ခ်
သူလေးဟူသည် ပထဝီ သို့မဟုတ် အခြားအရာများနှင့်ဆိုင်သော အပြီးသတ်ပန်းတိုင်တစ်ခုကို ဖော်ပြရန်အတွက် ရှေးအချိန်ကတည်းကအသုံးပြုခဲ့သော နာမည်တစ်ခု၏အစိတ်အပိုင်းဖြစ်သည်။ ယနေ့ သူလေးဟူသည် ကမ္ဘာ့အကြီးမားဆုံးသောကျွန်းဖြစ်သည့် ဂရင်းလန်ကျွန်း၏ မြောက်ဘက်အစွန်းပိုင်းတွင်ရှိသော ရွာလေးတစ်ရွာ၏အမည်ဖြစ်သည်။ ဒဲန်းနစ်ချ်လူမျိုး နယ်သစ်ရှာဖွေသူ ကနု ရက်စ်မစယ်န်က ဝင်ရိုးစွန်းဒေသ စူးစမ်းရှာဖွေရေးခရီးထွက်ရာတွင် ခရီးတစ်ထောက်နားရန်စခန်းအဖြစ် ထိုရွာလေးကို အသုံးပြုခဲ့သော ၁၉၁၀ ခုနှစ်၌ ၎င်းကို အဆိုပါအမည်မှည့်ပေးခဲ့ခြင်းဖြစ်သည်။ ယခုအချိန်၌ပင် သူလေးရွာသို့သွားခြင်းသည် အပျော်ခရီးထက် စူးစမ်းရှာဖွေရေးဖြစ်ပေသည်။
သို့တစေ သူလေးသို့ စူးစမ်းရှာဖွေရေးခရီးများထွက်ရန် အရေးတကြီးလိုအပ်လျက်ရှိဆဲဖြစ်သည်။ “မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ” ရန်ဟူသည့် ယေရှု၏အမိန့်တော်ကိုတုံ့ ပြန်ရာတွင် ယေဟောဝါသက်သေများသည် ကမ္ဘာပေါ်၌ မြောက်ဘက်အစွန်းဆုံးကျလှသော လူများအမြဲနေထိုင်ကြသည့် ရွာလေးများမှတစ်ခုဖြစ်သော ဤနေရာသို့ ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သည့်သတင်းကောင်းကို သယ်ဆောင်သွားကြရန် အလွန်စိတ်အားထက်သန်ကြလေသည်။—တမန်တော် ၁:၈; မဿဲ ၂၄:၁၄။
‘သူလေးရွာကို ငါတို့ဘယ်တော့သွားနိုင်မှာလဲ’
“မြေကြီးစွန်းတိုင်အောင်” ဟောပြောခြင်း၌ပါဝင်လိုကြသော ဒဲန်းနစ်ချ်လူမျိုးသက်သေခံနှစ်ဦးသည် ၁၉၅၅ ခုနှစ်၌ ဂရင်းလန်ကျွန်းသို့ ရောက်ရှိလာကြသည်။ အခြားသူများက နောက်မှရောက်လာကြပြီး တဖြည်းဖြည်းနှင့် သူတို့၏ဟောပြောခြင်းလုပ်ငန်းသည် တောင်ပိုင်းနှင့် အနောက်ပိုင်းကမ်းရိုးတန်းမှ မဲလ်ဗေးလ် ပင်လယ်အော်အထိ၊ အရှေ့ပိုင်းကမ်းရိုးတန်းတစ်စိတ်တစ်ဒေသအထိ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။ သို့သော် သူလေးရွာကဲ့သို့သော ပို၍ဝေးလံသည့်အပိုင်းများကို စာနှင့် တယ်လီဖုန်းတို့ဖြင့်သာ ရောက်ရှိနိုင်ကြသည်။
၁၉၉၁ ခုနှစ်၏ နေ့တစ်နေ့၌ အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်ကြသော ဗိုးနှင့် သူ၏ဇနီး ဟယ်လင်တို့သည် ကျောက်ဆောင်တစ်ခုပေါ်တွင်ရပ်ကာ မဲလ်ဗေးလ်ပင်လယ်အော်ကို အပေါ်စီးမှနေ၍ မျှော်ကြည့်နေကြသည်။ မြောက်ဘက်ပိုင်းသို့ ကြည့်ရင်း ‘သူလေးရွာအထိ တစ်လျှောက်လုံးမှာရှိတဲ့လူတွေဆီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ယူသွားပေးဖို့ အဲဒီကို ငါတို့ ဘယ်တော့မှရောက်နိုင်မှာလဲ’ ဟူ၍ စဉ်းစားမိခဲ့ကြသည်။
၁၉၉၃ ခုနှစ်တွင် နောက်အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးဖြစ်သော ဗဲနာသည် Qaamaneq (အလင်း) အမည်ရှိ ၁၈ ပေရှည်သော သူ၏ပဲ့ချိတ်နှင့် မဲလ်ဗေးလ်ပင်လယ်အော်ကို ဖြတ်ကူးရန် အရဲစွန့်ခဲ့သည်။ သူသည် ဂေါ့တ်ဟော့ဘ်မြို့မှ ဦပါနာဗခ်ဒေသအထိ မိုင်ပေါင်း ၇၅၀ ခရီးပေါက်ခဲ့ပြီးဖြစ်သည်။ သို့သော် မိုင်ပေါင်း ၂၅၀ ရှိ အပြောကျယ်လှသည့်အာတိတ်ရေပြင်ဖြစ်သော မဲလ်ဗေးလ်ပင်လယ်အော်ကို ဖြတ်ကူးခြင်းဟူသည် လွယ်ကူလှသည့်အလုပ်မဟုတ်ပေ။ နှစ်၏အများစုအချိန်တွင် ဤပင်လယ်အော်သည် ရေခဲများဖြင့် ပိတ်ဆို့လျက်ရှိသည်။ ရေခဲများကြောင့် အင်ဂျင်တစ်လုံး ပျက်ခဲ့ရသော်လည်း ပင်လယ်အော်ကို ဗဲနာ အောင်မြင်စွာဖြတ်ကျော်နိုင်၏။ မပြန်လာမီ ဟောပြောခြင်းလုပ်ငန်းကို အနည်းငယ်လုပ်ဆောင်နိုင်ခဲ့သည်။
သူလေးရွာသို့ သွားရောက်ခြင်း
ထိုခရီးစဉ်ပြီးနောက် အစီအစဉ်သစ်များကို ဗဲနာစတင်ဆွဲတော့သည်။ သူသည် အာနာနှင့် ကားရင်း—အိပ်စင်လေးခုနှင့် ပို၍အရေးကြီးသော ခေတ်မီရေကြောင်းပြကိရိယာပါသည့် ၂၃ ပေအရှည်ရှိသော စက်လှေတစ်စင်းကို ပိုင်ဆိုင်သူ—တို့နှင့် သူလေးရွာသို့ ပူးပေါင်းခရီးထွက်ရန်အကြောင်း ဆွေးနွေးသည်။ လှေများ၌ နားခိုနိုင်ပြီး လှေနှစ်စင်းဖြင့် မဲလ်ဗေးလ်ပင်လယ်အော်ကိုဖြတ်၍ အတူတကွခရီးထွက်ခြင်းက အန္တရာယ်ကို လျော့ပါးစေနိုင်ဖွယ်ရှိသည်။ မှီတင်းနေထိုင်သူ ၆၀၀ ရှိသော အဓိကမြို့နှင့် ထိုဒေသအတွင်းရှိ ရွာခြောက်ရွာတို့ကို ပြီးစီးအောင်အမှုဆောင်နိုင်ရန် သူတို့အတွက် အကူအညီပိုလိုအပ်သည်။ ထို့ကြောင့် ဤနိုင်ငံအတွင်း၌ ခရီးထွက်ခြင်းနှင့် အကျွမ်းဝင်သော အတွေ့အကြုံရှိဓမ္မအမှုဆောင်များဖြစ်ကြသည့် ဗိုး၊ ဟယ်လင်၊ ယိုအဲန်နှင့် အင်ငါတို့ကို တစ်ခါတည်းလိုက်ပါလာကြရန် ဖိတ်ခေါ်ခဲ့သည်။ ဤအုပ်စုထဲမှ ငါးယောက်တို့မှာလည်း ဂရင်းလန်စကားကို ပြောတတ်ကြသည်။
ဦးဆုံး ကျမ်းစာစာပေစာတမ်းများကို မှာယူလိုက်ကြသည်။ လှေများ၌လည်း စာပေစာတမ်းများအပြင် လိုအပ်သည့်အစားအသောက်၊ ရေ၊ လောင်စာ၊ အပိုအင်ဂျင်နှင့် ရာဘာသက်ကယ်လှေတစ်စင်း တင်လိုက်ကြသည်။ လပေါင်းများစွာပြင်ဆင်မှုပြုပြီးနောက် ၁၉၉၄၊ ဩဂုတ် ၅ ရက်နေ့၌ လူစုလိုက်သည်။ လှေနှစ်စင်းမှာလည်း အီလူလီစက်ဆိပ်ကမ်းတွင်ကုန်တင်ပြီး ထွက်ရန် အဆင်သင့်ဖြစ်နေလေပြီ။ မြောက်အရပ်သို့သွားသော ခရီးစဉ်ကို စတင်ခဲ့ကြသည်။ ဗဲနာ၊ ဗိုးနှင့် ဟယ်လင်တို့က လှေနှစ်စင်းမှ အငယ်တစ်စင်းဖြင့် လိုက်ပါခဲ့ကြသည်။ “ခင်ဗျားလုပ်နိုင်တာကတော့ အိပ်စင်မှာ ထိုင်ရင်ထိုင်၊ မထိုင်ရင်လှဲနေပြီး တစ်ခုခုကို ဆုပ်ကိုင်ထားဖို့ပဲဖြစ်တယ်” ဟု ဗိုးက ရေးသားခဲ့သည်။ သင်္ဘောခရီးစဉ်၏မှတ်တမ်းနောက်သို့ ကျွန်ုပ်တို့လိုက်ကြည့်ကြစို့။
“အပြောကျယ်ပြီး ငြိမ်သက်တဲ့ ပင်လယ်ကြီးပါပဲ။ ခမ်းနားထည်ဝါပြီး ကျယ်ပြောတဲ့ရှုခင်းကို ကျွန်တော်တို့ရဲ့မျက်စိရှေ့ မှာ ခင်းပြထားသလိုပဲ—အရောင်တလက်လက်တောက်နေတဲ့ ပင်လယ်ရေပြင်၊ ထူထပ်တဲ့ မြူကွက်ငယ်တွေ၊ တောက်ပတဲ့နေမင်းနဲ့ အပြာရောင်မိုးကောင်းကင်၊ အရမ်းစွဲမက်စရာကောင်းတဲ့ ပုံသဏ္ဌာန်နဲ့ အရောင်အသွေးတွေရှိတဲ့ ရေခဲတောင်တွေ၊ မျှောနေတဲ့ ရေခဲပြင်ကြီးပေါ်မှာ နေပူဆာလှုံနေတဲ့ အညိုရောင်ပင်လယ်ဖျံကြီးတစ်ကောင်၊ မှောင်မဲနေတဲ့ တောင်စောင်းတွေနဲ့ လွင်ပြင်ငယ်လေးတွေရှိတဲ့ ပင်လယ်ကမ်းရိုးတန်းတွေ—ပြောင်းလဲနေတဲ့ ရှုမျှော်ခင်းတွေက မပြီးဆုံးနိုင်တော့ပါဘူးဗျာ။
“စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ခရီးတစ်လျှောက်မှာရှိတဲ့ ရွာငယ်လေးတွေကို လည်ပတ်ရခြင်းပါပဲ။ ဘယ်ဧည့်သည်တွေလဲဆိုတာ ကြည့်ရှုဖို့နဲ့ သူတို့ကိုကြိုဆိုဖို့ ဆိပ်ခံတံတားပေါ်ဆင်းလာကြတဲ့ လူတွေ၊ အထူးသဖြင့်ကလေးတွေ အမြဲရှိနေတတ်တယ်။ ကျွန်တော်တို့က ကျမ်းစာစာပေစာတမ်းတွေကို ဝေငှပြီး ကျွန်တော်တို့အဖွဲ့အစည်းအကြောင်းနဲ့ပတ်သက်တဲ့ ဗီဒီယိုခွေတစ်ခွေကို ငှားပေးတယ်။ ကျွန်တော်တို့မထွက်ခွာလာခင်မှာ အဲဒါကို လူအများကြည့်ရှုနိုင်ခဲ့ကြတယ်။ တောင်ပိုင်း အာပါးနာဗစ်မှာဆိုရင် ကျွန်တော်တို့က ဝင်မသွားခင် လူတော်တော်များများက ကျွန်တော်တို့လှေဆီကို သူတို့လှေတွေနဲ့ထွက်လာကြတယ်။ ဒါကြောင့် တစ်ညနေခင်းလုံး သင်္ဘောပေါ်မှာ ဧည့်သည်တွေရှိနေကြပြီး ကျမ်းစာမေးခွန်းတွေ အများကြီးကို ဖြေပေးခဲ့ရတယ်။”
မိုင်ပေါင်း ၄၅၀ ခရီးဆန့်ခဲ့ပြီးနောက် ယခု ဤလှေနှစ်စင်းသည် မဲလ်ဗေးလ်ပင်လယ်အော်ကို ဖြတ်ကူးရန် အဆင်သင့်ဖြစ်နေလေပြီ။
အသက်ဖြင့်ရင်းရသော စွန့်စားမှု
“ဒါကတော့ အသက်နဲ့ရင်းရတဲ့ ခရီးစဉ်ပိုင်းလို့ လူတွေယူမှတ်ကြတယ်။ ဒီအပြင် ကျွန်တော်တို့ဟာက မနားတမ်းဖြတ်ကူးကြရမှာ။ ဘာကြောင့်လည်းဆိုရင် ဆာဗေးစီဗစ်ရွာလေး (ရပ်ကွက်ရဲ့အစဖြစ်တဲ့အပြင် ကျွန်တော်တို့ခိုလှုံနားနေစရာ တွေ့နိုင်မယ့်နေရာ) က ရေခဲတွေနဲ့ပိတ်ဆို့နေတုန်း ဖြစ်တာကြောင့်ပဲ။
“ဒါနဲ့ ကျွန်တော်တို့စပြီး ထွက်ခွာလာကြတယ်။ ရေခဲတွေက များလွန်းတော့ ကျယ်ပြောလှတဲ့ပင်လယ်ဘက်ကို ဝေးဝေးထွက်ပြီး ကျွန်တော်တို့သွားကြတယ်။ ရေပြင်ကငြိမ်သက်နေလို့ တော်သေးတယ်။ ပထမပိုင်း နာရီပေါင်းအတော်ကြာကြာအထိကတော့ ထူးခြားမှုမရှိလှပါဘူး၊ သမုဒ္ဒရာကို တစ်မိုင်ပြီးတစ်မိုင် ခွဲဖောက်သွားခဲ့ကြတယ်။ ညနေပိုင်းရောက်တော့ ယော့ခ်အငူကို ဘွားခနဲကျွန်တော်တို့မြင်လိုက်ရပြီး ကုန်းမြေနဲ့ပိုနီးတဲ့ မြောက်ဘက်ပိုင်းကို ဖြည်းဖြည်းချင်းလှည့်လိုက်ကြတယ်။ ဒီမှာလည်း ရေခဲတွေပါပဲ။ ရှိနေတာကြာလည်းကြာ၊ ထူလည်းထူပြီး ဖရိုဖရဲပြိုကွဲနေတဲ့ ရေခဲပြင်ကြီးတွေကို မျက်စိတဆုံး မြင်တွေ့နိုင်ပါတယ်။ ရေခဲရဲ့အနားအတိုင်း တော်တော်ဝေးတဲ့အကွာအဝေးအထိလိုက်သွားကြတယ်။ တစ်ခါတလေ ရေခဲတွေကြားက လမ်းကြောင်းကျဉ်းကျဉ်းလေးတွေကနေ ဂရုတစိုက်သွားကြရတယ်။ အဲဒီနောက် ထူထပ်တဲ့အညိုရောင်ဖျော့ဖျော့အခိုးငွေ့တွေနဲ့တူပြီး အထူးသဖြင့် နေဝင်ဆည်းဆာရဲ့အလင်းရောင်နဲ့ ပိုလှပတဲ့ မြူထုကြီးရှိတယ်။ လှိုင်းတွေလည်းရှိတယ်! တစ်ချိန်ထဲမှာ မြူထု၊ ရေလှိုင်းနဲ့ ရေခဲတွေကို ရင်ဆိုင်ရတယ်။ အဲဒီထဲက တစ်ခုခုနဲ့တင် ခက်ခဲမှုဖြစ်လေ့ရှိပါတယ်။”
ကျွန်ုပ်တို့၏ကြိုဆိုခံရမှု
“ပစ်တူဖစ်ကို ချဉ်းကပ်လာတာနဲ့အမျှ ပိုပြီးငြိမ်သက်တဲ့ရေပြင်ကို ကျွန်တော်တို့ဝင်ရောက်လာခဲ့ပါတယ်။ ဖန်ဆင်းရာတွေက ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြတယ်။ အပြာရောင်မိုးကောင်းကင်မှာ နေမင်းကြီးက မြင့်တက်လို့လာတယ်; ကျွန်တော်တို့ရဲ့ရှေ့ မှာတော့ ကျယ်ပြောပြီး ကြည်လင်တောက်ပတဲ့ တောင်ကြားပင်လယ်ကွေ့မှာ ပေါလောပေါ်နေတဲ့ ရေခဲတောင်တွေက ပြောက်တိပြောက်ကျားနဲ့; အရှေ့ဝေးဝေးမှာတော့ ဒန်ဒပ်စ်မြို့က ထင်ရှားပေါ်လွင်တဲ့ ကျောက်ဆောင်ရဲ့ အရိပ်မည်းကြီး—အရင်က သူလေးရွာလေးရဲ့နေရာပဲဖြစ်ပါတယ်!” မြောက်ဘက်သို့ မိုင်ပေါင်း ၆၀ ခန့် ထပ်သွားလိုက်သောအခါ ခရီးသည်များသည် သူတို့၏ခရီးပန်းတိုင်သို့ ရောက်ရှိသွားကြသည်။
ယခု သူတို့သည် တစ်အိမ်မှတစ်အိမ် စတင်ဟောပြောရန် စိတ်အားထက်သန်လျက်ရှိကြသည်။ သူတို့ထဲမှနှစ်ဦးသည် သူတို့ပထမဦးဆုံးဝင်သောအိမ်၌ ခပ်ပြတ်ပြတ်ပြုမူဆက်ဆံခံလိုက်ရသည်။ “ဒိန်းမတ်မှာလိုပဲ ကျွန်တော်တို့ငြင်းဆန်ခံရတယ်” ဟူ၍ သူတို့ပြောပြသည်။ “ဒါပေမဲ့ အများစုက ကျွန်တော်တို့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြပါတယ်။ အဲဒီကလူတွေဟာ အပြန်အလှန်စဉ်းစားဆင်ခြင်တတ်ပြီး အသိပညာကြွယ်ဝမှုရှိကြတယ်။ တချို့က ကျွန်တော်တို့အကြောင်းကြားသိထားတယ်ဆိုတဲ့အကြောင်း၊ နောက်ဆုံးတော့ ကျွန်တော်တို့ရောက်ရှိလာတာ ဝမ်းသာကြတယ်ဆိုတဲ့အကြောင်း ပြောပြကြတယ်။ မြောက်ဝင်ရိုးစွန်းဘက် စူးစမ်းရှာဖွေရေးခရီးထွက်ခဲ့ဖူးကြတဲ့ ဖျံလိုက်မုဆိုးတွေနဲ့ ရောင့်ရဲချွေတာပြီး မျက်မှောက်ခေတ်ယဉ်ကျေးမှုအဆင့်အတန်းနဲ့ပတ်သက်လို့ အတော်အတန်သံသယစိတ်ရှိကြတဲ့ ဒေသခံတိုင်းရင်းသားတွေလို အံ့သြဖွယ်လူသားတချို့ နဲ့ ကျွန်တော်တို့ကြုံဆုံခဲ့ရတယ်။”
နောက်ရက်အနည်းငယ်အကြာတွင် အားလုံးတို့၌ တွေ့ ကြုံမှုကောင်းကလေးများရရှိလာကြသည်။ ကျမ်းစာစာပေစာတမ်းများကို နေရာတကာ၌ လေးစားစွာလက်ခံယူထားကြသည်။ အိမ်တော်တော်များများ၌ ကျမ်းစာသင်အံမှုကို ချက်ချင်းစတင်နိုင်ခဲ့ကြသည်။ “အဲဒီအိမ်က သန့်ရှင်းသပ်ရပ်ပြီး သက်သောင့်သက်သာရှိတဲ့ တစ်ခန်းတည်းအိမ်ကလေးပါပဲ။ အဲဒီမှာနေတဲ့ နူးညံ့သိမ်မွေ့တဲ့လူဆီကို သုံးရက်ဆက်တိုက် သွားလည်ပတ်ခဲ့တာ သူ့ကို တော်တော်သဘောကျနှစ်သက်မိတယ်။ သူ့အိမ်အပြင်ဘက်မှာရှိတဲ့ ကယပ်လှေလေးနဲ့ ဖျံတွေဖမ်းတဲ့ တကယ့်ဖျံလိုက်မုဆိုးကြီးတစ်ဦးပါပဲ။ ဝင်ရိုးစွန်းဝက်ဝံတွေ၊ အစွယ်ပါတဲ့ ပင်လယ်ဖျံကြီးမျိုးတွေနဲ့ ပင်လယ်ဖျံတွေ အများကြီးကို သူပစ်ခတ်ခဲ့ပြီးပြီလေ။ နောက်ဆုံး ကျွန်မတို့သွားလည်ပတ်ခဲ့တဲ့အခေါက်က သူနဲ့အတူ ကျွန်မတို့ဆုတောင်းပေးခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေမှာတော့ မျက်ရည်တွေနဲ့ပြည့်လို့ပါပဲ။ အခုတော့ ကျွန်မတို့ဟာ အရာရာကို ယေဟောဝါရဲ့လက်ထဲမှာအပ်ထားပြီး ပြန်လာဖို့အတွက် အချိန်နဲ့ အခွင့်အရေးကိုပဲ မျှော်နေရတော့မှာပဲလေ” ဟု အင်ငါက သူမတွေ့ရှိခဲ့သော စိတ်ဝင်စားသည့်အိမ်တစ်အိမ်အကြောင်းကို ရှင်းပြသည်။
ကနေဒါလူမျိုးဖြစ်သော အက်စကီးမိုးများသည် သူလေးရွာသို့ မကြာခဏလာရောက်လည်ပတ်ကြသည်။ “ကနေဒါနိုင်ငံက အက်စကီးမိုးလူမျိုးတော်တော်များများနဲ့ ဟယ်လင်နဲ့ကျွန်မ ဆုံတွေ့ခဲ့ရတယ်။ ဂရင်းလန်လူမျိုးတွေနဲ့ သူတို့ပြောဆိုဆက်သွယ်နိုင်တာ စိတ်ဝင်စားစရာပဲ; ကြည့်ရတာ အာတိတ်ဒေသကလူတွေဟာ ဆက်နွှယ်မှုရှိတဲ့ ဘာသာစကားတွေနဲ့ပြောဆိုကြတယ်ထင်တယ်။ ကနေဒါလူမျိုးဖြစ်တဲ့ အက်စကီးမိုးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်စာရှိပေမဲ့ ဂရင်းလန်စာနဲ့ရေးသားထားတဲ့ ကျွန်မတို့ရဲ့စာပေစာတမ်းတွေကို ဖတ်ရှုနိုင်ကြတယ်။ အဲဒါက သူတို့အတွက် စိတ်လှုပ်ရှားဖွယ်အခွင့်အရေးတွေ ဖြစ်စေနိုင်ပါတယ်” ဟု အင်ငါက ပြောပြသည်။
လှေဖြင့်သွားလျှင် မိုင်ပေါင်း ၃၀ မှ ၄၀ အထိဝေးသော ရွာလေးများသို့လည်း သွားရောက်လည်ပတ်ခဲ့ကြသည်။ “ကက်ကတက်ရွာလေးကို ကျွန်တော်တို့သွားကြတဲ့အခါက ဝေလငါးတွေကို လိုက်ဖမ်းနေကြတဲ့လူတွေနဲ့တွေ့ရဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကမ်းရိုးတန်းနဲ့အနီးဆုံးနေရာကနေပဲ ကပ်ပြီးသွားခဲ့ကြတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ကျောက်စွန်းအငူတစ်ခုပေါ်မှာ သူတို့ရဲ့တဲအိမ်တွေနဲ့ ကယပ်လှေလေးတွေရှိပြီး သားမွေးအဝတ်အစားတွေဝတ်ဆင်ထားကြတဲ့ မိသားစု သုံး၊ လေးစုလောက်ရှိတဲ့ စခန်းလေးတစ်ခုကို ကျွန်တော်တို့တွေ့ရကြတယ်။ ဝေလငါးတွေကို တအားလိုချင်တဲ့ဆန္ဒတွေနဲ့ အမျိုးသားတွေက လက်မှာ မှိန်းတွေကိုင်၊ ကျောက်ဆောင်တစ်ခုပေါ်မှာ အလှည့်ကျထိုင်ပြီး စောင့်ကြည့်ကြတယ်။ ရက်ပေါင်းအတော်ကြာကြာ အကျိုးမရှိပဲ အချည်းနှီးစောင့်နေခဲ့ရတာကြောင့် ကျွန်တော်တို့ကို တွေ့ မြင်ရတာကို သူတို့သိပ်မနှစ်မြို့ကြဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က ဝေလငါးတွေကို ထိတ်လန့်သွားစေနိုင်တာကြောင့်ပါပဲ! သူတို့ဟာ သူတို့ရဲ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ စုံးစုံးနစ်မြုပ်နေကြတယ်လို့ ထင်ရတယ်။ အမျိုးသမီးတွေက စာပေစာတမ်းတချို့လက်ခံထားကြပေမဲ့ ထပ်ပြီး အပြန်အလှန်စကားတွေပြောနေဖို့အတွက် သင့်တော်တဲ့အချိန်တော့မဟုတ်ဘူးလေ။ နောက်ဆုံးတော့ ကက်ကတက်ကို ညနေ ၁၁ နာရီမှာ ကျွန်တော်တို့ရောက်သွားကြပြီး ရွာထဲက နောက်ဆုံးလည်ပတ်မှုကို မနက် ၂ နာရီကျမှ အဆုံးသတ်လိုက်ကြတယ်!”
“နောက်ဆုံးမှာတော့ ဂရင်းလန်ရဲ့ မြောက်ဘက်အကျဆုံး ရွာလေးဖြစ်တဲ့ စီအိုရာပါလုရွာလေးကို ကျွန်တော်တို့ရောက်သွားကြတယ်။ စိမ်းလန်းတဲ့မြက်ခင်းတချို့ဖုံးလွှမ်းနေတဲ့ ကျောက်ဆောင်တွေရဲ့အောက်ခြေဘက်က သဲကမ်းခြေမှာ ရွာတည်ထားတယ်။ အဲဒီမြက်တွေသာမရှိရင်တော့ အပင်မပေါက်တဲ့ဒေသဖြစ်သွားနိုင်ပါတယ်။” သက်သေခံများသည် ဟောပြောခြင်းလုပ်ငန်းဖြင့် စာသားအတိုင် မြေကြီးစွန်းတိုင်အောင်၊ အနည်းဆုံး မြောက်ဘက်အရပ်ပိုင်းတိုင်အောင် ရောက်ရှိခဲ့ကြလေပြီ။
ခရီးစဉ်ပြီးဆုံးခြင်း
သက်သေခံများသည် သူတို့၏လုပ်ငန်းကို အဆုံးသတ်ခဲ့ကြသည်။ သူတို့သည် တစ်အိမ်မှတစ်အိမ်၊ တစ်တဲမှတစ်တဲ ဟောပြောခဲ့ကြပြီး စာပေစာတမ်းများကို ဝေငှ၊ နှစ်စဉ်ကြေးများကောက်ခံ၊ ဗီဒီယိုများပြသ၊ ဂရင်းလန်သား မြောက်မြားစွာကို ဟောပြောကာ ကျမ်းစာသင်အံမှုများကို ကျင်းပပေးခဲ့ကြသည်။ ယခုသော် အိမ်ပြန်ချိန် တန်လေပြီ။ “မော်ရီစပ်ရွာလေးကနေ ထွက်ခွာသွားဖို့ ခတ်လှေလေးပေါ်ကို ကျွန်တော်တို့တက်ခဲ့ကြတဲ့ အဲဒီညနေချိန်လေးမှာ လူတချို့က ကျွန်တော်တို့ကို နှုတ်ဆက်ဖို့ ကမ်းခြေဘက် ဆင်းလာပြီး သူတို့ယူထားတဲ့ စာအုပ်တွေ၊ ဘရိုရှာတွေကို ဝှေ့ယမ်းပြကြတယ်။”
နောက်ပိုင်း ကမ်းရိုးတန်း၏လူသူကင်းမဲ့သောအပိုင်းတစ်ခုတွင် လူတစ်ဦးက ကျောက်ဆောင်တစ်ခုပေါ်မှ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရ၍ သက်သေခံများ အလွန်အံ့သြသွားခဲ့ကြရသည်။ ထိုနေရာသည် အဘယ်နေရာနှင့်မျှ နီးစပ်ခြင်းမရှိပေ! “သူနဲ့တွေ့ဖို့ ကျွန်တော်တို့ ကမ်းပေါ်တက်သွားကြတာပေါ့။ သူဟာ ကယပ်လှေလေးနဲ့ ကမ်းရိုးတန်းအတိုင်းဆန်တက်ပြီး ခရီးထွက်လာတာ တစ်လရှိပြီဖြစ်တဲ့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က လူငယ်လေးတစ်ယောက်ဖြစ်နေပါတယ်။ ဂျာမနီမှာတုန်းက သူ့ဆီ ယေဟောဝါသက်သေတွေ မှန်မှန်သွားလည်ပတ်ကြတယ်။ သူတို့ရဲ့စာအုပ် အတော်များများလည်း သူ့ဆီမှာရှိတယ်။ နှစ်နာရီလောက် ကျွန်တော်တို့ သူနဲ့စကားပြောပြီး ဒီလိုနေရာမျိုးမှာ သက်သေခံတွေနဲ့ ဆုံတွေ့ရတာကို တကယ်မမေ့နိုင်အောင်ဖြစ်သွားပါတယ်။”
အပြန်ခရီး၌ ကွေ့ရှောင်၍ကျော်ခဲ့သော ဆာဗေးစီဗစ်ရွာလေးတွင် ခရီးထွက်သော ဓမ္မအမှုဆောင်များသည် လှိုက်လှိုက်လှဲလှဲကြိုဆိုခြင်းခံရလေသည်။ ထိုတွင်ရှိသော သူအချို့တို့သည် လွန်ခဲ့သောနှစ်က စာပေစာတမ်းများကို ရရှိဖတ်ရှုခဲ့ပြီးဖြစ်ကာ နောက်ထပ်ဝိညာဏအစာအတွက် ဆာလောင်လျက်ရှိကြသည်။
အပြန်၌ မဲလ်ဗေးလ်ပင်လယ်အော်ကိုဖြတ်ရခြင်းသည် ၁၄ နာရီကြာပါသည်။ “ညှို့အားကောင်းတဲ့အရောင်အသွေးတွေ ဆက်တိုက်ပြောင်းလဲနေတဲ့ နေဝင်ဆည်းဆာကို ဒီနေရာကနေ အချိန်နာရီပေါင်းများစွာ ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ အဲဒီနောက် ချက်ချင်းလိုက်လာတဲ့ နေထွက်ချိန်ကလည်း အချိန်အကြာကြီးပါပဲ။ အနီရောင်နဲ့ ကြက်သွေးရောင်ယပ်တောင်ပုံ ဆည်းဆာအလှက အရှေ့မြောက်ဘက်ကောင်းကင်ကို လွှမ်းခြုံထားဆဲအချိန်မှာ နေမင်းကြီးက တောင်ဘက်နားလေးလောက်ကနေ ခေါင်းပြူထွက်လာတယ်။ ဒီရှုခင်းကို အပြည့်အဝသရုပ်ဖော်ဖို့ဆိုတာ၊ ဓာတ်ပုံနဲ့တောင် မဖြစ်နိုင်ပါဘူး။” ထိုအဖွဲ့သားများသည် တစ်ညလုံး မအိပ်ဘဲနေခဲ့ကြသည်။
“ကူလာစုကို ရောက်သွားတဲ့အချိန်မှာတော့ ကျွန်တော်တို့အတော်ပဲ ပင်ပန်းနေကြပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ပျော်လည်းပျော်တယ်၊ ကျေလည်းကျေနပ်တယ်။ ခရီးစဉ်ကို ကျွန်တော်တို့အောင်မြင်စွာနဲ့ အဆုံးသတ်လိုက်ပါပြီ! ကျန်လမ်းခရီးတစ်လျှောက်လုံး ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ မြို့ရွာတွေမှာ စိတ်ဝင်စားမှုတော်တော်များများတွေ့ရှိခဲ့ရတယ်။ ‘ခင်ဗျားတို့ထဲကတချို့ ကျွန်တော်တို့နဲ့မနေခဲ့နိုင်ဘူးလား။ ဒီလောက်မြန်မြန်ကြီး ခင်ဗျားတို့ခွဲခွာသွားကြတာမြင်ရတော့ ကျွန်တော်တို့တကယ်ပဲဝမ်းနည်းမိတယ်’ ဆိုတဲ့ မေးခွန်းကို ထပ်ခါထပ်ခါကြားကြရပါတယ်။”
ကားရ်စုရွာ၌ ဖော်ဖော်ရွေရွေရှိလှသော မိသားစုတစ်စုက ဧည့်သည်ငါးဦးကို သူတို့နှင့်အတူ ထမင်းစားရန် ဖိတ်ခေါ်သည်။ “အဲဒီမိသားစုက ကျွန်တော်တို့ကို တစ်ညအိပ်စေလိုတယ်။ ဒါပေမဲ့ ကျောက်ချရပ်နားဖို့ ပိုကောင်းတဲ့နေရာက နောက်ထပ် ၂၅ မိုင်အကွာလောက်မှာရှိတာကြောင့် ကျွန်တော်ငြင်းဆိုပြီး ဆက်ထွက်ခွာခဲ့ကြတယ်။ နောက်တစ်နေ့မနက်ပိုင်းမှာ ရေခဲတောင်ကြီးတစ်ခုကရေခဲတွေ ကွဲပြိုကျလို့ လှိုင်းလုံးကြီးတစ်ခုဖြစ်ပေါ်ပြီး ကျွန်တော်တို့ရောက်ခဲ့တဲ့နေရာမှာရှိတဲ့ လှေငယ်ပေါင်း ၁၄ စင်းကို နစ်မြုပ်လိုက်တယ်လို့ နောက်ပိုင်းမှ ကျွန်တော်တို့ပြန်ကြားကြရတယ်!”
နောက်ဆုံး ထိုအဖွဲ့သည် သူတို့၏သူလေးရွာခရီးစဉ်ကို အဆုံးသတ်ပြီး အီလူလီစက်သို့ ပြန်ရောက်ရှိလာကြသည်။ တစ်ချိန်တည်းခန့်တွင်ပင် အခြားကြေညာသူနှစ်ဦးသည် အလွန်ခေါင်လှသော ဂရင်းလန်ကျွန်း၏အရှေ့ကမ်းရိုးတန်းသို့ ခရီးနှင်ခဲ့ကြပြီးဖြစ်သည်။ ထိုခရီးစဉ်နှစ်ခုအတွင်း ကြေညာသူများသည် စုစုပေါင်း စာအုပ် ၁,၂၀၀ အုပ်၊ ဘရိုရှာ ၂,၁၉၉ စောင်၊ မဂ္ဂဇင်း ၄,၂၂၄ စောင်ဝေငှခဲ့ရပြီး နှစ်စဉ်ကြေး ၁၅၂ ခု ကောက်ခံရရှိခဲ့ကြသည်။ စိတ်ဝင်စားသူလူသစ်များကို တယ်လီဖုန်းနှင့် စာအားဖြင့် ဆက်လက်ဆက်သွယ်လျက်ရှိလေသည်။
အချိန်၊ ခွန်အားနှင့် ငွေကြေးဥစ္စာ ကုန်ကျသော်ငြားလည်း ယေဟောဝါသက်သေများသည် “မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ” ဟူသော သခင့်ညွှန်ကြားချက်ကို လုပ်ဆောင်ရာတွင် အလွန်ပျော်ရွှင်ဝမ်းမြောက်ကြပါပေသည်။—တမန်တော် ၁:၈။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]
ဂရင်းလန်၏ အရှေ့ကမ်းရိုးတန်းဝယ်
သူလေးခရိုင်သို့ ကြေညာသူအုပ်စု ရောက်ရှိချိန်နှင့်တစ်ချိန်တည်းခန့်တွင် ဗက်ဂိုနှင့် ဆိုနယာဟူသည့် သက်သေခံမောင်နှံတစ်စုံတို့သည် ဂရင်းလန်၏ အရှေ့ကမ်းရိုးတန်းတွင်ရှိသော အမှုမဆောင်ရသေးသည့် အီတိုကိုရ်တိုအော်မီအိ (စကော့စ်ပိုင်ဆန်) နယ်မြေသို့ ခရီးနှင်ခဲ့ကြသည်။ ထိုနေရာသို့ရောက်ဖို့ရန် အိုင်စလန်သို့သွားရပြီး ဂရင်းလန်ကျွန်း၏ကမ်းရိုးတန်းတွင်ရှိသော ကော်န်စတေဘလ်အငူသို့ လေယာဉ်ဖြင့်ပြန်လာကာ ရဟတ်ယာဉ်ဖြင့် သွားကြရသည်။
“ဒီနေရာကို ယေဟောဝါသက်သေတွေလာကြတာ ဒါဟာပထမဦးဆုံးပါပဲ။ တကယ့်ကိုခေါင်လှတဲ့နေရာဖြစ်ပေမဲ့လို့ အဲဒီကလူတွေဟာ အံ့ဩစရာကောင်းလောက်အောင် ဗဟုသုတကြွယ်ဝကြတယ်။ အဲဒါတောင်မှ အသစ်သောအရာတွေကို လေ့လာချင်ကြတယ်။ ပုံပြောကောင်းသူတွေပီပီ ပင်လယ်ဖျံဖမ်းတဲ့အကြောင်းတွေနဲ့ တခြား သဘာဝအတွေ့အကြုံတွေအကြောင်း ကျွန်တော်တို့ကို အားပါးတရ ပြောပြကြတယ်” ဟု ဂရင်းလန်ဘာသာစကားပြောသည့် ဤရှေ့ဆောင်နှစ်ဦးက ပြန်ပြောပြသည်။ ဟောပြောခြင်းလုပ်ငန်းကို မည်သို့တုံ့ ပြန်ကြသနည်း။
“တစ်အိမ်မှတစ်အိမ်ဟောပြောနေတုန်း ဒေသခံသာသနာပြုဆရာတစ်ဦးဖြစ်တဲ့ ဂျေ——နဲ့ ကျွန်တော်တို့ဆုံတွေ့ခဲ့ကြတယ်။ ‘ခင်ဗျားတို့လည်ပတ်တဲ့သူတွေထဲမှာ ကျွန်တော့်ကိုပါ ထည့်သွင်းတဲ့အတွက် ကျေးဇူးတင်ပါတယ်’ လို့ သူပြောတယ်။ ကျွန်တော်တို့ရဲ့စာပေနဲ့ အဲဒါတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သူ့ကိုပြပေးခဲ့တယ်။ နောက်တစ်နေ့မှာ ကျွန်တော်တို့ဆီကို သူရောက်လာပြီး ယေဟောဝါဆိုတဲ့ နာမတော်အကြောင်း သင်ယူလိုခဲ့တယ်။ သူ့ကိုယ်ပိုင် ဂရင်းလန်ဘာသာစကားနဲ့ကျမ်းစာထဲမှာရှိတဲ့ အောက်ခြေမှတ်ချက်တစ်ခုက ရှင်းလင်းပြချက်တစ်ခုကို ကျွန်တော်တို့ပြပေးလိုက်တယ်။ ကျွန်တော်တို့ပြန်သွားတဲ့အခါ ကျွန်တော်တို့ရဲ့လည်ပတ်မှုအတွက် ကျေးဇူးတင်ကြောင်း နုခ်မြို့မှာရှိတဲ့ ကျွန်တော်တို့ရဲ့မိတ်ဆွေတွေဆီကို သူဖုန်းဆက်ပြောခဲ့တယ်။ ဒီလူကို ဆက်ကူညီပေးဖို့ ကျွန်တော်တို့ကြိုးစားကြရပါမယ်။
“ယေဟောဝါသက်သေတွေအကြောင်းကို သိထားသူ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ အို——နဲ့လည်း ကျွန်တော်တို့ ဆုံတွေ့ခဲ့တယ်။ သူက အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အထိအသီးသီးရှိကြတဲ့ သူ့အတန်းသားတွေကို စကားပြောဖို့ နှစ်နာရီအချိန်ပေးတယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်တို့ရဲ့ဗီဒီယိုခွေပြပေးပြီး သူတို့ရဲ့မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။ လူငယ်များအမေး—တာသွားသည့်အဖြေ aနဲ့ တခြားစာအုပ်တွေ ခဏလေးအတွင်း ကုန်သွားပါတယ်။ နောက်ပိုင်း အဲဒီအတန်းက မိန်းကလေးသုံးယောက်နဲ့ ပြန်ဆုံတွေ့ခဲ့တယ်။ သူတို့မှာ မေးစရာတွေအများကြီးရှိနေတယ်။ သူတို့ထဲက တစ်ယောက်က အထူးသဖြင့်စိတ်ဝင်စားတယ်။ သူက ‘လူတစ်ယောက် သက်သေခံ ဘယ်လိုဖြစ်လာသလဲ။ ရှင်တို့လိုဖြစ်ရတာ တကယ်ကောင်းမှာပဲ။ ကျွန်မရဲ့အဖေကလည်း ရှင်တို့ဘက်ကပါပဲ’ လို့ပြောတယ်။ စာရေးပါ့မယ်လို့ ကျွန်တော်တို့ကတိပေးခဲ့တယ်။
“ရွာလေးတစ်ရွာမှာ အမ်——ဆိုတဲ့ ဒေသခံသာသနာပြုဆရာ နောက်တစ်ယောက်နဲ့တွေ့ခဲ့ပြီး သူနဲ့ စိတ်ဝင်စားစရာဆွေးနွေးမှုကို ပြုခဲ့ကြတယ်။ အမဲလိုက်ထွက်သွားကြတဲ့သူတွေ ပြန်လာတာနဲ့ ကျွန်တော်တို့ရဲ့စာပေစာတမ်းတွေကို သူတို့ရဲ့လက်ထဲ ကျိန်းသေရောက်စေရမယ်လို့ သူပြောတယ်။ ဒါကြောင့် အခုဆိုရင် အဲဒီသီခေါင်လှတဲ့နေရာမှာ သူဟာ ကျွန်တော်တို့ရဲ့ ‘ကြေညာသူ’ ဖြစ်နေပြီလေ။”
လှည့်လည်သွားလာရပြီး ပင်ပန်းလှသောခရီးတစ်ခုဖြစ်သော်ငြားလည်း ထိုရှေ့ဆောင်နှစ်ဦးတို့မှာ သူတို့၏အားထုတ်မှု ကောင်းစွာ အကျိုးနပ်သည်ဟု ခံစားရကြလေသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မြို့မှထုတ်ဝေသည်။